Friday, December 21, 2012

သက်တန်.ချို ဆိုတာ


17.12.1984

အဲဒီနေ့တုန်းက နှင်းတွေ ကျနေတာတဲ့ နှင်းတွေ အေးနေတဲ့ နေ့မှာ မြောက်ဥက္ကလာပ ဆေးရုံကြီးမှာ ကလေးလေးတစ်ယောက် မွေးဖွားခဲ့တယ် ။ အဲဒီကလေးလေးက မွေးတုန်းက ရုပ်အရမ်းဆိုးလွန်းတော့ သူ့မိခင်တောင်လန့်သွားတယ်ဆိုပဲ ။ ဒါပေမယ့်မိခင်မေတ္တာနဲ့ သားငယ်ကို ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့တာ အသက် ၂ နှစ်ကျော်တော့ ၀၀ထွားထွားဖြူဖြူဖွေးဖွေး လေးဖြစ်လာလို့ လူတွေအားလုံးက တရုတ်ကြီးလို့ ချစ်စနိုးခေါ်ခဲ့ကြတယ် ။ ဒီလိုနဲ့ကလေးလေးဟာ ကာကွယ်ဆေးတွေထိုးရမယ့်အချိန်ရောက်လာခဲ့တယ် ။

အဲဒီတုန်းက သူ့မိခင်က ကလေးလေးငိုမှာစိုးလို့ဆိုပြီးကာကွယ်ဆေးထိုးခံရမယ့် သားငယ်ကို ရင်မှာပိုက်ပြီး လူတွေနဲ့ ဝေးရာနေရာလေးမှာ သွားပြီးပုန်းရှောင်နေခဲ့တယ် ။ သားငယ်ငိုသံကိုမကြားရက်တဲ့မိခင်မေတ္တာကြောင့်မိုလား ကလေးငယ်ရဲ့ ရောဂါပိုးတွေကို ခုခံကာကွယ်နိုင်တဲ့အစွမ်းကြောင့်လား မသိ အသက်ကြီးတဲအ့ထိ ကြီးကြီးမားမားရောဂါတော့မရှိခဲ့ဘူး ။ ဒါပေမယ့် မွေးကင်းစကနေ အသက် ၇ နှစ်လောက်ထိ ကိုယ်အပူကြီးရင် တက် တက်တဲ့ ရောဂါရှိခဲ့တယ် ။ ဒီတော့ ဆေးရုံကနေ ခါးဆီဖောက်ပြီး ရောဂါရှာရမယ်လို့ပြောတယ် ။ ခါးဆီဖောက်ရင် အောက်ပိုင်းချိတတ်တယ် ခါးဆီဖောက်ရင်အကြောဆွဲတတ်တယ် စတဲ့ ရပ်ကွက်ထဲက လွဲမှားနေတဲ့ ယုံတမ်းစကားတွေကြောင့် ကလေးငယ်မိခင်ရဲ့ အကိုဖြစ်သူက ကလေးကို ပိုက်ပြီး ဆေးရုံကနေ ခိုးဆင်းသွားခဲ့တယ် ။ အဲဒီကစပြီး ကလေးလေး ဘာရောဂါမှမဖြစ်တော့ပြန်ဘူး ။

မှတ်မှတ်ရရ ကလေးလေး ၁၀ နှစ်လောက်မှာပေါ့ ဖခင်ဖြစ်သူ က သူငယ်ချင်းတွေနဲ့စကားပြောနေတုန်း သူက စားချင်တာ မစားရလို့ ဖခင်ကိုသွားပြီး ဂျီကျတယ် ။ ဒီတော့ဖခင်ဖြစ်သူက “ သား . . သွား ဟိုး မှာသွားဆော့ချေ အဖေဒီမှာ စကားပြောနေတယ် ” လို့ သတင်းစာကို လိပ်ပြီးခြောက်လိုက်တာ ကလေးငယ်က အကြောက်လွန်သတိလစ်ပြီးဆေးရုံရောက်သွားပြန်တယ် ။ အဖေဖြစ်သူက အ၇မ်းကို စိတ်ထိခိုက်သွားပြီးကလေးလေးကို အဲဒီတုန်းက ခေတ်စားနေတဲ့ ဗိုလ်အုန်းသီး စက်ဘီးကလေးဝယ်ပေးခဲ့ပြန်တယ် ။ ကလေးလေးဘ၀မှာ အသက်ကြီးတဲ့အထိ တစ်ခါက လွဲလို့ ရန်မဖြစ်ခဲ့ဘူး ။ အဲဒီတစ်ခါက မိုးရာသီကြီးမှာပေါ့ ။ ကလေးတွေ အချင်းချင်း ဂေါ်လီရိုက်ရင်း ဂေါ်လီလုကြရင်းမတော်တဆ ရန်ဖြစ်ကြတယ် ။ ကလေးငယ်လေးက သူ့သူငယ်ချင်းကို အုတ်ခဲနဲ့ ခေါင်းကို ထုလိုက်တာ ငါးချက်လောက်ချုပ်ရတယ်ပြောတယ် ။ အဲဒီတုန်းက သူ့အဖေအမေကလည်း အရမ်းးကို တောင်းပန်ရပြီး ကျေအေးဖို့မနည်းပြောယူခဲ့ရတယ် ။ အဲဒီကတည်းကစလို့ သူ ဘယ်တော့မှ ရန်မဖြစ်ခဲ့တော့ဘူး ။

