Showing posts with label ရေခြားမြေခြား မြန်မာများ. Show all posts
Showing posts with label ရေခြားမြေခြား မြန်မာများ. Show all posts

Wednesday, May 20, 2015

မြန်မာကျောင်းသား သြစတြေးလျ ထိပ်တန်းကောလိပ် တွင်အထူးချွန်ဆုံး ဆုရ





သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ ထိပ်တန်း ကောလိပ်တစ်ခု ဖြစ်သည့် UTS; INSEARCH ၏ UTS Foundation Studies က ပေးအပ်သော Semester 3 အထူးချွန်ဆုံး ကျောင်းသားဆု Outstanding Graduate Prize ကို မြန်မာ ကျောင်းသား သိင်္ဂါအောင်သန်း က ရရှိခဲ့ကြောင်း သိရသည်။

သိင်္ဂါအောင်သန်းသည် UTS Foundation Studies အစီအစဉ်တွင် ၁ဝ မှတ် ပေးရာတွင် ၉ ဒသမ ၇ မှတ်ရရှိပြီး ၄င်းဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။ သိင်္ဂါအောင်သန်း သည် ဆစ်ဒနီ နည်းပညာ တက္ကသိုလ် University of Technology, Sydney (UTS) ကို တက်ရောက်ရန် ကြိုတင် ပြင်ဆင်သည့် အနေဖြင့် UTS; INSEARCH ၏ UTS Foundation Studies အစီအစဉ်ကို ပြီးမြောက်ခဲ့ခြင်း ဖြစ်ပြီး အင်ဂျင်နီယာဘွဲ့ အတွက် Mechanical နှင့် Mechatronic မေဂျာတို့ကို အထူးပြု တက်ရောက် သင်ယူလျက် ရှိကြောင်း သိရသည်။

'' UTS; INSEARCH က ကျွန်တော့်ကို တက္ကသိုလ်ဘဝနဲ့ မိတ်ဆက်ပေးပြီး UTS မှာ စာသင်ကြား ရတာကို ပိုမိုလွယ်ကူ စေပါတယ်။ အထက်တန်း ကျောင်းမှာတုန်းက ကျွန်တော် assignments တွေ၊ အွန်လိုင်းကနေ လုပ်ရ တာတွေ မလုပ်ဖူးဘူး။ ဒါပေမဲ့ UTS; INSEARCH ကို ရောက်တဲ့အခါ ကျတော့ ကိုယ့်အချိန် ကိုယ် စီမံခန့်ခွဲပြီး assignment တွေလုပ်ဖို့ စဉ်းစားရတယ်။ ကိုယ့်ဘာသာကိုယ် လေ့လာတာ တွေက လက်တွေ့ လုပ်နိုင်တဲ့  အသိပညာတွေ ရလာစေခဲ့ ပါတယ်။ အဲဒီက တစ်ဆင့် အမှတ်တွေ ကောင်းလာ ခဲ့တာပါ။ ဒါပေမယ့် UTS; INSEARCH က ဒါကို အဆင်ပြေ လွယ်ကူစေခဲ့ ပါတယ်'' ဟု မြန်မာ ထူးချွန်ကျောင်းသား သိင်္ဂါအောင်သန်း ကပြောသည်။

UTS သည် Times Higher Education ၏ ထိပ်တန်း တက္ကသိုလ် ၁ဝဝ တွင် သက်တမ်း နှစ် ၅ဝ အောက် တက္ကသိုလ် များ၌ သြစတြေးလျ တွင် နံပါတ် ၁၊ တစ်ကမ္ဘာလုံး တွင် အဆင့် ၂၁ စာရင်းဝင်လျက် ရှိသည်။ UTS; INSEARCH မှ နှစ်စဉ်နှစ်တိုင်း ထူးချွန်သည့် ပညာသင်ကြားမှု ရလဒ်များ ရရှိသည့် ကျောင်းသားများကို သြစတြေးလျ ဒေါ်လာငွေ ၂၁ဝဝဝဝ ကျော် ဆုများ ပေးအပ် ချီးမြှင့်လျက် ရှိကြောင်း သိရသည်။

ဝန်းရံခ @ Themyawadydaily

Friday, November 8, 2013

အမေရိကန်နိုင်ငံ က အကောင်းဆုံးဆရာဝန်ဆု ရ မြန်မာနိုင်ငံသား


ကျောက်ကပ်ရောဂါနှင့် အထွေထွေ လူကြီးရောဂါကု သမားတော်ကြီး ဒေါက်တာ အလက်ဇန်းဒါးမြင့်စွမ်း ဆုလက်ခံ ရယူနေစဉ်

အမေရိကန်နိုင်ငံ နယူးဂျာစီမြို့က နှစ်စဉ်ရွေးချယ်သည့် အကောင်းဆုံး ဆရာဝန်များစာရင်း ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံသား ဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာအလက်ဇန်းဒါးမြင့်စွမ်း ပထမဆုံးအကြိမ်အဖြစ် ရွေးချယ်ဂုဏ်ပြုခံခဲ့ရသည်။ ဒေါက်တာ အလက်ဇန်းဒါးမြင့်စွမ်းသည် ၂၀၀၇ ခုနှစ်တွင် အမေရိကန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပေးအပ်သည့် အကောင်းဆုံး ဆရာဝန်ဆုကို ရရှိခဲ့ပြီး ယခုအခါ နယူးဂျာစီပြည်နယ်တွင် နှစ်စဉ်ရွေးချယ် ပေးအပ်သော အကောင်းဆုံး ဆရာဝန်ဆုကို မြန်မာနိုင်ငံသား ဆရာဝန်တစ်ယောက် အနေဖြင့် ပထမဆုံးအကြိမ် ရရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါဆုကို မြန်မာနိုင်ငံသား တစ်ဦးအနေဖြင့် ပထမဆုံးအကြိမ် ရရှိခဲ့သူ ဒေါက်တာအလက်ဇန်းဒါးမြင့်စွမ်း MBBS, MD, FACP ကျောက်ကပ်ရောဂါနှင့် အထွေထွေ လူကြီးရောဂါကု သမားတော်ကြီးအား The Daily Eleven က အီးမေးလ်မှတစ်ဆင့် သီးသန့်မေးမြန်း ခဲ့ပါသည်။

'မြန်မာနိုင်ငံသား ဆရာဝန်တစ်ယောက် အနေနဲ့လည်း ပထမဆုံးရတဲ့ဆု ဖြစ်ပါတယ်'

မေး - အရင်ဆုံး ဆရာ့ကိုယ်ရေး အကျဉ်းလေး သိပါရစေ။
ဖြေ - ကျွန်တော့်ကို ၁၉၆၁ ခုနှစ် ဧပြီလမှာ ရန်ကုန်မြို့က အမေရိကန်ဆေးရုံမှာ မွေးဖွားခဲ့ပါတယ်။ အမေရိကန် ဆေးရုံဆိုတာ အခု နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံပါ။ ကျွန်တော့် မိဘတွေကတော့ တွံတေးမြို့ကပါ။ အဲဒီမှာ ကုန်စုံဆိုင် ဖွင့်ပါတယ်။ ကျွန်တော် မွေးတဲ့အချိန်မှာ ကျွန်တော့်အဖေက သင်္ဘောနဲ့ ကုန်ကူးရင်း သင်္ဘောနစ်လို့ ဆုံးသွားပြီ။ ကျွန်တော့်အဖေ ဆုံးတဲ့အချိန်မှာ အမေက ကျွန်တော့် ကိုယ်ဝန်ကြီးနဲ့ပါ။ ကျွန်တော်မွေးပြီး တစ်နှစ် နှစ်နှစ်လောက်ကြာတဲ့ အခါကျမှ ကျွန်တော်တို့ မိသားစု ရန်ကုန်ပြောင်းလာပြီး အခြေချ နေခဲ့ကြတယ်။ ကျွန်တော် ကျောင်းစတက်တော့ လမ်းမတော်က မူလတန်းကျောင်းမှာ တက်ရတာ။ အဲဒီအချိန်တုန်းက တိုင်းပြည် အခြေအနေကလည်း အတော်လေး မငြိမ်မသက် ဖြစ်နေတော့ ကျောင်းအမျိုးမျိုး ပြောင်းတက်ခဲ့ရတယ်။ ကျွန်တော် ရှစ်တန်းလောက်ရောက်တော့ မနက်ပိုင်း ကျောင်းတက် ညနေဘက် မိသားစု ဆေးဆိုးပန်းရိုက် အလုပ်မှာ ၀င်လုပ်ပေးရတယ်။ အဲဒီလို အလုပ်တစ်ဖက် ကျောင်းတစ်ဖက်ဆိုတော့ ကျွန်တော့်မှာ သူငယ်ချင်းတွေနဲ့ ပျော်ပါးဖို့၊ လက်ဖက်ရည်ဆိုင်ထိုင် အချိန်ဖြုန်းဖို့လည်း မရှိခဲ့ဘူး။ အကောင်းပဲ ပြောရမယ် ထင်တယ်။ ကျွန်တော်အလုပ် လုပ်ရတာကို သဘောကျသွားတယ်။ အကျင့်ပါသွားတယ်ပေါ့။ ကျွန်တော် ရှစ်တန်းအောင်တော့ ဂုဏ်ထူးသုံးခု ပါခဲ့တယ်။ ကိုးတန်းရောက်တော့ အလုပ်လုပ်ဖို့ အချိန်ပိုရအောင်ဆိုပြီး ကျွန်တော်ညကျောင်း ပြောင်းတက်ခဲ့တယ်။ ဆယ်တန်းမှာ အလုပ်တစ်ဖက်နဲ့ဆိုတော့ ကျွန်တော်ကျတယ်။ အဲဒါနဲ့ ဆက်မဖြေတော့ဘဲ အပြင်ထွက်ပြီး အလုပ်ပဲလုပ်တာ သုံးနှစ်ကြာတယ်။ နောက်ဆယ်တန်းတွေ စနစ်သစ် ပြောင်းတော့မယ် ဆိုတော့မှ ကျွန်တော်ဆယ်တန်း ၀င်ဖြေလိုက်တာ အောင်သွားတယ်။ နောက်ဒေသကောလိပ်တက်ပြီး ဆရာဝန်ဖြစ်ချင်တာနဲ့ ဆေးကျောင်းရအောင် တက်ခဲ့တယ်။ ဆေးကျောင်းကတော့ အခုလမ်းမတော်က ဆေး ၁ ပေါ့လေ။ အလုပ်သင် ဆရာဝန်က ၁၉၈၈ ခုနှစ်မှာပြီးတယ်။ အလုပ်သင် ဆရာဝန်ပြီးတော့ ကျွန်တော် အင်းစိန်မှာ ဆေးခန်းခဏ ထိုင်ခဲ့သေးတယ်။

