Wednesday, June 4, 2014

ဘင်္ဂလားဒေ.ရှ်လေတပ် ရဲ. YAK 130 အမောင်းသင်တိုက်လေယာဉ် ၀ယ်ယူရေးဆိုင်ရာ သုံးသပ်မှု


 ဘင်္ဂလားဒေရှ်လေတပ်သည် ရုရှားနိုင်ငံ Yakolev Aircraft Production Companyထုတ် Yak-130 ကနဦးအမောင်းသင်တိုက်လေယာဉ် ၂၄စီးကို ၂၀၁၄ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်လက်ခံရရှိတော့မည်ဖြစ်သည်။Yak-130သည် နောက်ဆုံးပေါ် စတုထ္ထမျိုးဆက်လွန် တိုက်လေယာဉ်များဖြစ်သော Su-30MKI/MKM/SM,Su-35,Mig-29M/M2/SMT/UPG,Mig-35,J-10A/B,Dassualt Rafel,Eurofighter Typhoon,Gripen C/D/NG,F-16 block-50/52+/60,F-15E/F,F/A-18E/Fအစရှိသော ခေတ်မှီတိုက်လေယာဉ်များနှင့် ပဉ္စမမျိုးဆက် F-22,F-35A/B/C,J-20/31,Su-T-50PAKFA/FGFAအစရှိသော ကိုယ်ပျောက်တိုက်လေယာဉ်များကို အချိန်တိုအတွင်း မောင်းနှင်နိုင်ရန်အတွက် အထောက်အကူပေးနိုင်သော အမောင်းသင်တိုက်လေယာဉ်တစ်မျိုးဖြစ်သည်။

လေယာဉ်သမိုင်းအကျဉ်း
၁၉၉၀ခုနှစ်တွင် ဆိုဗီယက်လေတပ်သည် ခေတ်မှီ Mig-29နှင့် Su-27တိုက်လေယာဉ်များအား လေ့ကျင့်ပေးရန် အမောင်းသင်တိုက်လေယာဉ်တစ်မျိုး ထုတ်လုပ်ရန် ကြိုးစားခဲ့သည်။အသုံးပြုနေသော L-29 Delfinများသည် အလွန်အမင်းအိုမင်းကာ ခေတ်မှီတော့ခြင်းမရှိသလို L-39 Albatroesသည်လည်း Su-27,Mig-29အစရှိသော ခေတ်မှီတိုက်လေယာဉ်များအတွက် လေ့ကျင့်မူတွင် အထောက်အပံကောင်းကောင်းမပေးနိုင်ပေ။ထိုကြောင့် ဆိုဗီယက်လေတပ်သည် ခေတ်မှီအမောင်းသင်တိုက်လေယာဉ်ဝယ်ယူရန် တင်ဒါခေါ်ခဲ့သည်။ထိုတင်ဒါခေါ်မူတွင် Sukoiမှ S-54,Mikoyanမှ Mig-AT,Myasischev မှ M-200 နှင့် Yakolevမှ Yak-UTSတို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ၁၉၉၁ခုနှစ်တွင် Mig-ATနှင့် Yak-UTSလေယာဉ်နှစ်မျိုးကိုသာ ဆက်လက်ယှဉ်ပြိုင်စေခဲ့သည်။Yak-UTSအတွက် ၁၉၉၃ခုနှစ်တွင် အပြီးသတ်ဒီဇိုင်းရေးဆွဲခဲ့ပြီး ထိုလေယာဉ်စီမံကိန်းတွင် အီတလီနိုင်ငံမှ Aermacchi Companyနှင့် ပူးပေါင်းကာ ထုတ်လုပ်ရန် စီစဉ်ဆောင်ရွက်ခဲ့သည်။YAK/AME-130အဖြစ် ဆက်လက်ဆောင်ရွက်ခဲ့သည်။ သို့သော်လည်း ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲမူကြောင့် ငွေကြေးအကျပ်အတည်းနှင့် ရင်ဆိုင်လာရသောအခါ ရုရှားသည် ၎င်း၏ လေယာဉ်စီမံကိန်းအများအပြားကို ရပ်တန့်ထားမူကြောင့် နှောင့်နှေးမူများဖြစ်ပေါ်လာရာ Aermacchi companyသည် Yakolev၏ Yak/AEM-130 စီမံကိန်းမှ နှုတ်ထွက်၍ Aermacchi Me-346အဖြစ် ဆက်လက် လုပ်ကိုင်ခဲ့သည်။Yak-130သည် ၂၀၀၂ခုနှစ် နိုဝင်ဘာလတွင် ပြိုင်ဖက် Mig-ATလေယာဉ်အား အနိုင်ရှိကာ ရုရှား၏ တန်းမြင့်အမောင်းသင်တိုက်လေယာဉ်စီမံကိန်းကို ရရှိခဲ့သည်။Yak-130လေယာဉ် ၂၀၁၂ခုနှစ်က အပြီးသတ်ထုတ်လုပ်ရေးစာချုပ်အဖြစ် ရုရှားနှင့် ချုပ်ဆိုခဲ့ပြီး သက်တမ်းရင့် L-39တန်းမြင့်အမောင်းသင်ဂျက်လေယာဉ်များ နေရာတွင် အစားထိုးမည်ဖြစ်ပါသည်။ထို့အပြင် Yak-130၏ တစ်ယောက်မောင်းမျိုးကွဲ Yak-131ကို ထုတ်လုပ်ကာ ကမ္ဘာအကောင်းဆုံး မြေပြင်တိုက်ခိုက်ရေးလေယာဉ်အဖြစ် Tank killer birdဟု နာမည်ကျော်ကြားသော Su-25 Frogfootနေရာများတွင် ၂၀၂၀ပြည့်နှစ်မှ စတင်ကာ အစားထိုးမည်ဖြစ်သည်။

