Tuesday, January 22, 2013

တစ်ချိန်က အကယ်ဒမီ စိုးသူ (၂၀၁၂ အင်တာဗျုး)


 
အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်ရှိ Southern Maryland ဆေးရုံနဲ့ Washington HospitaCentre ဆေးရုံတို့မှာ နှလုံးရောဂါလူနာတွေကို အဓိက ကုသပေးနေတဲ့ သရုပ်ဆောင်အဆိုတော်ဆရာဝန် စိုးသူဟာ မြန်မာနိုင်ငံသို့ ဆယ့်တစ်နှစ်အကြာမှာ မိခင်ရဲ့ကျန်းမာရေးကြောင့် ပြန်လည် ရောက်ရှိနေပါတယ်။

၁၉၈၃-၈၄ ခုနှစ်လောက်ကတည်းက ရုပ်ရှင်သရုပ်ဆောင်ဖြစ်လာခဲ့ပြီး တစ်ကိုယ်တော်စီးရီးခွေ ၁၁ ခွေထွက်ရှိခဲ့ပါ တယ်။၂၀၀၁ခုနှစ်မှာ “ကိုယ့်နေ့သစ်များ” စီးရီးထွက်ရှိပြီးနောက် မိဘတွေရဲ့ဆန္ဒအရ အမေရိကန်ပြည်ထောင်စုသို့ ထွက်ခွာသွားခဲ့ပါတယ်။ စိုးသူရဲ့၁၁ နှစ်အကြာ အိမ်အပြန်ခရီးမှာ မြန်မာပြည်က ပရိသတ်တွေနဲ့ အနုပညာလုပ်ဖော်ကိုင်

ဖက်တွေရဲ့ နွေးထွေးတဲ့ကြိုဆိုမှုကြောင့် အနုပညာအလုပ်တွေကို ပြန်လုပ်ဖို့ဆုံးဖြတ်ထားပြီး တစ်ကိုယ်တော်ဖျော်ဖြေပွဲကိုလည်း မိခင်ကျန်းမာရေးကောင်းလာတာနဲ့ လုပ်ဖို့ရှိပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ကလည်း စာရေးဆရာမဂျူးရဲ့ “ကျွန်မရဲ့သစ်ပင်” ၀တ္တုကို စိုးသူနဲ့သာရိုက်ချင်ပြီး စိုးသူကသာ လက်မခံရင် ဒီဇာတ်ကိုမရိုက်တော့ဘူးလို့ ယတိပြတ်ကမ်းလှမ်းထားပါတယ်။

အမေရိကမှာ ၁၁ နှစ် နေထိုင်ဖြစ်ခဲ့တာ ဘာကြောင့်ပါလဲ။

ကျွန်တော့်ရဲ့ကျေးဇူးရှင် မိဘနှစ်ပါးက ကျွန်တော်ဆည်းပူး လေ့လာခဲ့တာနဲ့ ပတ်သက်ပြီး အလုပ်လုပ်စေချင်တယ်။ အမေရိကမှာ အစ်မအရင်းနဲ့ အဒေါ်တွေလည်းရှိတော့ မိဘ စကားနားထောင်ပြီး သွားလိုက်တာပါ။

အမေရိကကိုရောက်ရောက်ချင်း မြန်မာပြည်ကိုလွမ်းလို့ နေ့တိုင်းနီးပါးငိုနေခဲ့တယ်လို့လည်း သိရပါတယ်။

ဟုတ်တယ်။ ရောက်ပြီး နှစ်နှစ်၊သုံးနှစ်လောက်က ငိုနေတာ။ ယောက်ျားကြီးတန်မဲ့ မျက်ရည်တွေကျ။ ရှိုက်ကြီးတငင်ငိုတဲ့အခါလည်းရှိတယ်။ နောက်ပိုင်းနှစ်နှစ် သုံးနှစ်မှာတော့ နေသားကျသွားတယ်။ အဲဒီနှစ်နှစ်လောက်အတွင်း တတ်နိုင်သလောက် သီချင်းတွေ နားမထောင်ဘူး။ ရုပ်ရှင် ဇာတ်လမ်းတွေမကြည့်ဘူး။ ကြည့်မိရင် သတိရပြီးပြန်ပြေးချင်လာလို့။

