Monday, May 13, 2013

ပထမရာသီဝက် နောက်ဆုံးပွဲ (ဧရာဝတီ ၂- Southern Myanmar ၀ )


ယနေ့ညနေ(၁၂-၅-၂၀၁၃ )က သုဝဏ္ဏကွင်းတွင် ကျင်းပခဲ့သည့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၁၁)၏ ပွဲစဉ်တစ်ပွဲ ဖြစ်သည့် ဆောက်သမ်းမြန်မာ အသင်းနှင့် ဧရာဝတီ ယူနိုက်တက် တို့၏ ပွဲတွင် ဧရာဝတီက နိုင်ငံခြားသား ကစားသမားများ၏ ဒုတိယပိုင်း သွင်းဂိုးများဖြင့် အနိုင်ရခဲ့သည်။ ဧရာဝတီ အနေဖြင့် ပထမပိုင်းတွင် ဆောက်သမ်း၏ ကွင်းလယ်ကို ထိန်းချုပ်နိုင်ခြင်း မရှိခဲ့သော်လည်း ဒုတိယပိုင်း အစတွင် ရရှိခဲ့သည့် ဂိုးကြောင့် ဒုတိယပိုင်း တစ်လျှောက် ဆောက်သမ်းအပေါ် အသာစီး ရယူနိုင်ခဲ့ပြီး အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ 

ပွဲကို လာရောက်အားပေးကြသော ဧရာဝတီ၏ အမာခံ Red Waves Fan Club Member  အချို.

