Showing posts with label နာမည်ကျော် ဒေသန္တရ ပွဲတော်များ နှင်. သမိုင်း. Show all posts
Showing posts with label နာမည်ကျော် ဒေသန္တရ ပွဲတော်များ နှင်. သမိုင်း. Show all posts

Wednesday, February 19, 2014

ဘဲဥထုပွဲ တဲ့ - စစ်ကိုင်း ကြေးဘုရားကြီး ပွဲတော်



ကြေးဘုရားကြီး၏ ပွဲတော်သည်ပင်လျှင် ယခုအခါ (၁ဝ၉)ကြိမ် ရှိခဲ့ပြီဖြစ်၍ ဘဲဥထုပွဲမှာလည်း နှစ်ပေါင်း ၁ဝဝ ကျော်ခဲ့ပြီ ဖြစ်သည်။

စစ်ကိုင်းမြို့ ဧမြဝတီရပ်ကွက် တွင်တည်ရှိသည့် ဇိန မာရ်အောင် လောကချမ်းသာကြေး ဘုရားကြီး ၏ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ရိုးရာ ဘဲဥထုပွဲတော်ကို ယခုလ ၁၄ရက် မှစတင်၍ စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

ယခုနှစ် ဘုရားပွဲတော်တွင် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အလှခြင်း ခတ်ပွဲ၊ ဘောလုံးဂိုးကျဉ်းပြိုင်ပွဲ များကိုလည်း ထည့်သွင်းကျင်းပပြီး ကြည့်ချင်ပွဲအဖြစ် ပိတ်ကားထောင် ရုပ်ရှင်ဖြင့် ဖျော်ဖြေကြောင်း သိရ သည်။

နှစ်စဉ်တပို့တွဲလပြည့်တွင် ကျင်းပလေ့ရှိသည့် ဇိနမာရ်အောင် လောကချမ်းသာကြေးဘုရားကြီး ၏ ဘုရားပွဲတော်တွင် မြန်မာနိုင်ငံ တွင် တစ်ခုတည်းသာရှိသောဘဲဥ ထုပွဲကိုပါ ထူးထူးခြားခြား ထည့် သွင်း ကျင်းပလေ့ရှိသည်။ လပြည့် နေ့ညမှစတင်ကာ သုံးညတိုင် ကျင်းပလေ့ ရှိကြသည်။ ဘဲဥထုပွဲ ကျင်းပသည့် ကြေးဘုရားကြီးမှာ ဧရာဝတီမြစ်ကမ်းဘေး ဧမြဝတီ ရပ်(ရှေး-အစေခံရပ်)တွင် တည်ရှိ သည်။ ဧရာဝတီမြစ်ကမ်းဘေးရှိ ပဲ့နင်းကြီးဘုရားဝင်းအတွင်းမှာပင် ရှေးယခင်မှ ယခုထက်တိုင်နှစ်စဉ် ကျင်းပခဲ့ကြခြင်းဖြစ်သည်။

ဘဲဥထုပွဲတော်ကို နှစ်စဉ် တပို့တွဲလပြည့်ညပိုင်းတွင် ကြေး ဘုရားကြီး၏အရှေ့ဘက်ရှိ ပဲ့နင်း ဘုရားဝင်းအတွင်း ကျင်းပကြ သည်။ ဘဲဥထုပွဲကျင်းပပုံက တစ် မျိုး စိတ်ဝင်စားဖွယ်ဖြစ်သည်။ ဘဲဥပြုတ်ရောင်းပေးသည့်သူက အောက်ခံတောင်း(ခွဲတောင်း သို့ မဟုတ် ထန်းလျှော်တောင်း)ထဲ တွင်ပြုတ်ပြီး ဘဲဥများထည့်ထား ကာ အပေါ်တွင် ဆန်ကောခင်းပေး ထားသည်။ ဘဲဥထုကြမည့်သူ နှစ်ဦးရှိလာပါက တောင်းအတွင်းမှ ဘဲဥပြုတ်နှစ်လုံးကို ထုတ်ပေးသည်။ မြင်သာထင်သာရှိအောင် ရေနံဆီ မီးခွက်(သို့မဟုတ်)ဖယောင်းတိုင် တို့ကိုထွန်းပေးထားရသည်။ တစ် ယောက်တစ်လုံးစီ ကြိုက်ရာရွေး ယူကာ တစ်ယောက်က အောက်မှ လက်နှင့်ဆုပ်ကိုင်ကာ ဘဲဥကို တည်ပေးထားရသည်။ ကျန်သူက ဘဲဥကိုကိုင်ကာ အပေါ်မှ ထုရိုက် ရသည်။ ဘဲဥထိပ်ချင်းဆိုင်ကာ ထုရိုက်ခြင်းဖြစ်၍ တစ်ခါ တစ်ရံ အောက်မှ အခံဘဲဥ ပိန်သွားတတ် သည်။ တစ်ခါတစ်ရံ အထက်မှ ထုရိုက်သည့်အထုဘဲဥ ပိန်သွား လေ့ရှိသည်။ ပိန်သွားသည့် ဘဲဥ ဘက်က အရှုံးဖြစ်သည်။ မည်သူ ရှုံးမည် နိုင်မည်ကို ပုံသေတွက်၍ မရချေ။ ဘဲဥထုရိုက်ကစားသူ နှစ်ဦးသည် အတည်ဘက်နှင့်အထု ဘက်ကို တစ်လှည့်စီနေကြရသည်။ ပိန်သွားသည့်ဘဲဥကို နိုင်သူက ယူ လိုက်သည်။ အနိုင်ဘက်က ဘဲဥ ကို ဒိုင်(ဘဲဥသည်)က ပြန်သိမ်း ကာ အောက်မှတောင်းထဲသို့ ပြန် သိမ်းသည်။ ရှုံးသူ၏ဘက်မှ နို့ဆီ ဘူးထဲသို့ အရှုံးဘဲဥအရေအတွက် ကို သိရှိနိုင်ရန် ပဲစေ့ (သို့မဟုတ်) မန်ကျည်းစေ့ တစ်စေ့ထည့်လိုက် သည်။ ဤသို့ဖြင့် ဘဲဥထုကစားသူ နှစ်ဦးတို့သည် အထုဘက်နှင့်အခံ ဘက်ကို တစ်လှည့်စီနေကာ မိမိ တို့ သဘောကျကစားနိုင်သည်။ တစ်လှည့်တစ်ပြန်စီ ဘဲဥထုကစား ကြရာတွင် အပိုလောင်းကြေးအနေ ဖြင့်ထုပြီး ဘဲဥအပိန်ငါးလုံးကြေး၊ ခုနစ်လုံးကြေး စသည်ဖြင့် ထပ်မံ လောင်းကြေးထပ်ကြသေးသည်။ ပြိုင်ပွဲအချိန်ကို ကန့်သတ်ချက် မထားဘဲ မိမိတို့သဘောဆန္ဒအ တိုင်း ကြိုက်သည့်အချိန် ရပ်နား နိုင်သည်။ ပွဲရပ်နားပြီဆိုလျှင် ဒိုင် က သူ့ဘက်ကိုယ့်ဘက်ရှိ နို့ဆီဘူး ထဲမှ ပဲစေ့ (သို့မဟုတ်) မန်ကျည်း စေ့ကို ရေတွက်သည်။ ပဲစေ့အရေ အတွက်အတိုင်း ဘဲဥဖိုးကျသင့် ငွေကို ရှင်းပေးရသည်။ နှစ်ဖက်မှ အနိုင်အရှုံးရှိသော်လည်း ဒိုင်လုပ် သူကတော့ နှစ်ဖက်လုံးကို ဘဲဥ ရောင်းလိုက်ရသည်။ နိုင်သူဘက် က ဘဲဥပြုတ်တွေ တစ်ထုပ်တစ်ပိုး ကြီးမြတ်လိုက်သော်လည်း သူ လည်း သူ့ဘက်က ဘဲဥပိန်သမျှ ရှုံးသမျှကို ငွေပေးချေရသည်။



ဘဲဥထုပွဲကျင်းပလာခဲ့သည် မှာ နှစ်ပေါင်းရာချီရှိခဲ့ပြီဖြစ်သည်။ မြန်မာဘုရင်မင်းတုန်းမင်းလက် ထက်က စစ်ကိုင်းအစေခံ ခံတပ် ကြီးတွင် ဘုရင့်လှေတော်သား၊ လှေတပ်သားများ စခန်းချခဲ့ကြ သည်။ ဧရာဝတီမြစ်ကြောင်းရန်ကို ကင်းစောင့်ကာကွယ်ကြရင်း လှေ တပ်သားတို့သည် ပဲ့နင်းကြီး၏ ဘုရားဝင်းအတွင်း တစ်ဦးနှင့် တစ်ဦး ဘဲဥထုတမ်းကစားလေ့ ရှိခဲ့ကြသည်။ မြစ်တစ်ဖက်ကမ်း အင်းဝဘက်တွင် ဆင်ကျုံးခံတပ် ရှိသည်။ အင်းဝဆင်ကျုံးခံတပ်မှ လှေတော်တပ်တော်သားများသည် လည်း စစ်ကိုင်းဘက်သို့ ကူးသန်း လာရောက်လည်ပတ်ကာ ဘုရားပွဲ တော် နွှဲပျော်ကြသည်။ ဘဲဥထုပွဲ ကို ဝင်ရောက်ဆင်နွှဲပျော်ပါးလေ့ ရှိသဖြင့်အလွန်စည်ကားခဲ့သည်။

ထိုဓလေ့သည် အစေခံခံတပ် အနီးဝန်းကျင်တွင် ယနေ့ထက်တိုင် အလေ့အထဖြစ်လာကာ ကြေး ဘုရားကြီးပွဲတော်ရောက်လျှင် ဖိတ်ခေါ်စရာမလိုဘဲ မြို့ပေါ်ရပ် ကွက်နှင့်အနီးဝန်းကျင်ကျေးရွာ များမှ တပျော်တပါး လာရောက် ဆင်နွှဲလေ့ရှိကြခြင်းဖြစ်သည်။
ကြေးဘုရားကြီး၏ပွဲတော်သည် ပင်လျှင် ယခုအခါ (၁ဝ၉)ကြိမ် ရှိခဲ့ပြီဖြစ်၍ ဘဲဥထုပွဲမှာလည်း နှစ်ပေါင်း ၁ဝဝ ကျော်ခဲ့ပြီ ဖြစ် သည်။ ထူးခြားသည့် ဘဲဥထုပွဲရိုး ရာဓလေ့လေးမှာ ပျောက်ပျက်မ သွားဘဲ နှစ်စဉ်တပို့တွဲလပြည့်ည ရောက်တိုင်း စည်ကား ရှင်သန် နေဆဲဖြစ်ကြောင်း သိရသည်။



ယခုနှစ်တွင် ဘဲဥရောင်းချသူ ၃ဝ ကျော်ခန့်ရှိသည်။ တစ်ညလျှင် ဘဲဥအလုံးရေ တစ်ဦးလျှင် ၄ဝဝ ဝန်းကျင်ရောင်းချကြရသည်ဟုဆို ပါသည်။ ဘဲဥဈေးက တစ်လုံး လျှင် ကျပ် ၁၅ဝ ဖြင့် ရောင်းချကြ သည်။ ဘဲဥထုပွဲကို လာရောက် ဆင်နွှဲသူတွေကလည်း ပဲ့နင်းကြီး ဘုရားပရိဝုဏ်အတွင်းတွင် တိုး တိုးဝှေ့ဝှေ့စည်စည်ကားကား ဖြစ် သည်။ ပျော်စရာကောင်းသလို စိတ်ဝင်စားစရာလည်း ကောင်းလှ ကြောင်း၊ ကြေးဘုရားကြီး၏ဆွမ်း တော်ပွဲတွင် ဘဲဥပြုတ်လေးများကို ပစ်တိုင်းထောင်အရုပ်ကလေးများ လုပ်ကာ ကပ်လှူထားသည်မှာ လည်း သဘောကျစရာ၊ ချစ်စရာ ကောင်းလှကြောင်း ပွဲတော်လာ ရောက် ဆင်နွှဲသူတစ်ဦးက ပြော ပြသည်။

ဘဲဥထုပွဲကျင်းပသည့်ဘုရား မှာ စာဆိုတော်ကြီးညောင်ပင်သာ ဦးပုည၏ ဖခင်လှေတော်ပဲ့နင်းကြီး ဦးရွှေလှော် တည်ထားခဲ့သည့်စေတီ ဖြစ်သည်။ ဘုရားပွဲတော်ကျင်းပ သည့် ဇိနမာရ်အောင်လောက ချမ်းသာကြေးဘုရားကြီးကို မင်း ကျောင်းဆရာတော် အရှင်သီရိက ဦးဆောင်ကြီးမှူးကာ သက္ကရာဇ် ၁၂၆၆ ခုနှစ် ဒုတိယဝါဆိုလပြည့် ကျော် ၉ ရက်တွင် စတင်ပုံတော် သွန်းလုပ်ခဲ့ပြီး ၁၂၆၇ခုနှစ် ကဆုန် လပြည့်နေ့တွင် အနေကဇာတင် လှူတော်မူခဲ့သည်။ ကြည်ညို သပ္ပာယ်ဖွယ်ရာ ကောင်းလှပြီး သုံးဖက်မြင် သုံးပန်လှဘုရားကြီး ဟု ထင်ရှားကြောင်း သိရသည်။

နန္ဒာမင်းလွင် @ Myawady News

Friday, March 29, 2013

ကျုံမငေး အတုလ ဗုဒ္ဓစွယ်တော်မြတ် သမိုင်း

 

နေပြည်တော်သာ ၊ လွန်ထင်ရှား ၊ မွေးရာဇာတိပါ

အတုလဗုဒ္ဓ လက်ဝဲစွယ်တော်မြတ်ဘုရား ကျုံမငေးမြို.တွင် ကိန်းဝပ်စံပယ်တော်မူခဲ့သည်မှာ
ဆရာတော် စတင်ရောက်ရှိခဲ့သည့် (၁၂၆၆) မှစတင်၍ ရေတွက်လျှင် တစ်ရာခုနှစ်တိုင်ခဲ့ပြီဖြစ်၏။ ဗုဒ္ဓပူဇနိယပွဲတော်ကို စတင်လွဲပြောင်းပေးအပ်သည့် (၁၂၉၀) မှစတင်၍ ကျင်းပခဲ့ရာ( ၁၃၇၃) ခုနှစ်တွင် (၈၃)နှစ်တိုင်ခဲ့ပြီဖြစ်သည်။

ဤကဲ့သို့ ဧရာဝတီတိုင်း၏ကျက်သရေဆောင်ကျုံမငေးမြို.၏သာသနတံခွန်မြတ်ဖြစ်တော်မူသော
အတုလဗုဒ္ဓလက်ဝဲအောက်စွယ်တော်မြတ်ကြီးအားဖူးတွေကြည်ညိုခွင်ရခြင်း၏ ပဓာနကျေးဇူးရှင်မှာ ဆရာတော်ဦးဥတ္တမအရှင်သူမြတ် ဖြစ်သည်။ ကျေးဇူးရှင်ဆရာတော်သည် မန္တလေးမြို.မြောက်ပြင်စံကျောင်းတိုက် “‘ဒသုဒဿန၀ရဓမ္မသာမိ မဟာဓမ္မရာဇာဓိရာဇာရရု” ပထမဘွဲတံဆိပ်တော်ရှင် “သုဒဿနဓဇအတုလာဓိပသီရိပ၀ရ မဟာဓမ္မရာဇာဓိရာဇဂုရု” ဒုတိယဘွဲတံဆိပ်တော်အားဖြင့် ဘွဲ့တံဆိပ်တော်နှစ်ထပ်ရ စံကျောင်းတော်ဆရာတော်ဘုရားကြီးထံတွင် နောင်တော်ဖြစ်သူ ဆရာတော်ဦးကြည် ( ယခုပခုက္ကူ သဲပုံတောရဆရာတော် ဦးကိတ္တ) နှင့်အတူပညာသင်ခြင်းကိစ္စပြီးဆုံးသောအခါ ပခုက္ကူမြို.ပုထိုးကျောင်းတိုက် လေးထပ်ကျောင်းတွင် ပိဋက ကျမ်းစာများကိုပို့ချလျှက် ဂန္ဓဓူရ၊ ၀ိပဿနာဓူရ ဓူရနှစ်ဖြာကိုကြိုးစားအားသစ်တော်မူခဲ့သည်။



