Friday, December 9, 2016

မုံးကိုးကို အရောက် ချီခဲ့တယ် - နေရီ




၂၀၁၆ နိုဝင်ဘာ ၂၀ နံနက်အစောပိုင်းမှာ ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲစဉ်တွေ စဖြစ်တယ် ။ ရှမ်းမြောက် နေရာအနှံ့  တစ်ပြိုင်တည်း စဖြစ်တဲ့ အနေအထား ၊ ပြည်ထောင်စုလမ်းမကြီးကို ဖြတ်တောက်ဖို့ ကြိုးစားတဲ့  အနေအထား ၊ လမ်းတံတားတွေ မိုင်းဖောက်ခွဲ ဖျက်ဆီးတဲ့  အနေအထား ၊ မြောက်ပိုင်းမဟာမိတ်ဆိုပြီး အဖွဲ့ လေးဖွဲ့  ပေါင်းလုပ်ပါတယ်လို့ တရားဝင်ကြေငြာချက် ထုတ်ပြန်တဲ့  အနေအထားတွေကြောင့် တိုက်ပွဲစဉ်ကြီး တစ်ခုစပြီလို့  သုံးသပ်မိတယ် ။ ဒါကြောင့် ၂၀ ရက်နေ့ နေ့ လည်ပိုင်းမှာပဲ ကျွန်တော် လားရှိုးကို စထွက်လာခဲ့ပြီး ၂၁ ရက်နေ့ နံနက်မှာ လားရှိုးကို ရောက်တယ် ။ သတင်း စယူတယ် ။ ဒါကြောင့် ဒီ ရှမ်းမြောက်တိုက်ပွဲစဉ်ကို ကနဦးအစပိုင်းကတည်းက အတော်လေး နီးနီးစပ်စပ် ထိတွေ့ ခွင့်ရခဲ့တယ်လို့  အကြမ်းဖျဉ်း ပြောနိုင်တယ် ။

ကျွန်တော့် အမေက လားရှိုးသူ ၊ ကျွန်တော်ကိုယ်တိုင်လဲ လားရှိုးမှာ ခဏ ကျောင်းနေခဲ့ဖူးသလို အမျိုးတစ်ချို့ လဲ လားရှိုးမှာ ရှိနေတယ် ။ ဒါကြောင့် လားရှိုးဟာ ကျွန်တော်နဲ့  စိမ်းလှတယ် မဆိုနိုင် ။ အမျိုးနဲ့ အသိအကျွမ်းတစ်ချို့ အိမ် သွားတွေ့ ပြီးချိန် ၊ တပ်ထဲက အပေါင်းအသင်း သူငယ်ချင်းတစ်ချို့ ကို အဆက်အသွယ်လုပ်ပြီးချိန်မှာတော့ ရှမ်းမြောက်က တိုက်ပွဲ အခြေအနေအကြောင်း အတော်လေးသိလာရတယ် ။

မြောက်ပိုင်း မဟာမိတ်အဖွဲ့ မှာ အဖွဲ့ လေးဖွဲ့ ပါတယ် ။ KIA ၊ TNLA ၊ MNDAA ၊ AA တို့ ဖြစ်တယ် ။ တိုက်ပွဲကြီးတွေမှာ အဓိက လှုပ်ရှားသူတွေက KIA နဲ့  MNDAA တို့ ဖြစ်ကြတယ် ။ ရှမ်းပြည်မြောက်ပိုင်းဟာ တကယ်တော့ တိုက်ပွဲတွေနဲ့  အကျွမ်းတ၀င်ရှိတဲ့  ဒေသ ။ ကျွန်တော်တို့ ငယ်စဉ်က လားရှိုး အေတီဂိတ် ကျော်ရင် တိုက်ပွဲ ဖြစ်ဖို့ အတော်နီးစပ်နေပြီ ။ ဂုတ်တွင်းလမ်းဟာ ဓားပြ အတော်တိုက်လေ့ရှိတဲ့  နေရာ ။ မူဆယ် -လားရှိုး တစ်ခါတစ်လေ လမ်းမှာ ညအိပ်ရတတ်တယ် ။ ဒါတွေဟာ ၁၉၉၀ နောက်ပိုင်း ငြိမ်းချမ်းရေးယူလိုက်တော့ မရှိသလောက် ဖြစ်သွားတယ် ။ ကားလမ်းတွေ သိပ်ကောင်းသွားတယ် ။ မူဆယ် - မန်းလေး တိုက်ရိုက် ခရီးစဉ်တွေ ပေါ်လာတယ် ။ ကုန်သွယ်မှု အရမ်းဖွံ့ ဖြိုးလာတယ် ။ ဒီအခြေအနေဟာ ဆယ်စုနှစ် နှစ်ခုနီးပါး ဖြစ်ခဲ့တယ် ။ တိုက်ပွဲတွေက ဒီနောက်ပိုင်းမှ ပြန်ဖြစ်လာတာ ။ ကြီးကြီးမားမားကတော့ လောက်ကိုင် တိုက်ပွဲ နဲ့  အခု ဖြစ်တဲ့ ပွဲ ။ သို့ သော် မူဆယ် - မန်းလေး ပြည်ထောင်စု လမ်းမကြီးကို အခုလို ရက်ကြာရှည်စွာ ခြိမ်းခြောက်လာတာကတော့ ဆယ်စု နှစ်စုလောက်အတွင်း ဒါပထမဆုံးလို့ ဆိုရမယ် ။

