Thursday, June 26, 2014

မြန်မာအပြာကားတွေပဲ ထွက်လာမလား ၊ ၂၉၂ / ၂၉၃ နဲ.ပဲ ၀င်ရမလား

ညစ်ညမ်းစာရေးဆရာ အောင်ရင်ငြိမ်းရဲ့ အပြာစာအုပ် ရုပ်ရှင်ရိုက်မည့်သတင်း ဝေဖန်မှု မြင့်တက်

 



ရိုမန်ဘော့ထ်တွေရဲ့ ကမ္ဘာ အမည်ရှိ အပြာစာအုပ်ကို ရုပ်ရှင်ရိုက်ရန် ကမ်းလှမ်းလာသည့် သတင်းထွက်ပေါ်လာမှုအပေါ် ဝေဖန်မှုများ မြင့်တက်လျက် ရှိကြောင်း သတင်း ရရှိသည်။

မောင်နှင့်အမ၊ သားနှင့်အမိ မကြည့်ဝံ့၊ မဖတ်ဝံ့သော ညစ်ညမ်းစာပေ အမျိုး အစား ဖြစ်သည့် ရိုမန်ဘော့ထ်တွေရဲ့ ကမ္ဘာ စာအုပ်အား ရုပ်ရှင်ရိုက်ရန် ကမ်းလှမ်း လာကြောင်း အဆိုပါ စာအုပ်ရေးသားသူ ညစ်ညမ်းစာရေးဆရာ အောင်ရင်ငြိမ်း၏ ပြောကြားချက်အရ သိရသည်။

“ကဗျာဆရာ ခိုင်စိုးရဲ့ မိတ်ဆွေတစ်ယောက်က ကမ်းလှမ်းထားတာ။ ကျွန်တော် အေးဂျင့်ကို လွှဲထားတယ်” ဟု ညစ်ညမ်းစာရေးဆရာ အောင်ရင်ငြိမ်းက မီဒီယာတစ်ခုအား ပြောသည်။

အဆိုပါ စာအုပ်ကို ဗီဒီယိုရိုက်ကူးရန် ၀ယ်ယူပါက ဈေးနှုန်းမြှင့်တင်ရောင်းချမည် ဖြစ်ပြီး ရိုက်ကူးမည့် ဒါရိုက်တာ၊ မင်းသားနှင့် မင်းသမီးတို့အပေါ် မူတည်ပြီးမှသာ ရောင်းချသွားမည် ဖြစ်ကြောင်း ညစ်ညမ်းစာရေးဆရာ အောင်ရင်ငြိမ်းက ပြောသည်။

၃၆၀ ဝေဖန်ရေးဆရာ စည်သူအောင်မြင့်မှ စတင်ကြော်ညာပေးလိုက်ရာမှ တစ်ချီတည်း ပေါက်သွားခဲ့သော ရိုမန်ဘော့ထ်တွေရဲ့ ကမ္ဘာ အပြာစာအုပ်မှာ စာအုပ် အရောင်းဆိုင်များတွင် ပြတ်လတ်သွားသဖြင့် ကော်ပီကူးယူ၍ ပြန်လည် ရောင်းချရာတွင် ဈေးနှုန်း တစ်သောင်းအထိ ရောက်ရှိသွားခဲ့ကြောင်း သိရသည်။

အဆိုပါ အပြာစာအုပ်အား ပေါ်ပေါ်တင်တင် ရေးသားထုတ်ဝေခဲ့ခြင်းနှင့်ပတ်သက်၍ ရေငုံနှုတ်ပိတ် အသံမထွက်သော မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီကိုလည်း ဝေဖန်မှုများ ထွက်ပေါ်လာလျက် ရှိသည်။