ဤသို့ပရိယတ် ပဋိပတ်ကျင်.နှစ်ရပ်ကိုဟန်ချက်ညီညီထူထောင်နိုင်စွမ်းရှိသော ဆရာတော်သည် စာသင်တိုက်ကြီး၏ ဦးစီးနာယက ဖြစ်လာခဲ့ပြီး စာသင်တိုက်ကြီးမှာလည်း စည်းကမ်းကျနစိတ်ချရလောက်သည့် အခြေအနေသို့ရောက်ရှိခဲ့သည်။ ထိုအခါအန္တေ၀ါသိကတပည့်ကြီးများအား ကျောင်းတိုက်ကိုလွဲအပ်လျှက် တောရ ဆောက်တည်တော်မူခဲ့သည်။ မိမိ၏ကိုယ်တွေ့တရားတို့ကို အနယ်နယ်အရပ်ရပ်တွင် ဟောကြား ပြသတော်မူခဲ့သည်။

ရွှေကျုံ မြို.ကံ ကောင်းဘို့ဖန်
သီလ သမာဓိ ပညာဂုဏ် တို့ဖြင့်ပြည်စုံတော်မူသော ဆရာတော် ဘုရားကြီးအား သူတော်ကောင်း တရား လက်ကိုင်ထားလေ့ရှိကြသော ကျုံမငေးမြို.သားများနှင့်တွေ.ဆုံရန် အကြောင်းကံဖန်တည် လာခဲ့ ပါသည်။

နတ်ထိပ်ရပ်ကွက်တွင်နေထိုင်သောမြေပိုင်ရှင် ဦးအောင်ဘု+ဒေါ်ရွှေညိမ်းသည် သား ကိုဘရှင် ၊ မောင်စံညှက်တို့နှင့်အတူ (၁၂၆၁) ခုနှစ်တွင် မန္တလေးသို့ဘုရားဖူးသွားရင်း မန္တလေးတောင်ပေါ်တွင် တရားအားထုတ်လိုသူများအတွက် ဂူ (ဇရပ်) တစ်ဆောင်လူဒါန်းလေသည်။ ဆရာတော်ဦးဥတ္တမသည် ဇရပ်အား တာဝန်ယူ ဆောက်လုပ်ပေးသောဆရာတော်နှင့် စာသင်ဖက် သီတင်းသုံးဖော်မိတ်ဆွေရင်းဖြစ်သည့်အားလျှော်စွာကျေးဇူးရှင်ဆရာတော်ဘုရားနှင့် တွေ့ဆုံပြီးနှောက် နက်နဲဆန်းကြယ်စွာ တရားဟောစွမ်းနှိုင်သောဂမ္ဘီရစိတြဘာဏီ၊ ဓမ္မကထိကပုဂ္ဂိုလ်ကြီးတစ်ဆူအဖြစ်ဖူးတွေ့ရသည့်အခါဆရာတော်ကြီးအားအလွန်ကြည်ညိုကြလေသည်။ ကျုံမငေးမြို.ရှိဆွေမျိုးညာတိတို့နှင့်တကွတရားနာယူနိုင်ရေးမျှော်တွေးလျှက်ကျုံမငေးသို့ကြွရောက်တော်မူပါရန် လျှောက်ထားခဲ့သည်။ ဆရာတော်လည်း သတ္တ၀ါများ၏အကျိုးကိုလိုလားတော်မူသည့်အတွက် ဇရပ်ရေစက်ချပြီးနောက်ဒကာများ၏ပင့်လျှောက်မူကို လက်ခံ၍ ကျုံမငေးသို့လိုက်ပါတော်မူသည်။
ကျုံမငေးမြို.နတ်ထိပ်ကျောင်းတိုက်ဆရာတော် ဦးက္ကန္ဒကျောင်းတွင်သီတင်းသုံးခဲ့သည်။


ဦးအောင်ဘု ဒေါ်ရွှေညိမ်း မိသားစုမှဆရာတော်ဘုရားအား “ပုနောပသမ္ပဒ” သိက္ခာတော်ထပ်မင်္ဂလာဖြင့်ပူဇော်လျှက်ရဟန်းဒါယကာ ဒါယိကာမအဖြစ်ခံယူခဲ.ပါသည်။ ထိုနောက်မြို.သူမြို.သားဝေနေယျအများတို.အားမေတ္တာဆေးမြတ်အအေးဓါတ်နှင့် ဘေးပြတ်ကင်းသွေမှောင်ရှင်းစေဟု ရှစ်ထွေမဂ္ဂင်လမ်းကြောင်းထွင်၍ ကျင့်စဉ်စိပ်ဖြာသုံးသိက္ခာကို ယာပြင်ဆင်သွား ထင်ရှားပုံရည် စုံညီစွာ ဟောပြတော်မူလေသည်။

 
ရောင်တော်ဟိတ်ကြောင့် ၊ ယိုဖိတ်သဒ္ဒါ ကြည်ညိုစွာဖြင့်


 
ဆရာတော်သည် (၁၂၆၆) ခု သက်တော် (၅၄) နှစ် အရွယ်တွင် ကျုံမငေးမှဒကာများအားသီဟိုဠ်သို့ ဘုရားဖူးကြွမည့် အကြောင်းမိန့်တော်မူရာမြို.ပေါ်ရှိ ဒကာများ ၊၀တ်အသင်းသူအသင်းသားများမှ န၀ကမ္မ ၀တ္တုငွေတို့ကို ကပ္ပိယထံအပ်နှံလှူဒါန်းကြလေသည်။ ပြန်ရောက်သည့်အခါ ကျုံမငေးတွင် သီတင်းသုံးပါရန် တစ်ခါတည်း လျှေက်ထားကြလေသည်။
ပခုက္ကုသို.ရောက်ပြီး ဆရာတော်၏နောင်တော်ကြီး ဦးကြည် (ပခုက္ကူ သဲပုံတောရဆရာတော်
ဦးကိတ္တိ) ရသေ့ ဦးရွှင်ကပ္ပိယ ဦးလေးစိုးတို့နှင့်အတူ သီဟိုဠ်သို့ကြွရန် စီမံတော်မူသည်။ ထို့နောက် အိန္ဒိယ နိုင်ငံကလကတ္တားမှ တဆင့်သီဟိုဠ်သို့ကြွတော်မူသည် သာသန္တရဆေက ဖြစ်တော်မူသော ဆရာတော်သည် ဆိုင်ရာဘာသာစကားကို ကျွမ်းကျင်ခြင်း က္ကုနြ္ဒိယသီလနှင့် ပြည့်စုံခြင်းကြောင့် တိုင်းရင်းသားတိုင်း လေးစား ကြည်ညိုမှုကို ရရှိတော်မူသည်။ သီဟိုဠ်ရှေးဟောင်းမြို့တော် ကန္ဒီမြို့ဒါလဒမာသီလ ကျောင်းတော်ကြီးအတွင်းရှိ စွယ်တော်တိုက်သို့ရောက်ရှိကာ စွယ်တော်တာဝန်ခံ အမတ်ကြီးနှင့် တွေ့ဆုံလေသည် နာဂလီဘာသာစကား ကောင်းစွာတက်ကျွမ်းသဖြင့် ရင်းနှီးစွာ ဆက်ဆံခွင့်ရခဲ့သည်။ ဆရာတော်ဝိနယဂရုကဂုဏ်ကို ဖူးတွေ့ရခြင်း၊ အတ္ထသံဟိတ ဘာဏီပုဂ္ဂိုလ်ကြီးတစ်ဆူဖြစ်ကြောင်းမြတ်စွယ်တော်တာဝန်ခံအမတ်ကြီးမှာ ဆရာတော်အား အလွန်ပင် နှစ်သက် ကြည်ညိုလေးစားလေသည်။ သို့အတွက်ကြောင့်ပင် စွယ်တော်မြတ်အားမပြတ် ကြည်ညို ပူဇော်ဆည်းကပ်ခွင့်ရလေသည်။
ဆရာတော်သည်လောကထွဠ်ထား၊ လူသုံးပါးတို့၏ပတ္တမြားသင်းကျစ်ဓမ္မရာဇ်ဖြစ်တော်မူသော
သဗ္ဗညုမြတ်စွာဘုရားအား၏ လွန်စွာထွဋ်မြတ်စွယ်တော်ဓါတ်ကိုမပြတ်စေ့မြေ့ဖူးတွေ့ရတိုင်းညွှတ်ရှိုင်းကြည့်မွေ့
သက်တော်ထင်ရှားမြတ်စွာ ဘုရားကို ဖူးတွေ့ရသည့်အလား၊ သောမနဿအထပ်ထပ် ဖြစ်ပွားလေသည်။ စွယ်တော်တာဝန်ခံ အမတ်ကြီးသည် မိမိကြည်ညိုလေးစားသော ဆရာတော်၏ သဒ္ဓါတရားကိုထပ်မံ သိရှိရသောအခါ ဤသို့လျှောက်ထားလေသည်။ “အရှင်ဘုရားစွယ်တော် လေးဆူအနက် ဤနေရာတွင် ဘုရားရှင်၏ လက်ဝဲအောက်စွယ်တော် ဓါတ်တစ်ဆူသော ကိန်းဝပ်တော်မူကြောင်း အရှင်ဘုရား သိတော်မှုပြီးဖြစ်ပါသည်။
အရှင်ဘုရားတို့တိုင်းပြည်မှ ဘုရင်အနော်ရထာသည် ဘုရားရှင်သာသနာတော် ထင်ရှားစွာထောက်ပံ့ဖြစ်မည်ကို သိကြားမင်းသိမြင်၍သီဟိုဠ်၌ စွယ်တော်မြတ်ကို ရလတ္တံ့ဟု အိမ်မက်ပေးလာသည်နှင့် သီဟိုဠ်သို့လိမ္မာသော အမတ်အားသာယာချေငံသောစကားဖြင့် မှာတော်မူ၍စွယ်တော်မြတ်ကို တောင်းလေသည်။ သီဟိုဠ်မင်းဓါတုသေနအားလည်း သိကြားမင်းအိမ်မက်ပေး၍ သိနှင့်လေသည်။ ထို့ကြောင့်အနော်ရထာမင်းမှာတော်မူသမျှကို ကြားတော်မူသော် ခင်မင်ပြုံးရွှင်သော နှလုံးတော်ရှိ၍ အဆွေတော် ကိုးကွယ်ရအောင် ငါတောင်းပန်မည် မဟာစွယ်တော်မြတ်အားထားရာ ပြဿာဒ်၌ကြီးစွာသော ပူဇော်သက္ကာရကိုပြု၍ တောင်းပန်ရာစွယ်တော်တစ်ဆူပွား၍စင်္ကြန်ကြွတော်မူပြီး ဦးခေါင်းထက်ရှိ ရတနာပန်းတောင်းထက်၌ တည်လေသည်။ ဤသို့သစ္စာဓိဋ္ဌာန်ဖြင့်ပွားခဲ့ဘူးပါသည်ဘုရား၊ အနော်ရထာမင်းသည် ထိုစွယ်တော်မြတ်ကိုနန်းတော်တွင် ကိုးကွယ်သည်ထက် သတ္တ၀ါအများ ကိုးကွယ်စေခြင်း ငှာစေတီတည်ထားသော် အကျိုးများလတ္တံဟု ရှင်အရဟံမထေရ်မြတ်၏ မိန့်တော်မူချက်ကို လိုက်နာ၍ ရွှေစည်းခုံစေတီ၌ ဋ္ဌာပနာတည်ခဲ့သည်။ မင်းကြီးလဲငါသည်ဘုရားအဖြစ်သို့ ရောက်တော်မူမည်မှန်လျှင် စွယ်တော်မြတ်တစ်ဆူပွါးစေသောဟု ဓိဋ္ဌါန်တော်မူပြီရာ မြတ်စွယ်တော်တစ်ဆူပွါး၍ တန့်ကြည်တောင်၌ဘုရားတည်၏ ။ ဤသို့တစ်ဆူပြီးတစ်ဆူ အဓိဋ္ဌါန်ဖြင့်ပွားကာ သာသနာငါးထောင် တည်ရစ် စေရန် လောကနန္ဒာ၊တူးရွှင်တောင်နှင့်ပြက်ခရွှေတောင်တို့ကို ဆက်ကာ(၅)ဆူပြည့်အောင် တည်၍ မြတ်စွယ်တော်တို့ကိုဋ္ဌာပနာခဲ့ပါသည်ဘုရား။
ဤသို့သစ္စာအဓိဋ္ဌာန်ဖြင့် စွယ်တော်မြတ်ပွားခဲ့ဘူးပါသည်ဘုရား။ အရှင်မြတ်သစ္စာအဓိဋ္ဌါန်ပြုပါက
အရှင်မြတ်၏ သီလတော်စွမ်းပကားကြောင့် စွယ်တော်မြတ်ပွားတစ်တစ်ဆူရရှိနိုင်ပါကြောင်း” ယုံကြည်စွာဖြင့်
လျှောက်ထားလေသည်။

သိက္ခာသုံးစုံ ၊ မွှမ်းသစ္စာ ထူးခြားလာ 


 
ထိုအခိုက်ဆရာတော်ဘုရား ဆင်ခြင်သည်မှာ လောက၌ သီလ၏ ကျေးဇူးဂုဏ်အထူးသည် ထင်စွာ ရှိ၏။ ဖြောင့်မှန်ရိုးသားပြောဆိုသော သစ္စာစကားသည် ထင်စွာရှိ၏ ။ စင်ကြယ်သောစိတ်ထား၏ ဂုဏ်
ကျေးဇူးသည် ထင်စွာရှိ၏ ။ မေတ္တာ ၊ ဂရုဏာတရားသည်လည်း ထင်စွာရှိ၏ ဆိုသည့်အမှန်တရား လေးချက်ကိုနှလုံးသွင်းဆင်ခြင်၍ သစ္စာမူခြင်းကို ပြုလေသည်။

“ဘုန်းတော်ခြောက်တန် ဥာဏ်တော်ဆယ်ပါး ၊ အားတော်အနန္တနှင့် ပြည်စုံတော်မူသော မြတ်စွာ ဘုရား ။ အရှင်မြတ်ဘုရား ၊ ပရိနိဗ္ဗာန်စံလွန်ပြီးသော်လည်း အရှင်ဘုရားသည်ဓါတ်တော် ရတနာတို့ကို လည်းကောင်း ဓမ္မတရားတော်တို့ကိုလည်းကောင်း ကိုယ်စားထားခဲ့ပါသည်။ အလိုရှိသောသူသည် ဓါတ်တော် ရတနာနှင့်ကွ ဓမ္မတရားတို့ကိုအမှီပြုကြလျက် ဗုဒ္ဓ၏ညဏ်တော်အားလျှော်စွာကောင်းစွာကျင့်ပါလျှင် လူ ၊နတ် ၊ နိဗ္ဗာန်သုံးတန်သောချမ်းသာကို ရနိုင်သည်မှာ ဧကန်ပင်ဖြစ်ပါသည်။ ဤသစ္စာစကားကြောင့် ဘုရားမြတ် စွယ်တော်ရှင်သည် သတ္တ၀ါများ၏ကိုးကွယ်ရာအဖြစ် တိုးပွားတော်မူပါဘုရား” ဟု မှန်ကန်သော သစ္စာကို ပြုလေသည်။

သစ္စာ၏ အကျိုးအားများလှစွာ၏ ။ မှန်ကန်သောစကားဖြင့် အဆိပ်ကိုသော်လည်း ပြေပျောက်
နိုင်ကုန်၏ ။ မှန်ကန်သောစကားဖြင့် မိုးသည်ထစ်ချုန်းလျှက်ရွာ၏ ။ မှန်ကန်သောပညာရှိတို့သည် နိဗ္ဗာန်ကို
တောင့်တနိုင်ကုန်၏ ။ လောက၌ ကံအရာမှတပါး သစ္စာနှင့်မပြီးနိုင်သော အရာသည်မရှိပါချေ။

