Friday, February 22, 2013

ဧရာဝတီ FC ဂိုးသမား အောင်မင်းခန်. အင်တာဗျုး

 
Q:      ဘောလုံးကို ဘယ်အရွယ်ကတည်းက ကစားခဲ့တာလဲ။
A:       ဘောလုံးကို ၆ တန်းလောက်ကတည်းက စပြီး ကစားခဲ့တာပါ။ အသက် (၁၁) နှစ်လောက်ကပါ။
Q:      ဘယ်အသင်းတွေမှာ ကစားခဲ့ဖူးလဲ။
A:       နေပြည်တော်ဝန်ကြီးဌာနပေါင်းစုံ ပြိုင်ပွဲတုန်းက ဆောက်လုပ်ရေးကိုယ်စားပြုပြီး ၂၀၀၉-၂၀၁၀ မှာ ကစားဖူးတယ်။ နောက်တော့ Dagon လူငယ်အသင်းမှာ ကစားဖူးတယ်။
Q:      ဧရာဝတီလူငယ်အသင်းကို ရောက်လာဖြစ်ခဲ့ပုံလေး။
A: ဒဂုံလူငယ်အသင်းမှာ ကစားနေရင်းနဲ့ ဧရာဝတီလူငယ်အသင်းမှာ လူရွေးတယ်ဆိုတော့ သိလို့ လာပြီး အရွေးခံခဲ့တာပါ။ Dagon FC က လူကြီးတွေက မသွားစေချင်ဘူး။ ဒါပေမယ့် ကျနော်လည်း ဒီမှာ ကစားချင်တာနဲ့ လာပြီး အရွေးခံခဲ့တာပါ။ အရွေးခံပြီး ဒီကလူကြီးတွေ ကြိုက်တာနဲ့ပဲ ဧရာဝတီကို ရောက်လာတာပါ။ အဲ့လိုနဲ့ ဧရာဝတီအရန်အသင်းမှာ ၂၀၁၀-၂၀၁၁ ကစပြီး ကစားဖြစ်ခဲ့တာပါ။
Q:      လူငယ်အသင်းကနေ အသင်းကြီးကို ခေါ်လိုက်တော့ ဘယ်လို ခံစားရလဲ။
A:    ၀မ်းသာတာပေါ့။ ဒါပေမယ့် တစ်ဖက်က ဖိအားတွေလည်း ပိုပြီးများလာတယ်။ ပြိုင်ဆိုင်မှုလည်း ပိုများ လာတယ်လို့ ခံစားရပါတယ်။
Q:      အားကျ၊ အတုယူခဲ့ရတဲ့ ကစားသမားရှိလား။
A:       ကျနော်ကတော့ ကိုယ့်ရှေ့က ကစားသွားကြတဲ့ အရည်အချင်းရှိတဲ့ အားကစားသမားတိုင်းကို အားကျ ခဲ့တာပါပဲ။ တစ်ဦးတည်း သတ်သတ်မတ်မတ်ကြိုက်နေတာတော့ မရှိပါဘူး။
Q:      အခု ဧရာဝတီမှာ ပွဲထွက်ဂိုးသမားအဖြစ် ကစားနေရပြီဆိုတော့ ဘယ်လိုခံစားရလဲ။
A:       အတိုင်းအထက်အလွန်ကို ပျော်နေတာပါ။ မျှော်လင့်မထားခဲ့ဘူးလေ။ အကြီးအသင်းကိုရောက်တာမှ (၁) နှစ်ကျော်ပဲ ရှိသေးတဲ့ အချိန်အတွင်းမှာ အခုလို ပွဲထွက်ကစားခွင့်ရတဲ့အတွက် ပိုပြီး ၀မ်းသာမိ တာပေါ့။
Q:      ဧရာဝတီနဲ့အတူ AFC ပွဲကိုလည်း ပထမဆုံး ပြည်ပထွက်ကစားရမယ်ဆိုတော့ ဘယ်လောက်အထိ အောင်မြင်မှု ရနိုင်မယ်လို့ မျှော်လင့်ထားလဲ။
A:       ကျနော့်အနေနဲ့တော့ အခုသွားရမယ့် AFC ပွဲက ပထမဆုံး နိုင်ငံခြားခရီးသွားရမယ့် ပွဲပါ။ ကျနော့်ဘက်ကတော့ အကောင်းဆုံး ပြင်ဆင်ပြီးသွားမှာပါ။ ဘယ်အတိုင်းအတာအထိ အောင်မြင်မှု ရမယ်ဆိုတာတော့ မပြောပြတတ်ဘူး။ ပွဲတိုင်း အနိုင်ရအောင်တော့ ကစားမှာပေါ့။
Q:      ညီ့အတွက် ပထမဆုံး နိုင်ငံတကာပွဲကရော ဘယ်ပွဲဖြစ်မလဲ။
A:       ပြီးခဲ့တဲ့ ဖေဖော်ဝါရီ (၁၄) ရက်နေ့မှာ ကစားခဲ့တဲ့ ထိုင်းကလပ်အသင်း BEC Tero Sasana အသင်းနဲ့ ကစားခဲ့တဲ့ ချစ်ကြည်ရေးပွဲက ပထမဆုံး နိုင်ငံခြားအသင်းနဲ့ ကစားဖူးတဲ့ပွဲလို့ ပြောလို့ ရပါတယ်။ နိုင်ငံခြားသွားကစားတဲ့ပွဲကို နိုင်ငံတကာပွဲလို့ ပြောရမယ်ဆိုရင် အခုသွားမယ့် AFC ပွဲတွေဟာ ကျနော့် အတွက် ပထမဆုံး နိုင်ငံတကာ ပွဲဖြစ်လာမှာပါ။
Q:      ဧရာဝတီအသင်းမှာ ကစားရတဲ့ စိတ်ခံစားမှုနဲ့ အသင်းကစားဖော်တွေကို ဘယ်လိုမြင်လဲ။
A:       ဧရာဝတီအသင်းမှာ ကစားရတာ ကျနော့်အတွက်တော့ ကောင်းပါတယ်။ ဘောလုံးသမား တစ်ဦးနဲ့ တစ်ဦးကြားမှာ ဖေးမမှုရှိတယ်။ နည်းပြတွေကလည်း ကစားသမားတွေနဲ့ ရင်းရင်းနှီးနှီး သူငယ်ချင်းလို နေပေးတယ်။ ကစားသမားတွေကလည်း နောက်ရောက်လာတဲ့ ကစားသမားအသစ်ဆိုပြီး နှိမ်တာမျိုး တွေ မရှိဘူး။
Q:      အားကစားသမား တစ်ယောက်အနေနဲ့ ဘယ်လောက်အတိုင်းအတာ အထိ အောင်မြင်မှု ရဖို့ ရည်ရွယ်ထားသလဲ။
A:       ရည်မှန်းချက် အနေနဲ့ကတော့ အငယ်အသင်းမှာ ကစားတုန်းက အကြီးအသင်းကိုရောက်အောင် ကစားမယ်ပေါ့။ အကြီးအသင်းရောက်လာတော့ ပွဲထွက်ခွင့်ရဖို့ပါ။ ပွဲထွက်ကစားခွင့်ရလာရင် လက်ရွေးစင် ကစားသမားတစ်ယောက်ဖြစ်အောင် ကြိုးစားဖို့ ရည်ရွယ်ချက် ရှိပါတယ်။ လောလောဆယ်တော့ လက်ရွေးစင်ကို လူငယ်လက်ရွေးစင်ပဲဖြစ်ဖြစ် ပါချင်ပါတယ်။ တစ်ခါမှလည်း မဖြစ်ဘူးသေးတော့။ ကိုယ့်ရဲ့အရည်အချင်း တိုးတက်လာတဲ့အခါကျရင်တော့ ပြည်ပ ထွက်ကစားတာ မျိုးအထိ ကစားချင်ပါတယ်။ လောလောဆယ်မှာတော့ ကိုယ့်နိုင်ငံတွင်းမှာ အောင်မြင်မှုရအောင် အရင်ကြိုးစားချင်ပါတယ်။