ဒီဇိုင်းနှင့်စွမ်းဆောင်နိုင်မူ
Yak-130တိုက်လေယာဉ်သည် ယူကရိန်းနိုင်ငံလုပ် AI-222-25အင်ဂျင်ကို တပ်ဆင်ထားပြီး တွန်းကန်အားအချိုး ၀.၇၈ဆအထိ ရှိအောင်စွမ်းဆောင်နိုင်ပါသည်။အပိုဆီကျွေးမူစနစ်မသုံးပဲ max; power ဖြင့် ဆိုလျှင် 12,000lbfတွန်းကန်အားဖြင့် တွန်းကန်အားအချိုး ၀.၇၀ဆအထိ ရှိပါသည်။နောက်ပိုင်းတွင် အဆင့်မြင့်တင်ထားသော AI-222-28အင်ဂျင်ကို အသုံးပြုလျှင် full power with no A/Bအခြေအနေတွင် တွန်းကန်အားအချိုး ၀.၇၇ဆအထိရှိပြီး အပိုဆီကျွေးစနစ်ပါ အသုံးပြုပါက တွန်းကန်အားအချိုး ၀.၈၇ဆအထိ တိုးမြင့်ပေးနိုင်ပါသည်။အခြားသော အမောင်းသင်တိုက်လေယာဉ်များဖြစ်သော ဗြိတိန်နိုင်ငံထုတ် နာမည်ကျော် BAE system Hawk-128သည် တွန်းကန်အားအချိုး ၀.၆၅ဆသာရှိပြီး Aero Vodochody၏ L-159သည် တွန်းကန်အားအချိုး ၀.၄၇ဆသာရှိသောကြောင့် လေယာဉ်၏ တွန်းကန်အားအချိုးမှာ အတိုင်းအတာ တစ်ခုအထိ အတော်ကောင်းသည်ဟုဆိုရမည်ဖြစ်သည်။AOAသည်လည်း ၃၂ဒီဂရီအထိရှိပြီး ကမ္ဘာမြေဆွဲအား အပေါင်း၉ဆ အနှုတ်၃ဆ အထိ လှုပ်ရှားစစ်ကစားနိုင်သောကြောင့် အဆင့်လွန်လှုပ်ရှားစစ်ကစားနိုင်သော Su-27 Flanker family,Mig-29 Fulcrum familyနှင့် F-22အစရှိသော လေကြောင်းအရေးသာမူရယူရေး တိုက်လေယာဉ်များအတွက် အထောက်အပံကောင်းများရှိစေပါသည်။လက်နက်တပ်ဆင်နိုင်သော နေရာ ၉ခုနှင့် လက်နက်သယ်ဆောင်နိုင်သော ပမာဏမှာ 3000kgအထိရှိသောကြောင့် အမောင်းသင်လေယာဉ်တစ်စီးထက် အပေါ့စားတိုက်လေယာဉ်တစ်စီးကဲ့သို့ လက်နက်အများအပြားသယ်ဆောင်နိုင်သည်ကို တွေ့ရှိရပါသည်။

ဖန်သားပြင်လေယာဉ်မောင်းခန်းစနစ်(Glass Cockpit),လေသူရဲလေယာဉ်မောင်းကရိယာမှ ထိန်းချုပ်ပစ်ခတ်သောစနစ်(HOTAS-Hand on Throttle and Stick system),လေသူရဲဆောင်းဦးထုတ်မှ ချိန်ရွယ်ပစ်ခတ်နိုင်သောစနစ်(HMS-Helmet Mounted Sight),လေဆာရောင်ခြည်ရှာဖွေတိုက်ခိုက်ရေးစနစ်(IRST-Infered Search and Track system),ဒီဂျစ်တယ်အီလက်ထရောနစ်ကွန်ပြုတာ စနစ်ဖြင့် ထိန်းချုပ်သော လေယာဉ်ထိန်းချုပ်မောင်းနှင်စနစ်(Digital Computing Quardruplex Fly By-Wire system),အလိုအလျောက်မောင်းနှင်စနစ်(Auto-pilot system)များ တပ်ဆင်ထားပါသည်။အသံအောက်ပျံသန်းနှုန်း 0.98machအထိ ပျံသန်းနိုင်ပြီး အပိုဆီတိုင်ကီ နှစ်ခုဖြင့် အကွာအဝေး ၁၅၃၆မိုင်အထိ ပျံသန်းနိုင်ပါတယ်။အင်ဂျင်နှစ်လုံးတပ်ဆင်ထားခြင်းကြောင့် ယုံကြည်စိတ်ချရမူ ပိုမို အားကောင်းပြီး အင်ဂျင်၏ လေဝင်ပေါက်တွင် Mig-29တိုက်လေယာဉ်များကဲ့သို့ လေဝင်ပေါက်တံခါးများတပ်ဆင်ထားပါသည်။ထိုသို့တပ်ဆင်ထားခြင်းကြောင့် ပင်မလေဝင်ပေါက်မှ တိုက်ရိုက်လေစုတ်မယူပဲ လေကိုယ်အထည်အပေါ်ဖက်ပိုင်းပါးဟက်များမှ စုတ်ယူခြင်းကြောင့် မြေကြီးကွင်းကဲ့သို့သော ကွင်းကြမ်းများတွင်ဆင်းသက်နိုင်ပါသည်။



လက်နက်ပ်ဆင်နိုင်မူ အနေဖြင့်-
၁။R-73Eဝေဟင်မှဝေဟင်အပူငွေ့ရှာတာတိုပစ်ဒုံး
၂။KAB-500Kr TV camera guidedဗုံး
၃။၈၀မမ S-8ရော့ကတ်
၎။၁၃၀မမ S-13ရော့ကတ်
၅။၂၅၀မမ S-25တိကျလမ်းညွန်ရော့ကတ်
၆။၅၀/၁၀၀/၁၅၀/၂၅၀/၅၀၀ကီလိုဂရမ်ဗုံး
၇။SNPU podနှငိ့တပ်ဆင်ထားသော GSh-23 ၂၃မမစက်အမြောက်
၈။ဆီ၄၅၀လီတာဆန့် PTB-450အပိုဆီတိုင်ကီ
တို့ကို တပ်ဆင်နိုင်ပါသည်။

လက်နက်စနစ်အခြေအနေ
လက်နက်တပ်ဆင်နိုင်သည့်နေရာ ကိုးခုတွင် ကိုယ်ထည်အောက် တစ်နေရာ တောင်ပံအောက် သုံးနေရာ တောင်ပံဖျားတစ်နေရာစီပါဝင်ပါသည်။ကိုယ်ထည်အောက်နေရာတွင် GSh-23 ၂၃မမစက်အမြောက်နှင့်ကျဉ် ၁၅၀တောင့်,တောင်ပံအောက် အတွင်းဆုံးနေရာတွင် အပိုဆီတိုင်ကီ ၂လုံး,အတွင်းလက်နက်တပ်ဆင်နိုင်သော နေရာနှစ်ခုတွင် ၅၀/၁၀၀/၁၅၀ကီလိုဂရမ်ဗုံးတစ်နေရာတွင် ၂လုံးနှုန်းဖြင့် ၄လုံး, ၂၅၀/၅၀၀ကီလိုဂရမ်ဗုံး တစ်နေရာတွင် ၁လုံး နှစ်လုံး(သို့မဟုတ်)S-8ရော့ကတ် podတစ်ခုလျှင် အတောင့် ၄၀နှုန်းဖြင့် ၈၀တောင့်,S-13ရော့ကတ် pod တစ်ခုလျှင် ၁၀တောင့်နှုန်းဖြင့် ၂၀တောင်,S-25ရော့ကတ် တစ်နေရာတွင် ၂တောင့်နှုန်းဖြင့် ၄တောင့်(သို့မဟုတ်)KAB-500Kr TV guidedဗုံး တစ်နေရာတွင် တစ်လုံးနှုန်းဖြင့် နှစ်လုံး,တောင်ပံအောက် အပြင်ဆုံးနေရာတွင် R-73Eတာတိုဝေဟင်မှဝေဟင်ပစ်ဒုံး တစ်ဖက်တစ်လုံးစီနှင့်တောင်ပံထိပ်ဖျားနေရာတွင် R-73E တာတိုပစ် ဝေဟင်မှဝေဟင်ပစ်ဒုံး(သို့မဟုတ်)ပစ်မှတ်တု ပုံဖော်စနစ်(decoy)ပါဝင်သော အီလက်ထရောနစ်တန်ပြန်နှောက်ယှက်ရေး pod တစ်ဖက်တစ်ခုစီတပ်ဆင်နိုင်ပါတယ်။ Yak-130အမောင်းသင်တိုက်လေယာဉ်သည် လက်နက်တပ်ဆင် ကင်းထောက်ခြင်း,အနီးကပ်ပးကူပေးခြင်း,ပိုင်းဖြတ်တိုက်ခိုက်ခြင်း,တိုက်လေယာဉ်တန်းမြင့်လေ့ကျင့်ခန်းဆောင်ရွက်ခြင်း အစရှိသော လုပ်ငန်းများကို ဆောင်ရွက်နိုင်ပါသည်။



