Friday, November 8, 2013

သူတို.ပြောသော ကိုမြင်.ဆွေ






ကျွန်တော်နဲ့ ကိုမြင့်ဆွေနဲ့က အင်မတန် ချစ်ခင်ရင်းနှီး ကြတဲ့သူငယ်ချင်းတွေ၊ ဂျပန်ခေတ်တုန်းက ကျွန်တော်က မြေအောက် တော်လှန်ရေးသမားပေါ့။ တက်ဘုန်းကြီး သခင်သိန်းဖေတို့ ကိုလှမောင်၊ ဗိုလ်ဇေယျပေါ့။ ပြီးတော့ ဆရာကိုခင်မောင်လေး။ ကျွန်တော်တို့ မြစ်ကြီးနားမှာလုပ်ကြတာ၊ မြစ်ကြီးနားကိုBIA နဲ့ ကိုမြင့် ဆွေ ရောက် လာတာ၊ တွေ့ တွေ့ ချင်းခင်သွားကြတယ်။
မန္တလေးကို ကုန်တွဲကြီးတွေနဲ့သွားရတယ်။ ရထားတွဲ (၃)တွဲမှာ ကိုမြင့်ဆွေလည်းပါတယ်။ ဂျပန်တွေလည်းပါတယ်။ ဒီကောင်တွေကို ခေါင်ရည်နဲ့ အရက်ရော တိုက်ထားတော့ အတော်ကို မူးနေကြတာပေါ့။ အဲဒီမှာ ကိုမြင့်ဆွေလည်း အပါ အဝင်ပေါ့၊ တစ်နှစ်သုံးဆိုပြီး ဒီကောင်တွေကို ကန်ချပစ် လိုက်ကြတယ်၊ မိုးကောင်း ချောင်းထဲ ပြုတ်ကျကုန်တာပေါ့၊ အဲဒါ ကျွန်တော်တို့ ဂျပန်ကို စတင်တော်လှန်တာပဲ။
သစ်အယ်ပင်ရောက်တော့ ဗိုလ်ဗလက တပ်ရင်းမှူး။ ဗိုလ်ရဲဒင်က တပ်ခွဲမှူး။ ကိုမြင့်ဆွေက တပ်ကြပ်ကလေး။ နောက်ဇာတ်လိုက်လုပ်သွားတဲ့ ဗိုလ်ဗကိုလည်း ဝင်လာတယ်။ ကျွန်တော်တို့ပြောက်ကြားစစ်ဆင်ရေးနဲ့ချတော့ နိုင်တာချည်းပဲ။
တောင်ငူမရောက်ခင် ငှက်သိုက်ဆိုတဲ့ ရွာလို့ ထင်တာပဲ၊ သိပ်မမှတ်မိတော့ဘူး။ ကိုမြင့်ဆွေကော ကျွန်တော်တို့ပါ အကြီးအကျယ် ဖျားနေကြပြီ။ ဟိုလေယာဉ်တွေကလည်း ဗုံးတွေကြဲ။ ဗုံးကျင်းထဲ ပြေးဝပ်ပေါ့။ သေတဲ့လူလဲ သေတာပေါ့။ နောက်ဗိုလ်ရဲဒင်ရယ် ကျွန်တော်ရယ်၊ ကိုမြင့်ဆွေရယ် မန္တလေးကို ရွှေကြက်ယက်ကနေ လမ်းလျှောက်သွားရတယ်။
ဆပ်ကျောင်းရောက်တော့ ဇွဲစမ်းမယ်ဆိုပြီး၊ နန်းတော် တစ်ပတ် ပြေးရတယ်။ ကျွန်တော်က ရှေ့ဆုံးကဝင်တယ်။ နောက် ရန်ကုန်ကို တပ်ကြပ်သင်တန်းကျောင်း တက်ရတယ်။ ပြီးမှ ဗိုလ်သင်တန်းတက်ရတာ၊ ကိုမြင့်ဆွေ လည်းပါတယ်။ ဂျပန် အရိုက်ခံရတာ ရင်ဘတ်ချည်းပဲ အချက် (၅၀၀) ထက်မနည်းဘူး။ အခုထိ ဟပ်ချိုး ချေလိုက်တိုင်း မျက်စိထဲမှာ ကြယ်တွေပွင့်ပွင့် နေတုန်းပဲ၊ ဗိုလ်ချုပ်အောင်ဆန်းလာပြီး ပညာရှာပမာ သူဖုန်းစားလို့ မိန့်ခွန်းပြောသွားတယ်။
BIA ကနေ BDA ဖြစ်ပြီး၊ ဆပ်ကျောင်းပြန်တက်တော့ ကိုမြင့်ဆွေက အရင်ဝင်ပြီးသား။ ကျွန်တော်က နောက်မှဝင်ရ တာ၊ ဒုဗိုလ်တွေဖြစ်ကြတော့ ကျွန်တော်က အမှတ် (၇)တိုင်း ဌာနချုပ်ရောက်တယ်။
တော်လှန်ရေးပြီးတော့ ကိုမြင့်ဆွေနဲ့ မင်္ဂလာဒုံမှာ နှစ်ခါဆုံသေးတယ်။ ကန္နီစာချုပ်အရ ဗိုလ် (၂၀၀)၊ အရန်ဗိုလ် (၂၀၀) ပဲရှိတော့တယ်။ ကျွန်တော့်ကို မင်းဆပ္ပလိုင်း (၉) သွားမလား။ အမြှောက်တပ်သွားမလားဆိုတော့ မသွားဘူး၊ Infantry မှာပဲနေမယ်လို့ ပြောလိုက်တယ်။
အဲဒီမှာ တပ်ရင်း(၄)က ကိုမြင့်ဆွေ၊ ကျွန်တော်တို့ အားလုံး Nick Name တွေနဲ့ချည့်ပဲ။ သူက ရှမ်းမြင့်ဆွေ၊ ကျွန်တော်က မြစ်ကြီးနားကဆိုတော့ ကချင်ထွန်းတင်။ ဗိုလ်ချုပ်နေဝင်းက မင်းတို့ငါ့ကိုကော မေးလို့ ဗိုလ်ချုပ်ကိုတော့ အဘိုးကြီးလို့ ခေါ်တယ်လို့ ပြောလိုက်ရတယ်။
ကျွန်တော်တိုက်ဖွိုက်ဖြစ်တော့ ကိုမြင့်ဆွေက အတော် ပြုစုရှာတယ်။ သူ့မြို့ဆိုတော့ သူ့အိမ်ခေါ်သွား ကျွေးမွေးပြုစုပေါ့။ ဘယ်လောက် ရင်းနှီးကြသလဲဆိုတော့ မင်းနှမ ငါယူမယ်၊ ငါ့နှမမင်းယူ ဘာညာပေါ့ ။တကယ်တွေ့ကြတော့ မကြိုက်ကြတာနဲ့  စာချုပ် ဖျက်တယ်ကွာလို့ သူကပြောတယ်။ အဲဒီမှာ စားကြ သောက်ကြ၊ ဘုရားဖူးကြပေါ့၊ သူက အိမ်ရှင်ဝတ္တရား ကျေပြွန် ပါတယ်။
ကိုမြင့်ဆွေတို့ အရမ်းသန်းညွန့်တို့ ချီကာဂို သန်းညွန့် တို့က BTF Commander တွေ၊ Burma Territorial Force ပေါ့။ ကျွန်တော်တို့က Union Burma Force၊ တချို့က UMP ပေါ့။





                                                                                                                          သူရ ဦးထွန်းတင်

                                                                                                                    ၂ဝ၁၁၊ မေလ ၂၄ ရက်နေ့


တရုတ်ပြည်ကအဖွဲ့က ဗမာစကားကို ကောင်းကောင်း ပြောတတ်တယ်။ အဲဒီအချိန်တုန်းက ငါတို့ရဲ့ မင်္ဂလာဒုံထောက်လှမ်းရေးတပ်မှူးက ဗိုလ်မှူးမြင့်ဆွေပဲ ရှိသေးတယ်။ မင်္ဂလာဒုံမှာရှိတဲ့ ထောက်လှမ်းရေးတပ်ကို ဗမာလိုတော့ ကြည်းသုတေသနတပ် လို့ခေါ်တယ်။ တို့ရဲ့ Head Quarter က (၆) မိုင်ဘက်ကလာရင် အရင်က ကိုစံလွင်တို့ ထိုင်တဲ့ မြန်မာစာ အဖွဲ့ နေရာဘေးက နှစ်ထပ်တိုက်ဝါ၀ါကြီးမှာ။

အဲဒီအပြင် တပ်မတော် ကြည်း/သု ဒါရိုက်တာ ဗိုလ်မှူးမြင့်ဆွေ အမေရိကားမှာ သင်တန်းတက်ရင်းခင်လာတဲ့ စီအိုင်အေအဖွဲ့က မစ္စတာ အယ်ကာစီအဲလစ် (L. Ka C. Alex) နဲ့ နောက်တစ်ဦး ရောက်လာတယ်။ သူတို့က တို့တွေကို ဓါတ်ပုံရိုက်တာတွေ၊ အသံဖမ်းတာတွေ အားလုံးသင်ပေးတာ။ Audio Section လို့ခေါ်တယ်။ သိပ်တော်တဲ့ Signal Officer ဆရာ တွေပေါ့။ သူတို့ဆရာတွေ လေးငါးခြောက်ယောက်ရှိတယ်။ အဲဒီအချိန်မှာ မျက်မှန်ကြီး တင်ဦးက စကော့တလန်ယာဒ့်မှာပဲ ရှိသေးတယ်။ ကြည်းသုတေသနတပ်ကို နောက်မှရောက်လာတာ။

အဲဒီတုန်းက ဗိုလ်မှူးကြီးမြင့်ဆွေက ထောက်လှမ်းရေး တပ်မှူးပေါ့။ သူက ငါ့တစ်ယောက်ပဲ ယုံတယ်။ ညဘက်မှာ သူက အမြဲ ပုတီးစိပ်တယ်။
တစ်ရက် ညနေဘက်မှာ သူက လူတစ်ယောက်ကို ငွေ တစ်သောင်းပေးလိုက်ပါလို့ ခိုင်းတယ်။ အဲဒါလို ခိုင်းတာကို ကိုယ်တို့က ဘာမှပြန်မေးစရာအကြောင်းမရှိဘူး။ ကိုယ့်မှာက အရေးကြီးတဲ့ ထောက်လှမ်းရေးကိစ္စနဲ့ ပတ်သတ်လို့ ငွေ သုံးသိန်း ရှိတယ်။ အိတ်သုံးအိတ်ထားတယ်။ အိတ်အပြာက တပ်ရန်ပုံငွေ အတွက်၊ အိတ်အစိမ်းလေးက လေ့ကျင့်ရေးအတွက်၊ အနီက လျှို့ဝှက်ထောက်လှမ်းရေးကိစ္စတွေ အတွက်သုံးထားတယ်။
အခုပေးခိုင်းတာက အရေးကြီးထောက်လှမ်းရေး ကိစ္စဖြစ်တဲ့ အတွက် အနီအိတ်ထဲက ပေးခိုင်းတာ။ အဲဒါကိုပေးလိုက်တယ်။ အဲဒါကို လူတစ်ယောက်က ဗိုလ်ချုပ်ကြီးနေဝင်းကို ဖုန်းဆက်ပြီး လှမ်းတိုင်တာ။ နောက်တစ်နေ့ကျတော့ စာရင်းစစ်အဖွဲ့ကဆိုပြီး လူနှစ်ယောက်ရောက်လာတယ်။ လက်ရှိ ရှိတဲ့ Fund ကို စာရင်းတွေ စစ်ချင်တယ်လို့ ပြောတယ်။ ကိုယ်က အနီအိတ် (Secret Fund) ထဲကနေ ငွေထုတ်ပေးထားတာဖြစ်တဲ့အတွက် သူတို့ အိတ်အပြာကို အရင်စစ်ပြီး အပြင်ခဏသွားတုန်း အံဆွဲ ဖွင့်ပြီး အနီအိတ်ထဲမှာ ငွေတွေ ပြန်ဖြည့်ထည့်လိုက်တယ်။ အနီကို နောက်ဆုံးမှ စစ် တော့  အိုကေသွားတယ် ။ဟိုလူ တွေ ကအားလုံးစစ်ပြီးသွားတော့ စာရင်းတွေက ရှိပါတယ်တဲ့။

