Sunday, October 11, 2020

ပြုံယမ်း မွ နျေပည်တော်၏ အနာဂါတ်သို့ ( 9/10 ) - မိုးဝင်း ၊ ပြုံယမ်း မှ နေပြည်တော်၏ အနာဂါတ်သို့ ( 9/10 ) - မျိုးဝင်း

  ပြုံယမ်း မှ နေပြည်တော်၏ အနာဂါတ် သို့ (9)

 


10-5-2009 မှာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကဒ်ကမ်းဘဲလ် နဲ့ အရှေ့အာရှဖစိဖိတိရေးရာ အတွင်းဝန်အဖွဲ့ဟာ မြန်မာပြည်ကို ရောက်လာပါတယ် ။ သူတို့က ဦးသန်းရွှေ နဲ့ တွေ့ဆုံခွင့်တောင်ဆိုပေမယ့် အညာသားက အဖက်လုပ်ပြီး မတွေ့ပဲ ပြန်ုကြားရေးဝန်ကြီး ဦးကျော်ဆန်း နဲ့ ပဲ တွေ့ခွင့်ရခဲ့ပါတယ် ။

ကမ်းဘဲလ်တို့က နေအိမ်အကျယ်ချုပ်ကျနေသူ ဒေါ်စုကြည်နဲ့တွေ့ဖို့ တောင်းဆိုလို့ ဒေါ်စုကြည်သာမကဘူး NLD CEC တွေနဲ့ပါ နိုင်ငံတော်ဧည့်ရိပ်သာမှာ ပေးတွေ့ခဲ့ပါတယ် ။ ဦးဝင်းတင်က စစ်အစိုးရကို ယခုထက်ပို၍ ခပ်စပ်စပ်လေး ဖိအားပေးဖို့ တောင်းဆိုခဲ့ပါတယ် ။ ကမ်းဘဲလ်ဟာ အခြားနိုင်ငံရေးပါတီများနဲ့ တွေ့ဆုံပြီး ၂ ရက်နေသွားပါတယ် ။

ရန်ကုန်ရှိ အမေရိကန်သံရုံးမှာ ကမ်းဘဲလ်က " အမေရိကန်ပြည်ထောင်စုသည် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီ လှုပ်ရှားမှုအား ဆက်လက်ထောက်ခံမည်ဖြစ်ကြောင်း " ပြောသွားပါတယ် ။

အပြန် ဘန်ကောက်ရောက်တော့

"ဂုဏ်သိက္ခာမဲ့သော မြန်မာစစ်အစိုးရနှင့် ဆက်ဆံရသည်မှာ များစွာစိတ်ပျက်ဖွယ်ကောင်းကြောင်း ၊ အပြစ်ကင်းစင်သည့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မတရားဖိနှိပ်ချုပ်ခြယ် ဖမ်းဆီးခံထားရသော်လည်း စစ်ခေါင်းဆောင်များအပေါ်ခွင့်လွှတ်နေသည်ကို အံ့သြဖွယယ်တွေ့မြင်ရကြောင်း "

ဆိုပြီး သတင်းထုတ်ပြန်ခဲ့ပါတယ် ။ ကမ်းဘဲလ်ရဲ့ မြန်မာပြည်ခရီးဟာ စစ်အစိုးရနဲ့ အပြုသဘောဆောင် ဆက်ဆံဖို့ မဟုတ်ပါဖူး ။ အတိုက်အခံပါတီကို အားပေးအားမြှောက်လာရင်း စစ်အစိုးရကို သတိပေးချင်လို့ လာတာပါ ။

ဘာကို သတိပေးချင်တာလည်းဆိုရင် အမေရိကန်ရဲ့ ဗဟိုပြုမူဝါဒ အရွှေ့ကို ပြောမှ ရှင်းသွားပါတယ် ။ 2000 ပြည့်နှစ်အပြီး 21 ရာစုထဲ ဝင်လာတော့ အမေရိကန်ရဲ့ အရှေ့လယ်ပိုင်း ဗဟိုပြုမူဝါဒ ကနေ အရှေ့အာရှ ပစိဖိတိ ဗဟိုပြုမူဝါဒသို့ စိတ်ဝင်စားလာလို့ ဖြစ်ပါတယ် ။

21 ရာစုမှာ အမေရိကန်ကို ယှဉ်ပြိုင်လာနိုင်မယ့် တရုတ်ပြည်ကို နီးကပ် ထိမ်းချုပ်နိုင်ဖို့ အာရှ ပစိဖိတ် ဒေသကို မဏ္ဍိုင်ပြုဖို့ ဆုံးဖြတ်ကြပါတယ် ။

တရုတ်ကို အနီးကပ်စောင့်ကြည့်နိုင်ငံ မြန်မာနိုင်ငံ ဟာ အမေရိကန်အတွက် အရေးပါလာပါပြီ ။ ယခုလို ကမ်းဘဲလ် လာခဲ့တာဟာ တရုတ်က ပါတီပေါ်လစ်ဗျူရို ၉ ဦး မှ နံပါတ် ၃ အဆင့်ရှိသူ ဝမ်းကျားပေါင် မြန်မာပြည်ခရီးစဉ်လာရန် ရှိတဲ့အတွက် အမေရိကန်က ကြိုလာတာပါ ။

ဝမ်ကြားပေါင်ဟာ 2003 မှ 2013 ထိ 10 နှစ်အတွင်း တရုတ်အစိုးရရဲ့ အထက်မြက်ဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားသူ ဆရာကြီးဖြစ်ပါတယ် ။ TIME ရဲ့ 2000 နှစ်အတွက် Wen's World အဖြစ် သတ်မှတ်ပြီး သြဇာကြီးသူ သတ်မှတ်တဲ့ အဆင့်မှာလည်း အိုဘားဗားရှေ့က နေရာယူထားသူဖြစ်ပါတယ် ။

ကမ်းဘဲလ်က ဝမ်ရဲ့ အရင်လာတယ်အတိုက်အခံခေါင်းဆောင်တွေ နဲ့ တွေ့ဆုံပြီး မြှောက်ပေးခဲ့တယ် ။ ဒါတွေဟာ စစ်အစိုးရအနေနဲ့ ဝမ်ကြားပေါင်လာချိန်မှာ တရုတ် နဲ့ နီးကပ်စွာ ဖက်ကင်းတလဲမဆက်ပါနဲ့ အဲလိုလုပ်ရင် ငါတို့အမေရိကန်တွေက တိုက်အခံ NLD ပါတီကို အားပေးမယ်လို့ ဖိအားပေး ခြိမ်းခြောက်တာပါ ။

ကမ်းဘဲလ်က ဘယ်လိုပဲ ခြိမ်းခြောက်နေပါစေ ဦးသန်းရွှေကတော့ အရေးလုပ် စဉ်းစားမနေပဲ သူလုပ်စရာရှိတာကို သူဘာသာ ခရီးရောက်အောင် စိတ်အေးလက်အေး ဆောင်ရွက်နေပါတယ် ။

