မိဘတို့သည် ကျတော်ဟူသော ပင်စည်၏ ရေသောက်မြစ်များဖြစ်လေလျှင် လမ်းပြဆုံးမ သွန်သင်ခဲ့ကြသော ဆရာမတို့သည် ပင်စည်ရှင်သန်ရေးအတွက် နေရောင်ခြည်များ ဖြစ်လေသည်။ အမိအဖတို့နှင့်တကွ ဆရာ/မ တို့သင်ကြားပေး ကြသည့် ပညာများမှာ မူ ရေဓာတ်နှင့်တူလှပေသည်။ ထိုသို့သော မှတ်မှတ်ထင်ထင် သွန်သင်ဆုံးမခဲ့သူ များ ထဲတွင်မူ ကျတော် ဒသမတန်း တက်ရောက်စဉ်က ဆရာမကိုမူ အထူးသတိရမိလေသည်။ဆရာမ၏အမည်မှာ ဒေါ်ဌေးဌေးမြင့်ဖြစ်လေသည်။
ဆရာမသည် မဖြူ.မညိုသော အသား အရည်မိျုးရှိ၍ သေးသွယ်သော ခန္ဓာကိုယ် တည်ဆောက်ပုံမျိုးရှိလေသည်။ အရပ်မြင့်မြင့်နှင့် စကားပြောလျှင် သူမတူသော အပြုံးမျိုး ဆင်မြန်းထားတတ်သည်။ အေးဆေးတည်ငြိမ်သောဟန်က ဆရာမကို ပို၍ ချစ်ခင်မှုကို တည်စေ၏။မတိုးလွန်း မကျယ်လွန်းသော အသံမျိုးဖြင့်သင်ကြားလေ့ရှိပြီး ဆုံးဖြတ်ချက်ပြတ်သားသည့် ဆရာမတစ်ယောက်ဖြစ်လေသည်။ စကားပြောလျှင်ပြုံးနေတတ်သည်။ မြင်ရသူအပေါင်း.စိတ်ချမ်းသာစေ၍ ဟန်ဆောင်ခြင်းကင်းသော ဟန်ပန်သည် ဆရာမ၏ ဂုဏ်ကျက်သရေတစ်ခုပင်ဖြစ်သည်။ ဆရာမသည် အပြစ်ရှိသူကို အပြစ်ပေးရဲ၍ မေတ္တာနှင့်တန်သူကို စေတနာထားရန်ဝန်မလေးပေ။ သို့သော် အပြစ်လုပ်သောသူများပေါ်တွင်လည်း စေတနာမပျက်ယွင်းပါ။
ကျတော်ဒသမတန်း တက်စဉ်က ချီးကျူးမှုများရှိသကဲ့သို့ ချိုးနှိမ်သူ အချို့လည်း ရှိပေသည်။ ချိုးနှိမ် ကဲ့ရဲ့မှုများကို အကောင်းဆုံး ချေဖျက်၍ လမ်းကြောင်းမှန်ကို ရောက်စေရန် သွန်သင်လမ်းညွှန်ပေးခဲ့လေသော ဆရာမအား ယခုဘဝတွင်မက ဘဝအဆက်ဆက်ပါ ကျေးဇူးကြွေး တင်နေမိပေသည်။ပညာမာနတို့ဖြင့် တစ်ဖက်စောင်းနင်းစွာ ရှုံ့ချခဲ့ကြသော သူများကြောင့် ကျတော်၏ စာသင်နှစ်ဦးသည် ဖယောင်းလမ်း မဖြစ်ခဲ့ပေ။ မျက်ရည်တို့ဖြင့်ခြုံလွှမ်း၍ စိတ်ပျက်အားလျော့ခြင်း များဖြင့်သာ ပြည့်နေသည့် ကျတော်၏ ဒသမတန်းကျောင်းသားဘဝကို အားပေးကူညီဖေးမပေးခဲ့သော သူများထဲမှ အနိီးကပ်ဆုံးမှာ ဆရာမပင်ဖြစ်သည်။ ဆရာမကို ကျတော်ချစ်သည် ကျတော်တင်မက ကျတော်တို့ တစ်ခန်းလုံး ချစ်သည်။ ထို့အပြင် ဆရာမအကြောင်းသိသူမှန်သမျှ ဆရာမကိုချစ်ကြမည်သာ။
ဆရာမသည် ဆရာမ ပီသလေသည်။ ကျောင်းသား ကျောင်းသူများ အရေး အတွက်ဆိုလျှင် ဆရာမသည် လက်မနှေးလှထို့အတူ နှုတ်လည်းမနည်းလှ။ မှန်သည့်ဘက်မှရဲဝံ့စွာရပ်တည်ခြင်းဟူသော သတ္တိထူးဖြင့်ပြည့်စုံ၍ မှန်တာပြောဟုတ်တာလုပ်တတ်သည့် ဆရာမသည် အစဉ်သဖြင့် ရဲဝံ့ချိုအေးမျက်နာထားမျိုးကို ပိုင်ဆိုင်လေသည်။
