Friday, December 9, 2016

ဖိုတိုကော်မန်. လိုချင်သူများအတွက် - Photo Comment Collection ( 2 )













Credit to Photo comment အလန်းလေးများ

ဆက်စပ်ကြည်.ရှုရန်

Photo Comment Collection ( 1 )

မုံးကိုးကို အရောက် ချီခဲ့တယ် - နေရီ




၂၀၁၆ နိုဝင်ဘာ ၂၀ နံနက်အစောပိုင်းမှာ ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲစဉ်တွေ စဖြစ်တယ် ။ ရှမ်းမြောက် နေရာအနှံ့  တစ်ပြိုင်တည်း စဖြစ်တဲ့ အနေအထား ၊ ပြည်ထောင်စုလမ်းမကြီးကို ဖြတ်တောက်ဖို့ ကြိုးစားတဲ့  အနေအထား ၊ လမ်းတံတားတွေ မိုင်းဖောက်ခွဲ ဖျက်ဆီးတဲ့  အနေအထား ၊ မြောက်ပိုင်းမဟာမိတ်ဆိုပြီး အဖွဲ့ လေးဖွဲ့  ပေါင်းလုပ်ပါတယ်လို့ တရားဝင်ကြေငြာချက် ထုတ်ပြန်တဲ့  အနေအထားတွေကြောင့် တိုက်ပွဲစဉ်ကြီး တစ်ခုစပြီလို့  သုံးသပ်မိတယ် ။ ဒါကြောင့် ၂၀ ရက်နေ့ နေ့ လည်ပိုင်းမှာပဲ ကျွန်တော် လားရှိုးကို စထွက်လာခဲ့ပြီး ၂၁ ရက်နေ့ နံနက်မှာ လားရှိုးကို ရောက်တယ် ။ သတင်း စယူတယ် ။ ဒါကြောင့် ဒီ ရှမ်းမြောက်တိုက်ပွဲစဉ်ကို ကနဦးအစပိုင်းကတည်းက အတော်လေး နီးနီးစပ်စပ် ထိတွေ့ ခွင့်ရခဲ့တယ်လို့  အကြမ်းဖျဉ်း ပြောနိုင်တယ် ။

ကျွန်တော့် အမေက လားရှိုးသူ ၊ ကျွန်တော်ကိုယ်တိုင်လဲ လားရှိုးမှာ ခဏ ကျောင်းနေခဲ့ဖူးသလို အမျိုးတစ်ချို့ လဲ လားရှိုးမှာ ရှိနေတယ် ။ ဒါကြောင့် လားရှိုးဟာ ကျွန်တော်နဲ့  စိမ်းလှတယ် မဆိုနိုင် ။ အမျိုးနဲ့ အသိအကျွမ်းတစ်ချို့ အိမ် သွားတွေ့ ပြီးချိန် ၊ တပ်ထဲက အပေါင်းအသင်း သူငယ်ချင်းတစ်ချို့ ကို အဆက်အသွယ်လုပ်ပြီးချိန်မှာတော့ ရှမ်းမြောက်က တိုက်ပွဲ အခြေအနေအကြောင်း အတော်လေးသိလာရတယ် ။

မြောက်ပိုင်း မဟာမိတ်အဖွဲ့ မှာ အဖွဲ့ လေးဖွဲ့ ပါတယ် ။ KIA ၊ TNLA ၊ MNDAA ၊ AA တို့ ဖြစ်တယ် ။ တိုက်ပွဲကြီးတွေမှာ အဓိက လှုပ်ရှားသူတွေက KIA နဲ့  MNDAA တို့ ဖြစ်ကြတယ် ။ ရှမ်းပြည်မြောက်ပိုင်းဟာ တကယ်တော့ တိုက်ပွဲတွေနဲ့  အကျွမ်းတ၀င်ရှိတဲ့  ဒေသ ။ ကျွန်တော်တို့ ငယ်စဉ်က လားရှိုး အေတီဂိတ် ကျော်ရင် တိုက်ပွဲ ဖြစ်ဖို့ အတော်နီးစပ်နေပြီ ။ ဂုတ်တွင်းလမ်းဟာ ဓားပြ အတော်တိုက်လေ့ရှိတဲ့  နေရာ ။ မူဆယ် -လားရှိုး တစ်ခါတစ်လေ လမ်းမှာ ညအိပ်ရတတ်တယ် ။ ဒါတွေဟာ ၁၉၉၀ နောက်ပိုင်း ငြိမ်းချမ်းရေးယူလိုက်တော့ မရှိသလောက် ဖြစ်သွားတယ် ။ ကားလမ်းတွေ သိပ်ကောင်းသွားတယ် ။ မူဆယ် - မန်းလေး တိုက်ရိုက် ခရီးစဉ်တွေ ပေါ်လာတယ် ။ ကုန်သွယ်မှု အရမ်းဖွံ့ ဖြိုးလာတယ် ။ ဒီအခြေအနေဟာ ဆယ်စုနှစ် နှစ်ခုနီးပါး ဖြစ်ခဲ့တယ် ။ တိုက်ပွဲတွေက ဒီနောက်ပိုင်းမှ ပြန်ဖြစ်လာတာ ။ ကြီးကြီးမားမားကတော့ လောက်ကိုင် တိုက်ပွဲ နဲ့  အခု ဖြစ်တဲ့ ပွဲ ။ သို့ သော် မူဆယ် - မန်းလေး ပြည်ထောင်စု လမ်းမကြီးကို အခုလို ရက်ကြာရှည်စွာ ခြိမ်းခြောက်လာတာကတော့ ဆယ်စု နှစ်စုလောက်အတွင်း ဒါပထမဆုံးလို့ ဆိုရမယ် ။

သိမ်းဆည်းရမိသော လက်နက် တစ်လက်
ရှမ်းမြောက်တိုက်ပွဲစဉ်တွေရဲ့  ပထမပိုင်း ၅ရက်လောက်ဟာ ပစ်မှတ်အများအပြားကို တစ်ပြိုင်နက်တိုက်တဲ့  အနေအထားတွေ့ ရတယ် ။ ပြည်ထောင်စု လမ်းမကြီးကို ခြိမ်းခြောက်ထားသလို တံတားတွေ ကားတွေ အရပ်သားတွေကိုလဲ အရမ်းကာရော ပစ်ခတ်နေတယ် ။ တိုက်ပွဲ အဓိကဖြစ်နေတဲ့  နေရာတွေက ကြူကုတ် (ပန်ဆိုင်း) ၊ ဟေမိုးလုံ ၊ မုန်းကိုး ၊ မန်ပိန်း ၊ မန်ကန် စတဲ့နေရာတွေ ။ ထုနဲ့ ထည်နဲ့  နေရာငါးခုလောက်ကို ၀င်တိုက်နေတယ် ။ ဘယ်ဟာက ပစ်မှတ် အမှန်လဲ ။ ဘယ်ဟာက ယောင်ပြလဲ ။ ဒါမှမဟုတ် အခုတိုက်နေတဲ့  နေရာတွေအားလုံး ယောင်ပြလား ။ တပ်ကူတွေ အဲဒီနေရာကို ရောက်ပြီဆိုမှ တကယ့် ပစ်မှတ်ကို ၀င်တိုက်မှာလား ။ ဒီမေးခွန်းတွေဟာ ရှမ်းမြောက်တိုက်ပွဲ အစပိုင်းမှာေ၀၀ါးရှုပ်ထွေးနေတဲ့  မေးခွန်းတွေ ဖြစ်တယ် ။ ဒါကြောင့် တကယ့်တိုက်ပွဲ အမှန်ဟာဘယ်ဟာလဲ မသိသေးခင် လတ်တလော လူတွေတုန်လှုပ်ကုန်တဲ့  ပြည်ထောင်စု လမ်းမကြီးပေါ်က အရပ်ကားတွေ ယာဉ်မောင်းတွေကို ပစ်ခတ် ဖျက်ဆီးနေတဲ့  ကိစ္စကို အဓိကထား သတင်းလိုက်ဖို့ ဆုံးဖြတ်ခဲ့တယ် ။ ဒါနဲ့  နမ့်ဖတ်ကာနဲ့  သိန်းနီကြားမှာ ကျွန်တော် ခေါက်တုံ့ ခေါက်ပြန် သွားနေခဲ့တယ် ။

ရဲမိုး FB
မြောက်ပိုင်းမဟာမိတ်အဖွဲ့ ရဲ့  ပြည်ထောင်စုလမ်းမကြီးကို တိုက်ခိုက်ပုံ သုံးမျိုးတွေ့ ရတယ် ။ ပထမတစ်ခုက ကားလမ်းပေါ်တက်လာ ကားတွေတားပြီး ခရီးသည်တွေဆီက ဖုန်းတွေသိမ်း ကားသမားတွေဆီက ကားသော့တွေတောင်းပြီး ယူသွားတာ။ တစ်ချို့ နေရာတစ်ခု နှစ်ခုမှာ ပိုက်ဆံပါယူသွားတယ်လို့  ဆိုတယ် ။ နေရာတိုင်းတော့ မဟုတ်ဘူး ။ သို့ သော် နမ့်ဖလွန် နဲ့  ရူခင်းသာကြား ပြည်သူ့ စစ် စခန်းနဲ့  တစ်မိုင်လောက်အကွာမှာ ဖြစ်တဲ့  ဖြစ်စဉ်မှာတော့ ပိုက်ဆံပါတောင်းကြောင်း ကားသမားတစ်ယောက်က ကျွန်တော့်ကို ပြောပြတယ် ။ ဒုတိယတိုက်ခိုက်ပုံကတော့ ကားတွေတား ခရီးသည်တွေဆင်းခိုင်းပြီး ကားကို လမ်းမှာ ကန့် လန့် ထား ၊ ဖျက်ဆီးတာ မီးရှို့ တာမျိုး လုပ်တာ ။ ဒီဖြစ်စဉ်မှာ တစ်ချို့  ယာဉ်မောင်းတွေ ကားကို နှမျောလို့  မောင်းပြေးရင် သေနတ်နဲ့  ပစ်တယ် ။ ယာဉ်မောင်းတစ်ချို့  သေကြတယ် ။ တတိယတိုက်ခိုက်ပုံကတော့ လမ်းဘေးတောင်ကုန်းပေါ်က ကားကို အသားလွတ်ပစ်တာ ။ မကောင်းသူထိပ် ကောင်းသူထိပ်ပဲ ။ လူမှုကွန်ယက်မှာ ကျည်ထိတဲ့ ကားတွေ လောင်ချာထိလို့  ကားနောက်တွဲပြုတ်သွားတယ်ဆိုတဲ့  ပုံတွေ ဒဏ်ရာရတဲ့သူပုံတွေ တက်လာတာ ဒီ တတိယပုံစံကြောင့် တက်လာတာ ။

