Friday, December 21, 2012

ကိုခါးရဲ. မွှေး..သော်က..ခင်နှင်းယု..၀ါးခယ်မ


စပါးပင်တွေရဲ့ ကိုယ်နံ့ ကလေးတွေက လယ်တောထဲမှာ မွှေးနေလေသည်။ လမ်းဘေး ၀ဲယာကို ကြည့်လိုက်တော့လည်း အစိမ်းရောင် အိပ်မက်ကြီး ဖြစ်ပေသည်။ ကောက်ပင်စိမ်းစိမ်း လယ်ကွက်တွေကို ရင်ခွဲထားသလို ရှိသော ဂ၀ံမြေနီတာ လမ်းပေါ်တွင် စက်ဘီးစီးပြီး ရွာဆီ ကျောင်းဆရာမလေး ပြန်သွားနေသည်။ ဘေးနစ်ဘက်က အစိမ်းပြင်ကြီး နှစ်ခုသည် တငြိမ့်ငြိမ့်ချာ လည်လည် နေသယောင် ရှိလေသည်။ ကွင်းလေ တဟူးဟူး တိုးသောကြောင့် ကောက်ပင် စိမ်းရင်ပြင်ကြီး နှစ်ခုက လှိုင်းထနေရှာသည်။ လေထဲမှာ မွှေးသော စပါးပင် ပျိုကလေးတွေရဲ့ သဘာဝ ကိုယ်သင်းနံ့သည် ရေမွှေးနံ့နှင့် မလဲနိုင်ပေ။ ဆရာမလေးသည် တစ်စုံတစ်ခုကို သတိရ နေလျက် ရှိလေသည်။

ဘာများ ရှိဦးတော့မှာ တဲ့လဲ။ သည်အခါမှာ ဆရာမလေး သတိရသွားနေ မိတာက စာရေး ဆရာမကြီး ဒေါ်ခင်နှင်းယု၏ မွှေးဝတ္ထုကိုပဲ ဖြစ်လေသည်။ “ယခုလို အချိန်သို့ ရောက်ပြီဆိုလျှင် အတွတ်နှင့် မွှေးတို့ အတူတကွ မွေးဖွားခဲ့သော ၀ါးခယ်မ မြို့ပြင်ရှိ လယ်ကွက်များ ထဲတွင် စပါးစေ့လေးတို့သည် အိပ်ပျော်ရာမှ နိုးကြပေတော့မည်”

ဝါးခယ်မ မြို့တစ်ဘက်ကမ်း သော်ကရွာနှင့် သော်က ဘုရားကြီး။ မွှေးနှင့် အတွတ်။ ဆရာမလေးသည် မွှေးဝတ္ထုက စာကြောင်းများကို သတိရနေမိသည်။ မွှေးသည် ကျောင်းဆရာမလေး မြ၀တ်ရည် မကြာမကြာ သတိရမိတတ်သော ၀တ္ထုတစ်ပုဒ်။ သည်လို စပါးပင်ပျို ကလေးတွေရဲ့ ရနံ့လေးတွေ လေထဲမှာ မွှေးနေတတ်ချိန်မျိုးမှာတော့ ပိုလို့ပင် သတိရမိလေသည်။

ကျောင်းဆရာမလေး မြ၀တ်ရည်လိုပင် မွှေး ကိုသတိရ နေသူတွေ၊ သည်နိုင်ငံကြီး၏ အရပ် တကာမှာ ရှိနေနိုင်သည်ဟု ကျွန်တော်ထင်ပါ သည်။ စာရေးဆရာမကြီး ဒေါ်ခင်နှင်းယုသည် သူ့ ဇာတ်ကောင် မွှေးကဲ့သို့ပင် သူ၏ ဇာတိကို အလွန် ချစ်သည်ဟု ကျွန်တော် တွေးပါသည်။ ပြောချင်တာလေးက “မွှေး” ၀တ္ထု။ ကျွန်မ ထင်တာပေါ့လေ။ ကျွန်မ မဟုတ်ပါဘူး။ စာဖတ် ပရိသတ်က နေရာပေးတဲ့ မွှေးဝတ္ထုရဲ့ အနေအထားဟာ ကျွန်မရဲ့ masterpiece လို့ ထင်တယ်။ မွှေးဝတ္ထုကို ဇာတ်အိမ်တည်တဲ့ အခါမှာ သော်ကရွာလေးကို ဇာတ်အိမ် တည်ပါတယ်။ တကယ်တော့ ၀ါးခယ်မ ဘက်ကမ်းက မြို့ဘက်ကမ်း။ တစ်ဘက်ကမ်းက သော်က ရွာကလေးကတော့ ဆင်းရဲသူ ဆင်းရဲသားများ နေတဲ့ ရွာကလေး။ ၀ါးခယ်မနဲ့ တည့်တည့် တစ်ဘက်ကမ်းက ရွာသစ်။ ရွာသစ်ပြီးမှ အနောက်ဘက်က သော်ကရွာ-------။

