Saturday, August 17, 2013

ခွဲစိတ်ခြင်းဖြင်. အပျိုစင် ဘ၀ဆီ ( Revirgin )


အပျိုစင်ဘ၀ဆိုသည်မှာ တစ်ကြိမ်ဆုံးရှုံးပြီးပါက ပြန်လည်ရနိုင်သည့်အရာမဟုတ်တာတော့ လူတိုင်းအသိ။ ယနေ့ခေတ် ဆေးပညာများ အဆင့်မြင့်မားလာပုံက အမျိုးသမီးများ သူတို့ရဲ့ ဆုံးရှုံးသွားတဲ့ စင်ကြယ်မှုကို လုံးဝပြီးပြည့်စုံလုနီးပါး ပြန်လည်အစားထိုး ရယူနိုင်ပါသတဲ့။ (ဒီနေရာမှာ တစ်ချိန်က ကျနော် Apprenticeship ဆီက အင်္ဂလိပ်လိုကဗျာကို ကိုယုသာ ဘာသာပြန်ပေးပြီး တင်ခဲ့ဖူးတဲ့ “တိတ်တိတ်မျက်ရည်” ဆိုတဲ့ ကဗျာလေးကိုတောင် သွားသတိရမိရဲ့။ ။ စာရေးသူ) အမျိုးသမီးတစ်ဦးမှာ ပထမဆုံးအကြိမ် လိင်ဆက်ဆံမှုပြုစဉ် သို့မဟုတ် အများအားဖြင့် လိင်ဆက်ဆံဖူးခြင်း မရှိသော်လည်း ပြင်းထန်သော လေ့ကျင့်ခန်းများ ပြုလုပ်စဉ် သော်လည်းကောင်း၊ တစ်စုံတစ်ခုနှင့် ဆောင့်မိခြင်း သို့မဟုတ် တစ်နေရာရာမှ ပြုတ်ကျခြင်းတို့ကြောင့်သော်လည်းကောင်း ပေါက်ပြဲသွားတတ်သည့် အပျိုစင်အမြှေးပါးအား အကောင်းအတိုင်း ပြန်လည်ခွဲစိတ်ပြုပြင်ပေးနိုင်သော Hymenoplasty လို့ခေါ်တဲ့ ခွဲစိတ်မှုဟာ ပြင်သစ်နိုင်ငံမှ စေ့စပ်ထားသော အမျိုးသမီးငယ်အများအပြားအတွက် ၎င်းတို့၏ သတို့သားများနှင့် မိသားစုဝင်များမှ သွေးရောင်ကင်းမဲ့သော မင်္ဂလာဦးအိပ်ရာခင်းအား တွေ့ရှိသွားရာမှ ပထမဆုံးအကြိမ် လိင်ဆက်ဆံခြင်းမဟုတ်မှန်း သိရှိကာ ဖြစ်ပေါ်လာနိုင်သည့် အရှက်ရခြင်း၊ စွန့်ပယ်ခံရခြင်းနှင့် အကြမ်းဖက်ခံရခြင်းတို့အား ရှောင်လွဲနိုင်ရန် နောက်ဆုံးကြိုးတစ်မျှင် ဖြစ်လို့ လာခဲ့ပါတယ်။

