Saturday, January 19, 2013
တကယ်.အနုပညာတဲ့လား (မသိတသိပြောကြည်.မယ်)
         သိမ်မွေ့ ဟုဆိုရာတွင် သိမ်မွေ့ နူးညံ့ဟုရှိသလို သိမ်မွေ့ နက်နဲဟူ၍လည်းရှိသည်။  အနုပညာတွင်ပါဝင်သော သိမ်မွေ့ သည် သိမ်မွေ့ နူးညံ့ဆိုသည်ထက် သိမ်မွေ့ နက်နဲ ဟူသောဘက်သို့ နီးစပ်လိမ့်မည်ဟု ယူဆမိပါသည်။ အနုပညာသည် အမှန်ပင်နက်နဲသည်၊ ထူးဆန်းသည်။ သိမ်မွေ့ သည်။ ပဉ္စလက်လည်းဆန်ပါသည်။ အနုပညာ၏ ဖန်တီးနိုင်မှုစွမ်းအားသည် အံ့မခန်းမြင့်မားပါသည်။ Encarta အင်္ဂလိပ်အဘိဓာန်တွင် creation of beautiful things: the creation of beautiful or thought-provoking works, e.g. in painting, music, or writing ဟူ၍လည်းကောင်း Cambridge Advanced Learner’s Dictionary တွင် 1. [ U ] the making of objects, images, music, etc. that are beautiful or that express feelings ဟူ၍လည်းကောင်းဖော်ပြထား သည်ကိုတွေ့ ရပါသည်။ လှပသော တစ်နည်းအားဖြင့် စိတ်နှလုံးကို ကျေနပ်မှုပေးနိုင်သော အရာများ ၊ အတွေးအမြင် ခံစားမှုကို လှုံ့ ဆော်သောအရာများကို ဖန်တီးသောအတတ်၊ ဖန်တီးသော အကြောင်း အချက်များပင် အနုပညာမည်ပါ၏။
          ဆိုလိုချင်သော အချက်မှာ အနုပညာတွင် creation ဟုခေါ်သော ဖန်တီးမှုအတတ်ပညာပါဝင်နေခြင်းပင်ဖြစ်ပါသည်။ အနုပညာဖြင့် ဖန်တီးထားသောအရာများသည် မူလနှင့် ထပ်တူညီလည်းမဟုတ်၊ မူလမှဝေးကွာ၍လည်းမရပေ။ ဤသည်ပင် အနုပညာ၏အရည်အချင်းဖြစ်ပါသည်။ ကျွန်တော်တို့  ညအမှောင်ထဲတွင် လမ်းသွားရင်း ကြိုးစလေးကို မြွေဟုထင်မိသည်။ ထိုသို့ ထင်မိရခြင်းတွင် ၁။ ကျွန်တော်တို့ က မြွေကို မြင်ဖူးထားသည်။(၂) ကြိုးစလေး၏ သဏ္ဌန်က မြွေနှင့်တူနေသည်။ (၃) ထိုအရာနှစ်ခုကို ထင်ယောင်ထင်မှားဖြစ်နိုင်အောင် နောက်ခံအလင်းအမှောင်စသည်တို့ က ပြုစားထားသည်။ အခြားအချက်များရှိကောင်းရှိပါလိမ့်မည်။ သို့ ရာတွင်ဤ ၃ ချက်မှာ အဓိကပါဝင်လိမ့်မည် ထင်သည်။ ထိုအခါ ကျွန်တော်တို့ က မြွေဟုထင်သည်။ ထင်တော့ ကြောက်မိသည်ပေါ့။ ပြန်ကောက်လိုက်လျင် ကြောက်ခြင်းဟူသော ခံစားမှုသည် အမှန်ပင်မြွေဟု ထင်မိခြင်းကြောင့် ဖြစ်ပေသည်။ အနုပညာခံစားမှုတွင် ထိုထက်ပင်ပို၍ ထူးဆန်းသေးသည်။ အမှန်မဟုတ်ဟု သိနေရက်နှင့် ကျွန်တော်တို့ ခံစားကြသည်။ ပျော်ရွှင်ကြသည်။ ၀မ်နည်းပူဆွေးကြသည်။ ထို့ ကြောင့်ရယ်မိ၊  ငိုမိကြပါသည်။ တစ်ခါတစ်ရံ ဒေါသထွက်မိ၍ ကျိန်ဆဲမိကြသည်ပင်ရှိတတ်ပါသည်။
