Monday, May 27, 2013

အာဆီယံ ဂီတပွဲအပြီး ကျားပေါက် နဲ. အင်တာဗျုး


Big Bag အဖွဲ့မှ လူငယ်ကြိုက်တေးသံရှင် တစ်ဦးဖြစ်သူ ကျားပေါက် (ဟန်ထူးလွင်) နှင့်တွေ့ဆုံပြီး Blood Sugar Politik Band ဖြင့် သူသွားရောက်ဖျော်ဖြေခဲ့သော အာဆီယံဂီတဖျော်ဖြေပွဲ အတွေ့အကြုံများ၊ သူရေးဖွဲ့ထားသော ကိုယ်ပိုင်သံစဉ် အင်္ဂလိပ်သီချင်းများ အကြောင်း၊ ဂီတလောကတွင် အသံပိုကျယ်လာသည့် မူပိုင်ခွင့်နှင့် ပတ်သက်ပြီး သူ့အတွေး၊ သူ့အမြင်များကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။

Voice : ဗီယက်နမ်နိုင်ငံမှာ သွားရောက်ဖျော်ဖြေ ခဲ့တဲ့ အာဆီယံဂီတပွဲတော် အတွေ့အကြုံလေး ပြောပါဦး။

HHL : ဒီပွဲက အဆင်ပြေပါတယ်။ အရမ်းကြီး ကိုယ်ဘယ်လောက် အဆင်ပြေလာတယ်လို့ ကိုယ့်ဟာကိုယ် ပြန်ပြောရတာလည်း မကောင်းဘူး။ ကျွန်တော်တို့ ဒီပွဲမှတ်တမ်း ဗီဒီယိုတွေကို Social Websites တွေမှာ တင်ထားပါတယ်။ Youtube မှာလည်း ရှိတယ်။ ကျွန်တော့် Fan Page မှာလည်း ရှိတယ်။ အဆင်ပြေလာပါတယ်။ ကျွန်တော်တို့အဖွဲ့ကို တော်တော်လေးလည်း စိတ်ဝင်စားကြတယ်။

Voice : ဒီပွဲမှာ ဖျော်ဖြေခွင့်ရဖို့ ဘယ်လို ချိတ်ဆက်ခဲ့ရလဲ။

HHL : ဒီပွဲမှာ ဆိုဖြစ်သွားတာက ဒီလိုဗျ။ ဒီပွဲက ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့မှာ လုပ်မလို့။ အဲဒီအချိန်က ကျွန်တော်တို့ဆီက သင်္ကြန်ပွဲတော်နဲ့ တိုက်နေတယ်။ အဲဒီရက်မတိုင်ခင် ကျွန်တော်တို့က သူတို့ကို အခွေတွေ၊ ဗီဒီယိုတွေ၊ Profile တွေ လှမ်းပို့ပေးရတယ်။ အဲဒီအခါ သူတို့က ဆိုခွင့်ပေးမယ်၊ တခြားဘယ်နိုင်ငံတွေ ပါမယ်၊ ဆိုခွင့်ရမယ့်နေ့တွေ ပြန်ပြောပါ့မယ်ဆိုပြီး အကြောင်း ပြန်တယ်။ ဒါပေမဲ့ ဆိုရမယ့်ရက်က သင်္ကြန်ရက်ကြီး ဖြစ်နေတယ်။ သင်္ကြန်ကတော့ ဘယ်လိုမှ မသွားနိုင် ဘူးလေ။ S.I.R နဲ့ ဆိုရမယ့်ပွဲကလည်း ရှိနေတယ်။ ကျွန်တော်တို့ကို ကြားထဲက ဆက်သွယ်ပေးတာက ကျွန်တော်တို့ရဲ့ သူငယ်ချင်း အန်း ဆိုတာ ရှိတယ်။ သူက ဟိုဘက်ကို ခွေတွေပို့ပေးတယ်။ ချိတ်ဆက်ပေးတယ်။ သွားတဲ့အခါမှာလည်း မန်နေဂျာတစ်ယောက်လိုမျိုး စီစဉ်ပေးတယ်။ သင်္ကြန်တွင်းမှာ ကျွန်တော်တို့ မဆိုနိုင်ဘူးဆိုတော့ သူတို့ဘက်က ခဏစောင့်ရင်း အချိန်ရွှေ့လိုက်တာ။ သူတို့က ကျွန်တော်တို့ကို ဆိုစေချင်ခဲ့တဲ့ သဘောလည်းပါတယ်။

