Sunday, February 17, 2013

၂၀၁၃ တစ်နှစ်စာ ရာသီခွင် ဟောကိန်းများ (၃)

ဗြိစ္ဆာ ရာသီဖွားများ

scorpio (178 x 234)


Preview။                    ။ 2013 ခုနှစ်မှာ ဗြိစ္ဆာ ရာသီဖွားများအတွက် ပြဿနာ များပြားပြီး ရှုတ်ထွေးပွေလီမှု တွေနဲ့ ရင်ဆိုင်ရဖွယ် ရှိတဲ့ နှစ်ဖြစ်ပါတယ်။ မိမိနေအိမ် မိသားစု ၊ ဆွေမျိုးသားချင်းအရေး ၊ အသက်အရွယ်ကြီးရင့်သူများ ၊ လူမျိုးခြားဘာသာခြား ၊ အိမ်ထောင်ရှိသော မလွတ်လပ်သောသူ များနှင့် ပတ်သက်ပြီး စိတ်ရှုတ်ထွေးဖွယ် အခြေအနေများ ၊ ပါဝင်ပက်သက်နေရမှုများ ကြုံရဖွယ် ရှိပါတယ်။ လျှို့ဝှက်သော ကိစ္စ ၊ လူသိမခံဝံ့သော ကိစ္စများလည်း ယခုနှစ်အတွင်း ကြုံတွေ့ဖွယ် ရှိပါတယ်။ ဒီနှစ်ဟာ သပွတ်အူလို အရှုတ်အထွေးကြီးထဲကို ၀င်ပါရမယ့် အခြေအနေမျိုး ရှိနေပါတယ်။ ဒါပေမယ့် ဒီနှစ်ကို ညံ့သလားလို့ မေးရင်တော့ မညံ့ပါဘူး။ အခြေအနေ အရှုတ်အထွေးကြားကဘဲ ကံကြမ္မာအခွင့်အလမ်းကောင်းများကို ရရှိနိုင်ပြီး ကိုယ့်ဘ၀တိုးတက်ရေး အခြေအနေကောင်းများ ၊ စီးပွားရေး ပုံစံသစ်များ ၊ လုပ်ငန်းအခြေအနေများကောင်းများကို ဆုပ်ကိုင်ဖမ်းယူနိုင်ခွင့်လည်း ရှိနေမှာ ဖြစ်ပါတယ်။ ရိုးရိုးလေးပြောရရင် “ညံ့သလိုလိုနဲ့ အဆုံးသတ် ကောင်းသွားမယ့် နှစ်” မျိုးလို့ ဆိုရမှာပေါ့။
စိတ်ပိုင်းဆိုင်ရာ ။                    ။ လေးလံထိုင်းမှိုင်းမယ်။ စိတ်ရှုတ်ထွေးမယ်။ စိတ်ဖိအား(Tension) များမယ်။ ဒီကြားထဲမှာ အပွကြံချင်တဲ့ လောဘစိတ်ကလည်း များနေမယ်။ လိင်စိတ်ဆန္ဒကလည်း ခါတိုင်းနှစ်နဲ့ မတူအောင် များပြားနေတတ်တယ်။ အတွေးအကြံတွေအားလုံး “ပွင့်လင်းမြင်သာမှု” မရှိဘဲ ကိုယ့်စိတ်ထဲမှာတင် “အုံ့ပုံး” ဖြစ်နေတတ်တယ်။ သူတစ်ပါးကို မကောင်းကြံ ဂျောက်ချချင်တဲ့ စိတ်မျိုး ပေါ်နိုင်တာကို ကြိုတင်သတိပေးထားပါမယ်။ ဒီစိတ်ဝင်လာရင်တော့ ဒီနှစ်အတွက် ဒုက္ခရောက်ဖို့ “နတ်ဆိုး” မ, နေပြီလို့သာ အောက်မေ့လိုက်ပေတော့။ ဘာကြောင့်လည်းဆိုတော့ နာမည် အကြီးအကျယ် ပျက်ကိန်း ရှိပါတယ်။
စီးပွားရေး နှင့် အလုပ်အကိုင် ။                    ။ ဒီနှစ်ထဲမှာ ဗြိစ္ဆာရာသီဖွားများအတွက် စီးပွားရေးကံကြမ္မာ ပူပင်စရာ မရှိပါလို့ဘဲ ဆိုချင်ပါတယ်။ လူ့ဘ၀အဆင့်အတန်း အမျိုးမျိုးကိုလိုက်ပြီး သူ့အဆင့်နဲ့သူ စီးပွားရေး အဆင်ပြေတိုးတက်ကြလိမ့်မယ်။ ငွေရှင်ကြေးရှင်တွေအတွက်ကတော့ ဒီနှစ်မှာ ကြီးကျယ်တဲ့ စီးပွားကူးသန်းရောင်းဝယ်မှုမျိုးတွေ အကောင်အထည်ဖော်နိုင်လိမ့်မယ်။ ဘဏ်လုပ်ငန်း ၊ စီးပွားကူးသန်းရောင်းဝယ်ရေးလုပ်ငန်း ၊ ကုန်သည်ကြီးများ အနေဖြင့် နိုင်ငံရပ်ခြားများရှိ လုပ်ငန်းရှင်ကြီးများ နှင့် ပူးတွဲဖက်စပ်လုပ်ကိုင်ရသော လုပ်ငန်းကြီးများ စေ့စပ်ညှိနှိုင်းခြင်းကိစ္စများ အောင်မြင်ပြီး ဖက်စပ်လုပ်ငန်းကြီးများ တည်ထောင် ဖြစ်ထွန်းလာကြမယ်။ တိုင်းပြည်အတွက်လည်း ထိုက်သင့်သလောက် အကျိုးခံစားခွင့်ရှိမယ်။ ဒီနှစ် မြန်မာနိုင်ငံမှာ ပေါ်ထွန်းလာ မယ့် နိုင်ငံခြားရင်းနှီးမြုတ်နှံမှု လုပ်ငန်းကြီးများကို ဦးဆောင်သွားမယ့်သူများကတော့ ဗြိစ္ဆာရာသီဖွား လုပ်ငန်းရှင်များ ဖြစ်လိမ့်မယ်။သာမန် လုပ်ငန်းရှင် အသေးစားများမှာလည်း ဖက်စပ်လုပ်ငန်း ၊ အကျိုးတူလုပ်ငန်း ၊ ရှယ်ယာလုပ်ငန်းများဖြင့် တိုးတက်မှု ရှိကြမယ်။ ဘဏ်လုပ်ငန်း ၊ ဆောက်လုပ်ရေးလုပ်ငန်း ၊ ရေနှင့် ရေထွက်ပစ္စည်းလုပ်ငန်း ၊ မော်တော်ကားလုပ်ငန်း ၊ တံတား လုပ်ငန်း ၊ ငွေကြေးရောင်းဝယ်ခြင်းလုပ်ငန်း ၊ စက်မှုလက်မှု လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးကြလိမ့်မယ်။ ဒီနှစ် စီးပွားရေး ပုံစံကတော့ စတင်တည်ထောင်ခြင်း ၊ အုတ်မြစ်ချခြင်း သဘောတရားကို တည်ဆောက်ရခြင်း ဖြစ်ပေမယ်။
ငွေရေး ကြေးရေး ။                    ။ ဗြိစ္ဆာရာသီဖွားများအတွက် ယခုနှစ် ငွေကြေးကံ ကောင်းမွန်တယ်လို့ ဆိုရမယ်။ ဆုံးရှုံးထားပြီ ထင်သော ငွေများ ပြန်လည်ရရှိမယ်။ ရင်းနှီးမြုတ်နှံထားသော ငွေများလည်း ပြန်လည် ပေါ်ပေါက်မယ်။ လုပ်ငန်းကြီး လုပ်လိုသူများ ဘဏ်များမှ ချေးငွေအမြောက်အများ ချေးယူရရှိနိုင်ပြီး လုပ်ငန်းကြီးများ တည်ဆောက်နိုင်ဖို့ ရှိတယ်။ ဒီနှစ်ဟာ ဗြိစ္ဆာရာသီဖွား အတော်များများ သူ့အဆင့်နဲ့သူ ငွေရွှင်နေကြလိမ့်မယ်။ စားကောင်းသောက်ဖွယ် နဲ့ လက်ဆောင်ပစ္စည်းကောင်းတွေလည်း ရရှိ တတ်တယ်။ ရွှေမရှား ငွေမရှားနှစ် ဖြစ်မယ်။
ပညာရေး။                    ။ ယခုနှစ်အတွက် ဗြိစ္ဆာရာသီဖွားများ ပညာရေးကံ ထိပ်တန်းကောင်းသည့် အထဲမှာ ပါပါတယ်။ အလယ်တန်း၊ အထက်တန်း(၁၀)တန်း၊ တက္ကသိုလ်အတန်းများ ၊ မဟာဘွဲ့ဆိုင်ရာ ပညာရေး ၊ လုပ်ငန်းခွင်ဝင်ခွင့် စာမေးပွဲ ၊ ရာထူးတိုး စာမေးပွဲ အားလုံးမှာ ကံအခြေအနေ အလွန်ကောင်းမွန်ပါတယ်။ (ဉာဏ် နဲ့ ၀ီရိယကတော့ ကိုယ့်အပိုင်း ပေါ့နော်)။ တစ်ခုရှိတာ ဒီနှစ်ဟာ အချစ်ရေး ရှုတ်ထွေးပွေလီတတ်တဲ့ နှစ်မျိုးဖြစ်လို့ ပညာရေးကို နှောင့်နှေးစေမယ့် ကိစ္စမျိုးတော့ ရှောင်ပေါ့ကွယ်။
အချစ်ရေး ။                    ။ ဒီနှစ် ဗြိစ္ဆာရာသီဖွားများအတွက် ယခုနှစ်မှာ အချစ်ရေးကိစ္စတွေ အလွန်ရှုတ်ထွေးပွေလီ နိုင်တယ်။ အခက်အခဲ ပြဿနာ များမယ်။ လူသိမခံဝံ့တဲ့ ကိစ္စတွေ ဖြစ်မယ်။ အိမ်ထောင်ရှိသူ မလွတ်လပ်သောသူများနှင့် ညိစွန်းတတ်တယ်။ လူမျိုးခြား ဘာသာခြားခြင်းကြောင့် အချစ်ရေး ကိစ္စ အဆင်မပြေမှုတွေ ပေါ်ပေါက်နိုင်တယ်။ မိဘသဘောမတူသော သူများနှင့် အချစ်ရေး ဆက်သွယ်မိတတ်တယ်။ အများနဲ့ တစ်ယောက်ဆိုတာလို ကိုယ့်ဘက်မှာ ဘယ်သူမှ မရှိဘဲ ၀ိုင်းဝန်း အဝေဖန်ခံ ၊ အရှုတ်ချ ခံရတဲ့ အခြေအနေမျိုးတွေ ကြုံတွေ့နိုင်တယ်။