နောက် ဘာဖြစ်လာပြန် သလဲဆိုတော့ ကိုကိုကြီး (သခင်နု) က ဒေါက်တာ ဗမော်ခေတ် မှာ ၀န်ကြီးကိုး။ ဂျပန်ဆုတ်တော့ မော်လမြိုင် ပါသွားတယ်။ ဒေါက်တာ ဗမော်အစိုးရ တစ်ဖွဲ့လုံး ခေါ်သွားတာပေါ့။ စစ်ကြီးပြီးလို့ ပြန်လာကြတဲ့ အခါကျတော့ သူ့ဇနီးကို မိဘများ ရှိတဲ့ မော်လမြိုင် ကျွန်းကို ပို့လိုက်တယ်။ သူကတော့ ၀ါးခယ်မ မှာနေပြီး စာရေးချင်တယ်တဲ့။ သော်ကနဲ့ ရွာသစ်ကြားမှာ အိမ်တစ်အိမ် ရှိတယ်။ အစ်ကိုကြီး ညီအစ်ကိုလေးရဲ့ အိမ်။ အဲသည်မှာ နေပြီး စာရေးချင်တာ။ ရေးပေါ့။ ရေးတဲ့ အခါကျတော့ ကျွန်မက ထမင်းကြော် သွားသွားပို့ ရတယ်။ သည်အချိန်မှာတော့ မြစ်ကို ကူးကူးပြီး ပို့ရတာ။ အိမ်စောင့် အဘိုးကြီး ရှိတယ်။ သူ့ကို လှမ်းခေါ်လိုက်ရင် လာလာခေါ်တယ်။ ကိုကိုကြီး ထမင်း စားနေတုန်း ကျွန်မ အပေါ်ထပ်က လှမ်းကြည့်ရင်သော်က ဘုရားကြီးက ထင်းနေတာပဲ။ အဲသည်တုန်းက ရွှေချထားတာ။ အရင်က ရွှေရောင်ကို ၀င်းနေတာ။ စာရေးဆရာတော့ မဖြစ်သေးဘူးပေါ့လေ။

စိတ်ထဲကတော့ ဘုရားကြီးက အထီးကျန် ခြောက် သွေ့လိုက်တာဆိုတဲ့ စိတ်ကလေးတော့ ရှိတယ်။ ကျွန်မတို့က ငယ်ငယ်က ချမ်းသာတော့ ကိုကိုကြီးရဲ့ အဖေက ကျွန်မတို့ အဘိုးအဘွားတွေ လက်ထဲကြီး ရတာကိုး။ ဦးရွှေဂွန်းကို အဘိုးအရင်းကိုပဲ ချစ်တာကိုး။ ကျွန်မတို့ အဘိုးကလည်း ဦးရွှေဂွန်းပဲ။ ကိုကိုကြီး တက္ကသိုလ် ရောက်လို့ စာရေး ၀ါသနာပါတာ သိလို့ မောင်နု စာရေးဖို့ ဆိုပြီးတော့ ၀ါးခယ်မ အနောက်ဘက်မှာ အိမ်တစ်လုံး ၀ယ်ပေးထားတယ်။ သံကြိုးတိုင်လို့ ခေါ်တဲ့နေရာမှာ ၀ယ်ပေးထားတာ။ ခြေတံရှည် အိမ်ကြီး။ စာရေးတာ ဘာညာ မသိဘူး။ အဲသည့်အိမ်က ကြည့်ရင်လည်း သော်က ဘုရားကြီးကို တိုက်ရိုက်မြင်ရတယ်။

သည်တော့ သည်ဘုရားကြီးက ရင်ထဲမှာ စိမ့်ပြီး ကိန်းဝပ် နေတာပါပဲ။ ဒါကြောင်း မွှေးဝတ္ထု ရေးတော့ ၀ါးခယ်မကို အခြေမခံဘဲ သော်ကရွာကို အခြေခံခဲ့တယ်။ အိမ်ကြီးနှစ်အိမ် ၀တ္ထုထဲမှာ ပါတာလေ။ တကယ်တော့ သော်က ရွာမှာ အဲသည့်အိမ်တွေ မရှိပါဘူး။ လူတွေက ၀ါးခယ်မ ရောက်ရင် စွဲစွဲလမ်းလမ်း မေးကြတယ်။ ဘယ်မှာလဲ မွှေးတို့ နေတဲ့အိမ်။ ရင်ထဲမှာတော့ ကြည်နူး မိပါတယ်။ တကယ်တော့ သော်ကမှာ မရှိဘူး။ စိတ်ကူးနဲ့ တည်ဆောက်ထားတဲ့ အိမ်တွေ ဆိုပါတော့။ ၀တ္ထု အစမှာတောက အဖွင့် ၀ါးခယ်မက စပါးခင်းတွေက စပါးစေ့ကလေးတွေ နိုးထလာပြီ ဆိုတာမျိုးနဲ့ ရေးခဲ့တာတော့ ရှိတယ်။ ကိုယ့်မြို့ ကိုယ့်ရွာကို ချစ်တာကိုး။

