Thursday, February 28, 2013

ဧရာဝတီ၏ AFC Cup 2013 အဖွင်.ပွဲ -အဝေးကွင်းပွဲစဉ်


AFC Cup 2013 Group G ၏ အဖွင့်ပွဲစဉ်ဖြစ်သော ဗီယက်နမ်ကလပ်အသင်း ဒါနန်းနှင့် ယှဉ်ပြိုင်ကစားရန် ဧရာဝတီယူနိုက်တက်သည် ၂၄.၂.၂၀၁၃ ည ၇း၀၀ နာရီတွင် ဗီယက်နမ်လေကြောင်းလိုင်းဖြင့် ဗီယက်နမ် နိုင်ငံ၏ မြို့တော် ဟနွိုင်းမြို့သို့ ဒေသစံတော်ချိန် ည ၉ နာရီတွင် ရောက်ရှိခဲ့သည်။ 

Noibai International Airport နှင့် ၁ ကီလိုမီတာအကွာရှိ Airport View Hotel တွင် တစ်ည ညအိပ်ရပ်နားခဲ့ပြီး ၂၅.၂.၂၀၁၃ နေ့ နံနက် (၇း၁၀) နာရီ လေယာဉ်ဖြင့် ဒါနန်းမြို့သို့ဆက်လက်ထွက်ခွာရာ ဒေသစံတော်ချိန် နံနက် (၈း၁၀) တွင် ရောက်ရှိပြီး ဒါနန်းမြို့ရှိ Saigon Tourane Hotel တွင်တည်းခိုခဲ့ကြပါသည်။ ဧရာဝတီယူနိုက်တက်အသင်းနှင့် အတူ အသင်းပိုင်ရှင်တစ်ဦးဖြစ်သော ဦးမင်းလှိုင်လည်း လိုက်ပါလာပြီး အသင်း၏ ဒုဥက္ကဋ္ဌ ဦးသန်းအောင်လင်း ကိုယ်တိုင် ရန်ကုန်လေဆိပ်သို့ လိုက်ပါနှုတ်ဆက်ကာ အသင်းသားများအား နိုင်ငံအတွက် ကြိုးစားခဲ့ကြရန် မှာကြားခဲ့သည်။