အိမ်ထောင်ရေး။                    ။ ဒီနှစ်ဟာ အိမ်ထောင်ပြုလိုသူများအတွက်လည်း ၉၀% လောက် အိမ်ထောင်ပြုဖြစ်မယ့် နှစ်တနှစ် ဖြစ်လိမ့်မယ်။ အလွန်အိမ်ထောင်ကျတတ်တဲ့ နှစ်ဖြစ်တယ်။ ဒါပေမယ့် အိမ်ထောင်ကျပြီးတာနဲ့ ရက်ပိုင်းလပိုင်း အတွင်းမှာဘဲ အိမ်ထောင်ရေး မပြေလည်မှုတွေကို တွေ့ကြုံရနိုင်တယ်။ အိမ်ထောင်ကျလွယ်သလောက် ပြဿနာ တက်လွယ် တတ်တဲ့ နှစ်မျိုးလို့ မှတ်ယူရမယ်။
မိသားစု နှင့် အိမ်တွင်းရေး ။                    ။ ဒီနှစ်အတွက် မိသားစု နဲ့ အိမ်တွင်းရေးတွေမှာ အခက်အခဲ သိပ်မရှိနိုင်ပါဘူး။ အထူးသဖြင့် “ယောင်္ကျားဦးဆောင်တဲ့ အိမ်ထောင်” တွေမှာ အစစအရာရာ အဆင်ပြေချောမွေ့နေတတ်ပြီး “မိန်းမဦးဆောင်တဲ့ အိမ်ထောင်” တွေမှာတော့ အခက်အခဲ ပြဿနာ အဆင်မပြေမှုများ အနည်းနဲ့ အများ ရှိတတ်ပါမယ်။ ဆိုးဆိုးဝါးဝါးတော့ မတွေ့ရပါ။
ကျန်းမာရေး ။                    ။ ဗြိစ္ဆာရာသီဖွားများ အတွက် ယခုနှစ်မှာ ကျန်းမာရေး အချစ်ရေး ၊ လူမှုရေး ၊ အိမ်ထောင်ရေး အိမ်တွင်းရေး ပြဿနာတွေနဲ့ ဆက်စပ်နေမယ်။ ဆိုလိုတာက ဒီနှစ် အထက်က ကိစ္စတွေမှာ ပြဿနာများရင် လူလည်း ကျန်းမာရေး ချူချာ လာတတ်တယ်။ အထက်က ကိစ္စတွေမှာ ပြဿနာ နည်းရင် ကျန်းမာရေး သိပ်ပြဿနာ မရှိနိုင်။ ဒီတော့ ဒီနှစ်ရဲ့ ကျန်းမာရေးအခြေအနေဟာ စိတ်ခံစားမှု ၊ စိတ်ပျော်ရွှင်မှု /ညစ်ညူးမှုတွေနဲ့ အများဆုံး ဆက်စပ်မယ်။ ဒါကြောင့် စိတ်ကြောင့်ဖြစ်တတ်တဲ့ ရောဂါတွေဖြစ်တဲ့ အိပ်မပျော်ခြင်း ၊ အစာအိမ်ရောဂါ ၊ သွေးတိုး ၊ နှလုံးအားနည်း ၊ ကျောက်ကပ်ရောဂါ ၊ အစမကြေလေပွခြင်း ၊ အကြောတတ်ခြင်း ၊ ခေါင်းမူခြင်း ၊ ခေါင်းကိုက်ခြင်းများ သတိထားပါ။ အမျိုးသမီးများ ဓမ္မတာ ဆိုင်ရာ ရောဂါများ ၊ ဓမ္မတာ မမှန်ခြင်း /နည်းခြင်း /များခြင်းများ ဖြစ်တတ်ပါတယ်။
ပြည်တွင်းခရီး နှင့် နိုင်ငံခြားခရီး ။                    ။ ဒီနှစ် ဗြိစ္ဆာရာသီဖွား အတော်များများရဲ့ အလုပ်ပုံစံဟာ နိုင်ငံခြားခရီး ၊ နိုင်ငံခြား သား ၊ နိုင်ငံခြားတွင် နေထိုင်သူများနှင့် ဆက်သွယ်လုပ်ကိုင်ခြင်းများနဲ့ အများဆုံး ဆက်စပ်နေမယ်။ ဒါကြောင့် ဒီနှစ် နိုင်ငံခြား ခရီး ထွက်မယ်ဆိုရင်လည်း ခက်ခဲမှု မရှိနိုင်ဘူး။ ဒီနှစ်ဟာ အလုပ်ကိစ္စကြောင့် မဟုတ်ရင်တော့ မိသားစုအလိုက် နိုင်ငံခြား အပျော်ခရီး မျိုး ထွက်ရတတ်တယ်။ နောက်ပြီး နိုင်ငံခြားမှာ အနေကြာနေသူများ ကိုယ့်မိသားစုနှင့် ပြန်လည်ဆုံစည်းခွင့် ရတတ်တဲ့ နှစ်မျိုး ၊ ပြည်တော်ပြန်ခွင့် ရတတ်တဲ့ နှစ်မျိုးလည်းဖြစ်တယ်။
လူမှုဆက်ဆံရေး ။                    ။ လူမှုဆက်ဆံရေးပိုင်း ထူးခြားစွာ အညံ့မရှိပါ။ သို့သော် အထက်တွင် ဖော်ပြခဲ့သလို ဒီနှစ်ထဲမှာ ကိုယ့်အောင်မြင်ရေးအတွက် အကြိတ်အနယ် ပြိုင်ဆိုင်ရတဲ့အခါ ပြိုင်ဖက်များအပေါ် “ညစ်လိုစိတ်” များ ပေါ်ပေါက်တတ်တယ်။ ဒီစိတ်ကလေးကနေ မနောကံ ၊ ၀စီကံ ၊ ကာယကံ အထိ အဆင့်ဆင့် ပြောင်းသွားတဲ့ အချိန်မှာ ထင်ရှားပေါ်လွင်လာပြီး လူမှု ဆက်ဆံရေး အဖုအထစ်ကလေးတွေ ဖြစ်စေလိမ့်မယ်။ သတိထား။ အဆင်မသင့်ရင် နာမည်ပျက်တတ်တယ်။ သိက္ခာကျတတ်တယ်။
နှစ်ချုပ် ကံကြမ္မာ ။                    ။ ယခုနှစ်အတွက် ဗြိစ္ဆာ ရာသီဖွားတို့၏ ကံကြမ္မာအချုပ်ကို သုံးသပ်ရမည်ဆိုလျှင် အချစ်ရေး၊ အိမ်ထောင်ရေး ၊ လူမှုရေး အရှုတ်အထွေးများစွာ ကြုံရနိုင်သော်လည်း ဘ၀တိုးတက်မြင့်မားရေး နှင့် ငွေကြေး စီးပွားကိစ္စများ ကံအကောင်းဖက်ကို ပြနေသောကြောင့် ကံကောင်းသော နှစ်တစ်ခုဟုသာ သတ်မှတ်ရမည်ဖြစ်ပါသည်။ ဒုက္ခရောက်မည့် နှစ်မဟုတ်သည်မှာတော့ သေချာပါသည်။ သို့သော် အချစ်ရေး ၊ အိမ်ထောင်ရေး ၊ လူမှုရေး အညံ့များကိုလည်း လျှော့မတွက် စေချင်ပါ။ အဆင်မသင့်လျှင် တိုင်းသိပြည်သိ နာမည်ပျက်သွားနိုင်ပါသည်။ အင်တာနက်ခေတ် ဖြစ်ပါသည်။ ဂျာနယ်တွေ ဘုန်းတန်ခိုးကြီးနေသော နှစ်ဖြစ်ပါသည်။ အဆင်မသင့်လျှင် သူများတံတွေးခွက် ပက်လက်မျောနိုင်သောကြောင့် အနေအထိုင် အပြောအဆို ဆင်ခြင်ရန် လိုပါသည်။ ထိုကိစ္စကို ပြဿနာ မဖြစ်အောင်နေနိုင်လျှင် အောင်မြင်တိုးတက်မည့် နှစ်တနှစ်ဖြစ်ကြောင်း ထပ်လောင်း ပြောကြားလိုက်ရပါသည် ခင်ဗျား။
နေ့သားသမီးအလိုက် ကံကြမ္မာ။                    ။ ဒီနှစ်ထဲမှာ ဗြိစ္ဆာ ရာသီဖွားများအနက် တနင်္လာ နှင့် သောကြာ သားသမီးများ ကံဇာတာ ပိုမိုကောင်းမွန်မှု များမယ် ။ တနင်္ဂနွေ ၊ အင်္ဂါ ၊ တနင်္လာ ၊ ဗုဒ္ဓဟူး(ရာဟု) ၊ စနေ သားသမီးများလည်း ထိုက်တန်သလောက် ကောင်းပါလိမ့်မယ်။ ကြာသပတေး သားသမီးများ ဒုတိယ ()လကျော်မှ သိသိသာသာ ကောင်းမယ်။ အင်္ဂါ ၊ စနေ ၊ ရာဟု သားသမီးများ အချစ်ရေး၊ အိမ်ထောင်ရေး အရှုတ်များ သတိပြုပါ။
ယတြာပြုလုပ်လိုက ။                    ။ မိမိမွေးနေ့မှာ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းမှာ လျှပ်စစ်ရေမော်တာဖြစ်စေ ၊ ရေသန့်စက်ဖြစ်စေ ၊ ရေနွေးချိုးစက်ဖြစ်စေ ၊ (ရေ နှင့် စက် ပေါင်းစပ်နေသော ပစ္စည်းတစ်ခုခု) သွားရောက်လှူဒါန်းလိုက်ပါ။
————————————————————————————————————————-

မေထုန် ရာသီဖွားများ

gemini (178 x 234)
