Wednesday, December 19, 2012

ရခိုင်ငရုတ်သီးချက်စပ်စပ်လေး

 အစပ်ကြိုက်သူများအတွက် ချက်ရလွယ်တဲ့ ဟင်းတစ်ခွက်ကို မျှဝေချင်ပါတယ်။ ချက်ရတာကအရမ်းလွယ်ပြီး စားလို့ အရမ်းကောင်းတဲ့ ရခိုင်ငရုတ်သီးချက်လေးပါ (ရေးနေရင်းတောင် ချက်ချင်းစားချင်လာပြီ)။
ဒီငရုတ်သီးချက်ကို ရန်ကုန်မှာ မရွှေမိအမ ၀မ်းကွဲကချက်ကျွေးလို့ စားဖူးတာပါ။ အဲလိုစားပြီးတည်းက ခံတွင်းပျက်နေရင်ဖြစ်ဖြစ် ၊ တခြားဟင်းတွေမစားချင်ရင်ဖြစ်ဖြစ် ဒီဟင်းကိုပဲ ချက်ကျွေးဖို့ အမြဲပူဆာရတယ်။ သူကလည်း ပါးတယ်။ ဟင်းဂျီးများတတ်တဲ့ မရွှေမိတစ်ယောက် ဒီငရုတ်သီးချက်တစ်ခွက်ပါတယ်ဆို အသံတိတ်ပြီး ထမင်းစားမြိန်တတ်တာသိတော့ မကြာခဏချက်ရှာတယ်။ ဒါပေမယ့် အိမ်ကလူကြီးတွေက အပူအစပ်ကို အမြဲတမ်းစားတာမကြိုက်တဲ့အတွက် တစ်လမှ ၂ ခါလောက်ပဲချက်ရပါတယ်။
အခုတော့ ဟင်းချက်ပျင်းတဲ့အခါ တစ်ခွက်ကြီးချက်ပီး ရေခဲသေတ္တာထဲထည့်ထားလိုက်ရင် စားချင်တဲ့အခါ ငရုတ်သီးချက်ကိုထမင်း ပေါ်ပုံပြီးနယ်စားလိုက် ကောင်းမှကောင်းပဲ။ မြန်မာပြည်ကိုလွမ်းတိုင်းချက်စားဖြစ်တဲ့ဟင်းလေးပါ (ဘာမှလဲမဆိုင်သလိုပဲ :D )
ချက်နည်းကတော့ ငရုတ်သီးအတောင့်တွေနဲ့ ကြက်သွန်ဖြူကိုရောကြိတ်လိုက် ၊ပြီးမှငါးပိနဲနဲ၊ပုဇွန်ခြောက်၊ ဆနွင်းနည်းနည်း ကိုအကုန်ရော၊ ရေထည့်၊ဆီစိမ်းထည့်ပီး မီးဖိုပေါ်တင်ထားလိုက်။ ရေခန်းသွားရင်ကျက်ပါပြီ။ အရည်နည်းနည်းချန်ပီး မီးဖိုပေါ်ကချလည်းရပါတယ်။ အရေလေးနဲ့ နယ်စားတော့လည်းကောင်းတာပေါ့။ သူနဲ့လိုက်ဖက်တာက အာလူးပြုတ်၊ ကြက်ဥပြုတ်ကို ဆီဆမ်းပြီး စား။ ဘာအသားဟင်းမှကိုမလိုတာ။ ကန်စွန်းရွက်ချဉ်ရေ ဟင်းလေး ပါပါလိုက်ရင်တော့ အတိုင်းထက်အလွန်ပေါ့နော်။ တကယ်ကိုလိုက်တာ။ ဒီ  အပေါ်ကပုံမှာတော့ အစပ်သိပ်မစားတဲ့အိမ်ဦးနတ်ကျေနပ်အောင် ၀က်သားလုံးပြုတ်ကြော်လေးပါအားဖြည့်ထားရတယ်။
အစပ်ကြိုက်တတ်တဲ့သူတွေ စမ်းချက်စားကြည့်ကြပါ။ ရှုးရှုးရှဲရှဲနဲ့ ခံတွင်းမြိန်တဲ့ ငရုတ်သီးချက်လေးပါ။ စားပြီးပူစပ်နေရင်တော့ မရွှေမိကိုအပြစ်မတင်ကြနဲ့နော်။

မရွှေမိ Blog မှ ကူးယူဖော်ပြ ပါသည်...

No comments:

Post a Comment