Monday, January 14, 2013

ဥပဒေကြောင်းဆိုင်ရာ ဗဟုသုတ ( အိမ်ထောင်ရေး နှင်. လင်ခန်း မယားခန်း ဆိုင်ရာများ)


အမေး။
ဇနီးကို မသင်္ကာသဖြင့် ခရီးထွက်မည်ဆိုပြီး ချောင်းဖမ်းရာ တရားခံအား ညအချိန် အိမ်ပေါ်၌မိသည်။ ထိုစဉ်က တရားလို၏ ဇနီးသည် အိမ်ကို လက်ရှိဖြစ်၍ ဇနီး၏ ခွင့်ပြုချက်အရ လာခြင်းဖြစ်သောကြောင့် တရားခံသည် ကျော်နင်းမှု ကျူးလွန်းခြင်းမဟုတ် ဆိုသည်မှာ မှန်နိုင်သလား။
အဖြေ။
တရားလို၏ ဇနီးသည် အိမ်ကို လက်ရှိဖြစ်သော်လည်း တရားလိုအနေနှင့်လည်း လက်ရှိမဟုတ်ဟု မဆိုနိုင်သည့်အပြင် တရားခံသည် တရားလို၏ဇနီး ဖိတ်ခေါ်၍လာခြင်း ဖြစ်သော်လည်း တရားလို၏ အခွင့်အရေးကို ဆန့်ကျင်ကာ လင်ရှိမယားအား ကျူးလွန်ရန် လာခြင်းဖြစ်၍ ပြစ်မှုကျူးလွန်ရန် အကြံဖြင့် ၀င်ရောက်သည်ဟု ယူဆရမည် ဖြစ်ပေသည်။
[ချာတာဆင်းဒါမိုင်း နှင့် အစိုးရ၊ (၁၉၁၇-၂၀) အထက်မြန်မာပြည်စီရင်ထုံး၊ စာ ၁၉၄]
အမေး။
မယားဖြစ်သူ၌ ကိုယ်ပိုင်ဝင်ငွေ အလုံအလောက်ရှိပါက မယားစရိတ် ရနိုင်သလား။
အဖြေ။
မြန်မာဗုဒ္ဓဘာသာ မိန်းကလေးတစ်ယောက်သည် ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ လုံလောက်သည့် အကြောင်းနှင့် လင်ယောက်ျားနှင့် ခွဲခွာနေထိုင်ခြင်းဖြစ်လျှင် စားစရိတ်မှုကို အစဉ်သဖြင့် စွဲဆိုနိုင်သည်။
[မောင်ဆုံ နှင့် မသက်နု၊ ၁၀၊ ဘီအယ်လ်အာရ်၊ စာ ၁၆၆]
အမေး။
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ ဒုတိယမယားမှ မွေးသည့်သားသည် လင်နှင့် ကွာရှင်းပြတ်စဲပြီးသည့် ပထမ မယားကြီး၏ အမွေခံ အမွေစား ဟုတ်သလား။
အဖြေ။
မဟုတ်ပေ။
အမေး။
မြန်မာဗုဒ္ဓဘာသာ လင်ဖြစ်စေ၊ မယားဖြစ်စေ တစ်ဦးတစ်ယောက်သည် မိမိခင်ပွန်းသည်၏ သဘောတူညီချက် မရရှိလျှင် နှစ်ဦးပိုင်ပစ္စည်းမှ ခင်ပွန်းသည်၏ ပိုင်ဆိုင်ခွင့်ကို လွှဲပြောင်းရောင်းချခြင်း ပြုနိုင်သလား။
အဖြေ။
လင်နှင့်မယားတို့သည် နှစ်ဦးသဘောတူညီချက်ရှိလျှင် နှစ်ဦးပိုင်ပစ္စည်းကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ လွှဲပြောင်းခြင်း စသည်ဖြင့် ပြုလုပ်ခွင့်ရှိသော်လည်း လင်ဖြစ်စေ၊ မယားဖြစ်စေ တစ်ဦးတစ်ယောက်သည် မိမိခင်ပွန်းသည်၏ သဘောတူညီချက် မရရှိလျှင် နှစ်ဦးပိုင်ပစ္စည်းမှ ခင်ပွန်းသည်၏ ပိုင်ဆိုင်ခွင့်ကို လွှဲပြောင်းရောင်းချခြင်း မပြုနိုင်။
