Tuesday, June 24, 2014

နိုင်ငံတော်သံဃာ.မဟာနာယက ၊ မဟာသန္တိသုခကျောင်းတိုက် နှင်. ပီနန်ဆရာတော် ဘဒ္ဒန္တပညာဝံသ ( ၃ )


ဇွန် ၁၀ ရက်ည ဖြစ်ရပ် နှင်. နောက်ဆက်တွဲ ကိစ္စရပ်များအပေါ် သံဃာ.မဟာနာယက ဆရာတော်အချို.၏ မိန်.ကြားချက်များ


Myanmar Post ဂျာနယ်ပါ " နိုင်ငံတော်သံဃမဟာနာယကကအဖွဲ့ ၄၇ ပါးအဖွဲ့ဝင် အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မ၏မိန့်ကြားချက်"
----------------------------------------------
အငြင်းပွားမှုဖြစ်ပွားနေသည့် မဟာသန္တိသုခကျောင်းတော်ကြီးကို ဇွန် ၁၀ ရက် ညသန်းခေါင်ကျော် ၁ နာရီတွင် နိုင်ငံတော်သံဃမဟာနာယက၏လမ်းညွှန်မှုဖြင့် ဝင်ရောက်စီးနင်းခဲ့သည်။ ယင်းကဲ့သို့ စီးနင်းသည့်အချိန်တွင် ပီနန်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တပညာဝံသမှာ သာသနာပြုလုပ်ငန်းများ ကိစ္စဖြင့် ဂျပန်နိုင်ငံသို့ကြွရောက်နေသည့် အချိန်ဖြစ်သည်။ ယင်းကဲ့သို့ စီးနင်းရာတွင် ပီနန် ဆရာတော်ကြီး၏တပည့်ရင်း လန်ဒန်ဆရာတော် ဦးဥတ္တရအပါအဝင် ကျောင်းနေသံဃာများကို ကမ္ဘာအေးကုန်းမြေသို့ အဝေးပြေးဝင်းမှကားများဖြင့် ပင့်ဆောင်သွားခဲ့သည်။ ဆရာတော် ဦးဥတ္တရအပါအဝင် သံဃာငါးပါးအား သံဃာအဖွဲ့အစည်းအခြေခံစည်းမျဉ်း ၂၀/၉၀ သာသနာညှိုးနွမ်းစေသည့်ပုဒ်မ ၂၉၅ တို့ဖြင့် တရားစွဲဆိုကာ လူဝတ်လဲစေပြီး ဇွန် ၁၃ ရက်တွင် တာမွေမြို့နယ်တရားရုံး၌ ရုံးထုတ် စစ်ဆေးခဲ့သည်။ ယင်းအဖြစ်အပျက်များနှင့်ပတ်သက်ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ၄၇ ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သည့် အကျိုးတော်ဆောင်ဆရာတော်ဘဒ္ဒန္တအဂ္ဂဓမ္မနှင့် မြန်မာပို့စ်သတင်းဂျာနယ်မှ လျှောက်ထားမေးမြန်းခဲ့ပါသည်။ ယင်းသို့ လျှောက်ထားခဲ့သမျှ တင်ပြလိုက်ပါသည်။

မေး။ ပီနန်ဆရာတော်ကြီး၏တပည့်ရင်းဖြစ်တဲ့ ဆရာတော်ဦးဥတ္တရ(လန်ဒန်)အပါအဝင် သံဃာတော် ငါးပါးကို ဘာကြောင့်လူဝတ်လဲခိုင်း တရားရင်ဆိုင်ခိုင်းတာပါလဲဘုရား။

ဖြေ။ သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်း ၂၀/၉၀ ဆိုတာရှိတယ်။ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကိုမလိုက်နာတာ။ နောက်ပြီးတော့ သံဃာကွဲပြားအောင် စည်းရုံးလှုံ့ဆော်တာပေါ့။ ဆရာတော်ဦးဥတ္တရပေါ့။ သူက အင်္ဂလန်နိုင်ငံသားခံယူထားတာပေါ့။ သူက ပီနန်ဆရာတော်ဆီ ပူးပေါင်းတာပေါ့။ သူက နိုင်ငံခြားမှာဖွဲ့စည်းထားတဲ့ သာသနာ့ဥသျှောင်အဖွဲ့မှာ အတွင်းရေးမှူးပေါ့။ အဲ့လိုလည်း ဖွဲ့စည်းခွင့်မရှိဘူးလေ။ အဲ့တော့ အဲ့ဥပဒေကို ကျူးလွန်တယ်။ သံဃာတွေကွဲပြားအောင်၊ ပြီးတော့ သတင်းစာရှင်းလင်းပွဲတွေလည်းလုပ်တယ်လေ။ အဲ့ဥပဒေကြောင့် ဦးဥတ္တရရဲ့အပေါင်းအပါ ငါးပါးကို အဲ့နေ့က အရေးယူထားတာပါ။