Preview ။                    ။ 2013 ခုနှစ်မှာ မေထုန်ရာသီဖွားများရဲ့ ကံကြမ္မာဟာ ကံကောင်းခြင်း၊ ကံညံ့ခြင်းများ ရောယှက် ရှုတ်ထွေးနေတာကို တွေ့ပါတယ်။ 2013 ဟာ မေထုန်ရာသီဖွားတွေအတွက် “ထူးခြားတဲ့နှစ်” လို့တော့ ပြောနိုင်တယ်။ တိုးတက်ခြင်း၊ အောင်မြင်ခြင်း ၊ ကျော်ကြားခြင်း ၊ စီးပွားဖြစ်ထွန်းခြင်းများနဲ့ ကြုံနိုင်တယ်။ ဒီအတွက် အခွင့်အလမ်းကောင်းတွေ ပေါ်နိုင်တယ်။ ရယူခံစားနိုင်တယ်။ ဒါပေမယ့် ဒီနှစ်တနှစ်လုံးဟာ မေထုန်ရာသီဖွားတွေအတွက် “ဘေးမကင်း” တဲ့ နှစ်လည်း ဖြစ်တတ်တယ်။ အကျဉ်းအကြပ် ၊ အနှောင်အဖွဲ့များနဲ့ ကြုံမယ်။ အကျပ်အတည်းများအတွင်း တွန်းပို့ခံရမယ်။ မှားယွင်းစွာ ဆုံးဖြတ်မိတတ်တယ်။ ဖိအားပေးခံရတတ်တယ်။ ကိုယ်မလုပ်ချင်တဲ့ အလုပ် တာဝန်တွေကို မယူချင်ဘဲ ယူရတဲ့ အနေအထားမျိုး တွေကြုံရမယ်။ ဒီအလုပ်တာဝန်တွေဟာလည်း ခက်ခဲပြီး အန္တရာယ်များတဲ့ အလုပ်တာဝန်တွေ ဖြစ်တတ်တယ်။ အောင်မြင်အောင် စွမ်းဆောင်နိုင်ရင်တော့ ထိုက်တန်တဲ့ ဂုဏ်ပြုချီးမွမ်းမှု ၊ ရာထူးနေရာ တိုးတက်မြင့်မားမှု ၊ ငွေကြေးဆုလာဘ်များကို ရတတ်ပေမယ့် ကျရှုံးခဲ့ရင်တော့ သူများတံတွေးခွက် ပက်လက်မျောရမယ့် အဖြစ်မျိုးဖြစ်နိုင်တယ်။ မေထုန်ရာသီခွင်ထဲမှာ လူသန်းပေါင်းများစွာ မွေးဖွားလာလို့ တစ်ဦးနဲ့တစ်ဦး ဖြစ်ပျက်ပုံခြင်း ခပ်ဆင်ဆင် တူပေမယ့် အဆုံးသတ်ကံကြမ္မာခြင်း မတူညီနိုင်ပါ။ အချို့ ကံကောင်းသော နှစ်ပိုင်းများတွင်ရောက်နေသူများ အခက်အခဲပြဿနာကြောင့် ပိုမိုမြင့်မားတိုးတက်သွားပေမယ့် ကံနိမ့်သော နှစ်ပိုင်းများတွင် ရောက်နေသူများ ပိုမိုနိမ့်ကျသွားနိုင်တယ်။ မေထုန်ရာသီဖွားတွေအတွက် ဘ၀ရဲ့ စိမ်ခေါ်မှုကို ရင်ဆိုင်ရမယ့် နှစ်တနှစ်လို့ ဆိုနိုင်တယ်။ အချို့သူများမှာ ကံကောင်းမှု နဲ့ ကံဆိုးမှုကို နှစ်ခုလုံး ပူးတွဲခံစားရဖွယ် ရှိတယ်။
စိတ်ပိုင်းဆိုင်ရာ ။                    ။ အတွေးအခေါ်ပိုင်း ကြည်လင်ပြတ်သားမှု မရှိဘဲေ၀၀ါးနေမယ်။ စိတ်ဖိအား အလွန်များမယ်။ မွန်းကြပ်မယ်။ သံသယစိတ် များမယ်။ စိတ်ရှုတ်ထွေးနေမယ်။ မိမိရဲ့ အသိစိတ်(conscious mind) နဲ့ မသိစိတ်(unconscious mind)တို့အကြား ပဋိပက္ခဖြစ်စဉ်တွေ ဖြစ်နေလိမ့်မယ်။ (အတွင်းစိတ်က လုပ်ချင်တာ တစ်မျိုး ၊ တကယ်တန်း အပြင်မှာ လုပ်မိတာက တစ်မျိုး ဖြစ်တတ်တယ် ၊ တွေးတုန်းက တစ်မျိုး ၊ လုပ်မိတော့ တစ်မျိုး ဖြစ်တတ်တယ်)။ မိမိရဲ့ ကိုယ်ကျင့်တရား နဲ့ ပတ်ဝန်းကျင် ဖိအားတို့ကြားမှ ပဋိပက္ခဖြစ်နိုင်တဲ့ နှစ်တနှစ်လည်း ဖြစ်တယ်။
စီးပွားရေး နှင့် အလုပ်အကိုင် ။                    ။ ဒီနှစ်ထဲမှာ ပထမ()လပိုင်းမှာ အစစအရာရာ နှေးကွေးလေးလံမှုတွေ ၊ အနှစ်မပါတဲ့ အောင်မြင်မှုတွေ နဲ့ ကြုံဆုံနိုင်တယ်။ စပ်တူလုပ်ငန်း ၊ ရှယ်ယာလုပ်ငန်း ၊ ပါတီ အဖွဲ့အစည်း လုပ်ငန်းများတွင် ပါဝင်နေသူများ အဖွဲ့အစည်းအတွင်း “၀ါးအစည်းပြေသလို” ဖရိုဖရဲဖြစ်မှုတွေ ကြုံရနိုင်တယ်။ စည်းလုံးညီညွတ်မှု ပြိုကွဲနိုင်တယ်။ အစုရှယ်ယာတွေ အကွဲအပြဲဖြစ်တတ်တယ်။ ၀န်ထမ်းများ မိမိလုပ်နေတဲ့ ကုမ္ပဏီ ပြိုကွဲခြင်းပျက်စီးခြင်း ၊ ဒေ၀ါလီ ခံရခြင်းများ ကြုံရတတ်တယ်။ ဒုတိယ ()လပိုင်းမှာတော့ အခြေအနေ ပြန်ကောင်းလာနိုင်တယ်။ ညီညွတ်မှု ကွဲပြားနေသော လုပ်ငန်းများ ညီညွတ်မှု ပြန်ရလာနိုင်တယ်။ လေးလံဖင့်နွဲနေတဲ့ စီးပွားရေး အခြေအနေတွေ ပြန်ကောင်းလာနိုင်တယ်။ မမျှော်လင့်ဘဲ မိမိလုပ်ငန်းရဲ့ အခြေ အနေများ တိုးတက်ကောင်းမွန်လာနိုင်တယ်။ စိတ်ကူးသစ် ၊ အကြံဉာဏ်သစ် ၊ အတွေးအခေါ်သစ်များကို ဖော်ဆောင်နိုင်ပြီး လုပ်ငန်းရဲ့ အခြေအနေကို မြှင့်တင်နိုင်လိမ့်မယ်။ ရာထူးတက်ဖို့ရှိသူများ ဒုတိယ ()လပိုင်းမှ တက်ဖို့ရှိတယ်။ နိုင်ငံရပ်ခြားနဲ့ ဆက်သွယ်လုပ်ကိုင်နေသူများ ကံကြမ္မာကောင်းများ ရရှိနိုင်တယ်။ ဘဏ်လုပ်ငန်း ၊ ငွေကြေးလွှဲပြောင်းခြင်း ဆိုင်ရာ လုပ်ငန်း ၊ ဥပဒေ လုပ်ငန်း ၊ လေကြောင်းသွားလာရေး လုပ်ငန်း ၊ ဆက်သွယ်ရေး နှင့် မိုဘိုင်းဖုန်း လုပ်ငန်း ၊ ကွန်ပျူတာလုပ်ငန်း ၊ စစ်ဘက်ဆိုင်ရာ လုပ်ငန်း ၊ စာရင်းအင်း လုပ်ငန်း ၊ ရေ နှင့် ရေထွက်ပစ္စည်း ဆိုင်ရာလုပ်ငန်း ၊ သင်္ဘောလုပ်ငန်း များမှာ လုပ်ကိုင် နေသူများ အကျိုးကျေးဇူး များမယ်။ မေထုန် ရာသီဖွား အတော်များများ (ဘယ်လို စီးပွားရေး အလုပ်အကိုင်မျိုးကို လုပ်နေသည် ဖြစ်စေ) ၂၀၁၃ ခုနှစ် ဒုတိယ ()လပိုင်းရောက်မှ အဆင်ပြေကြမယ့်သူ ပိုများတယ်။
ငွေရေး ကြေးရေး ။                    ။ မေထုန်ရာသီဖွားများအတွက် ယခုနှစ်မှာ ငွေကြေးကံအလွန်ကောင်းနိုင်သော်လည်း ငွေကြေးလာဘ်လာဘနဲ့အတူ ဘေးဥပဒ်များလည်း ပူးတွဲ ပါရှိလာနိုင်တဲ့ နှစ်မျိုးဖြစ်တယ်။ ဒီနှစ် အတွက် “ညောင်သီးလည်းစား ၊ လေးသံလည်း နားထောင်” ဆိုတဲ့ စကားပုံကို သတိပြုရမယ်။ တရားဥပဒေနဲ့ မကင်းလှတဲ့ ငွေကြေးမျိုး (သို့) မစင်ကြယ်လှတဲ့ ငွေမျိုးဖြစ်ရင် ဒီနှစ်အတွက် အထူးသတိထားရမယ်။ ငွေကြေးအစုအပုံ ၀င်ရောက်ပြီး အမှုအခင်း က နောက်ကနေ လိုက်လာတတ်တယ်။ သာမန် စင်ကြယ်တဲ့ ငွေမျိုးဖြစ်ရင်တောင်မှ ဒီနှစ်မှာ ငွေများများဝင်ရင် ကျန်းမာရေး ချို့တဲ့လာတတ်တယ်။ လူမှုရေး အမှုပြဿနာတွေ ရှုပ်လာတတ်တယ်။ ဒီနှစ်အတွက် မေထုန်ရာသီဖွားများ ငွေနဲ့ သိပ်မတည့်ဟု ဆိုနိုင်တယ်။ ဒါကြောင့် ငွေကြေးများများ ၀င်တိုင်း ဦးဦးဖျားဖျား (ကိုယ်တတ်နိုင်သလောက်) လှူဒါန်းပေးဖို့ မမေ့ပါနဲ့။ ၀ါဆို ၊ ၀ါခေါင် ၊ သီတင်းကျွတ် ၊ နတ်တော် ၊ တပေါင်း လများမှာ ငွေကြေး အစုအပုံ ၀င်တတ်ပါတယ်။
ပညာရေး။                    ။ မေထုန်ရာသီဖွားများ ယခုနှစ်အတွက် ပညာရေးကံ ကောင်းတဲ့အထဲမှာ ပါပါတယ်။ အထက်တန်း ပညာရေးထက် ၊ တက္ကသိုလ် ပညာရေး ၊ ဘွဲ့လွန် ပညာရေး ၊ လုပ်ငန်းခွင်နဲ့ ပတ်သက်တဲ့ ပညာရေးများမှာ ပိုမိုကောင်းမွန်ပါတယ်။ ပညာရေးအောင်မြင်မှုကြောင့် ဘ၀အခြေအနေ တိုးတက်မြင့်မားသွားတတ်တဲ့ နှစ်မျိုးလည်း ဖြစ်ပါတယ်။
အချစ်ရေး ။                    ။ ဒီနှစ်အတွက် အချစ်ရေး ကိစ္စတွေမှာ “ကြားလူဖျက်လို့ ပျက်မှာစိုး” ဆိုတဲ့ သီချင်းလေးလို့ ကြားလူ ၊ မလိုသူတွေ နှောင့်လို့ အချစ်ရေးကိစ္စတွေ မတည်မငြိမ် ဖြစ်တတ်ပါတယ်။ ချစ်သူစုံတွဲများအတွက် ဘေးစကားကို နားမယောင်ဘဲ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှု ရှိရန် လိုပါတယ်။ ကြားစကားများကြောင့် အချစ်ရေးမှာ စိတ်ဆင်းရဲစရာတွေ ကြုံရဖွယ် ရှိပါတယ်။ အပျက်ပျက်နဲ့ နှာခေါင်းသွေးမထွက်အောင် ဆင်ခြင်ပါ။