“စာနယ်ဇင်း ကောင်စီက ဒီလိုကိစ္စမျိုးနဲ့ မဆိုင်ဘူးလား။ ကောင်စီဆိုပြီးတော့ ဖွဲ့ထားတာက ဟိုအော်ဒီအော် လုပ်ဖို့ပဲလား။ ဒီလို စာအုပ်မျိုးက ကလေးသူငယ်တွေကို အဆိပ်အတောက် ဖြစ်စေနိုင်တယ်။ စာနယ်ဇင်း ဆိုတာ လုံးချင်းစာအုပ်တွေနဲ့ မသက်ဆိုင်သလိုမျိုး မသိချင်ယောင်ဆောင်နေတာ တာဝန်မဲ့လွန်းတယ်။ အစိုးရ တာဝန်ရှိသူတွေအနေနဲ့လည်း ဒီလိုစာအုပ်မျိုးကို ရေးတဲ့သူရော၊ ထုတ်ဝေတဲ့သူကိုပါ ပြင်းပြင်းထန်ထန် အရေးယူဖို့ လိုပါတယ်။ ရုပ်ရှင်ရိုက်မယ် ဆိုတာကတော့ ဘယ်လိုမှ မဖြစ်သင့်တဲ့ ကိစ္စပဲ။ လူငယ်တွေကို အညွန့်ချိုးနေတာ။ ရုပ်ရှင်အစည်းအရုံးနဲ့ အစိုးရမှာ တားမြစ်ဖို့ တာဝန်ရှိတယ်” ဟု ၀ါရင့်စာရေးဆရာတစ်ဦးက ပြောသည်။

“ကျွန်မတို့မှာ ကလေးတွေ တန်းစီတဲ့အချိန်မျိုးတွေမှာ လွယ်အိတ်တွေကို စစ်ကြည့်တာမျိုး လုပ်ပါတယ်။ တစ်ခါတစ်လေမှာ ညစ်ညမ်းစာအုပ်တချို့ကို ကျောင်းလွယ်အိတ်မှာ တွေ့လိုက်ရရင် မိုက်ကနဲ ဖြစ်သွားရတယ်။ ကလေးတွေက ငယ်ကြသေးတယ်။ အဲဒီ စာအုပ်တွေ လက်လွှဲပြီး ဖတ်နေကြပြီ။ စိတ်ဓါတ်နဲ့ အကျင့်စာရိတ္တကို ထိခိုက်စေပါတယ်။ အခု အဲဒီလို စာအုပ်တွေကို စာအုပ်ဆိုင်တွေမှာ ပေါ်ပေါ်တင်တင် ရောင်းချလာကြပြီ ဆိုတော့ သိပ်ကို စိုးရိမ်မိပါတယ်။ ဒီမိုကရေစီ ဆိုပေမယ့်လည်း ကိုယ့်နိုင်ငံ၊ ကိုယ့် ယဉ်ကျေးမှုနဲ့ လိုက်လျောညီထွေ ဖြစ်ဖို့ လိုမယ် ထင်ပါတယ်။ ဒါမျိုးက ထိထိရောက် ရောက် အရေးယူနိုင်မှ တန်ကာကျမယ် ထင်ပါတယ်” ဟု အလယ်တန်း ကျောင်းဆရာမ တစ်ဦးက ဆိုသည်။

“ရုပ်ရှင်ရိုက်မယ် ဆိုတာကတော့ သိပ်ကို လွန်လွန်းသွားပြီထင်တယ်။ ရုပ်ရှင် အစည်းအရုံး ဆိုတဲ့ဟာတွေကလည်း ငွေရဖို့ တစ်ခုတည်းပဲ ကြည့်နေကြတယ် ထင်တယ်။ တချို့ဗီဒီယိုကားတွေဆိုရင် ညစ်ညမ်းတဲ့အခန်းတွေ ပါလာတယ် ပြောပါတယ်။ မလုပ်သင့်ပါဘူး။ လက်မခံသင့်ပါဘူး။ ဗီဒီယိုပဲ ဖြစ်ဖြစ် ရုပ်ရှင်ပဲ ဖြစ်ဖြစ် ပြင်းပြင်းထန်ထန် အရေးယူဖို့ ပြောချင်ပါတယ်” ဟု ယင်းကျောင်းဆရာမက ပြောသည်။