နောက်တော့ မျက်မှန်ကြီးတင်ဦး ပြန်ရောက်လာတယ်။ သူတို့အားလုံးပြန်သွားတဲ့ အခါကျတော့ ဗိုလ်ချူပ်ကြီးနေ၀င်းက ဗိုလ်ချူပ်မောင်မောင်ကို တစ်ယောက်တည်းခေါ်တယ်။ ခေါ်ပြီးတော့ ခုနက Case ကိုပြောကြတယ်။ ဘာတွေပြောလည်းတော့ ကိုယ်လည်း မသိဘူး။
အဲဒီနေ့ကပြန်လာပြီး ကိုယ်တို့ကြားတာကတော့ ဗိုလ်ချုပ် ကြီးနေဝင်းက ဗိုလ်ချူပ်မောင်မောင်ကို
မောင်မောင် မင်းလုပ်ရည် ကိုင်ရည်ကို ငါမသိဘူး။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်လာရင် ဒို့ကို ဒုက္ခပေးမှာ တရုတ် ဖြစ်တယ်။ မင်းနဲ့မြင့်ဆွေတို့ အမေရိကန်နဲ့လုပ်နေတာတွေ ငါမကြိုက်ဘူး။
တရုတ်နိုင်ငံကို ချစ်ကြည် ရင်းနှီးနေဖို့လိုတယ်။ ဒါ မဟာဗျူဟာအရ ဒို့ Friendly လုပ်ထား ရမယ့်လူဟာ တရုတ်နိုင်ငံဖြစ်တယ်။ အမေရိကန်က တော်တာ မှန်ပါတယ်။ သူကဘယ်လောက်တော်တော် တော်ချင် သလောက်တော်။ လူဦးရေအရရော၊ နီးစပ်မှုအရရော တရုတ်ပြည် နဲ့ဒို့တွေ Friendly ဖြစ်ရမှာ။ အဲတော့ Technology၊ အရည် အသွေးတို့က အမေရိကန်က သာတာမှန်တယ်။ နောက်ပြီး
ကျော်ဇောတို့၊ ဘသိန်းတင်တို့ကလည်း ဟိုဘက်မှာ ရောက် နေတယ်။ ဆိုတော့ ဒို့က တရုတ်နဲ့ တို့နဲ့ကြား ခွါမပြဲသင့်ဘူး ပေါ့ကွာ။
လို့ပြောတယ်။
ဗိုလ်ချုပ်မောင်မောင်က
အဲဒါဆို ကျွန်တော် မှားသွားပါတယ် လို့ပြောပြီးပြန်လာတယ်။ ပြန်လာပြီးတော့ ဗိုလ်ချုပ်မောင်မောင်က ထွက်စာတင်ဖို့အတွက် ကျွန်တော် ဒီနေ့ဒီရက်မှစပြီး နှုတ်ထွက်ပါတယ် ဆိုတဲ့စာကို လက်မှတ် ထိုးပြီး အိမ်ပြန်သွားတယ်။ အိမ်ပြန်ရောက်ရင် ကားပြန် လွှတ်လိုက်မယ်လို့လည်း ပြောသွားတယ်။

အဲဒီတော့ ဗိုလ်မှူးကြီးမြင့်ဆွေနဲ့ ဒို့မှာ ဒုက္ခရောက်ရော။ အဲဒီလို ဒုက္ခရောက်တာကိုတောင် မျက်မှန်ကြီးတင်ဦးတို့အဖွဲ့က မကျေနပ်သေးဘူး။ မကျေနပ်တော့ အခု ယုဇနဟိုတယ်နေရာ၊ ဟိုတုန်းက National Defense Collage (NDC) လို့ခေါ်တဲ့ နေရာမှာ ဒို့အားလုံးကိုခေါ်စစ်တယ်။ အဲဒီမှာ ဗိုလ်ချုပ်ကြီး နေ၀င်းရယ်၊ ဗိုလ်မှူးကြီးကျော်စိုးရယ်ပါတယ်။ အဲဒီတုန်းက မျက်မှန်ကြီးတင်ဦးက ဗိုလ်မှူးလောက်ပဲ ရှိဦးမယ်။ တို့တွေကို စာရွက်အဖြူ ၁၀ ရွက်စီလောက်ပေးထားတယ်။
မင်းတို့ စတဲ့အချိန်ကစပြီးတော့ နောက်ဆုံးအချိန်အထိ လုပ်ခဲ့တာတွေ အားလုံး အမှန်တိုင်းရေးပေးစမ်းပါ လို့ခိုင်းတယ်။ ကြောက်ကြတော့ ရေးကြတာပေါ့လေ။
အဲဒီလိုခေါ်စစ်တော့ ဗိုလ်မှူးကြီးမြင့်ဆွေ မပါဘူး။ သူပါရင် ပြဿနာပေါ့။ သူပါရင် သူကကောင်းကောင်း ပြန်ရှင်းမှာ။ သူက မှန်တာဆိုရင် လုံးဝ မကြောက်ဘူး။ ကိုယ် ဘာလုပ်ရမလဲ စဉ်းစားပြီးတော့ စာသုံးကြောင်းလောက် ရေးတယ်။
ကျွန်တော်လုပ်သမျှ၊ ကိုင်သမျှအားလုံးသည် တာဝန်အရ ဖြစ်သည်။ အဲဒါအားလုံးဟာ Save ထဲက File တွေထဲမှာရှိပါသည်။ ကိုယ်ရေးတာ စာမျက်နှာ တစ်မျက်နှာ တောင် မပြည့်ဘူး။
ဗိုလ်ချုပ်ကြီးနေဝင်းက အားလုံးလည်းဖတ်ပြီးရော
ဒီကောင် တော်တော်လူပါးဝတယ်ကွာတဲ့။ ဒီကောင့်ကို ဗထူးပို့ လိုက်တဲ့။ အဲဒီတုန်းက Academy 1st Batch စဖွင့်တဲ့အချိန်ပေါ့။ ဗိုလ်မှူးကြီးကျော်စိုးက Academy 1st Batch မှာ ကျောင်းအုပ်။ ဒုကျောင်းအုပ်ကြီးက ဗိုလ်မှူးကြီးသန့်ဆွေ၊ ၀တုတ်ကြီး။

မစ္စတာအယ်ကာစီအဲလစ်ကို ကိုယ်သေချာ မှတ်မိတယ်။ သူက စီအိုင်အေမှာ တော်တော်ကြီးတဲ့သူ။ အဲဒီ စီအဲလစ်နဲ့ ဗိုလ်မှူးကြီးမြင့်ဆွေတို့နဲ့က အတူတူ အလုပ်လုပ်ကြတာ။

အဲဒီတုန်းက ကင်မရာလေးတွေက အနက်နဲ့ အဖြူနဲ့ ပါးပါးလေး။ လက်ကိုင်ပုဝါနဲ့ မျက်နှာကိုသုတ်သလို လုပ်လိုက် တာနဲ့ ရိုက်ပြီးသွားပြီ။ သူတို့က အဲဒီကင်မရာကိုင်သွားပြီးတော့ ရိုက်တယ်။ အထဲမှာကင်မရာပါလာမှန်းလည်း ဘယ်သူမှ မသိဘူး။ အဲဒီကင်မရာမှာ အပေါက်ကလေးတွေရှိတယ်။ အဲဒါကို Fix လုပ်ထားပြီးတော့ စကားပြောနေတုန်း ခိုးရိုက်တာ။ တို့တွေ အဲဒီလိုလုပ်ခဲ့ရတာပေါ့။ တကယ်တော့ ကိုယ်က အဲလိုဟာ မျိုးတွေမလုပ်ချင်ဘူး။ ငယ်ငယ်တည်းက အေးအေးဆေးဆေး နေချင်တယ်။ အနန္တော အနန္တငါးပါးကိုလည်း ရိုသေတယ်။

ဗိုလ်မှူးကြီးမြင့်ဆွေ ကလည်း ဘုရားတရား အရမ်း ကြည်ညိုတယ်။ ကိုယ့်ကိုလည်း ခင်တယ်။
ဘာပဲဖြစ်ဖြစ် မင်း လိုရင်ပြော
တဲ့။ နောက်ပြီး အဲဒီရေကြည်အိုင်မှာ ကိုယ်တို့ လုပ်ခဲ့ရတာတွေက အရမ်းလျှို့ဝှက်တယ်။ အဲဒါကို စစ်ဖက် သုတေသနတပ်၊ Army Research Unit လို့ခေါ်တယ်။
အဲဒီကိစ္စတွေပြီးတော့ ဗိုလ်မှူးကြီးမြင့်ဆွေကို ချောင်ကျမယ့် နေရာမှာ ထားမယ်ဆိုပြီးတော့ အခုမိုင်းဖြတ်နဲ့ တာချီလိတ် ရယ်ကြားထဲမှာ လားရှိုး-ကျိုင်းလတ် ဆိုတဲ့နေရာရှိတယ်။ အဲဒီ နေရာက တရုတ်နဲ့ယိုးဒယားနဲ့ကြား ဂိတ်ကျတဲ့နေရာမှာ ကိုမြင့်ဆွေကို လွှတ်လိုက်ဆိုပြီးချောင်ထိုးထားလိုက်တယ်။

ဗိုလ်ချူပ်မောင်မောင်က တအား ထက်တဲ့လူ။ သိပ်တော် တဲ့သူ။ အဲဒီတော့ သိပ်နှမြောစရာကောင်းတာ။ အဲဒါ ဘယ်သူ နှောက်တာလဲဆိုရင် မျက်မှန်ကြီးတင်ဦးတို့ နှောက်တာပဲ။ အခုဗိုလ်ချုပ်ကြီးနေ၀င်းတို့ကို နှောက်တာလည်း သူတို့ပဲ နှောက်တာပဲ။ ဒီလူတွေထဲမှာ တိုင်းပြည်ကို ဘယ်လိုဖျက် သွားလဲဆိုတာ ကိုယ့်ဆီမှာ အကုန်လုံးရှိတယ်။
ကိုယ်က ဗိုလ်ချူပ်ကြီးသူရကျော်ထင်နဲ့ တအားရင်းနှီး တယ်။ တအားရင်းနှီးတယ်ဆိုတာ စစ်ဘက်ရေးရာအရပါ။
ဗိုလ်မှူးကြီးမြင့်ဆွေ ကို ထောက်လှမ်းရေးကနေ ဖယ်လိုက် ပြီးတော့ သူ့ရဲ့လုပ်ရည်ကိုင်ရည်နဲ့ စွမ်းဆောင်မှုတွေကို သတ် လိုက်တယ်။ တကယ်တော့ မဖြစ်သင့်ဘူး။ စည်းကမ်း ပျက်လို့လား။ ငွေရေးကြေးရေးကြောင့်လား။ မိန်းမကြောင့်လား။ ဘာတစ်ခုမှ မဟုတ်တာ မလုပ်ခဲ့ပဲနဲ့ ဒီလိုရဲဘော်ရဲဘက်စိတ် မရှိတဲ့သူ တစ်ယောက်ကြောင့်နဲ့ ဒီလိုလုပ်ခဲ့တာ သိပ်မှားတာပေါ့။

ကိုယ် ကိုယ်တိုင်လည်း မိဘရဲ့ကျေးဇူးကြောင့်သာ ဒီလိုနေခဲ့ရတာ။ အမှန်အတိုင်းပြောတာ။ မျက်မှန်ကြီးတင်ဦးက ညီအစ်ကိုနှစ်ယောက်ရှိတယ်။ တစ်ယောက်ကတိုက်ပွဲမှာ ကျသွား တယ်။ အဲဒါနဲ့ သူ့အဖေကြီးက သူ့သားလေးတစ်ယောက်ကိုတော့ ဗိုလ်ချုပ်ကြီးရယ် စောင့်ရှောက်ပါဆိုပြီး ကိုယ်ရေးအရာရှိအဖြစ် သူ့အနားမှာထားဖို့ပြောလို့ အနားမှာထားတာ။ ဒါပေမယ့် သူက အဲဒါကို အခွင့်အရေးတွေအဖြစ် အသုံးချတယ်။ ဗိုလ်ချုပ်ကြီးက ဘယ်လိုမှာလိုက်တယ်၊ ဘယ်လိုလုပ်လိုက်လို့ပြောတော့ ကျန်တဲ့ သူတွေက အကုန်လုပ်ရတာ။ ပြန်တွေးမိတာ သူတော်တော် တော်တော်လူပါးဝခဲ့တယ်။

အဲဒီကနေ ကိုယ့်ကို မြစ်ကြီးနားတိုင်းမှူးအဖြစ် ပို့လိုက် တာ။ ကိုယ်က အချိန် တစ်နှစ်တောင်းတယ်။ တစ်နှစ်အတွင်းမှာ ကချင်ပြည်နယ်တစ်ခုလုံး အားလုံးငြိမ်းချမ်း သွားရမယ်ပေါ့။ အဲဒါနဲ့ ဘယ်လိုလုပ်မလဲလို့မေးတော့ ဒီလို အစီအစဉ်တွေ လုပ်မယ်ဆိုပြီး ကာကွယ်ရေးဦးစီးချုပ်နဲ့ ကိုယ်နဲ့ နှစ်ယောက် တိုင်ပင်ကြပြီးတော့ လုပ်ကြတာပေါ့။ အတိုချုပ်ရင်တော့ တစ်နှစ်မကြာပါဘူး။ အကုန်နိုင်တယ်။ လက်နက်ချကြတယ်။

ဘရန်ဆိုင်းက KIO ရဲ့ ဥက္ကဌပေါ့။ KIA ဘက်ကတော့ ဇော်မှိုင်းပေါ့။ KIO ဘက်က အကြီးဆုံးဖြစ်တဲ့ ဘရန်ဆိုင်း ရဲ့သမီးလေးက အဲဒီအချိန်တုန်းက မြစ်ကြီးနားတက္ကသိုလ်မှာ ဒုတိယနှစ်တက်နေတယ်။ သူ့သမီးကို အန္တရာယ်မရှိအောင် ထားလို့ ဘရန်ဆိုင်းတို့က ဒီတိုင်းမှူးက သမာသမတ် ရှိတယ် လို့မြင်လာတယ်။ မပခ မှာ ကိုယ်က ရွှေနှင့်ကျောက်စိမ်းကို ထုတ်ယူနိုင်အောင် လုပ်ပေးခဲ့လို့ နိုင်ငံတော်အစိုးရကို အကျိုး ပြုပြီး ကချင်ပြည်နယ်သူ ပြည်နယ်သားများ ယနေ့ထက်ထိ စားဝတ်နေရေး ပြေလည်စေရန် လုပ်ပေးနိုင်ခဲ့ပါတယ်။

 

                                                                                                                  ဗိုလ်ချုပ်မြင့်လွင်(ငြိမ်း)