ဒီတိုက်ခိုက်မှုတွေကို တပ်က ဘယ်လိုတုန့် ပြန်လဲဆိုတော့ လမ်းကြောင်း လုံခြုံရေးလုပ်ဖို့ တပ်တွေ အများကြီးဝင်လာတယ် ။ ၁၀၅ မိုင်မှာ ဗျူဟာတစ်ခု လာထိုင်တယ် ။ လမ်းကြောင်း လုံခြုံရေး နဲ့  လမ်းကြောင်းထိစပ် နယ်မြေတွေကို တပ်တွေ ၀င်ရှင်းတယ် ။ လမ်းတွေ တံတားတွေကို စစ်ဆေးပြီး ထောင်ထားတဲ့ မိုင်းတွေတွေ့ လျှင် ရှင်းပြစ်တယ် ။ သတင်းဂျာနယ်တွေမှာ တွေ့ ရတဲ့  မူဆယ် ၁၀၅မိုင်ကို ရဟတ်ယာဉ်တွေ တပ်တွေ အများကြီးရောက်လာတဲ့ပုံတွေဟာ ဒီလမ်းကြောင်းကို ထိန်းဖို့ ရောက်လာတာ ။ တပ်ဘက်က ဒီလိုလုပ်လိုက်တော့ အထိအခိုက်တွေ သိသိသာသာ လျော့နည်းသွားတယ် ။ မြောက်ပိုင်းမဟာမိတ်အဖွဲ့ က ကားလမ်းပေါ်တက်ဖို့  အရင်လောက်မလွယ်တော့ဘဲ ထိစပ်နယ်မြေတွေမှာတင် ကားလမ်းလုံခြုံရေးတပ်တွေနဲ့  ထိတွေ့  တိုက်ပွဲဖြစ်လာတယ် ။

၁၀၅ မိုင် ( The Myanmar Reviews Journal )
ဒါကြောင့် ရှမ်းမြောက်တိုက်ပွဲစဉ်ရဲ့  ပထမပိုင်း ၅ရက်ဟာ ပြည်ထောင်စု လမ်းမကြီးကို ကာကွယ်ခြင်းအပိုင်းလို့ ပြောလို့ ရတယ် ။ ဒါဆို အဲဒီ ၅ရက်အတွင်း ကျန်တဲ့ နေရာတွေ ဘာဖြစ်နေလဲ ။ တိုက်ပွဲတွေ တောက်လျောက်ဖြစ်နေတယ် ။ စခန်းတွေကို ၀င်တိုက်နေတယ် ။ ကျသွားလားဆိုတော့ မကျဘူး ။ မြောက်ပိုင်းမဟာမိတ်က စခန်းကိုတိုက်ဖို့ အုံနဲ့ ကျင်းနဲ့  စုဖွဲ့ လာတာနဲ့  လေတပ်က ချက်ချင်းရောက်လာတာကိုး ။ စခန်းတိုက်ဖို့ လူစုလိုက် တပ်ဖြန့် လိုက် လေတပ်က ဗုံးလာကြဲခံရလိုက်နဲ့  မြောက်ပိုင်းမဟာမိတ်အဖွဲ့ ဟာ ဘယ်စခန်းမှ ဟုတ္တိပတ္တိ မသိမ်းလိုက်နိုင်ဘူး ။ ပြည်ထောင်စု လမ်းမကြီး လုံခြုံသွားချိန်မှာတော့ လေတပ်ဟာ မြောက်ပိုင်းမဟာမိတ် အဖွဲ့ ကို ကောင်းကောင်း ဒုက္ခပေးတော့တယ် ။
ဗုံးကြဲလေယာဉ်တွေက ဗုံးကြဲတယ် ။ ရဟတ်ယာဉ်တွေက ရော့ကတ်နဲ့ ပစ်တယ် ။ စက်အမြောက်နဲ့ ပစ်တယ် ။ မြေပြင်ကလဲ စစ်ကူတပ်တွေ တက်လာတယ် ။ ဒုတိယပိုင်း ငါးရက်လောက်မှာ အခြေအနေက သိသာသွားပြီ ။ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ဟာ ဘယ်စခန်းမှ မတိုက်နိုင်ဘူး ။ ပြန်ဆုတ်ရတော့မယ် ။ မြေပြင်တပ်တွေက ကပ်လာနေပြီကိုး ။ သို့ သော် ဒီဖြစ်စဉ်မှာ မုံးကိုး မပါဘူး ။
အဲဒီအချိန်မှာ မုံးကိုးဟာ အဓိက ပစ်မှတ်ဖြစ်ကြောင်း ထင်ရှားသွားပြီ။

မုံးကိုးဟာ လူဦးရေ ထောင်ဂဏန်းလောက်ရှိမယ် ။ မြို့ နယ်ခွဲ အဆင့် မြို့ တစ်မြို့  ။ တရုတ်နိုင်ငံ မန်ဟိုင်းမြို့ နဲ့  ကိုက် ၃၀၀ လောက်ပဲ ဝေးတယ် ။ နယ်စပ်မြို့ ချင်း ထိစပ်နေတယ် ။ ကားလမ်းကသွားလျှင် မူဆယ် - ကြူကုတ် (ပန်ဆိုင်း) - ဟေမိုးလုံ - မုံးကိုး ဒီလိုသွားရတယ် ။ မုံးကိုး က ဆက်ထွက်လျှင် တစ်ဖက်မှာ ဖောင်းဆိုင်ရှိတယ် ။ ဒီမြို့ ကို ၀ိုင်းတိုက်နေတာ ။

မြို့ ရဲ့  ပတ်ပတ်လည်ဟာ ပေ ၁၀၀၀ နဲ့ ၁၅၀၀ ကြားရှိတဲ့  တောင်စဉ် တောင်ကြောတွေ ။ မြို့ က အောက်က ချိုင့် ထဲ ကွင်းပြင်ထဲမှာ ရှိတယ် ။ မြို့ ထဲမှာ ရဲစခန်း နဲ့ ပြည်သူ့ စစ်စခန်းတွေ ရှိတယ် ။ ဗျူဟာကုန်းလို့ ခေါ်တဲ့  တပ်စခန်းက ဖောင်းဆိုင်ဘက်သွားတဲ့ လမ်း မြို့  အစွန်မှာရှိတယ် ။ ကာကင်းကုန်းက ဗျူဟာကုန်းနဲ့  မလှမ်းမကမ်းမှာရှိတယ် ။ ဒီတပ်စခန်းတွေဟာ မြေအနေအထားအရ နေရာယူထားတာ သိပ်ကောင်းတယ် ။ တစ်ဘက်က တရုတ်ပြည် ၊ တစ်ဘက် ကိုက်၁၀၀ လောက်က လူနေအိမ်တွေ တစ်ဘက်ကတော့ ဖောင်းဆိုင်ဘက်က အ၀င်လမ်း ၊ ကျန်တဲ့  နေရာတွေက ကွင်းပြင် ပြောင်တလင်း ။ ဒီကွင်းပြင်ကြောင့် မုံးကိုးစခန်း မကျတာလို့ ပြောလို့ ရတယ် ။ မြောက်ပိုင်းမဟာမိတ်အဖွဲ့  အကျအဆုံးများတာလဲ ဒီကွင်းပြင်ကြောင့်ပဲ ။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ ဟာ ခန့် မှန်း အင်အား ၃၀၀၀ လောက်နဲ့  မုံးကိုးကို ၀န်းရံတိုက်ခိုက်တယ်လို့ ယူဆရတယ် ။ စခန်းကို မျက်နှာစာ သုံးခုက ၀င်တိုက်နေတဲ့ အဖွဲ့ တွေ မြို့ တွင်းမှာ တိုက်တဲ့ အဖွဲ့ တွေပေါင်းရင် အင်အား ၈၀၀ လောက် ရှိနိုင်တယ် ။ ကျန်တဲ့  အင်အားတွေက ဖောင်းဆိုင် ၊ ဟေမိုးလုံ ၊ ကြူကုတ်(ပန်ဆိုင်း) နဲ့  မုံးကိုး ပတ်ပတ်လည်က တောင်ကြောတွေ ၊ ၀င်လမ်းထွက်လမ်းတွေကို ပိတ်ဆို့ ထားတယ် ။ ကြူကုတ် ( ပန်ဆိုင်း)ဘက်က ၀င်တဲ့ ကားလမ်းမှာ တင့်ကားတွေ ၀င်မရအောင် ဘက်ဟိုး နဲ့  တွင်းကြီးတွေ တူးထားတယ် ။ တောင်ကြောတွေဘက်က တောလမ်းတွေမှာ မိုင်းတွေ မွနေအောင်ထောင်ထားတယ် ။ ခံစစ်အသေးလေးတွေ အဆင့်ဆင့် နေရာချ ပိတ်ဆို့ ထားတယ် ။ လက်နက်ကြီး နဲ့  လေယာဉ်ပစ် စက်သေနတ်တွေကို ဗျူဟာကုန်းကို စိုးမိုးနေတဲ့ တောင်ကုန်းတွေပေါ် လက်ယှက်ထိုး နေရာချထားတယ် ။ ပြီးတော့မှ မုံးကိုးကို စိမ်ပြေနပြေ တိုက်တော့တာ ။