လက်နက်များ၏ စွမ်းပကား
လက်နက်များ၏ စွမ်းပကားအနေနဲ့ ဖော်ပြရလျှင် ဝေဟင်-ဝေဟင်စစ်ဆင်နိုင်ရန်အတွက် တာတိုပစ် R-73အပူငွေ့ရှာဒုံး တပ်ဆင်ထားပြီး အကွာအဝေး 20မှ30kmအထိ ပစ်ခတ်နိုင်ပါသည်။မြေပြင်ပစ် တိကျလမ်းညွန်စနစ်သုံး လက်နက်အနေဖြင့် KSB-500 တီဗီကင်မရာတိကျလမ်းညွန်စနစ်သုံးဗုံးကို တပ်ဆင်နိုင်ပါသည်။ထိုကင်မရာဗုံးစနစ်သည် ရာသီဥတုအခြေအနေ မြင်ကွင်းကောင်းမွန်မူအပေါ်မူတည်ပြီး ၉.၆မိုင်မှ ၁၀.၈မိုင်အကွာအဝေးထိ ပစ်ခတ်နိုင်ပါတယ်။တိကျမဲ့ဗုံးအဖြစ် 50kg,100kg,150kg,250kg,500kgအစရှိသော ဗုံးများကို missionအလိုက်အမျိုးမျိုးပြောင်းလဲတပ်ဆင်နိုင်ပါသည်။၈၀မမ S-8ရော့ကတ် ၁၃၀မမ S-13ရော့ကတ်နှင့် အကွာအဝေး ၆မိုင်အထိပစ်ခတ်နိုင်သော S-25လေဆာလမ်းညွန်ဒုံးစနစ်များ ပါဝင်ပါသည်။
Yak-130လေယာဉ်ဝယ်ယူမူနှင့် ဘင်္ဂလားဒေရှ်လေတပ်အတွက် အကျိုးဖြစ်ထွန်းမူ
ဘင်္ဂလားဒေရှ်လေတပ်တွင် Mig-29B/UB,F-7MB/BG/BGIအစရှိသော လေယာဉ်များကို ပင်မတိုက်ပွဲဝင်လေယာဉ်အဖြစ် အသုံးပြုနေသော်လည်း မြေမြင်တိုက်ခိုက်ရေးအတွက် ထိုလေယာဉ်များသည် အသုံးဝင်မူနည်းပါးပါသည်။Mig-29တိုက်လေယာဉ်များ၏ ပထမမျိုးဆက် Bများဖြစ်သည်နှင့်အညီ မြေပြင်တိုက်ခိုက်ရေးအတွက် တိကျလမ်းညွန်သုံးစနစ်များ ပါဝင်ခြင်းမရှိပေ။ထို့အပြင် Mig-29တိုက်လေယာဉ်သည် လေကြောင်းအရေးသာမူရယူရေးတိုက်လေယာဉ်ဖြစ်ခြင်း အရည်အတွက်မှာ ၈စီးသာရှိခြင်းတို့ကြောင့် ဘင်္ဂလားဒေရှ်လေတပ်အတွက် မြေပြင်တိုက်ခိုက်ရေးတာဝန်ကို ရံဖန်ရံခါ သုံးစွဲနိုင်သော်လည်း အမြဲတန်းအသုံးပြုရန်မဖြစ်နိုင်ပေ။F-7MBမှာ interceptorသီးသန့်တိုက်လေယာဉ်ဖြစ်သောကြောင့် မြေပြင်ပစ်မှတ်များကို ထိအောင် ပစ်ခတ်ရန် ခက်ခဲပေသည်။(interceptorများသည် ကြားဖြတ်တိုက်ခိုက်ရန်နှင့် ဝေဟင်တိုက်ပွဲဝင်ရန်သာ စဉ်းစားတည်ဆောက်ထားပြီး မြေပြင်တိုက်ခိုက်ရေးတာဝန်ကို လုံးဝမစဉ်းစားသောကြောင့် တိကျမူမရှိနိုင်ပေ။ထို့အပြင် အရှိန်အလွန်အမင်းများခြင်းသည်ကလည်း မြေပြင်ပစ်မှတ်ကို ထိရန်ခက်ခဲစေသည့် အကြောင်းတရားတစ်ခုပင်ဖြစ်သည်။F-7BG/BGIများသည် မြေပြင်တိုက်ခိုက်ရေးတာဝန်ကို စွမ်းဆောင်နိုင်သော်လည်း ပင်မကျောရိုးတိုက်လေယာဉ်များဖြစ်သောကြောင့် အခြားသော multi-missionအများအပြားအသုံးပြုရသောကြောင့် အနီးကပ်ပစ်ကူပေးခြင်းတာဝန်ကို စစ်မက်ဖြစ်ပွားချိန်တွင် ထမ်းဆောင်နိုင်ခြင်း ရှိမည်မဟုတ်ပေ။L-39ZAတန်းမြင့်အမောင်းသင်ဂျက်လေယာဉ်များရှိသော်လည်း ပြည်ပစစ်ပွဲအခြေအနေတွင် သင့်တော်မူမရှိပေ။ထို့ကြောင့်တစ်ခုထဲသော မြေပြင်တိုက်ခိုက်ရေးတာဝန်ကို ထမ်းဆောင်ရသောလေယာဉ်မှာ A-5lllC Fantan လေယာဉ်များဖြစ်လာပါသည်။