သူ့ဘ၀က မချမ်းသာဘူး သူတို့စီးပွားလေးတက်လာလိုက် မီးကလောင်သွားလိုက် စီးပွားလေးတက်လာလိုက် မီးကလောင်သွားလိုက်နဲ့အခုတော့ ဒုံရင်းကဒုံရင်း အဲဒီကလေးလေးက ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူကစည်းကမ်းတွေနဲ့ထိမ်းချုပ်ထားတယ် ။ အဖေတို့ ပညာမတတ်ခဲ့လို့ သားတို့ဆင်းရဲရတာသားတို့ကိုတော့ အဖေပညာ သင်ပေးမယ်ဆိုပြီးကျောင်းစာကိုသာဖိဖိစီးစီး လိုက်စားစေခဲ့တယ် ။သူများတွေ ဘောလုံးကန်နေတဲ့အချိန် အဲဒီကလေးငယ်ဟာ စာတွေထိုင်ကျက်နေရတယ် ။ သူများတွေ ဂိမ်းဆော့နေချိန် အဲဒီကလေးလေးဟာ သင်္ချာတွေထိုင်တွက်နေရတယ် ။ ဒီလိုနဲ့ . . . .

ကလေးလေး ကိုးတန်းကျောင်းသားကြီါ်ဖြစ်လာတယ် ။ ကျူရှင်ယူဖို့မလွယ်တဲ့သူ့ဘ၀မှာ အတန်းထဲက စာတွေကသာအဓိကဖြစ်လာခဲ့တယ် ။ ဒီလိုနဲ့ ဆယ်တန်းမှာတော့ ဆရာကောင်းသမားတွေ နဲ့ဆုံပြီး သူ့ဘ၀ အလင်းရောင်စရလာတယ် ။ မှတ်မှတ်ရရအဲဒီတုန်းက ၀ူခုံးဇတ်လမ်းတွဲတွေလာတော့သူလည်းအရမ်းကြိုက်တယ် ။ ဒါပေမယ့် ငါးမိနစ်ထက်သူ့မှာ ပိုကြည့်ခွင့်မရခဲ့ဘူး သူ့အတွက်စာကသာ မျှော်လင့်ချက်တစ်ခုမဟုတ်လား ။ အတန်းထဲမှာလည်း သူ့ကို ဘယ်သူကမှ အထင်မကြီးသလို သူ့အတန်းထဲကအဆင့်ကလည်း လူ ၇၅ ယောက်မှာ သူက ၇၀ လောက်ချိတ်နေတာကိုး ထားပါတော့ . . . အဲဒီလိုနဲ့ ဆယ်တန်းစာမေးပွဲအောင်စာရင်းရောက်လာခဲ့တယ် ။

အောင်သွားပါတယ်... ကလေးငယ်ကလေးက အင်္ဂလိပ်စာဂုဏ်ထူးကလွဲလို့ အမှတ်ကောင်းကောင်းနဲ့ ၄ ဘာသာ ပါတော့ မိဘတွေ မျက်ရည်တွေကျရတာပေါ့ ။ ဆေးကျောင်း . . .သူ တက်ခွင့်ရသွားတယ် ဆရာဝန်ဖြစ်သွားတယ် ဆေးတွေကုနေနေတယ် စာတွေရေးနေတယ် . . .။

သူ့ဘ၀မှာ ကောင်းတာတွေကြုံခဲ့ရသလို ဆိုးတာတွေလည်းကြုံခဲ့ရတယ်
သူ့ဘ၀မှာ ပျော်ရွှင်စရာတွေကြုံခဲ့ရသလို စိတ်ညစ်စရာတွေလည်းကြုံခဲ့ရတယ်
သူ့ဘ၀မှာ အောင်မြင်တာတွေကြုံခဲ့ရသလို ဆုံးရှုံးလက်လွှတ်လိုက်ရတာတွေလည်းကြုံခဲ့ရတယ်
သူ့ဘ၀မှာ အထက်တန်းလွှာဆိုတာကိုမသိဘူး အဆင့်အတန်းဆိုတာကိုနားမလည်ဘူး သူက အကုန်လုံးကို လူတွေလို့ပဲမြင်နေတယ်