“မီဒီယာလွတ်လပ်ခွင့်ကျတော့ စားပိုးနင့်အောင် ယူတယ်။ သုံးတယ်။ အော်တယ်။ ဒီလိုမျိုး တစ်မျိုးသားလုံးရဲ့ စိတ်ဓါတ်နဲ့ အကျင့်စာရိတ္တနဲ့ဆိုင်တဲ့ကိစ္စကျတော့ မဆိုင်သလို နေနေကြတဲ့ စာနယ်ဇင်းကောင်စီ၊ အစိုးရတို့ကို ပြင်းပြင်းထန်ထန် ဝေဖန်ချင်ပါတယ်။ လုပ်ပါ။ အရေးယူပါ။ ပြင်းပြင်းထန်ထန် လုပ်ပါ။ ထောင်တွေဘာတွေ ချတဲ့အထိ လုပ်ပါ။ ဒဏ်ငွေလောက်နဲ့တော့ မဖြစ်ဘူး” ဟု အငြိမ်းစား ကျောင်းအုပ်ဆရာကြီးတစ်ဦးက ပြောသည်။

“ဘာဒီမိုကရေစီလဲ၊ ဘာလွတ်လပ်ခွင့်လဲ၊ ကလေးတွေထက် သူတို့ အနာဂတ်ထက် အရေးကြီးတာ မရှိတော့ဘူး။ အရေးယူကို ယူရမယ်” ဟု ၄င်းက ဆိုသည်။

အစိုးရပိုင်းမှ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနတို့က ညစ်ညမ်း စာရေးဆရာ၊ ထုတ်ဝေသူတို့ကို အရေးယူရန် ဆောင်ရွက်နေကြောင်းလည်း သတင်း ရရှိသည်။


PP™ @ ပြည်သူ.အာဏာ

 လိင်အသားပေး ထုတ်ဝေထားသည့် ‘ရိုမန်းဘော့စ်တွေရဲ့ ကမ္ဘာ’ စာအုပ်အား ရေးသားသူ၊ ထုတ်ဝေသူနှင့် ဖြန့်ချိသူများကို ရဲတပ်ဖွဲ့ စတင်စုံစမ်း

 စာပေလောက၊ လူမှုကွန်ရက် စာမျက်နှာများနှင့် ပြည်သူအများစုကြားတွင် ဝေဖန်မှုများ ထွက်ပေါ်နေသည့် “ရိုမန်းဘော့စ်တွေရဲ့ ကမ္ဘာ” စာအုပ်အား ရေးသားသူ၊ ထုတ်ဝေသူနှင့် ဖြန့်ချိခဲ့သူများကို ရဲတပ်ဖွဲ့မှ စတင်စုံစမ်း နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အဆင့်မြင့် ရဲအရာရှိတစ်ဦးက ဇွန် ၂၅ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

“ဒီစာအုပ်ကို ရေးသားတဲ့ အောင်ရင်ငြိမ်းက ကျောက်တံတားမြို့နယ်မှာနေလို့ သွားရောက်စုံစမ်းတဲ့ အခါမှာ ၆ လပိုင်း ၁ ရက်နေ့ကစပြီးတော့ သာကေတဘက်မှာ ပြောင်းရွှေ့နေထိုင်နေတယ်လို့ သိရတယ်။ သူ့ကိုလည်း ရှာဖွေနေတယ်။ ဒါ့အပြင် ထုတ်ဝေသူရော၊ ဖြန့်ချိတဲ့လူတွေကိုရော စုံစမ်းနေတယ်။ စစ်ဆေးပြီးရင်တော့ ဘယ်လို အရေးယူရမယ် ဆိုတာကို ဆုံးဖြတ်မယ်။ ပြီးရင် ဥပဒေအတိုင်း အရေးယူသွားပါမယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူ ဒုတိယရဲမှူးကြီးတစ်ဦးက ဆိုသည်။