ထို့ကြောင့်ပင် ဆရာတော်အရှင်မြတ်၏ သီလဂုဏ် ၊ သစ္စာ၏ဂုဏ် ၊ ဖြူစင်သောစိတ်၏ ဂုဏ်မေတ္တာဂရုဏာတို.၏ ဂုဏ်တို့ကြောင့် စွယ်တော်မြတ်ကိန်းဝပ်ရာ န၀ရတ်ဖြင့်ပြီးသော ရတနာရွှေကြုတ်ကိုဖွင့်လှစ်ကြည့်ရူလိုက်သောအခါ အံသြမကုန် မယုံကြည်နိုင်လောက်အောင်ရတနာရွှေကြုတ်အတွင်း၌ရောင်
ခြည်တော်ခြောက်ပါးတို့ဖြင့်အလွန်တင့်တယ်စွာ တန်ဆာဆင်လျက် အရွယ် ၊ အဆင်း မယွင်းတူညီသော စွယ်တော်မြတ်နှစ်ဆူကိုဖူးတွေ့ရလေသည်

ထိုအခါ ကော်ရော်ဝပ်ဆင်းဖူးမြင်ခြင်း ပြုသော်လည်း မိမိနှင့်ထိုက်တန်သောစွယ်တော်ပွား
ကိုသာ ရရှိလိုသဖြင့် ထပ်မံ၍ သစ္စာဓိဋ္ဌာန်ပြုတော်မူသည်။

“ဘုရားတပည်တော်သည် ဗုဒ္ဓ၏ သရီရဓါတ်တော်မြတ်စွယ်တော်ကိုပူဇော်လိုခြင်းမှာ လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါတို့၏ အကျိုး ၊သာသနာတော်၏ အကျိုးကို သည်ပိုးရန်သာဖြစ်ပါသည်ဘုရား။ ခပ်သိမ်းသော သတ္တ၀ါတို့၏အကျိုးစီးပွားအတွက် ၊ သာသနာတော်အဓွန့်ရှည်သမျှ ကိုးကွယ်ပူဇော်၍ နတ်ရွာ နိဗ္ဗာန် ချမ်းသာ မှန်ကို ရွက်ဆောင်နိုင်ရန် ဖြစ်ပါသည်ဘုရား။ ဤမှန်ကန်သော သစ္စာစကားကြောင့် ဘုရား တပည်တော်နှင့်လျောက်ပတ်သော ဗုဒ္ဓ၏ သရီရဓါတ် နှစ်စွယ်တော်စစ်သည် မိမိအလိုလို ကိုယ်တော်တိုင်သာလျှင် သတ္တ၀ါတို့ကို ချီးမြှောက်တော်မူရန် လျှောက်ပတ်ရာဌာနသို့ကြွတော်မူပါဘုရား ဟု ရိုသေစွာ လျှောက်ထား တောင်းပန် တော်မူလေသည်။

ဒါဌာတော်မြတ် စွယ်တော်ဓါတ်သည် ထူးမြတ် လှစွာ ရတနာ ရွှေကြုတ်တော်မှထွက်၍
ရတနာရွှေကြုတ်ကို လင်္ကျာရစ်သုံးကြိမ်ကြွချီ ပြီးနောက် ဆရာတော်ဘုရားကြီး ဦးထိပ်၌ထားသော လက်ဝါးပေါ်ရှိ သင်္ကန်း ထက်သို့ ကြွတော်မူလေသည်။

ထိုအခါ ဆရာတော်ဘုရားကြီးသည် အကြိမ်တစ်ရာစစ်သောဆီတွင် အဖန်တစ်ရာပစ်သော ၀ါဂွမ်း ကိုချ ဘိသကဲ့သို သြက္ကမ သဒ္ဓါ ခြင်းဖြင့် မတုန်မလှုပ် ကြည်ညို တော်မူလေသည်။သီလ နှင့် စင်ကြယ်သောစိတ်ပေါ် သစ္စာ၊မေတ္တာ၊ ဂရုဏာ တို့ဖြင့် ထုံမွှမ်း သည့် အတွက် စွယ်တော်မြတ်ကို ထူးခြားစွာဖြင့် ပင့်ဆောင်ပူဇော်ခွင့် ရလေသည်။

လက္ခဏာတော်ကြီး (၃၂ )ပါး၊ လက္ခဏာတော်ငယ် ( ၈၀ ) ၊ ရောင်ခြည်တော် ( ၆ ) ပါးတို့ဖြင့် တန်ဆာဆင်လျက် အလွန် တင့်တယ် တော်မူသော မနှိုင်းယှဉ် အပ်သော အသရေတော်ကို ဆောင်တော်မူသော ဥာဏ်တော်အားဆယ်ပါး နှင့် ပြည့်စုံတော်မူသော၊ သက်တော်ထင်ရှား သဗ္ဗညုမြတ်စွာဘုရားအားပင့်ဆောင်၍ ကြွချီလိုက်ပါလာဘိသကဲ့သို့ ဗုဒ္ဒ၏ သရီရဓါတ်အစစ် ၊ စွယ်တော်မြတ် အနှစ်အားပင့်ဆောင်လျှက် ချမ်းမြေ့တည်ငြိမ်စွာဖြင့် မြန်မာပြည်သို့ပြန်လည်ရောက်ရှိလာတော့သည်။


ဘူမိနက်သန် အောင်မြေမှန် 


 
ဗုဒ္ဓသာသနာနွယ်ဝင် မွန် ၊ မြန်မာဘိုးဘွားတို့မှ ဆင်းသက်လာသော ကျုံမငေးသူ ၊ ကျုံမငေးသား တို့သည် ဗုဒ္ဓသာသနာတော်ကို စွမ်းအားရှိသမျှချီးမြှောက်လေ့ရှိကြပါသည်။ မြို့ပင်ငယ်သော်လည်းအကျင့်သီလ၊ သိက္ခာအာစာရနှင့်ပြည့်စုံသည့်ပုဂ္ဂိုလ်၊ ပရိယတ်ပဋိပတ်နှင့် ပြည့်စုံသည့်ပုဂ္ဂိုလ်မြတ်တို့ကို ဆည်းကပ်လေ့ရှိသည်။ ဆရာတော်သီဟိုဠ်သို့မကြွမီကပင် ကျုံမငေးတွင် သီတင်းသုံးရန် လျှောက်ထားခဲ့ဘူးသည့် အတိုင်းဆရာတော်ပြန်ရောက်ချိန်ကို မှန်းဆ၍ မြို့ပေါ်ရှိ ဘာသာရေးဦးဆောင်သူများ ညှိနှိုင်းကာရန်ကုန်မှ စောင့်ကြိုကြလေသည်။ ပြန်ရောက်ပြီးနောက်ကျုံမငေး၌ သီတင်းသုံးတော်မူပါရန်နှင့် ပင့်ဆောင်ရန်အတွက်စောင့်ကြိုနေကြကြောင်း ခြေတော်ဦးခိုက်၍ရိုသေစွာ တောင်းပန်လျှောက်ထားကြသည်။

ဆရာတော်အရှင်မြတ်သည် ပင့်လျှောက်လာသူများ၏ သာသနာတော်အတွက်ထားရှိသည့် မြင့်မြတ်သောစေတနာသဒ္ဒါတရားကိုထောက်ထားလက်ခံတော်မူခဲ့သည်။ ဒကာအများလည်းဆရာတော် ဘုရားကြီး၏ နောင်တော်ဆရာတော်ဦးကြည် (ပခုက္ကူသဲပုံတောရဆရာတော်ဦးကိတ္တိ)နှင့် ကပ္ပိယဦးဖေစိုး၊ ရသေ့ကြီးဦးရွှေဝတို့ ပခုက္ကူပြန်ရန်စီစဉ်ပြီးနောက် ကျေးဇူးရှင်ဆရာတော်အား ကျုံမငေးသို့ပင့်ဆောင် ကြလေသည်။ ကျူံမငေးတွင်နတ်ထိပ်နှင့်ဈေးပိုင်း၌တစ်လှည့်စီ သီတင်းသုံးဆောင်တော်မူခဲ့သည်။ ဈေးပိုင်းမှ ၀တ်တက်သူများသည် ယခုနှုတ်ခမ်းမွှေးကဖီးနှင့် ကိုဖိုးထူးဈေးဆိုင်ကြားလမ်းခွဆုံနေရာရှိ ခြေတံရှည် ဇရပ်တွင် ၀တ်တက်ခဲ့ကြသည်။

ဤသို့နှစ်အတန်ကြာ သီတင်းသုံးနေစဉ်အတွင်း ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်မည်သူ တစ်ဦးတစ်ယောက်ကိုမျှ စွယ်တော်မြတ်ပါရှိလာကြောင်း မိန့်တော်မမူဖူးပါ၊ သာသနာပွင့်လန်းမည့် အရပ်ဒေသတို့ကို ရှူကြည့်ဆင်ခြင်လေ့ရှိခဲ့သည့် ဆရာတော်သည် ကျုံမငေးမြို့၌ သရီရဓါတ်တော် မြတ်စွယ်တော်ရတနာနှင့် ထိုက်တန်မှုရှိမရှိကိုဒေသနှင့် ပုဂ္ဂိုလ်တို့၏ သဒ္ဒါတရား၌ ကြည့်ရှူ ဆင်ခြင်တော် မူသည်။ မိမိရောက်ခဲ့ရာ ဒေသများထက် ဤနေရာ ဤဒေသသည် သာသနာတော် ပွင့်လန်းမည့် နေရာဒေသအဖြစ်ဆုံး ဖြတ်တော်မူသည်။ ထို့ကြောင့်အကဲစမ်းသည့်အနေဖြင့် တစ်ဦးတစ်လေကို စတင်ဖူးမြင် ခွင့်ပြုလေသည်။ တစ်ဆင့်တက်၍ ၀ါတွင်းကာလသီလယူသည့်အခါသီလဆန်တို့ကို စားပွဲပေါ်ရှိ ဒေါင်းလန်းကြီး အတွင်း စုပုံစေလျက် သီလဆန်များအပေါ်တွင် စွယ်တော်ကြုတ်ကိုတင်ကာ ဖူးမြှော်ခံလေသည်။



တစ်စတစ်စဖြင့် ဖူးမြှော်သူတို့မှာ ပြိုးပြိုးလျှံပျက်၊ ရိုးရိုးလက်လက်၊ ထွန်းလင်းတောက်ပတော်မူသော
ဗုဒ္ဓမြတ်စွာစိန္ဒေယျာ၏ လွန်စွာမွန်မြတ်စွယ်တော်ဓါတ်ကို တပ်အပ်ထင်ထင်ဖူးမြင်ကြရသည့်အခါ အလွန်ပင်
ကြည်ညိုနှစ်သက်စိတ်ဇောတက်၍ အားတက်ရွှင်မောသဒ္ဒါပြောလျက် ကျုံမငေးဒေသ၌ပူဇော်ခွင့်ပေးသနားရန် လျှောက်ထားတောင်းပန်ကြလေသည်။

ဆရာတော်မြှော်မှန်းသည့် အချိန်သို့ရောက်ရှိလာခဲ့သည်။ယခုအချိန်တွင်မြတ်စွယ်တော်အား
ယုံကြည် လိုလား သဒ္ဒါတရားထက် သန်ခိုင်မာနေပြီဖြစ်ခြင်း၊ ထို့ထက်ဤဒေသသည် သာသနာတော်ထူးခြား မြဲမြံနေရာမှန်သည့် ဘူမိနက်သန်ဟုမှန်းဆ သိမြင်တော်မူခြင်းတို့ကြောင့် မြတ်ဗုဒ္ဒ၏သာသနာတံခွန်လွှင့်ထူ နိုင်တော့မည်ဟုယုံကြည်တော်မူသည့်အလျှောက်၁၂၉၀ပြည့်နှစ်သက်တော်(၇၈)နှစ်တွင်ဆရာ
တော်မှဤသို့မိန့်ဆိုတော်မူပါသည်

နိဂုံးမျှသာဖြစ်သောဤကျုံမငေးမြို့၏ပတ်ဝန်းကျင်အနီးအပါးရှိကနစိုးကုန်း၊သာယာကုန်း
ပန်းကူးစသောရွာကြီးများဍ်နိုင်ငံခြားမှသာသနာပြုပုဂ္ဂိုလ်ကြီးများကိုယ်တိုင်အမြဲနေထိုင်ကာကိုယ်ဖိရင်ဖိ
ပြုစုပြိုးထောင်ဘိသကဲ့သို့ကျုံမငေးမြို့ဍ် ဗုဒ္ဒ၏လွန်စွာထွဋ်မြတ်စွယ်တော်ဓါတ်ကိုတည်မှီထောင်ထား၍
ခပ်သိမ်းသောသတ္တ၀ါအများ၏လောကီ၊လောကုတ်၊အကျိုးစီးပွားအတွက်သာသနာတော်ကြီးအဓွန့်
ရှည်သမျှကိုးကွယ်ပူဇော်နိုင်ကြရန်ထိုက်တန်သဖြင့်မိမိဍ် တာဝန်ရှိသည့်အားလျှော်စွာအစွမ်းကုန်ချီးမြှင့်
မည်ဟုဆုံးဖြတ်ပြီးဖြစ်သည်မှာဧကန်စင်စစ်မှန်လှတော့သည်။မိမိအသက်နှင့်ထပ်တူမြတ်နိုးကြည်ညိုစွာ
ကိုးကွယ်ခဲ့သော ဗုဒ္ဒ၏သရီရဓါတ်တော်မြတ်စွယ်တော်ကိုတစ်နှစ်တစ်ကြိမ်ပွဲတော်ကျင်းပလျှက် သာသ
နာတော်အဓွန့်ရှည်တည်တဲ့အောင်ညဏ်ဦးစီး၍ကြိုးစားကြရမည်။ပွဲတောင်အချိန်မဟုတ်လျှင်အခွင့်အာ
ဏာအရလည်းကောင်း၊အနိုင်အထက်ရလည်းကောင်း၊မည်သည့်အကြောင်းနှင့်မျှဖူးမြှော်ခွင့်မပြုရ။ဤ
အတိုင်းလိုက်နာကြပါမည်ဟုကတိသစ္စာပြုနိုင်လျှင်ပေးအပ်မည်´ဟုမိန့်တော်မူလေသည်။

တပည့်ဒကာအပေါင်းတို့မှလည်းကျေးဇူးရှင်ဆရာတော်ဘုရားကြီးမိန့်တော်မူသည့်အတိုင်း
နှစ်စဉ်ဓမ္မာပူဇာ၊အာမိသပူဇာတို့ဖြင့်ကြီးစွာသောပူဇော်သက္ကာရပြု၍ပူဇော်ပွဲသဘင်ဆင်ယင်ကျင်းပပါမည်။
ပွဲတော်ချိန်မှအပမည်သူကိုမှဖူးမြှော်ခွင့်မပေးပါ။မြို့သူမြို့သားများနှင့်အနယ်နယ်အရပ်ရပ်မှဖူးမြှော်လာသူ
များသည် ဗုဒ္ဒ၏မြတ်စွယ်တော်ကိုအမှီပြုကာဘုရားရှင်၏သီလဂုဏ်၊သမာဓိဂုဏ်၊ပညာဂုဏ်တို့ကိုအာရုံ
ပြု၍ကုသိုလ်များဖြစ်ပွားစေပါမည်။သာသနာတော်စည်ပင်ဖွံ့ဖြိုးစေရုံမျှမကသာသနာတော်တော်တည်တံ့
ရေးကိုလည်းညဏ်စွမ်းရှိသမျှကြိုးစားကြပါမည်ဘုရားဟုကတိသစ္စာပြုကြလေသည်။ထို့နောက်ပုဂ္ဂိုလ်
(၁၂)ဦးပါဝင်သောစွယ်တော်မြတ်ထန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဖွဲ့ကာစွယ်တော်မြတ်နှင်းအပ်သည်ကို
လက်ခံကြလေသည်။