အဲလို အေးဆေးနေရတာ အကြောင်းရှိပါတယ် ။ အညာသားကြီးရဲ့ကံဇာတာတက်ချင်တော့ သူ့အတွက် အမေရိကန်ကို အကြပ်ပြန်ကိုင်ရမယ့် ဘုရားပေးတဲ့ လက်ဆောင်ရထားပြီလေ ။

အဲဒါကတော့ အားလုံးသိထားတဲ့ အမေရိကန် ရေကူးချန်ပီယံ ဂျွန်ယက်တောပဲ ဖြစ်ပါတယ် ။ 4-5-2009 မှာ ယက်တောကြီးက အင်းယားကန်ထဲကနေ ဒေါ်စုကြည်ခြံထဲကို ရေကူးဝင်လာပါတယ် ။ အင်မတန်ပင်ပန်းလှတဲ့ အတွက် ၂ ညအိပ် ၃ ရက် အနားယူရပါတယ် ။

6-5-2009 မှာ ပြန်အထွက်မှာ အစောင့်တွေက ဖမ်းပါတော့တယ် ။ ယက်တောကို စစ်ဆေးတော့ ရူးချင်ယောင်ပြီး တောပြောတောင်ပြော ပြောနေပါတယ် ။ ထိုအချိန်က ယက်တောဟာ အသက် 52 နှစ် ဒေါ်စုကြည်က 60 ရှိပါပြီ ။

ဦးသန်းရွှေကတော့ ရူးချင်ယောင်ဆောင်နေတဲ့ ယက်တောကို ထောင် ၇ နှစ် အရူးကို ဖွက်ပေးထားတဲ့ ဒေါ်စုကြည်ကို တနှစ်ခွဲ အကျယ်ချုပ် နဲ့ နှပ်ထားလိုက်ပါတယ် ။

21-7-2009 မှာ ဟီလာရီကလင်တန်က အာဆီယံ အစည်းအဝေး မှာ မြန်မာစစ်အစ်ုးရအနေနဲ့ နျူကလီးယား နည်းပညာတွေ ရယူဖို့ လုပ်ဆောင်နေတာ ရပ်ဆိုင်းဖို့ မြောက်ကိုးရီးယားနဲ့ အဆက်အသွယ်မလုပ်ဖို့ ခြိမ်းခြောက်ပါတယ် ။

အမေရိကန်တွေဟာ တရုတ်နဲ့ မြန်မာဆက်ဆံရေးကို ကန့်သတ်ဖို့ ၊ နျူအကြောင်းပြဖိအားပေးဖို့ နဲ့ ဒေါ်စုကြည်ကို အကျယ်ချုပ်က လွှတ်ပေးပြီး လွှတ်တော်ထဲ သွင်းကာ အာဏာရစေဖို့ အကွက်ရွှေ့နေတာကို ဘရွှေကြီးက နားမလည်တဲ့ ပုံစံနဲ့ ထုံပေပေလုပ်ပြီး ဘာတခုမှ မတုန့်ပြန်ခဲ့ပါဘူး ။

အမေရိကန်တို့ဟာ တရုတ်ကို အနီးကပ်ထိမ်းချုပ်ဖို့ ဒေါ်စုကြည် အစိုးရ ဖြစ်မှ အဆင်ပြေမှာမို့ ဒေါ်စုကြည်ကို လွှတ်တော်ထဲ ရောက်ဖို့ ဖိအားပေးနေတာ သိနေတဲ့ ဦးသန်းရွှေဟာ သူ့အိတ်ထဲကဖား ဒေါ်စုကြည်ကို ဒီအတိုင်း ပဲ ကြည့်နေပါတယ် ။

ဦးသနိးရွှေ ဇာတာတက်ပြီး စိတ်တိုင်းကျ ကစားနိုင်ဖို့ ယက်တောဆိုတဲ့ အမေရိကန်ဖားကြီး ကားကနဲ ထပ်ရောက်လာတော့ ဘရွှေတို့ ပြုံပန်းဝေဆာ ဖြစ်ရလေပြီ ။

အမေရိကန် အစိုးရတိုင်းဟာ American is the first ဆိုတာကို အလွန်ဂုဏ်ယူကြလေ့ ရှိပါတယ် ။ အမေရိကန်နိုင်ငံသားတွေ အခြားဘယ်နိုင်ငံမှာပဲ ဒုက္ခရောက်နေပါစေ ကူညီပြီး အမေရိကန်ကို ပြန်ခေါ်ရမယ်ဆိုတဲ့ မူပေါ့ ။

ဒီတော့ ရေကူးချန်ပီယံကြီးကို ပြန်ရအောင်ခေါ်ဖို့ အမေရိကန် သမ္မတ အိုဘားမား ရဲ့ တာဝန်ဖြစ်သွားရပါပြီ ။ ဒီတော့ အမေရိကန်လွှတ်တော်မှာ သြဇာကြီးတဲ့ ဆီနိတ်တာ Jim Webb ကို မြန်မာပြည်လွှတ်ပြီး ထောင် ၇ နှစ် ကျနေတဲ့ ယက်တော လွတ်မြောက်ရေးအတွက် ကြိုးစားရပါပြီ ။

Jim Webb ဟာ 14-8-2009 မှာ ရောက်လာပြီး စစ်အစိုးရရဲ့ တွေရန်ခက်ခဲလှတဲ့ ခေါင်းဆောင် ဦးသန်းရွှေ နဲ့ တွေ့ခွင့်ရခဲ့တာ ထူးခြားမှု တခုပါပဲ ။ သူတို့ နှစ်ယောက်ဘာတွေ ဆွေးနွေးသဘောတူကြတယ် မသိပါဘူး Jim Webb ပြန်တော့ ထောင်ထဲက ယက်တောပါ ပါသွားလေရဲ့ ။


Jim Webb ဟာ 15-8-2009 မှာ ဒေါ်စုကြည်နဲ့ အင်းယားလိတ်ဟိုတယ်မှာ 45 မိနစ်ကြာ တွေ့ဆုံသွားရပါတယ် ။

18-8-2009 မှာ Jim Webb ဟာ ဘန်ကောက်လေဆိပ်မှာ သတင်းထောက်တွေကို " နေပြည်တော် အစိုးရနဲ့ တွေ့ဆုံဆွေးနွေးရတာ အောင်မြင်ကြောင်း နှင့် နအဖ အစိုးရရဲ့ အပြုသဘောဆောင်သည့် ဒီမိုကရေစီကြိုးပမ်းမှုများကို အသိအမှတ်ပြုပါကြောင်း " ထူးဆန်းစွာ ပြောသွားပါတယ် ။