အိမ်ထောင်ရေး။                    ။ ဒီနှစ်ဟာ အိမ်ထောင်ပြုလိုသူများအတွက်ကတော့ အဆင်ပြေချောမွေ့မည့် နှစ်လို့ ဆိုရမယ်။ ဘာပြဿနာမှ ထူးထူးခြားခြား မတွေ့ရပါ။ အများစုဟာ တင့်တယ်ကောင်းမြတ်တဲ့ မင်္ဂလာ အခမ်းအနားများနှင့် မင်္ဂလာ ပြုရကိန်း ရှိပါတယ်။ ၀ါမကျွတ်ခင် မင်္ဂလာဆောင်မည့် သူများနှင့် ၀ါကျွတ်ပြီး ဆောင်သူများက ပိုမိုအဆင်ပြေပြီး စိတ်ချမ်းသာမှုများ ရနိုင်ဖွယ် ရှိပါတယ်။ မင်္ဂလာဆောင်ပြီးသည်နှင့် အလုပ်အကိုင်တိုးတက်ခြင်း ၊ ငွေကြေးဆိုင်ရာ တိုးတက်ခြင်းများကို တိုင်ဆိုင်စွာ ကြုံတွေ့ရကိန်း ရှိပါတယ်။
မိသားစု နှင့် အိမ်တွင်းရေး ။                    ။ ဒီနှစ်အတွက် မိသားစု နဲ့ အိမ်တွင်းရေးတွေမှာ ကျန်းမာရေးတစ်ခုက လွဲရင် ကျန်တာတွေ ပြဿနာ မရှိလှပါဘူး။ ကျန်းမာရေးအတွက်ကတော့ ကိုယ်တိုင်လည်း ဖြစ်နိုင်သလို မိခင် ၊ ဖခင်များရဲ့ ကျန်းမာရေး ၊ ညီငယ် ညီမငယ်များရဲ့ ကျန်းမာရေးကို ဂရုစိုက်ပါ။ ရှောင်တစ်ခင် ထ, ဖြစ်တတ်ပါတယ်။ အတူနေ မိအို ဖအိုများ ရှိရင်တော့ ဒီနှစ် အတွက် ကျန်းမာရေးကို အထူးဂရုစိုက်ပေးပါ။
ကျန်းမာရေး ။                    ။ မေထုန်ရာသီဖွားများ အတွက် ယခုနှစ်မှာ ကျန်းမာရေး ပြဿနာ အနည်းနဲ့ အများ ရှိနိုင်ပါတယ်။ မတော်တဆ ထိခိုက်ခြင်း ၊ သွေးထွက်သံယိုဖြစ်ခြင်း ၊ ခွဲစိတ်ကုသခံရခြင်း ၊ ဆေးရုံဆေးခန်း တက်ရောက် ကုသရခြင်းများ ဖြစ်ဖွယ် ရှိပါတယ်။ ခရီးသွားစဉ် မကျန်းမမာဖြစ်ခြင်း နှင့် ထိခိုက်မှု ဖြစ်ခြင်းများ အထူးသတိထားပါ။ ခိုက်ရန်ဖြစ်ပွားခြင်းများမှ တဆင့် ထိခိုက်ဒဏ်ရာရခြင်းများလည်း ဖြစ်နိုင်တယ်။ ဦးခေါင်း ၊ မျက်စေ့ ၊ အာရုံကြော ၊ နှလုံး ၊ အဆုပ် ၊ ခါးအရိုးအဆစ် ၊ မျိုးပွားအင်္ဂါ တစ်ဝိုက် နှင့် ခြေထောက်ပိုင်းများကို သတိထားပါ။ ရေအန္တရာယ် သတိပြုပါ။
ပြည်တွင်းခရီး နှင့် နိုင်ငံခြားခရီး ။                    ။ ဒီနှစ် မေထုန်ရာသီဖွားတွက် ပြည်တွင်းခရီး ထူးခြားတဲ့ အခြေအနေ မရှိပေမယ့် နိုင်ငံခြားခရီး အလွန်အခြေအနေကောင်းတယ်။ နိုင်ငံရပ်ခြားကို ဘယ်လိုအကြောင်းနဲ့ ဖြစ်ဖြစ် ထွက်လိုသူများ အဆင်ပြေချောမွေ့ စွာ ထွက်ရမယ်။ နိုင်ငံခြားမှာလည်း အဆင်ပြေမယ်။ ပြည်တွင်းနေ စီးပွားရေး လုပ်ငန်းရှင်များ နိုင်ငံရပ်ခြားများမှ အခွင့်အလမ်းကောင်းများ ဆက်သွယ်မိမယ်။ နိုင်ငံရပ်ခြား ကိစ္စဟူသမျှ ကောင်းသည် ဆိုရမယ်။ ပြည်တွင်းခရီးစဉ်များမှာ အချို့သော ကံဇာတာ အလွန်ညံ့သူများအတွက် ခရီးသွားစဉ် မတော်တဆဖြစ်ခြင်းကို အထူးသတိထားရန် လိုပါတယ်။
လူမှုဆက်ဆံရေး ။                    ။ လူမှုဆက်ဆံရေးပိုင်း ထူးခြားစွာ အောင်မြင်မှုများ ရနိုင်သော်လည်း အခက်အခဲများကို ရင်ဆိုင်ပြီးမှ ဖြစ်နိုင်မယ်။ မိမိနာမည် ဂုဏ်သတင်းကျော်စောတတ်သော နှစ်ဖြစ်သော်လည်း နာမည်ကျော်ကြားမှုနောက်မှ နာမည်ပျက်အောင် ရှုတ်ချမှုများလည်း ကပ်ပါလာနိုင်တယ်။ လူချစ်လူခင် များခြင်း ခံရတတ်သလို အနည်းစု၏ မုန်းတီးမှုကိုလည်း ခံရတတ်သော နှစ်ဖြစ်တယ်။ လူမှုဆက်ဆံရေးမှ အစစအရာရာ သတိရှိသင့်တယ်။ “ကြမ်းကျွံသော် နုတ်ရ၏ ၊ စကားကျွံသော် နုတ်မရ” ဆိုတဲ့ ဆောင်ပုဒ်ကို သတိထားသင့်တယ်။ ကိုယ်အပြောအဆို မဆင်ခြင်မှုကြောင့် ရန်သူပေါ်တတ်တယ်။
နှစ်ချုပ် ကံကြမ္မာ ။                    ။ ယခုနှစ်အတွက် မေထုန် ရာသီဖွားတို့၏ ကံကြမ္မာအချုပ်ကို သုံးသပ်ရမည်ဆိုလျှင် အခွင့်အလမ်းကောင်းများ ဆောင်ယူလာတတ်သော နှစ်ဖြစ်သော်လည်း အန္တရာယ် မကင်းလှတတ်သော နှစ်မျိုးဖြစ်သည်ဟု ဆိုရပေမည်။ လုပ်ငန်းကြီးများကို ဦးစီးဦးဆောင်လုပ်သူများ ယခုနှစ်တွင် အကျဉ်းအကျပ် ၊ အခက်အခဲများ ၊ ဖိအားများ များလွန်း လှမည်ဟု သုံးသပ်မိသည်။ ဥပဒေ မကင်းသော အလုပ်များဖြင့် စီးပွားဖြစ်နေသူများ ယခုနှစ်တွင် တရားဥပဒေဖြင့် ရင်ဆိုင်ရကိန်း အလွန်များသည်။ အမှုအခင်းဖြစ်နိုင်သည်။ “လက်ထိပ်ကြိုးချည်” ကိန်း ရှိသည် ဆိုရမည်။ ထို့ကြောင့် ယခုနှစ်တွင် ဥပဒေ နှင့် မကင်းသော အလုပ်များကို ရပ်ဆိုင်ခြင်း (သို့) လျှော့ချခြင်းများဖြင့် ကြိုတင်ကာကွယ်မှု ယူသင့်သည်။ လာဘ်ပေးလာဘ်ယူမှု ကိစ္စများသည် ယခုနှစ်တွင် မေထုန်ရာသီဖွားများအတွက် ကြီးမားသော အန္တရာယ် ဖြစ်ဖွယ်ရှိသည်။ မတော်တဆ ထိခိုက်မှု Accident ဘေးများလည်း ယခုနှစ်တွင် (အခြားရာသီဖွားများထက်) ကြုံဆုံဖွယ် ရှိသောကြောင့် အထူးသတိပြုသင့်ပေသည်။
နေ့သားသမီးအလိုက် ကံကြမ္မာ။                    ။ ဒီနှစ်ထဲမှာ မေထုန် ရာသီဖွားများအနက် အင်္ဂါ ၊ ကြာသပတေး နှင့် သောကြာ သားသမီးများ ကံဇာတာ ပိုမိုကောင်းမွန်မှု များမယ် ။ တနင်္ဂနွေ ၊ ဗုဒ္ဓဟူး(ရာဟု) ၊ စနေ သားသမီးများ- ကံကောင်းမှု နှင့် အတူ ဘေးဥပဒ်များကို သတိထားရမည်။ တနင်္လာ သားသမီးများ အကောင်းအဆိုး မျှနေမယ်။
ယတြာပြုလုပ်လိုက ။                    ။ အိမ်မှာရှိတဲ့ ထီးစုတ် ၊ ဖိနပ်စုတ် အားလုံးကို ရေစီးနေသော မြစ်ချောင်းများအတွင်း သွားရောက်မျှောပစ်လိုက်ပါ။ မိမိမွေးနေ့မှာ သံဃာတော် ()ပါး ()ပါး ()ပါး (၁၄)ပါး - မိမိတတ်နိုင်သည့် အရေအတွက်ကို ထီးဖိနပ် တစ်စုံစီ လှူဒါန်းလိုက်ပါ။ ထို့နောက် ဆေးရုံတစ်ရုံသို့ သွား၍ နွမ်းပါးသူ လူနာ (အထက်ပါ အရေအတွက်အတိုင်း) များအား ငွေကြေးဒါန လှူဒါန်းလိုက်ပါ။
————————————————————————————————————————-

မကာရ ရာသီဖွားများ

capricorn (178 x 234)