ပြီးတော့ အင်အားစုတွေလည်းလုပ်တယ်။ မီဒီယာတွေကနေလည်း နိုင်ငံတော်သံဃမဟာနာယက ဆုံးဖြတ်တာကို သူတို့ပိုင်ဆိုင်တယ်လို့ပြောတာတွေရှိတယ်။ အဲဒါတွေကြောင့် ဥပဒေအရ သံဃာ အဖွဲ့အစည်း ၂၀/၉၀ ဥပဒေနဲ့ပြီးတော့ သာသနာတော်ညှိုးနွမ်းကြောင်း ၂၉၅ နဲ့လည်း ညိတဲ့သဘော ရှိပါတယ်။ ဒါကြောင့် အဲ့ဒီငါးပါးကို အရေးယူထားပါတယ်။ ကျန်တဲ့ ၁၆ ပါးကတော့ ကမ္ဘာအေးမြေမှာ ငယ်တဲ့ဦးဇင်းတွေဖြစ်တော့ ခံစားချက်နဲ့ပဲ ကင်းလွတ်ခွင့်ပေးလိုက်တယ်။

မေး။ ဆရာတော်ဦးဥတ္တရတို့ကို အခုလူဝတ်လဲ အင်းစိန်အကျဉ်းထောင်ပို့ထားတာဟာ ခံဝန်နဲ့ပဲ လွှတ်ပေးမှာလား။ အကျဉ်းချတဲ့အထိ အရေးယူသွားမှာလားဘုရား။

ဖြေ။ တရားရေးအရ စွဲဆိုသွားမှာပါ။ ဥပဒေကျူးကျော်တဲ့ ပုဂ္ဂိုလ်တွေပေါ့။ အစဉ်အဆက် အတိုက်ခံ လုပ်တာလေ။ ပြီးတော့ အပေါ်မှာ ဘုန်းကြီးတို့ဘက်ကထားတဲ့ ကိုယ်တော်တွေကို အနိုင်ကျင့်တဲ့သဘော ဖြစ်တယ်။ အနိုင်ကျင့်ပြီးတော့ သော့တွေတောင်း၊ ပြီးတော့ သူတို့ပိုင်ကျောင်းဖြစ်တယ်လို့ သြဇာအာဏာတွေ သုံးလာတဲ့အတွက် ဘုန်းကြီးတို့က အခုလိုလုပ်ရတာပါ။ သာမန်နေပြီး ပြဿနာမရှာရင် ဘာမှ ပြဿနာမရှိပါဘူး။

မေး။ ပီနန်ဆရာတော်ဘုရားကြီးကိုရော အမိမြန်မာနိုင်ငံပြန်ရောက်ရင် အရေးယူသွားဖို့ရော ရှိပါသလားဘုရား။

ဖြေ။ အဲ့ဒါတော့ ဆန့်ကျင်ဘက်မလုပ်ရင် ဘာမှလုပ်မှာမဟုတ်ပါဘူး။ ရှေ့ဆက်လက်ပြီး ဆန့်ကျင်ဘက် လုပ်မယ်ဆိုရင်တော့ မပြောနိုင်ဘူးပေါ့။ ဆရာတော်ကြီး မြန်မာပြည်ပြန်ရောက်လည်း ဦးဥတ္တရကို ဆွဲသလိုမဆွဲပါဘူး။

မေး။ မဟာသန္တိသုခ ဗုဒ္ဓသာသနာပြုကျောင်းတော်ကြီးကို
အင်အားသုံးဝင်ရောက်စီးနင်းဖို့ ပီနန်ဆရာတော် ဘုရားကြီးမရှိတဲ့အချိန်ကို မ.ဟ.နက ကြိုတင်ကြံစည်ခဲ့တာပါလားဘုရား။