မိသားစုနဲ့ ပရိသတ်ကို မိတ်ဆက်ပေးပါဦး။

အမျိုးသမီးနာမည်က မခင်မြမြ၀တ်မှုံဆွေပါ။ သမီးလေးက အိန်ဂျယ်စိုးသူလွင်ပါ။ မြန်မာနာမည်ကတော့ ကျွန်တော့်မေမေ ပေးထားတာ ဆုဝတ်မှုံစိုးပါ။ အမျိုးသမီးက အလုပ်နဲ့ကျန်ခဲ့တယ်။ မြန်မာပြည်ကနေ ကျွန်တော့်ကိုသီချင်းဆိုဖို့၊ ရုပ်ရှင်ရိုက်ဖို့၊ တစ်ကိုယ်တော် ဖျော်ဖြေပွဲ လုပ်ဖို့ ကမ်းလှမ်းထားတာတွေလည်းရှိနေတော့ မိသားစုအလည်ပြန်လာဖို့ ၂၀၁၃ မေလလောက်စီစဉ်ထားတာ။ တကယ်တမ်း မေမေ့ ကျန်းမာရေးကြောင့် သောကနဲ့ ပြန်လာခဲ့ရတာ။ မိခင်ကြီး ကျန်းမာရေးကောင်းရင် ကောင်းသလို သက်သာရင်သက်သာသလို လုပ်ပေးဖို့ တော့ရှိပါတယ်။

တစ်ကိုယ်တော်စီးရီး ၁၁ ခွေ ထွက်ထားတဲ့အထဲမှာ အင်ပါယာတို့ အိုင်စီတို့နဲ့ တီးတာတော်တော်များခဲ့တယ်။

နောက်ဆုံးထွက်ခဲ့တဲ့ “ကိုယ့်နေ့သစ်များ” မှာ Majesta ဖွဲ့ခဲ့တဲ့တီးဝိုင်းနဲ့ တီးခဲ့တော့ တီးဝိုင်းကရော ခုဘယ်လို ဆက်ရှိနေပါသလဲ။
အင်ပါယာတို့၊ အိုင်စီတို့နဲ့ မတီးခင် ပထမဆုံးတစ်ကိုယ်တော်ခွေ ရည်းစားလေးအချစ်ရဲ့ မှတ်တမ်းခွေက Lovers တီးဝိုင်း နဲ့ တီးတယ်။ နောက် မျက်နှာဖုံး ခွေကို Rays နဲ့တီးတာ။ တတိယခွေ “ကြိုပါကွယ်” ကျမှ အင်ပါယာနဲ့တီးတာ။ နောက်ပိုင်းတော့ အင်ပါယာအိုင်စီနှစ်ခုလုံးနဲ့ တီးခဲ့တဲ့ခွေတွေလည်းရှိတယ်။ Majesta ကတော့ ၁၉၉၅ လောက်မှာ စိတ်တူကိုယ်တူ လေးယောက်နဲ့ ဖွဲ့ဖြစ်တယ်။ လိခ်ဂစ်တာတီးတဲ့ ကိုမြင့်ဇော်၊ ကီးဘုတ်ကိုကျော်ဇေယျ၊ မန္တလေး Energy တီးဝိုင်းက ဒရမ်မာ ကိုတင်မောင်နီခေါ် ကိုဖာရွတ်၊ ဘေ့စ်ကိုအောင်မြင့်စိန်
တို့နဲ့ တီးဝိုင်းဖွဲ့ပြီး တစ်ကိုယ်တော် သွင်းခဲ့တယ်။ ကျွန်တော် နိုင်ငံခြားထွက်သွားတော့ အကြောင်းကြောင့်ကြောင့် တီးဝိုင်းအနေနဲ့ ဆက်မရပ်တည်ကြတော့ဘူး။ အခုကျွန်တော်တစ်ကိုယ်တော် ဖျော်ဖြေပွဲလုပ်ရင်တော့ တီးဝိုင်းကလူတွေ ပြန်ခေါ်တီးမယ်လို့ပြောထားတယ်။