မုန်းကိုး ( The Myanmar Reviews Journal )
ရှမ်းမြောက်တိုက်ပွဲစဉ်ရဲ့ ပထမပိုင်း ၅ရက်ဟာ ပြည်ထောင်စုလမ်းကို ကာကွယ်တာဆိုလျှင် ဒုတိယပိုင်းငါးရက်က လေကြောင်းတိုက်ခိုက်မှုလို့ ဆိုရမယ် ။ တပ်မတော် (လေ)ဟာ ဒီတိုက်ပွဲမှာ တိုက်ခိုက်ရေး အနေနဲ့  A5 ဗုံးကြဲလေယာဉ်တွေ ၊ K8 တိုက်လေယာဉ်တွေ ၊ Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကို အဓိကသုံးစွဲတာတွေ့ ရတယ် ။ ဒီလေယာဉ်တွေဟာ မြေပြင်တပ်တွေ ရောက်မလာမချင်း စခန်းတွေ ကျမသွားအောင် လေကြောင်း ပစ်ကူပေးနေတယ် ။ မုံးကိုးမြို့ ပေါ်မှာ မနက် နှင်းကွဲတာနဲ့  အ၀ိုင်း သုံးဝိုင်းရှိနေတယ်လို့  ဒေသခံတွေက ဆိုကြတယ် ။ ပထမအ၀ိုင်းက A5 ဗုံးကြဲလေယာဉ်တွေ အ၀ိုင်း ။ ဒုတိယက K8 တိုက်လေယာဉ်တွေ အ၀ိုင်း ။ တတိယက ကင်းထောက်လေယာဉ်တွေ အ၀ိုင်း ။ ဒီလေယာဉ်တွေက သူ့ အမြင့်ပေနဲ့ သူ သူ့ အ၀ိုင်းနဲ့ သူ ပတ်ချာလည်ပျံနေပြီး တစ်စီးပြီး တစ်စီးဆင်းလာပြီး အဆက်မပြတ်တိုက်နေတာ ။ ကင်းထောက်လေယာဉ်တွေက တိုက်လေယာဉ်တွေ အောက်ဆင်းလာရင် ဘယ်နေရာက ရန်သူက ပစ်တယ်ဆိုတာ ဓာတ်ပုံရိုက်နေတယ် ။ ခဏနေရင် အဲဒီပစ်တဲ့ နေရာတွေပါ ထပ်ပြီး ဗုံးကြဲခံရတယ်လို့ ဆိုတယ် ။ အဲဒီ လေကြောင်းပစ်ကူ ဒုတိယ ငါးရက်အတွင်းမှာပဲ တပ်မ ၉၉ က ဗိုလ်မှူးတစ်ယောက် ဦးစီးတဲ့  စစ်ကြောင်းတစ်ခုက မရအရ ဖောက်ဝင်လာပြီး ကာကင်းကုန်း စခန်းကို ပေါင်းမိသွားတယ် ။ သူတို့ မှာ ရိက္ခာနဲ့  ခဲယမ်း အတော်အတန်ပါလာတာမို့  ဗျူဟာကုန်း အခြေအနေဟာ အတော်လေးကောင်းသွားတယ်လို့  မုံးကိုးတိုက်ပွဲမှာပါခဲ့သူ တစ်ဦးက ကျွန်တော့်ကို ပြောပြတယ်

တစ်ဖက်ကလဲ ကြူကုတ် (ပန်ဆိုင်း) ဘက်က အမြောက်ပစ်ကူတွေ စပစ်လာတယ် ။ တင့်ကားတွေပါတဲ့  စစ်ကြောင်းတစ်ခုကလဲ ဖောက်ဝင်နေတယ် ။ သို့ သော် လမ်းမှာ မိုင်းတွေရော ပုခုံးထမ်း ဒုံးကို ပေါပေါများများ ပစ်နေတဲ့  မြောက်ပိုင်းမဟာမိတ်အဖွဲ့ တွေကြောင့် ဒီစစ်ကြောင်းဟာ ခရီးမပေါက်ဘူး ဖြစ်နေတယ် ။ လေယာဉ်နဲ့  မုန်းကိုး စခန်းပေါ်ရိက္ခာတွေ ခဲယမ်းတွေချပေးတယ် ။ သို့ သော် ကွင်းပြင်ထဲပဲ ကျကုန်တယ် ။ ရန်သူလဲ ကောက်မရ ကိုယ်လဲ ကောက်မရ ဒီလို ဖြစ်နေတယ်လို့ ဆိုတယ် ။ ဒီအတိုင်းဆို မုန်းကိုးကို အချိန်မီရောက်ပါ့မလားဆိုတဲ့  အတွေးတွေ အတော်များများ ပေါ်လာကြတယ် ။ လူမှုကွန်ယက်မှာလဲ ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား မရောက်ကြသေးဘူးလား ဆိုတဲ့  မချင့်မရဲဖြစ်သံတွေဆူကြနေကြတယ် ။ သို့ သော် ကျွန်တော်လဲ အငိုက်မိသွားပြီ ။ ဒီ ကြူကုတ် (ပန်ဆိုင်း) ဘက်က ဖောက်ဝင်နေတဲ့  စစ်ကြောင်းက ယောင်ပြ စစ်ကြောင်းပဲ ဖြစ်မယ် ။ ဘာကြောင့်လဲဆိုတော့ လားရှိုးလေဆိပ်က ကျွန်တော့်အသိတစ်ယောက်ရဲ့  ပြောပြချက်ကြောင့်ပဲ

လားရှိုးလေဆိပ် ကွန်ထရိုးတာဝါဟာ ဒီရက်ပိုင်းအတွင်း ဆံပင်အတော် ဖြူသွားနိုင်တယ် ။ တစ်ရက်အတွင်း လားရှိုးကိုဆင်းနေတဲ့  လေယာဉ် ရဟတ်ယာဉ် အရေအတွက်ဟာ တစ်လလုံး ဆင်းတဲ့  လေယာဉ်အကြိမ်ရေထက် ပိုများကောင်းများနိုင်တယ် ။ လေယာဉ်တွေ အဆက်မပြတ် ဆင်းလာတယ် ။ တပ်တွေ ချပေးသွားတယ် ။ ပြန်တက်လာတယ် ။ ပြန်ချပေးသွားတယ် ။ ကင်းထောက်လေယာဉ်တွေကလဲ ဒလစပ်တက်လိုက် ဆင်းလိုက် ။ တိတ်တိတ်ဆိတ်ဆိတ် ဆင်းလိုက်တက်လိုက်နဲ့  ကင်းထောက်နေတဲ့  မောင်းသူမဲ့  ဒရုန်းတစ်ချို့ လဲ ပါတယ်လို့  လေဆိပ်က မိတ်ဆွေက ပြောပြတယ် ။

တကယ့်တကယ်တော့ ကျွန်တော် မေ့နေတာ ။ ဒီကိစ္စမျိုး လောက်ကိုင်တုန်းကလဲ ကျွန်တော် တစ်ခါ ကြုံပြီးပြီ ။ ရှမ်းပြည်မှာ တိုက်ပွဲတွေဖြစ်တိုင်း ကျွန်တော်တို့ က ဖြစ်တဲ့ နေရာကိုပဲ စဉ်းစားကြတာ ။ မုံးကိုး ဖြစ်လျှင် ဟာ မုန်းကိုး ဟ မုံးကိုး ။ လောက်ကိုင် ဖြစ်လျှင်လဲ လောက်ကိုင် ဟ လောက်ကိုင် ။ ဒီလို ဖြစ်ကြတာ ။ ဒီစဉ်းစားနည်းဟာ လောက်ကိုင် ကိစ္စဖြစ်တုန်းက လေယာဉ်ပစ် Surface to Air Missile တွေ နေရာချနေတာတွေ့ တော့မှ ပါးစပ်ကို တင်းတင်းစေ့ပြီး ခေါင်းယမ်း ကိုယ့်ကိုယ့်ကို အပြစ်တင်မိတော့တယ် ။အခုလဲ ကျွန်တော် မိပြန်ပြီ ။ ကိုယ်တွေက မုံးကိုးကိုပဲ စဉ်းစားတာ ။ သူတို့ က ရှမ်းမြောက် ဒေသတစ်ခုလုံး တပ်ဖြန့် ပြီး နေရာယူနေတာ ။

ရှေ.တန်းရောက် သတင်းထောက် ရဲမိုး
တပ်တွေဟာ အဆက်မပြတ် ရောက်လာသလို Mi 17 သယ်ယူပို့ ဆောင်ရေး ရဟတ်ယာဉ်တွေကလဲ အဆက်မပြတ် ပျံနေတယ် ။ စစ်သည်တွေဟာ ရိက္ခာသယ်တာ သိပ်မတွေ့ ရ ။ ခဲယမ်းတွေ အပြည့်သယ်ကြတယ် ။ ရိက္ခာက လေကြောင်းက ချပေးမယ်လို့ ဆိုတယ် ။ စနိုက်ပါကိုင်ထားတဲ့  စစ်သည်တွေ အများကြီးတွေ့ ရတယ် ။ ခြင်းကြားတွေကို ဆေးအမည်းတွေ သုတ်ထားတာ တွေ့ ရတယ် ။ တော်တော် ခိုင်ခိုင်ခန့် ခန့် ယက်ထားတယ် ။ တပ်ရင်းမှူးတွေလဲ ခြင်းကြားတွေ လွယ်တယ် ။ သူက စစ်ကျောပိုးအိတ်ကို ခြင်းကြားထဲထည့် ၊ လွယ်ကြိုးကို အပြင်ထုတ် ။ လွယ်ကြိုး လွယ်လိုက်တာနဲ့  ကျောပိုးအိတ်ရော ခြင်းကြားရော လွယ်ပြီးသား ။ တစ်ချို့ စစ်သည်တွေရဲ့  ခြင်းကြားဟာ ဟန်းကောထည့်ဖို့ ဘေးခြင်းအသေး ၊ လောင်ချာကျည်ထဲ့ဖို့ အကန့်  စသဖြင့် သေသေချာချာကို ယက်ထားတာတွေ့ ရတယ်လို့  မိတ်ဆွေတစ်ဦးက ကျွန်တော့်ကို ပြောပြတယ် ။

ရှမ်းမြောက် တိုက်ပွဲစဉ်တွေရဲ့  တတိယပိုင်းမှာ ရဟတ်ယာဉ်တွေ အဆက်မပြတ် ပျံတက်သွားတယ် ။ လားရှိုးတစ်မြို့ လုံး ရဟတ်ယာဉ်သံတွေ ဆူညံနေတယ် ။ Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်တွေက သယ်ယူပို့ ဆောင်ရေး ရဟတ်ယာဉ်တွေကို ဘေးက အစောင့် လိုက်သွားတာ မြင်ရတယ် ။ တိုက်ခိုက်ရေး တပ်မတွေကို ရှမ်းမြောက် ဒေသတစ်ခုလုံး နေရာချနေတာ ။ ဟေမိုးလုံရွာရဲ့  ကောင်းကင်မှာ ရဟတ်ယာဉ်တွေ ရုတ်တရက်ပေါ်လာတယ် ။ ရဟတ်ယာဉ်တွေထဲက တပ်မ ၈၈ လက်မောင်းတံဆိပ် နဲ့  စစ်သည်တွေ ခုန်ဆင်းလာတယ် ။ တပ်မတစ်မလုံး ၀င်လာတာ ။ ဟေမိုးလုံ တစ်ဝိုက် အကြီးအကျယ် တိုက်ပွဲ ဖြစ်ကြတယ် ။ မြောက်ပိုင်း မဟာမိတ် အဖွဲ့ ဟာ ပထမပိုင်း တောင့်ခံဖို့ ကြိုးစားကြည့်တယ်။ သူတို့ က ရွာတွေမှာ အခြေပြုထားတာ ။ ၀င်လမ်းထွက်လမ်း ခံစစ်ကျင်းတွေ အသေအချာပြင်ထားတယ် ။ ရိက္ခာ ပူစရာမလို ။ ရွာက လူမရှိတော့ ။ အိမ်တွေထဲက စားစရာတွေ စောင်တွေနဲ့  ကျင်းထဲက ခုခံတယ် ။