စာရေးဆရာ နေ၀င်းမြင့်၏ “အုပ်ဖွဲ့ပျံ ကြိုးကြာသံများ” တွင် ဆရာမကြီး ဒေါ်ခင်နှင်းယု ပြောသော သည်စကားတွေကို ကျွန်တော် ဖတ်ခဲ့ ရသည်။ ကျောင်းဆရာမလေး မြ၀တ်ရည်ထံသို့ ကျွန်တော်သည် “အုပ်ဖွဲ့ပျံ ကြိုးကြားသံများ” ကို ပို့ပေးခဲ့ရလေသည်။ သူက “မွှေး” ကို ဖန်တီးခဲ့သူ၏ စကားရပ်များကို သိလိုမည်ပဲ မဟုတ်လား။
မြစ်ဝကျွန်းပေါ်သူမို့ မြစ်ဝကျွန်းပေါ် ဒေသ၏ ရေမြေ သဘာဝက ဆရာမကြီး ဒေါ်ခင်နှင်းယုကို ရိုက်ခတ်ခဲ့ပုံ ရပါသည်။ ထို့အတူ ဆရာဇော်ဂျီ၏ ဗေဒါလမ်းနှင့် ဗေဒါ နိမိတ်ပုံကလည်း ဆရာမကြီးကို လှုပ်ခတ်ခဲ့ ပုံရပါသည်။ ရင်ခုန် သွေးခုန်ခဲ့ ရသည်။ ရင်ခုန်သံ သွေးခုန်သံ ကြီးမားလာမှ အနုပညာ မွေးဖွားခဲ့သည်။ သော်ကရွာနှင့် ၀ါးခယ်မ။ သော်က ဘုရား ကြီး။ မြစ်တစ်ဖက်ကမ်းကို လှေကလေးနဲ့ ကူး သွားနေသော မိန်းမပျိုလေး။ ၀ါးခယ်မမြို့ပြင်ရှိ လယ်ကွက်များထဲတွင်တော့ စပါးစေ့လေးတွေက သူတို့ အကြောင်းကို စာဖွဲ့မည့် မိန်းမပျိုလေးကို မျှော်ကောင်း မျှော်နေကြပေမည်။ စပါးစေ့ကလေး တွေ ရေ တစ်ရေးနိုးကြပြီ လားဟေ့ ဟု မိန်းမ ပျိုကလေးသည် ကမ်းအပေါ် အတက်တွင် နှုတ်ဆက်လိုက်၏။
ကျောင်းဆရာမလေး မြ၀တ်ရည်မွှေးနှင့် အတွတ်တို့ကို သတိရသလို ကျွန်တော်သည် လည်း သတိရ၏။ ၀ါးခယ်မ၊ သော်ကရွာ၊ သော်က ဘုရားကြီးနှင့် စပါးပင်ပျိုကလေးတွေရဲ့ ကိုယ် သင်းရနံ့ကို စိတ်ထဲမှာ မပျောက်မပျက် စွဲနေခဲ့၏။ ကျောင်းဆရာမလေး မြ၀တ်ရည်နှင့် အလား သဏ္ဌာန်တူပင်တည်း။ ဤကားရသ စာပေ၏ တန်ခိုး သတ္တိအစွမ်းပင်။ စာပေ ရှုခင်းတွင် ရသစိတ်ရင်းသည် ရှိ၏။