ဘရွှေရဲ့ ဆွေးနွေးတောင်းဆိုမှုဟာ ဒါနဲ့ ရပ်မသွားပါဘူး ။ အမေရိကန်လွှတ်တော်မှာ ဥပဒေသစ် ၃ ခု ပြဌာန်းအတည်ပြုအောင် အဆိုတင်သွင်းခဲ့တဲ့ သြဇာကြီး အမတ် Jim Webb ဟာ 25-8-2009 မှာ နယူးရော့တိုင်းသတင်းစာရဲ့ အယ်ဒီတာ့အာဘော် မှာ

" ကျွနုပ်တို့ လျစ်လျူမရှုနိုင်တော့သည့် မြန်မာ"

ဆိုတဲ့ ခေါင်းစဉ်နဲ့

"မြန်မာအားဒီအတိုင်းပစ်ပယ်ထားပါက တရုတ်ဖက်သို့ ပိုမိုနီးကပ်သွားပြီး တရုတ်၏ သြဇာခံဖြစ်သွားမည်ဖြစ်ရာ ဒေသတွင်းတည်ငြိမ်ရေး တဖက်စောင်းနင်းဖြစ်ကာ အန္တရာယ်များပါကြောင်းနှင့် အတိုက်အခံပါတီအပေါ် စစ်ခေါင်းဆောင်များက လိုလားနှစ်သက်မှု မရှိသလို တရုတ်ကလည်း အလားတူ သဘောထားနေပါကြောင်း " ရေးသားခဲ့ပါတယ် ။

{ သူဆိုလိုတာကတော့ စစ်အစိုးရကို တရုတ်ဖက် ရောက်မသွားစေရန် အမေရိကန်က ကူညီစေဖို့ နဲ့ စစ်အစိုးရ မနှစ်သက်တဲ့ အတိုက်အခံကို မထောက်ပံ့တော့ဖို့ ပြောတာပါပဲ}

အဲဒီလို Jim Webb ရဲ့ တိုက်တွန်းမှုကတကြောင်း အမေရိကန်ရဲ့ Pivotal diplomacy အရ လည်းကောင်း အိုဘားမားရဲ့ အစိုးရဟာ မြန်မာအပေါ် သဘောထား ပျော့ပျောင်းစွာနဲ့ ညင်သာစွာ ချည်းကပ်ဖို့ မူဝါဒ ပြောင်းရပါတော့တယ် ။

ဒီနေရာမှာ အမေရိကန်တွေက pivotal သုံးဖို့ ကြံစည်အကွက်ပြောင်းတုန်း ရှိပါသေးတယ် ။ အညာသားကြီးက အဲဒီ Povital ကို Jim Webb နဲ့ တွေ့ဆုံ ဆွေးနွေးချိန်မှာပဲ သုံးခဲ့ပြီး ဖြစ်ကြောင်း တွေ့ရပါတယ် ။

ဦးသန်းရွှေဟာ ယက်တော ၊ ဒေါ်စုကြည် နဲ့ မြောက်ကိုရီးယား နျူတွေကို Povit ထားပြီး နိုင်ငံရေးကစားသွားလို့သာ သူလိုချင်တဲ့ စစ်တပိုင်း အစိုးရကို ၂၀၁၀ မှာ ဒေါ်စုကြည်မပါပဲ အနှောက်အယှက်မရှိ သာသာယာယာ ဖွဲ့စည်းပေးနိုင်ခဲ့တာပါ ။

ဦးသန်းရွှေအတွက် အမေရိကန်ဆီက ဒေါ်စုကြည်နဲ့ ပါတ်သပ်တဲ့ ဖိအားတွေကို ဖယ်ရှားပြီးနောက် အရေးကြီးတဲ့ ကိစ္စတခု ဆုံးဖြတ်ရပါတော့မယ် ။ အဲဒါကတော့ သူနားပြီးတဲ့ နောက်မှာ တပ်မတော်ကို ဘယ်သူ့လက်ထဲ စိတ်ချလက်ချ အပ်ထားရမလဲဆိုတဲ့ ပြဿနာပါပဲ ။

သာမန်အားဖြင့် ဒု ချုပ်ကို လွှဲအပ်ရမှာ ဖြစ်ပေမယ့် ဦးသန်းရွှေက အရက်အလွန်အကျွံသောက်တတ်တဲ့ ဦးမောင်အေးကို စိတ်မချပါဘူး ။ ဒါကြောင့် သူနဲ့ အတူနားစေဖို့ ဆုံဖြတ်ထားပြီး အခြားဆက်ခံသူရှာနေတာပါ ။

ပထမတော့ နံပါတ် ၃ သူရရွှေမန်းကို လျှာထားခဲ့ပုံပါပဲ ။ နီးစပ်သူအသိုင်းအဝိုင်းများက ပြောဆိုနေကြပေမယ့် ဦးသန်းရွှေနှုတ်ကတော့ တခါမှ မပြောဖူးဘူးလို့ ကြားသိရပါတယ် ။ အဲဒီလျှာထားမှုဟာ တရားဝင်ဟုတ်ပေမယ့် ပယ်ဖျက်မှုကတော့တရားဝင်ဖြစ်သွားပါတယ် ။

2009 မေလ မှာ သူရရွှေမန်းရဲ့ ပြုံယမ်းခရီးစဉ် ပေါက်ကြားမှုကြီးကြောင့် နိုင်ငံတကာမှာ မြောက်ကိုရီးယားနဲ့ ဆက်ဆံခဲ့သူ အဖြစ် အမည်ပျက်နေလို့ သူရရွှေမန်းသာ တပ်ချုပ်ခန့်လိုက်လျှင် မကြာခင် ကျင်းပပေးမယ့် ရွေးကောက်ပွဲ မှာ အယုံအကြည်နည်းသွားလိမ့်မယ် လို့ အကြောင်းပြပါတယ် ။

နောက်တချက်က ဦးရွှေမန်း သားဟာ ဦးခင်ရွှေ သမီးနဲ့ လက်ထပ်ပြီး စီးပွါးရေးအုပ်စုတွေ ထူထောင်ကာ သောင်းကျန်းနေလို့ သူရရွှေမန်းသာ တပ်ချုပ်ဖြစ်သွားရင် တိုင်းပြည်ရော တပ်မတော်ရော အပျက်ဖက် ဦးတည်သွားနိုင်တယ်လို့ ယူဆတာလည်း ပါနေပြန်ပါတယ် ။

( ပြုံယမ်းခရီးစဉ် ပေါက်ကြားမှု မဖြစ်ခဲ့လျှင်တော့ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်)

ဦးသန်းရွှေဟာ တပ်ချုပ်လောင်းလျှာ စာရင်းတွေယူပြီး စစ်ရုံးသို့ခေါ်ပြီး သူကိုယ်တိုင်တာဝန်ပေးကာ အနီးကပ်စောင့်ကြည့် လေ့လာအကဲခတ်ပါတယ် ။

