Thursday, December 20, 2012

ဥပဒေအကြောင်း တစ်စေ.တစ်စောင်း


အမေး။
မိန်းမတစ်ယောက်သည် ယောက်ျားတစ်ယောက်ထက် ပိုယူခွင့် ရှိသလား။
အဖြေ။

မိန်းမအဖို့ ယောက်ျားတစ်ယောက်ထက် ပိုယူခွင့်မရှိပေ။ တရားဝင် လင်ရှိမယားတစ်ယောက်သည် အခြား ယောက်ျားတစ်ယောက်နှင့် ထိမ်းမြားလက်ထပ်၍ မဖြစ်ပေ။


အမေး။

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရ ထိမ်းမြားလက်ထပ်ရန်နှင့် လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ကြရန် နှစ်ဦးသဘောတူညီချက်နှင့် ရည်ရွယ်ချက်မရှိဘဲ သာမန်ထွက်ပြေးရုံမျှနှင့် တရားဝင်ထိမ်းမြားခြင်း ဖြစ်သလား။
အဖြေ။

သာမန်ထွက်ပြေးရုံမျှနှင့် တရားထိမ်းမြားခြင်း မဖြစ်ပေ။

အမေး။

လင်မယားနှစ်ဦးပိုင် ပစ္စည်းများကို လင်ဖြစ်စေ၊ မယားဖြစ်စေ တစ်ဦးဦး၏ ဆန္ဒမရရှိဘဲ ပေးကမ်းလျှင် အတည်ဖြစ်ပါသလား။
အဖြေ။

လင်မယားနှစ်ဦးပိုင် ပစ္စည်းများကို လင်ဖြစ်စေ၊ မယားဖြစ်စေ ခင်ပွန်းသည်၏ ဆန္ဒမရဘဲ ပေးကမ်းလျှင် အဆိုပါ ပေးကမ်းသည့် ပစ္စည်းတွင် ပေးသူ အကျိုးခံစားခွင့်ရှိသည့် အစုအတွက်သာ အတည်ဖြစ်ပေသည်။ သဘောတူညီချက်မပေးသည့် ခင်ပွန်းသည်၏ အကျိုးခံစားခွင့်ကို ထိခိုက်ခြင်းမရှိချေ။

အမေး။

သတင်းစာတွင် လင်မယားပြတ်စဲကြောင်း လင်ဖြစ်သူက ကြော်ငြာရုံဖြင့် လင်မယားပြတ်စဲခြင်း ဖြစ်သလား။
အဖြေ။

လင်မယားပြတ်စဲကြောင်း သတင်းစာတွင် ကြော်ငြာကာမျှနှင့် လင်မယား ပြတ်စဲပြီဟု မဆိုနိုင်။

အမေး။

ဦးဝမ်တင်သည် မိမိခြံမှထွက်သော အုန်းလက်များ၊ သစ်ကိုင်းခြောက်များ၊ သစ်ခက်သစ်ရွက်များကို သာမန်အမှိုက်စွန့်ပစ်ရန် စီမံထားသည့် အမှိုက်ပုံတွင် စွန့်ပစ်ခြင်းသည် တားမြစ်ချက်ကို ကျူးလွန်ရာ ရောက်ပါသလား။
အဖြေ။

မည်သူမျှ ခြံထွက် အမှိုက်၊ စက်ရုံ၊ အလုပ်ရုံထွက် အမှိုက်၊ တည်ဆောက်ရေးလုပ်ငန်းထွက် အမှိုက်၊ စီးပွားရေးလုပ်ငန်းထွက် အမှိုက်၊ ဆေးရုံစွန့်ပစ်ပစ္စည်းများနှင့် စက်ဆုပ်ဖွယ် အရာများကို ကော်မတီက သီးသန့်သတ်မှတ်ထားသည့် နေရာမှအပ သာမန်အမှိုက်စွန့်ပစ်ရန် စီမံထားရှိသည့် အမှိုက်ပုံး၊ အမှိုက်ကန်နှင့် အမှိုက်ပုံရန် သတ်မှတ်ထားသည့် နေရာတွင်လည်းကောင်း၊ အခြားနေရာတွင်လည်းကောင်း စွန့်ပစ်ခြင်းမပြုရ။
တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်လျှင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေအရ အရေးယူခြင်းခံရမည်။

အမေး
 စိန်မဟုတ်ကြောင်း သိလျက်နှင့် ထိုပစ္စည်းကို စိန်ထည်အဖြစ်ဖြင့် ပေါင်နှံခြင်းသည် လိမ်လည်မှုဖြစ်သလား။
အဖြေ။
စိန်မဟုတ်ကြောင်း သိလျက်နှင့် ထိုပစ္စည်းကို စိန်ထည်အဖြစ်ဖြင့် ပေါင်နှံကာ တမင်လှည့်ဖြားပြီး ငွေချေးခြင်းသည် မရိုးမဖြောင့်သော သဘောနှင့် သွေးဆောင်ပြုရာရောက်၍ လိမ်လည်မှုဖြစ်သည်။