ကိုယ်ပိုင်သီချင်းတွေ တောက်လျှောက်ဆိုနေရာကနေ စိုင်းထီးဆိုင်သီချင်းတွေကို “သဘာဝ” နာမည်နဲ့ စီးရီးတစ်ခွေထွက်ထားဖူးတယ်။ ဘာကြောင့် ပြန်ဆိုတေး ဆိုဖြစ်ခဲ့တာပါလဲ။

ကျွန်တော်ကိုယ်တိုင်ဆိုခဲ့တဲ့ သီချင်းတွေတောင်မှအကောင်းဆုံးတေးများတို့၊ လက်ရွေးစင်တို့ ပြန်မလုပ်ချင်ဘူး။ သူများသီချင်းလည်းမဆိုချင်ဘူး။ ကျွန်တော့် အမြင်က ပထမဆုံးဆိုတဲ့သူရဲ့ အသံနဲ့ ဆိုဟန်ကသာ နားထဲအရောက်ဆုံးနဲ့ ရင်ထဲအရောက်လာဆုံးလို့ခံယူတယ်။ အခုထိလည်း ကိုယ်ဆိုတဲ့သီချင်းကို အခု ပြန်ဆိုရင် ကောင်းနိုင်ပါ့မလားလို့ အမြဲတွေးတယ်။ ရုပ်ရှင်လည်း အရင်က ဇာတ်ကားကောင်းတွေကို ပြန်မရိုက်ချင်ဘူး။ လာကမ်းလှမ်းတာတွေကို အသစ်ပဲ လုပ်ချင်တယ်လို့ ငြင်းရင်းငြင်းရင်းနဲ့ ဆုံးသွားတဲ့ စီစဉ်သူကိုရာမက အတင်းတိုက် တွန်းလို့ ဦးထီးသီချင်းတွေ ပြန်ဆိုဖြစ်သွားတယ်။ စိတ်ထဲမှာဖြစ်နိုင်ရင် မဆိုချင်ခဲ့ဘူး။ ကိုယ်လေးစားတဲ့ အနုပညာရှင်ရဲ့ မူရင်းအနုပညာနဲ့ အနီးစပ်ဆုံးဖြစ်အောင် ကြိုးစားခဲ့တာပါ။

တီးဝိုင်းထောင်ချင်လျက်နဲ့ ဘာကြောင့် ရုပ်ရှင်မင်းသားဖြစ်လာတာလဲ။

ရုပ်ရှင်ထုတ်လုပ်ဖြန့်ချိရေးဆိုပြီး ကျွန်တော်ရှစ်တန်းနှစ်မှာ ဦးလေးတွေက လုပ်ကြတယ်။ ကျွန်တော်က ဂစ်တာတီးချင်တယ်။ သီချင်းဆိုချင်တယ်။ လူရွှင်တော် လုပ်ချင်တယ်။ ဆယ်တန်းအောင်ပြီး ဆေးတက္ကသိုလ်တက်ဖို့ စောင့်နေတုန်း လက်ဦးဆရာ ဒါရိုက်တာ ဦးနီဝင်းထွန်းက သူရိုက်မယ့် “မိုက်ကြွေးမိုက်ပစ်” ဇာတ်ကားမှာ
ခေါင်းဆောင် မင်းသားတင်ရိုက်မယ်လို့ ကမ်းလှမ်းတယ်။ ဒီကားထဲက ဇာတ်ဝင်သီချင်းတချို့ကို ဦးသုခမိန်လှိုင်က ကျွန်တော့်ကိုဆိုဖို့ အကြံပြုပြန်ရော။ အဲဒါနဲ့ ပထမဆုံးစရိုက်တဲ့ ရုပ်ရှင်ကားမှာ ဇာတ်ဝင်သီချင်းလည်း ဆို၊ ရုပ်ရှင်လည်းရိုက်၊ မကြာခင် ဆေးကျောင်းတက်ဆိုတော့ သုံးခုလုံး မရှေးမနှောင်းလုပ်ဖြစ်သွားတယ်။