Voice : ဒီပွဲမှာ သီချင်းဘယ်နှပုဒ်လောက်နဲ့ ဖျော်ဖြေခဲ့လဲ။

HHL : ဒီပွဲကို ကျွန်တော် Big Bag အနေနဲ့ သွားတာမဟုတ်ဘူးဗျ။ ကျွန်တော် နောက်ထပ် သတ်သတ်ဖွဲ့ထားတဲ့ Blood Sugar Politik Band အနေနဲ့ သွားတာ။ ဒီ Band နဲ့ ထွက်ထားတဲ့ ပထမခွေထဲက သီချင်း ၁၂ ပုဒ်မှာ ၁၀ ပုဒ်ဆိုခဲ့တယ်။ Blood Sugar Politik ရဲ့ နောက်ထပ်ထွက်မယ့် ခွေထဲက လေးပုဒ်လောက်ဆိုတယ်။ ဆိုပြီးသွားတော့ ကျွန်တော် တို့ကို ပေးမဆင်းဘူး။ Break လုပ်ခိုင်းပြီး နောက်တစ် ခေါက်တက်ခိုင်းတော့ Big Bag ရဲ့ AD 3000 ခွေထဲက သီချင်းတွေဆိုခဲ့တယ်။ 

Voice : အာဆီယံဂီတပွဲတော်မှာ ကိုယ်နဲ့အတူ ဖျော်ဖြေခဲ့တဲ့ နိုင်ငံတွေက Band တွေရဲ့ ဂီတပုံစံတွေက မြန်မာနိုင်ငံက Band တွေနဲ့ ဘယ်လိုကွာလဲ။

HHL : ကွာတယ်ဗျာ။ သူတို့က အဆို (Vocal) ကို သိပ်ဦးစားမပေးတော့တဲ့ အပိုင်းတွေ ဖြစ်လာတယ်။ အဲဒီပွဲမှာ တီးလုံးကို အသားပေးတဲ့ (Instrumental Band) နှစ်ဖွဲ့ပါတယ်။ Dream Theatre အဖွဲ့တို့လို အဆို (Vocal) မပါဘူး။ အတီးကိုပဲ ဦးစားပေးကြတယ်။ နောက် စင်ကာပူက အဖွဲ့တွေလည်း ကောင်းတယ်။ သူတို့အကုန်လုံးနဲ့ ကျွန်တော်တို့သူငယ်ချင်းတွေ ဖြစ်လာတယ်။ တော်တော်ပျော်ဖို့လည်း ကောင်းတယ်။ 

Voice : အခုသွားတဲ့ အာဆီယံဂီတပွဲတော်က မူပိုင်ခွင့်ကို ခေါင်းစဉ်တပ်ပြီး လုပ်တာဆိုတော့ ဒါနဲ့ ပတ်သက်ပြီး ဘာတွေလေ့လာခဲ့ရလဲ။

HHL : မူပိုင်ခွင့် ကျွန်တော်တို့တစ်နိုင်ငံတည်း အားနည်းတာ မဟုတ်ဘူး။ အရှေ့တောင်အာရှမှာ ဖွံ့ဖြိုးဆဲနိုင်ငံလို့ သူတို့သတ်မှတ်ထားတဲ့ နိုင်ငံတွေက Intellectual Property Right (ဉာဏပစ္စည်းမူပိုင်ခွင့်) နဲ့ပတ်သက်ပြီး အရမ်းအားနည်းတဲ့ အထဲမှာ ပါတယ်။ သူတို့က ဘယ်လိုလုပ်လဲ ဆိုတော့ ကျွန်တော်တို့ဆိုခဲ့တာတွေ အကုန်လုံး၊ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေ၊ သီချင်းတွေ အကုန်လုံး မှတ်တမ်းတင်ထားတယ်။ အဲဒါတွေကို အွန်လိုင်းမှာ ဘယ်လောက်မှမရှိတဲ့ ဈေးလေးနဲ့ ပိုက်ဆံ ပေးပြီး Download လုပ်တတ်အောင် လုပ်ပေးထားတယ်။ အခု မေလ ၁၈ ရက်နေ့ကစပြီး ဒါတွေကို အွန်လိုင်းမှာ စတင်ထားတယ်။ သူတို့က ဈေးပေါပေါနဲ့ Link လေးတွေရောင်းတယ်။ အဲဒီ Link ကနေပြီး သီချင်းတွေ၊ ဓာတ်ပုံတွေကို Download ဆွဲလို့ရတယ်။ သူတို့က မူပိုင်ခွင့်နဲ့ ပတ်သက်ပြီး ပညာပေးချင်တာ။ သူတို့လုပ်တဲ့ ပုံစံလေးက တော်တော်ကောင်းပါတယ်။ ပေါ့ပေါ့ပါးပါးကနေ စလုပ်တဲ့ သဘောပေါ့။ iTunes တို့ ဘာတို့ကနေ ကိုယ်တိုင် ပိုက်ဆံပေးပြီး ဝယ်တာလောက် ကိုတော့ မပြောနဲ့ဦး။ ဒီနိုင်ငံအတွင်းမှာပဲ Website လေးတစ်ခု လုပ်ပေးပြီးတော့ Download ဆွဲတတ် အောင်၊ အနုပညာရှင်တွေရဲ့ Rights တွေကို တန်ဖိုးထား တတ်အောင် လုပ်ပေးထားတယ်။ 