            ထိုသို့ခံစားရရုံနှင့်လည်း အနုပညာမဟုတ်သေးပါ။ ပြင်ပလောကတွင်လည်း ထိုသို့ တွေကြုံခံစား ကြရသည်ပင် ဖြစ်ပါသည်။ သို့ ရာတွင် ရသမြောက်သော အနုပညာခံစားမှုနှင့်မတူပါ။ ပြင်ပလောကတွင် ကျွန်တော်တို့  ပျော်ရွှင်စရာ အချင်းအရာတို့နှင့်တွေ့ကြုံလျင် ကျေနပ်တောင့်တကြသော်လည်း ၊ ၀မ်းနည်းပူဆွေးစရာများကိုမူ မနှစ်သက်ကြဘဲ နောက်တစ်ကြိမ် တွေ့ ကြုံရန် ၀န်လေးကြပါသည်။ ရသမြောက်သော အနုပညာတွင်တော့ ပျော်စရာကိုလည်းနှစ်သက်သည်။ လွမ်းနေရတာလည်း သဘောကျသည်။ ဒေါသထွက်ရ ၊ ငိုကြွေးနေရတာကိုလည်း ကောင်းလိုက်တာဟု မှတ်ချက်ပြုမိတတ်ပါသည်။ မိမိကိုယ်တိုင် မျက်ရည်ဖြိုင်ဖြိုင်ကျ၍ ငိုလိုက်ရသောကားကို ကားကောင်းတယ် ကြည့်ကြည့်ပါလားဟု ညွှန်းပေးတတ်သည်ကို ကြုံဖူးကြပါလိမ့်မည်။ ထို့ အတူ ထိုသို့ ပြုလုပ်ခြင်းမှာ သူတပါးဝမ်နည်းပူဆွေးစေလို၍ ချောက်တွန်းခြင်းနှင့် လုံးဝခြားနား ကြောင်းကိုလည်း ကျွန်တော်တို့  သိကြပါသည်။ ထိုသို့  ပျော်ရွှင်ရခြင်း၊ ၀မ်နည်းရခြင်း၊ ဒေါသဖြစ်ရခြင်းစသည်တို့ နှင့် နှစ်သက်ခြင်းပါ တွဲဖက်ဖြစ်ပေါ်စေနိုင်ခြင်းသည်ပင် စာဆို၏ (အနုပညာရှင်၏ ) ဖန်ဆင်းရှင်ထက်သာလွန်ခြင်းဟု ဦးရွှေအောင်၏ “ရသစာပေ၏ သဘော” စာအုပ်တွင် တင်စားဖွဲ့ ဆိုထားသည်ကို ဖတ်ရဖူးပါသည်။ ဤသည်ပင် အနုပညာ၏စွမ်းရည် အနုပညာ၏ရသ ပင်ဖြစ်ပါသည်။
           ကျွန်တော့်ဆောင်းပါး အစတွင်ဖော်ပြခဲ့သော “ကျွန်တော့် အနုပညာနဲ့  ပရိတ်သတ်ကြီးကို ကျေးဇူးဆပ်သွားမှာပါ” ဆိုသည်တို့ မှ သုံးထားသော အနုပညာဆိုသည့်စကားရပ်မှာ ရသပေါ်လွင်အောင် လုပ်ဆောင်နိုင်ခြင်းကိုရည်ရွယ်သည်ဟု ထင်မိသည်။ ရသပေါ်လွင်အောင်တင်ပြနိုင်လျှင် အနုပညာကောင်းသည်ဟု ကျွန်တော်တို့ မှတ်ချက်ပြုမိကြမည်ထင်ပါသည်။ ပေးဆပ်သူတို့ နှလုံးသား ရုပ်ရှင်ဇာတ်ကား ရိုက်တော့ စောလူးမင် နေရာမှသရုပ်ဆောင်သော ကျော်ရဲအောင်ကို သတင်းထောက်တစ်ယောက်က