လွန်ခဲ့သောလက ပြင်သစ်နိုင်ငံမြောက်ပိုင်း လီလီမြို့နေ အမျိုးသားတစ်ဦးမှ ၎င်း၏ဇနီးဖြစ်သူသည် အပျိုစင်ဖြစ်သည်ဟု လိမ်ညာခဲ့သဖြင့် ဒေါသထွက်ကာ သန်းခေါင်တိုင် သောက်စား ပျော်ပါးနေကြစဲ ဖြစ်သည့် မင်္ဂလာဧည့်ပရိသတ်ရှေ့မှောက်တွင် သွေးပေစွန်းခြင်းမရှိသော မင်္ဂလာဦးအိပ်ရာခင်းအား ဝှေ့ရမ်းပြခဲ့ရာမှ စတင်ခဲ့သော အမှုတွင် တရားရုံးက ၎င်းတို့ဇနီးမောင်နှံ၏ လက်ထပ်ထိမ်းမြားမှုအား ပယ်ဖျက်ရန် ဆုံးဖြတ်ခဲ့ပြီးနောက်တွင် Hymenoplasty အား လူအများ ပိုမိုအာရုံစိုက်လာခဲ့ကြသည်။ သို့သော်လည်း အထက်ပါ အမှု ဆုံးဖြတ်ချက်သည် ဘာသာရေးအရတော့ မဖြစ်နိုင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ယင်းစုံတွဲသည် မွတ်စလင်များဖြစ်ကြသဖြင့် ပြင်သစ်၏ လောကီရေးရာတွင် ဘာသာရေးလွှမ်းမိုးမှု ကင်းသောနိုင်ငံဖြစ်ခြင်းကို အာရပ်ရိုးရာယဉ်ကျေးမှုဆိုင်ရာ ချုပ်ချယ်မှုများက အတွင်းမှ လှိုက်စားနေသည်ဟု မကျေမနပ်ပြောဆိုမှုများ ဖြစ်လာခဲ့သည်။ တရားရုံး၏ ဆုံးဖြတ်ချက်သည် အိမ်ထောင်မပြုခင် လိင်ဆက်ဆံခဲ့မိခြင်းကြောင့် လက်ထပ်ထိမ်းမြားမှုအား ပယ်ဖျက်ခြင်းသည် လက်ထပ်ထိမ်းမြားမှုအား ၀ယ်သူက ၎င်းဝယ်ယူသည့် ပစ္စည်းတွင် အနာအဆာတွေ့သဖြင့် မကျေမနပ်ဖြစ်တတ်သော စီးပွားရေးဖြစ်စဉ်တစ်ခုနှင့် တန်းတူပြုခြင်းဖြစ်သူဟု ယူဆသော ဣတ္ထိယ၀ါဒီများအားလည်း ဒေါသထွက်စေခဲ့သည်။ မွတ်စလင်ခေါင်းဆောင် အများအပြားကလည်း အစ္စလာမ်ဘာသာတွင် အပျိုစင်ဖြစ်မှုအား လက်ထပ်ထိမ်းမြားမှုမပြုမီ ရှိရမည့် သတ်မှတ်ချက်အဖြစ် ပြဋ္ဌာန်းထားခြင်း မရှိကြောင်း ခါးခါးသီးသီး ပြောဆိုခဲ့ကြပြီး ယင်းစီရင်ချက်သည် တရားသူကြီး၏ ဘာသာတရားနှင့် ယင်း၏ ၀ါဒရေးရာများအား ရှေးဆန်စွာ နားလည်မှုလွဲခြင်းအပေါ် အခြေခံ ခြင်းသာဖြစ်သည်ဟု ပြောကြားခဲ့ကြသည်။