သိမ်းဆည်းရမိသော လက်နက် တစ်လက်
ရှမ်းမြောက်တိုက်ပွဲစဉ်တွေရဲ့  ပထမပိုင်း ၅ရက်လောက်ဟာ ပစ်မှတ်အများအပြားကို တစ်ပြိုင်နက်တိုက်တဲ့  အနေအထားတွေ့ ရတယ် ။ ပြည်ထောင်စု လမ်းမကြီးကို ခြိမ်းခြောက်ထားသလို တံတားတွေ ကားတွေ အရပ်သားတွေကိုလဲ အရမ်းကာရော ပစ်ခတ်နေတယ် ။ တိုက်ပွဲ အဓိကဖြစ်နေတဲ့  နေရာတွေက ကြူကုတ် (ပန်ဆိုင်း) ၊ ဟေမိုးလုံ ၊ မုန်းကိုး ၊ မန်ပိန်း ၊ မန်ကန် စတဲ့နေရာတွေ ။ ထုနဲ့ ထည်နဲ့  နေရာငါးခုလောက်ကို ၀င်တိုက်နေတယ် ။ ဘယ်ဟာက ပစ်မှတ် အမှန်လဲ ။ ဘယ်ဟာက ယောင်ပြလဲ ။ ဒါမှမဟုတ် အခုတိုက်နေတဲ့  နေရာတွေအားလုံး ယောင်ပြလား ။ တပ်ကူတွေ အဲဒီနေရာကို ရောက်ပြီဆိုမှ တကယ့် ပစ်မှတ်ကို ၀င်တိုက်မှာလား ။ ဒီမေးခွန်းတွေဟာ ရှမ်းမြောက်တိုက်ပွဲ အစပိုင်းမှာေ၀၀ါးရှုပ်ထွေးနေတဲ့  မေးခွန်းတွေ ဖြစ်တယ် ။ ဒါကြောင့် တကယ့်တိုက်ပွဲ အမှန်ဟာဘယ်ဟာလဲ မသိသေးခင် လတ်တလော လူတွေတုန်လှုပ်ကုန်တဲ့  ပြည်ထောင်စု လမ်းမကြီးပေါ်က အရပ်ကားတွေ ယာဉ်မောင်းတွေကို ပစ်ခတ် ဖျက်ဆီးနေတဲ့  ကိစ္စကို အဓိကထား သတင်းလိုက်ဖို့ ဆုံးဖြတ်ခဲ့တယ် ။ ဒါနဲ့  နမ့်ဖတ်ကာနဲ့  သိန်းနီကြားမှာ ကျွန်တော် ခေါက်တုံ့ ခေါက်ပြန် သွားနေခဲ့တယ် ။

ရဲမိုး FB
မြောက်ပိုင်းမဟာမိတ်အဖွဲ့ ရဲ့  ပြည်ထောင်စုလမ်းမကြီးကို တိုက်ခိုက်ပုံ သုံးမျိုးတွေ့ ရတယ် ။ ပထမတစ်ခုက ကားလမ်းပေါ်တက်လာ ကားတွေတားပြီး ခရီးသည်တွေဆီက ဖုန်းတွေသိမ်း ကားသမားတွေဆီက ကားသော့တွေတောင်းပြီး ယူသွားတာ။ တစ်ချို့ နေရာတစ်ခု နှစ်ခုမှာ ပိုက်ဆံပါယူသွားတယ်လို့  ဆိုတယ် ။ နေရာတိုင်းတော့ မဟုတ်ဘူး ။ သို့ သော် နမ့်ဖလွန် နဲ့  ရူခင်းသာကြား ပြည်သူ့ စစ် စခန်းနဲ့  တစ်မိုင်လောက်အကွာမှာ ဖြစ်တဲ့  ဖြစ်စဉ်မှာတော့ ပိုက်ဆံပါတောင်းကြောင်း ကားသမားတစ်ယောက်က ကျွန်တော့်ကို ပြောပြတယ် ။ ဒုတိယတိုက်ခိုက်ပုံကတော့ ကားတွေတား ခရီးသည်တွေဆင်းခိုင်းပြီး ကားကို လမ်းမှာ ကန့် လန့် ထား ၊ ဖျက်ဆီးတာ မီးရှို့ တာမျိုး လုပ်တာ ။ ဒီဖြစ်စဉ်မှာ တစ်ချို့  ယာဉ်မောင်းတွေ ကားကို နှမျောလို့  မောင်းပြေးရင် သေနတ်နဲ့  ပစ်တယ် ။ ယာဉ်မောင်းတစ်ချို့  သေကြတယ် ။ တတိယတိုက်ခိုက်ပုံကတော့ လမ်းဘေးတောင်ကုန်းပေါ်က ကားကို အသားလွတ်ပစ်တာ ။ မကောင်းသူထိပ် ကောင်းသူထိပ်ပဲ ။ လူမှုကွန်ယက်မှာ ကျည်ထိတဲ့ ကားတွေ လောင်ချာထိလို့  ကားနောက်တွဲပြုတ်သွားတယ်ဆိုတဲ့  ပုံတွေ ဒဏ်ရာရတဲ့သူပုံတွေ တက်လာတာ ဒီ တတိယပုံစံကြောင့် တက်လာတာ ။