ဖြေ။ အင်းပေါ့လေ။ အကောင်အထည်ဖော်ဖို့ကတော့ အစီအစဉ်ရှိတယ်။ သူကလည်း နိုင်ငံခြား ထွက်သွားတာမို့ အခွင့်အရေးဖြစ်သွားတာပေါ့ကွာ။ သူ ပြန်တယ်ဆိုတာကလည်း နောက်မှ သိရတာပါ။ သူလည်းမရှိဘူးဆိုတော့ ဆရာတော်ကြီးရှိရင် ပိုအားနာရတာပေါ့။ သူ မရှိတဲ့အချိန်ဆိုတာကလည်း တို့က သူ့ကိုငဲ့ညှာပြီးတော့ စောင့်ဆိုင်းနေတာ။ သူ့ကို အရေးယူရရင် အားနာဖို့ကောင်းတယ်။ သက်တော် ဝါတော်ကြီးဆိုတော့လည်း အရေးမယူချင်လို့လည်း သူနိုင်ငံခြား ထွက်သွားတဲ့အချိန်မှာ ကျန်တဲ့သူတွေက သင်တန်းတွေ ဘာတွေဖွင့်တယ်လို့ သတင်းစာတွေကနေ ကြေငြာလို့ နိုင်ငံတော် သံဃမဟာနာယကဆုံးဖြတ်ချက်ကို ဖီဆန်လို့ တို့ကအကောင်အထည်ဖော် လိုက်ရတာပါ။
မေး။ ကျောင်းတော်ကြီးကို နေ့ဘက်ဝင်ရောက်ချိတ်ပိတ်လို့ရတာကို ဘာ့အတွက်ကြောင့် ညဘက်မှ အင်အားသုံးဝင်ရောက်ရတာပါလဲဘုရား။

ဖြေ။ နေ့ဘက်ကျတော့ အချို့အမှုတွေ ဝိနိစ္ဆယအရ မှုခင်းတွေပေါ့ကွာ။ တစ်လောတုန်းက မင်္ဂလာဒုံ၊ ထောက်ကြံ့ဘက်မှာ ရသေ့တောင်ဆိုတာရှိတယ်။ အဲ့တော့ ဝိနိစ္ဆယရှုံးတဲ့ ပုဂ္ဂိုလ်ကိုဖယ်ပေးဖို့ သွားရောက် အကောင်အထည်ဖော်ဖူးတယ်။ ရန်ကုန်တိုင်းသာသနာရေးမှူးတွေပါတယ်။ သွားအကောင်အထည်ဖော် ဖူးတယ်။ အကောင်အထည်ဖော်တဲ့အခါမှာ လူထုနဲ့ပြန်လည်ခုခံတယ်။ အဲ့ဒီအတွက် မအောင်မြင်ခဲ့ဘူး အဲ့လိုပြဿနာမျိုးတွေရှိတယ်။ ဒီမှာလည်း နေ့ခင်းဆိုရင် ရှိတာလေး ငါးပါးပဲရှိတာ။ အဲ့နေ့ကျမှ အကောင်အထည်ဖော်တာသိတော့ အဲ့နားက ဇေယျမင်္ဂလာကျောင်းက သံဃာတော်တွေအပါး ၂၀ လောက် ထိုးတင်လိုက်တာပါ။ အကောင်အထည်ဖော်မှာကိုသိလို့ပါ။ ဒါကြောင့် နေ့ခင်းဘက်မှာ အင်အားနည်းနည်းနဲ့ သွားရင် ပြန်ခုခံတာရှိပါတယ်။ ဒါမရွှေ့ရင်ရတယ်ဆိုတာ။ ဒါကြောင့် အများလည်း လူခြေတိတ်တဲ့အချိန်မှာ အကောင်အထည်ဖော်လိုက်ရတာပါ။ အခုလိုလုပ်တာဟာ သူတို့ဘက်ကလည်း မခုခံခဲ့ပါဘူး။ ဆရာတော်တို့ကလည်း ဘာမှမဟုတ်ပါဘူး။ အေးအေးဆေးဆေးပါ။
မေး။ အခုလိုကျောင်းတော်ကြီးကို ဝင်ရောက်စီးနင်းဖို့ အကြံအစည်ကို သာသနာရေးဝန်ကြီးဌာနက လုပ်ခိုင်းတာလား။ ဆရာတော်တို့ မ.ဟ.နက လုပ်တာလားဘုရား။