သို့ရာတွင် ခင်ပွန်းသည်၏ သဘောဆန္ဒကို အထင်အရှား မဟုတ်သော်လည်း အဓိပ္ပါယ်သက်ရောက်သည့် သဘောတူညီချက် ရရှိလျှင်မူ နှစ်ဦးပိုင်ပစ္စည်းကို လွှဲပြောင်းရောင်းချနိုင်ခွင့် ရှိသည်။
[ချစ်တီးကုန်တိုက် နှင့် မောင်သံဒိုင်၊ ၉၊ ရန်ကုန်၊ ၅၂၄]
 အမေး။
လင်ယောက်ျားက မိမိအပေါ် ရက်စက်မှုကျူးလွန်သော်လည်း မယားဖြစ်သူသည် လင်ယောက်ျားနှင့် ဆက်လက်ပေါင်းသင်းနေသော် လင်ယောက်ျား ကျူးလွန်မှုကို ခွင့်လွှတ်သည်ဟု ယူဆနိုင်သလား။
အဖြေ။
မိန်းမများသည် ယောက်ျားများကဲ့သို့ အိမ်ထောင်ရေးကို အလွယ်တကူ ဖျက်သိမ်းနိုင်စွမ်း မရှိသဖြင့် ယောက်ျားများ၏ ဖောက်ပြန်မှုကို ခွင့်မလွှတ်သော်လည်း သည်းခံ၍ ပေါင်းသင်းနေကြရကြောင်း၊ ထို့ပြင် လင်ယောက်ျားက မိမိအပေါ် ရက်စက်မှု ကျူးလွန်လျှင် ထိုသို့ ကျူးလွန်ပြီးနောက် ဆက်လက်ပေါင်းသင်း၍ နေထိုင်ကာမျှဖြင့် ကျူးလွန်မှုကို ခွင့်လွှတ်သည်ဟု တစ်ထစ်ချ ယူဆနိုင်မည်မဟုတ်ပေ။
[၁၉၆၃၊ မြန်မာနိုင်ငံစီရင်ထုံး၊ ၅၉၈]
 အမေး။
မယားဖြစ်သူသည် တစ်ပါးသော ယောက်ျားနှင့် ဖောက်ပြားပေါင်းသင်း၍ ကလေးတစ်ယောက် ရခဲ့သော် လင်းမယားအဖြစ် အလိုအလျောက် ပြတ်စဲပြီး ဖြစ်သလား။
အဖြေ။
တစ်ပါးသော ယောက်ျားနှင့် ဖောက်ပြားပေါင်းသင်း၍ ကလေးတစ်ယောက် ရခဲ့သည်မှန်စေဦး လင်မယားအဖြစ်မှ အလိုအလျောက် တရားဝင် ကွာရှင်းပြတ်စဲပြီးရာ မရောက်ပေ။
[နန်းမွှေးအိမ် နှင့် စိုင်းမောင်အေး၊ ၁၉၈၂၊ မြန်မာနိုင်ငံစီရင်ထုံး၊ စာ ၃၉]
အမေး။
သားသမီးစရိတ်အတွက် မယားက မယူဟု သဘောတူထားက လင်ယောက်ျားအနေဖြင့် ပေးရန်တာဝန် ရှိသလား။
အဖြေ။
သားသမီးတို့အား ထောက်ပံ့ရန်တာဝန်ကို ဖခင်အား တရားဥပဒေက ပေးထားသည်ဖြစ်ရာ ထိုအထောက်အပံ့ကို မယားက မယူရန် သဘောတူစေကာမူ လင်၌ ပေးရန်တာဝန်ရှိသည်။
[မောင်ကြီး နှင့် မောင်ဖေ၊ ၁ အယ်လ်ဘီအာရ် ၁၂၆]
အမေး။
မယားနှစ်ယောက်ရှိသူ ကွယ်လွန်သော် ကျန်ပစ္စည်းအပေါ် အညီအမျှ ရသလား။
အဖြေ။
မယားနှစ်ယောက်ရှိသူ ကွယ်လွန်၍ အမွေခွဲဝေရာတွင် ဒုတိယမယားသည် ပထမအိမ်ထောင်နှင့်အတူ ကြိုးပမ်းရရှိသည့် ပစ္စည်းများတွင် သုံးပုံတစ်ပုံ ရခွင့်ရှိပြီး ဒုတိယအိမ်ထောင် သို့မဟုတ် အိမ်ထောင်နှစ်ဖက်စလုံးတွင် အတူကြိုးပမ်းရရှိသည့် ပစ္စည်းများ၌ သုံးပုံတစ်ပုံ ရခွင့်ရှိသည်။။
[ဒေါ်လှအုန်း နှင့် မညွန့်၊ ၁၉၃၇၊ အာရ်အယ်လ်အာရ်၊ ၄၁၀]

ဦးကျော်ဇေယျ-ဥပဒေသိက လူရေးလှ @ myanmarthway

No comments:

Post a Comment