အင်တာဗျူးရာတွင် “ကျွန်တော်တို့  ငယ်ငယ်က သမိုင်းသင်တော့ စောလူးမင်းကို မုန်းတယ်၊ အဲဒါကြောင့် မုန်းစရာကောင်းအောင် သရုပ်ဆောင်မယ်” ဟုဖြေခဲ့ပါသည်။ ထိုသို့  အတွေးအမြင်ဖြင့် ကြိုးစားခဲ့သောကြောင့်ပင် ယခုထက်တိုင် နံမည်တစ်လုံးဖြင့် တည်ရှိနေနိုင်သည်ဟု ထင်မိပေသည်။ ကျွန်တော်ဤအချက်သို့ ရောက်အောင် တကူးတကရှင်းပြနေခြင်းမှာ အကြောင်းရှိပါသည်။ ယခုခေတ် အချို့  အနုပညာအလုပ်ဖြင့် အသက်မွေးသူတို့ သည်  အနုပညာကို ရသပေါ်လွင်အောင်တင်ပြရန်ထက် ပရိတ်သတ်ကို အခြားသောနည်းလမ်များဖြင့် ဆွဲဆောင်ရန်ကြိုးစားနေကြသည်ဟု ထင်နေမိသည်။ အထူးသဖြင့် အချို့ သော အမျိုးသမီး သရုပ်ဆောင်၊ အမျိုးသမီးအဆိုရှင်တို့ သည် ရသပေါ်လွင်မှုကို အလေးပေးမည့်အစား  မိမိတို့ ၏ကိုယ်ကာယဖြင့် ဆွဲဆောင်ရန်ကြိုးပန်းနေကြသလားဟု တွေးတောနေမိပါသည်။
            ကာရာအိုကေ စားသောက်ဆိုင်များတွင်လည်းအမျိုးသမီးအဆိုရှင်များရှိပါသည်။ ၄င်းအဆိုရှင်များ၏ ၀တ်စားဆင်ယင် ပုံကို ကျွန်တော် တကူးတက ရှင်းပြရန်လိုမည်မထင်ပါ။ မရောက်ဖူး မမြင်ဖူးလျှင်ပင် ကုမ္ပဏီ  Show ပွဲများမှ မော်ဒယ် များ၏ ၀တ်စားဆင်ယင်ပုံကို ကြည့်ရုံဖြင့် မှန်းဆသိနိုင်ကြလိမ့်မည် ထင်ပါသည်။ ထို့ ကြောင့်ယင်းအဆိုတော်များကို အနုပညာကို ရသမြောက်စွာမတင်ဆက်ရကောင်းလားဟု အပြစ်ဆိုရန် မသင့်တော်ပါ။ စင်ရှေ့စားပွဲများတွင် အမြီးကိုမြုံ့ ဘီယာကို ဇိမ်ခံသောက်ရင်း ရှုစားနေကြသော ဂုဏ်သရေရှိလူကြီးလူကောင်းဆိုသူတို့ ၏ အနုပညာခံစားမှုအတိုင်းအတာကို KTV အဆိုရှင်များက ကောင်းကောင်းသိကြပါသည်။ ထို့ ကြောင့် ၀မ်းရေးအတွက် အလိုက်သင့်ပြုမူနေရသော ထိုအမျိုးသမီးများကို အပြစ်မဆိုလိုပါ။ မကောင်းပေသည့် ကုလားကာ၏နောက်ကွယ်မှ ဖြစ်ရပ်များသာဟု ထားလိုက်ချင်ပါသည်။
           သို့ ရာတွင် မီးရောင်အောက်မှပြင်ပ လောကသည် KTV မဟုတ်ပါ။ ပရိတ်သတ်များသည်လည်း ဘီယာအရှိန် တက်နေသူများချည်းမဟုတ်ကြပါ။ စစ်မှန်သောအနုပညာကို ခံစားလိုသူအမြောက်အများပင်ရှိကြပါသည်။ မိမိတို့  ဖော်ထား လှစ်ထားသော ကိုယ်ခန္ဓာ အစိတ်အပိုင်းတို့ ကို ရှုမြင်သူပုရိသ တို့ က မည်သည့်စိတ်မျိုးဖြင့်ကြည့်ရှုကြမည်ကိုသိပါလျက်နှင့် အဘယ်ကြောင့်ဖော်ချင် လှစ်ချင်ဖြစ်နေရသည်ကို မတွေးတတ်တော့ပါ။ “အမေတို့  အမျိုးသမီးများ ဘ၀က ယောက်ျားတွေကို ဆွဲဆောင်ဖို့ ကိစ္စနှင့်ပဲ ပြီးရတော့မှာလား” ဟုဆရာမကြီး လူထုဒေါ်အမာ ညည်းညူခဲ့သည်ကို သတိရစေချင်ပါသည်။