ဖြေ။ တို့ နိုင်ငံတော်သံဃမဟာနာယက(မ.ဟ.န)အဖွဲ့က ဆုံးဖြတ်ချက်ချတယ်ပေါ့ကွာ။ အကောင်အထည် ဖော်တာကတော့ သက်ဆိုင်ရာတိုင်းသံဃနာယကရှိတယ်လေ။ သူတို့ကလည်း သူတို့ချည်းပဲလုပ်လို့ မရဘူးလေ။ သူတို့နဲ့ အာဏာပိုင်အဖွဲ့အစည်းနဲ့ ညှိနှိုင်းလုပ်ရမယ်လို့ လုပ်ထုံးလုပ်နည်းမှာရှိပါတယ်။
အကောင်အထည်ဖော်တဲ့ကိစ္စက အာဏာပိုင်အဖွဲ့အစည်းက လုပ်တယ်။ ဓမ္မစက်နဲ့ အာဏာစက်ဆိုတာ နှစ်မျိုးရှိတယ်။ တို့ ဓမ္မစက်နဲ့ဆုံးဖြတ်နေတာ ဘယ်လိုမှမလိုက်နာဘူး။ ပီနန်ဆရာတော်ကြီးဆိုရင် ဆုံးဖြတ်တာအကြိမ်မနည်းတော့ဘူးလေ။ ထွက်ခွာပေးဖို့၊ ထွက်ခွာဖို့ကြာနေတာဟာ အတိအကျ ဆောင်ရွက်မပေးတော့ ရောင့်တက်ပြီးတော့ သူတို့က ဆင်းမပေးတာပါ။ ဒီတစ်မှုထဲ မဟုတ်ပါဘူး။ အခြားမှုခင်းတွေမှာလည်း ဒါမျိုးတွေ တွေ့ကြုံနေရတယ်။
ရန်ကုန်တိုင်းဒေသကြီးသံဃနာယက ကတော့ နည်းနည်းလည်း ပေါက်ပေါက်ရောက်ရောက်တော့ အာဏာပိုင်အဖွဲ့အစည်းနဲ့လည်း အဆင်ပြေတယ်လေ။ အဆင်ပြေတော့ အာဏာပိုင်အဖွဲ့အစည်းကိုလည်း အကူအညီတောင်းရတယ်လေ။ နောက်မြို့နယ်တွေ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဆိုတာရှိတယ်။ ဒါကြောင့် ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဌဟာ မြို့နယ်တွေမှာရှိတဲ့ စည်းကမ်း ထိန်းသိမ်းရေးသံဃာတွေကို မြို့နယ်မှာ ပင့်ဖိတ်၊ တိုင်းရုံးမှာသေချာရှင်းပြအပြီးမှာ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

မေး။ ဆရာတော်တို့ ကျောင်းတော်ဝင်စီးသွားတာကို သံဃာတော်တွေ ဒကာ၊ ဒကာမတွေက ပြစ်တင် ဝေဖန်နေကြပါတယ်ဘုရား။
ဖြေ။ ဒါကတော့ အဖြစ်မှန်ကို မသိရှိရသေးတော့ ဒီအတိုင်းဖြစ်မှာပေါ့။
ဆရာတော့်ကို ကျေးဇူးတင်ပါတယ်။

ဟိန်းထက် )



ရန်ကုန်တိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဂုဏာလင်္ကာရ ၏ မြန်မာပို့စ်ဂျာနယ်ပါ " မဟာသန္တိသုခကျောင်းတိုက်ကြီးမှ အာဂန္တုဆရာတော်များအား လူဝတ်လဲကာ အကျဉ်းချထားခြင်းအပေါ် မိန့်မှာစကား"
=================
ဆရာတော်ဘဒ္ဒန္တဂုဏလင်္ကာရ၊ ဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့
ဘုန်းဘုန်းတို့ကို နိုင်ငံတော်သံဃမဟာနာယက က ခိုင်းတော့ စည်းကမ်းထိန်းသိမ်းရေးတွေရယ် မြို့နယ်ပေါင်းစုံက သံဃနာယကပေါင်းစုံခေါ်ထားတာပါ။ ဆူပူမှုဖြစ်မှာစိုးလို့ အပေါက်က စောင့်တဲ့သူကလည်း စောင့်ပေါ့ အဲလိုခေါ်ထားတာပါ။

ပြောမယ်ဆိုရင် ဒို့ဘုန်းကြီးတွေက ဥပဒေ ၃ မျိုးလိုက်နာရတယ်။ နိုင်ငံတော်က ပြဋ္ဌာန်းတဲ့ အရပ်ဘက်ဆိုင်ရာဥပဒေလည်းလိုက်နာရတယ်ကွ။ နောက်တစ်ခါ ဝိနည်းဥပဒေကိုလည်း လိုက်နာရတယ်။ နောက်တစ်ခုက နိုင်ငံတော်သံဃမဟာနာယက (မဟန)က ထုတ်ပြန်ထားသော ညွှန်ကြားလွှာတို့၊ စည်းမျဉ်း တို့ကိုလိုက်နာရတယ်ကွ။