အခုတော့ သူ . . .သူ့ကိုယ်သူအားပေးနေတယ် အသက် ၂၈ ကဲ မင်းဘာဆက်လုပ်မှာလဲကလေးငယ်ရေ . . . . စာရေးဆရာဘ၀ ငယ်ငယ်က စာစီစာကုံးတွေမှာ အဖြစ်ချင်ဆုံးဘ၀ မှာသူ စာရေးဆရာလို့ထည့်ရေးတိုင်းဆရာမတွေ က သူ့လက်ထိပ်ကလေးတွေကိုခေါက်ခဲ့တယ် ။ ဆရာဝန်ကြီးအင်ဂျင်နီယာကြီးဖြစ်ချင်တယ်လို့မရေးလို့တဲ့ ။ စာရေးဆရာဖြစ်ချင်တာ သူ့အမှားလားလို့ ကလေးငယ် ခဏခဏစဉ်းစားဖူးတယ် ။ အဲဒီလိုနဲ့ သူအခု စာရေးဆရာ ပေါက်စနလေးဖြစ်လာခဲ့တယ် ။ ဒါပါပဲ ဘ၀ဆိုတာ အရှည်ကြီးသွားနေရတဲ့ခရီးမဟုတ်ဘူး တိုတိုလေးပဲမဟုတ်လား ။ ရေလိုက်ငါးလိုက် ပျော်လိုက်ရွှင်လိုက် ငိုလိုက်ရီလိုက် ၀မ်းနည်းလိုက် ၀မ်းသာလိုက် ဘ၀ ဇတ်ဆရာစေညွှန်ရာက ပြ ကြလို့ . . . တဖြည်းဖြည်းမိုင်တိုင်တွေဖြတ်ကျော်လာခဲ့ရတာ အတော်တောင်ကြာခဲ့ပြီပေါ့ ။

ကဲ ကလေးရေ . . . “ ဟက်ပီးဘတ်ဒေး ” ပါ မင်းရဲ့ တနင်္လာ ၂၄နာရီဟာ မင်းအသက်ကြီးသွားတယ်ဆိုတာပြနေတယ် မင်းဘယ်လောက်ရင့်ကျက်နေပြီလဲဆိုတာမေးနေတယ် မင်း ဘာတွေလုပ်နေသလဲဆိုတာ ဆန်းစစ်နေတယ် မင်း . . ရှေ့ဆက်ဖို့ခွန်အားတွေ ရှိရဲ့လားလုံလောက်ရဲ့လား မင်းရဲ့ဘေးမှာတော့ မင်းရဲ့မိတ်ဆွေတွေအများကြီးပဲကွဲ့ ကဲ ကလေးရေခေါင်းမော့ရင်ကော့လို့ လောကကြီးကို ရဲရဲသာကြည့်လိုက်စမ်း ။ ကောင်းကင်ပြင်ကြီးဘယ်လောက်လှလိုက်သလဲ မင်းရဲ့ ဒီတစ်ရက်တာဟာ တခြားနေ့တွေလိုပဲ ဘာမှမထူးခြားဘူး ဒါပေမယ့်မင်းကိုယ်မင်း အသိပေးရမယ် အချိန်တွေ မရှိတော့ဘူး အချိန်တွေပြန်ဝယ်မရတော့ဘူး မင်းကိုယ့်ကိုယ်အားရကျေနပ်မိရဲ့လား ။

“ ဟက်ပီးဘတ်ဒေးပါ ကလေးငယ်ရေ ”

ဒီလိုနဲ့ .. . ဒီတနင်္လာဟာလည်း ဘာမှထူးမခြားနားစွာ သမာရိုးကျ ပဲ တခြားနေ့တွေလို ကုန်ဆုံးကျော်ဖြတ်သွားဦးမှာပါပဲ ။

သက်တန့်ချို
မှတ်ချက် - အထက်ပါစာထဲမှ ကလေးငယ်ဆိုသူမှာ ယခုစာရေးနေသော သက်တန့်ချိုပင်ဖြစ်သည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်....................... 

သက်တန်.ချို ၏ ဘလော.မှ မူရင်းအတိုင်းကူးယူဖော်ပြသည်

No comments:

Post a Comment