မေး - ဆရာ အခုရတဲ့ ဆုအကြောင်းလည်း နည်းနည်းပြောပြပေးပါ။
ဖြေ - ဒီဆုက New Jersey Monthly ၀က်ဘ်ဆိုက်က ကြီးမှူးပေးအပ်တာ ဖြစ်ပါတယ်။ ပထမဆုံး အကောင်းဆုံး ဆရာဝန် ရွေးချယ်ရေးအတွက် နယူးဂျာစီမြို့မှာရှိတဲ့ ဆရာဝန် ၂၃၅၁၃ ဦးကို စစ်တမ်းကောက်ယူတယ်။ ဆရာဝန်တွေကို အဲဒီလိုစစ်တမ်း ကောက်ယူတဲ့ အခါမှာ မိမိတို့ရဲ့ မိသားစုဝင်တွေကို နယူးဂျာစီ မြို့မှာရှိတဲ့ ဘယ်ဆရာဝန်နဲ့ ကုသခံမလဲဆိုတဲ့ မေးခွန်းနဲ့ စစ်တမ်းကောက်ယူတာဖြစ်ပြီး ရလာတဲ့ စစ်တမ်းကို အဖွဲ့ဝင် ဆရာဝန် ၂၅ ဦးပါဝင်တဲ့ နယူးဂျာစီ အကောင်းဆုံး ဆရာဝန်ရွေးချယ်ရေး ဘုတ်အဖွဲ့က ရွေးချယ် စိစစ်ပေးပါတယ်။ အဲဒီလို စိစစ်ပြီးတော့မှ မဲပေးရွေးချယ်မှုအရ ဆရာဝန် ၉၇၄ ဦးကို ရွေးချယ်ပေးအပ်ခြင်း ဖြစ်ပါတယ်။ ဆရာဝန်စုစုပေါင်းရဲ့ လေးရာခိုင်နှုန်းသာ ဒီဆုကို ရရှိပါတယ်။ ဒီဆုက အများအားဖြင့်တော့ အမေရိကန်နိုင်ငံသား ဆရာဝန်တွေနဲ့ ဥရောပဆရာဝန်တွေသာ ရရှိလေ့ရှိပါတယ်။ အခုကျွန်တော် ဒီဆုရတယ်ဆိုတဲ့ အကြောင်းကို သိစေချင်တာက ကိုယ့်ကိုယ်ကိုယ် ကြွားချင်လို့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံသား ဆရာဝန်တွေလည်း ကမ္ဘာပေါ်က အထက်တန်းဆိုတဲ့ နေရာတွေမှာ ရှိတယ်ဆိုတာကို ပြောချင်တာပါ။ မြန်မာနိုင်ငံကအောင်တဲ့ ဆရာဝန်မို့လို့ စိတ်ဓာတ်ကျစရာ မလိုဘူး။ မြန်မာတွေလည်း မညံ့ဘူးဆိုတာ သိစေချင်တာပါ။ ဒီဆုကိုရတဲ့အတွက် မြန်မာနိုင်ငံသား တစ်ယောက် အနေနဲ့လည်း ဂုဏ်ယူမိပါတယ်။ အမေရိကန်က ထိပ်တန်းဆိုတဲ့ ဆရာဝန်တွေထဲမှာ မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ပါဝင်ခြင်းအားဖြင့် မြန်မာဆရာဝန်တွေ အနေနဲ့ အမေရိကန် ဆရာဝန်တွေထက် မနိမ့်ဘူး ဆိုတာကို ပြသနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီဆုက ကျွန်တော့်အတွက် နယူးဂျာစီမြို့မှာ ပထမဆုံးရတဲ့ဆု ဖြစ်သလို မြန်မာနိုင်ငံသား ဆရာဝန်တစ်ယောက် အနေနဲ့လည်း ပထမဆုံးရတဲ့ဆု ဖြစ်ပါတယ်။

မေး - ဆရာ့ကို ဘာ့ကြောင့် ဒီဆုချီးမြှင့်တယ် ထင်ပါသလဲ။
ဖြေ - ကျွန်တော်ရခဲ့တဲ့ ဆုတွေထဲမှာ လူနာတွေက ရွေးချယ်ပေးတာလည်း ပါသလို ဆရာဝန်တွေ၊ ဆေးဝန်ထမ်းတွေက ရွေးချယ်ပေးတဲ့ ဆုတွေလည်း ရှိပါတယ်။ ဒီဆုကတော့ ဆရာဝန်တွေက ရွေးချယ်ပေးအပ်တဲ့ ဆုတစ်ခုပါ။ ဆရာဝန် အချင်းချင်း ရွေးချယ်ခိုင်းတာ ဖြစ်တဲ့အတွက် သိပ်တော့ မလွယ်လှပါဘူး။ ဆရာဝန် တစ်ယောက်ကို ဆုရွေးချယ်တဲ့ အခါမှာ စိတ်ချယုံကြည်ရမှု ရှိမရှိ၊ အလုပ်ကြိုးစားတာ၊ တာဝန်သိတတ်တာ၊ လူနာကို စေတနာနဲ့ ဂရုတစိုက် ကုသပေးတာတွေကို ကြည့်ပြီး ရွေးချယ်ပါတယ်။
ကျွန်တော်အဓိက ပြောချင်တာကတော့ မြန်မာတွေ မညံ့ပါဘူး။ တကယ်တမ်းကြိုးစားရင် မြန်မာဆိုတာ ဘယ်နိုင်ငံသားနဲ့မဆို ရင်ဘောင်တန်း နိုင်ပါတယ်။ ကျွန်တော် ဆရာဝန်ငယ်လေးတွေကို အကြံပေးချင်တာက လူနာတွေကို ကုသတဲ့နေရာမှာ မေတ္တာ၊ စေတနာနဲ့ ကုသပေးပါ။ အသပြာဆိုတဲ့ငွေနောက် မလိုက်ဖို့ အရေးကြီးတယ်၊ ကိုယ်ကကောင်းတာလုပ်ရင် ကောင်းတဲ့ အရာတွေက ကိုယ့်နောက် လိုက်လာပါလိမ့်မယ်။ စေတနာ၊ မေတ္တာကိုရှေ့ထားမှ အောင်မြင်မှု ပိုရနိုင်မှာပါ...

မေး - ဆရာ အမေရိကကို စတင်ပြောင်းရွှေ့လာတဲ့ အချိန်ကနေ အခုလို အောင်မြင်တဲ့ ဆရာဝန် တစ်ယောက် ဖြစ်လာတဲ့အထိ ဘယ်လိုတွေ ရုန်းကန်ခဲ့ရသလဲ ဆိုတာလေး ပြောပြပေးပါ။
ဖြေ - ၁၉၈၈ ခုနှစ်မှာ ကျွန်တော် အလုပ်သင်ဆရာဝန် ပြီးတယ်။ ၁၉၈၉ မှာတော့ ဆက်ပြီးပညာသင်ဖို့ စိတ်ကူးနဲ့ ကျွန်တော် အမေရိကကို ထွက်ခဲ့တယ်။ အဲဒီအချိန်ကတည်းက ကျွန်တော်အမေရိကကို ရောက်နေခဲ့တာပါ။ အဲဒီအချိန်တုန်းက မြန်မာပြည်ကနေ အမေရိကန်ထွက်တော့ ၃၅ ဒေါ်လာပဲ ယူခွင့်ရှိတယ်။ အဲဒါနဲ့ ၃၅ ဒေါ်လာပဲ ယူပြီး ထွက်လာတာပေါ့။ အမေရိကန်ရောက်တော့ ရရာအလုပ်လုပ်ရင်း ကျွန်တော် စာမေးပွဲဖြေဖို့ ကြိုးစားခဲ့တယ်။ ဓာတ်ဆီဆိုင်မှာ ဓာတ်ဆီ ထည့်ပေးတယ်။ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေမှာ အိမ်သာဆေးတယ်၊ ပန်းကန်ဆေးတယ်၊ ကြမ်းတိုက်တယ်။ အဲဒီလိုနဲ့ရရာ အလုပ်မျိုးစုံလုပ် ပိုက်ဆံစုပြီး အမေရိကန်က ဆရာဝန် စာမေးပွဲအောင်အောင် ဖြေခဲ့တယ်။ ကျွန်တော် အမေရိကန် စရောက်တော့ အီလီနွိုက်ပြည်နယ်က မြို့လေးတစ်မြို့မှာ နေခဲ့တာ။ ကျွန်တော်အမေရိကန် ဆရာဝန် စာမေးပွဲအောင်တော့ အဲဒီက University of Illinois ဆိုတဲ့ သင်ကြားရေး ဆေးရုံမှာ အလုပ်သင်ဆရာဝန် ပထမနှစ် ဆင်းခဲ့ရတယ်။ နောက်တော့ နယူးယောက်မြို့ကို ပြောင်းရွှေ့ခဲ့ရပြီး ဘရွတ်ကလင်းက ဆေးရုံမှာ အလုပ်သင် ဆရာဝန် ဒုတိယနှစ်နဲ့ တတိယနှစ်ကို ဆင်းခဲ့ရတယ်။ အဲဒီမှာ မြန်မာနိုင်ငံကလာတဲ့ ဆရာဝန် အတော်များများ ရှိတယ်ဗျ။ အဲဒီမှာ အလုပ်သင် ဆရာဝန်အဖြစ်ဆင်းရင်း ကျောက်ကပ်အထူးကု ပညာရပ်ကို မက်ဟန်တန်မြို့က Lenox Hill ဆေးရုံမှာ ဆက်လက်ဆည်းပူးခဲ့တယ်။ အဲဒီနောက်မှာ ကျွန်တော် အသည်းအသန် ဝေဒနာများကို ပြုစုကုသရေး ဆေးပညာ (Critical Care Medicine) ကို ဆက်လက် ဆည်းပူးခဲ့ပါတယ်။ ကျွန်တော် Critical Care Medicine ကို ဆည်းပူးခဲ့တာကတော့ နယူးယောက်က Memorial Sloan Kettering Cancer Center လို့ခေါ်တဲ့ ကမ္ဘာပေါ်မှာ အကောင်းဆုံး ကင်ဆာဆေးရုံ တစ်ခုပါ။ အဲဒီနောက် ကျွန်တော်ကိုယ်ပိုင် ဆေးခန်းတစ်ခုကို နယူးယောက်က တောပိုင်းမှာ အမေရိကန် ဆရာဝန်တစ်ယောက်နဲ့တွဲပြီး ဖွင့်ခဲ့ပါတယ်။ အဲဒီမှာ တစ်နှစ်လောက် ကြာပြီးတော့မှ ကျွန်တော်နယူးဂျာစီ ပြည်နယ်က ပရင်စတန်မြို့ကို ပြောင်းလာခဲ့ပါတယ်။

မေး - ဆရာနယူးဂျာစီမြို့မှာ အခြေချနေထိုင်တာ ဘယ်လောက်ကြာပြီလဲ။ ဆရာ့အနေနဲ့ အဓိက ဘာလုပ်ရပါသလဲ။
ဖြေ - ကျွန်တော် အခုနယူးဂျာစီ မြို့မှာနေခဲ့တာ အနှစ်နှစ်ဆယ်လောက် ရှိပါပြီ။ ကျွန်တော်ကိုယ်ပိုင် ဆေးခန်းဖွင့်ပါတယ်။ ကျွန်တော်က ကျောက်ကပ်အထူးကု ဆရာဝန်တစ်ယောက်ဆိုတော့ ကျောက်ကပ် ဝေဒနာရှင်တွေ အတွက် ကျောက်ကပ်အစားထိုးခြင်း၊ ကျောက်ကပ်ဆေးခြင်း အစရှိတဲ့ ကျောက်ကပ်ဝေဒနာနဲ့ ပတ်သက်တဲ့ ကုသမှုတွေ လုပ်ပေးရပါတယ်။ ဒါ့အပြင် ဆေးကျောင်းသားတွေ၊ အလုပ်သင် ဆရာဝန်တွေကို စာသင်ကြားပေးပါတယ်။ ၂၀၀၈ ခုနှစ် သမ္မတ ဂျော့ဒဗလျူဘုရှ် လက်ထက်မှာ နယူးဂျာစီပြည်နယ် ဆေးပညာကောင်စီရဲ့ အကြံပေးပုဂ္ဂိုလ် အဖြစ်လည်း ကျွန်တော်တာဝန် ထမ်းဆောင်ခဲ့ဖူးပါတယ်။

မေး - နယူးဂျာစီပြည်နယ်မှာ မြန်မာနိုင်ငံသား ဆရာဝန် ဘယ်နှယောက်လောက် ရှိပါသလဲခင်ဗျာ။
ဖြေ - ကျွန်တော် အတိအကျတော့ မသိဘူး။ ဒီမှာတော့ မြန်မာဆရာဝန် ရာဂဏန်းလောက် ရှိမယ်ထင်ပါတယ်။ ကျွန်တော် အလုပ်လုပ်ခဲ့ဖူးတဲ့ နယူးယောက်မှာတော့ မြန်မာနိုင်ငံသား ဆရာဝန် ထောင်ဂဏန်းလောက် ရှိပါတယ်။

မေး - ဆရာနယူးဂျာစီမှာရော ရုန်းကန်ခဲ့ရတာတွေ ရှိပါသလားခင်ဗျာ။
ဖြေ - နယူးဂျာစီမှာလည်း ကျွန်တော်ရုန်းကန် ခဲ့ရတာပေါ့။ ဒီမှာက အမေရိကန်နိုင်ငံသား တစ်ယောက်အတွက်တောင် ကိုယ်ပိုင်လုပ်ငန်းတစ်ခု တည်ထောင်နိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ကျွန်တော့်လို နိုင်ငံခြားသား တစ်ယောက်အတွက်ဆို ပိုလို့တောင် ခက်ခဲပါသေးတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့က ဗုဒ္ဓဘာသာ တစ်ယောက်ပီပီ ဘယ်တော့မှ ဘုရားတရားကို မမေ့ခဲ့ဘူး။ အဲဒီလိုနဲ့ အခက်အခဲတွေကို ရင်ဆိုင်ဖြတ်သန်း လာပြီးတဲ့နောက်မှာ ဒီနေ့ဒီအချိန်မှာတော့ ကျွန်တော့်အနေနဲ့ အောင်မြင်တယ်လို့ ပြောလို့ရတဲ့ အနေအထားတစ်ခုကို ရောက်ရှိနေပါပြီ။