Preview ။                    ။ 2013 ခုနှစ်ဟာ ထူးခြားတဲ့ နှစ်တနှစ် ဖြစ်ဖွယ်ရှိတယ်။ ကံကောင်းခြင်း ၊ ကံဆိုးခြင်းများ ရောယှက် နေဖွယ် ရှိတယ်။ ကံကောင်းတာတွေကတော့ ငွေကြေးကိစ္စ ၊ ရည်မှန်းချက် နှင့် အလိုဆန္ဒပြည့်ဝမှု ၊ ထီပေါက်ခြင်း နှင့် ငွေစုငွေပုံ ၀င်ခြင်း ၊ အိမ်ခြံမြေ စက်ရုံ စတဲ့ မရွှေ့ပြောင်းနိုင်သော ပိုင်ဆိုင်မှုများမှ အကျိုးအမြတ်ရခြင်း စတဲ့ ကိစ္စများ ဖြစ်ပြီး . . . ကံမကောင်းနိုင်တာတွေကတော့ ယခုနှစ်မှာ မိမိခင်ပွန်း ၊ ဇနီး (သို့) အဖော်ကောင်းမိတ်ကောင်းနှင့် ခေတ္တခွဲခွာရခြင်း (သို့) ထာဝရ ခွဲခွာရခြင်း ၊ အထီးကျန်ဖြစ်ခြင်း ၊ အစွန့်အပယ်ခံ ဖြစ်ခြင်း ၊ မိမိ၏ တစ်စုံတစ်ခုသော ပြစ်မှုကြောင့် အားလုံးက ၀ိုင်းပယ်ခံရခြင်းများ ကြုံရဖွယ် ရှိပါတယ်။ ဒီနှစ်ထဲမှာ မကာရ ရာသီဖွားများအတွက် အချစ်ရေး ၊ အိမ်ထောင်ရေး ၊ အိမ်တွင်းရေး ကိစ္စများမှာ ထူးထူး ခြားခြား ကံနိမ့်ဖွယ်ရှိပါတယ်။ မိသားစုအတွင်း ကြေကွဲဝမ်းနည်းဖွယ် ကိစ္စများ ကြုံရတတ်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ ။                    ။ ဒီနှစ်ထဲမှာတော့ မကာရရာသီဖွားတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာဟာ ထက်မြက်ပြတ်သား နေမယ်။ ကြေကွဲဝမ်းနည်းဖွယ်ရာတွေ တွေ့သည့်တိုင်အောင် မတုန်မလှုပ်ဖြစ်နေမယ်။ ဒီလိုဖြစ်ရမှာ ကြိုသိနေသလိုလို ဖြစ်နေမယ်။ ဒါပေမယ့် ဒါက ဘေးက အမြင်ပိုင်းပါ။ အတွင်းစိတ်မှာတော့ ကြေကွဲဝမ်းနည်းခြင်းတွေကို လျှို့ဝှက်စွာ သိမ်းဆည်း ထားရဖွယ်ရှိတယ်။ တစ်ကိုယ်ထဲ အထီးကျန် နေလိုစိတ် ၊ လူတွေနဲ့ ဝေးရာကို သွားလိုစိတ် ၊ တရားဘာဝနာ အားထုတ်လိုစိတ် များဖြစ်ပေါ်နေမယ်။ ရှေ့မတိုး နောက်မဆုတ်သာ စိတ်ပိုင်းအခြေအနေများကို တွေ့ကြုံရမယ်။ ဒါပေမယ့် ပြတ်ပြတ်သားသား ဆုံးဖြတ်လုပ်ကိုင်နိုင်လိမ့်မယ်။
စီးပွားရေး နှင့် အလုပ်အကိုင် ။                    ။ ဒီနှစ်ထဲမှာ မကာရရာသီဖွားများအတွက် စီးပွားရေး နှင့် အလုပ်အကိုင်ပိုင်း ဆိုင်ရာမှာ အညံ့များနေတတ်ပါတယ်။ မိမိလုပ်ကိုင်နေသော စီးပွားရေး လုပ်ငန်း ရပ်ဆိုင်းခြင်း ၊ တိုးတက်မှု နှေးကွေးခြင်း ၊ ၀န်ထမ်းများ အလုပ်အပြောင်းအလဲ ဖြစ်ခြင်း ၊ မိမိလုပ်ငန်းနှင့် ပတ်သက်ပြီး အမှုအခင်းဖြစ်ခြင်း ၊ ရန်အပြိုင်ပေါ်ခြင်းများ တစ်ခုခု ကြုံတွေ့ရနိုင်ပါတယ်။ အထူးသဖြင့် အနုပညာလုပ်ငန်း ၊ ခရီးသွားလာရေး လုပ်ငန်း ၊ ဖျော်ဖြေမှု လုပ်ငန်း ၊ အမျိုးသမီး အလှအပ များနှင့် သက်ဆိုင်သော ပစ္စည်းများ ထုတ်လုပ်ရောင်းဝယ်သူများမှာ အများဆုံး ဆုံးရှုံးနစ်နာမှုတွေ ကြုံရဖွယ် ရှိတယ်။ ဒီနှစ်ထဲမှာ စွန့်စားရင်းနှီးရမယ့် အလုပ်တွေကို ယောင်လို့တောင်မှ မလုပ်ပါနဲ့ ။ လုံးဝ အောင်မြင်ဖွယ် မရှိပါ။ လက်ရှိအလုပ်ကိုသာလျှင် “ပြုတ်” မသွားအောင် ဉာဏ်၊ ၀ီရိယ နဲ့ ထိန်းထားရမယ့် နှစ်ဖြစ်ပါတယ်။ အမှုအခင်း ပြဿနာတွေကို ကိုယ်ကစပြီး ဖန်တီးသူ မဖြစ်ပါစေနဲ့။ ဒီနှစ်ထဲမှာ စီးပွားရေး အလုပ်အကိုင်နဲ့ ပတ်သက်ပြီး အမှုဖြစ်ရင် ကိုယ်ဘဲ ရှုံးလိမ့်မယ်။ တော်ရုံတန်ရုံကိစ္စဆိုရင် ကျေအေးလိုက်ပါ။ အစုရှယ်ယာ ပါတနာဖြင့် အလုပ်လုပ်ကြသူများ ပါတနာအခြင်းခြင်း ကွဲကိန်းရှိတယ်။ သို့မဟုတ် ပါတနာ တစ်ဦး ကွယ်လွန်တတ်ပါတယ်။ မကာရ ရာသီဖွားတွေအတွက် ယခုနှစ်မှာ ပထမ ()လပိုင်း ကနေ ()လပိုင်းအထိ အညံ့ အလွန်များနိုင် ပါတယ်။ ()လပိုင်းကျော်လာရင်တော့ ကံကြမ္မာအကောင်းလေးတွေ စတင်မျှော်လင့်လို့ ရပါပြီ။
ငွေရေး ကြေးရေး ။                    ။ အမှန်ကတော့ စီးပွားရေးကံ မကောင်းရင် ငွေကြေးကံလည်း မကောင်းဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မကာရ ရာသီဖွားများအတွက် ယခုနှစ်မှာ စီးပွားရေးအလုပ်အကိုင်ကံ မကောင်းသော်လည်း ငွေကြေးကံ မကောင်းဘူးလို့ ပြောလို့မရပြန်ပါဘူး။ ပုံမှန် ၀င်ငွေကတော့ ထိခိုက်ကောင်း ထိခိုက်လိမ့်မယ်။ ဒါပေမယ့် ထူးထူးခြားခြား ၀င်လာတတ်တဲ့ ငွေကြေးကံ ကလေးက ရှိနေတယ်။ မကာရ ရာသီဖွားခြင်း တူသော်လည်း တစ်ယောက်နဲ့ တစ်ယောက် ကံဇာတာ အနိမ့်အမြင့် မတူကြတာမို့ အနည်း အများသာကွာပြီး ဒီနှစ်မှာ မကာရရာသီဖွားတွေ ငွေစုငွေပုံ ၀င်ဖို့ ကိန်းရှိပါတယ်။ များသောအားဖြင့် ဖြစ်တတ်တာက “ထီပေါက်ခြင်း၊ အမွေရခြင်း ၊ ရေ/ မြေတွင်မြုတ်နှံ ထားသော ပစ္စည်းများ ရခြင်း ၊ ရေရှည် ရင်းနှီးမြုတ်နှံထားသော အိုးအိမ်ခြံမြေ များ ဈေးကောင်းဖြင့် ရောင်းထွက်ခြင်း ၊ အိမ်ထောင်ဘက် (သို့) ဖက်စပ်ပါတနာ၏ အကူအညီဖြင့် ငွေကြေးရခြင်း ၊ မိမိဆုံးရှုံးထား သည်များအတွက် လျှော်ကြေးရခြင်း ၊ အာမခံထားသော ငွေကြေးရခြင်း ၊ အလွန်အဖိုးတန်သော ရှေးဟောင်းပစ္စည်းတစ်ခုခု (Antique ware) ကို ရရှိပြီး အချီကြီးဖြင့် ရောင်းချရခြင်း . . . စသော ပုံစံမျိုးများဖြင့် ငွေကြေးအစုအပုံများ ရရှိဖွယ် ရှိပါတယ်။ ထူးထူးဆန်းဆန်းနည်းတွေနဲ့ “မမျှော်လင့်ဘဲ” ငွေရတတ်တယ် ဆိုရမှာပေါ့။ တစ်ချို့ အတိတ်ကံကြီးမားသူ ဆိုရင် ငွေကြေးပမာဏဟာ “ဘ၀အပြောင်းအလဲဖြစ်သွားလောက်တဲ့ ပမာဏအထိ” တောင်မှ ရရှိနိုင်ပါတယ်။ မျှော်လင့်ကြပါ။
ပညာရေး။                    ။ မကာရ ရာသီဖွားများ ယခုနှစ်အတွက် ပညာရေးကံ မကောင်းဘူးလိုလိုနဲ့ ထ, ကောင်းတတ်တဲ့ ကံမျိုး ရှိပါတယ်။ ဘယ်သူမှ ကိုယ့်ကို ထင်မထားပေမယ့် ကိုယ်က ထူးထူးချွန်ချွန် လုပ်ပြနိုင်တတ်တယ်။ အထက်တန်းပညာရေး ၊ တက္ကသိုလ် ပညာရေး ၊ ဘွဲ့လွန်ပညာရေး ၊ လုပ်ငန်းခွင်ဆိုင်ရာ ပညာရေး အားလုံးမှာ ကောင်းပါတယ်။ ပညာကြောင့် ရာထူးတက်ခြင်း၊ ဂုဏ်ထူးဘွဲ့ထူးများ ရခြင်း ၊ လူသိများပြီး ထင်ပေါ်ကျော်ကြားခြင်းများ ရရှိနိုင်ပါတယ်။