တစ်နှစ်လောက်ကြာမှ တပ်ချုပ်လောင်းစာရင်းထဲက ရခတ တိုင်းမှူးဗိုလ်ချုပ်မြင့်အောင်ကို လျှာထားအတည်ပြုကြောင်း စာရင်းထွက်လာပါတယ် ။

လျှာထားအတည်ပြုစာရင်းထွက်လာခါရှိသေးတယ် တိုင်းမှူးတွေ နဲ့ ကွပ်ကွဲမှုမှူး များဟာ ဗိုလ်ချုပ်မြင့်အောင်ထံ အလုအယက် ဂါကြရာ ဦးသန်းရွှေသိသွားပြီး စိတ်ဆိုး၍ ပယ်ဖျက်လိုက်ပါတယ် ။

ပြီးတော့ ချွေးသိပ်တဲ့အနေနဲ့ အစိုးရသစ်မှာ ကာကွယ်ရေးဝန်ကြီး ခန့်မယ်လို့ ပြောခဲ့ပေမယ့် ဗိုလ်ချုပ်မြင့်အောင်က လက်မခံပဲ တပ်ကနေ အပြီးထွက်သွားခဲ့ပါတယ် ။

အဲဒီနောက် ဘယ်သူမှ ထင်မှတ်မထားတဲ့ တတိယမျိုးဆက် အရာရှိ ဗိုလ်ချုပ်မင်းအောင်လှိုင်ကို စီနီယာများအား ကျော်လွန်၍ တပ်ချုပ်ကြီး အဖြစ် လျာထားအတည်ပြုလိုက်ပါတယ် ။

ဦးသန်းရွှေဟာ ရွေးကောက်ပွဲနီးလာလေ အလု့ပ်ပိုလုပ်လေ ဖြစ်နေပါတယ် ။ ပြည်ပခရီး ထွက်ခဲလှသော ဦးသန်းရွှေဟာ တရုတ် မြန်မာ သံဆက်သွယ်ခြင်း နှစ် ၆၀ ပြည့် အခမ်းအနားကို တက်ရောက်ဖို့ 4-9-2010 ကနေ 7-9-2010 ထိ ၄ ကြာခရီးကို ထွက်ခွါလာခဲ့ပါတယ် ။

တကယ်တန်းကျတော့ တရုတ်သမ္မတ ဟူကျင်းတောင်နဲ့ လာတွေ့တာပါ ။ ဦးသန်းရွှေနဲ့အတူ ဗိုလ်ချုပ်မင်းအောင်လှိုင်လည်း ပါခဲ့ပါတယ် ။ သူကိုယ်တိုင် တရုတ်ကို လာရတဲ့ အကြောင်းက

- ရွေးကောက်ပွဲကို တရုတ်က အသိအမှတ်ပြု ထောက်ခံပေးဖို့

- တရုတ်မြန်မာ နယ်စပ်ရှိ လက်နက်ကိုင်တွေအရေးကို ညှိနှိုင်းဖြေရှင်းပေးရတော့မယ့် တပ်ချုပ်အသစ် ကို တရုတ်သမ္မတနဲ့ မိတ်ဆက်ပေးဖို့ ရည်ရွယ်ပါတယ် ။ ဦးသန်းရွှေ အကြောင်းသိနေတဲ့ CNN သတင်းဌာနကတော့ "မြန်မာခေါင်းဆောင် တရုတ်ထံက ဘာလိုချင်သလဲ" ဘာညာ နဲ့ ကလိပါသေးတယ် ။

အပြန်ခရီးမှာ ဝမ်ကြားပေါင်က ပါတီ နဲ့ အစိုးရ ပူးတွဲချိတ်ဆက်မှုဟာ အရေးကြီးကြောင်း အကြံပေးပါတယ် ။ ကဲ ဦးသန်းရွှေ တယောက် 2010 ရွေးကောက်ပွဲကို ဘယ်လို လုပ်ပေးမလဲ ? ဗိုလ်ချုပ်မင်းအောင်လှိုင်ရဲ့ စီနီယာတွေကို ဘယ်လိုထိမ်းမလဲ ဆိုတာကတော့ ,,,,,,,,,,,,,,,,,,,,,?


ပြုံယမ်း မှ နေပြည်တော်၏ အနာဂါတ် သို့ (10)


ဦးသန်းရွှေ တရုတ်ပြည်ကို ကိုယ်တိုင်သွားပြီး ဘာတွေ ပြောခဲ့သလဲဆိုတော့ ဒေါ်စုကြည်ဟာ အနောက်အုပ်စုထောက်ပံ့ပေးနေတဲ့ အနောက်ယိမ်းဒီမိုသမား ဖြစ်ကြောင်း ၊ အကယ်၍ သူမသာ 2010 မှာ အာဏာရသွားခဲ့လျှင် တရုတ်ရဲ့ အနောက်တံခါး လှေခါးခုံမှာ ဒီမိုအုပ်စုကြီး ရောက်လာပြီး တရုတ်ကို အနီးကပ်စောင့်ကြည့်နေတော့မည် ဖြစ်ကြောင်း ၊ ဒါကြောင့် 2010 မှာ သူ့ရဲ့ စစ်တပိုင်းအစိုးရ အာဏာရရန် အရေးကြီးကြောင်း နဲ့ သူ့တို့ကို တရုတ်က 2010 ရွေးကောက်ပွဲမှာ ထောက်ခံပေးဖို့ လိုကြောင်း တရုတ်ကို ဒီမိုသရဲ နဲ့ ခြိမ်းခြောက်ပါတယ် ။

အဲဒါကြောင့် တရုတ်အစိုးရ ပြောရေးဆိုခွင့် ရှိသူ အမျိုးသမီး ဂျန်ယု က

"စစ်အစိုးရ ပြုတ်ကျသွားလျှင် တိုင်းပြည်ရဲ့တံခါးပေါက်လှေခါးခုံမှာ အနောက်ကို မှီမယ့် ဒီမိုကရေစီ အစိုးရကို အစားထိုးမလား ဘာလား ဆိုတာ တရုတ်ခေါင်းဆောင်တွေကြား တိတိကျကျမရှိသေးပါဘူး "

ဆိုပြီး သံတမန်စကား နဲ့ ဦးသန်းရွှေကို ထောက်ခံလိုက်ပါတယ် ။ ဒီလိုနဲ့ ဦးသန်းရွှေဟာ တရုတ်ကို ဒီမိုသရဲနဲ့ခြောက်လိုက် ၊ ရေနံပိုက်လိုင်း စီမံကိန်း ၊ လက်ပန်းတောင် စီမံကိန်း ၊ မြစ်ဆုံစီမံကိန်းတွေ နဲ့ ချော့လိုက်နဲ့ ဆွဲဆောင်လိုက်တာ တရုတ်အစိုးရက 2010 ရွေးကောက်ပွဲကို ထောက်ခံပေးမယ်လို့ ကတိပြုလိုက်ရပါတော့တယ် ။