ပြင်သစ်နိုင်ငံ တရားရေးဝန်ကြီးဌာန၏ မေတ္တာရပ်ခံမှုဖြင့် လီလီတရားရုံး၏ စီရင်ချက်အား ပယ်ဖျက်ခဲ့သော်လည်း ယင်းစီရင်ချက်ကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲများကြောင့် လီလီမြို့မှ သတို့သမီးကဲ့သို့ အဖြစ်မျိုးမကြုံရစေရန် hymenoplasty ခွဲစိတ်မှု ခံယူကြသည့် မွတ်စလင်အမျိုးသမီးငယ်များအပေါ် မီဒီယာများမှ အာရုံစိုက်လာကြသည်။ သတင်းများတွင် သောကရောက်ခဲ့ရသော လူနာများအား မင်္ဂလာဦးည သို့မဟုတ် ရိုးရာအတိုင်း ထိမ်းမြားမှု မပြုမီ ပြုလုပ်ရလေ့ရှိသည့် အပျိုစင်ဖြစ်,မဖြစ် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပြီးချိန်တွင် ကြုံတွေ့ရသည့် တုံ့ပြန်မှုများအကြောင်း ဆွေးနွေးသည့် အစီအစဉ်များအား ဖော်ပြခဲ့ကြသည်။ အချို့အမျိုးသမီးများက ၎င်းတို့သည် အပျိုစင်ဘ၀ ပြန်ရရန်အတွက် ပြင်သစ်ပုဂ္ဂလိကဆေးခန်းများတွင် ဒေါ်လာ ၅၂၅၀ အထိ ပေး၍ ခွဲစိတ်ခဲ့ရကြောင်း ၀န်ခံ ခဲ့ကြပြီး အချို့ကမူ ယင်းသို့သော ခွဲစိတ်ကုသမှုကို ပုံမှန်ပြုလုပ်လေ့ရှိပြီး ကုန်ကျစရိတ်လည်း ဒေါ်လာ ၃၀၀ လောက်သာ ရှိသည့် တူနီးရှား၊ အယ်လ်ဂျီးရီးယား သို့မဟုတ် မော်ရိုကိုနိုင်ငံများသို့ သွားရောက် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ဗြိတိန်၊ ဂျာမနီ၊ ဘယ်လ်ဂျီယံနှင့် ပြင်သစ်နိုင်ငံများတွင် ယင်းသို့ ခွဲစိတ်ပြုပြင်ထားသော မွတ်စလင်အမျိုးသမီးအရေအတွက် မည်မျှရှိသည်ကို မသိရသော်လည်း ဆရာဝန်များအကြား စာရင်းကောက်ယူမှုအရ hymenoplasty ခွဲစိတ်မှုသည် တဖြည်းဖြည်းနှင့် လုပ်ရိုးလုပ်စဉ်တစ်ခု သဖွယ် ဖြစ်လာနေကြောင်း တွေ့ရသည်။ အချို့အစီအစဉ်ကြေငြာသူများကဲ့သို့ ရွဲ့ပြောရလျှင် ထိုသို့ ခွဲစိတ်မှုများ တိုးပွားလာခြင်းသည် ရိုးရာဓလေ့အခြေခံသော အသိုင်းအ၀ိုင်းများမှ အမျိုးသမီးများ ပိုမိုလွတ်မြောက်လာမှုကို ထင်ဟပ်ခြင်း ဖြစ်သော်လည်း အမျိုးသမီးများ၏ အပျိုစင်ဖြစ်မှုအပေါ် အစွဲအလမ်းကြီးမှုကို ဖော်ပြသည့် အမျိုးသားများ၏ ဖိနှိပ်မှုများလည်း ဖြစ်ပေါ်လာစေနိုင်ပေသည်။