တပ်မ ၈၈ က အရာရှိတစ်ဦးက ရယ်သွမ်းသွေးပြီး ပြောပြတာတော့ ကတုတ်ကျင်းတွေက ဂွမ်းကပ်နဲ့  ဆောက်ထားသတဲ့  ။ စခန်းတွေကို မောင်းထုတ် ရှင်းလင်းပြီးချိန် ကတုတ်ကျင်းတိုင်းမှာ ဂွမ်းကပ်တွေ အလျှံပယ်တွေ့ ရသတဲ့  ။ ရွာထဲက အိမ်တွေမှာတော့ ဂွမ်းကပ်တစ်ထည်မှ မရှိတော့ဘူးလို့  ဆိုတယ် ။ တပ်မ ၈၈ဟာ မုန်းကိုးကို ဆက်မတက်ဘဲ ဟေမိုးလုံဘက်ကနေ မုံးကိုးကို မျက်နှာမူပြီး ကန့် လန့် ဖြတ် ဖြတ်ပိတ်ထားလိုက်တယ် ။ ဒါဆိုရင် ချေမှုန်းရေး တပ်မ တစ်ခုတော့ ရှိနေခဲ့ပြီ ။ သူက ဘယ်မှာလဲ ။

မုန်းကိုးမကျအောင် ...
၁၄ရက်လုံး ခုခံနေတဲ့ တပ်မ ၉၉ ကဗျူဟာမှူးး ၊ စစ်ကူတပ်မတပ်မ ၁၁ဗျူဟာမှူးး ၊ တင့်ကားတွေ မော်တော်ယာဉ်တွေနဲ့  ဖောက်ဝင်ခဲ့တဲ့ တပ်မ ၉၉ ကစစ်ကြောင်းရဲ့ ဗျူဟာမှူးး ( From Ye Moe FB )
တကယ်တော့ ဟေမိုးလုံမှာ ရဟတ်ယာဉ်တွေပေါ်က တပ်မ ၈၈ စစ်သည်တွေ ခုန်ဆင်းနေတုန်းမှာပဲ တစ်ခြား Mi 17 ရဟတ်ယာဉ်မှူးတွေဟာ မုန်းကိုး နဲ့  ၇ မိုင်လောက်ဝေးတဲ့  ကတုတ်ကျင်းတွေ ဗလဗွပြည့်နေတဲ့  ဆယ်ပေပတ်လည်လောက် တောင်ထိပ် စခန်းတစ်ခုကို ကြိုးစားပမ်းစားဆင်းသက်နေတယ် ။ ရဟတ်ယာဉ်တွေဟာ မြေကြီးနဲ့  ထိလုထိခင် လေထဲမှာရပ်ထားတယ် ။ စစ်သည်တွေက ခုန်ဆင်းကြတယ် ။ ရဟတ်ယာဉ်နဲ့  ပေနှစ်ဆယ်လောက်ဝေးတဲ့  နေရာမှာ ၁၂၀ မီလီမီတာ စိန်ပြောင်းကြီးတွေက မုန်းကိုးနားက ကုန်းတွေကို ဒလစပ် လှမ်းပစ်နေတယ် ။ စစ်သည်တွေဟာ ရဟတ်ယာဉ်ပေါ်က ဆင်းပြီးပြီးချင်း တောင်ထိပ်ဘေးက လျိုလေးတစ်ခုထဲကို ပြေးဆင်းကြတယ် ။ အဲဒီလျှိုထဲမှာ ဗုံးသီးတွေ စက်သေနတ်တွေ ပွစာကြဲနေတယ် ။ တပ်တွေဟာ သူ့ တပ်အလိုက် သူ ဖွဲ့ စည်း ပြင်ဆင်နေကြတယ် ။ စက်လတ်ကိုင်တဲ့  စစ်သည်က စက်လတ်ကျည်တွေကို စက်သေနတ်မှာ စနစ်တကျ ထည့်နေတယ် ။ လောင်ချာထိပ်မှာ ငှက်ပျောဖူးပုံ ဒုံးသီးတွေကို လှည့်တပ်နေတဲ့  စစ်သည်တွေလဲ အများကြီးတွေ့ ရတယ် ။ ၄၀ မမ ဗုံးသီးတွေကို စလွယ်သိုင်းထားတဲ့  စစ်သည်တွေလဲ တစ်ပုံတစ်ပင် ။ ဆေးတပ်တံဆိပ်နဲ့  စစ်သည်တစ်ချို့ က အရေးပေါ် ရိက္ခာဆိုတဲ့  တရုတ်လုပ် ချောကလက်ပြားတွေ တပ်ရင်းအလိုက် ဝေနေတယ် ။ တစ်ပြားမှာ ချောကလက်တောင့် ရှစ်ခုပါတယ် ။ တစ်ခုစားရင် ရဲဘော်တစ်ယောက် တစ်ရက်စာ ဗီတာမင်ဓာတ်တွေ လုံလောက်တယ်လို့ လဲ ပြောကြတယ် ။ စစ်သည် အားလုံးဟာ တပ်မ ၁၁ က စစ်သည်တွေ ဖြစ်ကြတယ် ။ သူတို့ ပေးထားတဲ့ အမိန့် က တစ်ခုပဲ ။ မုန်းကိုးကို အမြန်ဆုံး ချီတက် ရှင်းလင်းဖို့  တဲ့  ။

တပ်မ ၁၁ တစ်မလုံးဟာ နှစ်ရက်အတွင်း မုံးကိုးကို အရောက်ချီတက်သွားကြတယ် ။ လွယ်လွယ်ကူကူတော့ မဟုတ် ။ လမ်းမှာ တိုက်ပွဲတွေ ဖြစ်ကြတယ် ။ မိုင်းတွေထိကြတယ် ။ တိုက်မိုင်းတွေများတယ် ။ ဒဏ်ရာတော့ မပြင်း ။ သို့ သော် လမ်းမလျောက်နိုင်တော့လို့  ပုခက်တွေလုပ်ပြီး သယ်ကြတယ် ။ စစ်ကြောင်းတစ်ကြောင်းရဲ့ ပွိုင့်က တိုက်မိုင်းမိသွားတာ သုံးယောက် ဒဏ်ရာရတယ် ။ မစိုးရိမ်ရ ။ နာရီဝက်အတွင်း ပုခက်တွေလုပ် ၊ မိုင်းကွင်းကို ရှင်းရင် ကြာနေမှာမို့  ဘေးက ချောက်ထဲဆင်းပြီး ပြန်ထောင်တက် ၊ အဆက်မပြတ် ချီတက်ကြတယ်လို့  ဆိုတယ် ။ ရန်သူ့ ဖြတ်တောက်ရေးအဖွဲ့ နဲ့ တွေ့ ရင် ပစ်အားသုံးပြီး ရှင်းထုတ်ပြစ်တယ် ။ ရန်သူ ဆုတ်သွားရင် လိုက်မတိုက်တော့ ။ ချက်ချင်း ဆက်ချီတက်ကြတယ် ။ အဲဒီတုန်းက ကျွန်တော်တို့ ခေါင်းထဲ မုန်းကိုးဆိုတာပဲ ရှိတယ် ။ ကျွန်တော်တို့ ကို ပေးလိုက်တဲ့  အမိန့် က မုန်းကိုးကို အချိန်မီ အရောက်သွားရမယ် ဒါပဲလို့  ဒဏ်ရာရ စစ်သည်တစ်ဦးက နောက်ပိုင်းကျတော့ ကျွန်တော့်ကို ရှင်းပြတယ်။

၂ရက်အကြာမှာ တပ်မ ၁၁ ရဲ့  စစ်ကြောင်း တစ်ခုက မုန်းကိုးကို ၀င်ဆောင့်တယ် ။ နောက်တစ်ကြောင်းက အလယ်က ဖောက်လာပြီး ဗျူဟာကုန်းကို အရောက်ဝင်သွားတယ် ။ နောက်တစ်ကြောင်းကတော့ တောင်ကြောတွေ ကြားထဲက ဖြတ်ပြီး ဖောင်းဆိုင်ဘက်သွားတဲ့ လမ်းကို ရှင်းထုတ်ပြစ်လိုက်တယ် ။ မြောက်ပိုင်း မဟာမိတ်အဖွဲ့ က ဖောင်းဆိုင်ဘက်က လာတဲ့ လမ်းကို မျက်နှာမူပြီး ခံစစ်ပြင်ထားတယ် ။ ကျွန်တော်တို့ က တောင်တွေပေါ်က ဖြတ်ဝင်လာပြီး သူတို့ နောက်ဘက်က ရောက်လာတော့ ဘာမှကို ကြီးကြီးမားမား ခံမတိုက်ဘူး ။ ချက်ချင်းဆုတ်သွားတယ်လို့  တပ်မ ၁၁ က အရာရှိတစ်ယောက်က ကျွန်တော့်ကို ပြောတယ် ။

ဒါနဲ့ ကျွန်တော်လဲ သူ့ ကို တစ်ခွန်းပြန်မေးမိတယ် ။ အခု ရှမ်းမြောက်တိုက်ပွဲစဉ်တွေ ပြီးသွားပြီလို့ ခင်ဗျားထင်သလား ။ သူတို့  ( မြောက်ပိုင်း မဟာမိတ် အဖွဲ့ တွေ ) တစ်ခြားတစ်နေရာကို ထပ်တိုက်ဦးမယ်ထင်သလား

From Ye Moe FB
ဒါတော့ ကျွန်တော် မသိဘူး ။ ဒါပေမယ့် ကိစ္စမရှိပါဘူး ။ သူတို့ ထပ်တိုက်ရင် ကျွန်တော်တို့  အဲဒီကို ချက်ချင်းလိုက်သွားမှာပေါ့လို့  ခေါင်းပေါ်က ဖြတ်ပျံသွားတဲ့  Mi 17 သယ်ယူပို့ ဆောင်ရေး ရဟတ်ယာဉ်တစ်စီးကို မော့ကြည့်ပြီး အဲဒီအရာရှိက ခပ်ပြုံးပြုံး ပြန်ပြောတယ် ။