မေး- ရုပ်ရှင်တွေသီချင်းတွေအများကြီး ရိုက်ခဲ့ဆိုခဲ့တယ်။ တစ်ဖက်က ဆေးကျောင်းလည်းပြီးအောင်တက်ပြီး ဆရာဝန်လည်း လုပ်ခဲ့သေးတယ်။ အချိန်တွေ အရမ်းရှားပါးခဲ့မှာပဲနော်။


ဖြေ- ဒါကြောင့် အရင်က အင်တာဗျူးတွေမှာဆို “အချိန်နဲ့ နပမ်းလုံးနေရတဲ့စိုးသူ” လို့တောင် ရေးခဲ့ကြတယ်။ လူ့အသက်ကိုကယ်တင်ရမယ့် ဆရာဝန်တစ်ယောက် ဖြစ်လာဖို့အတွက် လေ့လာရတဲ့ ဆေးကျောင်းသားဘ၀ဆိုတာ မလွယ်ပါဘူး။ အင်မတန်အချိန်ပေးရတယ်။ ကျွန်တော် ရုပ်ရှင်စရိုက်တဲ့အချိန်မှာဆို အဖြူအမည်း ခေတ်၊ ဖလင်နဲ့ရိုက်ရတယ်။ လူအင်အား၊ အချိန် အများကြီးပေးခဲ့ရတယ်။ သီချင်းဆိုလည်း စိတ်ပါ တဲ့အချိန် ၀ုန်းဒိုင်းနဲ့ ထဆိုလို့ ရခဲ့တာမဟုတ်ဘူး။ အနုပညာတစ်ခုကိုဖန်တီးတဲ့အခါ သေချာအချိန်ပေးပြီး လေ့လာရတာပါ။ မိဘတွေကလည်း ပံ့ပိုးတယ်။ ဆေးကျောင်းက သူငယ်ချင်းတွေဆို ရှုတင်တွေ လိုက်လာပြီး ကားပေါ်မှာလည်း ရှင်းပြတယ်။ ကျွန်တော်က ကဏ္ဍသုံးခုကို သူ့ဟာနဲ့သူ ခွဲထားတဲ့အတွက် ဆေးကျောင်းသားဘ၀မှာ ရိုးရိုးရှင်းရှင်းဝတ်စားနေထိုင်တော့ တခြားတက္ကသိုလ်က ကျောင်းသားပရိသတ်တွေ လာကြည့်ရင် စိုးသူကလည်း ရိုးရိုးကြီးပဲလို့ ပြောသွားကြတယ်။ (ရယ်လျက်)


မေး- ခေတ်ပြိုင် အနုပညာရှင်တွေမှာ ကိုယ့်ခေတ်တစ်ခေတ်လောက်ပဲ ထူထောင်ခဲ့ပြီး သရုပ်ဆောင် ဆက်မလုပ်ကြတော့တာ ဘာကြောင့်လဲ။ ကိုယ်တိုင်ဆိုရင်လည်း ဆရာဝန်ဘ၀ကို ရွေးချယ်လိုက်တော့လေ။