ဒီတိုက်ခိုက်မှုတွေကို တပ်က ဘယ်လိုတုန့် ပြန်လဲဆိုတော့ လမ်းကြောင်း လုံခြုံရေးလုပ်ဖို့ တပ်တွေ အများကြီးဝင်လာတယ် ။ ၁၀၅ မိုင်မှာ ဗျူဟာတစ်ခု လာထိုင်တယ် ။ လမ်းကြောင်း လုံခြုံရေး နဲ့  လမ်းကြောင်းထိစပ် နယ်မြေတွေကို တပ်တွေ ၀င်ရှင်းတယ် ။ လမ်းတွေ တံတားတွေကို စစ်ဆေးပြီး ထောင်ထားတဲ့ မိုင်းတွေတွေ့ လျှင် ရှင်းပြစ်တယ် ။ သတင်းဂျာနယ်တွေမှာ တွေ့ ရတဲ့  မူဆယ် ၁၀၅မိုင်ကို ရဟတ်ယာဉ်တွေ တပ်တွေ အများကြီးရောက်လာတဲ့ပုံတွေဟာ ဒီလမ်းကြောင်းကို ထိန်းဖို့ ရောက်လာတာ ။ တပ်ဘက်က ဒီလိုလုပ်လိုက်တော့ အထိအခိုက်တွေ သိသိသာသာ လျော့နည်းသွားတယ် ။ မြောက်ပိုင်းမဟာမိတ်အဖွဲ့ က ကားလမ်းပေါ်တက်ဖို့  အရင်လောက်မလွယ်တော့ဘဲ ထိစပ်နယ်မြေတွေမှာတင် ကားလမ်းလုံခြုံရေးတပ်တွေနဲ့  ထိတွေ့  တိုက်ပွဲဖြစ်လာတယ် ။

၁၀၅ မိုင် ( The Myanmar Reviews Journal )
ဒါကြောင့် ရှမ်းမြောက်တိုက်ပွဲစဉ်ရဲ့  ပထမပိုင်း ၅ရက်ဟာ ပြည်ထောင်စု လမ်းမကြီးကို ကာကွယ်ခြင်းအပိုင်းလို့ ပြောလို့ ရတယ် ။ ဒါဆို အဲဒီ ၅ရက်အတွင်း ကျန်တဲ့ နေရာတွေ ဘာဖြစ်နေလဲ ။ တိုက်ပွဲတွေ တောက်လျောက်ဖြစ်နေတယ် ။ စခန်းတွေကို ၀င်တိုက်နေတယ် ။ ကျသွားလားဆိုတော့ မကျဘူး ။ မြောက်ပိုင်းမဟာမိတ်က စခန်းကိုတိုက်ဖို့ အုံနဲ့ ကျင်းနဲ့  စုဖွဲ့ လာတာနဲ့  လေတပ်က ချက်ချင်းရောက်လာတာကိုး ။ စခန်းတိုက်ဖို့ လူစုလိုက် တပ်ဖြန့် လိုက် လေတပ်က ဗုံးလာကြဲခံရလိုက်နဲ့  မြောက်ပိုင်းမဟာမိတ်အဖွဲ့ ဟာ ဘယ်စခန်းမှ ဟုတ္တိပတ္တိ မသိမ်းလိုက်နိုင်ဘူး ။ ပြည်ထောင်စု လမ်းမကြီး လုံခြုံသွားချိန်မှာတော့ လေတပ်ဟာ မြောက်ပိုင်းမဟာမိတ် အဖွဲ့ ကို ကောင်းကောင်း ဒုက္ခပေးတော့တယ် ။
ဗုံးကြဲလေယာဉ်တွေက ဗုံးကြဲတယ် ။ ရဟတ်ယာဉ်တွေက ရော့ကတ်နဲ့ ပစ်တယ် ။ စက်အမြောက်နဲ့ ပစ်တယ် ။ မြေပြင်ကလဲ စစ်ကူတပ်တွေ တက်လာတယ် ။ ဒုတိယပိုင်း ငါးရက်လောက်မှာ အခြေအနေက သိသာသွားပြီ ။ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ဟာ ဘယ်စခန်းမှ မတိုက်နိုင်ဘူး ။ ပြန်ဆုတ်ရတော့မယ် ။ မြေပြင်တပ်တွေက ကပ်လာနေပြီကိုး ။ သို့ သော် ဒီဖြစ်စဉ်မှာ မုံးကိုး မပါဘူး ။
အဲဒီအချိန်မှာ မုံးကိုးဟာ အဓိက ပစ်မှတ်ဖြစ်ကြောင်း ထင်ရှားသွားပြီ။

မုံးကိုးဟာ လူဦးရေ ထောင်ဂဏန်းလောက်ရှိမယ် ။ မြို့ နယ်ခွဲ အဆင့် မြို့ တစ်မြို့  ။ တရုတ်နိုင်ငံ မန်ဟိုင်းမြို့ နဲ့  ကိုက် ၃၀၀ လောက်ပဲ ဝေးတယ် ။ နယ်စပ်မြို့ ချင်း ထိစပ်နေတယ် ။ ကားလမ်းကသွားလျှင် မူဆယ် - ကြူကုတ် (ပန်ဆိုင်း) - ဟေမိုးလုံ - မုံးကိုး ဒီလိုသွားရတယ် ။ မုံးကိုး က ဆက်ထွက်လျှင် တစ်ဖက်မှာ ဖောင်းဆိုင်ရှိတယ် ။ ဒီမြို့ ကို ၀ိုင်းတိုက်နေတာ ။