                                                                                                              ၂ဝ၁၃၊ ဇူလိုင်လ ၂၁ ရက်နေ့


ဖက်ဆစ်တော်လှန်ရေးက စပြီး ဗိုလ်မှူးအောင်ရွှေနဲ့ အဖွဲ့ကို မဟူရာတောထဲက ပဲခူးကျောက်ခွက်ဆီပို့ရမယ်။ ပို့ရမှာက ကျွန်တော့်တာဝန်။ ကျွန်တော်သွားပို့တယ်။ ဟိုကိုရောက်တော့ တောတွေခုတ်ပြီး တဲတွေဘာတွေနဲ့ တွေ့ရတယ်။ အဲဒီမှာ ဗိုလ်မှူးအောင်ရွှေ၊ ဗိုလ်မြင့်ဆွေ၊ ဗိုလ်မောင်မောင်၊ ရဲဘော်တွေ တော့ နာမည်မသိတော့ဘူး။ သခင်ပုပါလာတယ်။ နောက်တော့ ပစ်ကြ ခတ်ကြနဲ့ သခင်ပုဒဏ်ရာရသွားပြီး ရှောင်တောလေး စခန်းကို ပို့တဲ့အခါမှာ နောက်ကကာကွယ်ပေးရတဲ့ တပ်နဲ့ ကျွန်တော်တို့ လိုက်ရတယ်။ အဲဒီမှာ ဗိုလ်မြင့်ဆွေနဲ့ တွေ့တယ်။ ခပ်ငယ်ငယ်ပဲ။ အသားသိပ်ဖြူတယ်။ တရုတ် လိုပဲ။ နောက်မှ ရှမ်းဆိုတာ သိရတယ်။ နောက်ကျတော့ သူ့ကို ရှမ်းမြင့်ဆွေ လို့ခေါ်ကြတယ်။

နောက်တော့ ဖက်ဆစ်တော်လှန်ရေး တိုင်း (၁-၂-၃-၄) ဖွဲ့တာ ကျွန်တော်ကမသိဘူး။ ကျွန်တော်က လူငယ် ဆိုတော့ သွားဆိုသွားလိုက်တာပဲ။ အဲဒီမှာ တိုင်း (၄)ဖွဲ့လိုက်တဲ့ အခါကျတော့ (၁၀၂)တပ်ရင်း၊ တပ်ရင်းမှူးက ဗိုလ်အေးမောင်ပဲ၊ ဗိုလ်ချုပ်ကျော်ဇော အောက်က။ သူက ကျွန်တော်တို့လိုပဲ ပြန်ပါလာတယ်။ အဲဒီမှာ ဗိုလ်မြင့်ဆွေက ကျွန်တော့်ရဲ့ တပ်ခွဲမှူး ဖြစ်တယ်။ သြဂုတ်လ ထဲရောက်တော့ ပွဲကပြီးပြီ။ ဂျပန်ကလည်းလက်နက်ချပြီး အဲဒီ စခန်းမှာ အကြာကြီးနေရတယ်။ အဲဒီမှာတပ်ခွဲမှူး ဗိုလ်မြင့်ဆွေနဲ့ အတူကျွန်တော်ကတော့ မောင်းပြန်တပ်စုမှူး နဲ့ရင်းရင်းနှီးနှီး ရှိတယ်။ ကျွန်တော်တို့တပ်ရဲ့ စည်းကမ်းအတိုင်း (၆)လ ကြာတော့ ကျွန်တော် က ဒုဗိုလ်ဖြစ်တယ်။ သူနဲ့က အဲဒီမှာ တွဲလိုက်ရတယ်။ ဗိုလ်မြင့်ဆွေက တော်တော်အလုပ်လုပ်တယ်၊ တက်တက်ကြွကြွလဲ အတော်ရှိတယ်။ တခါတလေတော့ နဲနဲရမ်းတတ်တယ်၊ ထင်ရာ လုပ်တတ်တာရှိတယ်၊ ဒါပေမယ့် ရဲဘော်တွေ အပေါ်မှာတော့ စိတ်ကောင်းသိပ်ရှိတယ်။ ကျွေးတယ်၊ မွေးတယ်၊ ပြုစုတယ်။ တပည့်တွေလဲ အတော်များတယ်။ ကျွန်တော့်မှာ တပည့်နှစ်ယောက် လောက်နဲ့ တပ်ကြပ်တစ်ယောက်၊ နှစ်ယောက်လောက် ပဲရှိတာ။ ဗိုလ်မြင့်ဆွေမှာတော့ တပည့်များတယ်။ သူနဲ့ကျွန်တော်နဲ့က အထက်အောက် သိပ်များများမတွဲခဲ့ရဘူး။ ဘယ်မှာအများဆုံး တွေ့လဲဆိုတော့ ဗိုလ်မြင့်ဆွေလဲ တပ်ရင်းမှူးဖြစ်ရော၊ ကျွန်တော်လဲ တပ်ရင်းမှူးဖြစ်တဲ့ အချိန် တပ်ရင်းမှူးညီလာခံ မှာပြန်တွေ့တယ်။ အရင်တိုင်း အားလုံးနဲ့ သင့်မြတ် တယ် ။ကျယ် ကျယ် လောင်လောင်ပြောမယ်။ ရယ်မယ်။ ရယ်စရာ နောက်စရာလဲ အတော်ပြော တတ်တယ်။ သူ့ဘေးမှာ လူတွေဝိုင်းနေတာ။
(၁၀၂) နဲ့ (၁၀၃) တွေ့ရင် ရန်စောင်ကြတယ်၊ သူက ပိုတိုက်တယ်၊ ငါက ပိုတိုက်တယ်ပေါ့ဗျာ။ ဗိုလ်မြင့်ဆွေကလဲ ဆတ်ဆတ်ထိမခံဘူး။ ဒါနဲ့ခဏခဏ ရန်ဖြစ်ကြတယ်။ ထိုးကြိတ် တာတော့ မဟုတ်ဘူး။ တစ်နေ့တော့ (၁၀၃) တပ်မှာ ဟိုတုန်းက ပဲခူးမှာ နာမည်ကြီးတဲ့ အိုက်တင်သောင်းဆိုတဲ့ အငြိမ့်မင်းသမီး၊ နောက်ပိုင်း မာယာသောင်း လို့ခေါ်တယ်။ အဲဒီအဖွဲ့ လာကတော့ ကိုမြင့်ဆွေရဲ့ (၁၀၂) က လူတွေက သွားစွာတယ်၊ ဘာက ပါ။ ဘာဆိုပါ ဆိုပြီးတော့ပေါ့။ ပြီးတော့ စင်ပေါ်တက်ပြီး တွဲကကြ အဲဒီ ရဲဘော်တွေကို ဟိုဘက်တပ်က ဆွဲချပေါ့။ တစ်ခါ (၁၀၂)မှာ အဲဒီ အငြိမ့်လာကတော့ ၁၀၃ကလဲ ဒီလိုပဲ ပြန်လုပ်တယ်။

ဒီဘက်က (၁၀၂)က ဗိုလ်မြင့်ဆွေကလဲ မခံဘူးဆိုတော့ ရန်ဖြစ်ကြပြန်ရော၊ ထိုးကြနှက်ကြတာ တော့မဟုတ်ဘူး။ အဲဒီမှာ ထင်ရှားကျော်ကြားကြတာတော့ (၁၀၂)က ဗိုလ်မြင့်ဆွေနဲ့ (၁၀၃)က ဗိုလ်သန်းဝင်းပဲ။ မနက်လင်းတော့လည်း ပြန်တည့်သွား ကြပြန်ရော။

ကိုမြင့်ဆွေက ကျွန်တော်တို့ကို သူ့မိန်းမခေါ်ပြ တယ်။ ကိုမြင့်ဆွေ ဒီအမျိုးသမီးကိုရတာ တကယ် ကံကောင်းတယ်ပေါ့။ ပြဖို့လည်းကောင်းတယ်။ မိန်းမက နုနုနယ်နယ် သွယ်သွယ် ပျောင်းပျောင်းလေး။ သူ့လို မဟုတ်ဘူး။ တခြားစီပဲ တည့်မှ တည့်ပါ့မလားပေါ့။ နောက်တော့ဗျာ ကျွန်တော် ကြည့်ရင်း ကြည့်ရင်းနဲ့ ကိုမြင့်ဆွေ တော်တော်လေး ပြောင်းလဲသွားတယ်။ အရင်ကို မြင့်ဆွေမဟုတ်တော့ဘူး။ ပြောတာဆိုတာတွေ လည်း တည်တည်ငြိမ်ငြိမ်နဲ့၊ မအုန်းက အစီအမံလည်း ကောင်းပုံရတယ်။ အတွက်အချက်လဲ တော်တယ်ပြောရ မှာပေါ့။ သူ့သားသမီး တွေကို စနစ်တကျ လုပ်ပေး နိုင်တယ်လို့ထင်တယ်။ အဖေက တပ်ကိစ္စတွေနဲ့ လုံးပမ်း နေရတဲ့အချိန်၊ ကလေးတွေက အမေနဲ့ပဲ တစ်ချိန်လုံး နေရတာကိုး။ ဟိုးတလောတုန်းက ကိုတေဇတို့အဖွဲ့ ကချင်ပြည်နယ်က ရေခဲတောင်တစ်နေရာမှာ ဟယ်လီကော်ပတာ ပျက်ကျတုန်းကပေါ့။ ကျွန်တော့ဇနီးက မအုန်းဆီ သွားတယ်၊ မအုန်းကအတော်ကြီးကို ထိတ်လန့်ပူပန်နေ တယ်လေ။
 
 



                                                                                            ဦးတင်ဦး ( ကာကွယ်ရေးဦးစီးချုပ်ဟောင်း  )

                                                                                                ၂ဝ၁၁၊ စက်တင်ဘာလ ၄ ရက်နေ့ 


ကိုမြင့်ဆွေက ဘိတ်မှာ။ ကျွန်တော်ကျ မော်လမြိုင် တပ်မဟာမှာ။ တပ်မဟာ ဘယ်လောက်လဲ။ တပ်မဟာ (၅)။ အဲဒီအချိန်မှာ (၁ဝ၄)က ဘိတ်မှာ သူ့ကိုခေါ်ပြီး စစ်ဆင်ရေး။ (၁ဝ၄)ကို ခေါ်ပြီးတော့ တနင်္သာရီတိုင်းကို ငြိမ်းချမ်းရေး၊ ငြိမ်ဝပ် ပိပြားရေးရဖို့ အတွက် စစ်ဆင်ရေးလုပ်ဖို့ဆိုပြီးတော့ စစ်ရုံးကနေ ပြီးတော့ (၁ဝ၄)ကို ကျွန်တော့်ဆီပို့လိုက်တာ။ ကျွန်တော်က သူ့ကို ဘိတ်ကို ပို့လိုက်တယ်။ စစ်ဝန်ထမ်း။ စစ်ဝန်ထမ်း ဆိုတော့ အဲဒီခေတ်က စောသေးတယ်။ တပ်မဟာမှာကို မဟုတ်သေးဘူး။ ကျွန်တော်က တပ်ရင်းမှူး။ မော်လမြိုင်ကို တပ်ရင်းမှူးအဖြစ်နဲ့။ အဲဒီတုန်းက စစ်ဆင်ရေးမစသေးဘူး။ အများကြီး လိုသေးတယ်။ အဲဒီတုန်းက ၁၉၄၉ ခုနှစ်။

စစ်ဝန်ထမ်းဆိုတာ ဘယ်လိုသဘောမျိုးနဲ့ ဖွဲ့တာလဲ။ စစ်ဝန်ထမ်းတပ်တွေက တိုးချဲ့ခွင့်လည်း မရဘူးလေ။ နောက်တပ် ကလည်းရှိတာက ကျွန်တော်တို့ အမာခံ တပ်ရင်း (၃၊ ၄၊ ၅) နဲ့ စတာလေ။ ဒါပေမယ့် အင်္ဂလိပ်တွေကသူ့ဟာနဲ့ သူဖွဲ့ထားပြီးသား ရှိတယ်။ တိုင်းရင်းသားတပ်ရင်း။ (၁) ကချင်၊ (၂) ကချင်၊ (၃) ချင်း၊ (၄) ဂေါ်ရခါး။ သူတို့ဖွဲ့ထားတာ။ အဲဒီတပ်တွေနဲ့ ကျွန်တော်တို့ တပ်ရင်း (၃) ခုနဲ့ ပေါင်းပြီးတော့ အဲဒီအချိန်မှာ သိပ်အခြေ အနေဆိုးတဲ့ အချိန်ပေါ့။ အဲလောက်ပဲရှိတယ်။ နယ်မြေ ထိန်းဖို့၊ ပြုဖို့လိုလာတော့ အစိုးရကလည်း ခွင့်ပြု ပေးလိုက်တယ်။ စစ်ဝန်ထမ်း တပ်ရင်းထောင်ဖို့အတွက် ဗိုလ်ချုပ် မထောင်လို့ မရတော့ဘူး။ အခြေအနေကလည်း ဆိုးနေပြီ။ လူခေါ်လို့လည်း မရ။ ပေးလို့လည်းမရ။ ဘာလုပ်ရလည်းဆိုတော့ ကျွန်တော်တို့ တပ်ရင်းတွေမှာ ရောက်နေတဲ့ (၃၊၄၊၅) ထဲမှာရှိတဲ့ စိတ်ချရတဲ့ ဝန်ထမ်း တွေကို ကျွန်တော်တို့ ခေါ်လိုက်တယ်။ ခေါ်လိုက်တဲ့ အထဲမှာ ဗိုလ်မြင့်ဆွေပါလာတယ်။ အဲဒီပါလာတဲ့ စစ်ဗိုလ်တွေကို ဗိုလ်ချုပ်နေဝင်းကိုယ်တိုင် စစ်ဝန်ထမ်း တပ်ရင်းမှူးဆိုပြီး ဗိုလ်မြင့်ဆွေကို ခန့်လိုက်တယ်။ ခန့်လိုက်ပြီးတော့ ဗိုလ်ချုပ်က ဘာပဲပေးလိုက်လဲ ဆိုတော့ ငွေပဲ အလုံးအရင်းနဲ့ပေးလိုက်တယ်။ ငါတို့က လက်နက်တွေ ပို့ပေးမယ်။ မင်းဘာမင်း လူစု။ နေရာ ထိုင်ခင်းကော အစစအရာရာပေါ့။

