Tuesday, February 26, 2013

၁၁ နှစ် Raping ထောင်ဒါဏ် ၄၃၁ နှစ်

                 ၁၁ နှစ်အရွယ် မိန်းကလေးအား ၁၈ နှစ်ကြာ အကျဉ်းချထားပြီး အဓမ္မ ပြုကျင့်ခဲ့သူအား ထောင်ဒဏ် ၄၃၁ နှစ် ချမှတ်



 
၁၁ နှစ်အရွယ် ဂျေစီဒူးဂတ် ဆိုသူ မိန်းကလေးအား အသက် ၂၉ နှစ် အရွယ်အထိ ၁၈ နှစ်ကြာ အကျဉ်းချ အဓမ္မပြုကျင့်ခဲ့သူ ဖိလစ်ဂါရီဒို ဆိုသူအား တရားရုံးက ဇွန်လ ၂ ရက်နေ့တွင် တရားရုံးက ထောင်ဒဏ် ၄၃၁ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။
ဂျေစီဒူးဂတ်အား အကျဉ်းချ နှိပ်စက်မှုများတွင် ပါဝင် ပတ်သက်ခဲ့သော ဖိလစ်ဂါရီဒို၏ ဇနီးဖြစ်သူ နန်စီဂါရီဒိုကိုလည်း ကာလီဖိုးနီးယား ပြည်နယ် အယ်လ်ဒိုရာဒို ကောင်တီ တရားရုံးက ထောင်ဒဏ် ၃၆ နှစ် ချမှတ်ခဲ့သည်။ ကျူးလွန်ခံခဲ့ရသည့် ဒူးဂတ်သည် စီရင်ချက်ချသည့်နေ့တွင် ကိုယ်တိုင် တက်ရောက် နားထောင်ခြင်း မရှိဘဲ မိခင်ဖြစ်သူကသာ သူ၏ ထွက်ဆိုချက်ကို ကိုင်ဆောင်ပြီး တက်ရောက်ခဲ့သည်။
ဂျေစီဒူးဂတ်၏ ထွက်ဆိုချက်ကို မိခင်ဖြစ်သူ တယ်ရီပရိုဗင်က တရားရုံးတွင် ဖတ်ပြခဲ့သည်။ ၁၉၉၁ ခုနှစ်က ကာလီဖိုးနီးယားပြည်နယ် တာဟိုးကန် တောင်ပိုင်းရှိ နေအိမ်ရှေ့တွင် ကစားနေစဉ် ပြန်ပေးဆွဲခံခဲ့ရသော ဒူးဂတ်သည် ယခုအခါ အသက် ၃၁ နှစ် ရှိနေပြီ ဖြစ်သည်။
ဒူးဂတ်ကို ၂၀၀၉ ခုနှစ်တွင်မှ အာဏာပိုင်များက ပြန်ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ ဂါရီဒို လင်မယားသည် ၎င်းတို့အိမ်ရှိရာ ကာလီဖိုးနီးယား ပြည်နယ်၊ အန်တီယို့ခ်ျရှိ မြေအောက်ခန်းတွင် ဒူးဂတ်ကို ဖမ်းထားခဲ့သည်။ ဒူးဂတ်သည် ဂါရီဒိုနှင့် ကလေး နှစ်ယောက် ရခဲ့သည်။
ဒူးဂတ်၏ ထွက်ဆိုချက်တွင် ''ရှင်ရှိနေတဲ့ နေရာမှာ ကျွန်မဘ၀ရဲ့ နောက်ထပ် တစ်စက္ကန့်ကိုမျှ မဖြုန်းတီးပစ်ချင်တော့လို့ ဒီနေ့ ဒီနေရာမှာ ကျွန်မ ရှိမနေတာပါ''ဟု ဖော်ပြထားခဲ့သည်။
''ဖိလစ်၊ ရှင့်ရဲ့ ဖျော်ဖြေရေး အတွက် ကျွန်မကို အရာဝတ္ထု တစ်ခုလို အမြဲ အသုံးချခဲ့တယ်။ ရှင်နဲ့ ရှင့်ရဲ့လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကြောင့် ၁၈ နှစ်လုံး နေ့တိုင်း စက္ကန့်တိုင်း အမုန်းတရားတွေနဲ့ ပြည့်နှက်နေခဲ့ရတယ်။ နန်စီ၊ ရှင့်ကိုတော့ ဘာမှ မပြောလိုပါဘူး။ ရှင်တို့ နှစ်ယောက်စလုံးရဲ့ အနှစ်မပါတဲ့ စကားလုံးတွေနဲ့ တောင်းပန်မှုတွေကို ထပ်ပြောမနေပါနဲ့တော့။ ရှင်တို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေ အတွက် ကျွန်မလိုပဲ ရှင်တို့မှာ အိပ်မပျော်နိုင်တဲ့ညတွေ အများကြီး ရှိမယ်လို့ မျှော်လင့်ပါတယ်''ဟု ခံစားချက် အပြည့်ဖြင့် ရေးသားထားသော ထွက်ဆိုချက်ကို တင်ပြခဲ့သည်။
''ကျွန်မဘ၀နဲ့ ကျွန်မမိသားစုကို ခိုးယူသွားတဲ့ အဲဒီနှစ်တွေ အတွက် ကျွန်မ အရမ်း ဒေါသထွက်ခဲ့တယ်။ အခုချိန်မှာတော့ နေလို့ကောင်းနေပါ ပြီ။ ခြောက်အိပ်မက်တွေ ရှိမနေတော့ပါဘူး။ ခင်စရာကောင်းတဲ့ သူငယ်ချင်းတွေနဲ့ မိသားစုတွေ ရှိနေပြီ။ ရှင်တို့ ကျွန်မဆီက ဘယ်တော့မှ ထပ်မယူသွားနိုင်မဲ့ အရာတွေပေါ့။ ရှင်တို့ဟာ ကျွန်မအတွက် အရေးမကြီးတော့ဘူး''ဟု ဒူးဂတ် က ပြောကြားခဲ့သည်။
ကာလီဖိုးနီးယားပြည်နယ် ဥပဒေအရ ဂါရီဒို ကျူးလွန်ခဲ့သော ပြစ်မှုများ အတွက် သေဒဏ်ချမှတ်၍ မရနိုင်ကြောင်း သိရသည်။ အသက် ၆၀ ရှိပြီ ဖြစ်သော ဂါရီဒိုသည် ယခု စီရင်ချက်ကို အယူခံဝင်နိုင်သည်ဟု သိရသည်။

@ sites.google.com/site/ashinvisuta11/7

No comments:

Post a Comment