ရေးသားသူ - နေရီ


ဆက်စပ်လေ.လာနိုင်ရန်   




Thursday, December 8, 2016

မုန်းကိုး တိုက်ပွဲ ရှင်းလင်းမှု

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသသို့ အင်အားသုံး တိုက်ခိုက်လာသည့် အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များအား တပ်မတော်က တန်ပြန် တိုက်ခိုက်ချေမှုန်း



ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ မူဆယ်ခရိုင်၊ မုံးကိုး၊ ဖောင်းဆိုင်၊ ကြူကုတ်(ပန်ဆိုင်း)၊ ဟေမိုးလုံ နယ်မြေများသို့ ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလ တတိယပတ် အတွင်း KIA/TNLA/MNDAA နှင့် AA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များ ပူးပေါင်းပြီး မြောက်ပိုင်း မဟာမိတ် အဖွဲ့အဖြစ် အင်အားသုံး၍ ထိုးဖောက်ဝင်ရောက် တိုက်ခိုက် လာမှုအား တပ်မတော်က လှေခွက်ချည်းကျန် အလံမလှဲသည့် စိတ်ဓာတ်ဖြင့် ခံစစ်ဆင်မှု၊ တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓာတ်ဖြင့် တန်ပြန် ထိုးစစ်ဆင်မှု များဖြင့် တပ်မတော်၏ အစဉ်အလာကို ထိန်းသိမ်း၍ အောင်မြင်စွာ တန်ပြန် တိုက်ခိုက်ချေမှုန်း ခဲ့သည်။

မိမိရရှိသည့် သတင်းများအရ အဆိုပါ သောင်းကျန်းသူ အဖွဲ့များမှ ခေါင်းဆောင် တချို့သည် လျှို့ဝှက်တွေ့ဆုံ ညှိနှိုင်းမှုများ ပြုလုပ်၍ အောက်တိုဘာလမှ စတင်ပြီး အရှေ့မြောက် ဒေသအတွင်း အင်အား စုစည်းမှုများ ပြုလုပ် လာခဲ့သည်။ မြေပြင် သတင်းများ အရ အောက်တိုဘာလ ဒုတိယပတ်တွင် ကချင်ပြည်နယ် လွယ်ဂျောင် စခန်းမှ KIA အင်အား ၂ဝဝ ခန့်သည် ရွှေလီမြစ်အား ဖြတ်ကျော်၍ နမ့်အွန်၊ မုံးပေါ်နယ်မြေသို့ ဝင်ရောက်လာပြီး TNLA သောင်းကျန်းသူ များနှင့်ပူးပေါင်း လှုပ်ရှားမှုများ ပြုလုပ်သည်။ ထို့အတူ MNDAA သောင်းကျန်းသူ အင်အား ၃ဝဝ ခန့်သည်လည်း နိုဝင်ဘာလဆန်း တွင် ဟုံအိုင်နယ်မြေ သို့ဝင်ရောက် လာကြောင်း သတင်းများ ရရှိခဲ့သည်။

အဆိုပါ သတင်းများအရ ယင်း နယ်မြေများတွင် တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းခဲ့ရာ တိုက်ပွဲများ ထိတွေ့ဖြစ်ပွား ခဲ့သည်။ ထိုသို့တိုက်ပွဲများ ဖြစ်ပွားနေစဉ် ကာလအတွင်း KIA/TNLA/AA သောင်းကျန်းသူများ ပူးပေါင်းအင်အား ၃ဝဝ ခန့်သည် မန်ပြိန်း သို့ လည်းကောင်း၊ MNDAA သောင်းကျန်းသူ အင်အား ၂ဝဝ ခန့်သည် ဟေမိုးလုံ နယ်မြေ သို့လည်းကောင်း ထပ်မံဝင်ရောက် လာသဖြင့် မုံးကိုးဒေသ အတွင်း KIA/TNLA/MNDAA/ AA သောင်းကျန်းသူ ပူးပေါင်းအင်အား ၁ဝဝဝ ခန့်အထိ အရပ်ဝတ်များဖြင့် အရပ်သား အသွင် စုစည်းရောက်ရှိ လာခဲ့သည်။


ထပ်မံရရှိသည့် သတင်းများ အရ အဆိုပါ သောင်းကျန်းသူ အဖွဲ့လေးဖွဲ့ ပူးပေါင်း၍ မြောက်ပိုင်း မဟာမိတ်အဖွဲ့ အဖြစ်ဖွဲ့စည်းပြီး မုံးကိုး၊ ဖောင်းဆိုင်၊ ဟေမိုးလုံ ဒေသများအား စစ်ရေး ရည်မှန်းချက် အဖြစ် သတ်မှတ်၍ ဒေသန္တရ သာလွန် အင်အားဖြင့် တိုက်ခိုက် သိမ်းပိုက်ရန်နှင့် တပ်မတော်မှ စစ်ကူတပ်များ မလာရောက်နိုင် စေရေးအတွက် လားရှိုးနှင့် မူဆယ် အကြား ပြည်ထောင်စု လမ်းမကြီးအား ပိတ်ဆို့ဟန့်တား ဖြတ်တောက် တိုက်ခိုက်မှုများ ပြုလုပ်သွားရန် စီမံဆောင်ရွက် နေကြောင်း သိရှိရသည်။ ယင်း သတင်းများအရ ကွတ်ခိုင်၊ မူဆယ်နယ်မြေ များရှိ တပ်မတော် စစ်ကြောင်း များကို ရန်သူ၏ အဓိကစစ်ရေး ရည်မှန်းချက် ဖြစ်နိုင်သည့် မုံးကိုး၊ ဖောင်းဆိုင် နယ်မြေသို့ တပ်အင်အား ရွှေ့ပြောင်း ဖြည့်တင်းမှုများ လုပ်ဆောင်ခဲ့သည်။

နိုဝင်ဘာ ၁၉ ရက် ညပိုင်း နိုဝင်ဘာ ၂ဝ ရက်သို့ ကူးပြောင်းစ အချိန်တွင် အချိန်အငိုက် ရယူ၍ ယင်း သောင်းကျန်းသူ အဖွဲ့များသည် တပ်မတော် စခန်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ စခန်းများ၊ ရဲကင်းများအား သာလွန် အင်အားဖြင့် ဝင်ရောက် တိုက်ခိုက်ခြင်း၊ လားရှိုးနှင့် မူဆယ် အကြား ပြည်ထောင်စု ကားလမ်းမကြီး ပေါ်ရှိ တံတားများအား ဖောက်ခွဲ ဖျက်ဆီးခြင်းများ အပြင် စစ်ရေးပစ်မှတ် မဟုတ်သည့် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန် ကိုပါ တစ်ချိန်တည်း တစ်ပြိုင်တည်း တိုက်ခိုက်မှုများ လုပ်ဆောင် ခဲ့သည်။


တိုက်ပွဲဖြစ်စဉ်များ အနေဖြင့် နိုဝင်ဘာ ၂ဝ ရက် နံနက် ၂ နာရီခန့်တွင် မုံးကိုးစခန်းအား သောင်းကျန်းသူ အင်အား ၂ဝဝ ဦးခန့်မှ လည်းကောင်း၊ မန်ကန် တပ်စခန်းအား သောင်းကျန်းသူ အင်အား ၁ဝဝ ဦးခန့်မှ လည်းကောင်း၊ ဖောင်းဆိုင် တပ်စခန်းအား သောင်းကျန်းသူ အင်အား ၇ဝ ဦးခန့်မှ လည်းကောင်း၊ မူဆယ်မြို့အဝင် လုံခြုံရေး ရဲကင်းအား သောင်းကျန်းသူ အင်အား ၄ဝ ဦးခန့်မှ လည်းကောင်း တစ်ချိန်တည်း တစ်ပြိုင်တည်း စတင် တိုက်ခိုက်ခဲ့သည်။ ရန်သူစတင် တိုက်ခိုက်သည်နှင့် တပ်စခန်း အသီးသီးမှလည်း စနစ်တကျ ခံစစ် နေရာယူ၍ မိမိထက် သာလွန် အင်အားဖြင့် တိုက်ခိုက်လာသည့် ရန်သူများအား ရွပ်ရွပ်ချွံချွံ တန်ပြန်တိုက်ခိုက် ခဲ့သည်။

ဆက်လက်ပြီး နံနက် ၆ နာရီကျော် ခန့်တွင် ကြူကုတ်(ပန်ဆိုင်း) တပ်စခန်းအား သောင်းကျန်းသူ အင်အား ၅ဝ ခန့်မှ လည်းကောင်း၊ ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန် လုံခြုံရေး တပ်စခန်း နှင့် ရဲကင်းအား သောင်းကျန်းသူ အင်အား ၈ဝ ဦးခန့်မှ လည်းကောင်း၊ နမ့်ပေါ်တံတား လုံခြုံရေး တပ်စခန်းနှင့် ရဲကင်းအား သောင်းကျန်းသူ အင်အား ၁ဝဝ ဦးခန့်မှ လည်းကောင်း တစ်ချိန်တည်း ထပ်မံဝင်ရောက် တိုက်ခိုက် ခဲ့သည်။ အလားတူ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် မုံးပေါ် တပ်စခန်းအား သောင်းကျန်းသူ အင်အား ၁ဝဝ ဦးခန့်မှ ဝင်ရောက် တိုက်ခိုက် ခဲ့သည်။



ယင်း သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် တပ်စခန်းများ၊ ရဲစခန်း၊ ရဲကင်းများအား တစ်ချိန်တည်း တစ်ပြိုင်တည်း တိုက်ခိုက်ချိန်တွင် တပ်မတော် စစ်ကြောင်းများ စစ်ကူ လာရောက်ခြင်း မပြုနိုင်ရန်အတွက် ကွတ်ခိုင်နှင့် မူဆယ်အကြား ပြည်ထောင်စု ကားလမ်းမကြီးရှိ တံတားများအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။ နိုဝင်ဘာလ ၂ဝ ရက်နေ့ နံနက် ၂ နာရီ ၃ဝ မိနစ်အချိန်တွင် မိုင်တိုင် ၂၅၉ အနီးရှိ ပေ ၂ဝ အရှည်ရှိသော စွန်လုံ ကွန်ကရစ်တံတား အားလည်းကောင်း၊ နံနက် ၇ နာရီ ၅ဝ မိနစ်တွင် မိုင်တိုင် ၂၆၅ အနီးရှိ ပေ ၁ဝဝ အရှည်ရှိသော နမ့်ပေါ် ကွန်ကရစ်တံတား အားလည်းကောင်း၊ နံနက် ၁ဝ နာရီ ၂၅ မိနစ်တွင် သိန်းနီမြို့အဝင် မိုင်တိုင် ၂ဝ၄ အနီးရှိ ပေ ၁၈ဝ အရှည်ရှိသော နမ္မတူ ကွန်ကရစ်တံတား အားလည်းကောင်း မိုင်းထောင် ဖောက်ခွဲဖျက်ဆီးမှု များလုပ်ဆောင် ခဲ့သည်။



