Saturday, August 10, 2013

တာရာမင်းဝေ ကဗျာများ - ချစ်သူသို.


ချစ်သူ..သို့ (၁)

သံချေးတစ်ထပ်ရွှံ့တစ်ထပ်မို့လို့
သူတို့ရဲ့စိတ်အတင်အချကို
မင်း..ဘယ်လိုမှဖတ်ရမှာမဟုတ်ဘူး။

အာငွေ့မှုတ်သံတွေကြားမှာပဲ
ရယ်ကာမောကာ တစ်နွေလုံးပိတ်
ကိုယ့်ယဉ်ကျေးမှု နဲ့ကိုယ်အိပ်လိုက်ပေါ့ကွယ်။

ချစ်သူရေ
လောကရဲ့မာယာဆိုတာ
အတီးခံရတဲ့ဗုံတွေရဲ့ဂီတပါပဲ။

စစ်တုရင်တစ်ပွဲလုံးကို
ဆွဲမှောက်ခံလိုက်ရပေမယ့်
.....ဘာဖြစ်လဲ
ဝမ်းမနည်းကြေး တို့တွေရွာသွန်းကြရုံပေါ့။

ယုံကြည်ထားစမ်း
ရေငွေ့ရေခိုးကလည်း
ပင်လယ်ကိုစိုက်ပျိုးနိုင်တယ်...

ဆိုတာ..။ ။




ချစ်သူ...သို့ (၂)

နတ်ဒေဝတာတွေ
ပျံသန်းလာသံကို ကြားရတယ်
ရင်ခွင်မှာမီးတောက် တန်းလန်းနဲ့
မိုးတွေချုန်းအောင် သူတို့လွမ်းပြပလေ့စေ။

မျက်တောင်လေးရေ
မြေပြင်ပေါ်မှာကိုယ်နဲ့နေရစ်ခဲ့။

သူတို့ရဲ့ ယန္တရားသော့ချိတ် နဲ့
ကိုယ်တို့ရဲ့မြေသောက်ရေအိုးလေး
ကို
အဖုံး လှမ်းမပိတ်နိုင်ပါဘူး။

မြင်းသည်တော်တွေနဲ့
...ကျော်မတက်နိုင်တဲ့အရပ်မှာ
စပါးပင်ကို ပျိုးကျဲနေကျလက်နဲ့ပဲ
မှုန်းဖွဲ့လို့ကိုယ်ခေါ်ဝံ့ပါရဲ့.
.
လိုက်ခဲ့တော့ကွယ်။ ။






ချစ်သူ...သို့ (၃)

မြေကြီးဖြစ်မှတော့
မိုးလွတ်ပါ့မလား...လို့တွေးမေ
နနဲ့တေ့
ချစ်သူရေ...တို့တတွေပေခံလိုက်ကြစို့ရဲ့။

မသေချာတာတွေကတော့အများကြီးပဲ
ဒါပေမယ့်
သေချာတာလေးတွေလည်းရှိတတ်လို့
တို့...စောင့်...ရ ဦးမယ်။
 
(မကြာခင်မှာ
လင်းရနံ့တွေဝေလာမှာပါပဲ
ကိုယ်ယုံတယ်)
ဘယ်သူမဆို
မနက်ဖြန်ခါကိုတော့ နေထွက်ခွင့်ပေးရမယ်လေ။ ။



ချစ်သူ..သို့ (၄)

မုရောအပွင့်တွေ
ပြီးတော့..သက်တံ အငွေ့
လခြမ်းလို..ပြန်ကွေ့လာကြလိမ့်မယ်။

ငါဆောင်းချင်တဲ့ထီးကလေးရေ..
ငါဆောင်းချင်တဲ့ထီးကလေးရေ..
ငါဆောင်းချင်တဲ့ထီးကလေးရေ..
မိုးသွန်ရာသီအတွက်
မကြာမီမှာထွန်ရေးဝင်ရတော့မယ်နော

ငြိမ်သက်စွာ
သစ်ပင်အိုအောက်ကနတ်ကွန်းမှာ
ဖယောင်းတိုင်မီးရှုးတစ်တိုင်ညှိ
ရင်း
(ဒီဆောင်းတွင်းထဲ..)
တို့တွေ..အလင်းခိုနေကြစို့ရဲ့..။ ။




 ချစ်သူ...သို့ (၅)

သုံးဆယ်ကျော်တာတောင် မလိမ္မာ ဘူး
ဒီအရွယ်ကြီးရောက်မှ စာမေးပွဲ'ကျ'တယ်
ညီမလေးရယ်.. ငါ့ကိုရိုက်ပါ..

နီကိုရဲ ထွန်းဝေမြင့် ...စသဖြင့်ပြန်သွားကြပြီ
ဘယ်ဆီကိုသွားဖို့ ငါကကျန်ခဲ့တာလဲ.....

ကိုယ့်ကို ကိုယ်တစ်ခန်းလုံး မီးဖွင့်ပြီး
ကပိုကရို ဖွင့် လိုက်တယ်...
ညီမလေးရယ်.. စိတ်ထဲမှာ စာမေးပွဲကျတယ်..

တကယ်တော့လည်း
လောကဓံ ဆိုတာ ကိုယ်ခံစားမှ ဖြစ်တဲ့အရာပါ...
လမ်းထိပ်ကခွေးကြီးထက် နည်းနည်းပဲ ပိုပါတယ်။

ဟော...
ကိုရင်တစ်ပါးက တုန်းမောင်ခေါက်သံလက်ဆောင်ပါး
တယ်
မကြာခင်(၆)နာရီ နေဝန်းဆိုက်ရောက်တော့မှာပါတဲ့ ။


ညီမလေးရေ.....
မြင်းရထားတွေကို လက်ပြမတားတော့ဘူး
ကိုယ်ဖိနပ်လေးနဲ့ပဲ ကိုသွားကြမယ်။
အဝေးကြီးကို ရွေးလျားချင်မှတော့
လမ်းတို့ရဲ့ အလျားကိုလည်း..ရင်ဆိုင်ရဲရမှာပေါ့။ ။

တာရာမင်းဝေ



No comments:

Post a Comment