ဘင်္ဂလားလေတပ်မှ A5 တစ်စင်း ပျက်ကျစဉ်က
ဘင်္ဂလားဒေရှ်လေတပ်သည် ၁၉၈၆ခုနှစ်ကတည်းက ဝယ်ယူခဲ့သော A-5lllCတိုက်ခိုက်ရေးလေယာဉ်များသည် ၂၀၀၆ခုနှစ်ကတည်းက သက်တမ်းပြည့်သွားသော်လည်း စရိတ်မတက်နိုင်၍ လက်ပူတိုက်သက်တမ်းတိုးထားသည်မှာ ယခုအထိပင်ဖြစ်သည်။ထိုလေယာဉ်များသည် အလွန်ဟောင်နွမ်းနေပြီး မကြာခဏ မတော်တဆမူဖြစ်ပွားရာ ယခုနှစ်အစောပိုင်းကပင် A-5လေယာဉ်တစ်စီး ထပ်မံပျက်ကျမူ ဖြစ်ပွားခဲ့သည်။ထိုလေယာဉ်များမှာ ထုတ်လုပ်မူ အရည်အသွေး အလွန်ညံဖျင်းခြင်း သက်တမ်းကျော်လွန်နေသော်လည်း ဆက်လက်အသုံးပြုနေခြင်းကြောင့် လေသူရဲများ၏ အသက်အန္တရယ်မှာ စိုးရိမ်ဖွယ် အခြေအနေရှိနေပါသည်။ဝယ်ယူစဉ်က ၈စီးမှာယူခဲ့သောလည်း အမျိုးမျိုးသော မတော်တဆမူများကြောင့် ငါးစီးခန့်သာ လည်ပါတ်နိုင်သော အခြေအနေဖြစ်သည်။ထို့အပြင် ယနေ့ခေတ်စစ်ပွဲများနှင့် မြေပြင်တိုက်ခိုက်ရေးလေယာဉ်များမှာ အံဝင်ဂွင်ကျခြင်းမရှိတော့ပေ။ဘင်္ဂလားဒေရှ်လေတပ်သည် မြန်မာနှင့် ရေပိုင်နက် အငြင်းပွားမူ အပြီးတွင် အစေတလျင်စွာ A-5lllCများကို လေဆာလမ်းညွန်ဗုံးစနစ်များဖြစ်သော LT-2/LS-6PGMစနစ်များတပ်ဆင်ခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း ရေဒါတပ်ဆင်၍မရခြင်း လေယာဉ်လက်နက်နှင့် လေယာဉ်မောင်းခန်း အကြီးစားပြုပြင်ခြင်း လေဆာလမ်းညွန်စနစ်သုံး Podများချိတ်ဆွဲနိုင်ရန် pylonများအား ပြင်ဆင်ရခြင်းတို့ကြောင့် ဖြစ်နိုင်မူ လုံးဝမရှိဟု နိုင်ငံတကာ အသိုင်းအဝိုင်းမှ သုံးသပ်ခဲ့ကျသည်။သက်တမ်းကျော်လွန်နေသော လေယာဉ်တစ်စီးကို ထိုကဲ့သို့ ပြုပြင်မူသည်လည်း အရာမထင်သော ဆောင်ရွက်မူသာ ဖြစ်သည်ဟု ကျွမ်းကျင်သူများက ဆိုကျပါသည်။ ထို့အပြင် A-5လေယာဉ်စက်ရုံမှာ ထုတ်လုပ်မူ ရပ်ဆိုင်းသွားသည့်အပြင် ၂၀၁၂ခုနှစ်မှစတင်ကာ တပ်တရုပ်ပြည်သူလွပ်မြောက်ရေးလေတပ်မတော်(PLAAF)တွင် အသုံးပြုမူကို စတင်ရပ်ဆိုင်းခဲ့ပြီး JH-7Aလေယာဉ်များဖြင့် အစားထိုးခဲ့သောအခါ အပိုပစ္စည်းစက်ရုံလည်ပါတ်မူပါ ရပ်တန့်ခဲ့ရသည်။A-5lllCများ၏ လေယာဉ်ပစ္စည်းများသည်လည်း ၁၉၇၀ခုနှစ်ခန့်က အသုံးပြုသော နည်းပညာ ပစ္စည်းများ ဖြစ်တာနဲ့ အညီ အပိုပစ္စည်များကို သီးသန့် စက်ရုံမှ ထုတ်လုပ်ပေးရသောကြောင့် ပို၍ဈေးကြီးပေးကာ ဝယ်ယူနေရခြင်းဖြစ်သည်။ထိုကြောင့် ယခုအခါ အပိုပစ္စည်းစက်ရုံပါ ပိတ်ပစ်လိုက်သောကြောင့် လေယာဉ်တွင်ရှိနေသော ပစ္စည်းများကို လက်ပူတိုက်ကာ နှစ်စီးတစ်စီး သုံးစွဲရမည့် အခြေအနေသို့ ရောက်ရှိလာပါသည်။ထိုကြောင့် မဖြစ်မနေ မြေပြင်တိုက်ခိုက်ရေးလေယာဉ်ကို ဝယ်ယူရမည့် အခြေအနေသို့ ဖြစ်လာသောအခါ တိုက်လေယာဉ်အမောင်းသင်လေယာဉ်အဖြစ်ပါ အသုံးပြုနိုင်သော Yak-130မြေပြင်တိုက်ခိုက်ရေး/အမောင်းသင်တိုက်လေယာဉ်များကို ရွေးချယ်ခဲ့သည်။

Yak-130နှင့် A-5lllCတို့၏ စွမ်ပကား နှိုင်းယှဉ်ချက်
Yak-130လေယာဉ်သည် ဒေါ်လာ၁၈သန်းခန့်ဈေးနှုန်းရှိပါသည်။ထိုဈေးမှာ JF-17 block lနှင့် F-7BGI အစရှိသော တိုက်ပွဲဝင်တိုက်လေယာဉ်များနှင့် ဈေးနှုန်းထားခြင်း တူသောကြောင့် ဈေးကြီးသော အမောင်းသင်တိုက်လေယာဉ်ဟု သတ်မှတ်နိုင်သော်လည်း ဘင်္ဂလားဒေရှ်လေတပ်၏ 4++generationနှင့် 5th generationတိုက်လေယာဉ် ဝယ်ယူရေး အိမ်မက်များအတွက် အထောက်အပံပေးနိုင်သော လေယာဉ်ကောင်းတစ်မျိုးဖြစ်သည်။ လက်ရှိအသုံးပြုနေသော A-5lllCမြေပြင်တိုက်ခိုက်ရေးလေယာဉ်နှင့် Yak-130တို့၏ အကြမ်းဖျင်းအချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်သည်-