မြို့ ရဲ့  ပတ်ပတ်လည်ဟာ ပေ ၁၀၀၀ နဲ့ ၁၅၀၀ ကြားရှိတဲ့  တောင်စဉ် တောင်ကြောတွေ ။ မြို့ က အောက်က ချိုင့် ထဲ ကွင်းပြင်ထဲမှာ ရှိတယ် ။ မြို့ ထဲမှာ ရဲစခန်း နဲ့ ပြည်သူ့ စစ်စခန်းတွေ ရှိတယ် ။ ဗျူဟာကုန်းလို့ ခေါ်တဲ့  တပ်စခန်းက ဖောင်းဆိုင်ဘက်သွားတဲ့ လမ်း မြို့  အစွန်မှာရှိတယ် ။ ကာကင်းကုန်းက ဗျူဟာကုန်းနဲ့  မလှမ်းမကမ်းမှာရှိတယ် ။ ဒီတပ်စခန်းတွေဟာ မြေအနေအထားအရ နေရာယူထားတာ သိပ်ကောင်းတယ် ။ တစ်ဘက်က တရုတ်ပြည် ၊ တစ်ဘက် ကိုက်၁၀၀ လောက်က လူနေအိမ်တွေ တစ်ဘက်ကတော့ ဖောင်းဆိုင်ဘက်က အ၀င်လမ်း ၊ ကျန်တဲ့  နေရာတွေက ကွင်းပြင် ပြောင်တလင်း ။ ဒီကွင်းပြင်ကြောင့် မုံးကိုးစခန်း မကျတာလို့ ပြောလို့ ရတယ် ။ မြောက်ပိုင်းမဟာမိတ်အဖွဲ့  အကျအဆုံးများတာလဲ ဒီကွင်းပြင်ကြောင့်ပဲ ။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ ဟာ ခန့် မှန်း အင်အား ၃၀၀၀ လောက်နဲ့  မုံးကိုးကို ၀န်းရံတိုက်ခိုက်တယ်လို့ ယူဆရတယ် ။ စခန်းကို မျက်နှာစာ သုံးခုက ၀င်တိုက်နေတဲ့ အဖွဲ့ တွေ မြို့ တွင်းမှာ တိုက်တဲ့ အဖွဲ့ တွေပေါင်းရင် အင်အား ၈၀၀ လောက် ရှိနိုင်တယ် ။ ကျန်တဲ့  အင်အားတွေက ဖောင်းဆိုင် ၊ ဟေမိုးလုံ ၊ ကြူကုတ်(ပန်ဆိုင်း) နဲ့  မုံးကိုး ပတ်ပတ်လည်က တောင်ကြောတွေ ၊ ၀င်လမ်းထွက်လမ်းတွေကို ပိတ်ဆို့ ထားတယ် ။ ကြူကုတ် ( ပန်ဆိုင်း)ဘက်က ၀င်တဲ့ ကားလမ်းမှာ တင့်ကားတွေ ၀င်မရအောင် ဘက်ဟိုး နဲ့  တွင်းကြီးတွေ တူးထားတယ် ။ တောင်ကြောတွေဘက်က တောလမ်းတွေမှာ မိုင်းတွေ မွနေအောင်ထောင်ထားတယ် ။ ခံစစ်အသေးလေးတွေ အဆင့်ဆင့် နေရာချ ပိတ်ဆို့ ထားတယ် ။ လက်နက်ကြီး နဲ့  လေယာဉ်ပစ် စက်သေနတ်တွေကို ဗျူဟာကုန်းကို စိုးမိုးနေတဲ့ တောင်ကုန်းတွေပေါ် လက်ယှက်ထိုး နေရာချထားတယ် ။ ပြီးတော့မှ မုံးကိုးကို စိမ်ပြေနပြေ တိုက်တော့တာ ။