ဦးသန်းရွှေဟာ အမေရိကန်ကိုလည်း ရေကူးချန်ပီယံ ဖားကြီး ၊ မြောက်ကြီးရဲ့ နျူတွေ နဲ့ ဂျင်းထဲ့ပြီး Jim Webb ကနေတဆင့် ခါးပိုက်ထဲ ထည့်ထားနိုင်ပြီဆိုတော့ ရှေ့သွားရမယ့်လမ်း ဖြောင့်တန်းသွားပေပြီ ။

ဦးသန်းရွှေဟာ 2010 ရွေးကောက်ပွဲကနေ တက်လာမယ့် စစ်တပိုင်းအစိုးရသည်

သူခင်းတဲ့လမ်းအတိုင်း လျှောက်လှမ်းရန် ၊ နိုင်ငံတကာကလည်း လေးစားအသိအမှတ်ပြုရန် ၊ ဒီမိုကရေစီစနစ်ကိုလည်း အမှန်အကန် ဖော်ဆောင်နိုင်ရန် ရည်မှန်းပြီး လုပ်ဆောင်နေပါတယ် ။

သူဟာ ထင်မထားအောင် လည်လွန်းသူဖြစ်ပြီး အနောက်အုပ်စုက ကြောင်လက်သည်း လို့ အမည်ပေးရလောက်အောင် ခန့်မှန်းရခက်လှပါတယ် ။ ကမ္ဘာလှည့်ပြီး လူလည်ကျနေတဲ့ အမေရိကန်တွေတောင် ထူထူပိန်းပိန်း အညာသားပုံစံနဲ့ ဦးသန်းရွှေရဲ့ လှည့်ကွက်တွေမှာ ဒီမိုကရေစီတိုက်ကွက် ပျောက်အောင် လုပ်နိုင်ခဲ့ပါတယ် ။

အခုတော့ အမေရိကန်ရော တရုတ်ကိုပါ စည်းရုံးထားနိုင်ပြီ ဖြစ်လို့ နိုင်ငံရေးကစားကွက်ကို သူစိတ်ချသွားပါပြီ ။ သူတကယ်စိတ်မအေးသေးတာက 3 rd generation ဗိုလ်ချုပ်မင်းအောင်လှိုင် ( DSA 19) အား တပ်ချုပ် ခန့်ထားခြင်းအပေါ် ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ပါပဲ ။

သူ့တုန်းကလည်း အလိုပဲ စီနီယာဗိုလ်ချုပ်ကြီးတွေဖြစ်တဲ့ ဗိုလ်ချုပ်ထွန်းကြည်တို့ ဗိုလ်ချုပ်ကျော်ဘတို့ နဲ့ ဖြစ်ခဲ့ဖူးလို့ အခု အဲလိုမဖြစ်အောင် စီစဉ်ပါတယ် ။

စီနီယာ ဗိုလ်ချုပ်ကြီး ၈ ဦးကို တပ်ကနေအနားပေးလိုက်ပါတယ် ။ သူရရွှေမန်း နဲ့ ရှစ်လုံးကြီးကို ပါတီဖက် ရွှေ့လိုက်ပါတယ် ။ အဲလိုနဲ့ တပ်ဖက်ကို စိတ်ချအောင် စီစဉ်ပေးပြီးမှ ပါတီဖက် ပြန်လှည့်နိုင်ပါတော့တယ် ။

ဦးသန်းရွှေဟာ ကြံ့ခိုင်ရေးပါတီ ထူထောင်ထားပေမယ့် သူအဓိကထားတာ တပ်ပဲဖြစ်ခဲ့ပါတယ် ။ ပါတီကို မည်ကာမတ္တဆင့်ပဲ လုပ်ခဲ့တာပါ ။ သူဟာ မဆလ ခေတ်တုန်းက Politician ဖြစ်ခဲ့ပေမယ့် ၈၈ မှာ သန်းနဲ့ချီတဲ့ ပါတီဝင်တွေရဲ့ ဖောက်ပြန်မှု ကိုယ်ကျိုးကြည့်မှုကြောင့် ပါတီ တို့ ကေဒါတို့ဆို မကြားချင်လောက်အောင် မုန်းတီသူဖြစ်ပါတယ် ။

ဒါပေမယ့် စစ်ဖက်ရော နိုင်ငံရေးရော နားဖို့ ဆုံးဖြတ်ထားတော့ ပါတီ နဲ့ အစိုးရအဖွဲ့မှာ နေရာပေးဖို့ သူဆုံးဖြတ်ရပါပြီ ။ ဦးရွှေမန်းဟာ တပ်ချုပ်မဖြစ်ရလို့ မကျေမနပ်ဖြစ်နေပြီး အစိုးရဖွဲ့လျှင် သမ္မတနေရာ မှန်းထားမှန်း ဦးသန်းရွှေ ကောင်းစွာ သိပါတယ် ။

လူသည်ဖောက်ပြန်တတ်သော သဘော ရှိတယ်ဆိုတဲ့ အညမည သဘောတရားကို ဦးသန်းရွှေသိပါတယ် ။ တပ်ချုပ်နေရာမရလို့ မကျေနပ်တဲ့သူကို နိုင်ငံရေးပါဝါ အမြင့်ဆုံး သမ္မတနေရာ ပေးလိုက်ရင် သူ့ရဲ့ တပ်ချုပ်အသစ်လေး နဲ့ ပွတ်တိုက်မှုတွေဖြစ်ပြီး သမ္မတကို သူမထိမ်းနိုင်ရင် တိုင်းပြည်နစ်နာမှာ တွေးမိလို့ ပယ်ချခဲ့ပြန်ပါတယ် ။

မကျေမနပ် ဖြစ်နေမယ့် ဦးရွှေမန်းအတွက် အသင့်တော်ဆုံးကတော့ သမ္မတကို ထိမ်းချုပ်စောင့်ကြည့်နိုင်မယ့် လွှတ်တော်ဥက္ကဌ ရာထူးက သင့်တော်တယ်လို့ ဆုံးဖြတ်လိုက်ပါတယ် ။

ထို့နောက် သမ္မတအဖြစ် စာတတ်ပေတတ် ရဟန်းလူထွက် လူရိုးကြီးရဲ့ သားဖြစ်သူ ၊ သားသမီးတွေထဲမှာလည်း စီးပွါးရေးလုပ်ငန်းမလုပ်တဲ့သူ ၊ ကိုယ်တိုင်လည်း လောဘရမ္မက်နည်းပြီး နုညံ့သိမ်မွှေ့ ရိုးသားလှတဲ့ ဦးသိန်းစိန်ကို ရွှေးချယ်ပါတယ် ။