တပ်ရင်း (၅) က ဗိုလ်မြင့်ဆွေကို ပေးရတယ်။ အဲဒီမှာ ဗိုလ်မြင့်ဆွေက မြိတ်စစ်ဝန်ထမ်းတပ်ရင်းကို ထောင်ပြီး သူက ဗိုလ်ကျော်ထင်ကို ဒုတိယတပ်ရင်းမှူး အဖြစ်ခန့်လိုက်တယ်။ တပ်ရင်းမှူးပေါ့။ ခုနှစ်က (၅ဝ) ခုနှစ်ကျော်နော်။ အဲဒီအချိန်မှာ အဏ္ဏဝါ ပါမလာသေးဘူး။ မြိတ်မှာ ရန်သူကျမလာအောင် ထိန်းရတယ်။ မြိတ်မှာလည်း ရန်သူတွေက သူ့ဘာသူ အလို အလျောက် တိုက်လာတဲ့ အတွက် ရွာထဲကလည်း ကာကွယ်ရေး တွေ ခွဲကြတယ်။ အဲဒါတွေလည်း ဗိုလ်မြင့်ဆွေက သူကိုယ်တိုင် ဦးဆောင် ပြီးတော့ ပြန်ဖွဲ့ရတာပေါ့။ အဲလိုဖွဲ့တော့ မြိတ်က ကာကွယ်ရေးအကြီးဆုံးခေါင်းဆောင်က မီးသတ်။ မြိတ်က မီးသတ် ကိုကာကွယ်ရေးဖွဲ့တော့ အင်အားက (၁ဝဝဝ) လောက်ရှိတယ်။ လက်နက်တွေကို ဗိုလ်ကြီးမြင့်ဆွေက သူ့နည်းနဲ့သူရှာ။ စစ်ဝန်ထမ်း လက်နက်ဆိုတာကတော့ ကျွန်တော်တို့က ပေးတာပေါ့နော်။ စစ်ဝန်ထမ်းက ကောင်းကောင်းမကြီးကျယ်ခင်မှာ ခုနက ကာကွယ်ရေး အဖွဲ့နဲ့မြို့တွေကို ထိန်းရတာပေါ့နော်။ မြိတ်မှာ အကြီး အကျယ် ကာကွယ်ရေးဖွဲ့ထားတာ ပထမ အဲဒီမီးသတ် အဖွဲ့။ မီးသတ်က သူ့ရပ်ကွက် အလိုက်ပေါင်းပြီးတော့ ဖွဲ့ထားတာ။ မီးသတ် ကာကွယ်ရေးအဖွဲ့ တော်တော် များတယ်။ (၁ဝဝဝ) လောက် ရှိတယ်။ အဲဒါကို ဗိုလ်ကြီးမြင့်ဆွေက ဖွဲ့ပေးတယ်။


ခြေမြန်တပ်ရင်းရဲ့ သဘောထားကတော့ သူက ဒေသကို ထိန်းသိမ်းထားရတဲ့ တပ်ရင်းမဟုတ်ဘူး။ ရန်ကုန်တို့ ဘာတို့မှာထားတယ်။ ဘယ်နေရာမှာ အရေး အကြောင်းရှိတယ်။ ဘယ်တပ်မဟာက ခြေလျင်တပ်ရင်းကို လိုတယ်ဆို ပို့ပေး ရတယ်။ ဘိတ်ထိအောင် ကွန်မြူနစ် တွေက လာတိုက်တာ။ အဲဒီမှာ ခရိုင်ဝန်တစ်ယောက် ဆုံးသွားတာ။ ဆိပ်ကမ်းမှာရှိတဲ့ မော်တော်တွေဘာတွေ အဲဒီကောင်က ဆွဲသွားတာ။ အဲဒီတော့ ကျွန်တော်လည်း ဒီဘက်က အခြေအနေလည်းကောင်းရော ဒီဘက်က (၁ဝ၄) ရယ်၊ ဒီဘက်ကတပ်တွေနဲ့ (၁ဝ၄) ကတော့ အဓိကပါပဲ။ ဗိုလ်မှူးမြင့်ဆွေကို အဏ္ဏဝါစစ်ဆင်ရေး ဆိုပြီးတော့ ဘိတ်မှာ ကျွန်တော်ကိုယ်တိုင်ပဲ သူ့ကိုခိုင်းတာ။ နောက်ဆုံး အရေးကြီးတာက ကျွန်းတစ်ကျွန်းရှိတယ်။ ကတန်ကျွန်းမှာ လူသူ အရောက်ပေါက် နည်းတဲ့ နေရာမှာ ဒီကောင်တွေ ကွန်မြူနစ်က ခိုနေတာ။ အဲဒါကို ကိုမြင့်ဆွေက ကျောဘက်ကနေလှည့်ပြီးတော့ ကုတ်ကပ်ပြီးတော့ သိမ်းရတာ။ သိမ်းရတဲ့အခါကျတော့ အကုန်လုံး မော်တော်ဘုတ်တွေဘာတွေ ပြန်ရလာတယ်။ ဟိုကောင်တွေလည်း ထွက်ပြေးတာပေါ့လေ။ သူတို့လည်း အကျအဆုံးများပါတယ်။ နောက်ပြီး အဲကောင်က ကွန်မြူနစ် စိုးလွင်။ စိုးလွင်ခေါင်းဆောင်တဲ့ အဖွဲ့ သူတို့ကို တိုက်ရတာ။

သူက ရှမ်းစပ်တယ်ဆိုပြီးတော့ ရှမ်းပြည်က လူတွေက သူ့ကို ကြည်ညိုတယ်။ အားလည်းအားကိုး တယ်။ သူကလည်း တရုတ်ဖြူတွေနဲ့ မတူတာက သူကိုယ်ပိုင် အဆောက်အဦး ဆောက် တဲ့ အခါမှာ အင်္ကျီချွတ်ပြီးတော့ သူကိုယ်တိုင် ကြီးကြပ် ပြီးတော့ ဆောက်တာ။ ဆောက်ပေးတဲ့သူတွေက ရဲဘော်တွေနဲ့ ရှမ်းရွာသားတွေ။ ရှမ်းရွာသားတွေက ဝါးတို့၊ ဟိုဒင်းတို့ ယူလာတာ။ ကျသင့်ငွေကို ကိုမြင့်ဆွေက ပိုက်ဆံပေးတာ။ အဲဒါကို ရှမ်းတွေက အံ့သြနေတာ။ တရုတ်ဖြူတွေနဲ့တုန်းက ပိုက်ဆံတစ်ခါမှ မရဘူး။ ဗမာစစ်တပ်က ပေးရပါ့မလားပေါ့။ တခုခုသူတို့ ဆီကဝယ်ရင်လည်း ပိုက်ဆံပေးဝယ်တယ်။ ဟိုရှမ်းမြင့်ဆွေလို့ ခေါ်တာသူက ရှမ်းစပ်လို့။ ဟုတ်တယ်။ သူရှမ်းစပ်တယ်။ ခင်ဗျားဘက်ကလား ဘယ်ဘက်ကလဲ။ ဟုတ်တယ်။ ဟုတ်တယ်။ ဒါမို့လို့ ရှမ်းမြင့်ဆွေလို့ခေါ်တာ။ သူတို့ ဟိုဒင်းတွေ အစွဲရှိတယ်ဗျ။ ဘယ်လောက် စပ်မှန်းတော့ မသိပေမဲ့။ သူ့ကိုတာလတို့ ဘာတို့က သိပ်ကြည်ညိုတာ၊ အခုအချိန်ထိ ကျွန်တော်သိတဲ့ တော်တော်လေးကြာပါပြီ ရောက်ဖူးတာတော့။ သူ့ကို ဗိုလ်မှူးလုံလို့ခေါ်တယ်။ သက်ကြီး ရွယ်ကြီးတွေပေါ့။ ခုချိန်ထိသူ့နာမည်ရှိတုန်း။ 
 



                                                                                                             ဗိုလ်မှူးကြီးစောမြင့် (မှူးသမိန်)

                                                                                                             ၂ဝ၁၁၊ သြဂုတ်လ ၃၀ ရက်နေ့ 



(၁၉၆၁) ခုနှစ်တွင်း၊ အမှတ်(၅) ကချင်သေနတ်ကိုင် တပ်ရင်းသည် မန္တလေးတောင်ခြေ ဘုန်းတော်တို့ရွာ အနီးတွင် အခြေစိုက်လျက် ရှိသည်။ ထိုစဉ်က တပ်ရင်း ဌာနချုပ်က နောက်တန်းတွင်ရှိရန်၊ အခြားတပ်ခွဲများ ရှေ့တန်းတာဝန် ထမ်းဆောင်ရန် မဲခေါင်မြစ် ကမ်းမြေဖို့၊ မိုင်းပါသျှိုနှင့် ကျိုင်းလပ် စခန်းများတွင် တပ်စွဲလျက် ရှိပါသည်။ (၁၉၆၁) ခုနှစ် သင်္ကြန်မတိုင်မီ၊ ထိုတပ်ရင်းသို့ တပ်ရင်းမှူး တာဝန်ထမ်းဆောင်ရန် ဒု တိ ယဗိုလ် မှူးကြီးမြင့် ဆွေ ရောက်လာပါသည်။ တပ်ရင်းမှူးသည် နောက်တန်းတွင် ခဏသာနေပြီး ရှေ့တန်းသို့ထွက်ခွာသွားသည်။ သူသည် ဗမာ့တပ်မတော်တွင် အကောင်းဆုံးတပ်ရင်းတစ်ရင်း ဖြစ်သော ကချင်(၅) သို့ ရောက်ရှိလာ၍ ဝမ်းသာအားရ တက်တက် ကြွကြွဖြင့် ရှေ့တန်းသို့ထွက်ခွာသွားပါသည်။ ကျွန်တော်သည် ထိုစဉ် ကာလအတွင်း နောက်တန်းတွင် တပ်ရေးဗိုလ်ကြီးအဖြစ် တာဝန်ထမ်းဆောင် နေခဲ့ရာမှ ရှေ့တန်းသို့ ဝါရင့်တပ်ခွဲမှူး ဗိုလ်ကြီးအဖြစ် လိုက်ပါသွားရန် မိုင်းပါသျှို၏တောင်ဘက် (၁၀) မိုင်ခန့် ဝေးသည့်နေရာ ကျိုင်းလပ်စခန်း၌ တပ်ခွဲနှစ်ခွဲကို ကွပ်ကဲလျက် တပ်ရင်းမှူး အား အထောက်အကူပြုကာ ရှေ့တန်း တာဝန်ထမ်းဆောင် နေခဲ့သည်။ ဒုတိယဗိုလ်မှူးကြီးမြင့်ဆွေ နှင့်အတူ ( ၁၉၆၁ - ၁၉၆၂ ) အတွင်း တစ်နှစ်ကျော် အတူတကွ တာဝန်ထမ်း ဆောင်ခဲ့ပါသည်။ မိုင်းပါလျှိုနှင့် ကျိုင်းလပ်စခန်း များသည် (၁၉၆၀) ခုနှစ်က ကျိုင်းတုံစစ်ဗျူဟာမှူး၏ အစီအမံဖြင့် မိမိတပ်ရင်း (၃)ရင်းနှင့် တစ်ဖက်နိုင်ငံမှ မဟာမိတ်တပ်များ ပူးပေါင်း၍ တရားမဝင်တပ်စွဲနေသော KMT ကူမင်တန် တရုတ်ဖြူ စစ်သား (၅၀၀၀)ကျော်ကို လျှပ်တစ်ပြက် ထိုးစစ်ဆင် တိုက်ခိုက် မောင်းထုတ်ခဲ့ပါသည်။

ဒုတိယဗိုလ်မှူးကြီးမြင့်ဆွေ ကချင်(၅)တွင် တပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ်က တွေ့ရှိရသော ကောင်းမြတ်မှုများ
(က) တိုင်းရင်းသား ကချင်စစ်သားများအား အလွန် ချစ်ခင်ရင်းနှီးခြင်း။
(ခ) မော်ကွန်းဝင်စစ်သည်ဖြစ်သည့်အပြင် နိုင်ငံခြား အတွေ့ အကြုံရှိသူပီပီ ရဲဘော်များကို တက်ကြွစွာ လက်တွဲ ခေါ်ဆောင်ခြင်း။
(ဂ) ရှေ့တန်းစခန်းများတွင် သပ်သပ်ရပ်ရပ် ခေတ်မှီစွာ နေထိုင်ရန် နမူနာပြုခြင်း၊ ဥပမာ - ဝတ်စားဆင်ယင်မှု၊ လက်နက် များကို သပ်ရပ်စွာကိုင်တွယ်မှု၊ တပ်စခန်း တပ်ဝန်းကျင်နှင့် တပ်တန်းလျားများတွင် သန့်ရှင်း သာယာမှုရှိစေခြင်း။
(ဃ) ဒုတိယဗိုလ်မှူးကြီးမြင့်ဆွေသည် ရဲစွမ်းသတ္တိ ပြည့်စုံသူ၊ သူရဲကောင်းမှတ်တမ်းဝင် ထပ်ဆင့်ရရှိထားသူ ဖြစ်၍ မိမိကွပ်ကဲ ရသော စစ်သည်ရဲဘော်များ၏ ယုံကြည် အားကိုး ခြင်းကိုများစွာ အပြည့်အဝရရှိသော တပ်ခေါင်း ဆောင်တစ်ဦး ဖြစ်ပါကြောင်း။
(ဒုတိယဗိုလ်မှူးကြီး လဘန်လ ကြည်း-၆၂၄၀(ငြိမ်း)သည် တတိယကြိမ် ကချင်ပြည်နယ် ပြည်သူ့ကောင်စီ (၁၉၈၁-၈၅)၏ ပင်စင်ရ ဥက္ကဌဟောင်းဖြစ်ပြီး ယခုအခါ မြစ်ကြီးနားမြို့တွင် နေထိုင်လျက်ရှိပါသည်။
 