ဆက်လက်၍ဆုံးမသည်မှာ လူမျိုးမရွေး၊ဘာသာမရွေး၊ ပုဂ္ဂိုလ်မရွေးယုံကြည်သူတိုင်း ဘုရားရှင်၏
သရီရဓါတ်တော်မြတ်စွယ်တော်ထံတွင်သက်တော်ထင်ရှား မြတ်စွာဘုရား၏ ဂုဏ်တော်များကိုအာရုံပြု၍ မှန်ကန်သောသစ္စာစကားကိုဆိုလျှင် ကံအရာကိုချန်လှပ်ကာ သစ္စာဖြင့်ပြီမြောက်အောင်မြင်ကြလိမ့်မည်။ ဘုရားရှင်၏သီလ ၊ သမာဓိ ၊ ပညာ သာသနာတော်သုံးရပ်သည် လောကသားတို့၏ အကျိုးစီးပွာချမ်းသာကို အကြွင်းမဲ့ပေးစွမ်းနိုင်ကြောင်း ကျင်.ကြံလိုက်နာသူတိုင်း သိရှိကြရလိမ်.မည်။ အများကောင်းကျိုးအတွက်အနာခံသည်ဘက် ရပ်တည်သူသည် သံသရာမှလွတ်မြောက်ရခြင်းတွင် မြတ်နိုးသူဖြစ်၍ တစ်ကိုယ်ရေကောင်းကျိုးအတွက် အသာစံဘက်တွင်ရပ်တည်သူသည် သံသရာကျင်လည်ရခြင်းကို မြတ်နိုးသူဇြစ်သည် ဟုဆုံးမတော်မူပါသည်။

 
သာသနာ့ရန် တွန်းလှန်ဖယ်ရှား ၊ မင်းမြတ်တို.၏ဘုရား

ထို.နောက် ဆရာတော်အရှင်သူမြတ်သည် ပင့်ဆောင်ထားရှိသည်. ဗုဒ္ဓဆင်းတုတော်(၃)
ဆူအနက် ဗုဒ္ဓမြတ်စွယ်တော်နှင့်အတူပူဇော်ရန် ဗုဒ္ဓဆင်းတုတော်(၂)ဆူကို မြတ်စွယ်တော်ထိန်းသိမ်းစောင့်
ရှောက်ရေးအဖွဲ.ထံပေးအပ်ခဲ့သည်။



ပထမတစ်ဆူမှာသစ်ကနက်စစ် နတ်သစ်ရုပ်ပွားတော် အရှင်သူမြတ်ဇြစ်၍ ဘုရားဒကာမှာပုဂံပြည့်ရှင် မင်းမြတ်အနော်ရထာဖြစ်သည်။ အရည်းကြီးတို.အား ကိုးကွယ်စည်းကပ်နေသော မိစ္ဆာဒိဠိဘ၀မှ
ရှင်အရဟံမထေရ်မြတ်၏ အဆုံးအမကိုခံယူရသဖြင့် အသက်နှင့်စည်းစိမ်ကိုအပ်နှင်း၍ ရတနာသုံးပါအားကိုးကွယ်ဆည်းကပ်သူ ရတနာ့ဥပါသကာကြီးဖြစ်ပြီးနောက်နန်းဦးပြာဿဒ်ရှိဘုရား
ဆောင်တွင်အစဉ်အမြဲကိုးကွယ်ပူဇော်လာခဲ့သည့်ဘုရားဆင်းတုတော်ဖြစ်ပါသည်။

ဒုတိယပေးအပ်သော ဘုရားဆင်းတုတော်မှာ ကျေးဇူးရှင်ဆရာတော်ဘုရားကြီး
မန္တလေးမြို.တွင် သီတင်းသုံးစဉ်ကဆရာအစဉ်အဆက် ကိုးကွယ်လာခဲ့သောဇမ္ဗူ.ပတိနန်းစဉ်ဘုရားဖြစ်
သည်။ ထိုဗုဒ္ဓဆင်းတုတော်သည်ပဉ္စမသင်္ဂါယနာတင်မင်းတုန်းမင်းကြီးနှင့် မိဖုရားကြီးတို့နန်းတော်ဦး
ဘုရားကျောင်းတွင် ရိုသေလေးမြတ်စွာကိုးကွယ်ခဲ့သည့် နန်းစဉ် ဗုဒ္ဓဆင်းတုတော်ဖြစ်သည်။



ကျန်ရှိသောဗုဒ္ဒဆင်းတုတော်တစ်ဆူကိုမူ ပခုက္ကူသို့ပြန်ကြွချီခါနီးတွင် ရဟန်းဒကာ ဦးအောင်ဘု ဒေါ်ရွှေညိမ်း မိသားစုသို့ ကိုကွယ်ရန်ပေးအပ်ခဲ့သည်။

အတုလဗုဒ္ဓလက်ဝဲအောက်စွယ်တော်မြတ်နှင့်အတူ သစ်ကနက်စစ်နတ်သစ်ရုပ်ပွားတော်
အရှင်မြတ်နှင့် ဇမ္ဗူ.ပတိရုပ်ပွားတော်အရှင်မြတ်တို့သည်ကျုံမငေးမြို.အပိုင် ကွမ်းသီးချေုာင်းကြီးကျေးရွာ သူ
ကြီးမင်းဦးစိန်ဒိုင် ၊ သူကြီးကတော်ဒေါ်ကြည်ငြိမ်း ၊ သမီး ဒေါ်ရိုတီ(ခေါ်) ဒေါ်မြမြ ၊ သား ကိုထိန်ဝင်း (ယခု ဒုဗိုလ်မှူးကြီး) (ငြိမ်း) သမီး မခင်စန်းမြင့် မိသားစုမှ လှူဒါန်းသောဘုံခုနှစ်ဆင်.ပါ သစ်သားတန်ဆောင်းတော်ကြီးအတွင်း ကိန်းဝပ်တော်မူခဲ့ပါသည်။ သစ်သားတန်ဆောင်းတော်ကြီးယိုယွင်းလာသည့်အတွက် ယခုမြင်တွေ.နေရသည်. အုတ်တန်ဆောင်းတော်ကြီးကိုဆောက်လုပ်၍ အထက်တွင် စေတီအရံ (၄) ဆူ နှင်.တကွစေတီ(၅) ဆူတည်ထားကာ (၁၃၂၃) ခုတွင်ဂေါပကဥက္ကဋ္ဌ ဦးဘအေး (နတ်ထိပ်) ဦးစီး၍အများပြည်သူ ကြည်ညိုသဒ္ဓါပွားနိုင်ရန် ဖွင့်လှစ်ပူဇော်ခဲ့ပါသည်။

မိစ္ဆာရန်အောင် တန်ဆောင်းတော်ကြီးအတွင်း စန္ဒာမုနိဆင်းတုတော်ကြီး လက်ယာဘက်တွင်
သစ်ကနက်စစ်နတ်သစ် ရုပ်ပွားတော်အရှင်သူမြတ် လက်ဝဲဘက်တွင် အတုလဗုဒ္ဓ လက်ဝဲအောက်စွယ်တော်မြတ်နှင့် ဇမ္ဗူပတိရုပ်ပွားတော်အရှင်သူမြတ်တို့သည် ဂန္ဓကုဋိတိုက်များအတွင်း ကိန်းဝပ်စံပယ်တော်မူလျှက်ရှိပါသည်။



ဆရာတော်သည်(၂) နှစ်ခန့်ဆက်လက်စောင့်ရှောက်ပြီးနောက်မိမိသည်သက်တော်အားဖြင့်
(၈၀) ၊ ဇရာဒုလ္လဗ္ဗအရွယ်သို.ရောက်ရှိပေပြီ ၊ မြတ်စွယ်တော်သာသနာအတွက် ဆရာနှင့်ဒကာလည်းအခြကျပြီဟူ၍ ပခုက္ကူသို့ပြန်ကြွတော်မူခါနီးတွင် ရဟန်းဒကာမိသားစုအား အသားဆင်းတုတော်တစ်ဆူ မိမိ၏ ပုံတော်နှင့် နောင်သဲပုံတော်ရဆရာတော် ဦးကိတ္တိ၏ ပုံတော်အပြင်မိမိကိုင်ဆောင်ထားသောတောင်ဝှေးကိုပါ
“အောင်ဘုနှင့် ရွှေညိမ်းတို့ကိုးကွယ်ရစ်ကြ “ ဟုဆိုကာချီးမြှင့်တော်မူခဲ့သည်။

ထို့နောက် ဒကာ ဒကာမများ ၀တ်အသင်းသူ အသင်းသားများ မြတ်စွယ်တော်ထိန်းသိမ်း
စောင့်ရှောက်ရေးအဖွဲဝင်အားလုံးအားမှာကြားသည်မှာ” မိမိတို့နာယူသင်ကြားသိရှိထားသော သစ္စာတရားကိုဟုတ် မဟုတ် မှန် - မမှန် မိမိကိုယ်တိုင်သမ္မသနညာဏ်ဖြင့် ကိုယ်ကာယထဲမှာစူးစိုက်ဆင်ခြင်ပွားများ မှတ်သား
အားထုတ်လျှက် ရုပ်- နာမ် တို့၏ဖြစ်ပျက်မူ ဥဒယ၀ယဥာဏ်ကစ၍ ဥာဏ်စဉ်တွေတက်လျှက် မဂ်ဥာဏ်ဖြင့်
နိဗ္ဗာန်ကို ကိုယ်တိုင်တွေ့ရှိခံစားနိုင်အောင် ကြိုးစားကြကုန်လော့ “ဟုဆိုကာပခုက္ကူသို့ပြန်ကြွတော်မူသည် ။

ရဟန်းဒကာမိသားစုနှင့် ဒကာ ဒကာမများအားပြည့်စုံစွာချီးမြှင့်သွားသည်မှာကျုံမငေးသို့နောက်တစ်ခေါက်ပြန်မရောက်တော့သည်ကို သိလေသလားဟုပင်ထင်မှတ်ရပါတော့သည်။ကျေးဇူးတော်ရှင် ဆရာတော်ဘုရားနှင့ အတူ ကပ္ပိယ ဦးကို့ဟုန်ပါဝင်သော ဒကာ ၊ ဒကာမ
များသည်ပခုက္ကူသို့စောင့်ရှောက်ရန်လိုက်ပါသွားကြသည်။ ဆရာတော်ပခုက္ကူသို့ပြန်ကြွပြီး (၉) လခန့်အကြာတွင် နတ်ထိပ်မှ ရဟန်းဒကာကြီးဦးအောင်ဘုကွယ်လွန်ခဲ့သည်။

 
ပခုက္ကူသို့ ယာယီကြွမြန်း ကိန်းအောင်းမွေ့လျှော် မြတ်စွယ်တော်

 

ကျေးဇူးရှင်ဆရာတော်ဘုရားသည် ပခုက္ကူသို့ ရောက်ရှိပြီးနောက် (၃) နှစ်ခန့်အကြာတွင်ဘု
ရားရှင်သော်မှမလွန်ဆန်နိုင်သည့် ဇရာနှင့်ဗျာဓိတို့၏ နှိပ်စက်မူကို တရားဖြင့်တည်ငြိမ်စွာခံယူလျှက် အိမ်ရာ
ထက်တွင်သာသီတင်းသုံးတော်မူရလေသည်။ ထိုအချိန်အခါတွင် ဆရာတော်သည်မိမိ၏ သီလ ၊သစ္စာ အဓိဋ္ဌာန်တို့ဖြင့် ထိုက်ထိုက်တန်တန်ပူဇော်ခွင့်ရခဲ့သော အတုလဗုဒ္ဓ လက်ဝဲအောက်စွယ်တော်မြတ်အား အာရုံရည်မှန်းစိတ်ဦးတန်းလျှက်သစ္စာဒိဋ္ဌာန်တော်မူလေသည်။

“ဘုရားရှင် ၏ ဓါတ်တော်ရတနာများသည် (ဓါတု ရတနံ ၀တ္တုံ ကရိတွာ) ဆိုသောစကားဖြင့်
ဘုရားရှင်ကိုအာရုံပြုလုပ်စွဲမှီရာဖြစ်ပေသည်။ သို့ဖြစ်၍ (တထာဂတဿ ဥာဏရမ္မဏေန) ဆိုသောစကားဖြင့် ဗုဒ္ဓ၏ သရီရဓါတ်တော် မြတ်စွယ်တော်ကို တည်မှီရာထား၍ ဘုရားတပည့်တော်ဥတ္တမသည် ဘုရားရှင်၏ သဗ္ဗုညုတဥာဏ်တော်ကြီးကို အာရြုံပုပါသည်ဘုရား။ ဘုရားရှင်၏သိက္ခာသုံးစုံကိုနှလုံးသွင်းလျှက်
ဆယ်ဖြာလက်စုံ ၊ ယှက်ရုံကာမိုး ၊ မြတ်စွယ်တော်ကိုရှိခိုးလေသည်။ ထို့နောက် ရှေးရိုးအစဉ်လာ ဘုရားတကာတို့ကောင်းစွာဖြည့်ကျင့်တော်မူအပ်သော (၁၀)ပါးသောပါရမီတို့ကိုဝစီတွတ်တွတ် ၊ နူတ်ဖြင့်ရွတ်ပြီးလျှင် ထိုမချွတ်သောသစ္စာစကားကြောင့် ဘုရားမြတ်စွယ်တော်ရှင်သည် လက်ပေါ်တွင်တည်တော်မူပါလော့ ” ဟုမှန်ကန်သောသစ္စာကိုပြုလေ၏။



ဤသို့မှန်ကန်စွာ သစ္စာပြုသည်နှင့်တပြိုင်နက် ရောင်ခြည်တော်တို့သည် ဆယ်မျက်နှာအရပ်
သို့နှံစပ်ပြီးလျှင် လမင်းသောက်ရူး တိမ်ဦးမိုးလယ်ရွှန်းရွှန်းကယ်သို့ အံ့ဘွယ်သရဲ လွန်ထူးကဲသည့်ရောင်ခြည်
ဝန်းပတ်ထွန်းလင်းလတ်၍ကျေးဇူးရှင်ဆရာတော်ဘုရားကြီး၏လက်ဝါးပြင်ပေါ်ရှိသင်္ကန်းထက်သို့ဆင်းသက် တည်နေ ကိန်းဝပ်စံပယ်တော်မူလေသည်။

လွန်စွာအံ့ဘွယ် ဆန်းကျယ်တင့်မြန်း ရူမခန်းအောင် ဖြစ်ပေါ်လာသည် ကိုမျက်ဝါးထင်ထင်ဖူး
မြင်ကြရကုန်သော အနီးရှိဒကာများသည်ဦးခေါင်းညွှတ်ကျိုး ရှိခိုးပူဇော်ကြကုန်၏ ။ ဤ ဗုဒ္ဓမြတ်စွယ်တော် သည် ကျုံမငေးမြို့ ၌ ကိန်းဝပ်စံပျော်တော်မူသော သရီရဓါတ်တော်ဖြစ်သည် ဟု ဆရာတော်မှ မိန့်တော်မူလျှင်မိမိ တို့အားပူဇော်ခွင့်ပေးသနားပါရန် လျှောက်ထားတောင်းပန် ကြလေသည်။ ဒကာတို့ ကို ပေးအပ်လျှင် ကျုံမငေးမြို့ မှမြတ်စွယ်တော် ထိန်းသိမ်းစောက်ရှောက်ရေး အဖွဲ့ သော့ကိုင် လူကြီး များနှင့် ရပ်ရွှာသညအဓိ ကရုဏ်းဖြစ်ကြမည် ကတစ်ကြောင်း ၊ ဤ စွယ်တော်မြတ်ကို အမှီပြု၍ ဗုဒ္ဓ သာသနာတော် ကို စည်းလုံညီညွှတ်စွာ စောင့်ရှောက် စေလို သည်က တစ်ကြောင်း၊ စွယ်တော် မြတ်နှင့် ထိုက်တန် သည့် အရပ်ဒေသဟု
ယုံကြည်သည် ကတစ်ကြောင်း တို့ကြောင့် စွယ်တော်မြတ်အား ပေးအပ်ခဲ့ ပြီး ဖြစ်သည်၊ ဒကာ တို့ သည်းခံကြပေတော့ ဟုမိန့်တော်မူပြီးလျှင် သက်တော်ထင်ရှား ဘုရားရှင် ကိုယ်တော် ကြွတော် မူလာသည့် အလား မဟာအတုလ ၊သမ္ဗုဒ္ဓ မြတ် စွယ်တော် ဓါတ်ကို မတုန်မလှုပ် ကြည် ညိုတော်မူလေသည်။