ဖြေ- လူဆိုတာ ရှေ့ဘာဖြစ်မလဲဆိုတာ ဘယ်သူမှ ကြိုမသိနိုင်ဘူးလေ။ အနုပညာကိုချစ်မြတ်နိုးလို့ အနုပညာရှင် ဖြစ်လာကြတဲ့ သူတွေထဲမှာ ဆက်ကြသည်ဖြစ်စေ၊ အနုပညာပစ္စည်းသစ်တွေ ဖန်တီးထုတ်လုပ်တာမျိုး မလုပ်ရင်တောင်မှ သူတို့စိတ်ထဲမှာ အနုပညာဖန်တီးမှုတွေ၊ ချစ်စိတ်တွေရှိနေမယ်၊ လုပ်နေမယ်လို့ ထင်ပါတယ်။ ဆက်မလုပ်ဖြစ်တဲ့ သူတွေဆိုလည်း အကြောင်းကြောင့် အကျိုးဖြစ်သွားတယ်လို့ ပြောရမှာပေါ့။ တစ်ချိန်ချိန်မှာ ဆက်မလုပ်ဘဲ တခြားအလုပ် လုပ်မယ်ဆိုပြီး အနုပညာကို လုပ်ခဲ့တဲ့ သူတော့ရှိမယ် မထင်ပါဘူး။


မေး- အရင်ခေတ်က ဥပမာ “မောင်” ဇာတ်ကားဆိုရင် စိုးမြတ်သူဇာနဲ့ ရုပ်ရှင်အဖြစ် ရိုက်ခဲ့သလို ရန်အောင်နဲ့ မေသန်းနုတို့ ဗီဒီယိုအဖြစ် ရိုက်ခဲ့တယ်။ အရည်အချင်းကို ဦးစားပေးပြီး ရိုက်နိုင်တော့ ပရိသတ်လက်ခံနိုင်ခဲ့တယ်။ ဒီခေတ်သာဆို အဲဒီလိုဖြစ်ဖို့ လွယ်ပါ့မလား။


ဖြေ- အနုပညာဖန်တီးမှုကို အားပြုပြီး ပြိုင်တူလို ရိုက်ခဲ့ကြပေမယ့် ပြိုင်ဆိုင်ပြီး ရိုက်ကြတာ မဟုတ်ပါဘူး။ တိုက်ဆိုင်ပြီး ရိုက်ဖြစ်တာပါ။ ကိုယ်ကျင်လည်လှုပ်ရှားခဲ့ရတဲ့အချိန်မျိုးမှာ အားကြိုးမာန်တက်လုပ်တယ်။ အချိန်ပေးတယ်ဆိုတာတော့ သိရတယ်။ ဒီဖက်ခေတ်မှာတော့ ကိုယ်တိုင်လည်း လတ်တလောမှာ အနုပညာပစ္စည်း တွေထုတ်လုပ်တင်ဆက်နေတာ မဟုတ်တော့မသိတဲ့ အပိုင်းကို ကျွန်တော် မပြောချင်ပါဘူး။ ပရိသတ်အတွက် လုပ်နေကြတဲ့ သူတွေကတော့ အကောင်းဆုံးပဲ ဖန်တီးကြမယ်လို့ ထင်ပါတယ်။


မေး- အပြန်ခရီးကို ကြိုဆိုကြတဲ့ ပရိသတ်တွေရှိတော့ အနုပညာအလုပ်တွေကို အရင်လို ပြန်ဇောက်ချလုပ်ဖြစ်မလား။


ဖြေ- ပရိသတ်ချစ်ခင်အားပေးတာကို အင်မတန် ၀မ်းသာပါတယ်။ ထမင်းရှင်ကို လေးစားပါတယ်။ အနုပညာသက်တမ်းကြာ

လာလည်း ဒီသဘောထားပဲ။ နောင်တစ်သက်လုံးလည်း ဒီလိုပဲ။ ပရိသတ်ကို ကျေးဇူးဆပ်တဲ့အနေနဲ့ အနုပညာအလုပ်တွေ ပြန်လုပ်ဖို့ စိတ်ဆုံးဖြတ်ပါတယ်။ ခုလိုတော့ အဝေးကြီးမှာ အကြာကြီးသွား မနေချင်တော့ပါဘူး။ သွားလိုက်ပြန်လိုက်နဲ့ တတ်နိုင်သလောက်လုပ်မှာပါ။