အချစ်ရေး ။                    ။ ဒီနှစ်အတွက် အချစ်ရေး ကိစ္စတွေမှာ “ကံကြမ္မာအငြိုးနဲ့ ဆိုးရော့လေသလား” အောက်မေ့လောက် အောင် ညံ့တတ်ပါတယ်။ အနည်းဆုံး အဆင်ပြေလှပါတယ်ဆိုတဲ့ ချစ်သူစုံတွဲများတောင်မှ ဒီနှစ်မှာ မကြာခဏ ရန်ဖြစ်နေရမယ်။ နဂိုကတည်းက “အက်သံပေး” နေတဲ့ အချစ်ရေးများကျတော့ ဒီနှစ်မှာ “နိဌိတံ” တတ်ပါတယ်။ ငယ်ရွယ်သူများအတွက် အသည်းကွဲရမယ့် နှစ်မျိုးဖြစ်တယ်။ “ချစ်ပါရစေလို့” အသနားခံနေကြသူများလည်း ငြင်းပယ်ခံရဖို့က ရာနှုံး (၈၀)% လောက် ရှိပါတယ်။
အိမ်ထောင်ရေး။                    ။ အချစ်ရေး ကံမကောင်းရတဲ့ အထဲ ချစ်သူများအတွက် လက်ထပ်ဖို့အရေးဟာလည်း ဒီနှစ်မှာ ထူးထူးခြားခြား နှေးကွေးနေတတ်ပါတယ်။ အခက်အခဲ ပြဿနာ များမယ်။ ဖြစ်ကတတ်ဆန်း ကသုတ်ကရုတ်နဲ့ လက်ထပ်ရ လိုက်တဲ့ အခြေအနေမျိုးလည်း ရှိနိုင်တယ်။ မိဘ ဆွေမျိုး၊ သူငယ်ချင်းများ မသိအောင် တိတ်တဆိတ် တရားရုံးမှာ ကြိတ်ပြီး လက်ထပ်ရလိုက်တဲ့ ပွဲမျိုးလေးတွေလည်း ရှိနိုင်တယ်။ တင့်တယ်ခမ်းနားသော မင်္ဂလာအခမ်းအနားများ ဖြစ်ဖို့ ခဲယဉ်းလှပြီး ဖြစ်လျှင်လည်း အတွင်းကျိတ်ပြဿနာတွေ များတတ်လှတယ်။
မိသားစု နှင့် အိမ်တွင်းရေး ။                    ။ မကာရရာသီဖွားများ ဒီနှစ်အတွက် မိသားစု နဲ့ အိမ်တွင်းရေးကိုကြည့်ရင် “ကျန်းမာရေး” ပြဿနာ ရှိနိုင်ပါတယ်။ အိမ်ထောင်ဖက်ဖြစ်သူရဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ပါ။ အထူးသဖြင့် မကာရရာသီ မိန်းကလေးဖြစ်ရင် လင်ယောင်္ကျားရဲ့ ကျန်းမာရေးကို အထူးဂရုပြုပါ။ နောက်ပြီး လင်ယောင်္ကျားရဲ့ “ခြေလှမ်း” တွေကိုလည်း ဂရုစိုက်ကြည့်ပေးပါ။ အိမ်ထောင်ဘက်ဟာ ကျန်းမာရေး သိပ်ကောင်းနေရင်တော့ အိမ်ထောင်ရေး ခြေလှမ်းမှားတတ်တယ်။ (ခိုးကြောင်ခိုးဝှက် ခြေလှမ်းလေးတွေ ရှိတတ်တယ်) ရှိတတ်တယ်ဆိုတာ ရှိကိုရှိမယ်လို့ မဆိုလိုပါ။
ကျန်းမာရေး ။                    ။ မကာရရာသီဖွားများ အတွက် ယခုနှစ်မှာ “ကိုယ်ကျန်းမာရေး” ထက် “စိတ်ကျန်းမာရေး” ကို သတိပြုပါ။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ၊ ကြေကွဲဝမ်းနည်းရမှု ၊ မိမိ၏ အမှားအယွင်း (သို့) မိမိအဖော်၏ အမှားအယွင်းကြောင့် နောင်တရမှု များကြောင့် စိတ်ကျန်းမာရေး မကြည်မလင် ဖြစ်တတ်ပါတယ်။ အိပ်ပျက်ညတွေ များတတ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကတော့ ထူးခြားလောက်အောင် မရှိပါ။ ရင်ဘတ် နှင့် ၀မ်းဗိုက်ပိုင်း ဥပဒ်ပေးတတ်တယ်။ တုပ်ကွေး ၊ အအေးမိ ၊ တိုက်ဖွိုက်ရောဂါများ သတိထားသင့်တယ်။
ပြည်တွင်းခရီး နှင့် နိုင်ငံခြားခရီး ။                    ။ ဒီနှစ် မကာရရာသီဖွားများအတွက် ပြည်တွင်းခရီးမှာ ဘုရားဖူးခရီးများ ထွက်ဖြစ်တတ် ပါတယ်။ မိသားစုနဲ့အတူထွက်ခြင်းထက် မိတ်ဆွေအပေါင်းအသင်းများနှင့် ပိုမိုထွက်ဖြစ်တတ်ပါတယ်။ နိုင်ငံခြားခရီးအတွက် ထူးခြားတဲ့ အခြေအနေ မရှိပါ။ ညံ့လည်း မညံ့ ၊ ကောင်းလည်း မကောင်း ဆိုရမှာပါဘဲ။ နိုင်ငံခြားမှာ စပွန်ဆာပေး ခေါ်မည့်သူ ရှိလျှင် ပိုမိုအဆင်ပြေမှာ တော့ ပြောဖို့မလိုပါ။
လူမှုဆက်ဆံရေး ။                    ။ ယခုနှစ် လူမှုဆက်ဆံရေးပိုင်းမှာ အချိန်တစ်ခုယူပြီး အောင်မြင်မှု ရနိုင်တဲ့ နှစ်ဖြစ်ပါတယ်။ လူမှုဆက်ဆံရေး နယ်ပယ်ဆိုင်ရာ နှင့် ဆက်စပ်ပတ်သက်နေသူများ အောင်မြင်သော အခြေအနေတစ်ရပ်ကို ရရှိပါမယ်။ နဂိုကတည်းက အသိပညာရှင် ၊ အတတ်ပညာရှင် ၊ လူထူထောက်ခံမှု ရရှိပြီးသူများ ပိုမိုအောင်မြင်ပါမယ်။ ပညာတော်သော်လည်း အခြေအနေအရ “ငုတ်လျှိုး” နေရသူများ “ထင်ပေါ်၍ စင်တော်ကောက်ခြင်း” ခံရပြီး “ပညာရဲရင့် ပွဲလယ်တင့်” မည့်နှစ် ဖြစ်ပါတယ်။
နှစ်ချုပ် ကံကြမ္မာ ။                    ။ ယခုနှစ်အတွက် မကာရ ရာသီဖွားတို့၏ ကံကြမ္မာအချုပ်ကို သုံးသပ်ရမည်ဆိုလျှင် ကံကောင်းလှသည့် နှစ်ဟု မဆိုနိုင်ပါ။ အချို့ ငွေစုံငွေပုံ ကြီးကြီးမားမား ရရှိမည့် သူများသာ ကံကောင်းသည်ဟု ဆိုရမည် ဖြစ်ပါတယ်။ သို့သော် ယခုနှစ်ဟာ မကာရရာသီဖွားများအတွက် အလုပ်အကိုင် ၊ စီးပွားရေး ၊ အချစ်ရေး၊ အိမ်ထောင်ရေး များမှာ “စိမ်ခေါ်မှုများနှင့် ပြည့်နှက်နေမည့်” နှစ်ဖြစ်ပါတယ်။ ၀မ်းနည်းဖွယ်ကောင်းသော ကိစ္စများလည်း ကြုံနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ကြံ့ကြံ့ခံ ရပ်တည်နိုင်ရန် ပြင်ဆင်ထားဖို့ လိုပါမယ်။ သို့သော် ရှေးကုသိုလ်ကံ ထောက်ပံ့မှုကို ရရှိနိုင်သောကြောင့် အခြေအနေ ဆိုးများနှင့် ကြုံသည့်တိုင် ပစ်စလတ်ခတ် ဖြစ်မသွားနိုင်ပါ။ တနှစ်လုံး ခြုံပြောရလျှင် မကာရ ရာသီဖွားများအတွက် ယခုနှစ်သည် အခက်အခဲများကြုံတွေ့ဖို့ များသော်လည်း အောင်မြင်စွာ ဖြတ်ကျော်နိုင်မည့် နှစ်ဟု ဆိုရပါမည်။ သူတော်ကောင်း နတ်ကောင်း မ, ပါလိမ့်မည်။
နေ့သားသမီးအလိုက် ကံကြမ္မာ။                    ။ ဒီနှစ်ထဲမှာ မကာရ ရာသီဖွားများအနက် အင်္ဂါ ၊ ဗုဒ္ဓဟူး(ရာဟု) နှင့် စနေ သားသမီးများ ကံဇာတာ ပိုမိုကောင်းမွန်မှု များမယ် ။ တနင်္ဂနွေ ၊ တနင်္လာ ၊ သောကြာ သားသမီးများလည်း ကံကောင်းမှု နှင့် ကံညံ့မှုများ တွဲဖက်နေမယ်။ ကြာသပတေး သားသမီးများ ဒုတိယနှစ်ဝက်မှာ ထူးထူးခြားခြား ကံတက်လာမယ်။
ယတြာပြုလုပ်လိုက ။                    ။ အိမ်မှာရှိတဲ့ ဘုရားတွင် “သကြားလုံး ၉ လုံး” မကြာခဏ ကပ်လှူပါ။ ကလေးများကိုလည်း သကြားလုံးများ မကြာခဏ ဝေငှ လက်ဆောင်ပေးပါ။ မိမိအတွက် ကံကြမ္မာ သိပ်ညံ့လွန်းလျှင် “ကြံ” တစ်ချောင်းကို မိမိအရပ်နှင့် တိုင်းဖြတ်ပြီး မွေးနေ့မတိုင်မှီည (အင်္ဂါသားသမီးဆိုလျှင် တနင်္လာနေ့ည) တစ်ည မိမိဘေးမှာ ထားအိပ်ပြီး နောက်နေ့ နံနက်စောစောတွင် ရေစီးနေသော ရေတွင် မျှောပေးပါ။
—————————————————————————————————————————————–

ကန် ရာသီဖွားများ

virgo (178 x 234)