ထိုသို့ နိုဝင်ဘာလ ၂ဝ ရက်နေ့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲဖြစ်စဉ်တွင် မိမိ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များနှင့် ပြည်သူ့စစ် အဖွဲ့ဝင်များ၏ စွမ်းစွမ်းတမံ ခုခံ တိုက်ခိုက်မှု များကြောင့် တိုက်ခိုက် လာသည့် အကြမ်းဖက် သောင်းကျန်းသူ များသည် နံနက် ၂ နာရီ ၅ဝ မိနစ်တွင် နမ့်ပေါ် တပ်စခန်းမှ လည်းကောင်း၊ နံနက် ၈ နာရီ ၁၅ မိနစ်တွင် ကြူကုတ်(ပန်ဆိုင်း) တပ်စခန်းမှ လည်းကောင်း၊ နံနက် ၁ဝ နာရီ ၃ဝ မိနစ်တွင် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန် မှလည်းကောင်း၊ ညနေ ၄ နာရီ ၃ဝ မိနစ်ခန့်တွင် မန်ကန် တပ်စခန်းနှင့် ည ၇ နာရီ ၃ဝ မိနစ်တွင် မုံးပေါ် တပ်စခန်း မှလည်းကောင်း အသီးသီး ပြန်လည် ဆုတ်ခွာ သွားကြသည်။

ယင်း အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်း အဖွဲ့များသည် တပ်မတော်၏ စခန်းနှင့် ရဲစခန်း၊ ရဲကင်းများ သာမက စစ်ရေးပစ်မှတ် မဟုတ်သည့် အရပ်ဘက် နေရာများ ကိုပါ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ ခြင်းကြောင့် အပြစ်မဲ့ ပြည်သူများပါ သေကျေ ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့ရသည်။ နိုဝင်ဘာလ ၂ဝ ရက်နေ့ မူဆယ်မြို့အဝင် ရဲကင်းနှင့် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန် ရဲကင်းအား ပစ်ခတ် တိုက်ခိုက် ရာတွင် လည်းကောင်း၊ နိုဝင်ဘာလ ၂ဝ ရက် နေ့နှင့် ၂၁ ရက်နေ့များတွင် မူဆယ်မြို့မ ရဲစခန်းနှင့် မြို့တွင်းနေရာ များအား ပစ်ခတ် တိုက်ခိုက်ရာတွင် လည်းကောင်း၊ နိုဝင်ဘာလ ၂ဝ ရက်နေ့ တာမိုးညဲ မြို့နယ်ခွဲ အားလည်းကောင်း၊ နိုဝင်ဘာလ ၂ဝ၊ ၂၃၊ ၂၄၊ ၂၅ ရက်များတွင် ကွတ်ခိုင် မြို့တွင်းသို့ လက်နက်ကြီး များဖြင့် ပစ်ခတ်မှုကြောင့် လည်းကောင်း၊ နိုဝင်ဘာလ ၃ဝ ရက်နေ့တွင် ကွတ်ခိုင်မြို့ အထွက် အိုရီယမ်တယ် တိုးဂိတ် အားလည်း ကောင်း၊ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ကွတ်ခိုင် မြို့တွင်းသို့ လည်းကောင်း လက်နက်ကြီးများ ဖြင့် ပစ်ခတ် တိုက်ခိုက်မှု များကြောင့် အပြစ်မဲ့ ပြည်သူများ သေဆုံးထိခိုက် ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့သည်။ ထို့အပြင် လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီး အား မိုင်းထောင် ဖောက်ခွဲခြင်း၊ လမ်းပေါ်တွင် သွားလာနေသည့် အရပ်ယာဉ်ကြီး များအား ကန့်လန့်ဖြတ် ရပ်၍ လမ်းပိတ်ဆို့ခြင်း၊ ဖြတ်သန်းသွားလာ နေသည့် ယာဉ်များ၊ ယာဉ်မောင်းများကို ပစ်ခတ် သတ်ဖြတ်ခြင်း များကိုပါ လုပ်ဆောင် လာခဲ့ခြင်းကြောင့် နယ်စပ်ဒေသ ကုန်သွယ်ရေး ကိုပါ ထိခိုက်စေပြီး နိုင်ငံနှင့်ပြည်သူ များအတွက် များစွာနစ်နာ ဆုံးရှုံးမှုများ ဖြစ်ပေါ်စေသည်။



ယင်းအကြမ်းဖက် သောင်းကျန်းသူများ အနေဖြင့် မုံးကိုး တပ်စခန်းအား အပြီးတိုင် တိုက်ခိုက်သိမ်းပိုက် ၍ မုံးကိုး၊ ဖောင်းဆိုင် နယ်မြေအား ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ မုံးကိုးစခန်းအား ဒေသန္တရ သာလွန်အင်အားဖြင့် အဓိကထား၍ ဆက်လက် တိုက်ခိုက်ခဲ့သည်။ အဆိုပါ အရှေ့မြောက် ဒေသဖြစ်စဉ် တွင် KIA/ TNLA/ MNDAA/ AA အကြမ်းဖက် သောင်းကျန်းသူ များသည် ပူးပေါင်း အင်အားစုဖွဲ့ ရာတွင် တပ်စခန်းများ၊ ရဲစခန်း၊ ရဲကင်းများနှင့် လုံခြုံရေး ကင်းစခန်းများအား တစ်ချိန်တည်း တစ်ပြိုင်တည်း တိုက်ခိုက်ရန် တိုက်ခိုက်ရေး အင်အား ၁၅ဝဝ ခန့်၊ တပ်မတော်၏ စစ်ကူတပ်များ မရောက်ရှိစေရန် စစ်ကြောင်းများအား နေရာဖြန့်ခွဲ၍ ပိတ်ဆို့ ဖြတ်တောက်ရေး အတွက် အင်အား ၅ဝဝ ခန့် စုစုပေါင်းအင်အား ၂ဝဝဝ ခန့်ဖြင့် အင်အားသုံး ဝင်ရောက်တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့ အနေဖြင့် အဓိကစစ်ရေး ရည်မှန်းချက် ဖြစ်သည့် မုံးကိုး တပ်စခန်းအား စုစုပေါင်း အင်အား ၁ဝဝဝ ခန့်ဖြင့် ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့သာ လွန်အင်အားဖြင့် တိုက်ခိုက်လာသည့် ရန်သူများအား မိမိတို့၏ အချုပ်အခြာ အာဏာကို မဆုံးရှုံးစေရန် မုံးကိုးတပ်စခန်း ကျဆုံးမှု မရှိစေရန်အတွက် မုံးကိုးတပ်စခန်းရှိ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် အဖွဲ့ဝင်များ ပူးပေါင်း၍ လှေခွက်ချည်းကျန် အလံမလှဲ သည့် စိတ်ဓာတ်ဖြင့် စွမ်းစွမ်းတမံ ခုခံတိုက်ခိုက် ခဲ့ပြီး လိုအပ်သည့် ပစ်ကူအပြည့်အဝ ရရှိစေရန် အမြောက်ကြီး များအား ယာဉ်ယန္တရားများ၊ ရဟတ်ယာဉ် များဖြင့် နေရာ ရွှေ့ပြောင်း၍ ထိရောက်စွာ ပစ်ခတ်ပေးခြင်း၊ လေယာဉ်၊ ရဟတ်ယာဉ် များဖြင့် တိကျ ထိရောက်မှု ရှိသည့် လေကြောင်းပစ်ကူ ပေးခြင်းများ စီမံဆောင်ရွက် ပေးခဲ့သည်။ နယ်နိမိတ်ချင်း ထိစပ်နေသည့် အတွက် တစ်ဖက်နိုင်ငံ သို့လည်း ကျည်ကျော်ကျမှု မဖြစ်စေရေး ခက်ခဲစွာ ထိန်းချုပ်တိုက်ခိုက် ခဲ့ရသည်။

ထို့အပြင် စစ်ကူတပ်များနှင့် လိုအပ်သည့် ရိက္ခာ၊ ခဲယမ်း မီးကျောက်များ အချိန်မီ ဖြည့်တင်းရေးတို့ အတွက်လည်း စနစ်တကျ စီမံဆောင်ရွက် ပေးခဲ့သည်။ မုံးကိုး တပ်စခန်းကို ဝိုင်းပတ်တိုက်ခိုက် နေသည့် အကြမ်းဖက် သောင်းကျန်းသူ များသည် မုံးကိုးတပ်စခန်း သို့ တပ်မတော် စစ်ကြောင်းများ စစ်ကူမလာရောက် နိုင်ရန် လမ်းကြောင်း ငါးခုတို့မှ အဆင့်ဆင့် ဖြတ်တောက် ပိတ်ဆို့ထားသည်။ မော်တော်ယာဉ်၊ သံချပ်ကာ ယာဉ်များ အဓိက အသုံးပြု ချီတက် လာနိုင်သည့် ၁ဝ၅ မိုင်၊ နမ့်တောင်း၊ ကြူကုတ် (ပန်ဆိုင်း)၊ ကောင်းကွေ့၊ ဟေမိုးလုံ၊ မုံးကိုး လမ်းကြောင်းများတွင် ဘက်ဟိုးယာဉ်များ အသုံးပြု၍ မြေဖြတ်ကျင်း များဖြင့် လမ်းကြောင်းအား ဖျက်ဆီးပိတ်ဆို့ ထားပြီး ကျန်လမ်းကြောင်း များတွင်လည်း အဖွဲ့များခွဲ၍ ရီမုမိုင်းများ အသုံးပြုပြီး လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် အဆင့်ဆင့် ပိတ်ဆို့၍ ဟန့်တား တိုက်ခိုက်ခဲ့သည်။