Voice : မြန်မာနိုင်ငံမှာ မကြာခင် အသက်ဝင်တော့မယ့် မူပိုင်ခွင့်ဥပဒေအပေါ် ကျားပေါက်အမြင်က ဘယ်လိုရှိလဲ။

HHL : လူတွေရဲ့ စိတ်ဓာတ်တွေကို ပြင်ဆင်ထား ရမယ်။ မူပိုင်ခွင့်နဲ့ ပတ်သက်လို့ကတော့ ကိုယ့်သီချင်းကို ကိုယ်အရမ်း တန်ဖိုးထားပြီး သူများသီချင်းကို လုပ်ချင်ရာလုပ်ပစ်တဲ့ စိတ်ဓာတ်တွေကို ပြင်ရမယ်။ အဲဒါ ဘယ်သူ့ကိုမှ ရည်ရွယ်ပြီး ပြောခြင်းမဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒါမျိုးတွေရှိတာ သေချာတယ်။

Voice : ကိုယ်ပိုင်သံစဉ် အင်္ဂလိပ်သီချင်းတွေကို ကျားပေါက် ဘယ်အချိန်လောက်က စရေးဖြစ်တာလဲ။

HHL : စရေးဖြစ်တာက ၂၀၀၂-၂၀၀၃ ခုနှစ်၊ ကျွန်တော် ကျောင်းတက်နေတုန်းအချိန်၊ ဒုတိယနှစ် လောက်မှာပေါ့။ ဒါပေမဲ့ အဲဒီတုန်းက သီချင်းတွေက Perfect မဖြစ်သေးဘူး။ အဲဒီတော့ တီးလိုက် သွင်းထား လိုက်နဲ့ပေါ့နော်။ ခုလောက်ကျမှ ထုတ်လို့ရတဲ့ အနေ အထားရောက်လာတာပါ။ 

Voice : Big Bag အနေနဲ့က အောင်မြင်နေပြီလေ။ အခု Blood Sugar Politik ဆိုပြီး Band သတ်သတ်ဖွဲ့ထားတော့ ဒီအဖွဲ့နဲ့က ကျတော့ ဘယ်အခြေ အနေအထိ ရောက်အောင်လုပ်မယ် စိတ်ကူးထားလဲ။

HHL : ကျွန်တော်က လုပ်တာတော့ လုပ်နေမှာပါပဲ။ အခု Big Bag ရော၊ S.I.R ရော လုပ်နေသလို ဒီအဖွဲ့နဲ့လည်း လုပ်လို့ရသလောက် လုပ်သွားမှာပေါ့နော်။ ရောပြီးလုပ်လို့ရရင် Big Bag ဆိုပြီး Project တစ်ခုထဲနဲ့ အတူတူပေါင်းပြီး လုပ်ချင်တာ။ ရောလို့မရလို့ဗျ။ ဒီ Blood Sugar Politik နဲ့က ကိုယ်စမ်းသပ်ချင်တာတွေ တအားများတော့ ကျွန်တော်တို့က Side Project အနေနဲ့ လုပ်လိုက်ရတာ။ လုပ်လို့ရသလောက်တော့ လုပ်နေမှာပဲ။ ဘယ်အတိုင်းအတာအထိ အောင်မြင်မလဲ ဆိုတာတော့ ပေးလာတဲ့ အခြေအနေပေါ်မှာ မူတည်တယ်။