မေး - ဆရာ့အနေနဲ့ မြန်မာနိုင်ငံကို ပြောကြားလိုတာများ ရှိပါသလားခင်ဗျာ။
ဖြေ - ကျွန်တော်မြန်မာပြည်က ထွက်လာတာ ကြာနေပြီ ဆိုပေမယ့် မြန်မာပြည်ကို ဘယ်တော့မှ မမေ့ပါဘူး။ ကျေးဇူးရှင်လို့ သတ်မှတ်ပြီး ကျေးဇူးဆပ်နိုင်ဖို့ အမြဲလည်း ကြိုးစားနေပါတယ်။ ကျွန်တော် အတတ်နိုင်ဆုံး မြန်မာနိုင်ငံကို ကျေးဇူးဆပ်နိုင်အောင် ကြိုးစားပါတယ်။ ဆင်းရဲဒုက္ခ ရောက်နေတဲ့ ဒေသတွေအတွက် ကျွန်တော့်ချွေးနှဲစာနဲ့ ဆေးဝါးတွေ၊ သောက်ရေသန့်တွေ၊ အ၀တ်အထည်တွေကိုပေးပို့ လှူဒါန်းခဲ့သလို ဒီမှာလည်း အလှူငွေ ကောက်ခံပြီး လှူဒါန်းပေးပါတယ်။ မီးမရတဲ့ဒေသက ဆေးခန်းတွေမှာ အသုံးပြုနိုင်ဖို့အတွက် နေရောင်ခြည်သုံး လျှပ်စစ်ဓာတ်အား ထုတ်ပေးနိုင်တဲ့ စက်ကိရိယာတွေ လှူဒါန်းခဲ့ပါတယ်။ ကျွန်တော် ရတနာသုံးပါးကို မမေ့သလို ကျွန်တော့်နိုင်ငံရဲ့ ကျေးဇူးကိုလည်း မမေ့ပါဘူး။ အဲဒီအတွက် ကျွန်တော်တတ်နိုင်တဲ့ ဘက်ကနေ အကောင်းဆုံး ကူညီပေးဆပ်သွားမှာပါ။ ကျွန်တော့် အိမ်မှာဆိုရင် နှစ်တိုင်းတရားစခန်း ဖွင့်ပေးပါတယ်။ မြန်မာနိုင်ငံကလာတဲ့ ဆရာဝန်တွေကိုလည်း ပညာရေးနဲ့ ပတ်သက်တဲ့ စာမေးပွဲတွေ ဖြေနိုင်အောင်၊ အလုပ်ခွင်ဝင်ခွင့်ရအောင် ကူညီပေးပါတယ်။ မြန်မာနိုင်ငံက ဆေးကျောင်းသားတွေ၊ ဆရာဝန်တွေ အနေနဲ့လည်း ဆေးပညာနဲ့ ပတ်သက်လို့ အကူအညီ လိုအပ်မယ်ဆိုရင် ကျွန်တော့်ကို ဖေ့စ်ဘွတ်ကနေဖြစ်ဖြစ် မေးလ်ကနေဖြစ်ဖြစ် ဆက်သွယ်နိုင်ပါတယ်။ ကျွန်တော် တတ်နိုင်သလောက် အကူအညီပေးပါ့မယ်။ ကျွန်တော်အဓိက ပြောချင်တာကတော့ မြန်မာတွေ မညံ့ပါဘူး။ တကယ်တမ်းကြိုးစားရင် မြန်မာဆိုတာ ဘယ်နိုင်ငံသားနဲ့မဆို ရင်ဘောင်တန်း နိုင်ပါတယ်။ ကျွန်တော် ဆရာဝန်ငယ်လေးတွေကို အကြံပေးချင်တာက လူနာတွေကို ကုသတဲ့နေရာမှာ မေတ္တာ၊ စေတနာနဲ့ ကုသပေးပါ။ အသပြာဆိုတဲ့ငွေနောက် မလိုက်ဖို့ အရေးကြီးတယ်၊ ကိုယ်ကကောင်းတာလုပ်ရင် ကောင်းတဲ့ အရာတွေက ကိုယ့်နောက် လိုက်လာပါလိမ့်မယ်။ စေတနာ၊ မေတ္တာကိုရှေ့ထားမှ အောင်မြင်မှု ပိုရနိုင်မှာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Dr. Alexander Myint Swan, www.facebook.com, alexander.swan.7543, alexmswan@gmail.com
Source ;  Eleven Media Group

Saturday, September 28, 2013

့Hollywood ရောက်မြန်မာမင်းသား


 ကြည်မောင်ဇော်(သို့) အက်ဒရီယန်ဇော်ကို ၁၉၈၄ ခုနှစ်မေလ ၇ ရက်နေ့၊ အဖျောက်မြို.့မှာ ဖွားမြင်ခဲ့ပါတယ်။

သူ့အသက် ၅ နှစ်အရွယ်မှာ မိဘတွေနဲ့ အတူအမေရိကန်နိုင်ငံကို ပြောင်းရွှေ့ခဲ့ပါတယ်။ အသက် ၁၂ နှစ် အရွယ်မှာ သရုပ်ဆောင်ပညာကို စတင်သင်ကြားခဲ့သူပါ။ အစီအစဉ်တင်ဆက်သူနဲ့ တစ်ကိုယ်တော် ဖျော်ဖြေ ပွဲတွေကို အထက်တန်းကျောင်းမှာ စတင်ပြုလုပ်ခဲ့ပြီး ဆုပေါင်း ၆၀ ကျော်ဆွတ်ခူး နိုင်ခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်ကာလီဖိုးနီးယားမှာ ကျင်းပတဲ့ သရုပ်ဆောင်ပညာပြိုင်ပွဲတင်ဆက်သူအဖြစ် လုပ်ကိုင်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှာ ၀က်ဘ်ဆိုက်ကထုတ်လွှင့်တဲ့ Satacracy 88 ရုပ်ရှင်ဇာတ်ကားနဲ့ သရုပ်ဆောင် လောကကို စတင်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်ရုပ်ရှင် 'The Resistance'
Series မှာတော့ လူကြမ်းအဖြစ် သူ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ ၂၀၁၁ခုနှစ်က မြန်မာ ဒုက်္ခသည်တွေအကြောင်းရိုက်ကူးတဲ့ 'Burmese Refugee' မှာ ဆက်လက်ပါဝင်ခဲ့ပါတယ်။



အသက် ၂၀ အရွယ်မှာ သူနေထိုင်တဲ့ ပါဆာဒီမာမြို့ကောလိပ်ကနေ University of Southern California ကို ပြောင်းရွှေ့ပြီး ပြဇာတ်ပညာကို ဆက်လက်ဆည်းပူးခဲ့ပါတယ်။ နောက်ဆုံးနှစ်အရောက်မှာ သရုပ်ဆောင် အလုပ်ကို ၀င်ရောက်လုပ်ကိုင်ပြီး ပထမဦးဆုံးရုပ်ရှင်နဲ့ အမ်မီဇာတ်ပို့သရုပ်ဆောင်ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။


သူဟာ သရုပ်ဆောင်၊ ရုပ်သံတင်ဆက်သူ ၊ထုတ်လုပ်ရေးလုပ်ငန်းတွေလုပ်ကိုင်လျက် ရှိပြီး ကော်ဇော နီ လျှောက် လမ်းပေါ် လျှောက်လေ့မရှိပါဘူး။ Getty Images, Wire Image နဲ့ 13 Minutes Magazine စတဲ့ ရုပ်သံကုမ်္ပဏီကြီးတွေရဲ့ ရုပ်သံတင်ဆက်သူအဖြစ် လုပ်ကိုင်လျက်ရှိပါတယ်။ ကိုယ်ပိုင် ဇတေ ရုပ်ရှင်ကုမ်္ပဏီ ကို ထူထောင်ထားပြီး စီအီးအိုအဖြစ်လုပ်ကိုင်လျက်ရှိကြောင်း၊ လိင်ကိစ်္စနဲ့ ပြည်တွင်းအရေးအခင်း ကိစ်္စတွေကိုတော့ တင်ဆက်ဆောင်ရွက်မှာမဟုတ်ကြောင်း ကြည်မောင်ဇော်ထံမှ သိရပါတယ်။ အိမ်ထောင် မရှိကြောင်းပြောကြားပေမယ့် ချစ်ရေးချစ်ရာကိစ်္စမေးတော့ သူပြောခဲ့တဲ့ စကားအတိုင်း ရေငုံနှုတ်ပိတ်နေခဲ့ ပါတယ် ပရိသတ်ကြီးခင်ဗျား..........။
SkyNet TV Browser @ ရွှေနိုင်ငံ

Tuesday, August 27, 2013

Burmese Python (or ) အောင်လဆန်း


ဘားမိစ်ပိုင်သွန်ဆိုတဲ့ နာမည်ကို တစ်ကမ္ဘာလုံး မသိတဲ့သူ မရှိသလောက်ပါဘဲ။ အမေရိကန် နိုင်ငံထဲမှာ ဆိုရင်တော့ ဘားမိစ်ပိုင်သွန်ဆိုတဲ့ နာမည်ကို ကြားလိုက်ရုံနဲ့ လမ်းသွားနေတဲ့ လူတွေရဲ့ခြေလှမ်းတွေ တုံ့ခနဲ ရပ်သွားကြမှာပါ။ ဒီနာမည်ဟာ အဲဒီလောက်ထိ အရှိန်အ၀ါ ကြီးမားလွန်းလို့ ဒီဆောင်းပါးရဲ့ ခေါင်းစဉ်ကို "မြန်မာစပါးအုံး" လို့ အမည်မပေးဘဲ ဘားမိစ်ပိုင်သွန်လို့ အမည်ပေးလိုက်ရတာ ဖြစ်ပါတယ်။

ဘားမိစ်ပိုင်သွန်ရဲ့ မူလဇာတိမြေဟာ တောင်အာရှနဲ့ အရှေ့တောင်အာရှ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီမြွေဟာ မွေးရပ်ဇာတိမှာ နာမည်မကြီးဘဲ အမေရိကားမှာ နာမည်သွားကြီး နေပါတယ်။ နာမည်ကြီးဆို ဒီမြွေဟာ တဖြည်းဖြည်းနဲ့ အခြားတိရစ္ဆာန်တွေကို သာမက လူသားတွေကိုပါ အန္တရာယ်ပေးစ ပြုလာနေပြီကိုး။ လွန်ခဲ့တဲ့ လေးနှစ်လောက်တုန်းက အမေရိကန်တောင်ပိုင်းက ဖလော်ရီဒါပြည်နယ်မှာ အိမ်မှာမွေးထားတဲ့ ဘားမိစ်ပိုင်သွန် တစ်ကောင်ဟာ ညအချိန် သူ့ကိုထည့်ထားတဲ့ သံတိုင်ကီထဲက လွတ်ထွက်လာပြီး မြွေပိုင်ရှင်ရဲ့ နှစ်နှစ်သမီးလေးကို ညှစ်သတ်သွားခဲ့ပါတယ်။ နောက်ပြီး ၂၁.၅.၁၃ ရက်နေ့က အဲဒီဖလော်ရီဒါ ပြည်နယ်မှာပဲ ဖမ်းမိတဲ့ ဘားမိစ်ပိုင်သွန် တစ်ကောင်ဟာ ၁၈ ပေအရှည်ရှိပြီး ရင်ကိုခွဲလိုက်တဲ့အခါ အထဲမှာ သမင်တစ်ကောင် မျိုထားတာကို တွေ့ရပါတယ်။