ဧရာဝတီယူနိုက်တက်သည် ဒါနန်းအသင်း၏ စီစဉ်ပေးမှုဖြင့် အပေါ့စားလေ့ကျင့်ခန်းဆင်းခြင်းကို ၂၅.၂.၂၀၁၂ နေ့ ညနေ (၄း၀၀) နာရီတွင်ပြုလုပ်သွားမည် ဖြစ်သည်။ ထိုပွဲစဉ်နှင်. ပတ်သက်၍ 
ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့တွင် အိမ်ရှင် ဒါနန်းအသင်းနှင့် AFC Cup 2013 အတွက် ပထမဆုံး ယှဉ်ပြိုင် ကစားရမည့်ပွဲစဉ်သည် ခက်ခဲမည့် ပွဲစဉ်ဖြစ်ကြောင်း နည်းပြချုပ် မစ္စတာမာယန်းက ပြောကြားခဲ့သည်။ ဒါနန်းအသင်းသည် ပြီးခဲ့သည့် ရက်ပိုင်းက ကစားခဲ့သော ပြည်တွင်း လိဂ် ပွဲစဉ်တွင်လည်း ပြိုင်ဘက် အသင်းအား ၄ - ၀ ဖြင့် အနိုင်ရရှိထားသော အသင်းဖြစ်ပြီး လတ်တလောတွင် ခြေစွမ်းထက်နေသော အသင်းဖြစ်ကြောင်း၊ မိမိအနေဖြင့် ပြိုင်ဘက်အသင်းကို တလေးတစားဖြင့် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ပြောကြားလိုက်သည်။ မိမိအသင်းတွင် ဂျပန်ကွင်းလယ်ကစားသမား ဆာတိုရှီ မပါဝင်နိုင်သဖြင့် အားနည်း သွားမည်ဟု မယူဆပဲ ၄င်းနေရာတွင် ပြည်တွင်းကစားသမားများက ကောင်းစွာ ကစားနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်းကိုလည်း မီဒီယာများ၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားခဲ့သည်။ 
  ထို့အပြင် အသင်းခေါင်းဆောင် ဇော်ဇော်ဦးကလည်း "မိမိအနေဖြင့် မြန်မာ့လက်ရွေးစင်ကစားသမားလည်းဖြစ်၊ ဧရာဝတီယူနိုက်တက်အသင်း၏ အသင်းခေါင်းဆောင်လည်းဖြစ်သဖြင့် အသင်းရလာဒ်ကောင်းရရန် အတွက် မည်သို့ အထောက်အကူ ပြုနိုင်မည်လဲ" ဟူသည့် မီဒီယာများ၏ မေးမြန်းချက်အား "ကျနော်ကတော့ အကောင်းဆုံးဖြစ် အောင် ကြိုးစားမှာပါ။ ဒီကိုလာတာ ဧရာဝတီအတွက်ပဲ လာတာမဟုတ်ဘဲ မြန်မာပြည်ကိုပါ ကိုယ်စားပြုဖို့ ရောက်လာတဲ့အတွက် အစွမ်းကုန်ကြိုးစားမှာပါ" ဟု ပြန်လည်ဖြေကြားခဲ့သည်။  
   ဧရာဝတီယူနိုက်တက်အနေဖြင့်  ထိုနေ.ကပွဲစဉ်တွင် ဒဏ်ရာရရှိနေသော ဂျပန်ကွင်းလယ်ကစားသမား ဆာတိုရှီနှင့် ညာတောင်ပံကစားသမား ညီညီမင်းတို့ မပါဝင်ဘဲ ဂိုး အောင်မင်းခန့်၊ နောက်တန်း ဟိန်းသီဟဇော်၊ ကျော်ဇေယျာမင်း၊ မာယန်၊ ဇော်ဇော်ဦး၊ အလယ်တန်း နန္ဒ၊ နေလင်းအောင်၊ ဒေါမနစ်၊ နိုင်လင်းဦး၊ ရှေ့တန်း စိုးကျော်ကျော်၊ လီအန်ဒရိုတို့ဖြင့် ၄-၄-၂ ပုံစံဖြင့်ပွဲထွက် ကစားခဲ့သည်။  
 ပွဲစစချင်း ဘယ်တောင်ပံမှ နန္ဒဖြတ်တင်ပေးလိုက်သည့် ဘောလုံးအား နိုင်လင်းဦး အပိုင်အသုံးမချနိုင်ခဲ့၍ စောစီးစွာ ဂိုးရမည့် အခွင့်အရေး လက်လွှတ်ခဲ့ရသည်။ ဧရာဝတီယူနိုက်တက်သည် ပွဲစစချင်း ၅ မိနစ်ခန့် တစ်ဖက်အသင်းအား ဖိ၍ ကစားနိုင်ခဲ့သော်လည်း ကျန် ပထမပိုင်းအချိန်များတွင် တစ်ဖက်အသင်း၏ တိုက်စစ် အား ခုခံ၊ ဖျက်ထုတ်နေရသည်က များနေပြီး ထောင့်ကန်ဘောများလည်း မကြာခဏ ပေးနေရသည်။ ပွဲချိန် ၆ မိနစ်တွင် ပယ်နယ်တီ ဧရိယာအစပ်နားတွင် ပြစ်ဒဏ်ဘောပေးရပြီး ၄င်းပြစ်ဒဏ်ဘော ကန်သွင်းချက်မှာ ဂိုး၏ ညာဘက်အခြမ်းမှ ကပ်ကာ ကျော်သွားသဖြင့် စောစီးစွာ ဂိုးမပေးခဲ့ရခြင်းဖြစ်သည်။ ၂၂ မိနစ်တွင် တစ်ဘက်အသင်း ကျောနံပါတ် ၅ အား ဟိန်းသီဟဇော် ဖျက်ထုတ်မှု ကြမ်းသဖြင့် အ၀ါကတ်ပြသခြင်း ခံခဲ့ရသည်။ အလားတူ ၃၆ မိနစ်တွင်လည်း တစ်ဘက်အသင်းက ထောင့်ကန်ဘောဖြင့် အဖွင့်ဂိုးရရန် နီးစပ်ခဲ့သော်လည်း ဂိုးစည်းပေါ်မှ ဘောလုံးအား နိုင်လင်းဦး အသည်းအသန် ဖျက်ထုတ်နိုင်ခဲ့၍ ကံကောင်း ခဲ့သည်။ 
တစ်ဖက်အသင်း၏ တိုက်စစ်အား ခုံခံဖျက်ထုတ်နေရင်း ပွဲချိန် ၄၃ မိနစ်တွင် ဂိုးဧရိယာရှေ့တွင် ဂိုးသမားပုတ်ထုတ် လိုက်သော ဘောလုံးအား ရှုပ်ရှက်ခက်နေသည့်ကြားမှ ဒါနန်းအသင်း၏ ကျောနံပါတ် (၂၀) က ခေါင်းတိုက်သွင်းယူသွားခဲ့ပြီး  ဧရာဝတီတို့ ဦးဆောင်ဂိုးပေးလိုက်ရသည်။ ပထမပိုင်းအပြီးတွင် ဒါနန်းအသင်းက ၁ - ၀ဖြင့် ဦးဆောင်နေခဲ့သည်။