ဒကာများလည်း အံ့ဖွယ်ဘနန်း ထူးဆန်းလှစွာ ရောင်ခြည်တော် တို့ဖြင့် တင့်တယ် သပ္ပါယ်တော်မူလျက်ရှိသော ဗုဒ္ဓ မြတ်စွယ်တော်အား ဖူးမြင်ရသည်ကို အိပ်မက် အလား ထင်မှတ်မှားကြသေည်။ မည်မျှကြာသွားသည် မသိ၊ထိုသို့ တအံ့တသြငေးမော ကြည်ညိုနေကြစဉ်မှာပင် မြတ်စွယ်တော် ဓါတ်သည် ရောင်ခြည်တော် ခြောက်သွယ် ကွန့် မြူးလျက် ကျုံမငေးမြို့ ဂန္ဓ ကုဋိ တိုက်တော်သို့ ပြန်လည်ကိန်းဝပ်တော် မူလေသည်။

ချီးကြူးမကုန် ဂုဏ်ပေါင်းစုံလျက် ဇရာဗျာဓိ နှစ်ချက်ညီလျင်နက်နဲဆန်းကြယ်စွာ တရားဟောစွမ်းနိုင်သောဂမ္ဘီရ စိတြဘာဏီ ဓမ္မကထိက ပုဂ္ဂိုလ်ကြီး
တစ်ဆူအဖြစ်လည်းကောင်း ဆည်းကပ်လာသော ဒကာ ဒကာမတို.အားမဂ် ဖိုလ် နိဗ္ဗာန်ချမ်းသာ အကျိုးစီး
ပွားနှင့်စပ်သည့်စကားတို.ကိုသာပြောလေ့ရှိသော အတ္တသံဟိတဘာဏီ ပုဂ္ဂိုလ်ကြီးတစ်ဆူအဖြစ်လည်းကောင်း၊သီလ စင်ကြယ်ခြင်း ၊ရောင့်ရဲခြင်း ၊ သည်းခံခြင်း စသည့် ၀ိနယ ဂရုကဂုဏ်၊ အပိစ္ဆာတာ ဂုဏ် ၊ သန္တုဋ္ဌိတာဂုဏ် ၊သလ္လေခတာ ဂုဏ်တို့ဖြင့် ချီးကြူးမကုန် ဂုဏ်တော်စုံသည့် ကျေးဇူးရှင် ဆရာတော်ဘုရားကြီး ဦးဥတ္တ မ သည် သက်တော် (၈၃) နှစ်၊ ၀ါတော် ( ၆၃) ၀ါ အရတွင် ဇရာ ဗျာဓိ နှစ်ချက် ညှိ သဖြင့် ဗုဒ္ဓ ၏ သရီရဓါတ်တော် မြတ်စွယ်တော် အားဖူးမြင် ပြီးနောက် (၅) ရက် တာမျှ အဟာရ တော်အသုံး အဆောင် ပျက်ကာ တပည့် ဒကာ
အပေါင်း တို့အား အပ္ပ မာဒ တရားလက်ကိုင် ထားကြရန် မှာကြားခဲ့ပြီး (၁၂၉၅) ခု ကဆုန်လဆန်း (၃) ရက် နံနက် (၆) နာရီ တွင် ခန္ဓာ့ ၀န်ချတော်မူပါသည်။

ပခုက္ကူ မှ အကြောင်း ကြားချက် အရ ကျုံမငေး မြို့ မှတပည့် ဒကာများ လိုက်ပါသွားခဲ့ကြ
သည်။ အဂ္ဂိဈာပန ပူဇော်ဆောင်ရွှက်ပြီးနောက် သီဟိုဠ်ရှင် ဘုရား အနီး ပုထိုး ကျောင်းတိုက် ၀န်း အတွင်း
ကျုံမငေးမြို့ ဦးဘစိန်+ဒေါ်မှုံလေး မိသားစုမှ အရိုးစေတီ တည်ထားပူဇော် ခဲ့ ကြသည်။


တမ်းတ၍ ကြည်ညိုပူဇော်၊ ကျေးဇူးရှင် ဆရာတော်

ကျေးဇူးရှင် ဆရာတော် ဘုရားကြီး နှင့် ကျောင်းသား ကပ္ပိယ အဖြစ်လိုက်ပါသွားသော ဦးကို့ဟုန် သည် ကျုံမငေး သို့ ပြန်ရောက်လာသည့် အခါ တန်ခူးလဆုပ် (၁၃)ရက်နေ့ နံနက် (၉)နာရီခန့် တွင် ပခုက္ကူရှိ ဆရာတော် ဘုရားကြီးထံ စွယ်တော်မြတ် ကြွလာသည်ကို မိမိ နှင့် ပခုက္ကူမှ ဒကာများဖူးတွေ့ရ
ကြောင်းကို သူငယ်ချင်း မိသားစုဖြစ်သော ဦးသန်းစိန်+ ဒေါ်ခင်တင့်၊ ဦးမဲညို +ဒေါ်ကျင်ဥ မိသားစု သို့ပြောပြခဲသည်၊၊


စွယ်တော် အ၀င်နတ်လမ်း
ကျေးဇူးရှင်ဆရာတော်ဘုရားကြီး အားကြည်ညိုရင်းစွဲရှိသော ထို မိသားစုများကပြောပြသည်
မှာထိုနေ့ ၊ ထိုရက်၊ ထို အချိန်အခါက ကျုံမငေး မြို့ ၌လည်း မြတ်စွယ်တော် ဂန္ဓ ကုဋီတိုက်တော်မှ လျှပ်စီး
အရောင်ကဲ့သို့ လည်းကောင်း၊ စိန်အရောင်လက်သကဲ့သို့ လည်းကောင်း၊ ထိန်ပြောင်ဝင်းလက်သောရောင်ခြည်တော်တို့ ကွန့်မြူးတော်မူရာ မိစ္ဆာရန်အောင် တန်ဆောင်းတော်ကြီး၏ အပြင် သို့လည်းကောင်း၊ အထက်
သို့လည်းကောင်းပြိုးပြက်ဖြူဝင်းသောအရောင်တော် များပေါ်ထွက်ခဲ့သည်။ ပတ်ဝန်းကျင်ရှိ ဈေးသွားဈေးလာနှင့် မြို့သူမြို့ သားဈေးသူ ဈေးသားများသည် တန်ဆောင်းတော်ကြီး အတွင်းရောက်ရှိ ဖူးမြှော်နေကြသူတို၏ကြေးစည် ထိုးစည် ထုခတ် ကြသည့် အသံများကြောင့် စုဝေးမိကြသည်။ 
မိစ္ဆာရန်အောင် တန်ဆောင်းတော်ကြီးအတွင်းနှင့် အပြင်တို့တွင် အုတ်အော်သောင်းတင်းဖြစ်ကြကြောင်း၊ များမကြားမီ ရောင်ခြည်တော်များ ထပ်မံကွန့်မြူးသည်မှာ စွယ်တော် မြတ်ပြန်ကြွလာတာဖြစ်မည်ထင်ကြောင်း ထို့ပြင်လည်းကျေးဇူးရှင် ဆရာတော်
ဘုရားကြီး ရေချိုးလေ့ရှိသော စဥ့်အိုးကြီးမှ ကဆုန်လဆန်း (၃)ရက်နေ့ နံနက်တွင် ရေများဆူဝေလျံကျသည်ကိုမြို့သူမြို့ သားများ၊ သံဃာတော်များတွေ့ရှိခဲ့ကြောင်း(ခြင်္သေ့မင်း ဆေးလိပ်ခုံပိုင်ရှင် ဒေါ်လှခင်၏မိခင် ကြီးအမေထူးပြောပြချက်) စသည့် အံ့ဘွယ်ထူးခြားဖြစ်ရပ်များကို ပြန်လည်ပြောပြကြလေသည်။၎င်းမိသားစုများနှင့်တကွ ဤ သတင်းကိုကြားသိရသူတိုင်းက ဆရာတော် ဘုရားကြီး၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် တို့ကို
သတိရအောက်မေ့ပူဇော်သည့်အနေဖြင့် စစ်မှန်သော သရီရဓါတ်တော် မြတ်စွယ်တော် ကိုအမှီပြုကာလူ၊နက်၊နိဗ္ဗာန် သုံးတန်သောချမ်းသာ ကိုရအောင် ကြိုးစားအားထုက်ကြမည်ဟု ခိုင်မာသော ဆုံးဖြတ်ချက်များဖြင့် လက်အုပ်ချီဦးခိုက်ကြည်ညိုကြလေသည်။


စွယ်တော်တိုက်မှ ဆရာတော် ရုပ်တု
ကျေးဇူးရှင်ဆရာတော်ဦးဥတ္တမ အရှင်မြတ်သည် နတ်ထိပ်ကျောင်းနှင့် ဈေးကျောင်းတို့ တွင်
တလှည့်စီ သီတင်းသုံးနေရာမှ (၁၂၉၀) ခုတွင် ဦးကောက်ရ ဦးဆောင်သော (၁၂) ဦးပါဝင်သည့် ဗုဒ္ဓမြတ်စွယ်တော်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ထံ စွယ်တော်မြတ်ကို အပ်နှံခဲသည်။(၁၂၉၂) ခုတွင်ဈေးကျောင်းတိုက်နှင့် ဗုဒ္ဓမြတ်စွယ်တော် ဝေယျဝစ္စ တို့ကို စီမံအုပ်ချုပ်ရန် ဆရာတော် ဦးသာသန အားလွဲအပ်တော်မူသည်။ (၁၃၂၁) ခုဝါဆိုလဆန်း (၇) ရက်တွင်ဆရာတော် ဦးသာသန မှဆရာတော် ဦးကုဏ္ဍလ နှင့် ဆရာတော်ဦးသုမန အားဈေးကျောင်းတိုက်နှင့် ဗုဒ္ဓမြတ်စွယ်တော်၏ ဝေယျဝစ္စတို့ ကို စီမံအုပ်ချုပ်ရန် လွှဲအပ်တော်မူပါသည်။ ဆရာတော် ဦးသုမန ဦးစွာပျံလွန်တော် မူသဖြင့် ဆရာတော် ဦးကုဏ္ဍလ မှ ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ခဲ့သည်။

ဆရာတော် ဦးကုဏ္ဍလသည် သက်တော် (၈၅) နှစ် သိက္ခာတော် (၆၅) ၀ါအရတွင် ဇရာဒုဗ္ဗလ အရွှယ်ရောက်ရှိလာသဖြင့်၁၃၅၀ ပြည့် ပထမ၀ါဆိုလဆန်း (၁၃) ရက်တွင် ဈေးကျောင်းတိုက်ဣစ္ဆိတာရုံကျောင်းဆရာတော် ဦးဝိစိတ္တအားဈေးကျောင်းတိုက် နှင့် တကွ မြတ်စွယ်တော် ဝေယျာဝစ္စ စီမံအုပ်ချုပ်ဆောင် ရွှက်ရန်လွှဲအပ်ခဲ့သည်။ ဆရာတော် ဦးဝိစိတ္တ မှာ သက်တော် (၇၈)နှစ်၊ သိက္ခာတော် (၅၇) ၀ါအရတွင် ဈေးကျောင်း ပရိယတ္တိစာသင်တိုက် နှင့် မြတ်စွယ်တော် ကိစ္စ စီမံဆောင်ရွှက်အုပ်ချုပ်ရန် ဆရာတော် ဦးပဏ္ဍိတ နှင့် စာချ ဆ၇ာတော် ဦး ပညာဇောတ တို့အားလွှဲအပ်ခဲ့ပါသည်။ ယခုအခါ ဆရာတော်ဘုရားကြီး ဦးဝိစိတ္တ နှင့် ဆရာတော် ဦးပဏ္ဍိတ
တို့သည် ကျန်းမားရေးအခြေအနေ အရ မြတ်စွယ်တော် နှင့်တိုက်တာကိစ္စရပ်များ ကိုလမ်းညွှန် သြ၀ါဒချီးမြှင့်တော်မူကြပြီး စာချဆရာတော် ဦးပညာဇောတ အား မြတ်စွယ်တော် နှင့် တိုက်တာကိစ္စရပ်များဆောင်ရွှက်ရန် လွှဲအပ်တော်မူပါသည်။ ယနေ့ ဈေးကျောင်း ပရိယတ္တိ စာသင်တိုက် အတွင်းရှိ ကျောင်းတိုက်များ၊ နတ်လမ်းကြီးများ၊ဘုရားတန်ဆောင်း အသစ်များ ၊ မုခ်ဦး ကြီးများ၊ သာသနာ့ ဗိမ္မာန် များ၊ ဓါတ်တော်တိုက်များအပြင် စွယ်တော်တန်ဆောင်းအတွင်း မျက်နှာကျက်များပြုပြင်ခြင်း၊ ပစ္စယံအလယ်စေတီတော်ကြီးအား လုံးတော်ပြည့်စတီးရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းများဆောင်ရွက်လျှက်ရှိရာ ရာနူန်းပြည့်ပြီးစီးလျှက်ရှိပါသည်။မြို့သူမြို့သား ၊ နယ်သူနယ်သားအဝေးရောက်ကျုံမငေးသားများ၏ သဒ္ဓါတရားနှင့် စီမံအုပ်ချုပ်သူသံဃာတော်များ၏ စွမ်းအာတို့ကိုတွေ့မြင်ကြည်နူးနိုင်ပါသည်။


လွန်စွာထူးမြတ် စွယ်တော်ဓါတ်၏ အံ့ဖွယ်ဖုံဖုံ တန်ခိုးတော်ဂုဏ်


 
ပထမဆုံးဂေါပက အဖွဲ့၏ အတွင်းရေးမှူးဦးဘချစ်၏ ပြောပြချက်အရ စွယ်တော်မြတ်အား ကျေးဇူးရှင်ဆရာတော်ဘုရာကြီးပေးစဉ်က လက်ဝါးနှစ်ဖက်ဖြန့်ကာခံယူခဲ့သည်။ မြတ်စွယ်တော်သည်ဖြူဖွေး
သန့်စင်နေပြီးပြိုးပြက်သော အရောင်တော်တို့က ၀င်းကနဲလက်ကနဲဖြစ်ကာ လက်ဝါးနှစ်ခုနှင့်ထိသည်ဟုပင်မထင်ကြောင်း အရောင်တော်များအမျိုးမျိုပြောင်းလဲနေသဖြင့် အံ့သြ၀မ်းမြောက်ကာ ပတ်ဝန်းကျင်ကိုပင်မေ့လျော့နေခဲ့ကြောင်းကို (၁၉၇၉)ခုနှစ်က ရန်ကုန်မြို့ ၊ (၂၉) လမ်းဓမ္မရုံအသင်းဥက္ကဌ အငြိမ်းစားကျောင်းဆရာကြီးဦးဘ
ချစ်မှ ပြောပြခဲ့ပါသည်။ ထို့နောက် ဒုတိယကမ္ဘာစစ်မီးကူးကာ ကျွဲညီနောင်ဟုခေါ်ဆိုသော ဗြိတိသျှစစ်တပ်မှ လေယဉ်နှစ်စင်းသည် စက်သေနတ်ဖြင့် ဧရာဝတီမြစ်ရိုးတစ်လျှေက် ပစ်လေ့ရှိ၏ ။ လှေ ၊ သမ္ဗာန် ၊ မော်တော် ၊တုံကင်းတို့ကိုမြင်မြင်သမျှ လက်မလွတ်တမ်းပစ်ခတ်သော်လည်း ကျုံမငေးမြစ်ရိုး ၊ ချောင်းရိုး တို့တွင်အထိအခိုက်အသေအပျောက် ထူးခြားသက်သာမှု့ရှိခဲ့သည်။
မြို့ကိုဗုံးကျဲသည့်အခါတွင်လည်း မြေပြင်သို့မကျရောက်ဘဲ ကောင်းကင်တွင်သာ ပေါက် ကွဲ ပျက်စီးပြီး အကယ်၍မပေါက်ကွဲကျလာခဲ့လျှင်လည်း ရွှံနွံထူထပ်သော မြစ်ကမ်းစပ်သိုသာကျရောက်လေ့ရှိပ
သည်။ (၁၉၇၅) ခုနှစ်ကတည်ဆောက်ခဲ့သော ယခင်ဈေးတိုက်ကြီး၏ ဘေး ကမ်းနားဈေးရှိညောင်ပင်အနီး ယခုဦးတူးပါ(ခေါ်) ဦးသန်းလွင်၏ ပရိဘောဂဆိုင်နေရာ တွင်ဗုံးဆံကျခဲ့သည်။ ရွှံပျော့ထဲကျသဖြင့်မပေါက်ကွဲခဲ့ပါ။ ထိုဗုံးဆံကို ဂျပန်များမှရေထဲသို့ဆွဲချခဲ့ပါသည်။ ဂျပန်ခေတ်တစ်လျှောက် ပုလိပ်ရောဂါ ၊ ၀မ်းရောဂါများ နေရာအနှံ့ ဖြစ်ပွားနေချိန်တွင် ဘေးဥပါဒ်အန္တရယ်ကင်းရှင်းစေခြင်းအလို့ငှာ သစ်ကနက်စစ် နတ်သစ်ရုပ်ပွားတော်အရှင်သူမြတ်အား ပင့်ဆောင်၍မြို့အတွင်း ရှိရပ်ကွက်အသီးသီးသို့ ဒေသာစာရီကြွချီ တော်မူခဲ့သည်။ ဘုရားပွဲတော်ချိန်မဟုတ်သဖြင့်စွယ်တော်မြတ်ကြွချီတော်မူုနိုင်ခြင်းမရှိခဲ့ပါ။ ဗုဒ္ဗမြတ်စွယ်တော်နှင့်သစ်ကနက် သစ်ရုပ်ပွားတော်အရှင်မြတ်တို့၏တန်ခိုးဂုဏ်ကြောင့်ရောဂန္တရကပ်ဆိုးကြီးမှလွတ်မြောက်ခဲ့ရုံသာမကအဓိကရုဏ်ကြီးများ သူပုန်တို့ကြီးစီုးနှိပ်စက်မူများ ဖြစ်ပေါ်ခဲ့ခြင်းမရှိပါ။ ရောင်ခြည်လွတ်နေသော မြတ်စွယ်တော်အား ၀င်းသီရိဓါတ်ပုံတိုက်မှ အနီးကပ်ရိုက်ကူးရာ ၎င်းဓါတ်ပုံတွင် ဘုရားဖူးနေသော နတ်ဝတ်တန်ဆာနှင့် နတ်သား နတ်သမီးပုံများထင်ရှားစွာပေါ်နေသည်ကို တွေ့ရှိကြရသည်။