အစတုန်းကတော့ ဖလော်ရီဒါမှာ ဒီမြွေအမျိုးအစားတွေ မရှိပါဘူး။ သူ့ရဲ့အရေခွံဟာ အင်မတန်မှ လှပပြီး အရောင်ကလည်း ဆွဲဆောင်မှု ရှိလွန်းတဲ့အတွက် အမေရိကန်တွေဟာ ဒီမြွေတွေကိုဝယ်ပြီး အိမ်မှာအလှမွေး ခဲ့ကြပါတယ်။ အဆိပ်မရှိတဲ့အတွက် ဂရုစိုက်စရာ မလိုဘူးလို့ ခပ်ပေါ့ပေါ့ သဘောထားပြီး မွေးမြူခဲ့ကြခြင်းကလည်း ပြဿနာရဲ့ အရင်းခံ တစ်ခုပါပဲ။ ဒီမြွေဟာ အလွန်ဖွံ့ထွားနှုန်း မြန်တဲ့အတွက် အိမ်မှာအကောင် သေးသေးလေး ၀ယ်မွေးပြီး ကောင်းကောင်းကျွေးထား လိုက်မယ်ဆိုရင် တစ်နှစ်အတွင်းမှာ ခုနစ်ပေအထိ ရှည်လာနိုင်ပါတယ်။ အသက်လေးနှစ်အရွယ်မှာ ၁၂ ပေအထက်ထိ ရှည်လာနိုင်ပြီး သက်တမ်းကလည်း နှစ်ပေါင်းနှစ်ဆယ်ကျော်ထိ ရှိနိုင်တယ်လို့ ဆိုကြပါတယ်။ ဘားမိစ်ပိုင်သွန်ဟာ ရေကူးအင်မတန်မှ ကျွမ်းကျင်ပြီး ရေအမြဲရှိနေတဲ့ နေရာမျိုးနားမှာသာ နေထိုင်လေ့ ရှိပါတယ်။ ဒါ့ကြောင့် မြက်ခင်းပြင်စိမ့်မြေ၊ ရွှံ့တော၊ ကျောက်တောင်တွေရဲ့ ခြေရင်း၊ သစ်တောထူထပ်တဲ့ နေရာနဲ့ မြစ်ဘေးတွေမှာ သူ့ကိုတွေ့ကြရပါတယ်။ ဒီမြွေဟာ သစ်ပင်လည်း တက်နိုင်တဲ့အပြင် သူ့ရဲ့အမြီးနဲ့ ခန္ဓာကိုယ်ဟာ သားကောင်ကို ရစ်ပတ်ပြီး ညှစ်သတ်တဲ့နေရာမှာ ကြောက်ခမန်းလိလိ စွမ်းအားကြီးမား ပါတယ်။

အရင်တုန်းကတော့ ဖလော်ရီဒါ ပြည်နယ်မှာ ဒီမြွေမျိုးတွေ မရှိခဲ့ပါဘူး။ လူတွေက ဒီမြွေတွေကို အလှမွေးလာရင်း နောက်တော့ သူတို့ကိုထားဖို့ သံတိုင်ကီတွေ ဆောက်လုပ်ရတာက ဈေးကြီး၊ အစားကြီးတဲ့ ဒီမြွေကို ကျွေးရမွေးရတဲ့ နေရာမှာလည်း အကုန်အကျက များသမို့ ဆက်မမွေးနိုင်ကြတော့ဘဲ သင့်တော်ရာ ရေစပ်နွံစပ်တွေနားမှာ သွားလွှတ်ကြရာက မမျှော်လင့်ဘဲ ပြဿနာ တက်ခဲ့ရတော့ တာပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ သာမန်အားဖြင့် မြွေဆိုတာ တစ်နှစ်တစ်ခါ ဥလေ့ရှိပြီး ဒီမြွေအမျိုးအစား အမတစ်ကောင်ရဲ့ အသိုက်ထဲမှာ အများဆုံး တွေ့ခဲ့ရဖူးတဲ့ မြွေဥအရေအတွက်က ၈၃ လုံးတောင် ရှိတာဆိုတော့ ဘယ်လောက် အပွားမြန်လိုက်မလဲဆိုတာ စဉ်းစားလို့တောင် မကြည့်ရဲပါဘူး။ ဒါ့ကြောင့်လည်း အခုဖလော်ရီဒါ ပြည်နယ်မှာ ဒီမြွေမျိုး တစ်သိန်းရှစ်သောင်းလောက်တောင် ရှိနေပြီလို့ ဆိုပါတယ်။ ဒီမြွေတွေ ဆက်မပွားနိုင်အောင် တားဆီးကာကွယ်ရေး အဖွဲ့တွေကို ဖွဲ့ကြရပါတယ်။ ကြွက်တွေဖမ်းပြီး နောက်ကျောပေါ်မှာ အသံလွှင့် ကိရိယာတွေ တပ်ပေးကြပါတယ်။ နောက်ဒီကြွက်ဟာ အချိန်တိုအတွင်း ခရီးတစ်မိုင်လောက် ပေါက်နေတာကို တွေ့ရပါတယ်။ နောက်အဲဒီအသံလွှင့်နေတဲ့ နေရာလိုက်သွားပြီး ဖမ်းမိတဲ့ ဘားမိစ်ပိုင်သွန် တစ်ကောင်ရဲ့ရင်ကို ခွဲကြည့်တဲ့အခါ အထဲမှာ အဲဒီကြွက်ကို ပြန်တွေ့ရလို့ ရင်မောကြရပါတယ်။ ဒီမြွေဟာ ငှက်မျိုးစုံ၊ ရှဥ့်၊ တောကြောင်၊ ၀ံအငယ်စား၊ ကြွက်၊ ခရု၊ သမင်နဲ့ ငါးပေအရှည်ရှိတဲ့ မိကျောင်းငယ်ကအစ အကုန်စားပါတယ်။ ဖလော်ရီဒါမှာ ရှိသမျှအကောင် အကုန်ကုန်တာပါပဲ။ ဒါ့ကြောင့် ဘားမိစ်ပိုင်သွန် ချောက်အိပ်မက်တွေ မက်နေကြရပြီး အခုဘားမိစ်ပိုင်သွန် တစ်ကောင်ကို အလှမွေးတာမိရင် ထောင်ဒဏ်ခုနစ်နှစ်၊ ဒါမှမဟုတ် အမေရိကန်ဒေါ်လာ ငါးသိန်းဒဏ်ရိုက်ဖို့အထိ တချို့သတ်မှတ်ထားတဲ့ နေရာတွေမှာ အမိန့်တွေ ထုတ်ထားရပါပြီ။
လက်ရှိ အခြေအနေမှာ ကိုယ့်နိုင်ငံ ဘယ်လိုအခြေအနေမှာပဲ ရှိနေရှိနေ တစ်နေ့နေ့ တစ်ချိန်ချိန်ရောက်ရင် ဘားမိစ်ပိုင်သွန်ကို လူတွေမထီမဲ့မြင် မပြုရဲကြသလို ကိုယ့်နိုင်ငံသားတွေကို အများက အထင်ကြီးလေးစား ကြရတဲ့ ဘ၀မျိုးကို ရောက်လာလိမ့်မယ်လို့ ရင်ထဲမှာ အာရုံရနေ မိတာကတော့ အမှန်ပါပဲ . . . . .





အခု မြွေမဟုတ်တဲ့ ဘားမိစ်ပိုင်သွန်တစ်မျိုး အမေရိကားမှာ ပေါ်လာပြန်ပါတယ်။ အဲဒါကတော့ MMA (Mixed Martial Arts) လို့ခေါ်တဲ့ ခြောက်မြှောင့်ပုံသဏ္ဌာန် သံဆန်ခါဝိုင်း အတွင်းမှာ ငါးမိနစ်သုံးချီ သူသေကိုယ်သေ အနိုင်ထိုးသတ်ရတဲ့ ပွဲမျိုးတွေမှာ ထိုးသတ်ရတဲ့ လက်ဝှေ့သမား တစ်ဦးပါပဲ။ သူ့ကို လူတွေက "ဘားမိစ်ပိုင်သွန်" လို့ အသိများကြပြီး သူ့မူရင်း နာမည်ကတော့ "အောင်လဆန်း" (Aung La Nsang) ဖြစ်ပါတယ်။ အောင်လဆန်းဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မွေးဖွားခဲ့သူပါ။ အသက် ၂၈ နှစ်ရှိပြီး အရပ် ၆ ပေ ၁ လက်မ ကိုယ်အလေးချိန် ၁၇၅ ပေါင် ရှိပါတယ်။ အောင်လဆန်းဟာ လွန်ခဲ့တဲ့ ၁၁ နှစ်က အမေရိကားကို ရောက်လာပြီး ၁.၅.၂၀၀၅ ရက်နေ့က အဲဒီလို ကြေးစားလက်ဝှေ့ပွဲမျိုးကို စတင်ထိုးသတ် ခဲ့တာပါ။ ၂၁ ပွဲ ထိုးရာမှာ ၁၃ ပွဲနိုင်ပြီး ရှစ်ပွဲရှုံးတဲ့စံချိန် ရှိခဲ့ပါတယ်။ ၁၇.၈.၂၀၁၃ မှာ "ရှက်ဒရစ်ဂွတ်ဒရစ်ခ်ျ" (Shedrick Goodridge) လို့ခေါ်တဲ့ အမေရိကန် နိုင်ငံသား အာဖရိကနွယ်ဖွား တစ်ဦးနဲ့ ယှဉ်ပြိုင်ထိုးရတော့မယ်ဆိုတာ သိလိုက်ရတော့ သြဂုတ်လ ၁၆ ရက်နေ့ညမှာ ကိုယ်အိပ်လို့တောင် မပျော်ခဲ့ပါဘူး။ ဂွတ်ဒရစ်ခ်ျဟာ အောင်လဆန်းထက် အသက်ငါးနှစ်ငယ်ပြီး အရပ်တစ်လက်မ ပိုရှည်တဲ့အပြင် နှစ်ပေါင်လည်း ပိုလေးပါတယ်။ ဂွတ်ဒရစ်ခ်ျပုံကိုကြည့်ပြီး ကိုယ့်လူရှုံးတောင်မှ မြင်မကောင်း ရှုမကောင်းလောက်အောင် သွေးသံရဲရဲ ပက်ပက်စက်စက်နဲ့တော့ မရှုံးပါစေနဲ့လို့ ဆုတောင်းခဲ့မိတာ အမှန်ပါ။ ဘာ့ကြောင့်လဲဆိုတော့ ဒီလက်ဝှေ့ပွဲမျိုး ကြည့်ရတာ တစ်ခါတစ်ခါ အမဲပေါ်တဲ့ နေရာနား ရောက်သွားသလို ခံစားရတတ်လို့ပါပဲ။



Photo by ဧရာဝတီ

တခြားနိုင်ငံကို ကိုယ်စားပြုပြီး ထိုးနေတာ ဖြစ်ပေမယ့် သူဟာကိုယ့်နိုင်ငံသား ကချင်တိုင်းရင်းသား လူရွယ်တစ်ဦးဆိုတော့ သူ့အပေါ် သံယောဇဉ် မဖြစ်ဘဲ ဘယ်နေနိုင်လိမ့်မတုံး။ နောက်ပြီးသူက အမေရိကားမှာ နာမည်ကြီးတဲ့ ဘားမိစ်ပိုင်သွန်ဆိုတဲ့ နာမည်ကို ယူထားတဲ့သူလေ။ ကြော်ငြာထဲမှာလည်း ရင်ဘတ်မှာ ဘားမိစ်ပိုင်သွန်ဆိုတဲ့ စာတမ်းပါတဲ့ အင်္ကျီကြီးနဲ့။ နောက်က သူ့အဖွဲ့သားတွေကလည်း အဲဒီစာတမ်းမျိုးပါတဲ့ ဆိုင်းဘုတ်တွေကို လက်ထဲမှာ ကိုင်ထားကြလို့။