မုန်းကိုး ( The Myanmar Reviews Journal )
ရှမ်းမြောက်တိုက်ပွဲစဉ်ရဲ့ ပထမပိုင်း ၅ရက်ဟာ ပြည်ထောင်စုလမ်းကို ကာကွယ်တာဆိုလျှင် ဒုတိယပိုင်းငါးရက်က လေကြောင်းတိုက်ခိုက်မှုလို့ ဆိုရမယ် ။ တပ်မတော် (လေ)ဟာ ဒီတိုက်ပွဲမှာ တိုက်ခိုက်ရေး အနေနဲ့  A5 ဗုံးကြဲလေယာဉ်တွေ ၊ K8 တိုက်လေယာဉ်တွေ ၊ Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကို အဓိကသုံးစွဲတာတွေ့ ရတယ် ။ ဒီလေယာဉ်တွေဟာ မြေပြင်တပ်တွေ ရောက်မလာမချင်း စခန်းတွေ ကျမသွားအောင် လေကြောင်း ပစ်ကူပေးနေတယ် ။ မုံးကိုးမြို့ ပေါ်မှာ မနက် နှင်းကွဲတာနဲ့  အ၀ိုင်း သုံးဝိုင်းရှိနေတယ်လို့  ဒေသခံတွေက ဆိုကြတယ် ။ ပထမအ၀ိုင်းက A5 ဗုံးကြဲလေယာဉ်တွေ အ၀ိုင်း ။ ဒုတိယက K8 တိုက်လေယာဉ်တွေ အ၀ိုင်း ။ တတိယက ကင်းထောက်လေယာဉ်တွေ အ၀ိုင်း ။ ဒီလေယာဉ်တွေက သူ့ အမြင့်ပေနဲ့ သူ သူ့ အ၀ိုင်းနဲ့ သူ ပတ်ချာလည်ပျံနေပြီး တစ်စီးပြီး တစ်စီးဆင်းလာပြီး အဆက်မပြတ်တိုက်နေတာ ။ ကင်းထောက်လေယာဉ်တွေက တိုက်လေယာဉ်တွေ အောက်ဆင်းလာရင် ဘယ်နေရာက ရန်သူက ပစ်တယ်ဆိုတာ ဓာတ်ပုံရိုက်နေတယ် ။ ခဏနေရင် အဲဒီပစ်တဲ့ နေရာတွေပါ ထပ်ပြီး ဗုံးကြဲခံရတယ်လို့ ဆိုတယ် ။ အဲဒီ လေကြောင်းပစ်ကူ ဒုတိယ ငါးရက်အတွင်းမှာပဲ တပ်မ ၉၉ က ဗိုလ်မှူးတစ်ယောက် ဦးစီးတဲ့  စစ်ကြောင်းတစ်ခုက မရအရ ဖောက်ဝင်လာပြီး ကာကင်းကုန်း စခန်းကို ပေါင်းမိသွားတယ် ။ သူတို့ မှာ ရိက္ခာနဲ့  ခဲယမ်း အတော်အတန်ပါလာတာမို့  ဗျူဟာကုန်း အခြေအနေဟာ အတော်လေးကောင်းသွားတယ်လို့  မုံးကိုးတိုက်ပွဲမှာပါခဲ့သူ တစ်ဦးက ကျွန်တော့်ကို ပြောပြတယ်

တစ်ဖက်ကလဲ ကြူကုတ် (ပန်ဆိုင်း) ဘက်က အမြောက်ပစ်ကူတွေ စပစ်လာတယ် ။ တင့်ကားတွေပါတဲ့  စစ်ကြောင်းတစ်ခုကလဲ ဖောက်ဝင်နေတယ် ။ သို့ သော် လမ်းမှာ မိုင်းတွေရော ပုခုံးထမ်း ဒုံးကို ပေါပေါများများ ပစ်နေတဲ့  မြောက်ပိုင်းမဟာမိတ်အဖွဲ့ တွေကြောင့် ဒီစစ်ကြောင်းဟာ ခရီးမပေါက်ဘူး ဖြစ်နေတယ် ။ လေယာဉ်နဲ့  မုန်းကိုး စခန်းပေါ်ရိက္ခာတွေ ခဲယမ်းတွေချပေးတယ် ။ သို့ သော် ကွင်းပြင်ထဲပဲ ကျကုန်တယ် ။ ရန်သူလဲ ကောက်မရ ကိုယ်လဲ ကောက်မရ ဒီလို ဖြစ်နေတယ်လို့ ဆိုတယ် ။ ဒီအတိုင်းဆို မုန်းကိုးကို အချိန်မီရောက်ပါ့မလားဆိုတဲ့  အတွေးတွေ အတော်များများ ပေါ်လာကြတယ် ။ လူမှုကွန်ယက်မှာလဲ ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား မရောက်ကြသေးဘူးလား ဆိုတဲ့  မချင့်မရဲဖြစ်သံတွေဆူကြနေကြတယ် ။ သို့ သော် ကျွန်တော်လဲ အငိုက်မိသွားပြီ ။ ဒီ ကြူကုတ် (ပန်ဆိုင်း) ဘက်က ဖောက်ဝင်နေတဲ့  စစ်ကြောင်းက ယောင်ပြ စစ်ကြောင်းပဲ ဖြစ်မယ် ။ ဘာကြောင့်လဲဆိုတော့ လားရှိုးလေဆိပ်က ကျွန်တော့်အသိတစ်ယောက်ရဲ့  ပြောပြချက်ကြောင့်ပဲ

လားရှိုးလေဆိပ် ကွန်ထရိုးတာဝါဟာ ဒီရက်ပိုင်းအတွင်း ဆံပင်အတော် ဖြူသွားနိုင်တယ် ။ တစ်ရက်အတွင်း လားရှိုးကိုဆင်းနေတဲ့  လေယာဉ် ရဟတ်ယာဉ် အရေအတွက်ဟာ တစ်လလုံး ဆင်းတဲ့  လေယာဉ်အကြိမ်ရေထက် ပိုများကောင်းများနိုင်တယ် ။ လေယာဉ်တွေ အဆက်မပြတ် ဆင်းလာတယ် ။ တပ်တွေ ချပေးသွားတယ် ။ ပြန်တက်လာတယ် ။ ပြန်ချပေးသွားတယ် ။ ကင်းထောက်လေယာဉ်တွေကလဲ ဒလစပ်တက်လိုက် ဆင်းလိုက် ။ တိတ်တိတ်ဆိတ်ဆိတ် ဆင်းလိုက်တက်လိုက်နဲ့  ကင်းထောက်နေတဲ့  မောင်းသူမဲ့  ဒရုန်းတစ်ချို့ လဲ ပါတယ်လို့  လေဆိပ်က မိတ်ဆွေက ပြောပြတယ် ။