(၁၉၉၆) ခုမတ်လ ဘုရားလှည့်ပွဲတွင် ဘုရားပေါင်းချောင်းအတွင်း ဘုရားအားမတွေ့မြင်ရ
လောက်အောင် ညိုမောင်းသောရောင်ခြည်များဖြစ်ပေါ်ခဲ့သည်။ (၁၉၉၆) ဧပြီလတွင် မြတ်စွယ်တော်တိုက်အနီးရှိ မြို့မရပ်ကွက် ၊ ဈေးရပ်ကွက် သီရီဟေမာရပ်ကွက်တို့မီးသင့်လောင်ကျွမ်းခဲ့သည်။ မိစ္ဆာရန်အောင် တန်ဆောင်းနတ်လမ်း­­နှင့်စွယ်တော်ဇာတ်စင်တို့သည် မီးလောင်ရာအိမ်ကြီးများနှင့် အလွန်နီးကပ်လျှက်ရှိသော်လည်း မှိုင်းငွေမျှမကပ်သည်ကို မြို့ရောနယ်ပါအံ့မဆုံးရှိကြသည်။ ဒီဇယ်ပေပါတစ်လုံး ကောင်းကင်သို့ တက်၍ မိစ္ဆာရန်အောင် တန်ဆောင်ကြီးအမိုးပေါ်သို့ကျလာရာ တစ်စုံတစ်ယာသောအင်အားတစ်ခုမှ တွန်းကန်ဖယ်ရှားလိုက်ဘိသကဲ့သို့ဈေးချောင်းအတွင်းပြုကျကာမည်သူမျှအန္တရယ်မဖြစ် အသေအပျောက်မရှိဖြစ်ရသည်မှာလည်းအလွန်အံ့သြစရာတစ်ခုဖြစ်ခဲ့သည်။မိစ္ဆာရန်အောင်တန်ဆောင်းကြီးနတ်လမ်းအတွင်းမီးများအလုံးလိုက်ဝင်သွားပြီး အလုံးလိုက်ပြန်ထွက်လာသည်ကိုလည်း ပြောမဆုံးဖြစ်ခဲ့ရသည်။ ဘာသာခြားတစ်ဦးမှ မြတ်စွယ်တော်ဘုရားကယ်ပါဟု မိမိအိမ် အနီးမီးရောက်ချိန်တွင် စွယ်တော်ဘုရားကိုအားကိုးမိလေသည်။ ထိုအိမ်မီးထဲပါမသွားခဲ့ချေ။

မြတ်စွယ်တော်အရောင်သည် တစ်နေ့တစ်မျိုး တစ်ခါတစ်ရံတစ်နေ့တည်း သုံးလေးမျိုးပြောင်း
တက်ပါသည်။ မြတ်စွယ်တော်တစ်ဆူလုံး ပုလဲရောင်ကဲ့သို့ဖွေးဖွေးဖြူခြင်း၊ မြတ်စွယ်တော်၏ အလျားလိုက် ထက်ဝက်အပေါ်ဘက်အပိုင်းသည် မှန်သားကဲ့သို့ ကြည်လင်နေပြီး အောက်ဘက်ပိုင်းသည် နောက်နေခြင်း ၊ တစ်ခါတစ်ရံရွှေရောင်သန်းနေခြင်း ၊ မီးချောင်းလင်းသကဲ့သို့ဖြူနုသန့်စင်နေသော စွယ်တော်မြတ်အပေါ်တွင် နက်မှောင်နေသည့်အစက်အပြောက်များ တစ်ဆူလုံးတွင်ငုပ်ချည်ပေါ်ချည်ဖြင့် ပိုးကောင်အနက်များတက်နေသကဲသို့ဖူးတွေ့ရတက်ခြင်း ၊ စွယ်တော်မြတ်ပေါင်းချောင်းအတွင်း ရေမှုံ ၊ ရေမွှားများ ဖြစ်ပေါ်လာကာ ပေါင်းချောင်အရှေ့မျက်နှာတွင် စုဝေးကြပြီး ရေသီးရေစက် များမှ စွယ်တော်မြတ်ပုံသဏ္ဍာန်အတိုင်း လုံးလုံးဝန်းဝန်းတိတိရိရိဖြစ်ပေါ်လာခြင်းစသည်ဖြင့် အစဉ်အဆက် အမျိုးမျိုးဖူးတွေ့ခဲ့ကြရသည်။

အထက်တွင်ဖော်ပြခဲ့သည်အတိုင်း အံ့ဖွယ်အဖုံဖုံ အကြောင်းအရာစုံတို့သည် သူတစ်ပါးတို၏ လက်နက်နှင့်ဆုံးပျက်တော်မမူ၊ သယမ္ဘူထိပ်နင်း ၊ တရားမင်း၏ ၊ ကိုယ်တွင်းတော်ဓါတ် စွယ်တော်မြတ်၏ တန်ခိုးတေဇော်အာနုဘော်ကြောင့်ဟု မြို့သူမြို့သား ၊ နယ်သူ နယ်သားများနှင့် ဘာသားခြားများကပါ ယုံကြည်ကြလေသည်။


စွယ်တော် မုခ်ဦး
မြတ်စွယ်တော်ဘုရားပွဲတော်ကိုနှစ်စဉ် တပေါင်းလ္ဆန်း (၁၂) ရက်နေ့မှ တပေါင်းလပြည်ကျော် (၄)ရက်နေ့အထိ(၈)ရက်တိုင်တိုင် ဧရာဝတီတိုင်းဒေသကြီး ၀ါးခယ်မမြို့နယ် ကျုံမငေးမြို့ တွင်ကျင်းပ ပူဇော်လျှက်ရှိပါသည်။ သို့ပါ၍ ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို့အား လာရောက်ဖူးမျှော်နိုင်ကျပါစေရန် နိဗ္ဗာန်အကျိုးမျှော်၍ တင်ပြအပ်ပါသည်။ ယ္ခုတင်ပြသောပူဇော်သော မြတ်စွယ်တော် သမိုင်းကို အတုလဗုဒ္ဓမဟာစွယ်တော်မြတ်သမိုင်းမှ ကူးယူထုတ်နုတ်တင်ပြခြင်းဖြစ်ပါသ်။

Post by ကျုံမငေးမြို့ မဟာအတုလ ဗုဒ္ဓစွယ်တော်မြတ် @ Facebook
အချက်အလက် အားလုံးနှင်. ဓါတ်ပုံအချို.ကို ကျုံမငေးမြို. မဟာအတုလ ဗုဒ္ဓစွယ်တော်မြတ် @ Facebook မှ ယူငင် ဖော်ပြပါသည်
 

Sunday, March 24, 2013

မော်တင်စွန်း ဘုရားသမိုင်းနှင်. ဘုရားပွဲ

မော်တင်စွန်း သည် ပုသိမ်မြို့ ရှိလူအများ၏ စိတ်ဘဝင်ကို ညှို့ယူ ဆွဲဆောင်နိုင်သော နေရာများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ကမ္ဘာ လှည့်ခရီးသည်များ လှည့်လည်နေကျဖြစ်သော မော်တင်စွန်းဘုရားသို့ သွားရောက် လည်ပတ်ခဲ့ခြင်းမရှိလျှင် သင်၏ခရီးသွားလည်ပတ်ခြင်း သည် မပြီးပြည့်စုံဘဲရှိ နေလိမ့်မည်။ ဘုရားကျောင်းများ၏ ဗိသုကာပ ညာရပ်ကို စိတ်ဝင်စားမှု ကြီးစွာရှိလျှင် သင်သည် မော်တင်စွန်းဘုရား သို့ သွားရောက်လည် ပတ်ခြင်းမရှိဘဲ နေနိုင်မည် မဟုတ်ပေ။ တရုတ် ဂျပန် ကိုရီးယား ဗီယက်နမ် နှင့် အာရှတိုက် အတွင်းရှိ အခြားနေရာ ဒေသများ အတွင်းရှိစေတီပုထိုး များကဲ့သို့ပင် ပုသိမ်မြို့၏ တောင်ဘက်စွန်းရှိ မော်တင်စွန်း ဘုရားသည်လည်း ကမ္ဘာလှည့်ခရီးသည်များကို စွဲဆောင်မှုရှိသော နေရာများအနက် ထင်ရှားသော နေရာတခုအဖြစ် နေရာယူလျက်ရှိသည်။ 
 ဘုရားပွဲတော်ကိုလည်း ထူးခြားထည်ဝါစွာ ကျင်းပလျက်ရှိသည်။ ပုသိမ်ခရိုင်အတွင်း မော်တင်စွန်းဘုရား တည်ရှိ နေခြင်းသည်ပင်လျှင် ပုသိမ်မြို့အတွက် ဂုဏ်ယူဝံ့ကြွားစရာပင် ဖြစ်ပါသည်။ ဘုရားပွဲ သို့သွားရောက် ဖူးမြော် ခြင်းဖြင့် ပုသိမ်မြစ်၏ ကပ္ပလီပင်လယ်အတွင်း ပေါင်းစည်းစီးဝင်သွားပုံ ထိုမှတဆင့်မော်တင်စွန်း အငူကိုလည်း ထင်ရှားစွာတွေ့ မြင်နိုင်ပါသည်။
 မြန်မာပြက္ခဒိန်အရ တပေါင်းလတွင် ဘုရားပွဲတော်ကို စည်းကားသိုက်မြိုက်စွာကျင်းပပြီး အင်္ဂလိပ် ပြက္ခဒိန်အရ ဖေဖေါ်ဝါရီလနှင့် မတ်လအတွင်း၌ ဖြစ်ပါသည်။ ပင်လယ်ကမ်းစပ်ရှိ အငူဘေး၌ဘုရားတည်ရှိ နေခြင်း သည်ပင်လျင် ကမ္ဘာလှည့်ခရီးသည်များကိုအထူးဆွဲဆောင်နေသည်ဟု ယူဆမိသည်။
စိတ်ဝင်စားစရာ အကောင်းဆုံး အချက်မှာ ဘုရားကျင်းပသည့် အချိန်မှတပါး တနှစ်ပတ်လုံး ရေဝပ်နေ ခြင်းဖြစ်သည်။ ပွဲတော်အချိန် တွင်ပင်လယ်ရေသည် ဘုရားရင်ပြင်တော်မှ ကောင်းစွာလွတ်ကင်း သောနေရာသို့ ရောက်ရှိနေသည်။ ပွဲတော်အတွင်း ဘုရားပတ်ပတ် လည်တွင် ခုံတိုခုံရှည်မျိုးစုံကို ခင်းကျင်းထားပြီး ထိုခုံတိုခုံရှည်များပေါ် တွင် ဘုရားဖူးများမှ ပစ္စည်းမျိုးစုံ ပူဇော်ဆည်းကပ်ကြသည်။ ဘုရားတွင်ပူဇော်ထားသော ဒေသထွက် ပစ္စည်းမျိုးစုံ၊ ပင်လယ်စာမျိုးစုံ၊ အရောင်အသွေးစုံလင်ပြီး စွဲဆောင်မှုရှိသော ပန်းမျိုးစုံ တို့ကို တွေ့မြင်ခံစား ကြရမည် ဖြစ်ပါသည်။

    ပွဲတော်အချိန်တွင်း ဘုရားဖူးများ တည်းခိုရန် ဝါးဖြင့်သည်ဆောက်ထားသော တည်းခိုအိမ်လေးများ တည်ဆောက် လေ့ရှိသည်။ ဘုရားပွဲပြီးလျင်ပြီးခြင်း ကမ်းခြေသို့ ပင်လယ် ရေအနည်းငယ် တက်လေ့ရှိသည်။ ထို့ကြောင့် မော်တင်စွန်း ဘုရားသည် ပင်လယ်ထဲတွင် ရှိသယောင် ထင်ရသည်။ ထို့ပြင် မော်တင်စွန်းဘုရားမှ မြန်မာနိုင်ငံအတွင်းရှိ လူသိများ ထင်ရှားသောကမ်းခြေ များဖြစ်သည့် ချောင်းသာ နှင့် ငွေဆောင်ကမ်းခြေ များသို့ အချိန် (၃) နာရီခန့်ပေးရုံမျှဖြင့် တည် ငြိမ်အေးချမ်းစွာ ဆက်လက် ခရီးနှင်နိုင်ပါသည်။ 