ပြင်သစ် မွတ်စလင်အမျိုးသမီးများသည် အမျိုးသားများမှ တည်တံ့စေရန် ကြိုးပမ်းကြသည့် ကန့်သတ်ချုပ်ချယ်မှုများအား တိုး၍တိုး၍ ဖီဆန်နေကြပြီး ကာမဂုဏ်အာရုံအရ အပါအ၀င် ပိုမိုပြည့်စုံ၍ ခေတ်မီသော ဘ၀များဆီသို့ ဦးတည်နေကြကြောင်း၊ ၎င်းတို့အနေဖြင့် လျှော့ပါးအောင်ဆောင်ရွက်ရန် တာဝန်ရှိသည်ဟု ခံစားကြရသည့် ခေတ်နောက်ကျသော ခံယူချက်များမှာ အစ္စလာမ်ဘာသာတွင် အခြေခံခြင်းမရှိသည့် ယောက်ျားခံစားချက်ဆိုင်ရာ ရိုးရာအစဉ်အလာသက်သက်သာဖြစ်ပြီး တရားရုံးများအနေဖြင့် လေးစားလိုက်နာရန် မလိုသည့် အိမ်ထောင်မကျမီ အပျိုစင်ဖြစ်ရမည်ဟူသော အယူအဆပင်ဖြစ်ကြောင်း၊ ယင်းသို့ခွဲစိတ်မှုသည် သဘာဝနှင့်ဆန့်ကျင် သော်လည်း ယင်းသည် ခေတ်မမီသော ဓလေ့ထုံးစံများ၏ ပြစ်ဒဏ်ခတ်မှုအား ရှောင်လွှဲ၍ ၎င်းတို့၏ ကိုယ်ပိုင်ဘ၀တွင် နေထိုင်လိုကြ သော အမျိုးသမီးများအတွက်တော့ နည်းလမ်းကောင်းတစ်ခုဖြစ်ကြောင်း ပြင်သစ်လုပ်ငန်းခွင်များရှိ အစ္စလာမ်ဘ၀များအကြောင်း ရေးသားထားသည့် “အလ္လာ၊ သူဋ္ဌေးနှင့် ကျမ” စာအုပ်ကို မကြာသေးမီက ထုတ်ဝေခဲ့သည့် Dounia Bouzar က ပြောကြားခဲ့သည်။

ယင်းသို့ဆိုလျှင်ပင် မချိတင်ကဲ ဝေဒနာများနှင့် အရှုံးပေးရမှုများ အများအပြား ရှိနေသေးပေသည်။ လူမျိုးစု လူမျိုးကွဲများ နေထိုင်ရာ ပါရီမြို့ ဆင်ခြေဖုန်း Aulnay-sous-Bois ရှိ Robert Ballanger ဆေးရုံမှ မိခင်နှင် ကလေးဌာန ဌာနမှူး ဒေါက်တာ Stephane Saint-Leger က အသက်နှောင်းပိုင်းတွင်မှ အိမ်ထောင်ပြုခြင်း အပါအ၀င် ပြင်သစ်နိုင်ငံရှိ မွတ်စလင်နှင့် မွတ်စလင်မဟုတ်သော အမျိုးသမီးငယ် များအကြား လူမှုရေးနှင့် လိင်ပိုင်းဆိုင်ရာ ကွာခြားချက်များ တဖြည်းဖြည်း နည်းပါးလာကြောင်း ပြောကြားခဲ့သည်။ ဤသို့အားဖြင့် အပျိုစင်အဖြစ် လိမ်လည်၍ လက်ထပ်သည့် အမျိုးသမီးများလည်း နည်းပါးလာကြသည်။ သို့သော်လည်း Saint-Leger က ၎င်းထံလာရောက်၍ ရိုးရာလက်ထပ်ထိမ်းမြားမှုများမှ မိမိတို့၏ ကာယသုခနှင့် စိတ္တသုခတို့အား ခြိမ်းခြောက်နေသည်ဟူသော စိတ်က အာရုံကို စိုးမိုးနေခြင်းကို ဖြေဖျောက်ပေးပါရန် အကူအညီတောင်းသော မွတ်စလင်အမျိုးသမီးများကြောင့် ဖိအားများနှင့် ခြိမ်းခြောက်မှု များကို သတိရေစေကြောင်း ပြောကြားခဲ့သည်။ ယင်းအကြောင်းကြောင့် ၎င်းအနေဖြင့် လူ့ကျင့်ဝတ်အရ ငြင်းပယ်သင့်သည်ဟု ယူဆသော အမှုကို သွယ်ဝိုက်၍ အတင်းအကျပ် လုပ်ခိုင်းခြင်းမျိုး ဖြစ်သော်လည်း hymenoplasty ခွဲစိတ်မှုများ ပြုလုပ်ပေးရန် ၎င်းအနေဖြင့် သဘောတူခဲ့ရသည်။