Yak-130
ထုတ်လုပ်သည့်Company-Yakolev aircraft corporation
စတင်ထုတ်လုပ်သည့် ခုနှစ်-၁၉၉၄ခုနှစ် နိုဝင်ဘာလ
အတန်းအစား-အမောင်းသင်တိုက်လေယာဉ်/မြေပြင်တိုက်ခိုက်ရေးလေယာဉ်
အများဆုံးရရှိသောအရှိန်-အသံအောက်ဝ.၉၃ဆ(တစ်နာရီလျှင် ၅၇၃နော်တီကယ်မိုင်)
အများဆုံးပျံတက်နိုင်သော အမြင့်ပေ-၄၁,၀၀၀ပေ
အများဆုံးပျံတက်နိုင်သောနှုန်း-တစ်မိနစ်လျှင် ပေ၁၀,၀၀၀
အင်ဂျင်အမျိုးအစား-AI-222-25turbo fan engine
အင်ဂျင်အရေအတွက်-နှစ်လုံး
အင်ဂျင်တွန်းကန်အား-5542lb/ft
အများဆုံးပျံတက်နိုင်သောအလေးချိန်- ၂၂၆၈၅ပေါင်
အင်ဂျင်တွန်းကန်အားအချိုး-၁၅၉၈၀ပေါင်အလေးချိန်ဖြင့် အပိုဆီကျွေးစနစ်မပါ တွန်းကန်အားအချိုး ၀.၇၀ဆ/အပိုဆီကျွေးစနစ်ပါ တွန်းကန်အားအချိုး ၀.၇၈ဆ
ကမ္ဘာမြေဆွဲအားခံနိုင်မူ- +၉ဆ/-၃ဆ
လက်နက်တပ်ဆင်နိုင်သောနေရာ-၉ခု(ကိုယ်ထည်အောက် ၁ခု/တောင်ပံအောက်၆ခု/တောင်ပံဖျား၂ခု)
အများဆုံးသယ်ဆောင်နိုင်သော လက်နက်အလေးချိန်-၃,၀၀၀ကီလိုဂရမ်
စစ်ဆင်နိုင်သော အကွာအဝေး-၅၉၈မိုင် (အပိုဆီတိုင်ကီ သုံးခု/Kh-31Kr TV guided bomb နှစ်လုံး/R-73E AAM နှစ်လုံး/ECM pod နှစ်ခုဖြင့်)
အဝေးဆုံးပျံသန်းနိုင်သော အကွာအဝေး-၁၅၈၂မိုင်
တပ်ဆင်နိုင်သောလက်နက်-R-73ဝေဟင်မှဝေဟင် တာတိုပစ် အပူငွေ့ရှာဒုံး
Kh-31Kr TV Camera ပဲ့ထိန်းဗုံး
50kg/100kg/150kg/250kg/500kg ပဲ့ထိန်းမဲ့ဗုံး
S-8/S-13ပဲ့ထိန်းမဲ့ ရော့ကတ်
S-25 လေဆာပဲ့ထိန်း ရော့ကတ်
GSh-23 ၂၃မမ စက်အမြောက်

A-5lllC
ထုတ်လုပ်သည့် company-Nanchaung Aircraft Mfg.Co
စတင်ထုတ်လုပ်သည့်ခုနှစ်- ၁၉၈၄ခုနှစ်
အတန်းအစား-မြေပြင်တိုက်ခိုက်ရေး/အနီးကပ်ပစ်ကူပေး
အများဆုံးပျံသန်းနိုင်သောအရှိန်-အသံအောက် ၁.၁၂ဆ(တစ်နာရီလျှင် ၆၈၄နော်တီကယ်မိုင်)
အမြင့်ဆုံးပျံတက်နိုင်သော အမြင့်-၅၄,၁၃၃ပေ
အများဆုံး ပျံတက်နိုင်သောနှုန်း-တစ်မိနစ်လျှင် ၂၀၃၀၀ပေ
အင်ဂျင်အမျိုးအစား-WP-6C turbo jet engine
အင်ဂျင်အရေအတွက်-နှစ်လုံး
အင်ဂျင်တွန်းကန်အား-အပိုဆီကျွေးစနစ်မပါ ၆၆၁၂ပေါင်/အပိုဆီကျွေးစနစ်ပါ ၈၂၁၆ပေါင်
အင်ဂျင်တွန်းကန်အားအချိုး-၂၀,၉၁၀ပေါင် အလေးချိန်ဖြင့် အပိုဆီကျွေးစနစ်ပါ ၀.၆၇ဆ
ကမ္ဘာမြေဆွဲအားခံနိုင်မူ-+၆.၇ဆ/-၂ဆ
စစ်ဆင်နိုင်သော အကွာအဝေး- လက်နက်အပြည့်အစုံဖြင့် ၂၂၀နော်တီကယ်မိုင်
လက်နက်တပ်ဆင်နိုင်သော နေရာ- ကိုးခု(ကိုယ်ထည်အောက် ၄ခု/တောင်ပံအောက် ၆ခု)
အများဆုံးသယ်ဆောင်နိုင်သော လက်နက်သယ်ဆောင်နိုင်သော အလေးချိန်-၂၀၀၀ကီလိုဂရမ်
တပ်ဆင်နိုင်သော လက်နက်များ-Norinco Type-30-lllC ၃၀မမ စက်အမြောက် ၂လက်(တစ်လက်လျှင် အတောင့် ၁၀၀ဖြင့်×၂လက်=အတောင့်၂၀၀)
၅၇မမ/၉၀မမ/၁၃၀မမ ရော့ကတ်
၅၀/၁၀၀/၁၅၀/၂၅၀/၅၀၀ပေါင်ဗုံး
၁၀၅/၂၀၀/၃၀၀ဂါလံ အပိုဆီတိုင်ကီ

Yak-130 နှင့် A-5lllCတို့၏ တပ်ဆင်ထားသော ခေတ်မှီ စစ်ဆင်ရေး စနစ်နှင့် အီလက်ထရောနစ်စနစ်များ နှိုင်းယှဉ်ချက်
Yak-130
Glass cockpit-ပါ
HOTAS-ပါ
Air refulling system-တပ်ဆင်နိုင်
GPS/INS navigation system-ပါ Rader-မပါ
IRST/FLIR-ပါ
ECM-ပါ
Decoy-ပါ
Rader Warning Reciver-ပါ
Chaffs/Flares-ပါ
Data link-မပါ
SAAM-R-73E missile
BVR missile-မပါ
Guided ground attacking system-Kh-31Kr TV guided bomb
Anti-Ship missile-မပါ
A-5lllC
Glass cockpit-မပါ
HOTAS-မပါ
Air refulling system-မပါ
GPS/INS navigation system-တပ်ဆင်နိုင်
Rader-မပါ
IRST/FLIR-မပါ
ECM-မပါ
Decoy-မပါ
Rader Warning Receiver-ပါ
Chaffs/Flares-ပါ
Data link-မပါ
SAAM-မပါ(A-5Dတွင်သာတပ်ဆင်သည်)
BVR missile-မပါ
Guided ground attacking system-မပါ
Anti-Ship missile-မပါ