ပွဲစချိန်တွင် နှစ်သင်းစလုံး ထိရောက်သည့် ထိုးဖောက်မှုများ ပြုလုပ်နိုင်ခြင်း မရှိဘဲ အကဲစမ်းရင်းနှင့်သာ အချိန်ကုန်နေခဲ့သည်။ ပွဲချိန် (၅)မိနစ်တွင် ဆောက်သမ်း တိုက်စစ်မှူး ရဲအောင် တစ်ကိုယ်တော် အစွမ်းဖြင့် ထိုးဖောက်ကာ အဝေးမှ ကန်သွင်းခဲ့သော်လည်း ဂိုးဘေး ထွက်သွားခဲ့သည်။ ပွဲချိန် (၇)မိနစ်တွင် ဇင်မျိုးဝင်း တစ်ကိုယ်တော် ထိုးဖောက်မှုမှာလည်း ဂိုးသမား တားဆီးခဲ့သောကြောင့် အလဟသ ဖြစ်ခဲ့ရပြန်သည်။ ပွဲချိန် (၉)မိနစ်တွင်မူ ဆောက်သမ်း ဂိုးဧရိယာ၏ ညာဘက်တွင် ဧရာဝတီတို့ ပြစ်ဒဏ်ဘော ကန်ခွင့် ရခဲ့သည်။ ထိုပြစ်ဒဏ်ဘောကို ဒေါမနစ် ကန်တင်ခဲ့ရာ ပြည့်ဖြိုးအောင် ပုတ်ထုတ်ကာကွယ် နိုင်ခဲ့သည်။ ထိုမှ လျှံထွက်လာသည့် ဘောလုံးကို ရှေ့တွင်ရှိနေသည့် ရဲအောင်က ဧရာဝတီ နောက်ခံလူ တစ်ဦးကို လိမ်ခေါက်ကာ ညာတောင်ပံတွင် ရှိနေသည့် အောင်ရဲထွဋ်ထံ ပေးခဲ့သော်လည်း အောင်ရဲထွဋ် ပြန်လည် ဖန်တီးပေးရန် ပျက်ကွက်ခဲ့ သောကြောင့် ဆောက်သမ်းတို့ ဧရာဝတီ ခံစစ်ကြောင်းကို ဖိအားပေးနိုင်မည့် အခွင့်အရေး တစ်ရပ်ကို လက်လွှတ်ခဲ့ရသည်။ ဧရာဝတီ အနေဖြင့် ကွင်းလယ် ကစားကွက်ပိုင်းတွင် ဆောက်သမ်းအပေါ် အသာစီး ရခဲ့ခြင်း မရှိဘဲ ဧရိယာ အပြင်မှ အဝေးကန်ချက်များ ဖြင့်သာ ထိုးဖောက်နေခဲ့ပြီး ဆောက်သမ်းက ဘောလုံး ပိုင်ဆိုင်မှု အသာစီးဖြင့် ဖိအားပေး နေခဲ့သည်။ ပွဲချိန် (၂၅)မိနစ်တွင်မူ ဧရာဝတီ၏ ယခုပွဲအတွက် ပထမဆုံး အပိုင်အခွင့်အရေး အဖြစ် တိုက်စစ်မှူး လီအန်ဒရို ဆောက်သမ်း နောက်ခံလူ ဟန်ထွန်းနှင့် အပြိုင်ပြေးကာ ကန်သွင်းခွင့် ရခဲ့သော်လည်း ဟန်ထွန်း ဖျက်ထုတ်မှု ဦးခဲ့သောကြောင့် ထောင့်ကန်ဘောသာ ဖြစ်ခဲ့သည်။ ပွဲချိန် (၂၇)မိနစ်တွင်လည်း ဧရာဝတီတို့ ဂိုးရရန် နီးစပ်ခဲ့ပြီး နေလင်းထွန်း၏ ခေါင်းတိုက်ချက် ဂိုးဘေးကပ် ထွက်ခဲ့သည်။ ပထမပိုင်း၏ လက်ကျန် မိနစ်များတွင် တစ်သင်းနှင့် တစ်သင်း ထိုးဖောက်ရန် ကြိုးစားရင်း အချိန်ကုန်ခဲ့ပြီး ထိရောက်သည့် ထိုးဖောက်မှုများ နည်းပါးခဲ့သည်။ ပွဲချိန် (၄၃)မိနစ်တွင် ဆောက်သမ်းတို့ ဂိုးရရန် နီးစပ်သည့် အခွင့်အရေး တစ်ကြိမ် ရခဲ့ပြီး ဇင်မျိုးဝင်း၏ ပြစ်ဒဏ်ဘော ကန်ချက်ကို အောင်မင်းခန့် တားဆီးမှု မသပ်ရပ်သောကြောင့် လျှံထွက်လာသည်ကို ဇော်ခါး ပြေးပိတ်ခဲ့သော်လည်း ဂိုးဘေးထွက်ခဲ့သောကြောင့် ဆောက်သမ်းတို့ နစ်နာခဲ့ရသည်။ 


