Thursday, June 19, 2014

နိုင်ငံတော်သံဃာ.မဟာနာယက ၊ မဟာသန္တိသုခကျောင်းတိုက် နှင်. ပီနန်ဆရာတော် ဘဒ္ဒန္တပညာဝံသ ( ၁ )

ကျွန်တော်တို. အနေဖြင်.တော. မဟာသန္တိသုခကျောင်းတော်ကြီး၏ ၂၀၁၄ ဇွန်လ ၁၀ ရက်နေ.ညမှသည် နောက်ဆက်တွဲ ကိစ္စရပ်များအထိကို ယခုမျှအထိ မဖြစ်သင်.သော ကိစ္စများဟုတော. ယေဘူယျဆန်ဆန် တွေးမိသည် ။သို.သော် ကိုယ်တိုင်က မကျွမ်းကျင်သော ဥပဒေရေးရာများ ၊ ၀ိနစ္ဆယ ရေးရာများ ၊ ၀ိနည်းဓမ္မကံ များမို. သေချာသုံးသပ်နိုင်စွမ်း မရှိပါ ။ ထို.အပြင်   ဆရာတော် သမားတော်များကို ဝေဖန်ညခင်းကိုလည်း အရာမဟုတ်ဟု ယူဆထားပါသည် ။  ထို.အပြင် ယခုကိစ္စရပ်များ မည်သူ.ကြောင်.ဖြစ်သည် ။ မည်သည်.အတွက်ကြောင်.ဖြစ်သည် ။ ယခုကိစ္စရပ်သည် Main Theme ဟုတ်/မဟုတ် ၊ယခုကိစ္စသည် ဖြစ်ရပ်တို.၏ အစ (သို.) အဆုံး ဖြစ်သည် ၊  မူရင်းရည်ရွယ်ချက် ကဘာဖြစ်နိုင်သည် ၊ ယခုကိစ္စရပ်၏ ဦးစီးဦးဆောင် အစစ် မည်သူဖြစ်သည် စသည်တို.ကိုလည်း တွေးတောမိလောက်သည်အထိ ဥာဏ်မမှီပါ ။

တစ်ခုပဲစိုး၇ိမ်သည်က ယခုဖြစ်ရပ်ကြောင်.မိမိတို.ဘာသာအပေါ် တပါးသူတို.ဝေဖန်အထင်သေးကဲ့ရဲ.ကြမည်ကိုလည်းကောင်း ၊ သံဃာတော်များအချင်းချင်း စိတ်ဝမ်းကွဲတော် မူကြမည်ကိုလည်းကောင်း ၊ ထေရ်ကြီး ၀ါကြီး နှင်. ၀န်ဆောင်ဆရာတော်ကြီးများ အပါအ၀င် သံဃာတော်များအပေါ် ( မည်သည်.ဘက်ကိုမဆို) လူသားတို.အနေဖြင်. ၀စီကံ ၊ မနောကံများ လွန်ကျုးမိခြင်း ရှိကြမည်ကိုလည်းကောင်း ၊ နိုင်ငံတော်အတွင်း တည်ငြိမ်မှုပျက်ပြား၍ မလိုလားအပ်သော အခြေအနေများပေါ်ပေါက်လာကာ ပညာရေး ၊စီးပွားရေး များအားလုံး ပျက်သုဉ်း ရပ်တန်.ကြရမည်ကိုလည်းကောင်း စိုးရိမ်မိပါသည် ။  ယခုကိစ္စရပ်နှင်. ပတ်သက်၍ဤBlog တွင်မူ   လက်လှမ်းမှီသမျှ တပါးသူတို.ရေးသားသမျှကို ဘက်ပေါင်းစုံ ၊ထောင်.ပေါင်းစုံမှ အတွေးအမြင် ၊ အရေးအသား အမျိုးမျိုးတို.ကို စုဆောင်းဖော်ပြပေးမည်ဖြစ်ပြီး ကိုယ်ပိုင်ယူဆမှုနှင်. ထင်မြင်ချက်များ လုံးဝပြုလုပ်မည် မဟုတ်ပါ ။ သမိုင်းမှတ်တမ်း တစ်ခုကို ကူညီပြုစု စုဆောင်းပေးခြင်းသာ ဖြစ်ပါသည် ။

ထိုညဖြစ်စဉ်နှင်.ပတ်သက်၍ Eleven Media Group တွင်အောက်ပါအတိုင်း June 11, 2014  က ဖော်ပြ ရေးသားခဲ့ပါသည် ။

မဟာသန္တိသုခကျောင်းတိုက်အား ၀င်ရောက်စီးနင်း၍ ကျောင်းတိုက်ရှိ သံဃာတော်များကို ခေါ်ဆောင်သွားသည်ကို ဇွန် ၁၁ ရက် နံနက် ၁ နာရီခန့်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့် )

တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်ရှိ ပီနန်ဆရာတော်ကြီး၏ မဟာသန္တိသုခ ကျောင်းတိုက်အား တိုင်းသံဃနာယက ဆရာတော်များ ဦးဆောင်၍ သာသနာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ သာသနာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တာဝန်စာတမ်းပါ လက်ပတ်အနီပတ်သူများ ပါဝင်၍ ဇွန် ၁၀ ရက် ည ၁၀ ခန့်မှ ၀င်ရောက်စီးနင်းခဲ့ကြောင်း သတင်းရရှိသည်။

“ဒီကိစ္စက ကြိုပြီးလုပ်တယ်လို့ ကျွန်တော်မြင်တယ်။ နေ့ခင်းကတည်းက မဟနက ထားပေးတဲ့ ဆရာတော်က သူ့အသုံးအဆောင်တွေ အကုန်ယူပြီး ထွက်သွားတယ်။ ဂေါပက၀င် တချို့ကလည်း မင်္ဂလာဆောင်မှာသုံးတဲ့ ပစ္စည်းတွေကို ည ၈ နာရီလောက်မှာ သယ်ထုတ်တယ်။ ဘာလို့ ရွှေ့နေတာလဲမေးတော့ သူတို့လည်း မသိဘူးလို့ ပြောတယ်။ ပြီးတော့ ည ၉ နာရီခွဲလောက်မှာ ရဲကားခြောက်စီးနဲ့ ၀ိုင်းလိုက်တယ်” ဟု အခင်းဖြစ်ပွားချိန်တွင် မဟာသန္တိသုခ ကျောင်းတိုက်အတွင်းရှိ နတ်ချောင်းရပ်ကွက်တွင် နေသူတစ်ဦးက ပြောကြားသည်။

ယခုဖြစ်ပွားသည့် ဖြစ်စဉ်မှာ မဟာသန္တိသုခကျောင်းတော်၏ ပဓာနနာယကဆရာတော် ပီနန်ဆရာတော်ကြီး ဂျပန်နိုင်ငံသို့ ဇွန် ၅ ရက်က သွားရောက်ခဲ့ပြီး ဂျပန်နိုင်ငံတွင်ရှိနေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် သုံးထပ်ကျောင်းတိုက် ဆရာတော် ဦးပညိန္ဒနှင့် အင်္ဂလန်ဆရာတော် ဦးဥတ္တရတို့က ဦးစီးနာယက ဆရာတော်အဖြစ် စောင့်ကြပ်နေခြင်းဖြစ်ကြောင်း သိရသည်။

“မဟာသံဃနာယကကပို့ထားတဲ့ ဆရာတော်က မွန်းလွဲ ၂ နာရီလောက်မှာ သူပိုင်တာတွေ အကုန်သိမ်းပြီး ကျောင်းတိုက်ကနေ ထွက်သွားပါတယ်။ ကျွန်မအနေနဲ့ ပီနန်ဆရာတော်ကြီးရဲ့ တပည့်ရင်း သံဃာတော်တွေကို နေ့ဆွမ်းကပ်နေရင်း သတိထားမိလိုက်တယ်။ ကျွန်မ ည ၈ နာရီခွဲလောက်မှ ကျောင်းတိုက်က ပြန်ခဲ့တာပါ။ ဒီလိုလုပ်တာက မတရားလုပ်တာပါ” ဟု မဟာသန္တိသုခကျောင်းတိုက်တွင် ပီနန်ဆရာတော်၏ တပည့်ရင်း သံဃာတော်များအား နေ့ဆွမ်းကပ်လှူနေသူ မမေသူက အခင်းဖြစ်ပွားရာ နေရာတွင် ပြောကြားသည်။

မဟာသန္တိသုခကျောင်းတော်အား စီးနင်းပိတ်သိမ်းရန် ည ၉ နာရီခန့်ကပင် တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်နှင့် နတ်ချောင်းရပ်ကွက်ရှိ အဝေရာလမ်းနှင့် ဓမ္မဒါနလမ်းများတွင် ရဲတပ်ဖွဲ့ဝင်များနှင့် ပိတ်ဆို့စောင့်ကြပ်ခဲ့ပြီး သံဃာတော်များအား ရွှေစင်စင်္ကြာယာဉ်လိုင်းမှ ယာဉ်များအပါအ၀င် အဝေးပြေးယာဉ် ခုနစ်စီးခန့်နှင့် လုံထိန်းရဲတပ်ဖွဲ့ယာဉ် ၁၀ စီးနှင့် မြို့နယ်တာဝန်ရှိသူများ ခြံရံစောင့်ကြပ်၍ ကမ္ဘာအေးကုန်းမြေသို့ ဇွန် ၁၁ ရက် နံနက် ၁ နာရီခန့်တွင် ခေါ်ဆောင်သွားခဲ့ပြီး တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များက ဖြေဆိုခွင့်မရှိကြောင်း၊ ဇွန် ၁၁ ရက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း ထိုအချိန်မှသာ မေးမြန်းစေလိုကြောင်း ပြောကြားသည်။