Preview ။                    ။ ကန်ရာသီဖွားများအတွက် 2013 ခုနှစ်ဟာ ရန်အတိုက်အခံများ ၊ ပြဿနာ အခက်အခဲများ ၊ အမှုအခင်းများ များပြားနိုင်တဲ့ နှစ်ဖြစ်ပါတယ်။ ဒီနှစ်ဟာ ငြိမ်ငြိမ်နေရင်တော့ ကောင်းတယ်။ အနေအထိုင်မတတ် ၊ အပြောအဆို မတတ်ရင်တော့ ရန်သူများပြားနိုင်ပြီး မိမိအဖို့ အကျိုးရှိဖွယ် မမြင်တဲ့ နှစ်ဖြစ်တယ်။ အလုပ်အကိုင်မှာလည်း ပြိုင်ဖက် ပေါ်တတ်ပြီး များသောအားမြင့် မိမိကို အားကျတာကြောင့် မဟုတ်ဘဲ မိမိကို မခံချင်တာကြောင့် “ထ,လုပ်” တဲ့ ပြိုင်ဖက်မျိုးတွေ ဖြစ်တတ်တယ်။ ဒါကြောင့် ဒီနှစ်ဟာ ကန်ရာသီဖွားများအတွက် လိမ္မာပါးနပ်စွာ ဆင်ခြင်နေထိုင်တတ်ဖို့ လိုပါတယ်။ တကယ်လို့ အပြိုင်အဆိုင် ပေါ်လာလို့ ပြိုင်ရဆိုင်ရသည်ဖြစ်စေ ၊ အမှုအခင်းဖြစ်သည်ဖြစ်စေ မိမိဘက်မှ ရှုံးနိမ့်ဖို့ရာ အကြောင်းများတတ်လို့ ဘာပြဿနာ မှ မဖြစ်ရင် အကောင်းဆုံးလို့ မှတ်ယူထားစေလိုပါတယ်။ ဒီလို မိမိကိုယ်နှုတ်နှလုံး ()ပါးကို ထိန်းသိမ်းနိုင်မယ်ဆိုရင်တော့ ဒီနှစ်ရဲ့ ဒုတိယနှစ်ဝက်မှာ ကိုယ့်အတွက် ရာထူးတိုးခြင်း၊ စီးပွားတိုးခြင်း ၊ အခွင့်အလမ်းသစ်များ လုပ်ကိုင်ခွင့်ရခြင်း ၊ ရပ်ဝေးဒေသများမှ ကူညီစောင်မမည့်သူများ ရောက်လာခြင်း ၊ မိမိ နာမည် နှင့် ဂုဏ်သိက္ခာမြင့်မားခြင်းများ ကြုံရမှာဖြစ်တယ်။ ကိုယ်နှုတ်နှလုံး ()ပါးကို မစောင့်ထိန်းသူများအတွက်တော့ ပြဿနာ ဗလပွနဲ့ အရှုတ်ထုတ်များကို တစ်ခုပြီး တစ်ခု ဖြေရှင်းနေရမယ့် နှစ်ဖြစ်ကြောင်း ပြောကြားလိုပါတယ်။
စိတ်ပိုင်းဆိုင်ရာ ။                    ။ ဒီနှစ်ထဲမှာတော့ ကန်ရာသီဖွားတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာဟာ အလိုလိုနေရင်း ရန်လိုနေမယ်။ သူများကို ဝေဖန်ချင်နေမယ်။ သူများကို ဝေဖန်တိုက်ခိုက်ခြင်းဖြင့် ကိုယ့်ရဲ့ နာမည် ထင်ပေါ်ကျော်ကြားလာလိမ့်မယ် ဆိုတဲ့ အယူအဆမှားတွေ ၀င်နေမယ်။ ကိုယ့်ကို ဝေဖန်လာရင်လည်း ဆတ်ဆတ်ထိ မခံဖြစ်နေမယ်။ ချက်ခြင်း ပြန်ပြီး တိုက်ခိုက် လိုစိတ်ဖြစ်မယ်။ ဒီလို စိတ်တွေ ဖြစ်နေတာကို မဝေဖန် မသုံးသပ်ဘဲ စိတ်အလိုကို လိုက်ပြီး “ဒေါသကို ဒေါသခြင်း” “မာနကို မာနခြင်း” တုန့်ပြန်မယ်ဆိုရင်တော့ ဒီနှစ်ဟာ ကန်ရာသီဖွားများအတွက် “အမှုအခင်းနှစ်” လို့ နာမည်တပ်ရမှာ ဖြစ်ပါတယ်။ သတိပြုပါ။
စီးပွားရေး နှင့် အလုပ်အကိုင် ။                    ။ ဒီနှစ်ထဲမှာ ကန် ရာသီဖွားများအတွက် စီးပွားရေး နဲ့ အလုပ်အကိုင်ပိုင်းဆိုင်ရာ မှာ အပြိုင်အဆိုင် နဲ့ တိုးတက်မယ်။ ယှဉ်ပြိုင်ရမယ်။ အပြိုင်အဆိုင်လုပ်ရမယ်။ ကိုယ့်ဘက်က မှန်မှန်ကန်ကန်နဲ့ ရပ်တည် လုပ်ကိုင်သွားရင် တိုးတက်ရမယ့် နှစ်ဖြစ်တယ်။ အရေးကြီးတာက အပြိုင်အဆိုင်တွေကြားမှာ ကိုယ့်စကား အမှားဖြစ်ပြီး ပြဿနာ မဖြစ်အောင် ရှောင်နိုင်ဖို့ဘဲဖြစ်တယ်။ တိတ်တဆိတ် ကြိုးစားလုပ်ကိုင်ပြီး ယှဉ်ပြိုင်ရမယ်။ သူများ အားနည်းချက်ကို မရှာနဲ့။ ကိုယ့် အားနည်းချက်ကိုသာ ရှာပြီး တိုးတက်အောင် လုပ်ရမယ်။ ဒီနှစ်ဟာ အချောင်ကြီးပွားမယ့် နှစ်မျိုးတော့ မဟုတ်ဘူး။ အရမ်းကြိုးစား ရမယ်။ အကြံကုန်ဉာဏ်ကုန် ထုတ်သုံးရမယ်။ သည်းခံပြီး လုပ်ရမယ်။ မိမိရဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် အသုံးချရမယ်။ မဟုတ်ရင် နောက်ကောက်ကျမယ့် နှစ်ဖြစ်တယ်။ အပြိုင်အဆိုင်နဲ့ ပြဿနာ ဖြစ်ဖို့တော့ မလိုပေမယ့် လျှော့တော့ မတွက်လေနဲ့။ ဒီနှစ်ဟာ များများလုပ်ပါမှ နည်းနည်းသာ အကျိုးခံစားရမယ့် နှစ်ဖြစ်လို့ သိပ်အကောင်းကြီးတော့ မဟုတ်ပါ။ ဒါပေမယ့် ဒီနှစ် ကြိုးစားပမ်းစား လုပ်ကိုင်ထားသမျှဟာ နောင်လာမည့် နှစ်များမှာ အကျိုးခံစားဖို့အတွက် “မျိုးစေ့ချ စိုက်ပျိုးနေတာ” ဖြစ်တယ်။ နှစ်စ, ကတည်းက ကြိုးစားအလုပ်လုပ်သူဟာ ဒီနှစ် ()လပိုင်းလောက်ကစပြီး အောင်မြင်မှု အသီးအပွင့်တွေ စတင်ခံစားရ နိုင်တယ်။
ငွေရေး ကြေးရေး ။                    ။ ဒီနှစ်ဟာ ကန်ရာသီဖွားများအတွက် ငွေကြေးကို တစ်ဦးတည်း ရရှိဖို့ ကံဇာတာ အားနည်းတဲ့ အတွက် စပ်တူ ဖက်စပ်လုပ်ကိုင်ခြင်းဖြင့် ငွေကြေးအခြေအနေများ တိုးတက်ကောင်းမွန်နိုင်တယ်။ သို့မဟုတ် အများပိုင်လုပ်ငန်း များမှာ ရှယ်ယာထည့်ဝင်ခြင်းမျိုးဖြင့် ငွေကြေးတိုးတက်ပွားများနိုင်တယ်။ ငွေကြေးကို တစ်ဦးတည်းထက် အစုစပ် ၊ ရှယ်ယာ ၊ အများပိုင် ပုံစံမျိုးနဲ့ ၀င်ရောက်ကိန်း ရှိတယ်။ သို့သော်လည်း ယခုနှစ်ဟာ ကန်ရာသီဖွားများအတွက် ငွေကြေးလာဘ်လာဘ သိပ်ရွှင်လန်းမယ့် နှစ်မျိုးတော့ မဆိုနိုင်ဘူး။ ပုံမှန်ဝင်ငွေ (သို့) ပုံမှန်ဝင်ငွေထက် ခပ်သာသာလောက်ဘဲ ရရှိနိုင်မယ်။ နောက်ပြီး ဒီနှစ်ထဲမှာ ငွေကြေး အဖတ်တင် စုဆောင်းမိနိုင်တဲ့ ကံလည်း နည်းတတ်တယ်။ ရလာသမျှ ၀င်ငွေဟာ အသုံးစားရိတ် (သို့) လုပ်ငန်းထဲ ပြန်ရင်းရင်းနဲ့ အဖတ်မတင်ဖြစ်နေတတ်တယ်။ ဒါကလည်း ဒီနှစ်ရဲ့ ကံတရားဘဲပေါ့။
ပညာရေး။                    ။ ကန် ရာသီဖွားများ ယခုနှစ်အတွက် ကိုယ် မသင်ယူဘူးသေးတတ် ပညာများကို သင်ယူရတတ်ပါတယ်။ ဒီအတတ်ပညာမှာ မမျှော်လင့်ဘဲ ဘ၀ကံကြမ္မာကို ပြောင်းလဲသွားနိုင်တဲ့ ပညာမျိုး ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ဒီနှစ်ထဲမှာ အသိပညာ ၊ အတတ်ပညာ အသစ်ကို သင်ယူဖို့ ကြုံလာရင် တတ်အောင် သင်ပါ။ နောင်တစ်ချိန်မှာ ဘ၀ အတွက် ကောင်းကျိုးဖြစ်လာပါလိမ့်မယ်။ ပုံမှန် အတန်းပညာသင်ယူနေတဲ့ ကျောင်းသူကျောင်းသားများအတွက် ယခုနှစ်ဟာ ၀ီရိယ အကျိုးကို ခံစားရမယ့် နှစ်ဖြစ်တယ်။ ရှင်းရှင်းပြောရရင် “အချောင်တော့ မအောင်နိုင်ဘူး” ။ ၀ီရိယ သမားကဘဲ အောင်မြင် လိမ့်မယ်။ ကံ သမား ၊ ဉာဏ်သမားတွေအတွက် ပညာရေး အောင်မြင်တတ်တဲ့ နှစ်မဟုတ်ပါ။