ပြီးတော့မှ တပ်ချုပ်အသစ် သမ္မတအသစ် လွှတ်တော်ဥက္ကဌအသစ်တို့ရဲ့ ဖြစ်လာနိုင်ဖွယ်ရှိတဲ့ ပွတ်တိုက်မှုတွေကို ထိမ်းညှိပေးနိုင်မယ့် အမျိုးသားလွှတ်တော် ဥက္ကဌနေရာမှာ သူနဲ့ သဘောထားခြင်း တိုက်ဆိုင်တူညီတဲ့ ဦးခင်အောင်မြင့်ကို ခန့်ထားလိုက်ပါတယ် ။

ထို့နောက် UEC ဥက္ကဌအဖြစ် ဦးသိန်းစိုးအား တာဝန်ပေးပြီး 2010 ရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပပေးပြီး အစိုးရ သစ်ထံ ညင်သာစွာ အာဏာလွှဲပြောင်းပေးခဲ့ပြီး စိတိအေးလက်လေး နဲ့ အညာသားကြီး စာအုပ်ဖတ်နေနိုင်ပြီ ဖြစ်ပါတယ် ။

နှစ်ပေါင်းများစွာ ပွတ်တိုက်မှုများခဲ့ရတဲ့ NLD ကို အာဏာချက်ခြင်း လွှဲပြောင်းပေးခဲ့ရရင် ညင်သာတဲ့ အရွှေ့မဖြစ်ပဲ တိုင်းပြည်အတွက် မုန်တိုင်းထန်နိုင်ပါတယ် ။

2011 မှာ အာဏာရယူခဲ့တဲ့ ဦးသိန်းစိန်ဟာ ပြည်တွင်းပြည်ပ ဖိအားများကြောင့် မြစ်ဆုံ စီမံကိန်းကို ရပ်တံ့ထားဖို့ ဆုံးဖြတ်လိုက်ပါတယ် ။ ဒီလုပ်ရပ်ကြောင့် ပြည်တွင်းထောက်ခံမှု ရခဲ့ပေမယ့် ဘေးထွက်ဆိုကျိုးတွေ တသီကြီး တွေ့လာရပါပြီ ။

မြစ်ဆုံနားတော့ CPI ကလည်း တရုတ်အစိုးရကို ဘဏ်တိုးဆိုင်ငံ့ဖို့ပြော ၊ တရုတ်အစိုးရက လည်း ပြန်လုပ်ဖို့ ဂျီကြနဲ့ အမျိုးမျိုးကြိုးစားပေမယ့် ဦးသိန်းစိန်က သူ့သက်တမ်းမှာ မလုပ်နိုင်ဘူးလို့ ပြတ်သားစွာ ပြောလိုက်ပါတယ် ။

ဒီတေါ့ တရုတ်က ပထမဆုံး နယ်စပ်ကနေ ဆန်ဝယ်ခွင့်ပိတ်လိုက်ပါတယ် ၊ နောက် တရုတ်ထဲခိုးဝင်နေတဲ့ မြန်မာတွေကို ဖမ်းပြီးထောင်ချတယ် ။ နောက်ဆုံးအဆင့် သူပုန်တွေကို နောက်ဆုံးပေါ်လက်နက်တွေ တပ်ဆင်ပေးပြီး တိုက်ခိုင်းပါတယ် ။

တိုက်ပွဲအစ ပထမ သုံးလ မှာပဲ တပ်မတော်ဖက်က 126 ယောက်ကျဆုံးပြီး 359 ယောက် ဒဏ်ရာရခဲ့ ပါတယ် ။ သူတို့ဖက်က ထုတ်ပြန်တာတော့ သူပုန်တွေ 90 ကျပြီး 200 ဒဏ်ရာရသတဲ့ ။

ဖြစ်စဉ်ကို ပြန်သုံးသပ်တော့ လက်နက်ငယ် စွမ်းရည် ကွာနေပါတယ် ။ အထူးသဖြင့် SINIPER တွေကြောင့် အကျအဆုံးများခဲ့ရတာ တွေ့ရပါတယ် ။ ထိုအချိန်က မြန်မာ့တပ်မတော်မှာ Siniper မသုံးသေးပါဘူး ။ ဒါကြောင့် ဗွေဆော်ဦး ကာလတွေမှာ KIA MNDAA တို့နဲ့ တိုက်လိုက်တိုင်း အကျအဆုံးများခဲ့ရတာပါ ။

2009 လောက်ကိုင်တိုက်ပွဲတုန်းက ၂၇ ရက်အတွင်း ချေမှုံးနိုင်ခဲ့ပေမယ့် ယခုတော့ ပြောင်းပြန်ဖြစ်ရလေပြီ ။ အဓိကဇစ်မြစ်ကတော့ တရုတ်အစိုးရရဲ့ ကြီးမားသော အထောက်အပံ့တွေကြောက့်ပါပဲ ။

အဲဒီချိန်မှာ MNDAA တို့ ကံဆိုးပြီး ဦးသိန်းစိန် ကံကောင်းစေမယ့် ကိစ္စတခု ဖြစ်လာပါတယ် ။ အဲဒါကတော့ ဝိုင်းမော်နယ်ထဲက သစ်ခိုးထုတ်နေတဲ့ တရုတ် ၁၅၀ နဲ့ ယာဉ် ယန္တယား ၄၅၅ စီးဖမ်းမိတာပါပဲ ။

တရုတ်အစိုးရက လွှတ်ပေးဖို့ တောင်းဆိုပေမယ့် ဦးသိန်းစိန်အစိုးရက တရုတ်တွေကို ၂ ဦးကလွဲပြီး ကျန်သူအားလုံး ထောင်တစ်သက်ချပစ်ပါတယ် ။ ဒီတော့ တရုတ်တွေလည်း ပျာယာခတ်သွားပါပြီ ။ နာမည်ဆိုးနဲ့ကျော်ကြာနေတဲ့ မြန်မာအကျဉ်းထောင်တွေမှာ ဒီတရုတ်တွေ သေဖို့ပဲ ရှိတယ်ပေါ့ ။

ဒီတေါ့ တရုတ်အစိုးရကလည်း ဦးသိန်းစိန်ကို အပေးအယူလုပ်ပြီး ညှိနှိုင်းရပါပြီ ။ ဒါလိုချင်လို့ တမင် ထောင်တသက် ချပစ်ထားတဲ့ ဦးသိန်းစိန်က

- နယ်စပ်ဆန်အဝယ်ပြန်ဖွင့်ရန်

- တရုတ်ပြည်တွင်း၌ ဖမ်းထားသော မြန်မာများအား ပြန်လွှတ်ပေးရန်

- MNDAA အားထောက်ပံ့နေသော ငွေကြေး လက်နက် လူသူတို့ကို ဖြတ်တောက်ပေးရန် ဆိုပြီး တောင်းဆိုပါတယ် ။