ထို့အပြင် လူမှုကွန်ရက် ၀က်ဘ်ဆိုက်အချို့တွင် ညစ်ညမ်းစာပေများအပြင် ညစ်ညမ်းဓာတ်ပုံများကိုလည်း ရိုက်ကူးတင်ပြထားသည်ကိုလည်း တွေ့ရှိရသည်။

ညစ်ညမ်းဓာတ်ပုံ၊ စာပေများကို အရေးယူရန် ပြန်ကြားရေးဝန်ကြီးဌာန၊ စာနယ်ဇင်းကောင်စီနှင့် စာနယ်ဇင်းများက အဓိက လုပ်ဆောင်ရမည် မဟုတ်ဘဲ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရဲတပ်ဖွဲ့ကသာ စုံစမ်းဖော်ထုတ် အရေးယူရမည် ဖြစ်ကြောင်းကို ရာဇသတ်ကြီးနှင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပြဋ္ဌာန်းချက်များအရ သိရသည်။

ညစ်ညမ်းစာပေ၊ ညစ်ညမ်းဓာတ်ပုံများနှင့် ပတ်သက်၍ အရေးယူထောင်ချနိုင်ရန် ရာဇသတ်ကြီး၏ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၂ နှင့် ၂၉၃ တို့တွင် ပြဋ္ဌာန်းထားကြောင်း သိရသည်။

ယင်းပုဒ်မများသည် ၀ရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည့် ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများဖြစ်ကြောင်း ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၏ နောက်ဆက်တွဲဇယား၌ ပြဋ္ဌာန်းထားသဖြင့် ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ် အရေးယူရမည်ဖြစ်ကြောင်း သိရသည်။

Photo by ကဗျာလွယ်အိတ်များ
ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည့် ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများသည် ရဲတပ်ဖွဲ့က သတင်းရလျှင်ရချင်း လိုက်လံစုံစမ်း ဖော်ထုတ်နိုင်သည့် ပြစ်မှုပုဒ်မများဖြစ်ပြီး ပြည်သူတစ်ဦးဦးက ဖြစ်စေ၊ စာနယ်ဇင်းကောင်စီက ဖြစ်စေ တရားရုံးသို့ သွားရောက်ကာ ဦးတိုက်လျှောက်ထားရန် မလိုကြောင်း သိရသည်။

ညစ်ညမ်းဓာတ်ပုံများ ဖြစ်ပါက ဓာတ်ပုံအရိုက်ခံသည့်သူသာမက ဓာတ်ပုံရိုက်သည့် ဓာတ်ပုံဆရာ အပါအ၀င် ယင်းဓာတ်ပုံကို ဖြန့်ချိသူများပါ အထက်တွင်ဆိုခဲ့သည့် ပုဒ်မများအတိုင်း အရေးယူခံရနိုင်ကြောင်း သိရသည်။

ထို့အတူ ညစ်ညမ်းစာပေများ ဆိုပါကလည်း ရေးသူသာမက ထုတ်ဝေသူ ဖြန့်ချိသူများပါ အထက်တွင် ဆိုခဲ့သည့် ပုဒ်မများအတိုင်း အရေးယူခံရနိုင်ကြောင်း သိရသည်။

အဆိုပါ “ရိုမန်းဘော့စ်တွေရဲ့ ကမ္ဘာ” စာအုပ်မှာ ကျပ် ၂၅၀၀ မှ ကျပ် ၈၀၀၀ အထိ ဈေးနှုန်းမြင့်တက်ခဲ့ကာ ဈေးကွက်အတွင်း စာအုပ်များ ပြတ်လပ်သည်အထိ ရောင်းအားကောင်းခဲ့ကြောင်း စာပေအသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။

ပြည်တွင်း၌ ၂၀၁၄ ခုနှစ်အတွင်း မုဒိမ်းမှု ၈၈ မှု ဖြစ်ပွားခဲ့ပြီး မေလအတွင်း၌ မုဒိမ်းမှု ၅၃ မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်ရုံးမှ သိရသည်။

ဝင်းမြင့်ကျော် @ eleven media group

ဆက်စပ်ဖတ်ရှုရန်များ

No comments:

Post a Comment