ခွဲစိတ်ပြုပြင်ခြင်း
၎င်းတို့သည် လက်မခံနိုင်ဖွယ် ဖိအားတစ်ခုကြောင့် မလိုလားအပ်သော ဆေးပညာဖြင့် ဖြေရှင်းမှုအောက်တွင် အရှုံးပေးနေကြသည့် မွတ်စလင် အမျိုးသမီးငယ်များအား ကိုယ်စားပြုကြောင်း၊ ယင်းသည် ရှေးရိုးစွဲသည့် လူများထံမှလာသော ဖိအားများကြောင့် ဖြစ်ကြောင်း၊ သို့သော် အခြားနေရာများတွင် လှပသူများထံမှလာသည့် လက်မခံနိုင်ဖွယ် ဖိအားများကြောင့် အမျိုးသမီးများသည် ၎င်းတို့၏ ရင်သားများ၊ နှာခေါင်း၊ နှုတ်ခမ်း သို့မဟုတ် မျက်နှာတစ်ခုလုံးအား ပြောင်းလဲရန် မလိုလားအပ်သော ဆေးပညာဖြင့် ဖြေရှင်းမှုအောက်တွင် အရှုံးပေးနေကြကြောင်း Saint-Leger က ပြောကြားခဲ့သည်။

လီလီတရားရုံး၏ ဆုံးဖြတ်ချက်အား ပယ်ဖျက်လိုက်ခြင်းဖြင့် အပျိုစင်မဟုတ်သော မွတ်စလင် သတို့သမီးများအား ဒေါသထွက်နေသော ခင်ပွန်းသည်များက တရားရုံးတော်သို့ စွဲခေါ်၍ လိမ်လည်မှုဖြင့် တရားစွဲဆိုနိုင်မည့် အန္တရာယ်ကို ဖယ်ရှားနိုင်ခဲ့သော်လည်း အမျိုးသမီး အများအပြားအား ၎င်းတို့၏ ဖြူစင်မှုပြန်ရရန် hymenoplasty ခွဲစိတ်မှု ခံယူကြစေနိုင်လောက်သည့် လုံလောက်သော ယဉ်ကျေးမှု၏ ဖိအားများ တည်ရှိနေပေသေးသည်။ သို့သော်လည်း အခါများစွာတွင် ကံဇာတ်ဆရာသည် အလွန်ကျီစားသန်ကြောင်း၊ မွေးရာပါ ဖြစ်စေ ခွဲစိတ်ထည့်သွင်းထားသည်ဖြစ်စေ အပျိုမြှေးပါးများ၏ ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းသည် လိင်ဆက်ဆံမှုကြောင့် ပေါက်ပြဲသွားသော်လည်း သွေးထွက်ရန် မသေချာကြောင်း Saint-Leger က မှတ်ချက်ပြုခဲ့သည်။

Ref: Time, “The Dilemma of ‘Virginity’ Restoration” by Bruce Crumley

(ဤဆောင်းပါးကို ဆေးပညာဆိုင်ရာ ဗဟုသုတ ရစေခြင်းအလို့ငှာ ရေးသားခြင်း ဖြစ်ပါသည်။ အခြားသော ရည်ရွယ်ချက်များ မပါဝင်ပါ။ ကျနော်တို့ မြန်မာနိုင်ငံမှာ အများစုကို sexology အကြောင်းပြောရင် တော်တော်ရိုင်းတာလို့ ယူဆပြီး တစ်ချို့က ပြောတဲ့သူကို ရှက်သလိုလို၊ ရွံ့သလိုလို၊ လူယုတ်မာကြီးလိုလို ကြည့်တတ်ကြလို့ဗျို့။ Stanley က ဗဟုသုတရပါစေလို့ ရေးတာနော် ၀ါသနာပါလို့ ဟုတ်ဘူး။ တော်ကြာ အထင်တွေ လွဲနေကြမှာစိုးလို့။ )

written by Stanley \ tags: hymenoplasty, virginity  

No comments:

Post a Comment