တရုတ်တွေဟာ မူမနေနိုင်ပဲ အားလုံးလိုက်လျှောပေးပြီး MNDAA ရဲ့ ဘဏ်စာရင်းများကိုပါ ပိတ်ပေးခြင်းဖြင် MNDAA ဟာ တမ်မတော်ထိုးစစ်အောက်မှာ ကျဆုံးသွားရပါတယ် ။ ဦးသိန်းစိန်လည်း တရုတ်တွေကို ၈ ရက်နဲ့ လွှတ်ပေးလိုက်ပါတယ် ။

အဲဒီလို အကြောင်းရင်းကို မသိပဲ တရုတ်သစ်သူခိုးတွေကို ၈ ရက်နဲ့ လွှတ်ပေးခြင်းအား ယနေ့ထိ နိုင်ငံရေးတိုက်ကွက်အဖြစ် တိုက်ခိုက်နေဆဲ ဖြစ်ပါတယ် ။

အဲဒီနောက် မြန်မာ့တပ်မတော်ဟာ ခြေလျှင်တပ်သုံးလက်နက်ငယ်တွေကို အဆင့်မြှင့်ပေးဖို့ လုပ်ဆောင်ပါတော့တယ် ။ တရုတ်ပစ္စည်းများ လုံးဝမသုံးတော့ပဲ ရုရှား ၊ ယူကရိန်း ၊ မြောက်ကိုးရီးယား ၊ ဘရာဇီး ၊ အိန္ဒိယ ၊ ယူဂို အစရှိသဖြင့် ရတတ်သရွှေ့ နောက်ဆုံးပေါ် လက်နက်တွေ ဖြည့်ဆီးပေးခဲ့ပါတယ် ။

အထူးသဖြင့် တရုတ် siniper များထက် သာလွန်ကောင်းမွန်သော siniper များတပ်ဆင်ထားတဲ့ siniper တပ်ဖွဲ့တွေ ဖွဲ့စည်းခဲ့ပါတယ် ။ တပ်မတော်ဟာ ခေတ်မှီလက်နက်များ တပ်ဆင်နိုင်ပေမယ့် တပ်သားသစ်စုဆောင်းရာမှာ အခက်တွေ့နေတယ်လို့ ကြားရပါတယ် ။

19-11-2012 မှာ အိုဘားမားလာတော့ ဦးသိန်းစိန်ဟာ "မြန်မာပြည်သူသန်း ၅၀ ကျော်အတွက် ဒီမိုကရေစီရေးအား ကျနော်အမြဲမျက်နှာမူနေပါတယ် "လို့ပြောလိုက်ပါတယ် ။ ဒေါ်စုကြည်ကို 2012 ကြားဖြတ်မှာပဲ လွှတ်တော်ထဲရောက်အောင်ခေါ်နိုင်ခဲ့တာ ခိုင်မာတဲ့ သာဓကပါပဲ ။

ဒီနေရာမှာ ဦးသန်းရွှေ တည်ဆောက်ခဲ့တဲ့ လမ်းတံတား ၊ ဆည်မြောင်း ၊ ကျောင်းဆေးရုံ ၊ ရေအားလျှပ်စစ်စက်ရုံ အစရှိတဲ့ များပြားလှတဲ့ အခြေခံဆောက်အဦးတွေ ၊ ကာကွယ်ရေး အတွက် လှို့ဝှက်လှိုဏ်ခေါင်းပေါင်း ရာပေါင်းများစွာ တူးဖော်ခြင်း ၊ မြေအောက်ကာကွယ်ရေးစက်ရုံများတည်ဆောက်ခြင်း ၊ ထိုင်း နဲ့ ဘင်္ဂလားသို့ ပစ်ခတ်ချေမှုံးနိူင်သည့် တာတို တာလတ်ပစ် IRBM များ ဝယ်ယူခြင်း ၊ နျူစီမံကိန်း အတွက်ကုန်ကျခြင်း အစရှိတဲ့ လုပ်ငန်းတွေ အပြင် ရန်ကုန် မန္တလေး အမြန်လမ်း ၊ နေပြည်တော် လွှတ်တော် အစရှိတဲ့ တည်ဆောက်မှု အကြီးကြီးတွေ အတွက် ဦးသန်းရွှေ ငွေတွေ ဘယ်လိုရှာခဲ့ပါသလဲ ။

ထင်ထင်ရှားရှား သိခဲ့ရတာကတော့ သဘာဓာတ်ငွေ့ လုပ်ငန်းကနေ အများအပြားရရှိခဲ့ပါတယ် ။ ၁၉၉၅ မှာ စမ်းသပ်ပြီး ၁၉၉၈ မှာ ထုတ်လုပ်ခဲ့တဲ့ လုပ်ငန်းကနေ အစိုးရက 15 % အချိုးကျရရှိခဲ့ပါတယ် ။ 2001 မှ 2006 အထိ US$ 9 ဘီလီယံခန့် သဘာဝဓါငွေ့ကနေ ရခဲ့ပါတယ် ။

အဲဒီကာလတွေက လှို့ဝှက်လှိုဏ်တွေနဲ့ နျူကိစ္စတွေအတွက် ပြုံယမ်းနဲ့ ကျိတ်ပြီး ခိုးလုပ်နေရပါတယ် ။ အဲဒီ MOGE က တရားဝင် ရထားတဲ့ ဒေါ်လာ ၉ ဘီလီယံကို ရသုံးစာရင်းမှာ မှန်တိုင်း ဖော်ပြလိုက်ရင် လှို့ဝှက်လက်နက်ဝယ်တဲ့ ကိစ္စပေါ်သွားနိုင်ပါတယ် ။ ( ငွေသုံးစာရင်းကို ကြည့်ပြီး ဘာလက်နက်တွေဝယ်တယ်ဆိုတာ ခန့်မှန်းကြမည်စိုးရိမ်လို့ပါ )

အဲဒါနဲ့ MOGE ကနေရတဲ့ ဖုံးဖိမရတဲ့ ဝင်ငွေကို ဗဟိုဘဏ် ၌ တဒေါ်လာလျှင် ရိ / နှုံးဖြင့် ဖလှယ်၍ သုံးစွဲပစ်ကြောင်း လိမ်ခဲ့ရပါတယ် ။ အဲဒါကိုလည်း ယခုထိ တိုက်ခိုက်နေဆဲပါပဲ ။

ယနေ့ နားမလည်သူတွေပြောနေတဲ့တပ်မတော်က MEC ထောင်ပြီး စီးပွါးရေး လုပ်နေတယ် ဆိုတဲ့ ကိစ္စကို လေ့လာကြည့်ပါ ။ တပ်မတော်ဟာ နိုင်ငံကာကွယ်ရေးအတွက် ရေရှည်စီမံကိန်းတွေအမြောက်အများ ရေးဆွဲ လုပ်ကိုင်နေရပါတယ်။