                                                                                                          ဒုတိယဗိုလ်မှူးကြီး လဘန်လ (ငြိမ်း) 



ရွာကြီးတစ် ရွာကိုစီးတဲ့ အချိ န် မှာနော် မင် နယ် ရိုးကြီးတစ် ခု လုံး ကိုရလိုက်တယ်။ အဲဒီအချိန်မှာ ကွန်မြူနစ် ခေါင်းဆောင်က မြင့်ထွေး။ သူကထွက်ပြေးနေတယ်။ ရွာထဲဝင်ပြီး ကွန်မြူနစ်က ဘယ်သူလဲမေးပြီး ဖမ်းပေါ့။ အဲဒါပြီး ကွန်မြူနစ်အကုန်နီးပါးပဲ ကုန်သွားတယ်။ အဲဒါ ပြီးတော့ ကျွန်တော်တို့ မြိတ်ကိုပြန်သွား တာ။ အဲဒီမှာ မြိတ်တစ်ကြောလျှောက်တိုက်တာ။ အဲဒီမှာ ကွန်မြူနစ် ခေါင်းဆောင်မြင့်ထွေးကိုမိတယ်။ မိုင်းတွေ တော်တော်ထောင် ထားလို့တော်တော်သေကြတယ်။ ဗိုလ်မှူးကြီး မြင့်ဆွေက မင်းတို့ ပြန်ဆုတ်ခဲ့၊ မင်းတို့ မိုင်းအကြောင်း နားမလည် ဘူးဆိုပြီး ဗိုလ်ကြီးဉာဏ်ထွန်းကနေပြီး မိုင်းသင်တန်း တပ်ရင်း တစ်ရင်းလုံး ကို ပေးတယ်။ သူတို့ကို မိုင်းတွေပြန်ထောင်ပေါ့။ နောက်ဆုံး ထွက်ပြေးသွားတဲ့ ကွန်မြူနစ် ခေါင်းဆောင် မြင့် ထွေးကိုယိုးဒယား နယ်စပ်က စခန်းတစ်ခုမှာ မိတယ်။
အဲဒီအချိန် မြင့်ထွေးစခန်းမှာ ပစ္စည်းတွေ ဘာတွေကော ရလိုက်တယ်။ ဆုငွေတွေ ဘာတွေလဲ ရလိုက်တော့ ဗိုလ်မှူးကြီး မြင့်ဆွေက မင်းတို့ဆုငွေတွေကို စားမနေကြနဲ့တော့။ တို့လည်း ချမ်းသာနေတာပဲ။ အဲဒီ တုန်းက ရိက္ခာငွေက တစ်ရက်ကို (၅) ကျပ်ရတယ်။ အဲဒီတော့ မင်းတို့စားလို့လဲမကုန်ဘူး။ ဒါတွေကို မက်မော မနေနဲ့တော့။ တို့ဒါတွေကို ဘုန်းကြီးကျောင်းလှူလိုက်ရ အောင်လို့ပြောပြီး မြိတ်ဘုန်းကြီးကျောင်းမှာ လှူလိုက် တယ်။

သူစွန့်စွန့်စားစားတိုက်တဲ့ တိုက်ပွဲတွေထဲမှာ အောင်မာဃ စစ်ဆင်ရေးကတော့ အပီပြင်ဆုံးပဲ လို့ထင်တယ်။ သူက ချလည်း ချတယ်။ ရန်သူနဲ့တွေ့ရင်လည်း တကယ်ရက်စက်တယ်။ အမေရိကန် အင်္ကျီကြီးဝတ်ပြီးတော့ ကျောပိုးအိတ်ကြီးထဲမှာ Dry Ration တွေနဲ့ ရဲဘော်တွေစားစရာမရှိတော့ဘူးဆိုရင် သူ့အိတ်ကြီးထဲက နေထုတ်ပြီး စားကြကွာဆိုပြီးကျွေးတာ။ သူက မုတ်ဆိတ်လည်း မရိတ်ဘူး၊ ဆံပင်လည်း မညှပ်ဘူး၊ အင်္ကျီက ဒီတစ်ထည်ပဲ။ ဒါကိုပဲ လျှော်လိုက်၊ ဝတ်လိုက်ပဲ။ ဂျီးတွေ ဘယ်လောက်တင်တင်၊ ဘယ်လောက်နံစော်နေနေ ဘာမှမပြောဘူး။ ကျွန်တော်တို့ကို ဖဲရိုက်တတ်အောင်သင်ပေးတယ်။ နောက် ဘိလိယက်ထိုးတတ် အောင်၊ မာကျောက် ရိုက်တတ်အောင်လည်း သင်ပေးတယ်။ ဘောလုံးကန်တတ်အောင်လည်းသင်ပေးတယ်။ ဘောလုံး အသင်း ထောင်ပေးတယ်။ တပ်ရင်းမှူးအသင်းနဲ့ ဒုတပ်ရင်းမှူးအသင်း ရောက်တဲ့နေရာ ကန်တာပဲ။ ဘော်လီ ဘောလည်း ကစားတယ်။ သူက မနှမြောတတ်ဘူး။ ပိုက်ဆံရှိသမျှအကုန်ပေးတာပဲ။ အိတ် ထောင်ထဲ ထည့်တာ မဟုတ်ဘူး။ ငါ့မိန်းမက ချမ်းသာပြီးသား ကွတဲ့။ ငါမလိုဘူးတဲ့ ပြောသေးတယ်။ ပြီးတော့ သူဂေါက်ရိုက် တယ်။ တပ်နားရင် ရဲဘော်တွေကြည့်ဖို့ဆိုပြီး အငြိမ့်ငှား ပေးတယ်။ ရွှေမန်းသီရိတို့၊ မေလှမြိုင် တို့လိုပေါ့။ တီးဝိုင်း ထောင် ပေးပြီး သီချင်းတွေ ဆိုကြရသေးတယ်။
တပ်ရင်းနေ့တွေလုပ်ပြီဆိုရင် ရဲဘော်တွေ အရင်စားကြ သောက်ကြ၊ အရာရှိတွေက သောက်ချင်ရင် ကိုယ့်အိမ်မှာ သောက်ခဲ့၊ စားခဲ့။ ဒီမှာမသောက်ရဘူး။ အရာရှိတွေက ရဲဘော် တွေကို ဧည့်ခံပေးရတယ်။ စောင့်ပေးရတယ်။ ရဲဘော်တွေ မူးနေရင် အရာရှိတွေက ထမ်းပို့ရတယ်။ နောက်နေ့ အရာရှိတွေ အလှည့်ကျတဲ့နေ့ ကျတော့ မင်းတို့အရာရှိတွေ ခိုင်းတာမှန်သမျှ လုပ်ပေးလိုက်။ အဲဒီလို အမိန့်ပေးတော့ Rum ဆိုတာ စည်ကြီး တွေ နဲ့ထည့် ထား တယ် ၊ဘီ ယာဆို တာတော့ ပု လင်းတွေ တန်းစီ လို့၊သောက်ချင်သလောက်သောက်။ သူက ရဲဘော်တွေကို ဂရုစိုက်တဲ့ နေရာတွေမှာတော့ အင်းတစ်အင်းလောက်ကိုသိမ်း၊ ရဲဘော် တစ်ယောက်ကို ထမင်းတစ်နပ်၊ ငါးလေးကောင်ထည့်ပေး ကုန်အောင် စားရတယ်၊ မကုန်တဲ့ ကောင်ရိုက်မယ်တဲ့

သူက၊ ရဲဘော်တွေအပေါ်မှာကော၊ အရာရှိတွေ အပေါ်မှာကော၊ စေတနာကောင်းတယ်။ တပ်နားတဲ့ အချိန်ဆိုရင် ဖဲရိုက်ချင်ရိုက် ထမင်းစားခန်းထဲမှာကို ဝါသနာပါတာ ကိုယ်လုပ် ခွင့်ပေးတယ်၊ လွတ်လွတ် လပ်လပ်ပဲ တပ်ရင်း တစ်ရင်းလုံး သိပ်ပျော်စရာကောင်း တယ်၊ တပ်ရင်းမှူးမြင်လိုက်တာနဲ့ Happy ပဲ။ ညတိုင်း တပ်ရင်းမှူး အိမ်ပေါက် စေ့ရောက်တယ်။ ထမင်းစားခန်း ထဲမှာ အရက်သောက်ချင်တဲ့ကောင်သောက်၊ မင်းတို့ ပိုက်ဆံ တော့ပေးခဲ့၊ အကြွေးနဲ့လဲသောက်၊ လက်မှတ် တော့ထိုး၊ ပိုက်ဆံတော့ ပေးပေါ့၊ စစ်ဆင်ရေးထွက်နေတယ်ဆိုရင်မြိတ်ကနေ ကျောက် တစ်လုံးကို တပ်ရင်း တစ်ရင်းလုံးစာ မြိတ်ကတ်ကြေး ကိုက်မှာပြီး ရဲဘော်တွေကို တစ်ထုပ်စီပေးတဲ့အပြင် Family လိုင်းမှာ ရှိတဲ့ သူတွေကိုပါ ဝေပေးတာ။ လေယာဉ်ပျံနဲ့ ပို့ပေးတာ၊ ပူပူနွေးနွေး သံ ပုံးကြီးတွေ နဲ့ ထည့်ပြီးဝေပေးတာ။ မိ န်းမတွေ ကလဲ သိ ပ် ကျေနပ် တာ၊ ဗိုလ်မှူးမြင့်ဆွေ ဘာပြောပြော သိပ်စေတနာရှိတာ
မမအုန်းကိုလည်း မမအုန်းဘာခိုင်းမလဲ၊ ခိုင်းချင် တာခိုင်း ကျေနပ်တယ် မမအုန်းကလဲ၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေး လုပ်ပေးတယ် အတွင်းရေးမှူးက ကျွန်တော့မိန်းမ။ မမအုန်းကို လည်း တပ်ရင်းက သိပ်ချစ်ကြ တယ်။ သူက သူဌေးသမီးလေ သူ့မှာဘာမှမလိုဘူး၊ ဘယ် သူနေမကောင်းလဲ သူပဲသွားကြည့် ပေးတယ်၊ လိုအပ်တာ လုပ်ပေးတယ်၊ ကလေးမွေးပေးတယ်။ အနှီးပိတ် အလကား ပေးတယ်။ (၁၀၄)မှာ တင်းနစ်ကို ညကြီး ရိုက်ခိုင်းတာနော်၊ ဗမာပြည်မှာ ပထမဆုံး ညဘက်ရိုက်တဲ့ တင်းနစ်ကုတ်စ်ဟာ ဗိုလ်မှူးမြင့်ဆွေပဲလို့ ကျွန်တော် ထင်တယ်၊ သူကရောက်တဲ့ နေရာ တင်းနစ်ကုတ်စ် အရင်ဆုံးလုပ်တယ်၊ သူလဲရိုက် တာပဲ။ အင်တာနေရှင်နယ် ကုတ်စ်နော်။ မီးတွေလင်း နေအောင် ထွန်းပြီးရိုက်တာ၊ မီတာခလဲပေးတယ်။



                

                                                                                                                  ဗိုလ်ကြီးသန်းတန် (ငြိမ်း) 

                                                                                                            ၂ဝ၁၁၊ သြဂုတ်လ ၂၀ ရက်နေ့ 

ဗိုလ်ကြီးသန်းတန် (ငြိမ်း) ကြည်း-၇၁၁၅ သည် ယခုအခါ အသက် (၈၄) နှစ်ရှိပြီး ပြင်ဦးလွင်မြို့တွင် နေထိုင် လျှက်ရှိသည်။ အောင်မာဃစစ်စင်ရေး၊ အဏ္ဏဝါ စစ်ဆင်ရေး များနှင့်အတူ တပ်စုမှူး တာဝန်ယူ၍ ပါဝင်ဆင်နွှဲခဲ့သူဖြစ်သည်။ လင်းယုန်တပ်တွင် ညောင်ဦးဖီး တပ်ခွဲ၌ တာဝန်ကျသူဖြစ်သည်။





၁၉၅၆၊ ဇန်နဝါရီ (၆) ရက်နေ့မှာ တပ်မင်း ဗိုလ်မှူးကြီးကြည်ဝင်း ခေါင်းဆောင်တဲ့ တပ်မဟာ (၁ဝ) ကနေပြီး တော့၊ အောင်မာဃ စစ်ဆင်ရေး လုပ်တော့မယ်ဆိုတာကို ကျွန်တော်တို့ ကွန်မြူနစ်တွေက တောထဲကနေပြီး ကြိုပြီး သတင်းရတယ်။ သတင်းကြိုရတဲ့အကြောင်းက မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဖြစ်နေတဲ့ ဗိုလ်မှူးချုပ်ကျော်ဇောဆီက အဆက်နဲ့ရတာ။ သခင်ကြီးမြင့်ဆီကရတာ သခင်ကြီးမြင့်က သူ့အိမ်မှာ နေတာကိုး၊ ဗိုလ်မှူးချုပ်ကျော်ဇောကနေပို့ပေးတာ