ဒုတိယပိုင်း ပြန်အစတွင် ကျော်ဇေယျာမင်းကိုထုတ်ကာ ဖြိုးကိုကိုသိန်းအား ထည့်သွင်းကစားစေခဲ့သည်။ ပွဲချိန် ၅၅ မိနစ်တွင် ဒါနန်းအသင်း၏ ဒုတိယဂိုးအား ကျောနံပါတ် (၂၇) မာလိုက ထပ်မံသွင်းယူခဲ့သည်။ ၆၃ မိနစ်တွင် နိုင်လင်းဦးနေရာတွင် နေလင်းထွန်းအား လူစားလဲကစားစေခဲ့သည်။ လူစားလဲပြီး နောက်ပိုင်းတွင် ဧရာဝတီကစားကွက် ပိုမိုမြန်ဆန်လာပြီး တစ်ဖက်အသင်းဂိုးပေါက်အား မကြာခဏ ချိန်းချောက် မှုများ ပြန်လည်ပြုလုပ်လာနိုင်ခဲ့သည်။ ဒုတိယပိုင်း ၇၂ မိနစ်တွင် ဧရာဝတီအတွက် ပထမဆုံး ထောင့်ကန်ဘော ရရှိခဲ့ပြီး တစ်ဖက်အသင်းကစားသမားများ ဖျက်ထုတ်ကာကွယ်နိုင်ခဲ့၍ ဂိုးမဖြစ်ခဲ့ပေ။ ၇၆ မိနစ်တွင် ကြံ့ခိုင်မှု နည်းလာသော နန္ဒ၏ နေရာတွင် သီဟဇော်အား အစားထိုးခဲ့သည်။ လူစားဝင်ဝင်ချင်း ၇၇ မိနစ်တွင် ဒုတိယအကြိမ် ထောင့်ကန်ဘော၊ မိနစ် ၈၀၊ ၈၁ မိနစ်များတွင် ထောင့်ကန်ဘောများ ကန်ခွင့် ရသော်လည်း ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်းမရှိခဲ့ပေ။ ပွဲချိန် ၈၂ မိနစ်တွင်လည်း ကွင်းလယ်နေရာလောက်တွင် ရရှိသော အလွတ်တည်ကန်ဘောကို ဒေါမနစ် အပြင်းကန်သွင်းရာ ကန်ချက်ကောင်းမွန်လှသော်လည်း တစ်ဖက် ဂိုးသမား ကာကွယ်နိုင်ခဲ့သည်။ ပွဲချိန် ၈၈ မိနစ်တွင် ဘယ်အခြမ်းမှ သီဟဇော်၏ ဖျက်တင်ဘောကို နေလင်းထွန်း နေရာယူမှန်စွာဖြင့် အဆုံးသတ်နိုင်ခဲ့သဖြင့် ချေပဂိုး ရရှိခဲ့သည်။