တကယ့်တကယ်တော့ ကျွန်တော် မေ့နေတာ ။ ဒီကိစ္စမျိုး လောက်ကိုင်တုန်းကလဲ ကျွန်တော် တစ်ခါ ကြုံပြီးပြီ ။ ရှမ်းပြည်မှာ တိုက်ပွဲတွေဖြစ်တိုင်း ကျွန်တော်တို့ က ဖြစ်တဲ့ နေရာကိုပဲ စဉ်းစားကြတာ ။ မုံးကိုး ဖြစ်လျှင် ဟာ မုန်းကိုး ဟ မုံးကိုး ။ လောက်ကိုင် ဖြစ်လျှင်လဲ လောက်ကိုင် ဟ လောက်ကိုင် ။ ဒီလို ဖြစ်ကြတာ ။ ဒီစဉ်းစားနည်းဟာ လောက်ကိုင် ကိစ္စဖြစ်တုန်းက လေယာဉ်ပစ် Surface to Air Missile တွေ နေရာချနေတာတွေ့ တော့မှ ပါးစပ်ကို တင်းတင်းစေ့ပြီး ခေါင်းယမ်း ကိုယ့်ကိုယ့်ကို အပြစ်တင်မိတော့တယ် ။အခုလဲ ကျွန်တော် မိပြန်ပြီ ။ ကိုယ်တွေက မုံးကိုးကိုပဲ စဉ်းစားတာ ။ သူတို့ က ရှမ်းမြောက် ဒေသတစ်ခုလုံး တပ်ဖြန့် ပြီး နေရာယူနေတာ ။

ရှေ.တန်းရောက် သတင်းထောက် ရဲမိုး
တပ်တွေဟာ အဆက်မပြတ် ရောက်လာသလို Mi 17 သယ်ယူပို့ ဆောင်ရေး ရဟတ်ယာဉ်တွေကလဲ အဆက်မပြတ် ပျံနေတယ် ။ စစ်သည်တွေဟာ ရိက္ခာသယ်တာ သိပ်မတွေ့ ရ ။ ခဲယမ်းတွေ အပြည့်သယ်ကြတယ် ။ ရိက္ခာက လေကြောင်းက ချပေးမယ်လို့ ဆိုတယ် ။ စနိုက်ပါကိုင်ထားတဲ့  စစ်သည်တွေ အများကြီးတွေ့ ရတယ် ။ ခြင်းကြားတွေကို ဆေးအမည်းတွေ သုတ်ထားတာ တွေ့ ရတယ် ။ တော်တော် ခိုင်ခိုင်ခန့် ခန့် ယက်ထားတယ် ။ တပ်ရင်းမှူးတွေလဲ ခြင်းကြားတွေ လွယ်တယ် ။ သူက စစ်ကျောပိုးအိတ်ကို ခြင်းကြားထဲထည့် ၊ လွယ်ကြိုးကို အပြင်ထုတ် ။ လွယ်ကြိုး လွယ်လိုက်တာနဲ့  ကျောပိုးအိတ်ရော ခြင်းကြားရော လွယ်ပြီးသား ။ တစ်ချို့ စစ်သည်တွေရဲ့  ခြင်းကြားဟာ ဟန်းကောထည့်ဖို့ ဘေးခြင်းအသေး ၊ လောင်ချာကျည်ထဲ့ဖို့ အကန့်  စသဖြင့် သေသေချာချာကို ယက်ထားတာတွေ့ ရတယ်လို့  မိတ်ဆွေတစ်ဦးက ကျွန်တော့်ကို ပြောပြတယ် ။

ရှမ်းမြောက် တိုက်ပွဲစဉ်တွေရဲ့  တတိယပိုင်းမှာ ရဟတ်ယာဉ်တွေ အဆက်မပြတ် ပျံတက်သွားတယ် ။ လားရှိုးတစ်မြို့ လုံး ရဟတ်ယာဉ်သံတွေ ဆူညံနေတယ် ။ Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်တွေက သယ်ယူပို့ ဆောင်ရေး ရဟတ်ယာဉ်တွေကို ဘေးက အစောင့် လိုက်သွားတာ မြင်ရတယ် ။ တိုက်ခိုက်ရေး တပ်မတွေကို ရှမ်းမြောက် ဒေသတစ်ခုလုံး နေရာချနေတာ ။ ဟေမိုးလုံရွာရဲ့  ကောင်းကင်မှာ ရဟတ်ယာဉ်တွေ ရုတ်တရက်ပေါ်လာတယ် ။ ရဟတ်ယာဉ်တွေထဲက တပ်မ ၈၈ လက်မောင်းတံဆိပ် နဲ့  စစ်သည်တွေ ခုန်ဆင်းလာတယ် ။ တပ်မတစ်မလုံး ၀င်လာတာ ။ ဟေမိုးလုံ တစ်ဝိုက် အကြီးအကျယ် တိုက်ပွဲ ဖြစ်ကြတယ် ။ မြောက်ပိုင်း မဟာမိတ် အဖွဲ့ ဟာ ပထမပိုင်း တောင့်ခံဖို့ ကြိုးစားကြည့်တယ်။ သူတို့ က ရွာတွေမှာ အခြေပြုထားတာ ။ ၀င်လမ်းထွက်လမ်း ခံစစ်ကျင်းတွေ အသေအချာပြင်ထားတယ် ။ ရိက္ခာ ပူစရာမလို ။ ရွာက လူမရှိတော့ ။ အိမ်တွေထဲက စားစရာတွေ စောင်တွေနဲ့  ကျင်းထဲက ခုခံတယ် ။

