Thursday, March 6, 2014

ပြည်တွင်းထုတ် စစ်ရေယာဉ်ပေါ်က သင်္ဘောဖျက်ဒုံး စမ်းသပ်မှု

Photo by Myawady
အိမ်နီးချင်း အနောက်ဘက်နိုင်ငံ၏ ရေတပ်အင်အားတိုးချဲ့ပြင်ဆင်နေမှုကို ပြန်လည် တုန့်ပြန်နိုင်ရန် မြန်မာ့တပ်မတော်(ရေ)ကိုလည်း အဘက်ဘက်မှ တောင့်တင်းလာအောင်ပြင်ဆင်လျက်ရှိကြောင်း သိရှိရပြီး မတ်လ(၁) ရက်နေ့ကလည်း မြန်မာ့တပ်မတော်(ရေ)၏ သမိုင်းမှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ကြောင်း သိရသည်။

၂၀၁၄ ခုနှစ် မတ်လ(၁)ရက်နေ့တွင် မြန်မာ့တပ်မတော်(ရေ)မှ ကိုယ်တိုင်တည်ဆောက်ခဲ့သော စစ်ရေယာဉ်-အနော်ရထာသည် ဘင်္ဂလားပင်လယ်အော်အတွင်း တပ်မတော်(ရေ)မှ ကျွမ်းကျင်ပညာရှင်များကိုယ်တိုင် တပ်ဆင်ထားသော ဒုံးပျံစနစ်(Missile System)ဖြင့် တရုတ်နိုင်ငံထုတ် ရေယာဉ်မှရေယာဉ်ပစ်သဘောင်္ဖျက်ပဲ့ထိန်းဒုံးပျံ (Anti Ship Missile- C 802 A )တစ်စင်းအား မိုးကုတ်စက်ဝိုင်းလွန်(Over the Horizon-OTH)   အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်း  ကြားသိရပါသည်။

ယင်းသည် မြန်မာ့တပ်မတော်(ရေ)၏ Combat Power အတွက် သမိုင်းမှတ်တိုင်တစ်ခုအဖြစ် မှတ်ကျောက်တင်နိုင်ခဲ့ပြီ ဖြစ်ပါသည်။ ထို့အတူ နိုင်ငံတော်ကာကွယ်ရေးစွမ်းရည်မြင့်မားစေရန် ဖေဖော်ဝါရီလ(၂၅)ရက်နေ့က ပြုလုပ်ခဲ့သော ကြည်း၊ လေ၊ အမြောက်နှင့်သံချပ်ကာ တပ်ဖွဲ့များ၏ Firing Power နှင့် Manoeuvre တို့ ဟန်ချက်ညီစစ်ဆင်လှုပ်ရှားမူမှ Timing and Synchronize ဝိသေသအနှစ်သာရ ဖြစ်ပေါ်စေသည့် ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်း
အနော်ရထာ ၏ နောက်ဆက်တွဲအဖြစ် သမိုင်းတွင်မည့် Combat Power အခြေပြု ရေတပ်စစ်ရေးလေ့ကျင့်ခန်းကြီးတစ်ခုကိုလည်း (၆၉)နှစ်မြောက် မြန်မာ့တပ်မတော်နေ့ အချိန်အခါသမယတွင် လေ့ကျင့်ပြုလုပ်နိုင်ဖွယ်ရှိကြောင်း ကြားသိရပါသည်။

စမ်းသပ် ပစ်လွှတ်ပုံ အဆင်.ဆင်. Photo: Ye Moe ၊ Myanmar Armour Corps
ဖော်ပြပါ စစ်ရေယာဉ်-အနော်ရထာသည် ပြည်တွင်းပညာရှင်များကိုယ်တိုင် တည်ဆောက်ခဲ့သော Corvette အမျိုးအစား စစ်ရေယာဉ်ဖြစ်ပြီး ၂၀၀၀ ခုနှစ် စက်တင်ဘာလ (၁၇) ရက်နေ့တွင် တပ်တော်ဝင်ခဲ့သည်။ တပ်မတော်(ရေ)မှ ရေတပ်သင်္ဘောကျင်းတွင် တည်ဆောက်ခဲ့သော Frigate အမျိုးအစား စစ်ရေယာဉ်-အောင်ဇေယျ တပ်တော်မဝင်ခင်အချိန်ထိ မြန်မာ့တပ်မတော်(ရေ)၏ Flag Ship အဖြစ် သတ်မှတ်ခဲ့သည်။ တည်ဆောက်ရေးကာလ၊ တပ်တော်ဝင်နှင့် ပထမဆုံးစစ်ရေယာဉ်မှူးမှာ ဒုတိယဗိုလ်မှူးကြီး သူရသက်ဆွေ (ယခု ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ) ဖြစ်ပါသည်။