ဘင်္ဂလားလေတပ်မှ A5
အသေးစိတ် နှိုင်းယှဉ်ချက်
A-5lllCသည် မြေပြင်တိုက်ခိုက်ရေးလေယာဉ် တစ်စီးဖြစ်ပြီး Yak-130သည် ကနဦးအမောင်းသင်တိုက်လေယာဉ်ဖြစ်ကာ မြေပြင်တိုက်ခိုက်ရေးနှင့် အနီးကပ် ပစ်ကူပေးလေယာဉ်အဖြစ်ပါ အသုံးပြုနိုင်ပါသည်။A-5လေယာဉ်သည် ဆိုဗီယက်၏ အသံထက်မြန်သော တိုက်လေယာဉ် Mig-19ကို အခြေခံကာတည်ဆောက်ထားသော J-6လေယာဉ်ကို အဆင့်မြင့်တင်ထားပြီး ၁၉၆၄ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သည်။စတင်တည်ဆောက်စဉ်က J-6၏ ရှေဖက်လေဝင်ပေါက်အစား ဘေးဘက်သို့ ပြောင်းလဲတပ်ဆင်ကာ ချွန်ထက်သောလေယာဉ်ဦးကို တပ်ဆင်ကာ ထိုနေရာတွင် ရေဒါတပ်ဆင်ရန်စီစဉ်ခဲ့သော်လည်း နောက်ဆုံးပေါ်မျိုးကွဲအထိ တပ်ဆင်နိုင်ခြင်းမရှိပေ။A-5lllCသည် Yak-130လေယာဉ်ထက် အမြန်နှုန်း အမြင့်ပျံသန်းနိုင်မူ အမြင့်တက်ရောက်နိုင်မူနှုန်းတို့တွင် ပိုမိုသာလွန်သော်လည်း ဘင်္ဂလားဒေရှ်လေတပ်၏ A-5lllCများသည် သက်တမ်းကြာမြင့်လာမူကြောင့် လေယာဉ်ပေါင်းမိုးခန်းလေလုံမူအားနည်းကာ အမြင့်တက်ရောက်နိုင်မူတွင် ပေ၂၀၀၀၀အထက် ပိုမိုမတက်ရောက်နိုင်တော့ပေ။ထို့အပြင်အမြန်နှုန်းမှာလည်း သိပ်ထူးထူးခြားခြား ကွာဟမူမရှိပေ။Yak-130လေယာဉ်သည် AOA-32°အထိရှိသောကြောင့် ပြင်းထန်သော လှုပ်ရှာစစ်ကစားမူလုပ်ဆောင်နိုင်ပါသည်။A-5လေယာဉ်မှာမူ မြေပြင်တိုက်ခိုက်ရေးလေယာဉ်တို့ ထုံးစံအတိုင်း လှုပ်ရှားစစ်ကစားမူ မကောင်းပေ။တွန်းကန်အားအချိုးတွင်လည်း A-5သည် ၀.၆၂ဆသာရှိပြီး Yak-130လေယာဉ်သည် ၀.၇၈အထိရှိသောကြောင့် သာလွန်သော လှုပ်ရှားစစ်ကစားမူကို ရှိပေသည်။စစ်ဆင်နိုင်မူအကွာအဝေးတွင်လည်း A-5လေယာဉ်သည် ၂၂၀နော်တီကယ်မိုင်သာရှိပြီး Yak-130လေယာဉ်သည် ၅၉၈နော်တီကယ်မိုင်အထိ ရရှိသောကြောင့် အတော်ကွာခြားသော ပမာဏပင်ဖြစ်သည်။လေယာဉ်နှစ်မျိုးစလုံးသည် အင်ဂျင်နှစ်လုံးပါဝင်သောကြောင့် စိတ်ချယုံကြည်မူကောင်းမွန်ပေသည်။လက်နက်တပ်ဆင်နိုင်သောနေရာ ကိုးခုတူသော်လည်း Yak-130လေယာဉ်သည် 3000kg အထိ သယ်ဆောင်နိုင်ပြီး A-5လေယာဉ်သည် 2000kgသာ သယ်ဆောင်နိုင်သောကြောင့် Yak-130မှာ လက်နက်ပိုမို သယ်ဆောင်နိုင်စွမ်းရှိပေသည်။ဝေဟင်-ဝေဟင်စစ်ဆင်မူတွင် လေယာဉ်နှစ်မျိုးလုံးတွင် အထောက်အကူပြု ရေဒါမပါဝင်သောကြောင့် မြင်တာလွန်စစ်ဆင်နိုင်စွမ်းမရှိပေ။အနီးကပ် ဝေဟင်စီးချင်းထိုးစစ်ဆင်မူတွင် Yak-130လေယာဉ်သည် R-27E missileကို တပ်ဆင်ထားပြီး လှုပ်ရှားစစ်ကစားမူ ကောင်းသောကြောင့် အနီးကပ်ဝေဟင်စီးချင်းထိုးစစ်ဆင်ရေးအတွက် အထောက်အပံဖြစ်စေပါတယ်။A-5လေယာဉ်သည် မြေပြင်တိုက်ခိုက်ရေးလေယာဉ်ဖြစ်သောကြောင့် လှုပ်ရှားစစ်ကစားမူအားနည်းပြီး ဝေဟင်-ဝေဟင်ပစ် missileတပ်ဆင်နိုင်ခြင်းမရှိသောကြောင့် စစ်မက်ဖြစ်ပွားချိန်တွင် အစောင့်လိုက် တိုက်လေယာဉ်မပါဝင်ပဲ စစ်ဆင်နိုင်စွမ်း လုံးဝမရှိပေ။မြေပြင်တိုက်ခိုက်ရေးတွင်လည်း Yak-130သည် Kh-31Kr TV camera bombနှင့် S-25 guided rocketများတပ်ဆင်နိုင်သည်။ထိုလက်နက်များ၏ စွမ်းဆောင်ရည်မှာ အလွန်ကောင်းမွန်သော အဆင့်ရှိမနေသော်လည်း ခေတ်သစ်စစ်ပွဲတွင် အသုံးဝင်သော လက်နက်များပင်ဖြစ်သည်။ဘင်္ဂလားဒေရှ်၏ A-5lllCတွင် ပဲ့ထိန်းလက်နက်စနစ် LT-2/LS-6 PGMများ တပ်ဆင်သည်ဟု ဆိုနေသော်လည်း တိကျသော သတင်းထုတ်ပြန်မူ မရှိပေ။ထို့အပြင် သက်တမ်းကုန်လေယာဉ်တစ်စီးအား ထို့ကဲ့သို့အဆင့်မြင့်ထားပါကလည်း Yak-130လေယာဉ်များ ဝယ်ယူမည် မဟုတ်ပေ။ထိုကြောင့် တပ်ဆင်ထားခြင်းမရှိဟုသာ ဆိုရမည်ဖြစ်သည်။ထို့အပြင် ခေတ်မှီလေကြောင်းစက်ပစ္စည်းများ အီလက်ထရောနစ် စစ်ဆင်ရေးပစ္စည်းများတွင် A-5lllCနှင့် Yak-130သည် အတော်ကွာခြားသောအခြေအနေတွင် တွေ့ရှိရပါသည်။IRST/FLIR ကဲ့သို့သော အနီအောက်ရောင်ခြည် ရှာဖွေရေးစနစ်များ မပါဝင်သောကြောင့် ရာသီဥတုဆိုးရွားချိန်နှင့် ညအချိန်တွင် A-5lllCလေယာဉ်များ အနေဖြင့် စစ်ဆင်ရန် ခက်ခဲပေသည်။အီလက်ထရောနစ်တန်ပြန်နှောက်ယှဉ်ရေးစနစ်များ ပစ်မှတ်တုပုံဖော်စနစ် (Decoy)အစရှိသော စနစ်များမပါဝင်သောကြောင့် မြင်တာလွန် ရေဒါလမ်းညွန်ဒုံးဖြင့် ပစ်ခတ်သောအခါ ရှောင်ရှားရန် မဖြစ်နိုင်ပေ။ထိုကြောင့် Yak-130သည် A-5လေယာဉ်ထက် အဖက်ဖက်က သာလွန်သော လေယာဉ်တစ်စီးဟုဆိုရပေမည်။