ဒီခွေတွေဖြန့်တာ စီးပွားရေးပိုင်း မပါဘူးဗျ။ ကမ္ဘာအနှံ့ဖြန့်လို့ရတဲ့ ပိုက်ဆံကိုလည်း မလိုချင်ဘူး။ အဓိက ကတော့ ကျွန်တော်တို့သည် လုပ်နိုင်တယ်၊ ဒီမှာလုပ်နေတဲ့ သူတွေရှိတယ်ဆိုတာ ပြချင်တယ်။ နောက် ကျွန်တော့် သမီးလေး ကြီးလာတဲ့အခါ ဒါတွေက ငါ့အဖေလုပ်ခဲ့တာ တွေဆိုပြီး သူပြန်ကြည့်ပြီး ဂုဏ်ယူစေချင်တယ်။ ကျွန်တော်တို့မှာ ရည်မှန်းချက် ကြီးကြီးမားမားတွေ မရှိပါဘူး။ လုပ်လို့ရတဲ့အထိ လုပ်နေတဲ့သဘောပါ။

Voice : Blood Sugar Politik အဖွဲ့ရဲ့ခွေကိုရော ဘယ်လိုပုံစံနဲ့ ဖြန့်ထားလဲ။ 

HHL : ဒီခွေကို ကျွန်တော် iTunes တစ်ကမ္ဘာ လုံးကို ဖြန့်ထားတာဗျ။ iTunes ကနေ တစ်ကမ္ဘာလုံး Download လုပ်လို့ရတယ်။ ဒီခွေက ဒီမှာဖြန့်ထားသလို အခု ဗီယက်နမ်မှာလည်း ကျွန်တော်တို့ အခွေကို တင်ဖို့ ပြောထားတဲ့ လူတွေလည်း ရှိတယ်ဗျ။ ကျွန်တော်တို့ရဲ့ ဘက်က နောက်ထွက်မယ့် ခွေနဲ့အတူ ပထမခွေ CD တွေပါ ပေါင်းပြီးပို့ပေးဖို့ ပြောထားတာတွေရှိတယ်။

Voice : ကျားပေါက် နောက်ဆုံးထွက်ထားတဲ့ စီးရီးရဲ့ ဗီစီဒီရော ရိုက်နေပြီလား။ 

HHL : အဲဒီအကြောင်းကလည်း ပြောရရင် အရမ်းရယ်ရတယ်။ ဒီခွေရဲ့ ပရိုဂျူဆာဖြစ်တဲ့ ကိုလေးဖြူ နဲ့ ကျွန်တော်က သူအားတဲ့အချိန်ဆို ကျွန်တော်က ရန်ကုန်မှာမရှိဘူး။ ကျွန်တော် ရန်ကုန်မှာ ရှိတဲ့အခါ ကျတော့ သူက အမေရိကကို ဖျော်ဖြေရေးခရီး သွားနေရတယ်။ ကိုလေးဖြူက တစ်ခါတလေဝင်ပြီး အကြံဉာဏ် ပေးတတ်တော့ ကျွန်တော်တို့က သူ့ကိုပြန်စောင့်နေတဲ့ သဘောပါ။ ကျွန်တော်တို့အချင်းချင်းက နားလည်တယ်။အပြင်က ပရိသတ်ကတော့ မထွက်သေးဘူးလား လို့ မေးကြတာပေါ့နော်။ အခုတော့ ဗီစီဒီကို အပြီးသတ်ဖို့ လုပ်နေတယ်။ နောက်ထပ်ထွက်မယ့် ခွေအတွက် သီချင်းတွေကလည်း အဆင်သင့်ပဲ။ တီးသာ မတီးသေးတာ။ Blood Sugar Politik ကိုလည်း အချိန်နည်းနည်း ပေးချင်လို့ပါ။

By The Voice Weekly @ Thit Htoo Lwin


ဆက်စပ်ဖတ်ရှု၇န် - ကျားပေါက်တို.ရဲ. အာဆီယံ ဂီတပွဲ အတွေ.အကြုံ 
အာဆီယံ ဂီတပွဲသွားမယ်. ဟန်ထူးလွင် 

No comments:

Post a Comment