ထိုသို့ အကြမ်းဖက် သောင်းကျန်းသူများ အနေဖြင့် နိုဝင်ဘာလ ၂၄ ရက်မှ ဒီဇင်ဘာလ ၄ ရက်အထိ ဒေသန္တရ သာလွန် အင်အားများဖြင့် မုံးကိုး တပ်စခန်းအား အကြိမ်ကြိမ် ကျားထိုး တိုက်ခိုက်၍ သိမ်းပိုက်နိုင်ရန် ကြိုးစားခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် အပြင်းအထန် ပစ်ခတ်တိုက်ခိုက် ချေမှုန်းခြင်းများ လုပ်ဆောင်ခဲ့ သော်လည်း တပ်စခန်း ရန်သူလက် ကျဆုံးမှုမရှိစေရန် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များနှင့် ပြည်သူ့စစ် အဖွဲ့ဝင်များက မဆုတ်မနစ်သော ဇွဲလုံ့လ၊ ရဲရင့်ပြတ်သားသည့် သတ္တိဗျတ္တိ၊ ခိုင်မာသည့် စိတ်ဓာတ်များဖြင့် ကြံ့ကြံ့ခံခုခံ တိုက်ခိုက်ခဲ့သည်။ ပြင်းထန် ထိရောက်သည့် အမြောက် လက်နက်ကြီးများ၏ ပစ်ကူပစ်အားများ၊ တိကျ မှန်ကန်သည့် လေကြောင်းပစ်ကူ များက လည်း မုံးကိုးစခန်း၏ ခံစစ်ဆင်မှုတွင် များစွာ အထောက်အကူ ဖြစ်စေခဲ့သည်။ တစ်ဖက်တွင်လည်း မော်တော်ယာဉ်၊ လေယာဉ်၊ ရဟတ်ယာဉ်များ အသုံးပြု၍ လျင်မြန်စွာ ပို့ဆောင် ပေးခဲ့သည့် တပ်မတော် စစ်ကူစစ်ကြောင်း များသည် တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓာတ်၊ သေအတူ ယှဉ်မကွာ ရဲဘော်ရဲဘက် သံယောဇဉ် စိတ်ဓာတ်များဖြင့် ရန်သူ၏ ပိတ်ဆို့ ဖြတ်တောက်မှုများအား နည်းလမ်း မျိုးစုံဖြင့် ဖြတ်သန်းကျော်လွှား ချီတက်ခဲ့ခြင်း ကြောင့် ဒီဇင်ဘာလ ၄ ရက် ညနေ ၃ နာရီ ၃ဝ မိနစ်တွင် မုံးကိုး တပ်စခန်းသို့ အောင်မြင်စွာ ရောက်ရှိ တပ်ချင်းဆက် နိုင်ခဲ့ပြီး ညနေ ၆ နာရီတွင် မုံးကိုးမြို့အား ထိန်းချုပ်ထားနိုင် ခဲ့သည်။

မိမိ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် အဖွဲ့ဝင်များ၏ နိုင်ငံတော်အတွက် အပင်ပန်းဆင်းရဲခံကာ ကိုယ်ကျိုးစွန့် အနစ်နာခံကာ ရဲရဲဝံ့ဝံ့ခုခံ တိုက်ခိုက်မှု၊ အမြောက် လက်နက်ကြီး များ၏ တိကျသောပစ်ကူများ၊ တပ်မတော်လေ၏ ထိရောက်သော လေကြောင်းပစ်ကူများ၊ သံချပ်ကာတပ်များ၏ လျင်မြန်သည့် ထိုးဖောက် တိုက်ခိုက်မှုများနှင့် အုပ်ချုပ် ထောက်ပံ့မှု ကောင်းမွန်ခြင်း တို့ကြောင့် ရှမ်းပြည်နယ် အရှေ့မြောက် ဒေသကို ထိန်းချုပ်ရန် ရည်ရွယ်ချက်ဖြင့် အင်အားသုံး ထိုးဖောက်တိုက်ခိုက် လာသည့် KIA/ TNLA/ MNDAA/ AA အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့အား တွန်းလှန်ချေမှုန်း တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

ဆက်စပ်ဖတ်ရှုရန် 

မြန်မာနိုင်ငံ၏ အချမ်းသာဆုံး သူဌေးများအကြောင်း



1. ဦးဇော်ဇော်
အသက် – ၄၈
အဓိလုပ်ငန်း – မက်စ်မြန်မာ ဂရု(ပ်) Max Myanmar Group
အဓိက လုပ်ငန်းအမျိုးအစားများ – ဘဏ်၊ ဟိုတယ်၊ ဆောက်လုပ်ရေး၊ လောင်စာဆီ၊ ကျောက်သံပတ္တမြားနှင့် ရာဘာလုပ်ငန်းများ

ဦးဇော်ဇော်သည် ဂျပန်နိုင်ငံတွင် အလုပ်လုပ်ခဲ့ပြီး ဂျပန်ဘတ်စ်ကားများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများနှင့် ဂျင်နရေတာမီးစက်များ တင်သွင်းရန် မြန်မာနိုင်ငံကို ၁၉၉၃ ခုနှစ်က ပြန်ရောက်ခဲ့ပါတယ်။ လုပ်ငန်းအမျိုးအစားတွေက တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့ပြီး နေပြည်တော်မှာ ဘောလုံးကွင်း ဆောက်လုပ်ပေးခဲ့ခြင်းအပါအဝင် စစ်အစိုးရနဲ့ နီးစပ်ခဲ့တဲ့အတွက် ဦးဇော်ဇော်ကို အမေရိကန်က နာမည်ပျက်စာရင်း သွင်းခဲ့ပါတယ်။ နောက်ပိုင်းမှာ ဦးဇော်ဇော်ဟာ ကလေးဆေးရုံများ တည်ဆောက်ခြင်း၊ ကျေးလက်ဒေသများမှာ ဆေးခန်းများ ဆောက်လုပ်ခြင်း၊ ရေဘေးသင့် ဧရာဝတီတိုင်းတွင် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းကဲ့သို့ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများကို ထောက်ပံ့ခြင်းဖြင့် ၎င်းနှင့် ၎င်း၏ ကုမ္ပဏီပုံရိပ်ကို နာမည်ဆိုးများမှ လွတ်မြောက်စေရန် ကြိုးပမ်းလုပ်ဆောင်ခဲ့ပါသည်။
ယနေ့အချိန်တွင် မက်စ်မြန်မာ ဂရု(ပ်) Max Myanmar Group ၏လုပ်ငန်းများထဲ၌ ပါဝင်လာခဲ့သော မက်စ်ဓာတ်ဆီဆိုင်များ၊ ရန်ကုန်မြို့မှာ အသစ်ဖွင့်လှစ်ထားသည့် နိုဗိုတယ် ဟိုတယ် Novotel Hotel နှင့် မွန်ပြည်နယ်မှ ရာဘာစိုက်ခင်းတို့က သိသာထင်ရှားလာသော လုပ်ငန်းများဖြစ်ပါသည်။

.
https://static.xx.fbcdn.net/images/emoji.php/v6/f6f/1/16/1f337.png🌷2. ဦးစတီဗင်လော (ဦးထွန်းမြင့်နိုင်)
အသက် – ၅၇
အဓိလုပ်ငန်း – အေးရှားဝေါ ကုမ္ပဏီ Asia World Company
အဓိက လုပ်ငန်းအမျိုးအစားများ – ဆောက်လုပ်ရေး၊ လေယာဉ်ကွင်းနှင့် ဆိပ်ကမ်းအခြေခံအဆောက်အအုံများ၊ စွမ်းအင်၊ အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ

ဦးစတီဗင်လောသည် မြန်မာနိုင်ငံသမိုင်း၌ အင်အားအတောင့်တင်းဆုံး မူးယစ်ဆေးဝါး ကုန်ကူးသူ လော်စစ်ဟန်၏သား ဖြစ်သည်။ ၎င်းတို့သားအဖနှစ်ဦးသည် အေးရှားဝေါ ကုမ္ပဏီကို ၁၉၉၂ ခုနှစ်တွင် တည်ထောင်ခဲ့ရာ ဘိန်းစိုက်ပျိုးရောင်းချမှုကို ဖုံးကွယ်ရန် တည်ထောင်ခြင်းဖြစ်သည်ဟု စွပ်စွဲခံခဲ့ရသည်။ ဦးစတီဗင်လောက အဖေဖြစ်သူ၏ ဘိန်းအင်ပါယာလုပ်ငန်းကို စွန့်ခွာပြီး တရားဝင်လုပ်ငန်းများဘက်သို့ ကူးပြောင်းခဲ့သည်။ အေးရှားဝေါသည် နေပြည်တော် တည်ဆောက်ခြင်းတွင် အဓိက ပါဝင်ခဲ့ပြီး အထူးသဖြင့် နေပြည်တော် လေယာဉ်ကွင်း တည်ဆောက်မှုလုပ်ငန်း၌ ပါဝင်ခဲ့သည်။ စစ်တပ်နှင့် နီးစပ်ခဲ့သည့် ဦးစတီဗင်လောကို အမေရိကန်နိုင်ငံက နာမည်ပျက်စာရင်း သွင်းခဲ့သည်။
အေးရှားဝေါသည် ရန်ကုန်မြို့၏ အကြီးဆုံးဆိပ်ကမ်း လုပ်ငန်းလည်ပတ်မှုကို ကိုင်တွယ်ထားပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တိုးချဲ့မှုစီမံကိန်းလုပ်ငန်း၌လည်း ပါဝင်နေသည်။ ဦးစတီဗင်လောသည် စင်ကာပူနိုင်ငံမှာလည်း ကုမ္ပဏီများစွာ ပိုင်ဆိုင်ပြီး မြန်မာနိုင်ငံအတွင်း စင်ကာပူကုမ္ပဏီများ ရင်းနှီးမြုပ်နှံမှုအတွက်လည်း အဓိက တာဝန်ရှိသူတစ်ဦး ဖြစ်သည်။ ၎င်းသည် မကွေး ဘောလုံးအသင်းကိုလည်း ပိုင်ဆိုင်ပါသည်။

.
https://static.xx.fbcdn.net/images/emoji.php/v6/f6f/1/16/1f337.png🌷3. ဦးတေဇ
အသက် – ၅၁
အဓိကလုပ်ငန်း – ထူး ဂရု(ပ်) Htoo Group
အဓိက လုပ်ငန်းအမျိုးအစားများ – လေကြောင်းလိုင်း၊ ဟိုတယ်၊ ကျွန်းသစ်၊ တွင်းထွက် သတ္တုပစ္စည်းများ၊ ဘဏ်၊ ဘောလုံး၊ ဖျော်ဖြေရေးလုပ်ငန်းများ
ထင်ရှားသော လုပ်ငန်းများ – Air Bagan၊ AGD Bank၊ Yangon United Football Club၊ Bagan Entertainment