သူတို့ကတော့ပြောမယ်ဆိုရင် သံဃမဟာနာယကကို ဖီဆန်တဲ့သဘောပေါ့ အဲဒါကြောင့်ပါဘဲ နိုင်ငံတော်သံဃမဟာနာယက က ဖယ်ရှားပေးဖို့ အကြိမ်ကြိမ်အခါခါ ပြန်ခဲ့တယ်လေ။ မဟာသန္တိသုခ ကျောင်းတော်ကြီးဆရာတော်က (မဟန)ကို တရားစွဲမယ်တို့ ဘာတို့ ကြေညာတယ်လေ။ နိုင်ငံတော်သံဃ မဟာနာယက က ညွှန်ကြားချက်မလိုက်နာလို့ အရပ်ဘက်အဖွဲ့စည်းဆိုင်ရာဥပဒေတွေနဲ့တရားစွဲဖို့ အရပ်ဘက်ကို ပြန်လွှဲရတာပေါ့။ တရားရုံးအမှု ရင်ဆိုင်ရတဲ့အခါမှာလည်း သင်္ကန်းဝတ်နဲ့ကြတော့ မလျော်ညီဘူးလေ။ အခုဆို ပုဆိုး၊ အင်္ကျီဝတ်ပြီး၊ ထောင်ထဲထည့်တာပါ။

ဘုန်းဘုန်းအနေနဲ့တော့ ဘုရားသံဃာသားတော် ညီအကိုအချင်းချင်းဆိုတော့ ငဲ့ငဲ့ညှာညှာလေး လုပ်ပေးပါတယ်။လုပ်သင့်လား မလုပ်သင့်လားဆိုတာကတော့ အပြောရခက်ပါတယ်။ နဂိုကလည်း လုပ်ခဲ့တာတွေတွေရှိတယ်လေ။ ဥပမာ သာသနာရဲ့အကြည်အညိုပျက်အောင်ဆောင်ရွက်တာတွေ ဥပဒေနဲ့ အညီဆောင်ရွက်လိုက်တာပါ။ သူတို့မှာ အပြစ်မရှိဘူးဆိုရင်တော့ ပြန်လွတ်ပေးမှာပါ။

ဥပမာထားပါတော့ သင်္ကန်းဝတ်ကြီးနဲ့ဆိုတော့ တရားသူကြီးလည်း နေရထိုင်ရခက်တယ်လေ ရဲတွေလည်းလုပ်ရကိုင်ရခက်တယ်လေ။ လူဝတ်လဲတဲ့အခါကြတော့ လူသဘောမြင်မှာပေါ့ တို့ဝိနည်း စည်းကမ်းအရ သူတို့ဟာ ပါရာဇီကအမှု ကျူးလွန်တာမဟုတ်တဲ့အတွက် သိက္ခာတော့မချပါဘူး။ သင်္ကန်းပဲ လဲပေးလိုက်တာပါ။ ဒီကိုယ်တော်တွေက ပုဆိုးဝတ်ထားလည်း ဘုန်းကြီးကဘုန်းကြီးပါပဲ လူမဖြစ် သွားပါဘူး။

အခုလုပ်ရတာတွေက နိုင်ငံတော်သံဃမဟာနာယက က ခိုင်းတာပါ။ နိုင်ငံတော်သံဃမဟာ နာယက(မဟနက)စာထွက်တယ်လေ။ ဒို့အနေနဲ့က အကောင်းဆုံးဖြစ်အောင် ဆိုင်းငံ့ထားကြပါပြီ။ ဒို့ကတော့ဆရာတော်ကြီးကို ဒို့က လေးစားရတာကို ဆရာတော်ကြီးရှိတဲ့အချိန်လုပ်ရင် ဆရာတော်ကြီးပါ ထောင်ထဲထည့်ရမှာကိုကွ။ အခုဟာလူငယ်ကိုယ်တော်တွေကြတော့တင့်တယ်တာပေါ့။


Source ; သာသနာရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များ

ဆက်စပ် ဖတ်ရှုရန် ...
* နိုင်ငံတော်သံဃာ.မဟာနာယက ၊ မဟာသန္တိသုခကျောင်းတိုက် နှင်.ပီနန်ဆရာတော် ဘဒ္ဒန္တပညာဝံသ( ၁ )
* နိုင်ငံတော်သံဃာ.မဟာနာယက ၊ မဟာသန္တိသုခကျောင်းတိုက် နှင်.ပီနန်ဆရာတော် ဘဒ္ဒန္တပညာဝံသ ( ၂ )

No comments:

Post a Comment