ဒီမိုကရေစီ အစိုးရများဟာ ဘက်ဂျက်ဖြက်တောက်လိုက်မယ်ဆိုရင် ဒီလုပ်ငန်းတွေ ရပ်တံ့သွားနိုင်ပါတယ် ။ အဲလို အခြေအနေ နဲ့ မကြုံစေရန် ကြိုတင် ပြင်ဆင်ထားတာပါ ။ ဒါတွေကြောင့်လည်း တပ်မတော်ဟာ အင်အားတည်ဆောက်ခြင်းကို အရှိန်မပျက်ဆက်လက်ဆောင်ရွက်နိုင်တာ ဖြစ်ပါတယ် ။

ခေတ်မှီ ဂျက်တိုက်လေယာဉ်အသစ်များ ၊ ဖရီးဂိတ်သင်္ဘောများတည်ဆောက်ခြင်း ၊ မစ်ဇိုင်းများ ဝယ်ယူခြင်း ထုတ်လုပ်ခြင်း တွေကို တွေ့မြင်နေရတာ တပ်မတော်ရဲ့ အမျှော်အမြင်ပါပဲ ။

ယခု နှစ်လယ်ကမှ တရုတ်ရဲ့ နောက်ဆုံးထုတ် SRBM SY 400 တာတိုပစ်တွေ ဝယ်ခဲ့ပါတယ် ။ ဘယ်သူ့အတွက်လည်း တွေးကြည့်ပါ ။ ဒါမျိုးတွေ ဖြည့်ဆီးနိုင်ဖို့ တည်ထောင်ထားတဲ့ MEC ကို အထင်မလွဲသက့်ပါဘူး ။

ယနေ့တပ်မတော်ရဲ့ အနေအထားဟာ ဘရွှေလက်ထက်ကထက် အများကြီး တိုးတက်နေတာ သေချာပါတယ် ။ အဲလိုတိုးတက်မှုကို လေးစားသလို ဖြစ်ရပ်မှန်တခုကို ပြောပြချင်ပါတယ် ။

ယနေ့လူငယ်သိပ္ပံရှင်ကို အင်တာဗျူးတော့

"ခင်ဗျားတို့လူငယ်တွေက အိုင်းစတိုင်းထက်ပိုတော်တယ် သူမတီထွင်နိုင်တာတွေ ခင်ဗျားတို့ တီထွင်နိုင်ခဲ့တယ်" လို့ ပြောတော့

"အဲလို မပြောပါနဲ့ အိုင်းစတိုင်းက သူ့တွေ့ရှိချက်သီအိုရီတွေနဲ့ သူ့ပုခုံးပေါ်မှာ ကျုပ်တို့ကို ကြည့်ခွင့်ပေးလိုက်လို့ ကျုပ်တို့က သူ့ထက်ပိုပြီး မြင့်မြင်းကနေ ဝေးဝေးထိ မြင်နေရတာပါ " လို့ ဖြေခဲ့ပါတယ် ။

ယနေ့ ကမ္ဘာ့အဆင့် ဘယ်လောက်ကွဆိုပြီး ရင်ကော့ပြောနိုင်တဲ့ မြန်မာ့တပ်မတော်အတွက် ပခုံးပေါ်ထမ်းပေးခဲ့တဲ့ ဦးသန်းရွှေ ၊ ဦးသန်းရွှေအား ပခုံးပေါ်ထမ်းပေးခဲ့တဲ့ ဦးနေဝင်းတို့ ရဲ့ ကျေးဇူးတရားများအား ထာဝရတန်ဖိုးထားသော မြင့်မြတ်သည့် မြန်မာ့တပ်မတော် အဖြစ် အမြဲတမ်းအောင်လံလွှင့်ထူနေရမယ်လို့ ယုံကြည်လေးစား အားကိုးနေပါတယ် ။

မှတ်ချက် ။ ။ အားလုံးသိချင်နေတဲ့ မြန်မာမှာ နျူရှိပြီလားဆိုတဲ့ မေးခွန်းအတွက် ကိုယ်ဘာသာ စဉ်းစားနိုင်ဖို့ ပြောပြပါ့မယ် ။

ခင်ဗျားတို့ဟာ အုန်းသီးကို အလွန်အမင်း စားချင်နေပါတယ် ။ အုန်းသီးအမြဲရဖို့ အုန်းခြံလည်းစိုက်ဖို့ ငွေကြေးကအစ အခြေအနေ အားလုံးပြည့်စုံနေပါပြီ ။ ကဲ မိတ်ဆွေတို့ အရမ်းစားချင် နေတဲ့ အုန်းသီးကို ဝယ်စားလို့လည်း ရနေပါလျှက် မိတ်ဆွေက ကိုယ်စိုက်တဲ့ အုန်းပင်က သီးမှ စားမယ်ဆိုပြီး စောင့်နေမလား အရင်ဦးဆုံး ဝယ်စားထားမလား တွေးကြည့်ပါ ။ 😁😁😁😁😁

စိတ်ရှည်သည်းခံပြီး ဖတ်ရှုအားပေးကြသော မိတ်ဆွေများ ချမ်းမြေ့သာယာပါစေဗျာ ။

( မူရင်းရေးသားသည့်အတိုင်းကူးယူဖော်ပြခြင်းဖြစ်ပြီး မိမိတို.သီးခြားထင်မြင်ချက် ၊ အယူအဆ ၊ အချက်အလက် နှင့် ပြင်ဆင်ဖြည့်စွက်ခြင်းများ လုံးဝမပါဝင်ပါ )

မူရင်းရေးသားသူ - မျိုးဝင်း


Related ;


ပြုံယမ်း မွ နျေပည်တော်၏ အနာဂါတ်သို့ ( 1/2 ) - မိုးဝင်း ၊ ပြုံယမ်း မှ နေပြည်တော်၏ အနာဂါတ်သို့ ( 1/2 ) - မျိုးဝင်း

ပြုံယမ်း မွ နျေပည်တော်၏ အနာဂါတ်သို့ ( 3/4 ) - မိုးဝင်း ၊ ပြုံယမ်း မှ နေပြည်တော်၏ အနာဂါတ်သို့ ( 3/4 ) - မျိုးဝင်း

ပြုံယမ်း မွ နျေပည်တော်၏ အနာဂါတ်သို့ ( 5/6 ) - မိုးဝင်း ၊ ပြုံယမ်း မှ နေပြည်တော်၏ အနာဂါတ်သို့ ( 5/6 ) - မျိုးဝင်း

ပြုံယမ်း မွ နျေပည်တော်၏ အနာဂါတ်သို့ ( 7/8 ) - မိုးဝင်း ၊ ပြုံယမ်း မှ နေပြည်တော်၏ အနာဂါတ်သို့ ( 7/8 ) - မျိုးဝင်း


No comments:

Post a Comment