အမေး။

မောင်ဖြူသည် သေစေရန် ကြံရွယ်ချက်ဖြင့် လူသူမရှိသောအရပ်တွင် အသက်နုသောကလေးကို စွန့်ပစ်ထားသည်။ သို့သော် ကလေးမှာ မသေ။ ယင်းလုပ်ရပ်အတွက် မောင်ဖြူတွင် အပြစ်ရှိသလား။
အဖြေ။

ကလေးမသေစေကာမူ မောင်ဖြူသည် ဤပုဒ်မ (ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၇) တွင် ဖော်ပြထားသည့် ပြစ်မှုကို ကျူးလွန်သည်မည်၏။

အမေး။

အိမ်တွင်းရှိလူကို နာကျင်စေရန်အကြံဖြင့် ပုလင်းတစ်လုံး ပစ်သွင်းခြင်းသည် မဆင်မခြင် ပေါ့ပေါ့ဆဆ ပြုလုပ်ရာရောက်သလား။
အဖြေ။

အိမ်တွင်းရှိလူကို နာကျင်စေရန်အကြံဖြင့် ပုလင်းတစ်လုံး ပစ်သွင်းခြင်းသည် မဆင်မခြင် ပေါ့ပေါ့ဆဆ ပြုလုပ်မှုမဟုတ်ဘဲ လက်ရောက်မှုသာ ဖြစ်သည်။

အစိုးရ နှင့် ဘိုးတော၊ အတွဲ ၃၊ အောက်မြန်မာပြည်စီရင်ထုံး၊ စာ ၁၉၄]


အမေး
အမွေပေးရန် ရည်ရွယ်ပြီး ကိတ္တိမ သားသမီးအဖြစ် မွေးစားရာတွင် အရပ်စာချုပ်ဖြင့် မွေးစားနိုင်သလား။
အဖြေ။
ကိတ္တိမ မွေးစားစာချုပ်ပြုလုပ်လျှင် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် မှတ်ပုံမတင်မနေရ မှတ်ပုံတင်ရသည်။


အမေး။
ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းအရ အဆန်ဘက်တွင်ရှိသော သွေးရင်းဆွေမျိုးများနှင့် အစုန်ဘက်တွင်ရှိသော သွေးဝက် ဆွေမျိုးများ ယှဉ်ပြိုင်ပြီး အမွေလုသော် မျိုးဆက်တူလျှင် မည်သည့်ဘက်က ရမည်နည်း။
အဖြေ။

မျိုးဆက်တူစေဦးတော့ အဆန်ဘက်မှာရှိသော သွေးရင်းဆွေမျိုးများက ရရှိသည်။

အမေး။
လက်ထပ်ပေါင်းသင်းပါမည်ဟူသော ကတိပြုချက်မပါဘဲ မိန်းမနှင့် ယောက်ျား နှစ်ဦးသဘောတူ ဆက်ဆံခဲ့ကြပြီးနောက် မိန်းမတွင် ပဋိသန္ဓေရှိလာရာ မိန်းမက ယောက်ျားအပေါ် လျော်ကြေးတောင်းခွင့် ရှိသလား။
အဖြေ။

ဤကိစ္စမျိုးသည် နှစ်ဦးနှစ်ဖက် ကိုယ့်ကျင့်တရား ပျက်ပြားစေခြင်းကြောင့် ပေါ်ပေါက်လာသည့် ကိစ္စဖြစ်သည်။ ထို့ကြောင့် မိမိကိုယ်တိုင် အကျင့်စာရိတ္တ ပျက်ပြားသဖြင့် ပေါ်ပေါက်လာသည့်ကိစ္စတွင် တရားဥပဒေ၏ အကူအညီကို တောင်းဆိုရန်မသင့်။ နှစ်ဦးစလုံး ညီတူညီမျှ အပြစ်ရှိသူများ ဖြစ်ခြင်းကြောင့် ရုံးတော် အကူအညီကို မည်သူမျှ မရထိုက်။ တရားမျှတမှုကို လိုလားသူသည် မိမိကိုယ်တိုင် သန့်ရှင်းရမည်ဟူသော ရောမလူမျိုးတို့၏ ဆိုရိုးစကားကိုလည်း သတိချပ်သင့်ပေသည်။


[မောင်သန်းဌေး နှင့် မပု (ခေါ်) မသန်းရင်၊ ၁၉၆၆၊ မြန်မာနိုင်ငံ စီရင်ထုံး၊ ၁၀၂၁]

ဥပဒေသိက လူရေးလှ (ဥိးကျော်ဇေယျ) @  nyanmyokyaw..myanmarthway



 

No comments:

Post a Comment