          ပြီးခဲ့သည့်လ အနည်းငယ်က Live Show ခွေတစ်ခွေတွင် လတ်တလောနံမည်ကြီးနေသော အမျိုးသမီးအဆိုရှင် တစ်ယောက် လူမြင်မကောင်းအောင်မူးနေပြီး သီချင်းသံမှပီသအောင် မဆိုနိုင်ဘဲ  သရုပ်ပျက်စွာတင်ဆက်သွားသည်ကို တွေ့ လိုက်ရပါသည်။ ဤမျှဆိုးဝါးနေသည်ကို ဒီလိုပဲ ကြည့်နေကြရတော့မှာလားဟု မဆိုင်တာကြားက၀င်၍ အားမလိုအားမရပင် ဖြစ်ရပါသည်။ မိမိတစ်ယောက်ထဲများ အများနှင့်မတူဘဲ ခံစားမိနေသလားဟု အခြားမိတ်ဆွေများကိုမေးကြည့်တော့ ၄င်း၏ အမာခံပရိတ်သတ်များထံကပင် “ရွံစရာကောင်းလိုက်တာ” ဟူသောစကားသံမျိုးထွက်လာသည်ကို ကြားရသည့်အတွက် အနုပညာဖြင့်အသက်မွေးသူများ၏ အနုပညာအဆင့်အတန်းကိုပရိတ်သတ် က ဆုံးဖြတ်ပေးပါလိမ့်မည် ဖြေသိမ့်မိပါသည်။
         ပရိတ်သတ်ကိုလျှော့တွက်တတ်သောဓလေ့သည် မြန်မာ့ အနုပညာလောကတွင် အကျင့်များပါနေပြီလား တွေးမိပါသည်။ ဖြစ်ကတတ်ဆန်း ဇာတ်ကားများကို ဖောချင်းသောချင်း ချပြနေတတ်သောဒါရိုက်တာများသည်လည်း ပရိတ်သတ်ကို စော်ကားနေသည်ဟု ကျွန်တ်ာထင်မိသည်။ ကျွန်တော့စာရှည်နေမည်စိုး၍ ဤအကြောင်းကို အကျယ်မချဲ့ လိုတော့ပါ။ မြန်မာ့အနုပညာ မြင့်မားစေလိုသောရည်ရွယ်ချက်ဖြင့် ပြောမိပါသည်။ ကျွန်တော်ကိုယ်တိုင်လည်း အနုပညာကို တတ်ကျွမ်းနားလည်သူ မဟုတ်၍ကျွန်တော့် အယူအဆများမှားနိုင်ပါသည်။ မှားခဲ့လျှင်လည်း ဇာတ်ကားကောင်းကြည့်ချင်သော ၊ စစ်မှန်သော အနုပညာကို ခံစားလိုသော ပရိတ်သတ်တစ်ဦး၏ တောင်းဆိုမှုဟုယူဆပေးကြလိမ့်မည် ထင်ပါသည်။ မအေ့ထဘီစ ဆွဲပြီးမုန့် ပူနေသောကလေးငယ်လို သဘောထားပြီးခွင့်လွှတ်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည်။ ဆင်းရဲသည့် အမေထံတွင် ဈေးကြီးသော မုန့် ဝယ်ကြွေးခိုင်းမိ၍ မအေ့မရှိတာ ပူရမလားဆိုပြီး မဲရိုက်လျှင်လည်း ခံရတော့မည်သာဖြစ်ပါသည်။
Written by လင်းရွှေခယ် ..၂၀၁၂-ဇူလိုင်-၂၀ @ Facebook
No comments:
Post a Comment