Monday, May 6, 2013

ယိုးဒယား-မြန်မာ နယ်စပ်က ကျွန်းသုံးကျွန်း ပြဿနာ ပြန်စမည်လော

 
ထိုင်းတပ်မတော်အကြီးအကဲ Prayuth Chan-ocha

 ထိုင်း-မြန်မာ နှစ်ဦးနှစ်ဖက် မည်သူမျှ အသုံးပြုခြင်းမပြုရန် သဘောတူ ထားသော အငြင်းပွား ကျွန်းစုငယ်သုံးခု ပြဿနာကို အစပြန်ဖော် လိုက်သည့် ထိုင်းနိုင်ငံသား များကို ထိုင်းတပ်မတော် အကြီးအကဲ ဖရာယွတ်ချန်အိုချာက ပြစ်တင်လိုက်သည်။ ယင်းကျွန်းစု ငယ်များ ပေါ်တွင် တရားမဝင် လုပ်သားများကို ထိုင်း လူမျိုးများက ဝှက်ထားပြီးနောက် ယင်းပြဿနာ ပြန်လည် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ထိုင်း-မြန်မာ ရေပိုင်နက် ထိစပ်နေရာတွင် တည်ရှိသော ခွန်လမ်၊ ခွန်ခမ်နှင့် ခွန်ခီနော့ အမည်ရသော ကျွန်းစုငယ်များ ပေါ်သို့ ထိုင်းလူမျိုး များကို မြန်မာအစိုးရက ဝင်ရောက်ခွင့် တားမြစ် ထားကြောင်း မြို့နယ်အဆင့် ထိုင်း-မြန်မာ နယ်စပ်စောင့် ကြည့်ရေး ကော်မတီမှ မြန်မာ ကိုယ်စားလှယ် များက ဧပြီလ ၂၇ ရက်နေ့တွင် ပြောကြားသည်။
ယင်းကျွန်းစု များသည် မြန်မာနိုင်ငံ ပိုင်နက်အတွင်း တည်ရှိကြောင်း ၁၉၃၉ခုနှစ်တွင် ဗြိတိသျှအစိုးရ ရေးဆွဲခဲ့သော မြေပုံကို အခြေခံပြီး မြန်မာနိုင်ငံ ဘက်က အခိုင်အမာ တောင်းဆိုထားသည်။ ယင်းကျွန်းများ အနီးတွင် မြန်မာနှင့်ထိုင်းသို့ လူမှောင်ခို ပို့ဆောင်နေသော ပွဲစားများ အသုံးပြု လေ့ရှိပြီး ကော့သောင်းမြို့ မြောက်ဘက်ရှိ ခမောက်ကြီးမြို့နယ်ခွဲ အတွင်း တည်ရှိနိုင်ကြောင်း ကော့သောင်း မြို့ခံတစ်ဦးက The Voice သို့ ပြောကြားသည်။
ယင်းကျွန်းစုငယ် ပြဿနာမှာ နှစ်ကာလ တာရှည် တည်ရှိခဲ့သည့် ပြဿနာတစ်ရပ် ဖြစ်ကြောင်း ဖရာယွတ်ချန်အိုချာ၏ ပြောကြားချက်ကို ထိုင်းအခြေစိုက် Bangkok Post သတင်းအင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။ ယင်းကျွန်းစုများကို နှစ်နိုင်ငံလုံးက အသုံးပြုမည် မဟုတ်ကြောင်း မြို့နယ်အဆင့် ထိုင်း-မြန်မာ နယ်စပ်စောင့်ကြည့်ရေး ကော်မတီ အစည်းအဝေးတွင် နှစ်နိုင်ငံလုံး က သဘော တူညီချက် ရယူထားသည်။
အထက်ပါအတိုင်း နှစ်ဖက်သဘော တူညီချက် ယူထားသော်လည်း ထိုင်း ရာဇဝတ်ဂိုဏ်း များက တရားမဝင် လုပ်သားများကို ကျွန်းစုငယ်များပေါ်တွင် ဝှက်ထားပြီး နောက်ပိုင်းတွင် ယင်းပြဿနာ ပြန်လည် အစပျိုးလာခြင်း ဖြစ်သည်။ "ကျွန်တော်တို့ နိုင်ငံသားတွေကိုပဲ အပြစ်ဆိုချင်ပါတယ်။ တခြား ဘယ်သူကိုမှ အပြစ်မတင် လိုပါဘူး။ သူတို့က မျိုးချစ်စိတ် မဲ့ကြတယ်။ သူတို့ကိုယ်ပိုင် အကျိုးစီးပွားက လွဲလို့ နိုင်ငံကို ထည့်မစဉ်းစား ကြဘူး" ဟု ဖရာယွတ် ချန်အိုချာက ဆိုသည်။
မြန်မာလူမျိုး များလည်း ယင်းပြဿနာ တွင် ပါဝင်ပတ်သက်မှု ရှိကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။ ထိုင်း-မြန်မာနှစ်နိုင်ငံလုံးက ယင်းကျွန်းစု ပြဿနာကို ဆွေးနွေးပြီး ကျွန်းပေါ်တွင် နေထိုင်သူများကို မောင်းထုတ်ရန် သဘောတူညီချက် ရယူထားပြီး ဖြစ်ကြောင်း ဖရာယွတ် ချန်အိုချာက ပြောကြားသည်။

Source ; The Voice Weekely
 

No comments:

Post a Comment