မဟာသန္တိသုခကျောင်းတော်၏ ရှေ့မျက်နှာစာတွင် မြို့နယ်နှင့် တိုင်းသံဃမဟာနာယကမှ ဆရာတော်များ လုံထိန်းရဲတပ်ဖွဲ့ဝင်များက ခြံရံစောင့်ကြပ်၍ သံဃာတော်များက ထီးများနှင့်ကာရံ၍ သတင်းမီဒီယာများ သတင်းယူမရရန်နှင့် သတင်းဓာတ်ပုံရိုက်မရရန် ကာရံထားခဲ့သည်။

“တရားရင်ဆိုင်နေချိန်မှာ ဘယ်သူမှ ဒီကျောင်းတော်မှာ နေလို့မရပါဘူး။ ဒါ့ကြောင့်မို့ ဒီကျောင်းတိုက်ကို ဒီနေ့ကစပြီး ချိပ်ပိတ်လိုက်ပါပြီ။ တရားနိုင်တဲ့သူက ဒီကျောင်းတိုက်ကို ပြန်ရမှာပါ” ဟု မဟာသန္တိသုခကျောင်းတော်၏ အ၀င်ဝတွင် ပိတ်ဆို့ထားသည့် ဆရာတော်များအား ဦးဆောင်သူဆရာတော်က မိန့်ကြားသည်။

မဟာသန္တိသုခကျောင်းတော်အား ပိတ်ဆို့ပေးခဲ့သူ ဆရာတော်များအား ဘွဲ့အမည်၊ ကျောင်းအမည်များအား မေးမြန်းရာ မည်သည့်ဆရာတော်ကမျှ တုံ့ပြန်ဖြေဆိုခြင်း မရှိသော်လည်း ထီးဖြင့်ကာရံထားသူ ဆရာတော်တစ်ပါး၏ထီးတွင် အရှင်ကောသလ္လ၊ အောင်မော်စံကျောင်းတိုက်ဟု ရေးသားထားသည်။

“ဒီနေ့ခေတ်မှာ ဒီလိုလုပ်တာက မတရားလုပ်တာပါ။ ဓမ္မစက်နဲ့ တရားမျှတစွာ ဖြေရှင်းရမယ့်အစား အာဏာစက်နဲ့ လုပ်တာပါ” ဟု ရွှေဝါရောင်ဆရာတော် ဦးပြည်ကျော်က မိန့်ကြားသည်။

မဟာသန္တိသုခ ကျောင်းတော်ကြီးအား စီးနင်းပိတ်သိမ်းရာ နေရာသို့ ဆရာတော်ကြီး၏ ဒါယိကာမ အရင်းဖြစ်သူ ရုပ်ရှင်သရုပ်ဆောင် ခင်သန်းနွယ်က “ဗုဒ္ဓဘာသာပြန့်ပွားရေး လုပ်ဆောင်နေသော ပီနန်ဆရာတော်ကြီး၏ မဟာသန္တိသုခကျောင်းတော်အား သဲပုံအဆင့်မှ ယခုကျောင်းတိုက်ဖြစ်လာအောင် အလှူခံ ဆောက်လုပ်ပေးခဲ့ကြောင်း၊ ဆရာတော်ကြီး ဂျပန်နိုင်ငံသို့ ရောက်ချိန်တွင် ယခုကဲ့သို့ အကြမ်းဖက် လုပ်ဆောင်ခြင်းမှာ တရားမျှတမှု မရှိကြောင်း၊ ယခုကဲ့သို့ ပြောဆိုမှုအတွက် ဖမ်းဆီးလိုပါက ဖမ်းဆီးနိုင်ကြောင်း”  ငိုကြွေးပြောဆိုသည် ။

