ကျွန်တော် မိန်းမယူချင်နေတာကြာပြီ။
စိတ်ကြိုက်ဖြစ်မယ့်မိန်းမတစ်ယောက်ကို တွေ့တာနဲ့ ကောက်ယူမယ်လို့ ဆုံးဖြတ်ထားတယ်။
ကျွန်တော်ယူမယ့်မိန်းမဟာ လူတကာကို ဆွဲဆောင်နိုင်မယ့် အလှဘုရင်မ
ဖြစ်စရာမလိုဘူး။ ကိုယ်လုံးသေးသေးသွယ်သွယ်နဲ့ ချစ်စရာမျက်နှာရှိရင်တော်ပြီ။
ကျွန်တော်ရယ်စရာပြောရင် လိုက်ရယ်တတ်ရမယ်။ ကျွန်တော် တစ်ခါတစ်လေ ထွေပြီးပြန်လာရင် ပြုံးပြုံးလေးနဲ့ ကြိုတတ်ရမယ်။
ကျွန်တော်ယူမယ့်မိန်းမရဲ့အိမ် ဘယ်ပုံရှိသလဲဆိုတာ စိတ်မ၀င်စားဘူး။ အိမ်ကျယ်ရင်ပြီးရော။
မင်္ဂလာဆောင်ရင် ကုန်ကျစရိတ်ကို တစ်ဝက်စီ ကျခံမယ်။ ကျွန်တော်ယူမယ့် မိန်းမကတစ်ဝက်၊ သူ့မိဘတွေက တစ်ဝက်။။
မသွင်မတူရင် အိမ်သူမဖြစ်ဘူးဆိုတာ ကျွန်တော်နားလည်တယ်။ ဒါကြောင့်
လက်ထပ်ပြီးရင် စိတ်တူကိုယ်တူဖြစ်အောင် ညှိမယ်။ ဆိုကြပါစို့။ မြို့လယ်ရုံမှာ
ရန်အောင်ပါတဲ့ကားသစ်တင်လို့ သွားကြည့်ရအောင် သူမကို ကျွန်တော်ပြောတယ်။
ရန်အောင်ကို သူမ မကြိုက်ဘူး။ ဒါကြောင့် မလိုက်ချင်ဘူးလို့ သူမငြင်းတယ်။
အဲဒီလို အခြေအနေမျိုးဖြစ်လာရင် နှစ်ယောက်စလုံး မသွားဘူး။
ရုပ်မြင်သံကြားကလာတဲ့ တရုတ်ကားကိုပဲ ကြည့်ကြမယ်။
သူမရဲ့ ကျန်းမာရေးကို ကျွန်တော်ဂရုစိုက်မယ်။ ချိုလွန်းတဲ့ အစာ၊ ဥပမာ
ဈေးကြီးပေးရတဲ့ ချောကလက်ကို သူမ လုံးဝလက်နဲ့တောင် မထိစေရဘူး။ ကျွန်တော်ပဲ
စားမယ်။ ဘေးဖြစ်စေတဲ့ ဆေးလိပ်နဲ့ အရက်ဆိုရင်လည်း ကျွန်တော်ပဲ
ပင်တိုင်သုံးစွဲသူဖြစ်မယ်။
ကျွန်တော်ယူမယ့်မိန်းမဟာ ခေတ်နဲ့တစ်ပြေးညီ ၀တ်မယ်။ ဒါပေမယ့် ဈေးကြီးထည်ကို ၀ယ်မ၀တ်ဘူး။
ထမင်းဟင်းကို သူမ ဘယ်လိုချက်ချက် ကျွန်တော့်အတွက် အရေးမကြီးဘူး။
အရသာရှိရင်တော်ပြီ။ မြန်မာဟင်းလျာချည်း ချက်စရာမလိုဘူး။ ဒီနေ့ မြန်မာစာ၊
မနက်ဖြန် ကုလားစာ၊ သန်ဘက်ခါ တရုတ်စာ စသည်ဖြင့် ပြောင်းလဲချက်ချင်သလား။
ရတယ်။ ဒီကိစ္စမှာ သူမကို လုံးဝလွတ်လပ်ခွင့် ပေးထားမယ်။
အ၀တ်လျှော်ရမယ်။ မီးပူတိုက်ရမယ်လို့ သူမကို ကျွန်တော်မပြောဘူး။
ဒါပေမယ့် ကျွန်တော်ဝတ်တဲ့ အ၀တ်အစား အမြဲတမ်း သန့်ရှင်းနေရမယ်။ အိမ်ခန်းကို
လှဲကျဉ်းဖို့ သူမကို ကျွန်တော် မတောင်းဆိုပါဘူး။ အိမ်ရှင်မကောင်း
တစ်ယောက်ဆိုရင် သူမရဲ့ အသိစိတ်ဓာတ်နဲ့သူမ လုပ်လိမ့်မယ်။ အဲ အိမ်ရှင်မကောင်း
မဟုတ်ဘူးဆိုရင်တော့ အိမ်ခန်းသန့်ရှင်းရေးကို သူမရဲ့အမေ တာဝန်ယူပါစေ။
လှဲကျင်းလျှော်ဖွပ်ရလို့ ပင်ပန်းလာပြီလား။ အဲဒါဆိုရင် မိန်းမကို
ခဏအနားယူခိုင်းမယ်။ အမောပြေပြီဆိုတော့မှ ကျန်နေတဲ့ ပန်းကန်ခွက်ယောက်တွေကို
ဆေးခိုင်းမယ်။
ဈေးကိုတော့ အတူတူသွားမယ်။ အသွားမှာ ဈေးခြင်းကို ကျွန်တော်ကိုင်မယ်။ အပြန်မှာ သူမဆွဲလာမယ်။
ကျွန်တော့်သဘောထားနဲ့ တိုက်ဆိုင်တဲ့ကိစ္စမှန်သမျှမှာ သူမပြောတာကို လက်ခံနားထောင်မယ်။
သူမရဲ့အသက်ကို ကျွန်တော်တန်ဖိုးထားမယ်။ ဘယ်ပဲသွားသွား လက်ထဲကို ပိုက်ဆံတစ်ပြားမှ ထည့်မပေးဘူး။ လူဆိုးသူခိုးတွေ ပေါတယ်မဟုတ်လား။
ကျွန်တော့်အမိန့်ကို နာခံရမယ်လို့ ဘယ်တော့မှ မပြောဘူး။ ကျွန်တော့်ဆန္ဒကို ဖြည့်ဆည်းပေးရင်တော်ပြီ။
အဲ၊ မဖြည့်ဆည်းနိုင်ဘူးဆိုရင်လား။ ဒါဆို နောက်ယောက်ျားတစ်ယောက်ကို ရှာပစေပေါ့။ မဟုတ်ဘူးလား။
အင်း၊ ဘာလိုလိုနဲ့ ကျွန်တော်ကြင်ယာရှာနေတာ နှစ်တွေ အတော်တောင် ကြာသွားပါပကောဗျာ။
မောင်ကောင်းထိုက် (နှီးပဒေါ) ၏ အပြုးလက်ဆောင်စာအုပ်မှ စာကို မြန်မာ.သွေး Blog မှ တင်ပေးထားခြင်းအား ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်...
No comments:
Post a Comment