 မော်တင်စွန်းဘုရားသည် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတော မြို့နယ်၊ မော်တင်စွန်းတွင် တည်ရှိသည်။ မော်တင်စွန်းကို တစ်နည်း အားဖြင့် နဂါးရစ်တောင်၊ သရဏတောင် (သို့မဟုတ်) နီရဘန်တောင် ဟုခေါ်ဆိုကြသည်။ 
ဆံတော် ရှင် စေတီတော်မှာ မြတ်စွာဘုရား ပွင့်တော် မူစဉ်က ဥက္ကလာပ တိုင်းသားများ ဖြစ်ကြသော တဖုဿနှင့် ဘလ္လိက ကုန်သည် ညီနောင်တို့သည် မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ်တွင် မြတ်စွာ ဘုရားရှင် ထံတော်မှ ပထမဦးစွာ ဆံတော်ရှစ်ဆူ ပင့်ဆောင် ပူဇော်ခွင့် ရရှိခဲ့ကြ သည်။ ကုန်သည် ညီနောင်တို့လည်း ရေလမ်းခရီးဖြင့် မြန်မာနိုင်ငံ တော်သို့ ပြန်ခဲ့ကြရာ ဇေယျသေန နဂါးမင်း ပိုင်စိုး သော နဂရအငူသို့ ဖြတ်သန်း ခဲ့ရာတွင် ဇေယျသေန နဂါးမင်းက ဆံတော်နှစ်ဆူ ပင့်ဆောင် ယူတော်မူပြီး မော်တင် တောင်ထိပ်၌ ဌာပနာ တင်သွင်း၍ စိုင်တမော.အရွယ်ရှိ စေတီတစ်ဆူ ပူဇော်ထားခဲ့သည်။
 ယခင်ကဘွဲ့နာမအားဖြင့် “မဟာမကုဋရံသီ” ဟုတွင်ခဲ့ပါသည်။ တတိယသံဃာယနာတင် သီရိဓမ္မာသောကမင်း ကြီးက ပြန်လည်ပြုပြင်ခဲ့ပါသည်။ သာသနာတော် သက္ကရာဇ် ၂၃၆ တွင် အရှင်မဟာမောဂလ္လိ တိသဿ မထေရ် နှင်. အရှင်ဥတ္တရ မထေရ်မြတ်တို.၏ တန်ခိုးတော် နှင်. မင်းကြီးနှင်.တကွ မိဘုရား..မောင်းမမိဿံ အခြွေအရံတို.ကြွရောက်ပြီး မွမ်းမံခဲ့ကြသည် ။ထို့နောက်သက္ကရာဇ် (၄၅၇) ခုနှစ်တွင် ပုဂံပြည့်ရှင်  အလောင်းစည်သူ မင်းကြီးသည် ပင်လယ်ရပ်ခြား တိုင်းနိုင်ငံများသို့ ရေလမ်း ခရီးဖြင့် လှည့်လည်ရာတွင် မော်တင် တောင်ထိပ်၌ ရှိသော ဆံတော်ရှင် စေတီမှ ရောင်တော် ကွန့်မြူးသည်ကို အံ့သြဖွယ် မြင်တွေ့ ခဲ့ရသဖြင့် ဖောင်တော်ဆိုက်၍ ဆံတော် ရှင် စေတီတော်ကို တက်ရောက် ဖူးမြော်ခဲ့သည်။ ထိုစေ တီတော်ကို လည်းငုံ၍ အမြင့်သံတောင် ၄ဝ ရှိ စေတီကြီး အဖြစ် ပြုပြင်တော် မူခဲ့သည်။ “ဖောင်တော်ဦး”ဘုရားဟု ဘွဲ့တော်ကို တွင်စေခဲ့ပြန်ပါသည်။စတင်တည်ထားသည်မှ ယခုထိ ဆိုလျှင် နှစ်ပေါင်း ၁၂၇၁ နှစ်ရှိပြီဟု သိရပါသည် ။
ဖောင်တော်ဆိုက် စေတီကို ဖောင်တော်ဦး စေတီအဖြစ် ပြုပြင်တော် မူခဲ့ပြီး တပေါင်းလပြည့် နေ့တွင် ဗုဒ္ဓပူဇနိယ ပွဲတော်ပြုလုပ် ခဲ့သည်။ ထိုအစဉ် အလာမှ အစပြု၍ ယနေ့ထိတိုင် တပေါင်းလတွင် ဆံတော်ရှင် စေတီတော် ဗုဒ္ဓပူဇနိယ ပွဲတော် ကျင်းပခဲ့ခြင်း ဖြစ် သည်။ ပွဲတော်ရက်တွင် ထူးခြားသည်မှာ ဘုရားဖူး အချို့က ပင်လယ်တွင် ရှိသော နတ်နဂါးတို့အား အစာကျွေးကြပြီး မိမိတို့ အလိုရှိရာ ဆုများ တောင်းကြသည်။ အချို့က ကျောက်ဆောင် ကျောက်တန်းများတွင် အပန်းဖြေ ကြသည်။ ကမ်းစပ်ဆီသို့ ပြေးလွှား ရိုက်ခတ် နေသော လှိုင်းလုံးကြီးများကို စီးခို ဆော့ကစား ကြသည်။ ဘေးဥပါဒ် အန္တရာယ်မရှိ၊ နတ်နဂါး တို့က စောင့်ရှောက် ကြသည်ဟု အဆိုရှိ၏။
 
 ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့  က မော်တင်စွန်း ဘုရားနှင့် အတန်ငယ်ဝေးကွာသော မြွေတောင်
ဘုရားတွင် ရောင်ခြည်လွှတ်၍ နဂါးမင်းလာရောက်ဖူးမြော်သည် ဟူ သည့် သတင်းကြောင့် လူများ
စိတ်ဝင်စားခဲ့သည်။
ပုသိမ် တက္ကသိုလ် မှ ကျောင်းသားတစ်ဦးက မူ ဘုရားပွဲတော်ရောက်ရင် ဒီလို ထူးခြားမှု လေးတွေရှိတာနှစ်တိုင်းပဲ
ဒီနှစ် ဘုရားပွဲ အချိန်မှာ ပင်လယ်ရေစီးကြောင်းပြောင်းတာနဲ့ 
ရာသီဥတု ကြောင့် ပင်လယ် သတ္တ၀ါတွေ ဒီမော်တင်ဆိပ်ဘက် လာကြတော့ လူတွေက
တအံတသြဖြစ်နေတာ ပါဟု ပြောသည်။
ထိုစသ်က ပွဲတော် လာ တစ်ဦးဖြစ်သော ၇၄ နှစ် အရွယ်ရှိ မော်တင်စွန်း အနီး ခမောက်မော်မှ အဘွားတစ်ဦးကမူ အဘွား
တို့ ငယ်ငယ်က ဆို ၀ိဇ္ဇာတွေ ၊နဂါး ၊ဂလုန် တွေ ပါ လာဖူးတယ် ဒီနေရာကဇေယျသေန နဂါးမင်း
ရဲ့ အစောင့်အရှောက် အောက်မှာ ရှိတဲ့ နေရာပဲ ဟု ဆိုသည်။
 ထိုနှစ်ဘုရားပွဲတစ်ရက်တွင် ရှားပါးငှက် အချို့ နှင့် ကျက်တူရွေး၊ကျီးကန်းစသည့် ငှက်အချို့ မှာ စေတီအနီး
အုပ်ဖွဲ့ ပျံသန်းပြီးနောက် ပျောက်ကွယ်သွားသည် ဟု ဘုရားဖူးများက ပြောကြသည်။
ဘုရားပွဲတော်ကို နှစ်စဉ်တပေါင်းလတွင်ကျင်းပပြီး လဆန်း (၁)ရက် နေ့မှ (၁၅)ရက်ထိ ကြာမြင့်သည်။ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးများ သည် သင်္ဘောများ၊ ကားများဖြင့်လာရောက် ကြည်ညိုကြပါသည်။ စိတ်ဝင်စားစရာ အကောင်းဆုံးအချက်မှာ ဘုရားပွဲကျင်းပသည့် အချိန်မှ တပါးတနှစ်ပတ်လုံး ရေဝပ်နေခြင်းဖြစ်သည်။
ပွဲတော်အချိန်တွင် ပင်လယ်ရေသည် ဘုရားရင်ပြင်တော်မှ ကောင်းစွာလွတ်ကင်းသော နေရာသို့ရောက် ရှိနေသည်။

 ယခုနှစ်ပွဲတော်ကို ၂၀၁၃ မတ်လ ၁၂ ရက် မှ မတ်လ ၂၆ ရက်ထိ ကျင်းပမည်ဖြစ်သည်။ ယခုနှစ် ပွဲတော်ရက်အတွင်း  တောင်ပေါ်၌ ဇာတ်ပွဲ ၊ရုပ်ရှင် နှင်.ဆိုင်ခန်းပေါင်း ၈၀၀ ကျော်နေရာချပေးထားသည်ဟုသိရသည် ။
အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးများ ချမ်းမြေ့ သာယာစွာ ကောင်းမှုကုသိုလ် ပြုလုပ်နိုင်ရန် ပုသိမ် ဆိပ်ကမ်းမှနေ.စဉ် ရွှေစင်ကြယ် ၁၊ရွှေစင်ကြယ် ၂၊ပိုလှိုင်ကြီး၊ကမ်းရိုးတန်းအမြန် ၊ပုသိမ်သူ ၊ဝေလမင်း   ရှပ်ပြေးအမြန်ရေယာဉ် များဖြင့် လည်းကောင်း၊ ပုသိမ်-သလပ်ခွာ-မော်တင်စွန်းလမ်းအတိုင်း  ကားများဖြင်.လည်းကောင်း မြတ်မော်တင် တောင်ခြေ အရောက်ပို့ဆောင် ပေး လေ.ရှိသည်။ ပွဲတော်ရက်များတွင် ပျော်ပွဲ ရွှင်ပွဲများ၊ ပင်လယ်ထွက်ကုန် ဈေးတန်းများ၊ ကျန်းမာရေး ဆေးခန်းများ၊ နားနေ ဆောင်တည်း ခိုဆောင်များ၊ လုံခြုံရေးစခန်း ပြည့်စုံစွာ စီမံ ထား ကြပါသည် ဟုသိရပါသည် ။
ယခုနှစ်ဘုရားပွဲတော်ရက်ဖြစ်သော တပေါင်းလဆန်း ၃ရက် (၂၀၁၃-မတ်လ-၁၄) ညနေ ၆နာရီတွင် ဌာနဆိုင်ရာ ၀န်ထမ်းတစ်ဦးအမှတ်မထင် ရိုက်ခဲ့သော ဒီဂျစ်တယ် ကင်မရာ တစ်လုံးတွင် ဘုရားလာရောက်ဖူးသော နဂါးအုပ်စု တစ်စု ၏ ပုံများပေါ်လာသည်ကို ထူးဆန်းစွာတွေ.ရသဖြင်. ပွဲတော်ကျင်းပရေး ကော်မတီက နာယကဖြစ်သော တိုင်းဒေသကြီး ၀န်ကြီးချုပ်ထံ ပေးပို.ထားသည်ဟုလည်းသိရပါသည်
Source ; Ayeyarwaddy Travel , http://patheinculture.blogspot.com ,
Freedom News Group ,23-မတ်-2013 မြန်မာ.အလင်းသတင်းစာ ပါ ခရမ်းစိုးမြင်. ဆောင်းပါးနှင်.
PatheinCity News | မြို့တော်ပုသိမ်သတင်းစဉ် , 

Wednesday, March 13, 2013

မန်းရွှေစက်တော် ဘုရားပွဲ

၁၀၈ ကွက် စက်လက္ခဏာနှင့် ပြည်စုံသော မြတ်ဗုဒ္ဓ၏ ခြေတော်ရာ အစစ်ဖြစ်သောကြောင့် စက်တော်ရာ ဘုရားဟုခေါ်တွင်ပြီး၊ မန်းချောင်းအနီးတွင် တည်ရှိသဖြင့် မန်းစက်တော်ရာ ဘုရားဟုခေါ်ပါသည်။ တနည်းအားဖြင့် မန်းရွှေစက်တော်ရာ ဘုရား ဟုခေါ်ကြပါသည်။


  ဗုဒ္ဓဘုရားရှင်သည် စန္နကူးနံ့သာ ကျောင်းတော်ရာ သို့ သီတင်းသုံးရန်ကြွချီလာပါသည်။ မင်းဘူး စက္ကိန်းတဲဘုရားနေရာတွင် ကျိန်းစက်တော်မူ ခဲ့သောကြောင့် ထိုနေရာတွင် စက္ကိန်းတဲစေတီကို တည်ထားကိုးကွယ်ကြပါသည်။ ဘုရားရှင် ကျိန်းစက်တော်မူခဲ့သော မြသား သလွန်တော်ကို မကွေးဘက်မှ ဘီလူးညီနောက် လာရောက် တောင်းပန်ယူဆောင်ပီး မြသလွန်ကို ဌာပနာ၍ မကွေး ဘက်ကမ်းတွင် မြသလွန်စေတီတော်ကို တည်ထား ကိုးကွယ်ပါသည်။ အပြန်လမ်းတွင် မုဆိုးနှင့် နဂါးတို့တောင်းပန်သောကြောင့် အထက်စက်တော်ရာ နှင့် အောက်စက်တော်ရာ ခြေတော်ရာများကို ချထားတော် မူခဲ့ပါသည်။


မန်းစက်တော်ရာ ခြေတော်ရာများသည် ဘုရားရှင်ကိုယ်တော်တိုင် ချထားသော ခြေတော်ရာများဖြစ်သဖြင့် သွားရောက်ဖူးမျှော်သင့် သလိုပျော်ရွှင်စရာ ကောင်းသော အညာဒေသ၏ စိမ့်စမ်းရေ မန်းချောင်းတွင် ရေချိုးရသော အရသာကိုလည်း ခံစားကြည့်သင့်ပါသည်။ ဘုရားလည်းဖူးရ၊ ပျော်ရွှင်စွာရေလည်းကစားရ ရေချိုးလည်းရ၊ ဘေးမဲ့တောတွင်လည်း လှည့်လည်ကြည့်ရှု့၍ သဘာဝတော အရသာကို ခံစားနိုင်မည်ဖြစ်ပါသည်။

ရွှေစက်တော် ဘုရားပွဲတော်ကို နှစ်စဉ် တပို့တွဲ လဆန်း (၅)ရက်မှ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အထိ ကျင်းပသည်။ မန်းစက်တော် ဘုရား၏ သာသနာ့နယ်မြေ နယ်နိမိတ်မှာ ၄၄၄ ဒသမ ၂၄ ဧက ရှိသည်။ ဘုရားပွဲတော် ကျင်းပသည့် အကျယ် အဝန်းမှာ ဧက(၆ဝ)ရှိသည်။ အနယ်နယ် အရပ်ရပ်မှ လာကြသော ဘုရားဖူးများ တည်းခိုရန် တည်းခိုရိပ် သာပေါင်း(၅ဝဝ)ခန်းနှင့် ဆိုင်ခန်းပေါင်း (၇ဝဝ)ကျော်ရှိသည်။ တစ်ည တည်းခိုခနှုန်းမှာ ရိုးရိုးအခန်း (၁ဝဝဝဝ) ကျပ်၊ (၁၅ဝဝဝ)ကျပ် အထိ ပေးရသည်။ မိသားစုလိုက်၊ အဖွဲ့လိုက် တည်းခို၍ရသည်။

အထက် စက်တော်ရာနှင့် အောက် စက်တော်ရာကြား စီးဆင်းနေသော မန်းချောင်းကို ဖြတ်၍ ဆောက်ထား သော အထူး တံတားသည် ရွှေစက်တော်တွင် အကြီးဆုံးဖြစ်ပြီး ကားများ ဖြတ်ကူးနိုင်သည်။ အထက် စက် တော်ရာသို့ တက်သော တောင်တက် လမ်းမှာ နှစ်လမ်းရှိ၏။ ပထမလမ်း သည် အထူးတံတားမှဖြတ်သွားရ သည်။ ထိုလမ်းတွင် ကားလမ်းနှင့် ခြေလျင်တက်ရသော လှေကားထစ် လည်းရှိသည်။ နောက်တစ်လမ်းမှာ စက်တော်ရာ တောင်ခြေ မှ တောလမ်း ကလေး အတိုင်း သွားရ၏။ ရွှေစက်တော်ဘုရားသည် တည်နေရာ အနေအထား အရ အောက်စက်တော်ရာ သည် မန်းချောင်း၏ အနောက်ဘက်၌ တည်ရှိသည်။


အထက်စက်တော်ရာ သည် မန်းချောင်း၏အရှေ့ ဘက်၌တည်ရှိ၏ ပင်လယ်ရေမျက် နှာပြင်အထက် အမြင့်ပေ-၂ဝဝဝ၊ အထက်တွင်တည်ရှိသည်။ အောက် စက်တော်ရာဘုရားမှ မန်းချောင်းကို ဖြတ်၍ အရှေ့ဘက်ရှိ အထက်စက်တော်ရာ ဘုရားကို ဖူးမြော်နိုင်သည်။ အရှေ့ဘက်ကမ်း အထက်စက်တော် ရာအထိ စောင်းတန်းငါးသွယ် ရှိသည်။ အထက် စက်တော်ရာအထိ လှေကားထစ် (၆၁ဝ)ထစ် ရှိသည်။ အထက် စက်တော်ရာ၏ အထက် ရန်အောင်မြင်ဘုရား အထိ လှေကား ထစ် (၁ဝ၁)ထစ်ရှိသည်။