တကယ်ထိုးတော့ ဒုတိယအချီ တစ်မိနစ်နဲ့ လေးဆယ့်လေးစက္ကန့်မှာပဲ အောင်လဆန်းဟာ ပြိုင်ဘက်ကို အနိုင်ရရှိ သွားပါတယ်။ ပြိုင်ဘက်ရဲ့ နောက်ကျောဘက်ကနေပြီး မေးအောက်က လည်ပင်းကို လက်နှစ်ဖက်နဲ့ အသေညှစ်ထားရတဲ့ နည်းမျိုးနဲ့ ပြိုင်ဘက်ကို အနိုင်ရသွားတာပါ။ ဒီသတ်ကွက်မျိုးကို သူအင်မတန် ပိုင်ပါတယ်။ နောက်ကနေ တစ်ဖက်လူရဲ့ခါးကို ခြေထောက်နှစ်ဖက်နဲ့ခွပြီး ချုပ်ထားနိုင်ဖို့ အရင်ကြိုးစား ရတာပါ။ ပြီးတော့ ပြိုင်ဘက်က အရှုံးပေးရတဲ့အထိ ပြိုင်ဘက်ရဲ့ လည်ပင်းကို နောက်ဘက်ကနေ လက်နှစ်ဖက်နဲ့ စပါးအုံး တစ်ကောင်လို အသေညှစ်ထားရတာ ဖြစ်ပါတယ်။ ပြိုင်ဘက်က မခံနိုင်တော့လို့ သူ့ခန္ဓာကိုယ်ကို ပဲဖြစ်ဖြစ် ကိုယ့်ခန္ဓာကိုယ်ကိုပဲဖြစ်ဖြစ် ကြမ်းပြင်ကိုပဲဖြစ်ဖြစ် လက်ဝါးနဲ့ပုတ် အချက်ပြတဲ့ အချိန်ဟာ ပွဲသိမ်းတဲ့ အချိန်ပါပဲ။ အခုတစ်ခါမှာလည်း ဂွဒ်ဒရစ်ခ်ျဟာ ဖလော်ရီဒါပြည်နယ်က ပေ ၂၀လောက် အရှည်ရှိတဲ့ ဘားမိစ်ပိုင်သွန်တစ်ကောင် သူ့နောက်ကျောပေါ် ရောက်သွားသလို ခံစားသွားရ ရှာပါတယ်။ အောင်လဆန်းဟာ ဒီပုံစံမျိုးနဲ့ပဲ ပြိုင်ဘက်အပေါ် အများဆုံး အနိုင်ယူခဲ့တာပါ။ ဘားမိစ်ပိုင်သွန်လို ပြိုင်ဘက်ကိုညှစ်ပြီး အနိုင်ယူတာမျိုးကို လူတွေက သဘောကျလွန်းလို့ သူဖွင့်ထားတဲ့ လက်ဝှေ့သင်တန်းကို လာတက်နေသူတွေ တစ်ရာနီးပါးလောက်တောင် ရှိနေပြီလို့ သိရပါတယ်။ အောင်လဆန်းနဲ့ ဂွဒ်ဒရစ်ခ်ျတို့ ယှဉ်ပြိုင်တဲ့ပွဲကို ကိုယ်တိုင်မကြည့်ရပေမယ့် အဲဒီအချိန်မှာ ပရိသတ်ကြီးက "ဘားမိစ်ပိုင်သွန်.. ဘားမိစ်ပိုင်သွန်..." လို့ ဘယ်လောက်များ အော်ဟစ်အားပေး နေကြမလဲဆိုတာ မျက်စိထဲမှာ မြင်ယောင်နေမိပါတယ်။

အားကစားဟာ လူမျိုးတစ်မျိုးရဲ့ စိတ်ဓာတ်ကို အများဆုံး မြှင့်တင်ပေးနိုင်တဲ့အရာ ဖြစ်ပါတယ်။ နိုင်ငံတကာ အားကစားလောက တစ်နေရာမှာ ကိုယ့်နိုင်ငံကို ကိုယ်စားပြုတဲ့ ထူးချွန်သူ အားကစားသမားတစ်ယောက် ပေါ်လာဖို့ဆိုတာ မလွယ်ပါဘူး။ အောင်လဆန်းဟာ အခုလက်မှတ်ထိုးထားခဲ့တဲ့ နှစ်နှစ်စာချုပ် သက်တမ်းကုန်ရင် မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ထိုးတော့မယ်ဆိုတာ သိရလို့ ၀မ်းသာရပါတယ်။



Aung La Nsang vs. Jesus Martinez    Photo by sherdog
အခုလက်ရှိ အခြေအနေမှာ ကိုယ့်နိုင်ငံ ဘယ်လိုအခြေအနေမှာပဲ ရှိနေရှိနေ တစ်နေ့နေ့ တစ်ချိန်ချိန်ရောက်ရင် ဘားမိစ်ပိုင်သွန်ကို လူတွေမထီမဲ့မြင် မပြုရဲကြသလို ကိုယ့်နိုင်ငံသားတွေကို အများက အထင်ကြီးလေးစား ကြရတဲ့ ဘ၀မျိုးကို ရောက်လာလိမ့်မယ်လို့ ရင်ထဲမှာ အာရုံရနေ မိတာကတော့ အမှန်ပါပဲ။

မြန်မာလူမျိုးဟာ ပင်ကိုသဘာဝ အကျင့်စရိုက်အရ ခြောက်ပြစ်ကင်းသဲလဲစင်တော့ မဟုတ်ပါဘူး။ ချို့ယွင်းချက် အားနည်းချက်တွေ ရှိပါတယ်။ ဒါပေမဲ့ အစွမ်းအစလည်း ရှိပါတယ်။ တစ်ခါတစ်ရံများဆိုရင် ကျန်တဲ့လူ အတော်များများထက်တောင် သာပါပေတယ်ဆိုတဲ့ လုပ်ဆောင်မှုတွေလည်း ရှိပါတယ်။ ချို့ယွင်းချက် အားနည်းချက် ရှိတယ်ဆိုတဲ့ အထဲမှာ အကြောင်းအရာ တစ်ခုကို ဂဃနဏ အသေးစိတ် နားလည်အောင် လုပ်ဆောင်တဲ့ နေရာမှာတော့ အတော်အားနည်းတယ်လို့ ပြောရပါမယ်။ အကြောင်းအရာ ကိစ္စတစ်ခုကို အသေအချာ အရင်မလေ့လာ မစူးစမ်းဘဲ လုပ်ငန်းကို အလျင်စလို စချင်တဲ့စိတ်တွေက သိပ်များနေပါတယ်။ အခုတလော ဒီလိုကိစ္စမျိုးတွေ နေရာတော်တော် များများမှာ တွေ့နေရလို့ သတိထားမိတာပါ။ နိုင်ငံကို အခြေခံအုတ်မြစ် ခိုင်မာအောင် စတင်ကြိုးစားနေတဲ့ ကာလမှာ ဒီအားနည်းချက်ကို သဘောပေါက်ပြီး ပြုပြင် လိုက်ကြမယ်ဆိုရင်ဖြင့် တစ်နေ့မှာ ဘားမိစ် ပိုင်သွန်ဟေ့လို့ ဆိုလိုက်တာနဲ့ အသံကြား တဲ့လူတွေရဲ့ ခြေလှမ်းတွေ တုံ့ခနဲဖြစ်သွား ကြမှာ အသေအချာပါပဲ။


Written by နီမင်းဆွေ  Saturday, 24 August 2013 18:23  

Tuesday, July 30, 2013

စင်ကာပူစစ်တပ်ထဲက မြန်မာပြည်ဖွား အရာရှိငယ်

 မောင်သက်နိုင်ဝင်း ( အလယ်) ၊ ဓာတ်ပုံ- straittimes.com
မြန်မာပြည်ဖွား မောင်သက်နိုင်ဝင်းဟာ စင်ကာပူ နိုင်ငံ စစ်တပ်မှာ အခုဆိုရင်အရာရှိငယ်လေး ( Officer Cadet )  ဖြစ်နေပါ ပြီ။  

သူ့အသက် ၁၉ နှစ်အရွယ်လောက်က သူက မိဘတွေကို စစ်တပ်ထဲဝင်ချင်တဲ့အကြောင်း ပြောခဲ့ပေမယ့် မိဘတွေက တောက်လျှောက် ကန့်ကွက်ပြောဆိုခဲ့တယ်လို့ စင်ကာပူ Strait Times သတင်း တပုဒ်က ဆိုပါတယ်။ 

မြန်မာနိုင်ငံမှာ ခါးသည်းတဲ့ စစ်အုပ်ချုပ်ရေးအောက်ကြီးပြင်းလာသူတွေဖြစ်တဲ့ မိဘတွေအနေနဲ့ သူတို့ရဲ့ သားဖြစ်သူကို စစ်သား တယောက်ဖြစ်မလာစေချင်ခဲ့ပါဘူး။ ဒါကြောင့် မိဘတွေက ကန့်ကွက်ပြော ခဲ့တာပါတဲ့။


စင်ကာပူ ( OCT) စစ်အရာရှိငယ် မောင်သက်နိုင်ဝင်း ဟာ သူ့မိဘတွေနဲ့အတူ အသက် ၁ နှစ်သား အရွယ် ကတည်းက စင်ကာပူနိုင်ငံကို ပြောင်းရွှေ့နေထိုင်လာရင်း ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်မှာ စင်ကာပူနိုင်ငံသား ဖြစ် ခဲ့ကြပါတယ်။ 


မောင်သက်နိုင်ဝင်ဟာ Istana မှာ မနေ့ကကျင်းပတဲ့ အခမ်းအနား တခုမှာ ယခုနှစ်အတွက် SAF Overseas Scholarship (Safos) ဆုရ ၈ ဦးထဲမှာ တဦး အပါအ၀င်ဖြစ်လာပါပြီ။ 


အခုလို SAF က ရွေးချယ်ခံလိုက်ရတဲ့အပေါ်  မောင်သက်နိုင်ဝင်းက စင်ကာပူနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတို့အတွက် အခုလို အလုပ်အတည်တကျရတာကြောင့် ဖခင်ဖြစ်သူကလည်း သူ့အပေါ် ယုံကြည်မှုကို ရလာစေတယ်လို့ ပြောထားပါတယ်။


အိမ့်သံစဉ်  @ http://blog.irrawaddy.org/2013/07/blog-post_6071.html

(ဧရာဝတီ  Blog ပေါ်က သတင်းလေး တစ်ပုဒ်ကို မူရင်းအတိုင်း ကူးယူဖော်ပြ အပ်ပါသည် )

Wednesday, June 26, 2013

အမေရိကကို နယ်ချဲ့လာသော မြန်မာအစားအစာများ


 

လက်ဖက်သုပ် (ရိုးရာလက်ဖက်ကို ပဲအကြော်များ ဂေါ်ဖီများနှင့် သုတ်ထားသော အသုပ်)၊ နန်းကြီးသုပ် (မြန်မာရိုးရာစတိုင် ဆန်ခေါက်ဆွဲအသုပ်)၊ မုန့်ဟင်းခါး (ဟင်းရည်ဖြင့် စားရသော ရိုးရာဆန်ခေါက်ဆွဲ)၊ သီးစုံချဉ်ရည် (အသီးအနှံများကို မန်ကျည်းသီးချဉ်ရည်ဖြင့် ချက်ထားသောဟင်းရည်)
မြန်မာရှေးပုရပိုက်ပုံစံပြုလုပ်ထားသော အစားအသောက် မီနူးစာရင်းက ၀ါရှင်တန်ဒီစီတရုတ်တန်း ဘာမားစားသောက်ဆိုင်ကို လာသူတိုင်း ခေါင်းချင်းဆိုင်တိုင်ပင်ရသော အစားအသောက်စာရင်းတစ်ခု ဖြစ်သည်။ မြန်မာလူမျိုး အသိများနှင့် လာစားသူများကတော့ ပြဿနာ သိပ်မရှိ။ မြန်မာမိတ်ဆွေကို မီနူးမှာ ရေးထားတာ ဘယ်လိုအစားအသောက်များလည်း မေးလိုက်ရုံသာ ဖြစ်သည်။ မြန်မာအစားအစာနှင့် မရင်းနှီးသူများအတွက် ဘယ်လိုအစားအစာများလည်း သေချာသိအောင် အတော်လေးအချိန်ယူရပါသည်။
စားသောက်ဆိုင် နံရံများတွင် မြန်မာယွန်းပန်းချီကားများ ချိတ်ဆွဲထားသလို အချို့နံရံတွေမှာ ဘုရားရုပ်တုတော်များနှင့် ပန်းပုအချို့ကို အလှပြတင်ထားပါသည်။ ဆိုင်အတွင်းတိုးတိုးတိမ်တိမ်လေး လွှင့်ပျံ့နေသော တေးဂီတက စီဒီခွေဖြင့် ဖွင့်ထားသော မြန်မာစောင်းသံဖြစ်ပါသည်။