Yak-130လေယာဉ်၏ အားသားချက်များ
Yak-130သည် ကမ္ဘာအကောင်းဆုံး ကနဦးအမောင်းသင်တိုက်လေယာဉ်အဖြစ် ကမ္ဘာက အသိအမှတ်ပြုထားခြင်းခံရသည့်လေယာဉ်ဖြစ်ပါတယ်။ခေတ်မှီဖန်သားပြင်လေယာဉ်မောင်းခန်းစနစ်များ GPS/INSကဲ့သို့သော ခေတ်မှီ လေကြောင်းလမ်းညွန်ပစ္စည်းများ တပ်ဆင်ထားပြီး စတုထ္ထမျိုးဆက်လွန်နှင့် ပဉ္စမမျိုးဆက်တိုက်လေယာဉ်များကို မောင်းနှင်ရန်အတွက်အထောက်အပံပေးနိုင်သည့် အနီအောက်ရောင်ခြည်ပစ်မှတ်ရှာဖွေရေးစနစ်(IRST) တန်ပြန်အီလက်ထရောနစ်စစ်ဆင်ရေးစနစ်များ(ECM) တိကျလမ်းညွန်မြေပြင်တိုက်ခိုက်ရေးဗုံးများတပ်ဆင်နိုင်ခြင်း လေကြောင်းတိုက်ခိုက်မူအတွက် ဝေဟင်မှဝေဟင်ပစ်ဒုံး များတပ်ဆင်နိုင်ပါသည်။ထို့အပြင် မြေပြင်ပစ်ကူပေးနှင့် သောင်းကျန်းသူနှိမ်နင်းရေး စစ်ဆင်ရေးများကိုပါ ဆောင်ရွက်နိုင်ပါသည်။မြေပြင်ပစ်မှတ်များကို တီဗီကင်မရာလမ်းညွန်ဗုံးများ အသုံးပြုနိုင်ခြင်းကြောင့် မြေပြင်ပစ်မှတ်များကို ထိရောက်စွာတိုက်ခိုက်နိုင်ပြီး ရန်သူအားခြိမ်းခြောက်နိုင်စွမ်းလည်းကောင်းမွန်ပါသည်။လက်နက်သယ်ဆောင်နိုင်မူမှာ 3000kgအထိရှိသောကြောင့် အမောင်းသင်တိုက်လေယာဉ်တစ်စီးထက် တိုက်လေယာဉ်တစ်စီးကဲ့သို့ သယ်ဆောင်နိုင်ကြောင်းတွေ့ရှိရပါသည်။ပစ်မတ်တု(decoy)များ မီးကျဉ်များ(flares) တန်ပြန်အီလက်ထရောနစ်စနစ်များ ပါဝင်ခြင်းကြောင့် ရန်သူ၏ တိုက်ခိုက်မူကိုကောင်းစွာ ရှောင်ရှားနိုင်ပါသည်။လက်နက်တပ်ဆင်နိုင်သော နေရာ ၉ခု ရှိသောကြောင့် လက်နက်အမျိုးအစားအမျိုးမျိုးကို missionအမျိုးမျိုးအတွက် တစ်စီးထဲတွင် ပေါင်းစပ်တပ်ဆင်နိုင်သော စွမ်းဆောင်ရည်ကို ရှိပါသည်။

Yak-130၏ အားနည်းချက်များ
Yak-130လေယာဉ်သည် ရေဒါမပါဝင်သောကြောင့် မြင်တာလွန်တိုက်ပွဲဝင်နိုင်ခြင်းမရှိပေ။ယနေ့ခေတ်တွင် အနီးကပ်စစ်ဆင်မူများကို ပြုလုပ်မူ အနည်းငယ်သာရှိသောကြောင့် တိုက်လေယာဉ်တစ်စီးအနေဖြင့် အသုံးပြုရန်မဖြစ်နိုင်ပေ။ထို့အပြင် အမြင့်သို့ တက်ရောက်နိုင်နှုန်းနှေးခြင်း R-73E missile၏ ရရှိသော အကွာအဝေးမှာ Sparrow/Sidewiderအစရှိသော missileများနှင့်ယှဉ်ပါက နည်းပါးသည်ကို တွေ့ရှိရပါသည်။ရေဒါမပါဝင်သောကြောင့် Datalinkစနစ်မပါဝင်ပေ။ထိုကြောင့် C4ISRဟုခေါ်သော ခေတ်သစ်ဆက်သွယ်ထိန်းချုပ် အမိန့်ပေးမူ ကွန်ယက်စနစ်တွင် ပူးပေါင်းဆောင်ရွက်နိုင်စွမ်း မရှိသလို လေယာဉ်ချင်း ပူးပေါင်းကာ တိုက်ပွဲဝင်နိုင်စွမ်းမရှိပေ။မြေပြင်တိုက်ခိုက်ရေးဟုဆိုသော်လည်း တစ်ယောက်မောင်း Yak-131မှသာ မြေပြင်တိုက်ခိုက်ရေးလေယာဉ်အစစ်ဖြစ်သောကြောင့် Yak-130လေယာဉ်သည် မြေပြင်မှ ရန်သူ၏ ပစ်ခတ်မူကို အကာအကွယ်ပေးနိုင်သော ကျဉ်ကာစနစ်ပါဝင်ခြင်းမရှိသောကြောင့် လေယာဉ်ပစ်လက်နက် ထူထပ်သောနေရာများတွင် ထိုးဖောက်စစ်ဆင်ရန် မဖြစ်နိုင်ပေ။