အချစ်ရေး ။                    ။ ဒီနှစ်အတွက် အချစ်ရေး ကိစ္စတွေမှာ အလိုမပြည့် ဖြစ်မယ်။ ထင်တာနဲ့ လက်တွေ့ တခြားစီ ဖြစ်နေ တတ်တယ်။ အချစ်ရေးကံ အားနည်းပါတယ်။ ချစ်သူရှိသူများအတွက်လည်း မိမိချစ်သူအပေါ် ယုံထင်ကြောင်ထင် ဖြစ်စရာတွေ ခဏခဏ တွေ့နေမယ်။ ဟုတ်ချင်မှလည်း ဟုတ်မယ်။ ဟုတ်နေတာလည်း ရှိမယ်။ ဒါပေမယ့် “အသံကြောင့် ဖားသေ” တော့ မဖြစ် ပါစေနဲ့ပေါ့။ သေသေချာချာ ပိုင်ပိုင်နိုင်နိုင် မရှိဘဲ စွပ်စွဲပြောကြားမှုတွေကြောင့် အချစ်ရေး ပြဿနာ မကြာခဏ တက်ရတတ်တယ်။
အိမ်ထောင်ရေး။                    ။ အိမ်ထောင်ပြုလိုသူများအတွက် အခက်အခဲ ပြဿနာကြားမှဘဲ အိမ်ထောင်ပြုဖြစ်ကြလိမ့်မယ်။ အစစ အရာရာ ရန်များတတ်တဲ့ ဒီနှစ်မှာ အိမ်ထောင်ရေး ကိစ္စမှာလည်း ရန်များတတ်ပြန်ပါရော။ အများဆုံး ဖြစ်တတ်တာတော့ မိဘဆွေမျိုးသာခြင်း ပြဿနာဘဲဖြစ်ပါတယ်။ ချစ်သူနှစ်ဦးဟာ စိတ်ပြတ်သားစွာနဲ့ စိတ်တူကိုယ်တူဖြစ်မှ အိမ်ထောင်ပြုရေး အောင်မြင်ထမြောက်တတ်ပါတယ်။
မိသားစု နှင့် အိမ်တွင်းရေး ။                    ။ ကန်ရာသီဖွားများအတွက် ယခုနှစ် အတွက် မိသားစု နဲ့ အိမ်တွင်းရေးမှာတော့ ပြဿနာ သိပ်မရှိနိုင်ဘူးလို့ ယူဆပါတယ်။ မကောင်း မဆိုးပေါ့။ အသိဉာဏ်ရှိတဲ့ ယောင်္ကျားသားတစ်ယောက် ဦးဆောင်တဲ့ အိမ်ထောင်ရေးဆိုရင်တော့ ဘာမှ ပြောစရာမလိုအောင် ပြဿနာ နည်းနိုင်ပါတယ်။ အရေးကြီးတာ ပြဿနာကို မီးခွက်ထွန်း မရှာဖို့ဘဲ။ ဒီနှစ်ထဲမှာ အိမ်ထောင်ရေး ပြဿနာ ပေါ်လာရင်တော့ “ပြဿနာကို မီးခွက်ထွန်းရှာ” လို့ဘဲ ဖြစ်တတ်တာကို သတိပြုပါ။ ဒီနှစ်ဟာ ကန်ရာသီဖွားများအတွက် “မီးခွက်ထွန်း ရှာရမည့်နှစ်” မဟုတ်ပါ။ အိမ်ထောင်ဘက်အတွက် လမ်းပြပေးမယ့် “မီးအိမ်ရှင်” ဖြစ်ရမယ့်/ဖြစ်သင့်တဲ့ နှစ်ပါ။
ကျန်းမာရေး ။                    ။ မကောင်းတာတွေထဲက ကောင်းတာတစ်ခု ဆွဲထုတ်ပြပါဆိုရင်တော့ “ကျန်းမာရေး” ပါဘဲ။ ဒီနှစ်အတွက် (၁၂)ရာသီခွင်ဖွားအားလုံးထဲမှာ ကန်ရာသီဖွားကတော့ ကျန်းမာရေး အကောင်းဆုံးဖြစ်လိမ့်မယ်။ ရောဂါကြီးများ ဖြစ်စရာမရှိ။ နှာစေး ချောင်းဆိုး အအေးမိလောက်ဘဲ ဖြစ်ဖို့ရှိတယ်။ နဂို ကျန်းမာရေး အခံ အားနည်းသူများပင် ယခုနှစ် ထူးထူးခြားခြား ကျန်းမာနေတတ်တယ်။ နာတာရှည်ရောဂါ ရှိသူများ ယခုနှစ် ဆရာကောင်း ၊ ဆေးကောင်းတွေ့နိုင်တယ်။ ဒါပေမယ့် အသေးစားထိခိုက်မှု နဲ့ သွေးထွက်သံယိုမှုလေးတွေတော့ နည်းနည်း သတိထားရမယ်။ (မှတ်ချက် ။ ။ ကျန်းမာရေး ကောင်းမည် ဆိုခြင်းနှင့် ယခုနှစ်တွင် ကန်ရာသီဖွားများ တစ်ယောက်မှ မသေဟု မဆိုလိုပါ၊ ယေဘူယျ ကျန်းမာရေး ကောင်းတတ်ခြင်းကိုသာ ဆိုလိုပါသည်)
ပြည်တွင်းခရီး နှင့် နိုင်ငံခြားခရီး ။                    ။ ဒီနှစ် ကန်ရာသီဖွားများတွက် ပြည်တွင်းခရီးရော / နိုင်ငံခြား ခရီးမှာပါ ကံအကောင်းဘက်ကို ပြတယ်။ ပျော်ရွှင်ဖွယ်ကောင်းတဲ့ ပြည်တွင်း ပြည်ပ ခရီးများကို သွားရတတ်တယ်။ မိသားစုနဲ့အတူ သွားလာရတတ်တယ်။ ဝေးကွာနေသော မိသားစုများ ပြန်လည်ဆုံစည်းခွင့် ရတတ်တယ်။ နိုင်ငံရပ်ခြားတွင် အနေကြာနေသူများ ကိုယ့်ရပ်ကိုယ့်မြေကို ပြန်လည်ရောက်ရှိတတ်တယ်။ ခရီးကိစ္စ အားလုံးကောင်းတယ် ဆိုရမယ်။
လူမှုဆက်ဆံရေး ။                    ။ လူမှုဆက်ဆံရေးကတော့ ကန်ရာသီဖွားများအတွက် ယခုနှစ်မှာ အရေးကြီးဆုံးဖြစ်ပါတယ်။ ယခုနှစ်သည် ယှဉ်ပြိုင်မှု များတတ်သော နှစ်ဖြစ်ခြင်းကြောင့် လူမှုဆက်ဆံရေးတွင် အပြောအဆို ဆင်ခြင် သတိထားရမယ့် နှစ်ဖြစ်တယ်။ ကိုယ့်စကားတစ်ခွန်းကြောင့် ရန်သူပေါတတ်သော နှစ်ဖြစ်တယ်။ နိုင်ငံအုပ်ချုပ်သူများ၊ နိုင်ငံရေးသမားများ ၊ အနုပညာရှင်များ ၊ လူမှုရေး ခေါင်းဆောင်များ . . စသည့် ထင်ရှားသော ပုဂ္ဂိုလ်များ ဖြစ်လျှင် ပိုမိုသတိထားရန် လိုပါတယ်။ ကိုယ့်စကားတစ်ခွန်းကြောင့် ကိုယ့်ဘ၀တက်လမ်းကို ကိုယ်ပြန်ဖျက်ဆီးသလို ဖြစ်တတ်ပါတယ်။ အထူးသတိပြုပါ။ ယခုနှစ်အတွက် အရေးကြီးသော စကားများကို လိမ္မာပါးနပ်စွာ ပြောဆိုတတ်ရန် လိုပါတယ်။
နှစ်ချုပ် ကံကြမ္မာ ။                    ။ ယခုနှစ်အတွက် ကန်ရာသီဖွားတို့၏ ကံကြမ္မာအချုပ်ကို သုံးသပ်ရမည်ဆိုလျှင် ကံဆိုးသည်ဟု မဆိုနိုင်ပါ။ သို့သော် အကြီးအကျယ် ကံကောင်းမည့် နှစ်လည်း မဟုတ်ပါ။ ယခုနှစ်သည် ကြိုးပမ်းအားထုတ်ရမည့် နှစ်ဖြစ်သည်။ အလုပ်လုပ်ရမည့် နှစ်ဖြစ်သည်။ အချောင်နေလို့မရပါ။ အချောင်မကြီးပွားနိုင်သည့် နှစ်ဖြစ်သည်။ ယခုနှစ်သည် “မျိုးစေ့ချ စိုက်ပျိုး ရမည့်နှစ်” ဖြစ်သည်။ ယခုနှစ်တွင် ရန်အတိုက်အခံလည်း များနိုင်သည်။ သို့သော် “ရန် အတိုက်အခံများလေလေ ၊ တိုးတက်လေလေ” သဘောထားပါ။ “ရွှံ့နွံတို့ဖြင့် ပွတ်တိုက်ခံရလေလေ ၊ ပိုမိုတောက်ပြောင်လာလေလေ” ဖြစ်သော “ပတ္တမြားဂူ” ကဲ့သို့ ကျင့်ပါလေ။ မိမိပြိုင်ဘက်များကို တိတ်တဆိတ် ယှဉ်ပြိုင်ပါ။ အလုပ်များများ လုပ်ပါ။ စကားနည်းနည်း ပြောပါ။ စကားပြော ဆင်ခြင်ပါ။ စကားများ အမှားပါတတ်သော နှစ်ဖြစ်ကြောင်း မိမိကိုယ်ကို အမြဲသတိပေးနေပါ။ ကံကောင်းမှုများ ပိုများလာပါမည်။
နေ့သားသမီးအလိုက် ကံကြမ္မာ။                    ။ ဒီနှစ်ထဲမှာ ကန် ရာသီဖွားများအနက် ကြာသပတေး နှင့် သောကြာ သားသမီးများသာ ကံဇာတာ အကောင်းများမယ်။ ကျန်သော တနင်္ဂနွေ ၊ တနင်္လာ ၊ အင်္ဂါ၊ ဗုဒ္ဓဟူး(ရာဟု) ၊ စနေ သားသမီးများလည်း အလုပ်ကိုကြိုးစားလုပ်ကိုင်နိုင်မှ ကံကောင်းမှု များမယ်။
ယတြာပြုလုပ်လိုက ။                    ။ အိမ်မှာရှိတဲ့ ဘုရားတွင် “ကံ့ကော်ပန်း” မပြတ် လှူဒါန်းပေးပါ။ နွမ်းပါးသူ တစ်ဦးအား “အဖြူရောင်” အ၀တ်အစားအဟောင်း တစ်ထည် စွန့်ကြဲပါ။ ခွေးလေခွေးလွင့်များအား အစာကြွေးပေးပါ။
—————————————————————————————————————————————–
Writtened by ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)@ ကွန်ပြူတာ ဗေဒ သုခုမ
http://compubaydathukhuma.com/?p=6905#more-6905 

No comments:

Post a Comment