တပ်မ ၈၈ က အရာရှိတစ်ဦးက ရယ်သွမ်းသွေးပြီး ပြောပြတာတော့ ကတုတ်ကျင်းတွေက ဂွမ်းကပ်နဲ့  ဆောက်ထားသတဲ့  ။ စခန်းတွေကို မောင်းထုတ် ရှင်းလင်းပြီးချိန် ကတုတ်ကျင်းတိုင်းမှာ ဂွမ်းကပ်တွေ အလျှံပယ်တွေ့ ရသတဲ့  ။ ရွာထဲက အိမ်တွေမှာတော့ ဂွမ်းကပ်တစ်ထည်မှ မရှိတော့ဘူးလို့  ဆိုတယ် ။ တပ်မ ၈၈ဟာ မုန်းကိုးကို ဆက်မတက်ဘဲ ဟေမိုးလုံဘက်ကနေ မုံးကိုးကို မျက်နှာမူပြီး ကန့် လန့် ဖြတ် ဖြတ်ပိတ်ထားလိုက်တယ် ။ ဒါဆိုရင် ချေမှုန်းရေး တပ်မ တစ်ခုတော့ ရှိနေခဲ့ပြီ ။ သူက ဘယ်မှာလဲ ။

မုန်းကိုးမကျအောင် ...
၁၄ရက်လုံး ခုခံနေတဲ့ တပ်မ ၉၉ ကဗျူဟာမှူးး ၊ စစ်ကူတပ်မတပ်မ ၁၁ဗျူဟာမှူးး ၊ တင့်ကားတွေ မော်တော်ယာဉ်တွေနဲ့  ဖောက်ဝင်ခဲ့တဲ့ တပ်မ ၉၉ ကစစ်ကြောင်းရဲ့ ဗျူဟာမှူးး ( From Ye Moe FB )
တကယ်တော့ ဟေမိုးလုံမှာ ရဟတ်ယာဉ်တွေပေါ်က တပ်မ ၈၈ စစ်သည်တွေ ခုန်ဆင်းနေတုန်းမှာပဲ တစ်ခြား Mi 17 ရဟတ်ယာဉ်မှူးတွေဟာ မုန်းကိုး နဲ့  ၇ မိုင်လောက်ဝေးတဲ့  ကတုတ်ကျင်းတွေ ဗလဗွပြည့်နေတဲ့  ဆယ်ပေပတ်လည်လောက် တောင်ထိပ် စခန်းတစ်ခုကို ကြိုးစားပမ်းစားဆင်းသက်နေတယ် ။ ရဟတ်ယာဉ်တွေဟာ မြေကြီးနဲ့  ထိလုထိခင် လေထဲမှာရပ်ထားတယ် ။ စစ်သည်တွေက ခုန်ဆင်းကြတယ် ။ ရဟတ်ယာဉ်နဲ့  ပေနှစ်ဆယ်လောက်ဝေးတဲ့  နေရာမှာ ၁၂၀ မီလီမီတာ စိန်ပြောင်းကြီးတွေက မုန်းကိုးနားက ကုန်းတွေကို ဒလစပ် လှမ်းပစ်နေတယ် ။ စစ်သည်တွေဟာ ရဟတ်ယာဉ်ပေါ်က ဆင်းပြီးပြီးချင်း တောင်ထိပ်ဘေးက လျိုလေးတစ်ခုထဲကို ပြေးဆင်းကြတယ် ။ အဲဒီလျှိုထဲမှာ ဗုံးသီးတွေ စက်သေနတ်တွေ ပွစာကြဲနေတယ် ။ တပ်တွေဟာ သူ့ တပ်အလိုက် သူ ဖွဲ့ စည်း ပြင်ဆင်နေကြတယ် ။ စက်လတ်ကိုင်တဲ့  စစ်သည်က စက်လတ်ကျည်တွေကို စက်သေနတ်မှာ စနစ်တကျ ထည့်နေတယ် ။ လောင်ချာထိပ်မှာ ငှက်ပျောဖူးပုံ ဒုံးသီးတွေကို လှည့်တပ်နေတဲ့  စစ်သည်တွေလဲ အများကြီးတွေ့ ရတယ် ။ ၄၀ မမ ဗုံးသီးတွေကို စလွယ်သိုင်းထားတဲ့  စစ်သည်တွေလဲ တစ်ပုံတစ်ပင် ။ ဆေးတပ်တံဆိပ်နဲ့  စစ်သည်တစ်ချို့ က အရေးပေါ် ရိက္ခာဆိုတဲ့  တရုတ်လုပ် ချောကလက်ပြားတွေ တပ်ရင်းအလိုက် ဝေနေတယ် ။ တစ်ပြားမှာ ချောကလက်တောင့် ရှစ်ခုပါတယ် ။ တစ်ခုစားရင် ရဲဘော်တစ်ယောက် တစ်ရက်စာ ဗီတာမင်ဓာတ်တွေ လုံလောက်တယ်လို့ လဲ ပြောကြတယ် ။ စစ်သည် အားလုံးဟာ တပ်မ ၁၁ က စစ်သည်တွေ ဖြစ်ကြတယ် ။ သူတို့ ပေးထားတဲ့ အမိန့် က တစ်ခုပဲ ။ မုန်းကိုးကို အမြန်ဆုံး ချီတက် ရှင်းလင်းဖို့  တဲ့  ။