မေး- ဇနီးကရော ခွင့်ပြုပါသလား။


ဖြေ- အင်မတန်နားလည်မှုရှိတဲ့ ဘ၀ခရီးဖော်ပါ။ အနုပညာရှင် တစ်ယောက်ကို ဘ၀ခရီးဖော်အဖြစ် လက်တွဲရတဲ့အပေါ် နားလည်မှုရှိပါတယ်။ ဟိုမှာလည်း ကြိုးကြား ကြိုးကြား သီချင်းဆိုမှုတွေ လုပ်ရင်လည်း သူပံ့ပိုးပေးပါတယ်။


မေး- ကိုယ်ပိုင်ဖန်တီးမှုနဲ့ အရည်အချင်းကို ဦးစားပေးခဲ့တဲ့ အနုပညာရှင်တစ်ယောက်အနေနဲ့ လက်ရှိ ပြည်တွင်းအနုပညာဈေးကွက်နဲ့ အံ့ဝင်ခွင်ကျဖြစ်ပါ့မလား။


ဖြေ- အားလုံးကတော့ အကောင်းဆုံးဖြစ်စေချင်တဲ့ စေတနာနဲ့ ဦးတည်ကြမယ်လို့ လေးလေးနက်နက်ယုံကြည်ပါတယ်။ စိတ်ထဲမှာရှိတာနဲ့ လက်တွေ့ပြောရတာတော့ လွယ်သလို ထင်ရတယ်။ တကယ်လုပ်တဲ့အခါ သူတို့မှာလည်း ဘယ်လိုအခက်အခဲတွေ ကြုံနေရလဲဆိုတာ တကယ်ထိတွေ့ နေတဲ့သူမှသိမှာလေ။ ဒါပေမဲ့ ကိုယ်က ပရိသတ်ကို ဦးစားပေးပြီး စေတနာနဲ့ဦးတည်လုပ်တာဆိုတော့ စေတနာရောင်ပြန်ဟပ်မယ်လို့ ထင်ပါတယ်။


မေး- ရုပ်ရှင်တွေ အများကြီးရိုက်ခဲ့ပြီး ပရိသတ်ကပေးတဲ့ အကယ်ဒမီတွေ၊ အကြိမ်ကြိမ်ရခဲ့ပေမယ့် ဆယ်နှစ်ကျော်မှရခဲ့တဲ့ အကယ်ဒမီအပေါ် ပြန်လည်တမ်းတမှုလေးကို ပြောပေးပါဦး။


ဖြေ- ပြန်လည်တမ်းတခြင်းတော့ မရှိပါဘူး။ ဟိုးအရင်ကတော့ သရုပ်ဆောင်တိုင်း မျှော်လင့်သလို ကျွန်တော်လည်း မျှော်လင့်ခဲ့တယ်။ ပရိသတ်တွေကလည်း ဆုပေးခဲ့တယ်။ ဒါရိုက်တာရော ကိုယ်တိုင်ပါအားရပြီး မ၀ံ့မရဲမျှော် ခဲ့ရတဲ့ကားတွေလည်းရှိတယ်။ တချို့ဇာတ်ကားတွေဆိုရမယ်လို့ အကြောင်းကြားခံရလောက်နီးနီး အဆင့်ထိရောက်ပြီးမှ မင်းသားဆုတစ်ဆုမှမပါဘဲ မင်းသမီးဆုပဲ ပေးပြီးပြီးသွားခဲ့တယ်။ ၀မ်းနည်းစရာကြီးပေါ့။ ရုပ်ရှင်ရိုက်ပြီး သက်တမ်းအကြာကြီးနေမှ ဆုရတဲ့အပေါ် ပျော်လည်းပျော်သလို ၀မ်းလည်းနည်းခဲ့တယ်။ ဒါပေမဲ့ အဲဒီအချိန်ကျမှ ထိုက်တန်တယ်ထင်လို့ပေးခဲ့တာဖြစ်မှာပါ။


ကျေးဇူးတင်ပါတယ်။


From 

Myarnatmg.Entertainment



No comments:

Post a Comment