တစ်ခါတုန်းက … အာသောကမင်းကြီး ဓမ္မာသောက မဖြစ်ခင်တုန်းကပေါ့။ ညီအစ်ကို ၉၉ ယောက်ကို သတ်ပြီး မင်းပြုခဲ့တဲ့မင်းကြီးဟာ ဘုရင်ဖြစ်ပြီးပြန်တော့လဲ ၄ နှစ်တိုင်တိုင် ပြည်တွင်းစစ်တွေ ကျူးကျော်စစ်တွေ ဆင်နွှဲနေခဲ့တယ်။ စစ်သွေးစစ်မာန်တွေနဲ့  ပြည့်ဝတောက်ပြောင်နေတဲ့ မင်ကြီးဟာမိမိကိုယ်ကို တောက်လောင်နေမှန်းတော့ မသိရှာပါဘူး..။ မင်ကြီးတိုက်ခဲ့သမျှတိုက်ပွဲတွေထဲမှာ မင်ကြီးဘက်က အထိအနာဆုံး၊ အသေအပျောက်အများဆုံးနဲ့  အကြာရှည်ဆုံးစစ်ပွဲကတော့ ကလိင်္ဂစစ်ပွဲပါပဲ..။ စစ်ပွဲပြီးလို့  ကလိင်္ဂတိုင်းက ပြန်လည်ကြွချီတော့ လမ်းတစ်လျှောက် လမ်းဘေးဝဲယာတွေမှာ ခြေပြတ်လက်ပြတ် အလောင်းတွေ ပြည့်လို့ နေတယ်လို့ ဆိုကြတယ်..။ဒီလိုပါပဲ မြစ်ချောင်းအင်းအိုင်တွေကလဲ သွေးရောင်လွှမ်းလို့  ချင်းချင်းရဲနေပါသတဲ့။
သွေးချောင်းစီးအောင်တိုက်ခဲ့တဲ့ အဲဒီကလိင်္ဂစစ်ပွဲ တိုက်နေစဉ် ၁ ရက်မှာပေါ့။ မင်းကြီးက တိုက်ပွဲတွေ တစ်ပွဲပြီးတစ်ပွဲတိုက်လို့  တစ်နယ်ပြီး တစ်နယ်သိမ်းနေခဲ့တယ်။ မိမိသိမ်းယူရရှိတဲ့နယ်တွေမှာ အစောင့်အနေအနည်းငယ်ထား.. ပြီးတော့ ရှေ့ဆက်ပေါ့။ တစ်နေ့ ရှေ့ဆက်ချီတက်တုန်း.. စစ်သားတွေအများကြီး ၀ိုင်းဝန်းတားဆီးနေတုန်း တပ်ထုကိုဖောက်လို့ ကလေးချီထားတဲ့ မိန်းမတစ်ယောက် မင်းကြီးဆီ အတင်းတိုးဝင်လာတယ်..။ မင်းကြီးလဲ ယောက်ျားရင့်မာကြီးတွေတောင်.. ကုန်ကုန်ပြောရင် မိမိစစ်ဗိုလ်ချုပ်ကြီးတွေတောင် အကြာင်းအရာ တစ်ခုကို သံတော်ဦးတင်လျှောက်ထားဖို့  မ၀ံ့ရဲကြ၊ အနားမလာဝံ့ကြတဲ့ မိမိလိုဘုရင်မျိုးထံသို့  ၀ံ့ဝံ့စားစားဝင်ဖို့ ကြိုးစားနေတဲ့ အမျိုးသမီးကို ၀င်ခွင့်ပေးလိုက်တယ်။
အမျိုးသမီးကြီးကတော့ မကြောက်ပါဘူး..။အသက်နှင့် ထပ်တူပင်ဖြစ်သော မိမိသားကလေးမရှိတော့တဲ့ ဘ၀မှာ ဘာကိုကြောက်နေရဦးမှာလဲ..။ဘေးကစစ်သားတွေကို ရှိတယ်မျှမထင်သလို တစ်ချက်ဝေ့မကြည့်ဘဲ.. မင်ကြီးမျက်နှာကို တည့်တည့်ကြည့်လို့ လျှောက်ထားတယ်..။ “အရှင်မင်းကြီး.. ကျွန်တော်မျိုးမ သားသေအမေပါဘုရား..အရှင်မင်းကြီးရဲ့ စစ်သူကြီး တစ်ဦးလက်ချက်နဲ့  ကျွန်တော်မျိုးမသားငယ်.. သေဆုံးခဲ့ရပါပြီ.။ ကျွန်တော်မျိုးမ အသက်ထက်တန်ဖိုးထားရတဲ့.. ကျွန်တော်မျိုးမ အသဲနှလုံးနဲ့ ထပ်တူဖြစ်တဲ့ သားကို.. အရှင့်စစ်သူကြီး တစ်ဦးက ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပါပြီ။ အရှင်တို့ ရဲ့  အာဏာအတွက် စတေးခဲ့ကြရတဲ့ အသက်ပေါင်းများစွားထဲမှာ ကျွန်တော်မျိုးမ သားငယ်လေး မပါထိုက်ပါဘူးဘုရား..။ သူက လူမမယ်လေးပါ.. ဘာကိုမှ မသိသေးတဲ့ ငယ်ငယ်ရွယ်ရွယ် လူမမယ်လေးပါဘုးရား..။”