ပထမပိုင်းတွင် ဆောက်သမ်းကို ဂိုးမရှိ သရေသာ ကစားနိုင်ခဲ့သည့် ဧရာဝတီတို့ ဒုတိယပိုင်း စပြီး မကြာမီမှာပင် အဖွင့်ဂိုး ရခဲ့သည်။ ဆောက်သမ်း နောက်ခံလူများ အာရုံစူးစိုက်မှု လျော့ကျနေသည်ကို အခွင့်ကောင်း ယူကာ ပွဲချိန် (၄၇)မိနစ်တွင် ဒေါမနစ်က ဧရိယာအစပ်မှ အပြင်းကန်သွင်း ခဲ့ခြင်း ဖြစ်သည်။ ပွဲချိန် မိနစ်(၅၀)တွင် ဆောက်သမ်းတို့ ဂိုးသွင်းခွင့် တစ်ကြိမ် ရခဲ့ပြန်သည်။ ရဲအောင်နှင့် ရဲထွန်းနိုင်တို့၏ တွဲလုံးမှ ရဲအောင် ဧရိယာအတွင်း လွတ်လွတ်ကျွတ်ကျွတ် ကန်ခွင့် ရခဲ့သော်လည်း စိတ်လောနေခဲ့ သောကြောင့် ဂိုးပေါက် လွဲချော်သွားခဲ့သည်။ ပွဲချိန် (၆၄)မိနစ်တွင် ဧရာဝတီတို့ ဂိုးရရန် နီးစပ်ခဲ့ပြီး ဒေါမနစ်၏ ပြစ်ဒဏ်ဘော ကန်ချက်ကို ပြည့်ဖြိုးအောင် အသည်းအသန် ပုတ်ထုတ်ခဲ့ရသည်။ ပွဲချိန် (၇၇)မိနစ်တွင်မူ ဧရာဝတီ အတွက် အနိုင်သေချာ စေမည့် ဒုတိယဂိုးကို လီအန်ဒရိုက သွင်းယူပေးနိုင်ခဲ့သည်။ ဆောက်သမ်း ကွင်းလယ်လူ ရဲထွန်းနိုင်၏ အမှားမှ ဒေါမနစ် ရရှိသွားပြီး ဖန်တီးပေးသည်မှ လီအန်ဒရိုက ဂိုးသမားနှင့် တစ်ဦးခြင်း အတွေ့တွင် အဝေးထောင့်သို့ လှလှပပ ဝေ့၀ိုက် ကန်သွင်းခဲ့ရာ ဆောက်သမ်းဂိုးသမား ပြည့်ဖြိုးအောင် မည်သို့မျှ ကာကွယ်နိုင်ခြင်း မရှိခဲ့ပေ။ 


ပထမပိုင်းတွင် ခြေရည်တူ ကစားနိုင်ခဲ့ သော်လည်း ဒုတိယပိုင်းတွင် (၂)ဂိုးထိ ခွင့်ပြုခဲ့ရသည့် ဆောက်သမ်းသည် ချေပဂိုးများ ပြန်လည် သွင်းယူနိုင်ရေး အတွက် တိုက်စစ်မြှင့် ကစားလာခဲ့သည်။ သို့သော် ဆောက်သမ်း တိုက်စစ် ကစားသမားများ အကြား နည်းလည်မှု နည်းနေခြင်း၊ အခွင့်အရေးများကို အသုံးမချ နိုင်ခြင်း၊ ဧရာဝတီ နောက်ခံလူများ စနစ်တကျ ကာကွယ် နိုင်ခြင်း တို့ကြောင့် ပွဲအပြီးတွင် ဆောက်သမ်းကို ဧရာဝတီက (၂-၀)ဂိုးဖြင့် အနိုင်ရခဲ့သည်။ 



ပွဲအပြီးတွင် လာရောက်အားပေးသော နိုင်ငံခြားသားများက ဧရာဝတီ ကစားသမား တစ်ဦးကို နှုတ်ဆက်နေပုံ

ပွဲအပြီး ဧရာဝတီအသင်း မန်နေဂျာနှင်. အသင်း၏အမာခံပရိသတ် Red Waves Fan Club Member အချို.

(Soccer Myanmar တွင် နိုင်ငံခြားသားများ၏ ဒုတိယပိုင်း သွင်းဂိုးများကြောင့် ဆောက်သမ်းကို ဧရာဝတီ အနိုင်ရ ဟူသောခေါင်းစဉ်နှင်. Admin အဖွဲ.ကရေးသားထားသော Post ကိုမူရင်းအတိုင်းကူးယူဖော်ပြ ခြင်းဖြစ်ပါသည် )

BY AUFC

 ၂၀၁၃ MNL ပထမရာသီဝက် နားချိန်တွင် ဧရာဝတီ အသင်းအနေဖြင်. အဆင်. ၅တွင် ရပ်တည်နေခဲ့သည်ဒုတိယရာသီဝက်ပွဲစဉ်များကို တစ်ပတ်ခန်.သာနားပြီး ပြန်လည်စတင်မည်ဖြစ် သည်။

No comments:

Post a Comment