အစွမ်းထက်သော ဆေးမြစ်များ
အထက် စက်တော်ရာသွားသော စောင်းတန်းတွင် ဈေးသည်များရှိရာ ထူးထူးဆန်းဆန်း ဒေသထွက် ဆေးမြစ် များ တွေ့ရသည်။ နလင်ကျော်မြစ်သည် ညှော်နံ့ကောင်းသည်။ ဆေးမင်းကင်းချီမှာ အဖုအကျိတ် အနာနှင့် ဝမ်းကိုက်ရောဂါ ပျောက်သည်။ ပင့်ကူဂမုန်းသည် အဆိပ်ကို နိုင်သည်။ ဘိုးမင်းဝိဇ္ဇာမှာ ဆီးကောင်းသည်။ ရေနွေးထဲ စိမ်သောက်ရသည်။ တောင်ကျီးသီးက ဆံပင်နက်စေသည်။ ဝင်အူမြစ်က အဖောအရောင် ပျောက်သည်။ ဘုမ္မရာဇာမြစ်သည် အရိုးကျိုး အဆစ်အမြစ် အကိုက်အခဲ ကောင်းသည်။ ကသစ်ဖုမှာ သွေးလိမ်း ပါက အသားချောညက်၍ ဝင်းလက် စိုပြေသည်။ နနွင်း ခါးမှာ အခြောက်လှမ်းအမှုန့်ကြိတ် ပျားရည်နှင့် စိမ်သောက်လျှင် သွေးတိုးနှင့် အစာအိမ်ရောဂါ ပျောက် သည်။ ရင်းပြားမြစ်မှာ အမျိုးသမီးများ မီးဖွားပြီး သောက်ရသည်။ ကျားမနိုင်မြစ်က အဖောအရောင် အကိုက်အခဲ ကောင်း သည်။ဒေသထွက် မျှစ်ခြောက်၊ မှိုခြောက်၊ လက်ပံပွင့်ခြောက်နှင့် သနပ်ခါးတုံး၊ ချည်ထည်မျိုးစုံ လာရောက် ရောင်းချသည့် ဆိုင်များများပြားသည်။ ပွဲတော်သို့ လာရောက်သူများ နားနေရန် လုံးချင်း တည်းခိုဆောင်၊ သီးသန့် တည်းခိုဆောင်များ ၅၀၀ ခန့်ရှိရာ ပွဲတော် စည်ကားချိန်တွင် တည်းခိုခန်းတိုင်း လူပြည့်ရာ တည်းခိုခန်းခများမှာ လူအလာ နည်းချိန်နှင့် များချိန် ခွဲခြားကာ ဈေးတောင်းခံမှု ရှိသည် 


 မန်းချောင်းဘေး ကပ်လျက် တည်းခိုဆောင်များက ဈေးကြီးပေးရသည်။ လုံးချင်းများ ဆောက်ထားသည်။ လုံးချင်း တစ်နေ့တည်းခ ၂ဝဝဝဝိ/နှင့် ၃ဝဝဝဝိ/ အထိ ပေးရသည်။ ဝါး၊ သက်ငယ်မိုး ဆိုသော်လည်း လုံးချင်း အဆောက်အဦ ကလေးများက ခေတ်မီ၍လှပသည်။  နေချင်စရာ တည်းခိုဆောင်မှ ဆင်းလိုက်သည်နှင့် ချောင်းစပ် သို့ ရောက်သွားသည်။ အချို့က ဘောကွင်းများ စီး၍ ချောင်းထဲမှာ အပန်းဖြေကြသည်။ မန်းချောင်းရေက ရေစီးသန်တော့ ရေမှာ အမြဲသန့်ရှင်းကြည် လင်နေသည်။ ရေအောက်မှ အလွန်လှသော ကျောက်ခဲကလေးများကို မြင်နိုင်သည်။ ဘုရားပွဲတော် လူကျရက်မှာ ဆယ်တန်းစာမေးပွဲများ အပြီးတွင် ချောင်းစပ် တည်းခိုဆောင်များ လူအပြည့်၊ အခန်းရဖို့ မလွယ်ကူတော့။ ထို့ပြင် ဌာနဆိုင်ရာ တည်းခို ဆောင်များလည်း ရှိသည်။ မိမိဌာန အလိုက်ဝန်ထမ်းမိသားစုများ တည်းခိုနိုင်အောင် စီစဉ်ထား၏။ ရွှေစက် တော် တွင် ကောက်ညှင်းဆီ ထမင်း၊ စာကလေးကြော်၊ ငါးကြော်၊ ကြက်သားကြော်၊ ဝက်အူတောင့်၊ အမဲသား ကြော်များသည် လတ်ဆတ်၍ အရသာ ရှိလှသည်။ စားဖူးသူတိုင်း စွဲမက်စေသော ဒေသအစားအစာ ဖြစ်သည်။

ရွှေစက်တော် ဒေသဝန်းကျင်မှ ထွက်သော ချင်းရိုးရာဂျပ်ခုတ်စောင် များ၊ ထဘီများ၊ ပုတီးများ၊ တဘက်စောင် များ သည် ပွဲတော်လာဘုရားဖူး များကို ဆွဲဆောင်လျက်ရှိသည်။ ထို့ ပြင် ဒေသထွက်၊ ကောက်ညှင်းကျည် တောက်၊ သနပ်ခါးတုံး၊ အမွေးစုတ် ဖွားချင်းခွေးများနှင့် ဝက်မြေဥ၊ မျှစ် ခြောက်၊ မျှစ်ချဉ်များကိုလည်း ပွဲဈေးတန်း တစ်လျှောက် ခင်းကျင်း ရောင်းချ လျက် ရှိသည်။


 တပေါင်း၊ တန်ခူးလများဆီ နီးကပ်လာပြီ ဖြစ်၍ လေရူးနှင့်အတူ ရော်ရွက်ဝါတို့လည်း ကြွေစပြုပြီး ပိတောက်နှင့် အင်ကြင်းပန်းများလည်း လှိုင်လှိုင်ပေါတော့မည်။ ဘယ် လောက်ပူပူ၊ ဘယ်လောက်ပန်းပန်း ရွှေစက်တော်က မန်းချောင်းရေ အေးမြမြကလေးကို ချိုးလိုက်ပါက လန်းဆန်းရစမြဲဖြစ်ပါ၏။ နေပူထဲ ကလာပြီး ဘယ်နှစ်ကြိမ် ချိုးချိုး ဖျား နာခြင်းမရှိ၊ ချောင်းရေက အေးမြ ကြည်လင်လျက် စိတ်လည်း ရွှင်ပျော်စရာ ကောင်းလှပါသည်။ ရွှေစက်တော် ဘုရားပွဲကိုလာရင်း သမိုင်းချင်းဆက်၊ နေရာချင်းလည်း မဝေးလှသော၊ မကွေးမြသလွန်၊ မင်းဘူး စက္ကိန်းတဲ စေတီနှင့် လယ်ကိုင်း ကျောင်းတော်ရာ စေတီများကိုလည်း ဝင်ရောက် ဖူးမြော်နိုင်သည်။

မကွေးတံတား (ဧရာဝတီတံတား) ကိုတည်ဆောက်ပီး ဖြစ်သောကြောင့် သွားရေးလာရေး လွယ်ကူသွားပါသည်။ အရင်တုန်းကလို အချိန်ကိုတွက်၍ သွားလာစရာ မလိုတော့ပါ။ သွားချင်ပြန်ချင်သော အချိန်တွင် သွားလာလို့ရနေပါသည်။

မန်းရွှေစက်တော်ဘုရားပွဲတော်သည် ဆောင်းအကုန် နွေအကူးတွင် ဖွင့်လှစ်သောကြောင့် ရာသီဥတု သာယာပါသည်။ သို့ပေမယ့် အညာဒေသရဲ့ ဖုန်များကတော့ ပြေးလွှားဆော့ ကစားနေကြပါပီ။ မင်းဘူးကနေ ရွှေစက်တော်ကိုသွားသောလမ်းသည် တောလမ်းဖြစ်သောကြောင့် လမ်းတလျှောက်တွင် ဖုန်များ များပြားနေပါသည်။ ပွဲတော်သို့ရောက်လျင် လူများနှင့် ကားများမှာ ဖုန်များဖြင့် ပြည့်နေပါသည်။ အဲလိုဖုန်များ ပြည့်သလို ပူလည်း ပူအိုက်သောကြောင့် မန်းချောင်းထဲ ဆင်းပီး ရေချိုးရသော အရသာသည် မည်သည့် အရာနှင့် မလဲနိုင်အောင် ခံစားကြရမည်ဖြစ်ပါသည်။ ရေချိုး အနားယူပြီးလို့ ဘုရားဖူးဖို့ တောင်ပေါ်ကိုခြေလျင် တက်ကြရပါသည်။ တောင်ပေါ်တွင် ဘုရားဖူး ရှု့ခင်းကြည့်၊ သဘာဝ ဘေးမဲ့တောကို လေ့လာနိုင်ကြပါသည်။ တောင်ပေါ်က မောမောပန်းပန်းနှင့် ဆင်းလာပြီးလျင်လည်း မန်းချောင်းထဲဆင်း၍ ရေချိုးနိုင်ပါသည်။ ဘုရားပွဲလာသူများသည် ဘုရားလည်း ရေလည်းချိုးကြရပါသည်။ တနေ့ ရေ ၂ ကြိမ်လောက် ချိုးသူများပါသည်။ တချို့ဆိုလျင် အကြိမ်ရေတော်တော်များများ ရေချိုးကြပါသည်။ မြန်မာပြည်အလယ်ပိုင်း အညာဒေသရဲ့ အပန်းဖြေ ကမ်းခြေလေး တခုဖွယ်ဖြစ်ပါသည်။ မန်းချောင်းရေကလည်း ဘယ်လောက်ပဲ ချိုးချိုး အအေးမိတယ် ဖျားတယ် မရှိပါဘူး။ မန်းစက်တော်ရာ ပတ်ဝန်းကျင်ဒေသတွင် ဖူးမျှော်စရာ စေတီများ၊ သွားလာစရာ လေ့လာစရာ နေရာများလည်း ပေါများပါသည်။ ပွဲတော်ကွင်းပြင်ကလည်း ကျယ်သောကြောင့် လူများစည်ကားသော်လည်း သွားရေးလာရေး အဆင်ပြေပါသည်။  

  
မကွေးတိုင်း ဒေသကြီး၊ မင်းဘူးမြို့နယ် အတွင်းရှိ ရွှေစက်တော် ဘုရားသည် မင်းဘူးမြို့အနောက်တောင် ဘက် (၃၆)မိုင် ကွာဝေးသော အနောက် ရိုးမအရှေ့ဘက်ဆုံး တောင်စွယ်ပေါ် တွင် တည်ရှိပါသည်။ မော်တော်ကား ဖြင့် သွားလျှင် မကွေးမြို့မှ ဧရာဝတီ တံတား(မကွေး)ကိုဖြတ်ကာ မင်းဘူးမြို့ရောက်ပြီး ထိုမှ ပုသိမ်- မုံရွာ ကားလမ်း အတိုင်း အနောက် ဘက်သို့ သွားပါက အောက်စက်တော်ရာသို့ ရောက်ပါသည်

Ref ; အထွေထွေ မှတ်စု @ http://htunlinaung23.blogspot.com ,  မကွေးလှမြင်. (မန်းချောင်းဘေးက ရွှေစက်တော် ဘုရားပွဲ )@ http://www.myanmarij.com , 
http://www.teashoptalk.com

Friday, February 22, 2013

ပုသိမ်မြို.သမိုင်းဝင် နိဂြောဓာ ဗျာဒိတ်ပေး ဘုရားလှည်.ပွဲ

 အချို.ကပြောကြသည်
မြန်မာလူမျိုးတို.အပျော်အပါးမက်ကြသလိုလို တစ်နှစ်လုံး ၁၂ရာသီ ပွဲတော်များပြည်.နှက်နေသည်တဲ့
တကယ်က ကမ္ဘာ.နိုင်ငံများတွင်လည်း လူမျိုးအလိုက်..ကိုးကွယ်ယုံကြည်မှုအလိုက်..နေရာဒေသအလိုက်..ဖြတ်သန်းခဲ့ရသော သမိုင်းကြောင်းအလိုက်...လက်ခံယုံကြည်သော အယူအဆအလိုက် ပွဲတော်များ အမျိုးမျိုး ရှိနေကြသည်ချည်း ဖြစ်သည် ။


မြန်မာနိုင်ငံတွင် များသော အားဖြင်. ကိုးကွယ်ယုံကြည်မှု...ဓလေ.ထုံးတမ်း...ရိုးရာယဉ်ကျေးမှု တို.ကိုအခြေခံသော ပွဲတော်များ ရှိသည်.အနက် ရာခိုင်နှုံး အတော်များများ က ကိုးကွယ်ယုံကြည်မှုကို အခြေခံ ပေါ်ပေါက်လာကြခြင်းဖြစ်သည်...အချို.ပွဲတော်များက နေရာဒေသ အနှံ.ကျင်းပသော်လည်း အချို.ပွဲတော်များကတော. သီးခြားဖြစ်တည်နေသော သဘောရှိသည် ။


ဧရာဝတီတိုင်း ပုသိမ်မြို.တွင် အခြားဒေသများ ထက် ထူးခြားစွာ ကျင်းပလေ.ရှိသော သမိုင်းဝင် နိဂြောဓာ ဗျာဒိတ်ပေး ဘုရားလှည်.လည် ပူဇော်ပွဲကို ဖေဖ၀ါရီ ၁၇ ရက်နေ.က စည်ကားစွာကျင်းပခဲ့ပါသည် ။ထိုဘုရားပွဲသည် လွန်ခဲ့သော နှစ်ပေါင်း ၁၅၀ ခန်.က စတင်ကျင်းပလာခဲ့ပြီး မြန်မာနိုင်ငံတွင် ပုသိမ်တစ်မြို.တည်းသာ ကျင်းပသော ဂုဏ်ယူဖွယ် ဗုဒ္ဓ၀င် ပွဲတော်ကြီးဖြစ်သည်ဟု သိရသည် ။


 ထိုဘုရားပွဲတော် ကျင်းပပုံမှာ
မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးနောက် ရဟန္တာ များခြံရံလျှက် ဥရုဝေလ တောအရပ်၌ အယူဝါဒလွဲမှားစွာ ကျင်.ကြံနေကြသော ဥရုဝေလ ကဿဖ အမှုးပြုသည်. ရသေ.ညီနောင် တစ်ထောင် ကျွတ်တမ်းဝင်စေသော ရာဇဂြိုဟ် ပြည်ကြွချီတော် မူခန်း....


.ထို.နောက်မှ ရှမ်းကုန်သည် လှည်းတပ် ၅၀၀ တို.က မြတ်စွာဘုရားရှင်အား ဖူးတွေ.ရ သဖြင်. ကပ္ပိလ၀တ်ပြည် ခမည်းတော် သုဒ္ဓေါဓန မင်းကြီး ထံ သတင်းပို.ဆောင်ခန်း...ထို.နောက် ဖွားဖက်တော် ကာဋ္ဌုဒါယီ အမတ်ကြီးသည် မြတ်စွာဘုရားရှင်အား ကပ္ပိလ၀တ်ပြည်သို. ခမည်းတော် သုဒ္ဓေါဓန မင်းကြီး ထံကြွရောက်ပါရန် ပင်.ဆောင်ခန်း ...သားတော်ရာဟုလာ အမွေတောင်းခန်း စသည်တို.ကို တစ်နေကုန် လှည်.လည်သည်. ဗုဒ္ဓ၀င် ပွဲတော်ကြီးဖြစ်သည်။


ပုသိမ်မြို.သူလေးများကလည်း လှည်းယဉ်ကျော.များထက် လိုက်ပါလှည်.လည် ကြသကဲ့သို. ရှမ်းရိုးရာ အိုးစည် သံများ ...ဓါးသိုင်းအကများ...မြန်မာ.ရိုးရာ အိုးစည်..ဒိုးပတ် အကများ စသည်ဖြင်. စည်ကားထူးခြားစွာ ကျင်းပကြလေ.ရှိသည်....ပြည်တွင်းရှိ အခြားမြို.သားများသာမက နိုင်ငံခြားသား များအဖို.ပါ စိတ်ဝင်စားစရာ ထူးခြားသော ပွဲတော် တစ်ခုဖြစ်သည်။

အချက်အလက်များကို ၂၀-၂-၂၀၁၃ မြန်မာ.အလင်း သတင်းစာ ပါ ပုသိမ်လှကြည် ၏ သတင်းမှ ရယူပါသည်..ပုံအချို.ကို Golden Pathein Page @ Facebook မှ ရယူအသုံးပြုပါသည်..