Monday, November 4, 2013

အမိကျောင်းရဲ. ခေါင်းလောင်းသံ - သွေးအေး






ထိုခေါင်းလောင်း သံချိုအား
မိမိကိုယ်တိုင်နှင့်
မိမိအတန်းအတွက်
မိမိကျောင်းကြီးနှင့်
မိမိတိုင်းပြည်အတွက်
ကောင်းကျိုးရွက်ဖို့ တို့ရွယ်ရည်
ကတိအလီလီ ပြုခဲ့သည် ။

ထိုခေါင်းလောင်း သံချိုညှင်း
လေးသင်းကွဲငြား ပေါင်းစုအားနှင့်
ကျောင်းသားဘဝ ညီညီနှင်
အတတ်ပညာ ကိုယ်စီသင်လို့
ပဉ္စဂုဏံ အဟံဝန္တာမိ
အာစရိယအား လက်စုံမိုး
ဘဝအမျိုးမျိုး ပျိုးခဲ့သည် ။



ထိုခေါင်းလောင်း သံချိုမှာ
ရသာစုံ ပိဋကတ်တိုက်
ပူဇော်ထိုက်သော မြတ်ဆရာ
ဝတ်ငါးဖြာ ပြည့်စုံရဲ့
မေတ္တာနဲ့ စေတနာပို
ချွေးစိုလို့မှ မသုတ်နိုင်အား
မြေဖြူကိုင်လို့ ပီတိစား
တို့ဓားသွားတွေ ထက်ခဲ့သည် ။



ထိုခေါင်းလောင်း သံချိုဝဲ
ကထိန်ပွဲမှာ ပျော်ပျော်ရွှင်
ပဒေသာပင် ရုပ်စုံချိုး
အိုးစည်၊ဒိုးပတ် ဗျောသံနှော
မြို့လုံးတကြော သောသောညံ
သဒ္ဓါထက်သန် လှူဒါန်းကြ
အမျှတူတူ ဝေခဲ့သည် ။

ထိုခေါင်းလောင်း သံချိုတေး
မြေဝေးရေခြား ကြားယောင်နေ
ငယ်ချစ်ဆွေ ကျောင်းသွားဖော်တို့
ပျော်ရာမှာ မနေရ
တော်ရာမှာ အခြေချရင်း
ကျနေရာ ဝန်တာကျေလို့
မွေးဌာနေ ရွှေခယ်ကျောင်း
နှစ်တွေညောင်းလဲ လွမ်းနေသည် ။ ။


သွေးအေး

No comments:

Post a Comment