Sunday, December 16, 2012

ICT AWARD 2012 မြန်မာနိုင်ငံ ပထမဆု ရရှိ

 အာဆီယံ အသင်းမှ အာဆီယံ နိုင်ငံများ အတွင်း ထူးချွန် ထက်မြက်၍ အများအကျိုး ဆောင်ရွက် နိုင်ခဲ့သော နည်းပညာ ကုမ္ပဏီများအား ပေးအပ် ချီးမြှင့် သည့်  အာဆီယံ ICT AWARD 2012 ဆုကို မြန်မာနိုင်ငံမှ နည်းပညာ ကုမ္ပဏီ တစ်ခုက ရရှိခဲ့ကြောင်း
သိရသည်။ အဆိုပါ ဆုကို တင်သွင်း ရွေးချယ်နိုင် ရန် နိုင်ငံ တစ်နိုင်ငံချင်းစီရှိ National ICT Award ရွေးချယ်ရေး ကော်မရှင်ဖွဲ့ကာ ဆန်ခါတင် ရွေး ချယ်ကြသည်။ ၂၀၁၂ ခုနှစ်၊ သြဂုတ်လတွင် အာဆီယံ အသင်းဝင် နိုင်ငံများ၏ ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် ဝန်ကြီးဌာန၏ အဖွဲ့အစည်း များမှ တာဝန်ရှိသူများသည် ပုဂံဒေသတွင် စုပေါင်း တွေ့ဆုံကာ အမည်စာရင်း တင်သွင်းထားသည့် အဖွဲ့များကို ရှင်းလင်း အကဲဖြတ် အမှတ်ပေး ခဲ့ကြသည်။

ICT AWARD 2012 ဆု ရရှိခဲ့သည့် Mandalay Technology မှ မန်နေဂျင်းဒါရိုက်တာ ဦးဇော်နိုင်က “အာဆီယံ ICT AWARD ဆုကို ဒီနှစ်မှပဲ စတင် ပေးအပ်ခဲ့တာပါ။ စတင် ယှဉ်ပြိုင်တုန်းက ကုမ္ပဏီရဲ့ အရင်နာမည်ဖြစ်တဲ့ Credent Technology နဲ့ တင်သွင်းခဲ့တာပါ။ ဒီဆုကို ရမယ်လို့ မထင်ခဲ့ ပါဘူး။ ဒါပေမဲ့ ပထမဆုကို ရရှိလို့ ဝမ်းသာပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီကလည်း တိုင်းပြည်နဲ့ လူမျိုးအတွက် ဘာတွေ ကူညီမလဲလို့ ရှာဖွေလေ့လာ စဉ်းစားမိတဲ့အခါ GIS နဲ့ Remote Sensing လို့ခေါ်တဲ့ ကောင်းကင်ဓာတ်ပုံ၊ ဂြိုဟ်တုဓာတ်ပုံရိုက် နည်းပညာတွေကို အသုံးချပြီး သဘာဝ ဘေးအန္တရာယ် မကျရောက်ခင် ကြိုတင် ကာကွယ်မှုတွေမှာ ပါဝင်လုပ်ကိုင်မှုတွေ တွေ့လာရတာကြောင့် နည်းပညာတွေနဲ့ ပြည်သူရဲ့ အကျိုးကို ဆောင်ရွက်ပေးနေပါ တယ်” ဟု ဆိုသည်။

ဆုပေးပွဲကို အဖွဲ့ပေါင်း ၂၀၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ အာဆီယံ နိုင်ငံများမှ ဆုရွေးချယ်ရေး အဖွဲ့များက ရွေးချယ်ကာ ဆုရရှိသူများကို ကြို တင်ကြေညာခြင်း မပြုဘဲ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်တွင် ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့၌ ဆုရစာရင်းကို ဆုပေးပွဲ ကျင်းပခဲ့ခြင်း ဖြစ်သည်။  အာဆီယံ ICT AWARD ဆုများအဖြစ် Private Sector, Public Sector, Digi-tal Contest, Trust up Co. နှင့် Comporate Social Responsibilty (CSR) စသည့် ဆုများကို ပထမ၊ ဒုတိယ၊ တတိယဆုများ ချီးမြှင့်ခဲ့ရာ Comporate Social Responsibility (CSR) ဆုကို မြန်မာနိုင်ငံမှ ပထမ၊ စင်ကာပူနိုင်ငံမှ ဒုတိယနှင့် အင်ဒိုနီးရှားနိုင်ငံမှ တတိယဆုတို့ ရရှိခဲ့ကြောင်း သိရသည်။

written by သုတ @ မြ၀တီ

No comments:

Post a Comment