၈၉ မိနစ်တွင် ချက်ချင်းဆိုသလိုပင် တစ်ဖက်အသင်းမှ ပြန်လည်ထိုးဖောက်ကစားရာ ဂိုးပေးရလု အခြေအနေမှ ဂိုးသမား အောင်မင်းခန့်ကာကွယ်နိုင်ခဲ့၍ ကံကောင်းခဲ့သည်။ အချိန်ပို ၄ မိနစ် ပေးခဲ့ရာ ပွဲချိန် ၉၁ မိနစ်တွင် ကစားပုံကြမ်းသည့် သီဟဇော် အား အ၀ါကတ်ပြားပြသခဲ့သဖြင့် ယနေ့ပွဲတွင် အ၀ါကတ်ထိသူ (၂) ဦးအထိ ဖြစ်ခဲ့သည်။ လက်ကျန်အချိန်များတွင် တစ်ဖက်နှင့် တစ်ဖက် ဂိုးမသွင်းနိုင်သဖြင့် ပွဲအပြီးတွင် ဧရာဝတီယူနိုက်တက်သည် ဒါနန်းအသင်းအား ၂ - ၁ ဖြင့် ရှုံးနိမ့်ခဲ့ရသည်။


 ယနေ့ပွဲနှင့် ပတ်သက်၍ ဧရာဝတီနည်းပြချုပ် မာယန်းက မီဒီယာများ၏ မေးမြန်းချက်များအား ပြန်လည်ဖြေကြား ရာတွင် မိမိအနေဖြင့် ဂိုးများပေးလိုက်ရသည့် နောက်တန်းခံစစ်ထက် အလယ်တန်းနှင့် ရှေ့တန်းကစားပုံအား ပိုမိုကာ စိတ်တိုင်းမကျဖြစ်မိကြောင်း၊ ဘောလုံးလည်း မကြာခဏ ဆုံးရှုံးကြောင်း၊ ပထမပိုင်းကစားပုံမှာ ညံ့ဖျင်းကြောင်းပြောကြားခဲ့သည်။ ပေးလိုက်ရသော ၂ ဂိုးစလုံးမှာ set pieces များမှာ ပေးလိုက်ရခြင်း ဖြစ်ကြောင်းနှင့် ဒါနန်းအသင်းသည် အတွေ့အကြုံရင့်ကျက်သော ကစားသမားများ ပါဝင်နေသည့်အပြင် မိမိတို့အသင်းထက် ပိုကောင်းစွာ ကစားနိုင်ခဲ့၍ အနိုင်နှင့် ထိုက်တန်သော အသင်းဖြစ်ကြောင်း၊ မြန်မာပြည်တွင် အိမ်ကွင်းအဖြစ် လက်ခံကစားသည့်အခါတွင် ယနေ့ပွဲတွင် ပြုလုပ်ခဲ့သော မိမိအသင်း၏ အမှားများကို ပြုပြင်၍ ကစားသွားမည်ဖြစ်ကြောင်းများ ပြောကြားခဲ့ပါသည်။


 ဧရာဝတီယူနိုက်တက်သည် ဒါနန်းအသင်းအား ရန်ကုန်မြို့ YTC အားကစားကွင်းတွင် ၂၃.၄.၂၀၁၃ အင်္ဂါနေ့တွင် အိမ်ကွင်းအဖြစ် ဧည့်ခံကစားရဦးမည်ဖြစ်ပြီး ဒုတိယပွဲစဉ်အနေဖြင့် ၁၃.၃.၂၀၁၃ ဗုဒဟူးနေ့ ညနေ (၅း၀၀) နာရီတွင် မလေးရှားကလပ်အသင်း ကီလန်တန်အသင်းနှင့် YTC တွင် ကစားမည်ဖြစ်သည်။

 သတင်းများနှင်. ဓါတ်ပုံများ အားလုံးကို ဧရာဝတီ ဘောလုံး အသင်း၏ တရားဝင် Website ဖြစ်သော
http://ayeyawadyutd.com နှင်. AUFC Page တို.မှ စုစည်း ကူးယူဖော်ပြခြင်းဖြစ်ပါသည်......



No comments:

Post a Comment