ကမ္ဘာအေးကုန်းမြေသို့ ခေါ်ဆောင်သွားသည့် မဟာသန္တိသုခကျောင်းတိုက်မှ သံဃာတော်များအား ကျောင်းဆောင်တစ်ခုအတွင်း တွေ့ရစဉ်
ယင်းကဲ့သို့ ဖြစ်ပွားမှုအပေါ် အင်္ဂလန်ဆရာတော် ဦးဥတ္တရက “ဒီလို ဘာကြောင့်ဖြစ်တယ်ဆိုတာ မသိသေးပါဘူး။ ပြည်ပကို ရောက်နေတဲ့ ပီနန်ဆရာတော်ကြီးနဲ့ ဖုန်းအဆက်အသွယ်ရတယ်။ လက်ရှိမှာ ပီနန်ဆရာတော်ကြီးရဲ့ အသုံးအဆောင်တွေကိုလည်း လိုက်ထရပ်ယာဉ်ပေါ် တင်ဆောင်သွားတယ်။ ပီနန်ဆရာတော်ကြီးက ဒီကိစ္စကို သူမရှိတဲ့အချိန်မှာ လုပ်တဲ့အတွက် အကြမ်းဖက်တယ်လို့ ဆရာတော်ကြီးက မိန့်တယ်” ဟု ဇွန် ၁၁ ရက် နံနက် ၁ နာရီခွဲခန့်တွင် မိန့်ကြားသည်။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့နှင့် ပီနန်ဆရာတော်ကြီးတို့အကြား အငြင်းပွားလျက်ရှိသော မဟာသန္တိသုခကျောင်းတော်ကြီး ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရမှ ဖြေရှင်းပေးရန် ပီနန်ဆရာတော်ကြီးက ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက် ရက်စွဲဖြင့် နိုင်ငံတော်သမ္မတရုံးထံသို့ အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း မတ် ၄ ရက်တွင် ပြုလုပ်သည့် ကျောင်းတိုက်ပိုင်ဆိုင်မှုနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

ယင်းအကြောင်းကြားစာတွင် “နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သည် မဟာသန္တိသုခ ကျောင်းတော်ကြီးကို ရေစက်ချလှူ ဒါန်းခြင်းခံရသော သံဃာတော်များ မဟုတ်ပါ။ အဆိုပါ ကျောင်းတော်ကြီးကို သံဃနာယကအဖွဲ့သို့ အပ်နှံထားသည် ဆိုရုံမျှနှင့် သံဃနာယကအဖွဲ့ပိုင် ပစ္စည်းအဖြစ် သံဃိကကျောင်းအဖြစ် ရောက်ရှိခြင်းမရှိပါ။ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သည် မြန်မာနိုင်ငံ၏ သာသနာရေးတွင် အမြင့်ဆုံး ဓမ္မစက် အဖွဲ့အစည်း ဖြစ်ပါသည်။ သံဃနာယကအဖွဲ့နှင့် မဟာသန္တိသုခ ကျောင်းတော်ကြီးအကြား အငြင်းပွားမှုအပေါ် အစိုးရအဖွဲ့မှသာ ၀င်ရောက်ညှိနှိုင်း ဖြေရှင်းသင့်ပါသည်။ အစိုးရအဖွဲ့က ၀င်ရောက်ဖြေရှင်းခြင်း မပြုခဲ့ပါလျှင် မြန်မာနှင့် နိုင်ငံတကာရှိ ရဟန်းရှင်လူများနှင့် သာသနာတော်မြတ်ကြီး ညှိုးနွမ်းခြင်းနှင့် သံဃာတော်များ အချင်းချင်း ညီညွတ်မှု ပျက်ပြားသည်အထိ ဖြစ်ပေါ်လာနိုင်ပါသည်” ဟု  ဖော်ပြထားသည်



ထိုဖြစ်ရပ်ကို June 11, 2014 နေ.မှာပင် ဧရာဝတီ Blog တွင် အငြင်းပွားဖွယ်ကျောင်းကသံဃာတွေကို ဖယ်ရှားခြင်း   ခေါင်းစဉ်ဖြင်. ဤသို..ဖော်ပြခဲ့ပါသည် ။



  အငြင်းပွားဖွယ် ဖြစ်နေတဲ့ ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်က မဟာသန္တိသုခ ကျောင်းတိုက်ကို ပြီးခဲ့တဲ့ နာရီပိုင်းအတွင်းမှာ အာဏာပိုင်တွေ ၀င်ရောက် စီးနင်းပါတယ်။ ကျောင်းမှာ ရှိနေသူတွေကို ခေါ်ထုတ်သွားပါတယ်။ အဲဒီနေရာကို သွားရောက်ခဲ့တဲ့ ဧရာဝတီသတင်းထောက် ဂျေပိုင်က ဓာတ်ပုံတွေ ရိုက်ကူး ပေးပို့ထားပါတယ်။

ပုံတပုံမှာတော့ လမ်းလျှောက်စကားပြောစက်ကိုင်ထားတဲ့ရဟန်းတပါးကို တွေ့ရပါမယ်။

ကျောင်းကို ၀င်ရောက် စီးနင်းစဉ်မှာ လိုက်ပါခဲ့တဲ့ ရဟန်းလည်း ဖြစ်နိုင်ပါတယ်။
ဒီကျောင်းရဲ့ နောက်ဆက်တွဲဖြစ်ရပ်သတင်းတွေ စာနယ်ဇင်းတွေမှာ မကြာခင် ဆက်လက်ဖတ်ရှုရမှာဖြစ်ပါတယ်။
 






 ~

No comments:

Post a Comment