“ မိန်းမငယ်.. စိတ်မပူနဲ့ .. ငါသည်စစ်ဘုရင်ဖြစ်သော်လည်း တရားမမဲ့စေရ။ ငါစစ်တိုက်တာ ရန်သူကိုသာတိုက်တယ် .. ပြည်သူကို မတိုက်။ ငါ့စစ်ကြောင့် နစ်နာခဲ့ရတဲ့ ပြည်သူတို့ ရဲ့  အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကားကွယ်ပေးဖို့  ငါ့မှာတာဝန်ရှိတယ်။ ရန်သူကို သတ်သောလက်သည် တပ်သားကလေးပင် ဖြစ်လင့်ကစား.. ဂုဏ်ထူးဆောင်လက်မည်တယ်.. ပြည်သူကို သတ်သောလက်ကား စစ်သေနာပတိချုပ်ပင်ဖြစ်စေကာမူ ယုတ်မာသောလက်၊ ကျေးဇူးကန်းသောလက်ပဲ။ ကေးဇူးကမ်းတတ်သော လက်ကို ဆက်ထားက ကျေးဇူးမဲ့တွေကို လုပ်လိမ့်မယ်.. တိုင်းပြည်ပျက်စီးကြောင်းတွေကို စီမံလိမ့်မယ်.. မိန်းမငယ်.. သင်စိတ်မပူလင့် သင့်ရှေ့တွင်ပင် ငါတရားစီစဉ်အံ့။ သင့်သားအား အသက်ကုန်စေသောသူကို သင်ကိုယ်တိုင်ပြလော့”
အာသောက မင်းကြီးလည်း မိမိ၏စစ်သူကြီးများ စစ်သားများကို တန်းစီစေ၍ သားသေအမေကို ကြည့်စေတယ်။အမျိုးသမီးလည်း အခိုးများထ၍ တင်းမာသော မျက်ဝန်းအစုံဖြင့် စစ်သားတစ်ဦးချင်းစီ၏ မျက်နှာကို စေ့စေ့ကြည့်လေတော့ မိမိတို့ အရှင်၏အကြောင်းကို သိပြီးဖြစ်သော စစ်သားတို့ သည် အမျိုးသမီးကို စေ့စေ့မျှပင်ပြန်မကြည့်ရဲကြပေ။ မိမိကို လက်ညှိုးထိုးလိုက်ရင်တော့ ဟုတွေး၍ ကြောက်ရွံ့ နေကြတယ်။ အမျိုးသမီးလည်း တစ်နေရာအရောက်.. စစ်သူကြီးတစ်ယောက်ကို ခပ်တင်းတင်းကြည့်ရင်း.. ထိုစစ်သူကြီး၏ ဓါးလွယ်အတွင်းမှ ဓါးကိုရုတ်တရတ်ဆွဲထုတ်ပြီး.. မိမိရင်ဘတ်ကို ထိုးစိုက်လိုက်တော့တယ်..။
မြေပြင်ပေါ် ဒူးထောက်ကျသွားရင်း.. အနီးမှာရောက်လာတဲ့ အာသောကဘုရင်ကို မော့ကြည့်လိုက်တယ်..။ဘုရင်ကြီးက နားမလည်နိုင်စွာကြည့်ရင်း.. “ဘယ်လိုလုပ်လိုက်တာလဲ မိန်းမငယ်.. နင့်တရားကို ငါစီမံတာမမျှတနိုင်ဘူးလို့ ထင်လို့ လား..”
“ မဟုတ်ပါဘူး.. အရှင်.. ကျွန်တော်မျိုးမ ပြောပြီးပါပြီ.. ကျွန်တော်မျိုးမ အသက်သည် သားမရှိဘဲရှင်နေလဲ အဓိပ္ပါယ်မဲ့ ရှင်သန်ခြင်းသာ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အဲဒီစစ်သားရဲ့ အမေကတော့ အဓိပ္ပါယ်ရှိသော ဘ၀တစ်ခုပိုင်ဆိုင်နေ ပါသေးတယ်ဘုရား..။သားသေအမေရဲ့ မျက်ရည်.. မြေထပ်မကျစေချင်တော့ပါဘူး… အရှင်မင်းကြီး”
ရေးသားသူ- လင်းရွှေခယ်
No comments:
Post a Comment