အဲလို သတင်းရတော့ ကျွန်တော်တို့ အဲဒီမှာ သခင်သန်းထွန်းတို့၊ ဗိုလ်ရဲထွဋ်တို့၊ သခင်ချစ်တို့ အားလုံး တိုင်ပင်ပြီးတော့ ဘယ်လိုရှောင်ရမယ်အထား အသို တွေပေါ့လေ နေရာတွေ အပြောင်းအလဲလုပ်ကြတာ။ ဗိုလ်သက်ထွန်းတို့က၊ အဲဒီတိုင်းမှာ တိုင်းတပ်အနေနဲ့ရှိတယ်။ ကွန်မြူနစ်ပါတီ ဗဟိုဌာနချုပ်ကို အကာအကွယ် ပေးဖို့ပေါ့။ နောက်ပိုင်း အောင်မာဃထိုးစစ်က သိပ်ပြင်း ထန်လာတော့၊ ဗိုလ်သက်ထွန်း တို့က သူတို့ဒီမှာ မနေနိုင်တော့ဘူး၊ ဧရာဝတီမြစ် အရှေ့ဘက် ကမ်းကို ဆုတ်ခွာတော့မယ်လို့ပြောတယ်။

အစိုးရစစ်တပ်က၊ အထူးတပ်ရင်း (၁ဝ) ထဲမှာ (၁ဝ၄) က ဗိုလ်မြင့်ဆွေ၊ ရှမ်းမြင့်ဆွေရဲ့တပ်က နာမည်အကြီးဆုံးပဲ။ ကွန်မြူနစ်ပါတီက စိုးရိမ်တယ်၊ ဘယ်လိုရှောင်ရမလဲပေါ့၊ ကျွန်တော်တို့ တော်တော်ရှောင်ပါတယ်။ တဖြည်းဖြည်းနဲ့ ရှမ်းမြင့်ဆွေတို့ (၁ဝ၄) တပ်ရင်းက အလောင်းတော်ကဿပ ရောက်သွားတယ်။ အဲဒီနောက် ဘာဖြစ်လဲဆိုတော့ ကျွန်တော်တို့ သတင်းတွေရတယ်။ ဒါကြောင့် ဗိုလ်မှူးကြီး ကြည်ဝင်းဘယ်လို ညွှန်ကြားတယ်။ ရှမ်းမြင့်ဆွေဘယ်လို လှုပ်ရှားမယ်ဆိုတာတွေ သိရတော့ ရှောင်ဖို့အခွင့်သာတယ်။ ပြန်တော့ မတိုက်နိုင်ပါဘူး။

အဲဒီအချိန်မှာ ကွန်မြူနစ်ပါတီ ဗဟိုဌာနချုပ်အတု ဆိုပြီး လုပ်လိုက်တယ်။ ဗိုလ်တင်အေးဆိုတာ စမစ်ဆိုတာ ရှိတယ်၊ စမစ်က ကုလား။ ကွန်မြူနစ်ပါတီ ပြည်သူ့တပ်ရဲ့ ကြေးနန်းဆက်သွယ်ရေးဌာနတပ်မှူး၊ သူက ဂိုရှယ်နဲ့တူတယ်။ ဗိုလ်စိုးမောင်ဆိုတာကတော့ သခင်သန်းထွန်းနဲ့တူတယ်။ စမစ် ကတော့ ဝိုင်ယာလက်တွေဘာတွေနဲ့ စေတုတ္တရာကနေပြီး ရခိုင်ဘက်ကို ခြေရာပြ။ ခြေရာပြတော့ ဗဟိုအတုကို လိုက်တာပေါ့။ လိုက်တဲ့တပ်တွေမှာ ဗိုလ်မြင့်ဆွေတို့ မပါဘူး။ ဗိုလ်မြင့်ဆွေတို့က ဒီဘက်ကျန်နေတယ်။
အလောင်းတော်ကဿပမှာ စခန်းချတုန်းက၊ သီသီလေး လွတ်သွားတာပေါ့။ (၁ဝ၄) လာမယ်ဆိုတော့ အတုလုပ်ပြီး ရှောင်ထွက်သွားရတာပေါ့။ ကျွန်တော်တို့ မုံရွာဘက်ကူးသွား ကြတာ၊ ဗိုလ်မြင့်ဆွေတို့တပ်က တော်တော်စနစ်တကျရှိတယ်၊ လှုပ်ရှားတာတွေ၊ စစ်ဆင်ရေးတွေ အထူးတပ်ဆိုတော့ ထူးခြား တာပေါ့။

အောင်မာဃ စစ်ဆင်ရေးမှာ ကွန်မြူနစ်ပါတီက သိပ်အထိနာခဲ့တာ၊ ကျွန်တော်တို့ ဗဟိုဌာနချုပ်ကို စစ်ဆင်ရေး အကြီးအကျယ်လုပ်တာ။ အဲလောက်ကြီးတာကို မရှိဘူး။ ကျွန်တော်တို့ ပခုက္ကူမှာ အဓိကခံရတာပဲ။ ယောချောင်း တို့ဘာတို့ပေါ့။ အဓိကကတော့ (၁ဝ၄) ပေါ့။ ရှမ်းမြင့်ဆွေ ရဲ့တပ်က အတော်ကို ကျွန်တော်တို့ကို ဒုက္ခ ပေးတယ်။
ပထမဆုံး ပျဉ်မနားမှာ ကွန်မြူနစ်ပါတီလက်နက်ကိုင် တိုက်ပွဲလုပ်ဖို့ ပျဉ်းမနားကို အခြေခံဖို့ဆိုပြီး အားလုံးစုစည်း ကြတယ်။ ကွန်မြူနစ်ပါတီဗဟို ဌာနချုပ်ကော၊ ပြည်သူ့ဒီမိုကရေ စီတပ်ပေါင်းစုရော၊ နောက် ကျောင်းသားအဖွဲ့၊ စစ်ရေးသမဂ္ဂ အကုန်လုံး ပျဉ်မနားမှာ စုကြတယ်။ ၁၉၅၁ - ၅၂ အစပိုင်း လောက်အထိပေါ့။ နောက်တော့ ပျဉ်းမနားက မလုံခြုံဘူးဆိုပြီး ရွှေ့ဖို့စဉ်းစားကြတာပေါ့။ ၅၂ ခုနှစ် ဇူလိုင်လမှာ သုံးပါတီ အစည်းအဝေးလုပ်တယ်။ ၅၅ ကျတော့ ဗဟိုဌာနချုပ်က စေတုတ္တရာ ဘက်ရွှေ့လာတယ်။ ၅၆ ဇန်နဝါရီဆန်းမှာ စစ်ဆင်ရေးစတော့မယ် ဆိုကာ၊ အဲဒီကစပြီးဖြစ်ခဲ့တာပဲ။

အောင်မာဃစစ်ဆင်ရေးက (၂)လ (၃)လ လောက်ကြာ တယ်။ ဗကပရဲ့ စာရွက်စာတမ်းတွေ ထွန်ရွာမှာ မိသွားပုံက ဒီလို
၅၅ ခုနှစ် အဲသတင်း တွေကရနေရော။ ထွန်ရွာမှာ ပခုက္ကူခရိုင်မှာပေါ့။ အဲတော့ အရေးကြီးတဲ့ စာရွက်စာတမ်းတွေကို သခင်သန်းထွန်းကော သခင်ချစ်ကရော တို့ဖျက်ဆီးရမယ်။ ဘာဖြစ် လို့လဲဆိုတော့ ရန်သူစစ်ဆင်ရေးက အကြီးအကျယ် လုပ်တော့မယ်။ အဲတော့ ဒါတွေပါသွားနိုင်တယ်။ ဒါပါ သွားရင် ကွန်မြူနစ်ပါတီအတွက် သိပ်အန္တရာယ်ရှိတယ်။ အဲဒီအသိနဲ့၊ အဲဒီအမြင်နဲ့ ဒါကို ဘယ်လိုဖျက်မလဲလို့ သခင်ချစ်နဲ့ သခင်သန်းထွန်းတို့ တိုင်ပင်ကြတယ်။ တိုင်ပင်ပြီးတော့ အဲဒါက ၅၅ ခုနှစ် နှစ်လယ်ပိုင်းလောက်မှာ ဖြစ်မယ်။ ကျွန်တော်တို့က ဟိုဘက် စေတုတ္တရာဘက် ပြောင်းသွားတာကိုး။ ၅၅ ခုနှစ် ဗဟိုကော်မတီ အစည်းအဝေးလုပ်တာကိုး။ စပ်ကူးမတ်ကူးပဲ။
အစည်းအဝေးအစတောင်မှ အဲဒီထွန်ရွာမှာ လုပ်သေး တယ်။ အဲတော့ အဲဒီမှာ သခင်သန်းထွန်းက ကိုထွန်းစိန်
ရဲဘော်ထွန်းစိန် (ဒလ) သူက အလွန်အစဉ်အလာကြီးတဲ့သူ။ သူ့ကို လှမ်းခေါ်လိုက်တယ်။ ကိုထွန်းစိန်အကြောင်းပြောရရင် သူက ဒလအလုပ် သမားခေါင်းဆောင်။ ဗိုလ်ကျော်ဇောနဲ့လည်း သိပ်ရင်း နှီးတယ်။ ဟိုတုန်းက ဘီအိုင်အေတုန်းက ဗိုလ်ကျော်ဇော ရဲ့ အတွင်းရေးမှူးလုပ်ဖူးတယ်။ နောက် တိုင်း (၄) တိုင်း တုန်းက လည်း ကိုကြီးမြင့်နဲ့ အတူတူလုပ်ခဲ့ကြတယ်။ အဲတော့ သံယောဇဉ်သိပ်ကြီးတယ်။ ခေါ်ပြောတာက ကဲ ကိုထွန်းစိန် ဒီဗိုလ်ကျော်ဇောဟာတွေ စာရွက်စာတမ်း တွေရှိတယ်။ အဲဒါတွေ ကို ရန်သူထိုးစစ်ထဲ မပါအောင် ဒါတွေ ကျွန်တော်ဖျောက်ဖျက် ချင်တယ်။ အဲတုန်းက ကျွန်တော်က မသိသေးဘူး။ ကိုထွန်းစိန် တစ်ယောက်တည်းပဲ တာဝန်ပေးတာ။ အဲဒါကို ကိုထွန်းစိန် ဖျောက်ဖျက် ပေးပါဆိုပြီးတော့ အဲလိုပြောလိုက်တယ်။ အဲဒီ အချိန်မှာ ကိုထွန်းစိန်ကြီးက သူစိတ်ချအရဆုံးလူက ကျွန်တော် ဖြစ်နေတယ်။ ကျွန်တော့်ကို တစ်နေ့လာပြောတယ်။ ဟေ့ ငါ့ကို အဲလိုပြောတယ်။ ငါတော့ ဒီလိုစဉ်းစားတယ်။ ဒီဗိုလ်ကျော်ဇောတို့ ကိုကြီးမြင့်တို့ ဆိုတာက အလွန်အစဉ်အလာကြီးတဲ့ လူတွေဖြစ် တယ်။ ဒါတွေတို့ ဖျောက်ဖျက် မပစ်ဘဲ လျှို့ဝှက်ထိန်းသိမ်းနိုင်ရင် နောက်သမိုင်းမှာ ဒါတွေအထောက်အထားတွေ ဖြစ်မယ်။ နောက် သူတို့အတွက် အများကြီးအကျိုးဖြစ်မယ်ဆိုပြီးတော့ သူက အဲဒီလို စဉ်းစားတယ်။ ကျွန်တော်ကလည်း ကောင်းတာပေါ့။ ကျွန်တော်တို့ ထိန်းသိမ်းနိုင်ရင် လျှို့ဝှက်ထားနိုင်ရင် ဒါရမှာပဲလို့ ကျွန်တော်က ပြောလိုက်တယ်။ မင်းလည်း ငါ့ကို အတတ်နိုင်ဆုံး ကူညီကွာလို့ပြောတော့ ကျွန်တော်တို့ ထွန်ရွာနဲ့ တော်တော် ဝေးဝေးပေါ့လေ နှစ်မိုင် သုံးမိုင်လောက်မှာ သွားပြီး တော့ မနက်ပိုင်း ပျဉ်းကတိုးပင်ကြီးအောက် ချောင်းဘေးမှာ အမှတ် အသားလုပ်ရအောင်ဆိုပြီး ကျင်းသုံးကျင်းတူးတယ်။ ကျင်းသုံးကျင်း တူးတာကတော့ မသိအောင်လုပ်တာပေါ့လေ။ တစ်ကျင်းမှာ ကျွန်တော်တို့ မြှုပ်ပြီးတော့ထားတယ်။ အဲဒါကို ရွာသား တစ်ယောက်က ဒီလို အဲနေ့က လေးနာရီခွဲလောက်မှာ ရွာသားအသက် ၃၅၊ ၄ဝ လောက်ရှိတဲ့လူတစ်ယောက်ကို တွေ့လာတယ်။ ကျွန်တော်ကပြောတယ် ကိုထွန်းစိန် ကျွန်တော်တို့ နှစ်ယောက်တည်းတော့ မလုပ်နိုင်ဘူး။ သူလည်းဘာမှ သိတာ မဟုတ်ဘူး။ ကျွန်တော်တို့ သူ့ကို အကူအညီတောင်းပြီးတော့ တူးခိုင်းမယ်။ ကျွန်တော်တို့က တူရွင်းတွေ ဘာတွေ အကုန် ပါပြီးသား။ ကျွန်တော်တို့ တူးလိုက်တော့ သုံးကျင်းလည်းတူး လိုက်ရော သူကလည်း ဘာမှ သိတာမဟုတ်ဘူး။ စိတ်ချရတဲ့ ကျင်းကို မြှုပ် လိုက်တာ။ သူကတော့ အစောကြီးပြန်သွားတာပေါ့။ အကုန်လုံး လက်စလက်နတွေဖျောက်ပြီးတော့ စခန်းပြန် လာတာ။ အဲမှာနောက် အောင်မာဃ စစ်ကြောင်းတွေ ဝင်လာတဲ့ အခါကျတော့ ငါ ဒီဟာတော့ တူးခဲ့တယ်။ သူတို့ ဘာတွေ လုပ်မှန်းတော့ မသိဘူးဆိုပြီး စစ်တပ်ကို သတင်းပို့တာ။ ဘယ်တပ်မှန်းတော့ မသိဘူး။ စစ်တပ်က သွားတူးတာပေါ့။ အဲဒီမှာ ဗိုလ်ချုပ်ကျော်ဇော ပြုတ်တာပေါ့။