ဆရာမကြီး ဒေါ်ခင်နှင်းယု စပါးပင် ကလေးတို့၏ ကိုယ်နံ့ မွှေးမွှေးကို သယ်ဆောင်ခဲ့သည်မှာလည်း ဆရာဇော်ဂျီ၊ ဆရာ မင်းသုဝဏ်တို့၏ စာဆို စိတ်ဓာတ်မျိုးပင်တည်း။ သူတို့သည် ဇာတိမြေမှ ရအောင် ယူခဲ့ကြ၏။ ဇာတိဗေဒ အသက်ဇီဝကို သူတို့သည် ဖျောက်မပစ်ခဲ့ကြပေ။ ဗေဒါလမ်းက လာခဲ့ရသလိုပင်။ လောကဓံ ဒီရေအတက်အကျလမ်းမှာ မဗေဒါ အစုန်အဆန် လှမ်းခဲ့ရသလိုပင်။ သူတို့လည်း လှမ်းခဲ့ကြ၏။ လယ်စောင့်တဲနှင့် ကြာဖြူ ကြာနီပွင့်ကလေးတွေ၊ စပါးစေ့ကလေးတွေကို ချစ်ခင်ကြင်နာခဲ့ကြ၏။ ထိုရေမြေ အခင်းအကျင်းကနေပဲ အားမာန် အသက်ဓာတ်ကို ရယူခဲ့ကြသည် ထင်သည်။ ဇာတိဘ၀က ကောက်ယူခဲ့သော မြေသင်းခဲကို သွေးထဲရောက်အောင် တင်းတင်းကျစ်ကျစ် ဆုပ်ခဲ့ကြသည် ထင်သည်။

မိမိဇာတိက ရအောင် ယူပါဟု ကျွန်တော် တွေးမိသည်။ သူတို့သည် စာဆိုဝိညာဉ် အပြည့် ရှိကြလေရာ သူတို့ ဇာတိဗေဒက သူတို့ ယူခဲ့ကြ သော အရာများမှာ တနင့်တပိုးသော ငွေထုပ် တွေကိုလည်း သယ်ထုတ်မလာ။ ခါးတညွှတ် ညွှတ် မနိုင်မနင်း ရွှေတွေကိုလည်း သူတို့ ဇာတိက သယ်ဆောင်မလာ။ သစ်ပင်တွေကိုလည်း ငမ်းငမ်းတက်လေ ပြင်းမုန်တိုင်းလို ဆွဲနှုတ်ခုတ် လှဲပြီး သယ်ထုတ်မလာ။ ကျောက်သံပတ္တမြား တွေကိုလည်း သွားရေတမြားမြား အာသာငမ်းငမ်း ကယောင်ကတမ်း သယ်ယူမလာ။ မျက်လုံးတွေ ပေါ်မှာလည်း လောဘရမ္မက် ဒီရေတွေ အရှိန်တက် လွှမ်းဖုံး မနေကြပါ။ သည်ရေ သည်မြေမှ ရသည့် အနုပညာ မြေသင်းခဲကိုသာ ထွေးပွေ့ နမ်းရှုံ့ရင်ခွင် ပိုက်ခဲ့ ကြပြီး ဤနိုင်ငံရဲ့ ရေမြေအသည်း နှလုံးတွေပေါ် မှာ သစ္စာခိုင်ခိုင် အသစ်တစ်ဖန် ဖြန့်ကြဲလိုက်ခဲ့ ကြသည်ဟု ကျွန်တော် တွေးမိ၏။ ဤကား သူတို့၏ ရသစိတ်ရင်းပင်တည်း။

ကမ္ဘာဆုံးတိုင် မွှေးခဲ့လေပြီကော မွှေးရယ်။ ကျောင်းဆရာမလေး မြ၀တ်ရည်သည် ဇီးပင် အိုကြီးဘေးမှာ သူ့စက်ဘီးကလေးကို ဒေါက်ထောက်ပြီး ခေတ္တ ရပ်နားထားစဉ်၊ နဖူးက ချွေးစ ကလေးတွေကို သုတ်လိုက်ရင်း၊ စက်ဘီးခြင်းထဲက ၀တ္ထုစာအုပ် အဟောင်းကလေးကို အမြတ်တနိုး ကိုင်ကာ စပါးပင်ပျိုတို့၏ ရနံ့ကလေးတွေ မွှေးနေသော လယ်တော စိမ်းစိမ်းကြီးကို ငေးမော ကြည့်နေလေသည်။ ကျောင်းဆရာမကလေးရေ . . . ဟောဒီ ကျေး တောမြေက ကိုယ့်ဘ၀ ကိုယ့်အကြောင်း ကိုယ့် လောက ဇာတ်ကြောင်းကို ၀တ္ထုစ ရေးလိုက်ပါလား ကွယ်။

{စာရေးဆရာ ကိုခါး(ကွမ်းခြံကုန်း) ၂၀၁၁ ဇန်န၀ါရီလထုတ် ပေဖူးလွှာ မဂ္ဂဇင်းတွင်ရေးသားခဲ့သောဆောင်းပါးကို ကောက်နှုတ် ဖော်ပြပါသည်...}
 

No comments:

Post a Comment