ဦးတေဇသည် မြန်မာနိုင်ငံ၏ အထင်ရှားဆုံး လုပ်ငန်းရှင်များထဲမှ တစ်ဦးဖြစ်ပြီး ၁၉၈၈ ခုနှစ် ဆန္ဒပြမှုများမှာလည်း ပါဝင်ခဲ့သူ ဖြစ်သည်။ ၎င်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးသူလည်းဖြစ်ကာ ၎င်း၏ စီးပွားရေးလုပ်ငန်းများကို ပုံမှန်မဟုတ်သော နည်းများနှင့် တည်ဆောက်ခဲ့သည် ဆိုသည်။ ထို့နောက် ၎င်းက ယခင် စစ်အစိုးရ အဓိကခေါင်းဆောင်ဟောင်း ဦးသန်းရွှေ ပြောသမျှကို လိုက်လံ လုပ်ဆောင်နိုင်သောကြောင့် နိုင်ငံရေးအရ အခွင့်အလမ်းသာမှုကို ရရှိခဲ့သည်။ ၂၀၀၈ ခုနှစ်အတွင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ၎င်းကို “မြန်မာစစ်အစိုးရအတွက် လက်နက်မှောင်ခိုရောင်းဝယ်သူနှင့် ဘဏ္ဍာရေးဆိုင်ရာ လက်ကိုင်တုတ်တစ်ဦး”အဖြစ် သတ်မှတ်ခဲ့သည်။
၎င်းက ထူး ဂရု(ပ်) ကို ၁၉၉၀ ပြည့်နှစ်မှာ တည်ထောင်ခဲ့ပြီး ဝေးလံသောဒေသများမှ ကျွန်းသစ် ထုတ်လုပ်ရောင်းချခြင်းကို အဓိက လုပ်ဆောင်ခဲ့သည်။ ထို့နောက် ယင်းကုမ္ပဏီက နေပြည်တော်မြို့ရှိ ဝန်ကြီးဌာနအဆောက်အအုံများကိုလည်း တည်ဆောက်ပေးခဲ့သည်။ ကုမ္ပဏီ၏ ထင်ရှားသော လုပ်ငန်းများမှာ အာရှစိမ်းလန်းဖွံ့ဖြိုးမှုဘဏ် Asia Green Development Bank၊ ကန်တော်ကြီး ပဲ့လေ့စ်ဟိုတယ် Kandawgyi Palace Hotel၊ အဲပုဂံလေကြောင်းလိုင်း Air Bagan နှင့် ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်း Yangon United Football Club တို့ဖြစ်ကြသည်။
.

https://static.xx.fbcdn.net/images/emoji.php/v6/f6f/1/16/1f337.png🌷4. ဦးသိမ်းငွေ(ဆာ့ခ်ျပန်း)
အသက် – ၆၃
အဓိကလုပ်ငန်း – အက်စ်ပီအေ မြန်မာ Serge Pun & Associates (SPA Myanmar)
အဓိက လုပ်ငန်းအမျိုးအစားများ – အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်ရေး၊ ဘဏ်၊ စုပေါင်းရင်းနှီးမြုပ်နှံမှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဟိုတယ်၊ စားသောက်ဆိုင်လုပ်ငန်း၊ ကော်ဖီ လုပ်ငန်းများ
ထင်ရှားသော လုပ်ငန်းများ – ရိုးမဘဏ် Yoma Bank၊ အက်ဖ်အမ်အိုင် လေကြောင်း FMI Air၊ စတား စီးတီး Star City၊ မစ်ဆူဘီရှိ မော်တော်ယာဉ် Mitsubishi Motors၊ ကေအက်ဖ်စီ KFC

ဦးသိမ်းငွေ(Serge Pun) သည် မြန်မာနိုင်ငံမှ ပေကျင်းသို့ ၁၉၆၅ ခုနှစ်ဝန်းကျင်က ထွက်ခွာသွားခဲ့ပြီးနောက် ဟောင်ကောင်သို့ ပြောင်းရွှေ့ကာ အိမ်ခြံမြေလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။ ထို့နောက် ၃၄ နှစ်အကြာမှာ ပထမဆုံးအဖြစ် မြန်မာနိုင်ငံသို့ ၁၉၈၉ ခုနှစ်၌ ပြန်လည်ရောက်ရှိလာပြီး ၂၀၁၃ ခုနှစ် စက်တင်ဘာလက ဖေဖာ့ဘ်စ် Forbes မဂ္ဂဇင်းက ၎င်းကို “ကမ္ဘာနှစ်ခုကို ပေါင်းစပ်ပေးသူ”ဟု သတ်မှတ်ခဲ့သည်။ တရုတ် လုပ်ငန်းရှင်တစ်ဦးအဖြစ် မြန်မာနှင့် တရုတ်စီးပွားရေး နှစ်ခုစလုံးမှာ ဝင်ရောက်အခြေချနိုင်ခဲ့ပြီး နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုများကိုလည်း လုပ်ဆောင်နိုင်ခဲ့သည်။ ၎င်းမှာမူ အမေရိကန်စီးပွားရေး၏ ပိတ်ဆို့အရေးယူမှု စာရင်း၌ မပါဝင်ခဲ့ချေ။
အက်ဖ်အမ်အိုင် First Myanmar Investement နှင့် စင်ကာပူ နိုင်ငံ၌ မှတ်ပုံတင်ထားသော Yoma Strategic တို့ကြားမှ ခွဲထွက်လာသည့် အက်စ်ပီအေ မြန်မာ SPA Myanmar သည် မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ဖွံ့ဖြိုးရေးကဏ္ဍနှင့် ငွေကြေးကဏ္ဍတို့တွင် အဓိကလုပ်ကိုင်သူ ဖြစ်သည်။ ထို့နောက် လေကြောင်းလိုင်း၊ စိုက်ပျိုးရေးနှင့် အခြား စက်မှုလုပ်ငန်းများကိုလည်း လုပ်ကိုင်ပြီး တစ်ခါတရံ နိုင်ငံခြား ပါတနာများနှင့်လည်း တွဲဖက်လုပ်ကိုင်လေ့ရှိသည်။
.

https://static.xx.fbcdn.net/images/emoji.php/v6/f6f/1/16/1f337.png🌷5. ဦးမိုက်ကယ်မိုးမြင့်
အသက် – ၆၃
အဓိကလုပ်ငန်း – MPRL E&P
အဓိကလုပ်ငန်းအမျိုးအစားများ – ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်ခြင်း

ဦးမိုက်ကယ်မိုးမြင့်သည် မြန်မာနိုင်ငံ၏ “အအောင်မြင်ဆုံးနဲ့ တရားနည်းလမ်း အကျဆုံး စီးပွားရေးလုပ်ငန်းရှင်”တစ်ဦး ဖြစ်ကြောင်း မြန်မာနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနနှင့် ၎င်းအကြား အငြင်းပွားမှုကို ဖော်ပြခဲ့သည့် အမေရိကန်သံရုံးမှ ပေါက်ကြားသောသတင်းက ဆိုသည်။ ထို့နောက် ၎င်းကို အမေရိကန်နိုင်ငံ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ထားမှုမှ ဖယ်ရှားရန်လည်း တောင်းဆိုခဲ့သည်။ ဦးမိုက်ကယ်မိုးမြင့်သည် ခရိုနီများနှင့် ပတ်သက်ခြင်း မရှိကြောင်း ကြေညာခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်ခဲ့သည့်အတွက် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင်များက သဘောကျခဲ့ကြသည်။
.

https://static.xx.fbcdn.net/images/emoji.php/v6/f6f/1/16/1f337.png🌷6. ဦးချစ်ခိုင်
အသက် – ၆၈
အဓိကလုပ်ငန်း – အေဒင် ဂရု(ပ်) Eden Group
အဓိလုပ်ငန်းအမျိုးအစားများ – ဆောက်လုပ်ရေး၊ ဘဏ်၊ စားသောက်ဆိုင်လုပ်ငန်း၊ ဟိုတယ်၊ ဆန်၊ စွမ်းအင်၊ ကျောက်မီးသွေး၊ လောင်စာဆီ
ထင်ရှားသော လုပ်ငန်းများ – မက်ပ်ကို MAPCO၊ မြန်မာ့ရှေ့ဆောင်ဘဏ် Myanma Apex Bank၊ ဟီတန် ဟိုတယ် Hilton Hotel၊ ဖူဂျီ ကော်ဖီဟောက်စ် Fuji Coffee House
ဦးချစ်ခိုင်၏ စီးပွားရေးအင်ပါယာသည် ၁၉၉၀ ပြည့်နှစ်များမှာ ဆောက်လုပ်ရေး လုပ်ငန်းနှင့် စတင်ခဲ့သည်။ ၎င်း၏ အေဒင်ဂရု(ပ်)သည် ဟိုတယ်၊ ဘဏ်နှင့် စိုက်ပျိုးရေး လုပ်ငန်းနယ်ပယ်များမှာ အကြီးဆုံး လုပ်ငန်းတစ်ခု ဖြစ်ခဲ့သည်။ အခြားမြန်မာ လုပ်ငန်းရှင်များနည်းတူ အေဒင်ဂရု(ပ်)သည် နေပြည်တော် တည်ဆောက်ရေး လုပ်ငန်းစဉ်များ၌ ပါဝင်ခဲ့သည်။ အခြားလုပ်ငန်းရှင်များကဲ့သို့ ၎င်းသည်လည်း စစ်တပ်နှင့် ဆက်သွယ်မှုများ ရှိခဲ့သဖြင့် နိုင်ငံတကာ စီးပွားရေးပိတ်ဆို့ခံရသူများ စာရင်းမှာ ပါဝင်ခဲ့သည်။
၎င်းသည် လွန်ခဲ့သောနှစ် အနည်းငယ်မှစပြီး လူမှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို လုပ်ကိုင်ခဲ့သည်။ ဦးချစ်ခိုင်သည် မြန်မာနိုင်ငံ ဆန်စပါးအသင်း ဥက္ကဋ္ဌလည်းဖြစ်ကာ ဆင်းရဲသော လယ်သမားများ၏ ကလေးများအတွက် တက္ကသိုလ် ပညာသင်ဆုများ ပေးအပ်လေ့ရှိပြီး
မြန်မာ့ရှေ့ဆောင်ဘဏ်မှတစ်ဆင့် လယ်သမားများ ခေတ်မီလယ်ထွန်ပစ္စည်းများ သုံးနိုင်စေရေးအတွက် အသေးစားချေးငွေများ ထုတ်ချေးပေးလေ့ရှိသည်။
.

ဘာသာပြန်- ရဲထွဋ်သိန်း
Ref : Mizimma Media