တပ်မ ၁၁ တစ်မလုံးဟာ နှစ်ရက်အတွင်း မုံးကိုးကို အရောက်ချီတက်သွားကြတယ် ။ လွယ်လွယ်ကူကူတော့ မဟုတ် ။ လမ်းမှာ တိုက်ပွဲတွေ ဖြစ်ကြတယ် ။ မိုင်းတွေထိကြတယ် ။ တိုက်မိုင်းတွေများတယ် ။ ဒဏ်ရာတော့ မပြင်း ။ သို့ သော် လမ်းမလျောက်နိုင်တော့လို့  ပုခက်တွေလုပ်ပြီး သယ်ကြတယ် ။ စစ်ကြောင်းတစ်ကြောင်းရဲ့ ပွိုင့်က တိုက်မိုင်းမိသွားတာ သုံးယောက် ဒဏ်ရာရတယ် ။ မစိုးရိမ်ရ ။ နာရီဝက်အတွင်း ပုခက်တွေလုပ် ၊ မိုင်းကွင်းကို ရှင်းရင် ကြာနေမှာမို့  ဘေးက ချောက်ထဲဆင်းပြီး ပြန်ထောင်တက် ၊ အဆက်မပြတ် ချီတက်ကြတယ်လို့  ဆိုတယ် ။ ရန်သူ့ ဖြတ်တောက်ရေးအဖွဲ့ နဲ့ တွေ့ ရင် ပစ်အားသုံးပြီး ရှင်းထုတ်ပြစ်တယ် ။ ရန်သူ ဆုတ်သွားရင် လိုက်မတိုက်တော့ ။ ချက်ချင်း ဆက်ချီတက်ကြတယ် ။ အဲဒီတုန်းက ကျွန်တော်တို့ ခေါင်းထဲ မုန်းကိုးဆိုတာပဲ ရှိတယ် ။ ကျွန်တော်တို့ ကို ပေးလိုက်တဲ့  အမိန့် က မုန်းကိုးကို အချိန်မီ အရောက်သွားရမယ် ဒါပဲလို့  ဒဏ်ရာရ စစ်သည်တစ်ဦးက နောက်ပိုင်းကျတော့ ကျွန်တော့်ကို ရှင်းပြတယ်။

၂ရက်အကြာမှာ တပ်မ ၁၁ ရဲ့  စစ်ကြောင်း တစ်ခုက မုန်းကိုးကို ၀င်ဆောင့်တယ် ။ နောက်တစ်ကြောင်းက အလယ်က ဖောက်လာပြီး ဗျူဟာကုန်းကို အရောက်ဝင်သွားတယ် ။ နောက်တစ်ကြောင်းကတော့ တောင်ကြောတွေ ကြားထဲက ဖြတ်ပြီး ဖောင်းဆိုင်ဘက်သွားတဲ့ လမ်းကို ရှင်းထုတ်ပြစ်လိုက်တယ် ။ မြောက်ပိုင်း မဟာမိတ်အဖွဲ့ က ဖောင်းဆိုင်ဘက်က လာတဲ့ လမ်းကို မျက်နှာမူပြီး ခံစစ်ပြင်ထားတယ် ။ ကျွန်တော်တို့ က တောင်တွေပေါ်က ဖြတ်ဝင်လာပြီး သူတို့ နောက်ဘက်က ရောက်လာတော့ ဘာမှကို ကြီးကြီးမားမား ခံမတိုက်ဘူး ။ ချက်ချင်းဆုတ်သွားတယ်လို့  တပ်မ ၁၁ က အရာရှိတစ်ယောက်က ကျွန်တော့်ကို ပြောတယ် ။

ဒါနဲ့ ကျွန်တော်လဲ သူ့ ကို တစ်ခွန်းပြန်မေးမိတယ် ။ အခု ရှမ်းမြောက်တိုက်ပွဲစဉ်တွေ ပြီးသွားပြီလို့ ခင်ဗျားထင်သလား ။ သူတို့  ( မြောက်ပိုင်း မဟာမိတ် အဖွဲ့ တွေ ) တစ်ခြားတစ်နေရာကို ထပ်တိုက်ဦးမယ်ထင်သလား

From Ye Moe FB
ဒါတော့ ကျွန်တော် မသိဘူး ။ ဒါပေမယ့် ကိစ္စမရှိပါဘူး ။ သူတို့ ထပ်တိုက်ရင် ကျွန်တော်တို့  အဲဒီကို ချက်ချင်းလိုက်သွားမှာပေါ့လို့  ခေါင်းပေါ်က ဖြတ်ပျံသွားတဲ့  Mi 17 သယ်ယူပို့ ဆောင်ရေး ရဟတ်ယာဉ်တစ်စီးကို မော့ကြည့်ပြီး အဲဒီအရာရှိက ခပ်ပြုံးပြုံး ပြန်ပြောတယ် ။

ရေးသားသူ - နေရီ


ဆက်စပ်လေ.လာနိုင်ရန်   




No comments:

Post a Comment