ဘင်္ဂလား လေတပ်မှ F-7 များ
ဘင်္ဂလားဒေရှ်လေတပ်၏ ဝယ်ယူမူ အလားအလာ
ဘင်္ဂလားဒေရှ်လေတပ်သည် Yak-130လေယာဉ် ဝယ်ယူမူမှာ သက်တမ်းအိုမင်းနေသော A-5lllCများနေရာတွင် အစားထိုးရန်ဖြစ်ပြီး ခေတ်မှီမျိုးဆက်မြင့်တိုက်လေယာဉ်များကို လေ့ကျင့်ပေးရန်ပါ ရည်ရွယ်ဝယ်ယူခဲ့ခြင်းကြောင့် ကောင်းမွန်သော ရည်ရွယ်ချက်ဖြစ်ပေသည်။မျိုးဆက်မြင့်တိုက်လေယာဉ်များကို ဝယ်ယူသော်လည်း အခြေခံအမောင်းသင်တိုက်လေယာဉ်သည် မျိုးဆက်နိမ့်နေပါက ထိုတိုက်လေယာဉ်များကို မောင်းနှင်မည့်လေသူရဲများသည် အစိမ်းသက်သက်ဖြစ် အစက သင်နေရသောကြောင့် combat readyဖြစ်မူအပိုင်းတွင် အလွန်အားနည်းပါသည်။ထိုကြောင့်လေကျင့်ရေးတိုက်လေယာဉ်များသည်လည်း မျိုးဆက်မြင့်တိုက်လေယာဉ်များအတွက်အထောက်အပံဖြစ်ရေးသည် အလွန်အမင်းအရေးပါပါသည်။
ထို့အပြင် လက်ရှိအသုံးပြုနေသော A-5lllCလေယာဉ်နေရာတွင် အစားထိုးမူမှာ မှန်ကန်မူရှိသည်ဟု သုံးသပ်နိုင်ပြီး လေ့ကျင့်ရေးကော မြေပြင်တိုက်ခိုက်ရေးပါ အသုံးပြုနိုင်သောကြောင့် ဒေါ်လာ၁၈သန်းမှာ တန်သည်ဟု ဆိုဖွယ်ရာရှိပါသည်။သို့သော် ၂၄စီးဆိုသည့် ပမာဏမှာ ဘင်္ဂလားဒေရှ်လေတပ်လို သေးငယ်သော လေတပ်တစ်ခုအတွက် ဒေါ်လာ၁၈သန်းတန် အမောင်းသင်တိုက်လေယာဉ်ဝယ်ယူမူမှာ ပမာဏများပြားသည်ဟုဆိုနိုင်ပါသည်။ထို့အပြင် F-7ကဲသို့သော တတိယမျိုးဆက်တိုက်လေယာဉ်များကိုသာ အမာခံထားပြီးအသုံးပြုရသော လေတပ်တွင် ထို၂၄စီးဆိုသော ပမာဏထက် လျော့သုံးကာ မျိုးဆက်မြင့်တိုက်လေယာဉ်များကိုသာ ဖြည့်တင်းသင့်ပေသည်။ယခုဝယ်ယူမူအပါအဝင် ရေတပ်စစ်သဘောင်္အချို့နှင့် ရေငုတ်သဘောင်္ ၂စီးအပါအဝင် အခြားလက်နက်အနည်းငယ် ဝယ်ယူရေးအတွက် ၅နှစ်စာ ကာကွယ်ရေးဘတ်ဂျက်ကို အသုံးပြုရမူသည် ဤမျှသော လေယာဉ်ဖြင့်သာရပ်တန့်သွားသည်မှာ မေးခွန်းထုတ်ဖွယ်ဖြစ်သည်။မည့်သို့ပင်ဆိုစေကာမူ Yak-130လေယာဉ်ဝယ်ယူမူသည် ဘင်္ဂလားဒေရှ်လေတပ်အတွက် အကျိုးရှိသော ကိစ္စတစ်ခုဟုသာသုံးသပ်မြင်မိပါသည်။

ဘင်္ဂလားဒေရှ်၏ Yak-130ဝယ်ယူမူနှင့် မြန်မာနိုင်ငံအပေါ်သက်ရောက်နိုင်မူ
Yak-130လေယာဉ်သည် လေ့ကျင့်ရေးလေယာဉ်အမျိုးအစားသာဖြစ်၍ တိုက်ပွဲဝင်လေယာဉ်တစ်စီးမဟုတ်ပေ။ထို့အပြင် လေယာဉ်သည် အသံအောက်မြန်နှုန်းသာ ပျံသန်းနိုင်ခြင်း လှုပ်ရှားစစ်ကစားမူတွင် တိုက်လေယာဉ်တစ်စီးကဲ့သို့ စွမ်းဆောင်နိုင်မူမရှိခြင်း မြင်တာလွန်တိုက်ပွဲဝင်နိုင်စွမ်း မရှိခြင်း လေယာဉ်များအုပ်ဖွဲ့၍ သတင်းအချက်အလက်ချိတ်ဆက်တိုက်ခိုက်နိုင်မူ မရှိခြင်း မြေပြင်ပစ်မှတ်များကို တိုက်ခိုက်ရာတွင် counter fireများပြားသော နေရာမျိုးအား အနီးကပ်ပစ်ကူပေးရန်ခက်ခဲခြင်းများ ရှိနေပါသည်။ထို့အပြင်မြေပြင်တိုက်ခိုက်ရေး တိကျလမ်းညွန်လက်နက်သည် ရာသီဥတုဆိုးရွားသော အချိန်မျိုးတွင် တိကျစွာနှင့် အကွာအဝေးကောင်းမွန်စွာ ပစ်ခတ်နိုင်ခြင်းမရှိပေ။သို့သော်လည်း လေသူရဲလေ့ကျင့်ရေးကို ကြီးမားသော အထောက်အပံပေးနိုင်ခြင်းကြောင့် အနာဂတ်မျိုးဆက်မြင့်တိုက်လေယာဉ်များ မောင်းနှင်ရာတွင် အထောက်အပံပေးနိုင်ပါသည်။ထိုလေယာဉ်ဝယ်ယူမူသည် ပင်မတိုက်ပွဲဝင်လေယာဉ်မဟုတ်ခြင်း မြေပြင်တိုက်ခိုက်ရေးတာဝန်ကိုသာ အဓိက တာဝန်ယူဆောင်ရွက်နိုင်ခြင်းကြောင့် တပ်မတော်(လေ)အတွက် ကြီးမားသော ခြိမ်းခြောက်မူ တစ်ခု ဖြစ်လာမည်မဟုတ်ကြောင်း လေးစားစွာတင်ပြအပ်ပါသည်။အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။

Written by Sky(4.6.2014)  ရေးသားခြင်းကို ကူးယူဖော်ပြပါသည် ။

No comments:

Post a Comment