ဘားမားစားသောက်ဆိုင်က ၀ါရှင်တန်ဒီစီရှိ တစ်ခုတည်းသော မြန်မာစားသောက်ဆိုင် ဖြစ်ပါသည်။ အခြားတရုတ်၊ ထိုင်း၊ ဗီယက်နမ်ဆိုင်များကဲ့သို့ လူများ ကြိတ်ကြိတ်တိုးမနေသော်လည်း သူ့မိတ်နှင့်သူ အသင့်အတင့်ရှိပါသည်။ ပုံမှန် နေ့လယ်စာ လာစားသူဖောက်သည်များလည်း ရှိသည်။
ဝါရှင်တန်ဒီစီတွင် အာရှဆိုင်များ အများစုရှိရာ တရုတ်တန်းတွင် ဖွင့်လှစ်ထားသည့် ဘားမားစားသောက်ဆိုင်သည်သာ တစ်ခုတည်းသော မြန်မာစားသောက်ဆိုင်ဖြစ်သော်လည်း ၀ါရှင်တန်ဒီစီမြို့ပြ နယ်နိမိတ်နှင့် မဝေးသည့် ဗာဂျီးနီးယားပြည်နယ် West Fall-church က မြန်မာစားသောက်ဆိုင်နှင့် မေရီလန်းပြည်နယ်၊ Silverspring က မန္တလေးဘေ မြန်မာစားသောက်ဆိုင်တို့ကလည်း ဒီစီဝန်းကျင်မှာ စားသုံးသူအခိုင်အမာရထားသည့် မြန်မာ စားသောက်ဆိုင်များ ဖြစ်ကြသည်။
“ကျွန်မတော့ ဗာဂျီးနီးယားက ဆိုင်ကိုသဘောကျတယ်။ သရက်သီးသုပ်က အရမ်းမိုက်တယ်။ အစပ်ကြိုက်ရင်တော့ အဲဒီဆိုင်ကို
သာသွား။ ဘာလချောင်ကြော်သာ စားကြည့်”

ဗာဂျီးနီးယားပြည်နယ်က မြန်မာစားသောက်ဆိုင်ကို ကျောင်းပိတ်ရက်တိုင်း သွားစားသူ ခရစ်စတီက ပြောကြားခြင်းဖြစ်သည်။ အဆိုပါ မြန်မာစားသောက်ဆိုင်က ၀ါရှင်တန်၊ ဗာဂျီးနီးယားနှင့် မေရီလန်းပြည်နယ်တွင်နေထိုင်သော မြန်မာအများစု အလာများသည့် စားသောက်ဆိုင်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဟင်းအများစုက ပြည်တွင်းက မြန်မာဆိုင်များအတိုင်း ဆီများများနှင့် ခပ်စပ်စပ်
မြန်မာအကြိုက် ချက်ထားသည်။ ပုစွန်ခွက်ကြော်သုပ်၊ သီးစုံချဉ်ရည်နှင့်ငါးအစပ်ကြော်တို့က ထိုဆိုင်က နာမည်ကြီး ဟင်းလျာများလည်း
ဖြစ်သည်။ ငါးပိရည်နှင့် တို့စရာလည်း ထိုဆိုင်မှာ ရနိုင်သည်။

မေရီလန်းပြည်နယ် Silver Spring တွင်ရှိသော မန္တလေးဘေးအမည်ရှိ မြန်မာစားသောက်ဆိုင်က မြန်မာတွေက သိပ်မကြိုက်သော်လည်း ထိုဒေသက အမေရိကန်များ အသည်းစွဲ မြန်မာစားသောက်ဆိုင်ဖြစ်ပြီး ပိတ်ရက်ဆိုလျှင် စားပွဲတစ်နေရာစာရဖို့ အချိန်အတော်ကြာ စောင့်ရလေ့ရှိ၏။ ထိုဆိုင်က မြန်မာစားသောက်ဆိုင်ဆိုသော်လည်း မြန်မာအကြိုက်ပုံစံတော့မဟုတ်။ အမေရိကမှာရှိသည့်     အာရှစားသောက်ဆိုင်များပုံစံ မြန်မာဟင်းများကို ဆားဆီပေါ့ပေါ့နှင့်အစပ်လျှော့ချက်ထားခြင်းဖြစ်သည်။

“အရမ်းကောင်းတဲ့ ဆိုင်ပေါ့။ ကျွန်မတို့ မိသားစုမကြာခဏ သွားစားကြတယ်။ အဲဒီက ဂျင်းသုပ်လည်း ကြိုက်တယ်။ ပဲပြားဟင်းလည်းကောင်းတယ်။ ပုစွန်ချက်လည်း ကောင်းပါတယ်” ဟု အဆိုပါ ဆိုင်၏ ပုံမှန်ဖောက်သည် မေရီလန်းပြည်နယ် လော်ရယ်မြို့ခံ စင်သီယာက ဆိုသည်။
အမှန်ဆိုလျှင် အမေရိက အရှေ့ဘက်ခြမ်း ၀ါရှင်တန်ဒီစီဒေသသည် အမေရိကန်နိုင်ငံတွင် မြန်မာလူမျိုးများ လူဦးရေအနည်းဆုံးရှိသည့် ဒေသဖြစ်သည်။ ယခုမူ ထိုဒေသ၌ပင် မြန်မာစားသောက်ဆိုင်သုံးဆိုင်ရှိနေပြီ။ နယူးယောက်၊ ဆန်ဖရန်စစ္စကို၊ လော့အန်ဂျလိစ် စသော ဒေသများတွင်ကား မြန်မာစားသောက်ဆိုင်များက မှိုပေါက်သလို အတော်များများ ရှိနေကြပြီ ဖြစ်သည်။
သို့သော်လည်း အမေရိကမှာရှိသည့် တရုတ်၊ ထိုင်းနှင့် ဗီယက်နမ်စသည့် အခြားအာရှစားသောက်ဆိုင်များကဲ့သို့ ဈေးကွက် အခိုင်အမာ မရသေးပါ။ ထိုင်း၊ ဗီယက်နမ်ဆိုင်များကမူ အစွန်အဖျားမြို့သေးများမှနေ မြို့ကြီးများ၏ ဈေးဝယ်ကုန်တိုက်များ၏ အစားအသောက်
တန်းထိပင် နေရာယူထားသည်။ တရုတ်စားသောက်ဆိုင်များကမူ ဘယ်နေရာသွားသွားရှောင်၍ မရ။ လူစည်ကားသည့် နေရာတိုင်း
လိုလိုမှာကို ရှိနေသည်။


“အဓိကတော့ တိုင်းပြည်တိုးတက်မှု အခြေအနေကွာတာပေါ့ဗျာ။ သူတို့တွေကတော့ ကိုယ့်ရိုးရာ ပုံစံလည်းမပျက် ၊ ဘိုတွေလည်းစားနိုင်အောင် ပြန်မွမ်းမံပြင်ဆင်ချက်ပြုတ်ကြတယ်။ မြန်မာဟင်းကျတော့လည်း ဆီနဲ့ ငရုတ်သီးမပါရင် စားမကောင်းဘူး။ ဘိုတွေကလည်း ဆီကို ကျန်းမာရေးအတွက် အသေရှောင်ပြီး အစပ်ကျတော့ လုံးဝမစားနိုင်ဘူးလေ” ဟု မေရီလန်းပြည်နယ်က ကိုဝင်းအောင်က ပြောကြားသည်။ ကိုဝင်းအောင်က အချက်အပြုတ်ဝါသနာပါပြီး မြန်မာစားသောက်ဆိုင်ဖွင့်ရန် ကြိုးပမ်းနေသူ ဖြစ်သည်။
အချို့ မြန်မာများကမူ စားသောက်ဆိုင် ပီပီပြင်ပြင် မဖွင့်သော်လည်း အသင့်ချက်ပြီးသား ချဉ်ပေါင်ကြော်၊ ငါးခူစင်းကော၊ ငါးခြောက်ကြော်စသည့် ဟင်းမျိုးစုံကို ဘူးများနှင့် အသင့်စားသုံးနိုင်သည့် ပုံစံချက်ပြုတ်ကာ နီးစပ်ရာ မြန်မာအသိုင်းအ၀ိုင်းတွင် ရောင်းကြသည်။ ချဉ်ပေါင်ကြော်တစ်ဘူးကို ငါးဒေါ်လာ ဖြစ်သော်လည်း ၀ယ်ယူအားပေးသူများလှသည်ဟု
အသင့်ချက်ပြီးသား ဟင်းမျိုးစုံ ရောင်းချသူ ဒေါ်နီလာကဆိုသည်။

ဒေါ်နီလာ၏ထောပတ်ထမင်း၊ ဒံပေါက်ထမင်းတို့ ကို မေရီလန်းရှိ မြန်မာအလှူပွဲများတွင် ဧည့်ခံလေ့ရှိပြီး အရသာကလည်း မြန်မာလူမျိုးတို့ အကြိုက်ဖြစ်သည်။ ဒံပေါက်ထမင်းကို မှာယူပါက ရန်ကုန်ဆိုင်များကဲ့သို့ ကြက်သားဟင်းအပြင် ချဉ်ပေါင်ဟင်းချို၊ ဘာလချောင်ကြော်၊ သခွားချဉ်နှင့် ပူဒီနာပါ ပေးသေးသည်။ တစ်ဗန်း၊ နှစ်ဗန်း စသည်ဖြင့် ကိုယ့်မိသားစု ကြိုက်သလောက် ဖုန်းဆက်မှာယူနိုင်ပြီး အိမ်တိုင်ရာရောက် လာပို့ပေးသည်။

ထို့အပြင် ကိုယ်တိုင်စိတ်ကြိုက် ချက်ပြုတ်လိုပါကလည်း မြန်မာပြည်မှလာသော စားသောက်ကုန်များကို အမေရိကနိုင်ငံတစ်ဝန်းတွင် မြန်မာပြည်ကအတိုင်း ပေါပေါများများ ၀ယ်ယူလို့လည်း ရနေသည်။
မြန်မာအများအပြား နေထိုင်ကြသည့် မေရီလန်းပြည်နယ် ရော့ခ်ဗေးလ်တွင် မြန်မာစားသောက်စရာများကို တင်ရောင်းသည့် အာရှကုန်စုံဆိုင်များ ရှိသည်။ အဆိုပါ ကုန်စုံဆိုင်များမှာ အာပြဲခြောက်၊ လက်ဖက်၊ သရက်ချဉ်၊ ခံတက်ချဉ်၊ ငံပြာရည်ကြော်၊ ငါးပိရေထုပ်၊ ဆီးထုပ်၊ ရခိုင်မုန့်တီနှင့် မုန့်ဟင်းခါးထုပ်များ ပုံမှန်တင်ရောင်းချကြသည်။

“ကျွန်တော့်ဆိုင်ကို လာတာက မြန်မာတွေများတယ်ဗျ။ သူတို့ကပဲ အဲဒါတွေဝယ်စားကြတယ်။ ဒါကြောင့် ဒါတွေတင်ထားတာ” ရော့ခ်ဗေးလ်မြို့ရှိ မြန်မာအစားအသောက် ရောင်းချသည့် အာရှဆိုင်ပိုင်ရှင် အိန္ဒိယလူမျိုးတစ်ဦးက ပြောကြားခြင်းဖြစ်သည်။

အမေရိကသို့ တင်ပို့သည့် မြန်မာပြည်မှ လာသည့်စားသောက်ကုန်များ၏ အရည်အသွေးကမူ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ထုပ်ပိုးမှု ပုံစံအရည်အသွေးကအစ သိသိသာသာ အရည်အသွေးနိမ့်ကျနေသည်ကို တွေ့ရမည်။

မြန်မာပုစွန်ခြောက်ဆိုလျှင် တောင်ကိုရီးယားမှလာသော ပုစွန်ခြောက်ကဲ့သို့ တာရှည်မခံ၊ မလတ်ဆတ်သဖြင့်  မြန်မာစားသောက်ဆိုင်အများစုမှာ တောင်ကိုရီးယားပုစွန်ခြောက်ကိုသာ အသုံးပြုနေရသည်။ ငါးခြောက်နှင့် ငါးပိဆီကြော်များကလည်း ထုပ်ပိုးမှု ပုံစံသိပ်မကောင်းလှပါ။ အများစုမှာ ၀ါရှင်တန်မြို့တော်ရှိ မြန်မာသံရုံးမိသားစုများက တစ်နိုင်တစ်ပိုင် ၀င်ငွေရရန် မြန်မာပြည်က
သယ်ယူပြီး ဆိုင်တင် ရောင်းချခြင်းဖြစ်သည်ဟု ကုန်စုံဆိုင်ပိုင်ရှင် အိန္ဒိယလူမျိုးက ပြောသည်။ သို့သော်လည်း ထိုဒေသမှ မြန်မာအများစုက အဆိုပါ စားသောက်ကုန်များကို တမေ့တမောအားပေးကြသည်။ ဈေးနှုန်းများကလည်း မသေးပါ။ ခံတက်ချဉ်နှင့် သရက်ချဉ် တစ်ခါစား တစ်ထုပ်လောက်ကို ငါးဒေါ်လာနီးပါးပေးကာ မက်မက်မောမောစားကြသည်။ တကယ်တမ်းတွင် မေရီလန်း ပြည်နယ်ရှိ မြန်မာအများစုမှာ  ပြည်ပရောက် အတိုက်အခံတွေများပြီး မြန်မာသံရုံးနှင့် နှစ်ပေါင်းများစွာ ဆက်ဆံရေးမပြေပြစ်ခဲ့သူများ ဖြစ်ပါသည်။ ဒီမိုကရေစီတော်လှန်ရေးတစ်လျှောက် မြန်မာသံရုံးရှေ့မှာ ဆန္ဒပြခဲ့သူများ ဖြစ်သည်။ သို့သော် သံရုံးမိသားစုများ ရောင်းချသည့် မြန်မာအစားအသောက်များကိုမူ ဆန္ဒမပြနိုင်ကြဘဲ ၀ယ်ယူအားပေးကြခြင်းဖြစ်သည်။


လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ၊ အစားအစာပေါင်းစုံ အခြေချရောက်ရှိနေသော အမေရိကရှိ အမေရိကန်လူမျိုးတို့က နိုင်ငံခြားအစားအစာတစ်ခုကို မြည်းစမ်းကြည့်ရန် ၀န်မလေးကြသူများ ဖြစ်သည်။ ထို့ကြောင့်လည်း ၀ါရှင်တန်ဒီစီ တရုတ်တန်းတွင် ဖွင့်လှစ်ထားသော ဘားမားစားသောက်ဆိုင်မှာ အခြားစားသောက်ဆိုင်တစ်ခု၏ အပေါ်ထပ်မှာ ဖွင့်လှစ်ထားလင့်ကစား နေ့လယ်စာ စားသူများနှင့် အမြဲစည်ကားလေ့ရှိသည်။


သို့သော်လည်း နန်းကြီးသုပ် မှာယူထားသော သူတစ်ယောက်အနေဖြင့် မုန့်တီဖတ်ကြီးကြီး၊ ပဲမှုန့်များများ၊ ကြက်သားဖတ် နိုင်နိုင်၊ ငရုတ်သီးဆီချက်ဖြင့် မြန်မာပြည်က နန်းကြီးသုပ်ကိုတော့ မြင်ယောင်ကြည့်လို့မရ။ ထိုင်းမုန့်ဖတ် ခပ်သေးသေး၊ ပဲငံပြာရည်၊ ပဲပင်ပေါက်တို့ဖြင့်  ပြုလုပ်ထားသော ပဲငံပြာရည်အရသာရှိသည့် ဘားမားစားသောက်ဆိုင်၏ နန်းကြီးသုပ်ကိုသာ ရမည်။
ဘာပဲပြောပြော အမေရိကန် စတိုင်လ်နန်းကြီးသုပ်ဟုသာ မှတ်ထင်စားကြရုံသာ ဖြစ်သည်။


Written by ထားထားမြင်. @ 7Day News Journal အတွဲ (၁၂)၊ အမှတ်(၁၅)

Thursday, May 23, 2013

အိုင်အိုဝါ က Burma Town


 

အမေရိကန် နိုင်ငံ အိုင် အိုဝါ ပြည်နယ် တွင် မြန်မာ အများ စု နေထိုင်ပြီး စားသောက် ဆိုင်၊ကုန်ခြောက် ဆိုင် စသည် တို့  ဖွင့် လှစ်ထားသည့် နေရာကို ဌာနေ အမေရိကန် များကBurma Town ဟု ခေါ်ကြသည်။

အမေရိကန် နိုင်ငံ အိုင်အိုဝါ ပြည်နယ် ဒက်(စ)မွိုင်း မြို့  တွင် Simply Asian အမည် ရှိ  မြန်မာ
စားသောက် ဆိုင် တစ်ခု  ကို စတင် ဖွင့် လှစ် ခဲ့ ရာ ဒေသခံ အမေရိကန် များ က မြန်မာ အစား
အသောက် ဖြင့် အကျွမ်း ၀င်မှု မရှိ သေး သော် လည်း လာရောက် အားပေး ကြသည် ဟု သိရ
သည်။

Simply Asian အမည် ရှိ ဆိုင် ကို ရှမ်းပြည်နယ် မှ နေလူ မျိုး ကိုအောင်ဟန် နှင့် မဟွမ်ဆမ် တို့ 
က ဦးစီးဖွင့် လှစ်ခြင်း ဖြစ်ပြီး အဆိုပါ ဆိုင်တွင် မြန်မာ အစားအစား ၊ ထိုင်း အစား အသောက် နှင့်
ဒန်ပေါက် ထမင်း ဟင်း များပါ ရရှိ သည် ဟု သိရသည်။

ဆိုင်၏ ချက် ပြုတ် ရေး အပိုင်း ကို တာဝန်ယူထားသည့် မဟွမ်ဆမ် က ” ဆိုင်မှာ မြန်မာ အစား အ
စာ ရှမ်း အစား အစား နဲ့  ထိုင် အစားအစာ တွေ ရတယ်။ နေ့ လည့် စာ နဲ့  ညစာကို ဆယ်ဒေါ်လာ
အောက် နဲ့  စား လို့ ရအောင် စီစဉ် ထားပါ တယ်။မြန်မာ အစား အစား တွေ ထဲ မှာ ကြက်သားဆီ
ပြန် ၊ အမဲသား ဟင်း၊ ပုဇွန် စတာတွေ အပြင် မုန့် ဟင်း ခါး ၊ မတ်ပဲ ကြော် ၊ ကောက်ညှင်းပေါင်း
စတာ တွေ ကို ပါစီစဉ် ထားပါတယ် ” ဟု သူမ ၏ ဆိုင်တွင် ရရှိ နိုင် သည့် စားသောက် ဟင်း လျှာ
များ ကို ပြောပြသည်။


အမေရိကန် နိုင်ငံ တွင်အာရှ အစားအစာ များအနက်  မြန်မာ အစားအသောက် မှာ ထိုင်း၊ ဗီယက်
နမ်၊ တရုတ်၊ လာအို အစား အသောက် များ ကဲ့ သို့  လူသိများ ခြင်း မရှိ သေးဘဲ အမေရိကန် တို့ 
အတွက် အစိမ်း သက် သက် လို  ဖြစ်နေ သော်လည်း အရ သာာရှိ ခြင်း ၊ ဈေးနှုန်း သင့် တင့်ခြင်း၊
ဝန်ဆောင်မှု ကောင်းခြင်း တို့ ကြောင့် အမေရိကန် လူမျိုးများ ပို၍ ခံ တွင်း တွေ့ လာသည် ဟု
ဆန်ဖရန် စစ္စကို မြို့ တွင် မြန်မာ စားသောက် ဆိုင် ဖွင့်လှစ်ထား သူ တစ်ဦးက ပြောသည်။
မဟွမ်ဆမ် သည် ချက်ပြုတ်ခြင်း လုပ်ငန်း ကို ၀ါသနာ ပါပြီး ရှမ်းပြည် နှင့် မလေးရှား တွင် နေထိုင်
စဉ် စားသောက် ဆိုင် လုပ် ငန်း ဉ် နှစ် အတော်ကြာလုပ် ကိုင် ခဲ့ပြီး ဒက်(စ)မွိုင်း မြို့ ရှိ ထိုင်း စား
သောက် ဆိုင် King and I တွင် နှစ် အတော်ကြာ လုပ်ကိုင် ခဲ့သည်။
Simply Asian စားသောက် ဆိုင် တွင် ရှမ်းအစား အစာ များ ဖြစ်သည့်  ရှမ်းထမင်းချဉ်၊ တို့ ဟူး
ကြော် ရှမ်း ခေါက်ဆွဲ စသည့် စားသောက် ဖွယ် ရာ များ လည်း ရရှိ နိုင် ပြီး အခြား မြို့ များ သို့ 
ခရီးဆက် မည့် မြန်မာ မိသာစု များ အနေဖြင့် ဒက်(စ)မွိုင်း မြို့  ကို ဖြတ် သန်း သွား သည့် အခါ
Simply Asian စားသောက်ဆိုင် တွင် ၀င်ရောက် စားသောက် နိုင် ပြီး နားနေမှု ပြု နိုင် သည်
ဟု ကို အောင်ဟန် က ပြောသည်။

Simply Asian စားသောက် ဆိုင် တွင် ဖွင့်လှစ် ထား ရာ Douglas Avenue Plaza အား ဒေသခံ
တို့ က Burma Town ဟု ခေါ်ကြပြီး  ထိုစားသောက် ဆိုင် အနီး တွင် ပင် မြန်မာ လူမျိုး ကို ၀င်းကျော်
ကိုဝင်းသန့် တို့ ဖွင့် လှစ်ထားသည့် Golden Land Grocery Store ၊ ကချင် လူမျိုး မ လွန်းနော်
ဖွင့် လှစ် ထား သည့် Amazing Beauty Saloon နှင့် မ ထွိုင် ဆန် တို့ ဖွင့် လှစ် ထားသည့် (Htoi
San Fashion House) တို့ လည်း ရှိပြီး မြန်မာ အများ စု နေထိုင်ရာ လည်း ဖြစ်သည်။

Des Moines မြို့  တွင် မြန်မာ နိုင်ငံ မှ ဒုက္ခသည် အဖြစ် ရွှေ့ ပြောင်း အခြေစိုက် လာ သူ ၂၀၀၀ ကျော်
ခန့် ရှိ သည်။

ဒက်(စ)မွိုင်း မြို့ တွင် Golden အမည် ရှိ ကုန်ခြောက် နှင့် ကုန် စုံ ဆိုင် ဖွင့် လှစ် ထား သည့် ကို ၀င်းကျော်
က ” ကျွန်တော့် ဆိုင် မှာ ငါးပိငါးခြောက် စတဲ့ မြန်မာ စားသောက် ဖွယ် ရာ တွေ ကို အကုန် ရနိုင်ပါတယ်။
လက်ဖက်၊ ပဲငါးပိ က အစ ပေါ့ အခြား ပြည်နယ်  က မိတ် ဆွေ တွေ လည်း ကုန်ခြောက်  တွေ မှာ ယူ မယ်
ဆိုရင် လည်း ကျွန်တော် တို့ က စာတိုက်ကနေ တစ်ဆင့် ပို့ ပေး နိုင် အောင် စီစဉ် ပေး ပါတယ်” ဟု ပြော
သည်။


 Htoi San Fashion House ကို ဖွင့် လှစ် ထား သည့် မထွိုင် ဆန် သည် ကချင် ပြည်နယ် စိန် လုံ ကဘားမှ
ကချင် လူမျိုး တစ်ဦး ဖြစ်ပြီး “  ဒက်(စ)မွိုင်း မြို့ သို့ ရောက် ရှိ သည် မှာ နှစ် နှစ် နီးပါးသာ ရှိ သေးပြီး သူမ၏
ဝါသနာ အရ ဖက်ရှင် အ၀တ် အထည် ဆိုင် ကို ဖွင့် လှစ်ခြင် ဖြစ်သည် ဟု ဆိုသည်။

အိုင် အို ၀ါပြည်နယ် ဒက်(စ)မွိုင်း မြို့ 
သူမက ” ဒီရောက် လာတဲ့ မြန်မာ တွေ အနေနဲ့  အ၀တ်အထည် မှာ အရမ်း ဒုက္ခရောက် တယ်။ ဒီမှာ က ဆိုက်
ကြီး တွေ များ မတော် ကြဘူး ၊ အထူး သဖြင့် မိန်းကလေး တွေ ဆို ပို ဆိုး တာပေါ့နော်။ ဒါကြောင့် ကျွန်မ
က ဒီဆိုင် ကို ဖွင့် ဖြစ် သွားတာ ပါ ” ဟု ပြောသည်။
အမေရိကန် နိုင်ငံ နယူးယောက် ၊ ချီကာဂို၊ ဟူစတန်၊ လော့စ်ဇင်းဂျလိစ်၊ ဆန်ဖရန် စစ္စကို စသည့် မြို့ များ
တွင် မြန်မာ အများ စု နေ ထိုင် ကြပြီး စားသောက်ဆိုင် များ ၊ အလှပြင် ဆိုင် များ ၊ အ၀တ်အထည် ဆိုင် များ
၊နည်းပညာ ၀န်ဆောင် မှု စသည့် စီးပွား ရေး လုပ် ငန်း များ ရှိ နှင့် ပြီး ဖြစ်သော် လည်း မြန်မာ အများ စု
စတင် အခြေ ချရာ ဖြစ်သည့် မြို့ များ တွင် မူ ထို လုပ် ငန်း များ ယခု မှ စတင် သန္ဓေတည် လျှက် ရှိ သည်။