ဆရာမသည်ကျောင်းသားကို အခြေပြုသော သင်ကြားနည်းဖြင့် ရှင်းလင်းသင်ကြားလေသည်။ သင်သောဘာသာရပ်အပေါ်ကျွမ်းကျင်မှုသည် သြချရလောက်သည်။ သင်ရိုးညွှန်းတမ်းကို ကြေညက်သည့်အပြင် ဆက်စပ်အကြောင်းအရာများကို ကိုယ်တိုင်ဆွေးနွေးစေကာ အပြန်အလှန်ဆွေးနွေးမှုတို့ဖြင့် ပညာတိုးတက်စေသည်။ ဆရာမသည် ဘောဂဗေဒဘာသာရပ်ကို သင်ကြားခြင်းဖြစ်သည်။ ဆရာမသင်လျှင် စိတ်ဝင်စားဖွယ်ကောင်း၍ လှုပ်ရှားပြောဆိုမှုများသည် အသက်ဝင်လှသည်။ ဆရာမ၏စာသင်ချိန်သည် ငြိမ်သက်နေသော အချိန်မျိုးမဟုတ်သော်လည်း ဆူညံမှုမရှိပေ။ လှုပ်ရှားမှုများ ရှိနေ၍ အပြန်အလှန်ဆွေးနွေး ချက်များက ဘာသာရပ်၏ ရည်ရွယ်ချက် ကို ပေါက်မြောက်စေသည်။ ဆရာမသည်စာသင်လျှင် အသံချိုသည်။ ဆရာမသည် ကျောင်းသား/သူများ၏ ဆွေးနွေးချက်များကိုလေးစားစွာနားထောင်ပေး၍ မှတ်ချက်ပေးတတ်သည်။ မှားသည်မှန်သည် အပစ်မဆို ဘာကြောင့်မှားကြောင်း သိစေ၍ ဘယ်အရာမှန်သည်ကို နားလည်စေသည်။
ဆရာမသည် ကျွန်တော်၏ ဆရာဖြစ်ချင်သောစိတ်တို့ အခြေတည်ရာ စံပြတစ်ဦးပင်ဖြစ်လေသည်။ ဆရာအဖြစ် သင်ကြားခွင့်များရခဲ့လျှင် ချစ်စွာသောဆရာမ၏ သင်ကြားနည်းလမ်းများကို လိုက်နာမိမှာ အမှန်ပင်ဖြစ်သည်။ ဆရာမကို လေးစား သည်။ မှန်မှန်ကန်ကန်ဆောင်ရွက်သည့် သဘောကို အတုယူသည်။
အတ္တဟိတ မဖက်သော ပရဟိတဆန်သည့် ဆရာမ၏ မေတ္တာတရားမျိုး ကို ကျတော် လက်ကိုင်ထားချင်သည်
ချစ်သောဆရာမ အသက်ရာကျော်ရှည်စေကြောင်း ဆုတောင်းမေတ္တာ ပို့သလျှက်ရှိပါသည်။ မကြာခင်ကျရောက်တော့မည့် ကမ္ဘာ့ဆရာများနေ့ကိုကြိုဆိုရင်း ချစ်ဆရာမ၏ ဂုဏ်ကျေးဇူး အထူးထူး ကိုအောက်မေ့ တမ်းတမိပါသည်။ လေးစားကြည်ညိုရင်းစွဲ ဂါရဝ တရားဖြင့် ရိုသေသမှုဖြင့် ဤသို့ ရေးသားရပါသည်။ ငယ်ရွယ်သူဖြစ်သင့်အပြင် နုနယ်သော အရေးအသားများ သည် ဆရာမ၏တစ်စိတ်တစ်ပိုင်းသော စိတ်ထားကို ပုံဖော်နိုင်မည်ဆိုလျှင်ပင် ကျေနပ်ပါသည်။ ချစ်စွာသော.ဆရာမဒေါ်ဌေးဌေးမြင့်စိတ်ချမ်းသာ ကိုယ်ကျန်းမာသော ဘဝကိုပိုင်ဆိုင်စေရန် တပည့်များကိုယ်စား ဆုမွန်ကောင်းတောင်းရပါတော့သည်။
ဆက်စပ်အကြောင်းအရာ
No comments:
Post a Comment