ကနဦးစစ်ရေယာဉ်ပုံစံတွင် ဒုံးပျံတပ်ဆင်ခဲ့ခြင်းမရှိသော်လည်း နောက်ပိုင်းပြောင်းလဲတိုးတက်လာသော စစ်နည်းဗျုဟာနှင့် နည်းပညာများကြောင့် တပ်မတော်(ရေ)မှ ပညာရှင်များကိုယ်တိုင် ရေယာဉ်တွင် ဒုံးပျံစနစ်များ၊ ဆင်ဆာများ၊ လက်နက်စနစ်များ၊ အီလက်ထရောနစ်စနစ်များ အသစ်တပ်ဆင်ခြင်း၊ပြောင်းလဲပြင်ဆင်တပ်ဆင်ခြင်းများ ဆောင်ရွက်၍ Corvette အမျိုးအစားမှ Light Frigate သို့ အဆင့်မြှင့်တင်နိုင်ခဲ့သည်။

 Light Frigate စစ်ရေယာဉ်-အနော်ရထာ(၇၇၁) Photo by Myanmar Navy 
စစ်ရေယာဉ်-အနော်ရထာသည် ရေယာဉ်သက်တမ်း(၁၄)နှစ်အတွင်း နိုင်ငံတော်ကာကွယ်ရေးအတွက် မြန်မာ့တပ်မတော်(ရေ)၏ ရည်မှန်းချက်တာဝန်အမျိုးမျိုးကို ဆောင်ရွက်ရာတွင် ရေတပ်သား အရာရှိ/စစ်သည်များနှင့်အတူ ရှေ့တန်းကျကျပါဝင်ခဲ့သည်။ ထို့ပြင် စစ်ရေယာဉ်တစ်စီးချင်းဆိုင်ရာ Combat Drill / Routine Drill / Emergency Drill များသာမက ရေယာဉ်အုပ် Fleet လိုက် လေ့ကျင့်ခန်းများတွင်လည်းကောင်း၊ ယနေ့ခေတ် Coastal Navy အဆင့် ရေတပ်တစ်ခုအတွက် မရှိမဖြစ်လိုအပ်သော Conventional Warfare အတွက် လေ့ကျင့်ပြင်ဆင်ဆောင်ရွက်ရာတွင်လည်းကောင်း အဓိကအခန်းကဏ္ဍမှ ရှေ့ဆောင်ပါဝင်လျက်  ရှိသော ရေယာဉ် တစ်စင်းဖြစ်သည်ဟု သိရပါသည် ။

ဘင်္ဂလားဒေ့ရှ်က တရုတ်မှစစ်ရေယာဉ်လက်နက်များဝယ်ယူ၍ တရုတ်အကူအညီဖြင့် ရေတပ်အင်အားကိုခိုင်မာအောင် ပြုလုပ်နေချိန်တွင် မြန်မာ့တပ်မတော်(ရေ)က ပြည်တွင်းမှာ ကိုယ်တိုင်လုပ် ကိုယ်တိုင်တည်ဆောက်၍ ရေတပ်အင်အားကိုခေတ်မီတောင့်တင်းလာအောင် ပြင်ဆင်နေမှုများ ထဲမှ တစ်ခုအဖြစ် တွေ.မြင်ရပါသည် ။

Ref ; မောင်မာဃ ( Myanmar Navy ) , လူပျော် ( ငပလီ ) @ Opposite Eye

No comments:

Post a Comment