Simply Asian Restaurant : 3811 Douglas Ave . Des Moines
by FNG on June 20, 2011 

Monday, February 25, 2013

The X Factor NZ စင်မြင့်ထက်ပေါ်က မြန်မာလူငယ်လေး ဆန်းထိုက်အောင်

The  X Factor NZ စင်မြင့်ထက်ပေါ်က မြန်မာလူငယ်လေး ဆန်းထိုက်အောင် (သို့)
မြန်မာပြည်မှာ အဆိုတော်တဦးဖြစ်ချင်တဲ့ နယူးဇီလန်ရောက် မြန်မာလူငယ်လေး
ခင်လွန်း (ခေတ္တနယူးဇီလန်)၊ ဖေဖော်ဝါရီ၊ ၂၅ ။၂၀၁၃

ကိုင်း … ဒီတနှစ်တော့ဖြင့် ကျနော်တို့ရွှေမြန်မာများသည်လဲ တခြားနိုင်ငံသားများနည်းတူ ဂလိုဘယ်အဆင့်နဲ့ ဆိုင်မွန်ကောင်ဝဲလ် (Simon Cowell )ရဲ့ (X Factor) အမေရိကန်ဒေါ်လာ ၅ သန်းထိုက် အဆိုပြိုင်ပွဲကြီးမှာ ကိုယ်နဲ့တိုက်ရိုက်ပတ်သက် ကိုယ့်နုလုံးသားနဲ့တိုက်ရိုက်နှီးနွယ် နီးကပ်စွာ ဖိဖိစီးစီးအားပေးကြဖို့ ဖြစ်လာခဲ့ပါပြီ။
ဆိုင်မွန်ကောင်ဝဲလ် (Simon Cowell )ရဲ့ ကမ္ဘာ့အကြီးအကျယ်ဆုံး အဟိန်းအထဆုံး ဂလိုဘယ်အဆိုပြိုင်ပွဲ (X Factor) အစီအစဉ်ကို အထူးအထွေ မိတ်ဆက်ပေးနေစရာ လိုမယ်မထင်တော့ပါဘူး။ ဒီနှစ်မှာတော့ ကမ္ဘာ့ရုပ်ရှင်စတီရီယိုကြီးလို့ခေါ်ရလောက်အောင်လှပတဲ့ နယူးဇီလန်ကျွန်းနိုင်ငံလေးမှာ အဲ့ဒီ ပြိုင်ပွဲကြီးဟာ ဂီတလိုင်းမျိုးစုံ အသွေးအရောင်မျိုးစုံ အရွယ်မျိုးစုံတို့ပြန့်လွှင့်စီးမျောရင်း ပြိုင်ပွဲဝင်တွေက သူ့ထက်သူ လူစွမ်းကောင်းဖြစ်ကြောင်း သည်းကြီးမည်းကြီးနဲ့ ဆိုကြဟစ်ကြ ဟဲကြ နွှဲကြတော့မှာပါ။ အဲဒီ့အချိန်       ဆိုရင် ကမ္ဘာတလွှားက ဂီတချစ်မြတ်နိုးသူတွေဟာ တီဗီမျက်နှာပြင်ပေါ်မှာ အဲဒီ့ အဆိုသူရဲကောင်းပါရမီရှင်တို့ရဲ့ ကိုယ်စိတ်၊ ခံစားမှုအလုံးစုံကိုနစ်ပီး ပြိုင်ပွဲဝင်ဆိုဟန်တွေကို တသသစွဲရင်း မိမိဆန္ဒစွဲလေးတွေ မိမိမျှော်မှန်းတွက်ဆမှုလေးလေးတွေနဲ့အတူ ရက်သတ္တပတ်များစွာ မှိန်းမော ဖိုလှိုက် ရင်ခုန် အားပေးကြရတာ နောက်ဆုံးအထိ ရင်ခုန်လှိုက်မောမှုနဲ့ပါ။

တကယ်တော့ အဲဒီ့ပြိုင်ပွဲနဲ့ ပြိုင်ပွဲဝင်သူတွေဟာ ကျနော်တို့နဲ့ဆို တိုက်ရိုက်ပတ်သက်ဆက်စပ်မှုမရှိသလောက်မို့ ကျနော်တို့အားပေးကြရပုံက ခပ်လှမ်းလှမ်း ခပ်ဝေးဝေးကနေ ကိုယ့်အမြင် ကိုယ့်အထင် ကိုယ့်ဘ၀င်နဲ့ကိုယ် ကိုယ်သန်ရာစွဲရင်း အဆိုရှင်တယောက်ယောက်၊ ဒါမှမဟုတ် တဖွဲ့ဖွဲ့ကို အားပေးကြရတာမျိုး၊ ပြောရရင် နတ်ကရာ ကြည့်မောရတာမျိုးလောက်ပဲ မဟုတ်လား။
ဆိုတော့ … ဒီတနှစ်တော့ဖြင့် ကျနော်တို့ရွှေမြန်မာများသည်လဲ တခြားနိုင်ငံသားများနည်းတူ ဂလိုဘယ်အဆင့်နဲ့ ကိုယ်နဲ့တိုက်ရိုက်ပတ်သက်နီးကပ်စွာ ကိုယ့်သွေးကိုယ့်သား အရင်းအချာကို ဖိဖိစီးစီးအားပေးကြဖို့ ဖြစ်လာခဲ့ပါပြီ။
မြန်မာလူငယ်လေးတဦး၊ ဒါမှမဟုတ် မြန်မာနိုင်ငံကိုတခါဖူးမှခြေမချ မရောက်ဖူးသေးတဲ့ မြန်မာလူငယ်လေးတဦး။ လေးဖြူတို့ မျိုးကြီးတို့ကိုအားကျပြီး မြန်မာပြည်မှာ အဆိုတော်တဦးဖြစ်ချင်တဲ့ နယူးဇီလန်ကျွန်းနိုင်ငံရောက် မြန်မာလူငယ်လေး ဆန်းထိုက်အောင်။
မိဘတွေက ၈၈ အရေးတော်ပုံကြီးမှာ  ပါဝင်ခဲ့ပြီး တိမ်ူးေ၇ှာင်လာခဲ့ရာက သူဟာ တောမြောင်လျှိုကမ်းပါးကြီးတွေအကြားမွေးဖွားခဲ့ပြီး ဒုက္ခသည်စခန်းမှာ လူလားမြောက်ခဲ့ရသူ။ The     X Factor လိုပြိုင်ပွဲကြီးကို  သိုးဆောင်းဘာသာစကားနဲ့ ပြိုင်ပွဲဝင်ဖို့မဆိုထားနဲ့ နယူးဇီလန်ကျွန်းလေးကိုရောက်စက ဘာသာစကားအခက်အခဲကြောင့် ကျောင်းကင်တဲန်းမှာ သူပြောတတ်တဲ့ Pieတမျိုးထဲကိုသာ ရက်ပေါင်းများစွာ စားနေခဲ့ရတဲ့သူ။ ခုတော့ ကျွန်းလေးပေါ်မှာ ၂ နှစ်အကြာ The  X Factor NZ ပြိုင်ပွဲကို ၀င်တိုးကြတဲ့ အဆိုရှင် လူပေါင်း ၆၀၀၀ လောက်ထဲမှာ သူက The Scriptရဲ့ Breakevenသီချင်းကိုဆိုပြီး ပြိုင်ပွဲဝင်ခဲ့ရာက ခုတော့ ပဏာမ လူ ၃၀၀ ထဲမှာ ရွေးချယ်ခံခဲ့ရပါပြီ။


ထိုင်းနိုင်ငံရဲ့ပီဘိတောနက်မည်းကြီးထဲက ဒုက္ခသည်စခန်းတခုမှာ တော်လှန်ရေး ဂစ်တာသမားကြီးတဦးဆီကနေ ဂစ်တာတီးတဲ့ပညာအခြေခံနဲ့ သူ့ရဲ့ပင်ကိုယ်ပါရမီတို့ကြောင့်  Glen Innes Talent Quest ဆိုတဲ့ သီချင်းဆို ဂစ်တာတီး၊ အကမျိုးစုံပါဝင်တဲ့ Talent မျိုးမှာလဲ ဒုတိယဆုရခဲ့ဖူးတာကြောင့် သူကိုယ်သူ ယုံကြည်မှုရှိနေတဲ့လူငယ်လေးဖြစ်ပါတယ်။ ခုတော့ pop နဲ့ soft rock စတိုင်ကို နှစ်သက်တတ်သူဟာ ခုဆို တကမ္ဘာလုံးကစောင့်ကြည့်နေကြတော့မယ့် X Factor ပြိုင်ပွဲကြီးမှာ မြန်မာဆိုတဲ့ ဂုဏ်ပုဒ်နဲ့ သူ့ကိုယ်သူ မိတ်ဆက်လိုက်ပါပြီ။ ဆိုတော့ ကျနော်တို့တွေ ခပ်ဝေးဝေးခပ်လှမ်းလှမ်းကနေခဲ့ရတာမျိုးမဟုတ်တော့ဘဲ ကိုယ်တိုင် စင်ပေါ်တက်နိုင်ခဲ့ကြပြီမဟုတ်လား။ အားပေးကြတာပေါ့ဗျာ။
အခုဆို သူ့ရဲ့(ဆန်းထိုက်အောင်)ဘ၀ပုံရိပ်အချို့ကို တာဝန်ရှိအဖွဲ့တွေက ဗီဒီယို ရိုက်ကူးယူသွားခဲ့ပြီး သလို အင်တာဗျူးမေးမြန်းမှုအဆင့်တွေလည်း ပြီးစီးသွားခဲ့ပါပြီ။ အားကစားမှာလဲ ထူးချွန်တဲ့သူ့ရဲ့ ဘောလုံးကစားဟန်အပါအ၀င် မိဘမောင်နှမတွေနဲ့အတူ မြန်မာမိသားစုတစုရဲ့နေမှုပုံစံတွေကိုလဲ ရိုက် ယူသွားတာမို့ သူပြိုင်ပွဲဝင်မယ့် ဖေဖော်ဝါရီ ၂၇ ရက်နေ့ညမှာတော့ The X Factor NZ ရဲ့အစီအစဉ်ကို TV 3 ကနေ ကျနော်တို့ ကမ္ဘာတလွှားနိုင်ငံပေါင်းများစွာမှာ ရောက်နေကြတဲ့ မြန်မာနိုင်ငံသားများ အားလုံး အနီးကပ်စောင့်ကြည့်အားပေးနိုင်ကြပါပြီ။


သူက အဲဒီ့ညမှာ  Enrique Iglesias ရဲ့ HERO ဆိုတဲ့သီချင်းနဲ့ပြိုင်ပွဲဝင်ရင်း မြန်မာနိုင်ငံသားအားလုံးရဲ့ အားပေးမှုကို မျှော်လင့်နေမယ်လို့ဆိုပါတယ်။ ကျနော်တို့တွေက သူ့ကို အဆင့်အဆင့်တွေ အထပ်ထပ် နဲ့ ရင်ဖိုမောလျရတဲ့ပြိုင်ပွဲကြီးမှာ သူ့ကို အဆင့်တိုင်းအဆင့်တိုင်းမှာ အောင်မြင်စွာကျော်လွှား ဖြတ်သန်း နိုင်ပါစေလို့ဆုတောင်းပေးရင်း ရင်ခုန်ကြပါစို့လို့ အာရုံများနိုးဆွပေးလိုက်ကြောင်းပါ။ 

(ဓာတ်ပုံများ –  Glen Innes Talent Quest  ပြိုင်ပွဲ ဆုရရှိစဉ် အမှတ်တရနဲ့  ဒုက္ခသည်စခန်းမှာနေစဉ်က… ဖြစ်ပါတယ် အခြားဓာတ်ပုံတွေက သူ့ရဲ့ဆိုဟန်စတိုင်များဖြစ်ပါတယ်

Khin Lun @ Moemakha  http://moemaka.com/?p=32527