Photo by AUFC
 Q:      မြန်မာ့လက်ရွေးစင် ဂိုးသမား သီဟစည်သူကို အသင်းက လက်လွှတ်ခဲ့ပြီးနောက်မှာ ပရိသတ်တွေကို ဧရာဝတီရဲ့ ဂိုးသမားတွေကို စောင့်ကြည့်နေကြတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး ဘာပြောချင်လဲ။
A:       ကိုစည်သူ ဒီအသင်းမှာ မရှိတော့ပေမယ့်လည်း ကိုစည်သူ့နေရာကို အစားထိုးနိုင်အောင် ကျနော်တို့ က ကြိုးစားကြရမှာပဲလေ။
Q:      အခုဆိုရင် အသင်းပိုင်ရှင်တွေ ကိုယ်တိုင်က ညီ့ကိုအားကိုးလာတယ် ဆိုတဲ့ စကားလေးတွေလည်း ကြားလာရတယ်။ ဒါနဲ့ ပတ်သက်ပြီး ဘာပြောချင်လဲ။
A:       အဲ့ဒါနဲ့ ပတ်သက်ပြီး အသင်းပိုင်ရှင်တွေကို အရမ်းကျေးဇူးတင်ပါတယ်။ ဒါကျနော့်အတွက် အားပေး စကားတစ်ခွန်းပါ။ ကျနော့်လို အတွေ့အကြုံနည်းသေးတဲ့ ကစားသမားတစ်ယောက် အနေနဲ့ အသင်းပိုင်ရှင်တွေက အားကိုးတယ်ဆိုတဲ့ စကားဟာ တကယ် အားရှိစေပါတယ်။ ယုံကြည်မှုလည်း ပိုပြီး ရလာပါတယ်။ နည်းပြတွေ၊ ကစားသမားတွေကလည်း ကျနော့်ကို အားပေးပါတယ်။ အသင်း ပိုင်ရှင်တွေကိုတော့ ပိုပြီးတော့ ကျေးဇူးတင်မိပါတယ်။ ဒီလို အတွေ့အကြုံနည်းသေးတဲ့ အချိန်မျိုးမှာ ဝေဖန်မှုတွေ အစား ကျနော့်ကို အားကိုးတယ် ဆိုတဲ့ စကားမျိုးကြားရတာ ကျနော် တကယ် ၀မ်းသာပါတယ်။
Q:      နောက်ဆုံးအနေနဲ့ ဧရာဝတီရဲ့ ကစားသမားတစ်ယောက်အနေနဲ့ ဧရာဝတီပရိသတ်တွေကို ဘာပြောချင်လဲ။
A:       ပရိသတ်တွေအနေနဲ့ ကျနော်တို့ကို ဆက်ပြီးတော့ အားပေးနေပါလို့။ ကျနော်တို့လည်း ဆက်ပြီးတော့ ဒီ့ထက်ပို ကြိုးစားပါမယ်လို့ ပြောချင်ပါတယ်။

Name           :         Aung Min Khant
Position         :         GK
Jersey No.     :         1
Date of Birth  :         1.5.1994
Age              :         19
Height           :         156 cm (5' 10")
Weight          :         69 kg (152 lb)
 
Post by  http://www.ayeyawadyutd.com/

No comments:

Post a Comment