 

်ရဲဘော်ဘခက် (သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ) စာအုပ်ပြုစုသူ

                                                                                             ၂ဝ၁၂၊ ဇူလိုင်လ ၁၂ ရက်နေ့



၁၉၅၄ ခုနှစ်၊ ကျွန်တော်က ဗိုလ်သင်တန်း ဆင်းဆင်း ချင်း (၁၀၄) တပ်ကို စရောက်တယ်။ ပထမဆုံး (၁၀၄)တပ်ကို စဖွဲ့တော့ ဗိုလ်ကြီးချစ်စိန်နဲ့ စုစုပေါင်း (Founder) (၁၀) ယောက်၊ ၁၉၉၅ ခုနှစ် (13th Bathch) မန္တလေးမှာစဖွဲ့တာ။ ၁၉၅၆ ခုနှစ် (14th Batch) မှာ (၇) ယောက် ရောက်တယ်။ ပထမဆုံး စစ်ဆင်ရေးက ဘာလုပ်ရသလဲဆိုတော့ ရတနာနတ်မယ်ရဲ့ အများသား ဆရာဝန်ကို ကွန်မြူနစ်က ပြန်ပေးဆွဲတဲ့အခါ (၁၀၄) တပ်ကို ပထမဆုံး စစ်ဆင်ရေးအနေနဲ့သွားပြီး ချေမှုန်းရတယ်။ ရတနာ နတ်မယ်ရဲ့ အမျိုးသားကို ပြန်ပေးဆွဲတဲ့သူက မေမြို့ ဗိုလ်သင်တန်းကျောင်းက တောခိုသွားတဲ့ ဗိုလ်ထွန်းအောင် ဖြစ်တယ်။ မေမြို့အထွက် ကြွက်နဖားတောင်ကနေတက်ပြီး ရှမ်းရွာလေးကို (၁၀၄)က Surgeon တစ်ယောက်က ရုပ်ဖျက်ပြီး ကွန်မြူနစ် ဟန်ဆောင်ပြီး ဖမ်းခဲ့ရတယ်။ အဲဒီကစပြီး (၁၀၄) တပ်က နာမည်ရလာတယ်။ အဲဒီ (၁၀၄)မှာ တပ်ရင်းမှူးက ဗိုလ်မှူးမြင့်ဆွေပါ။ Special Force အထူးတပ်ရင်း (အရေးကြီးတဲ့ နေရာကို သွားတိုက်ရတယ်) ဗိုလ်ကြီး သန်းတန် (၈၄)နှစ်က စစ်ဆင်ရေးကို အသေးစိပ်ပြောနိုင်တယ်။ (၁၉၅၆) ခုနှစ် (14th Batch) မှ (၁၀၄)တပ်ကို ရောက်လာတာပေါ့။ ကိုလှဖေက ဗိုလ်မှူးမြင့်ဆွေရဲ့ အချစ်ဆုံး သူငယ်ချင်း။ ဗိုလ်မှူးမြင့်ဆွေက သူရဲကောင်းမှတ်တမ်းဝင်ကို တပ်ရင်း(၇) စစ်ဝန်ထမ်းကနေ ရခဲ့တာပါ။ မြိတ်မှာ ဗိုလ်ချုပ်တင်ဖေက တိုင်းမင်းကြီးပေါ့။ အောင်မာဃ (ပုံတောင်ပုံညာ) ပြီးတော့ မင်္ဂလာဒုံမှာ ရွှေ့ရတယ်။ ပြီးမှ ကျောက်တလုံး ပြောင်းကြတယ်။ အဲဒီအချိန်က ဗိုလ်တင်မောင် က (AQ)။ မြိတ်ကို အဏ္ဏဝါစစ်ဆင်ရေး သွားရတယ်။ ဗိုလ်မှူးမြင့်ဆွေနဲ့ ကျွန်တော်ကတော့ မော်လမြိုင် ကျောက်တလုံး ကို လေယာဉ်နဲ့ သွားကြတယ်။ ကျန်တဲ့သူတွေကတော့ မတန်း သင်္ဘောနဲ့ သွားကြတယ်။ အဲဒီမှာ အထူးတပ် မဟုတ်တော့ဘူး။ ခြေမြန်တပ်ရင်း (၁၀၄) ဖြစ်သွားပြီ။ တပ်မ (၅) ဗိုလ်ချုပ်အောင်ရွှေ လက်ထက်မှာ မင်းရန်အောင်စစ်ဆင်ရေးလုပ်တယ်။ အဓိက တော့ ဗိုလ်စိုးတို့ လင်းထင်တို့ကို လိုက်ကြတာပေါ့။ မြဝတီကနေ အောက်ကိုဆင်းတဲ့အခါ ရွာကြီးတွေဖြစ်တဲ့ နေရာပေါ့။ ကျွန်တော်တို့ (၁၀၄)တပ်ရဲ့ ခြေရာတွေပေါ့။ စစ်ဆင်ရေးလုပ်ရင် ဗိုလ်မှူးမြင့်ဆွေက ရှေ့က၊ ကျွန်တော်က နောက်က ကပ်လိုက် ရတယ်။ ကျန်စစ်သားတပ်ခွဲ၊ ငလုံးလက်ဖယ်တပ်ခွဲ၊ ငထွေရူး တပ်ခွဲ၊ ညောင်ဦးဖီးတပ်ခွဲ၊ နောက်ခံတပ်ရင်း သီလဝ၊ အလံက လင်းယုန်ပုံ။
ဗိုလ်မှူးမြင့်ဆွေက တစ်နေရာသွားရင် အိမ်အတွက် အမှတ်တရတစ်ခုခု ယူလာလေ့ရှိတယ်။ အောင်မာဃ ပုံတောင်ပုံညာမှာ။ ဗိုလ်ကြီးသန်းတန် (၈၄)နှစ်က စစ်ဆင် ရေးကို အသေးစိတ်ပြောနိုင်တယ်။ ၁၉၅၆ ခုနှစ် (14th Batch) မှ (၁၀၄) တပ်ကို ရောက်လာတာပေါ့။ ဗိုလ်မိုးဟိန်းကတော့ အစောကြီးဆုံးသွားတယ်။ ဗိုလ်မှူးမြင့်ဆွေရဲ့ ထူးခြားတဲ့ Char
¬
acter က အရာရှိတွေအားလုံးကို သူငယ်ချင်းတွေလို ပေါင်းတာ။ ဗိုလ်မှူးမြင့်ဆွေဟာ ကျွန်တော်နဲ့က ရုပ်ရှင်ကြည့်လည်း အတူတူ ပဲ။ မန္တလေး ဝင်းလိုက်ရုံမှာ ရုပ်ရှင်သွားကြည့်တုန်းက ကျွန်တော်က မူးနေလို့ အပြန်မှာ ဗိုလ်မှူးမြင့်ဆွေက ထမ်းခေါ်ရတယ်။

ဗိုလ်မှူးမြင့်ဆွေက သတ္တိအရမ်း ကောင်းတယ်။ စွန့်စား တယ်။ ခပ်ပျော်ပျော်နေတတ်တယ်။ တပ်မမှူး ဗိုလ်ချုပ်အောင်ရွှေ လက်ထက် ည (၁၂) နာရီ လောက်မှာ ကော့ဂရိတ်ကနေ ကျောက်တလုံးကို ကျွန်တော်၊ ဗိုလ်မှူးမြင့်ဆွေ၊ ဒေါက်တာသိန်းဇံ တို့နဲ့ သွားတုန်းက ကိုယ်တိုင်ကားမောင်းတယ်။ ကော့ကရိတ်မှာ ကြက်သားဟင်းထဲ ဆေးခြောက်ထည့်တော့ တုံးကျော်တဲ့ သူကကျော်နဲ့ ရယ်ကြရတယ်။ အဲသလိုပျော်ပျော် နေတတ် တဲ့သူပါ။ Joke ကို လွန်လွန်ကဲကဲ လုပ်တတ်တယ်။ ပေါ်တာငှားခွင့်တင်တဲ့ ပိုတဲ့ပိုက်ဆံတွေအားလုံးကို တပ်ရင်း ရံပုံငွေထဲ အားလုံးထည့်တယ်။ ပိုက်ဆံအလွဲ သုံးစား လုံးဝမ လုပ်ဘူး။ တပ်ရင်းတစ်ရင်းလုံးကို တပ်ရံပုံငွေနဲ့ ဆောင်းတွင်းဝတ် ကုတ်အင်္ကျီတစ်ထည်၊ ဘောင်းဘီရှည်တစ်ထည် ဝယ်ပေးတယ်။ ရဲဘော်တွေ ကြည့်ချင်တဲ့ ရန်ကုန်မှာနာမည်ကြီးတဲ့ ရွှေလိပ်ပြာ အငြိမ့် ငှားပြတယ်။
ဗိုလ်မှူးမြင့်ဆွေက သိပ်တက်ကြွတဲ့ တပ်ရင်းမှူးပဲ။ သူကိုယ်တိုင် ခေါင်းဆောင်ပြီး ရှေ့ကသွားတာ။ တစ်နေ့ကို မိုင် (၂၀) (၂၅) အပျော့ပဲ။ သိပ်မြန်တယ်။ သူက ဘယ်နေ ရာမဆို ရှေ့ကတက်တာ။ သေနတ်ပစ်လည်း သိပ်လက်ဖြောင့်တယ်။ (၄၅) အမြဲတမ်းပါတယ်။ ကာဘိုင်ပါတယ်။ ဘရင်းဂန်းလည်း ပါတယ်။ အမြောက်တွေဘာတွေ မရှိသေးဘူး။ လေယာဉ်ပေါ် ကနေ ဗုံးကြဲတာလည်း မရှိသေးဘူး။ နောက်တန်းကာတိုက်ပွဲ ပွဲတိုင်းကျော် ဗိုလ်မှူးကြီး မြင့်ဆွေကို ဗိုလ်မှူးကြီးကြည်ဝင်းတို့က သိပ်ချစ် တယ်။ စက်နဲ့ ဘာစားချင်လဲ အမြဲမေးတယ်။ ဘဲကင်စားချင်တယ်၊ ကွမ်းယာစားချင်တယ်ဆိုလို့ လေယာဉ်နဲ့ ချပေးရတယ်။ တောင်ထိပ်ပေါ်မှာ Lipton Tea ကို ကချင်ရဲဘော်၊ ချင်းရဲဘော်တို့က ဖျော်ပေးတာ။ ပုံတောင်ပုံညာမှာ မျောက်ဖြူကြီးတွေ ရှိတယ်။ အလောင်းတော် ကဿပ ထိပ်မှာ စခန်းချတာ တော်တော်ကြာ တယ်။ ရိက္ခာပြတ် သွားတော့ လေယာဉ်ကနေ ရိက္ခာချပေးဖို့ အတွက် တောကြီးကိုရှင်းရတယ်။ မြွေကြီးတွေ လည်းရှိတယ်။ ဒီကြားထဲမှာ စစ်ဆင်ရေးလုပ်ရတယ်။

                                                                                                                    

                                                                                                                                     ဦးကြည်ညွန့်
                                                                                                                       ၂ဝ၁၁၊ သြဂုတ်လ ၃၁ ရက်နေ့


ကျွန်တော်တို့ ကိုမြင့်ဆွေနဲ့ စတွေ့တာက ဗမာ့ သေနတ်ကိုင် တပ်ရင်း (၄) မှာ။ တပ်ရင်းမှူးကတော့ ဟိုကရာထူး ဗိုလ်မှူးကြီးနေဝင်း။ နောင် ဗိုလ်ချုပ်ကြီးနေဝင်း ပေါ့။ သေနတ်ကိုင် တပ်ရင်း (၄) ကို ဘုရားကြီးဝန်း၊ ပြည်မြို့မှာ စဖွင့်တယ်။ ကိုမြင့်ဆွေက တပ်ကို အရင် ရောက်တယ်။ ကျွန်တော်က နောက်ကျတယ်။

ကိုမြင့်ဆွေက တပ်ခွဲ (၁)။ ကျွန်တော်က တပ်ခွဲ (၃) မှာ။ နောက် တပ်ရင်းတစ်ရင်းလုံး ပျဉ်းမနားကို ပြောင်း လိုက်တယ်။ တပ်ရင်း (၄) မှာရှိတဲ့ ကျွန်တော်တို့ အချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင် ရှိကြတယ်။ ဒါကြောင့် Nick Name တွေနဲ့ ခေါ်ကြတယ်။ ကိုမြင့်ဆွေကို ရှမ်းမြင့်ဆွေလို့ ခေါ်ကြတယ်။ ကျွန်တော့်မှာ သွားတက်ကလေးရှိတော့ ကျွန်တော့်ကို မေသစ်တဲ့။ ကိုသန်းညွန့် နှစ်ယောက် ရှိတယ်။ တစ်ယောက်ကို သန်းညွန့်။ နောက်တစ်ယောက်က ချီကာဂို သန်းညွန့်လို့ခေါ်တယ်။ အရမ်း သန်းညွန့်ဆိုတာ နောက်ကျတော့ သပြေမဂ္ဂဇင်း ထုတ်တဲ့ မှူးသပြေပေါ့။ အခုကွယ်လွန်ရှာပါပြီ။ ဗိုလ်ချုပ်ကြီး ကျော်ထင်ကို အဲဒီတုန်းက ပူတူတူးလို့ ခေါ်တယ်။ ကျွန်တော်က တပ်ရင်း ၄ ကနေ တိုက်ရိုက်ကော်မရှင်နဲ့ မိတ္ထီလာ စစ်ဝန်ထမ်းတပ်မှူး အဖြစ်နဲ့ ရောက်သွားတယ်။ အဲဒီမှာ ကိုမြင့်ဆွေနဲ့ အဆက်ပြတ် သွားတယ်။ ကိုမြင့်ဆွေ က လူတွေကို ပွင့်ပွင့်လင်းလင်း ချစ်ချစ် ခင်ခင်နဲ့ ရင်းရင်းနှီးနှီးပေါင်းတယ်။ ကိုလှမောင် - အာပြဲလှမောင်တို့၊ ကိုသန်းညွန့်တို့နဲ့ ကိုမြင့်ဆွေက ပိုပြီး နီးနီးကပ်ကပ် ရှိကြတယ်။

                                                                                                  

                                                                                        ဗိုလ်မှူးချုပ်တင့်ဆွေ (စာရေးဆရာ ဖျာပုံတင့်ဆွေ)

                                                                                                    ၂ဝ၁၁၊ စက်တင်ဘာလ ၂၇ ရက်နေ့ 



သူက သဘောကောင်းလို့ သူတပါးကို ပေးကမ်း ရက်ရောတတ်လို့ ကူညီတတ်လို့ဆိုပြီးသူ့ကို ချစ်ကြတာ မဟုတ်ဘူး။ သူ့ရဲ့ စရိုက်ကို သဘောကျကြတာ စိတ်ဓါတ်ကို သဘောကျကြတာ။ သူက လူချစ်လူခင် ပေါတယ်။ သူ့ဂေါက်ကလပ် မှာ အကြီးအမှူးတာဝန်ယူ တုန်းက အဲဒီမှာ ဂေါက်လာရိုက်တဲ့ ဂျပန်သံအမတ်ကြီး ဆိုတာ၊ အရမ်းစိတ်တိုတတ်တာ၊ ဒီကရှိတဲ့ ကုမ္ပဏီက လူတွေက အဲဒီ ဂျပန်ကြီးနဲ့ ဘယ်သူမှ ဂေါက်မရိုက်ချင် ကြဘူး။ ဂျပန်ကြီးမှာ အဖော်မဲ့ဖြစ်နေတာပေါ့။ အဲဒါကို ဦးမြင့်ဆွေက အဖော်လုပ်ပေးပါမယ်ဆိုပြီး ဟိုက စိတ်တိုတာတွေ စိတ်ဆိုး တာတွေကို သည်းခံပြီး ဂေါက်ရိုက်ပေးတယ်။ ဂျပန်သံ အမတ်ကြီး အနားယူပြီးဂျပန်ပြန်သွားတယ်။ သူပြန်သွားချိန်မှာ မျက်လုံးက ဖြစ်ရော၊ မျက်လုံးသွေးကြောတွေ ပေါက်ကုန်တာ။ အဲဒီလို ဖြစ်တော့ သူ ပထမဆုံး အင်္ဂလန် သွားကုတယ်။ တစ်လကြာ ပါတယ်။ ဒါပေမယ့် သွေးကြောတွေပိတ်နေတော့ အထဲကြည့်လို့ မရဘူး ဆိုတာနဲ့ မကုရပဲပြန်လာရတယ်။ ပြန်လာပြီး ဒီမှာနေတော့ ဂျပန်ကိုသွားတဲ့ ကုမ္ပဏီက လူတွေပြောတာကို ဂျပန် သံအမတ်ကြီး ကြားသိသွားတယ်။ သံအမတ်ကြီးက စာရေးတယ်။ ဂျပန်ကို လာကုပါတဲ့။ ဂျပန်မှာလဲ အင်္ဂလိပ် ဆရာဝန် တွေလို တော်တဲ့သူ ရှိပါတယ်တဲ့။ ကျွန်မနဲ့ သူနဲ့ဂျပန် သွားတော့ သံအမတ်ကြီးက အငြိမ်းစား ယူနေပြီပေါ့လေ။ ဒါပေမယ့် သူမြန်မာပြည်မှာတုန်းက သူ့ ကိုသိ ပ် ဂရု စိုက် ခဲ့ တဲ့ သူဆိုပြီးတော့ ကျွန်မတို့ကို တော်တော် ဂရုစိုက်တယ်။
သူဝါသနာ အပါဆုံးက Golf ပဲ။ အချိန်ရ တိုင်းရိုက်တယ်။ ဂေါက်ရိုက်လို့ သူရှုံးပြီဆိုရင် ဂေါက်အိတ်ကို အိပ်ယာဘေးချ အိပ်တာ၊ သူ့ကို တစ်ယောက်ယောက်က နိုင်သွားတာမျိုးသူ မလိုချင်ဘူး အနိုင်မခံ အရှုံးမပေးပဲ။ သူ့ရဲဘော်တွေ ရှေ့တန်း စစ်မြေပြင် ထွက်လည်း အရှုံးနဲ့ ပြန်မလာခဲ့နဲ့လို့ ပြောတတ်တယ်။ တပ် ရင်းအရာရှိတွေ ကကစားဖို့ဆိုပြီးရောက် တဲ့ နေရာမှာတင်းနစ် ကွင်းလုပ်တယ်။ အရာရှိကတော်တွေ ကစားဖို့ ဘက်မင်တန်ကွင်း လုပ်ပေးတယ်။ ဘယ်မှာလည်းတော့ မသိဘူး။ တင်းနစ်ကွင်း (၂) ကွင်းဆောက် ပေးထားတာ ညဘက်ရိုက်လို့ရအောင် မီးလဲ အပြည့်လင်းနေအောင် ဆင်ပေးထားတာ မီတာခကတော့ အိတ်စိုက်ပါပဲ။
ဗိုလ် ချုပ်ကြီးနေဝင်းက မြင့် ဆွေ လဲ မျက် လုံးမကောင်းဘူးဖြစ်နေတယ်။ မင်းကူစရာရှိတာသွားကူ လိုက်ပါဦးဆိုတာနဲ့ ဗိုလ်ချုပ်ကြီးတင်ဦး သူကိုယ်တိုင် အိမ်လာကြည့်ပါတယ်။ သူတို့ ဘာလုပ်ပေးရမလဲတဲ့။ ဒါပေမယ့် ဒီတစ်ယောက်ကို အစိုးရစရိတ် နဲ့ပဲ လုပ်ပေးလိုက်ရင် အစဉ်အလာဖြစ် သွားမှာစိုးလို့ပေါ့နော်။ ဗိုလ်ချုပ်ကြီးတင်ဦးကနေ ဘာတွေလုပ်ပေးရမလဲဆိုတော့ ကျွန်မတို့မှာလည်း ကိုယ့်စရိတ်နဲ့ ကိုယ်ကုရတယ် ဆိုတော့ ဂျပန်ဆိုတော့ စရိတ်ကလဲ ကြီးတာကိုး။ နောက်ဆုံးတော့ ဗိုလ်ချုပ်ကြီး နေဝင်းက နေထိုင်ရေးတော့ ကူပေးမယ်ဆိုပြီး ဂျပန်မှာရှိတဲ့ သံရုံးအပေါ်ထပ် ကောင်ဆယ်လာ ခေါ်မလား၊ သူ့အိမ်မှာ အခန်းကျယ် ကြီးပေးပြီး နေခိုင်းပါတယ်။ အဲဒီမှာ (၆)လ ကြာတယ်။ မျက်လုံးအနယ်ထိုင်တဲ့အထိ စောင့်ရမယ် ဆိုပြီးတော့ ၊နောက်တော့ သူတို့အတွင်းကို ကြည့်လို့ရတာနဲ့ ဆေးကုပေး လိုက်ပါတယ်။
ဆီးချိုကြောင့် မျက်လုံး သွေးကြောတွေ ပေါက်ကုန် တာပါ။ မျက်လုံးကုတဲ့ အချိန်မှာ ငွေကအများကြီး ကုန်တာ ဆိုတော့ ကင်မရာလည်းရောင်း၊ ပွိုင့်တူးတူး သေနတ်လည်း ရောင်းပေါ့လေ။ ရှိတဲ့ပစ္စည်းအကုန်ရောင်းပြီး ဆေးသွား ကုရတာ။

ဓါတ်ပုံရိုက်တာ တော်တော်ဝါသနာပါတယ်။ Dark Room လေးတောင် လုပ်ထားတယ်။ ကိုယ်တိုင် ကူးဆေး လုပ်တယ်။ အမှောင်ခန်းထဲ ဘယ်သူမှ မဝင်ရဘူး။ သူ့ဘာသာသူ စမ်းသပ်တီထွင်တာ၊ သားသမီးတွေလည်း မဝင်ရဘူး။ ဓါတ်ပုံ လေးတွေ ထွက်လာလို့ ချိတ်ထားပြီးလို့ ကြည့်လိုက်ရင် နှုတ်ခမ်းနီ လေးတွေ ပါးနီလေးတွေ အရောင်ထည့်ထားတယ်။ အဲဒီတုန်းက ဓါတ်ပုံမှာ
ကာလာ ပါယူလို့ ရတာမျိုး မပေါ်သေး ဘူး။ ကိုယ်တိုင် ဆေးဆိုးပြီးကူးတာ။

သူမကျေနပ်တာ သူနဲ့ အမြင်မတူတာရှိရင်၊ သူက ရင်ထဲမထားတတ်ဘူး။ တစ်ခါတည်း ပြောချပစ်တာ၊ စိတ်ထဲ မြုံမထားဘူး။ စည်းကမ်းကလည်း အရမ်းကြီးတာ။ ရုံးကပြန်လာတဲ့ အချိန်မိသားစုရဲ့ ဖိနပ်တွေ ချွတ်ထားတဲ့ နေရာကြည့်လိုက်တယ်။ စီထားတာ တောင်တစ်ဖက် မြောက်တစ်ဖက်ဆိုရင် ချက်ချင်း ခေါ်ဆူပြီး ချက်ချင်းတန်း စီခိုင်းတာ။

သားသမီးကိုတော့ စည်းကမ်းနဲ့ အုပ်ချုပ်တယ်။ တပ်ပုံစံ အတိုင်း ဟင်းခွက်ကို Menu ဆွဲထားတယ်။ စနေနေ့ဆိုရင်ပဲနဲ့ ကြက်သား။ ပဲ မကြိုက်တဲ့ သူလည်း စားပေါ့။ ကြိုက်လည်း စားပေါ့။ ငါလည်း တစ်သက်လုံး တပ်ထဲမှာ ပဲဟင်းစားလာခဲ့တာ။ တပ်ထဲမှာလဲ ဘယ်တပ်ရင်းရောက်ရောက် ရဲဘော်တွေ စားဖို့ဆိုပြီး တစ်ပတ်စာ Menu သူကိုယ်တိုင် ဆွဲပေးတယ်။ သူပြောတဲ့အတိုင်း မလုပ်ဘူးဆိုရင် လိုက်ကြည့်တာ။ ကိုယ်စား ရတာနဲ့ တူရဲ့လားပေါ့။ မတူရင် မစားရရင်တော့ ဆူတော့ တာပဲ။
တစ်ခါတော့ သူ့ကားမောင်းတဲ့ ဒရိုင်ဘာက ကလေး တွေကို ကြိုခိုင်းတော့ အဆင်မပြေဘူးပေါ့နော်။ ဒါပေမဲ့ ဒရိုင်ဘာကို မဆူရဲဘူး။ သူက ရဲဘော်နဲ့ မင်းနဲ့ အဆင်မပြေရင် ငါက ရဲဘော်ဘက်ပဲ လိုက်မှာလို့ ပြောထားတာကိုး


                                                                                                                အမေအုန်းနှင့် မိသားစုဝင်များ
                                                                                                             ၂ဝ၀၁၊ စက်တင်ဘာလ ၃ ရက်နေ့

 သူတို.ပြောသော ကိုမြင်.ဆွေ ဆိုသည်မှာ
သူရဲကောင်းမှတ်တမ်းဝင်၊ လွတ်လပ်ရေးမော်ကွန်းဝင် (ပထမအဆင့်)၊ နိုင်ငံ့ဂုဏ်ရည် (ပထမအဆင့်) သီရိပျံချီဘွဲ့ရ
ဦးမြင့်ဆွေ (ဒုတိယဗိုလ်မှုးကြီး-ငြိမ်း) ဖြစ်ပြီး ထူးဖောင်ဒေးရှင်း ဥက္ကဌ ဖြစ်သူ ဦးတေဇ ၏ ဖခင်ဖြစ်သူ ဖြစ်သည် ။ လူတစ်ယောက်အကြောင်းကို လေ.လာရင်း ထိုခောတ်၏ အခြေအနေနှင်. သမိုင်းဆိုင်ရာ ဖြစ်ရပ်အချို.ကိုလည်း လေ.လာသိရှိနိုင်မည်ဖြစ်ပါသည် ။

 Source ; U Tay Za Page @ Facebook

 

No comments:

Post a Comment