Monday, September 2, 2013

တပ်မတော် ဘာလဲ ဘယ်လဲ ( ၂ ) - ရဲမိုး

Photo from  myanmarnewshub.


၁၉၆၂ တော်လှန်ရေးအစိုးရရဲ့ အဖွဲ့ ဝင်အများစုဟာ တပ်မတော်သားတွေ ဖြစ်တဲ့အတိုင်း သူတို့ လက်
ထက်မှာ ပြည်တွင်းသောင်းကျန်းမူ အမြစ်ပြတ်ချေမှုန်းရေးကို ဦးစားပေးခဲ့ပါတယ်။ ငြိမ်းချမ်ရေး ဆွေးနွေး ပွဲတွေအဆင်မပြေတဲ့ နောက် အစိုးရရဲ့ မူဝါဒအတိုင်း တပ်မတော်ဟာ ၁၉၆၄ ဒီဇင်ဘာမှာ ကေအိုင်အေကို စ တင်ပြီးထိုးစစ်တွေဆင်နွဲပါတော့တယ်။ ၁၉၆၆ အရောက်မှာ ကေအိုင်အေဟာ နယ်စပ်ကိုထက်ွပြေးခဲ့ရတဲ့ အဆင့်ထိဖြစ်လာခဲ့ပြီး ၁၉၈၇ မေလမှာတော့ ကေအိုင်အေရဲ့ ဗဟိုဌာနချုပ် ပါဂျိုနားဖော့စခန်းကြီးနဲ့ဂျာပူ ၊ နမ့်ဆန်ယန်၊ကဇူး စခန်းတွေကို တပ်မတော်က သိမ်းပိုက်ချေမှုန်းပစ်လိုက်ပါတယ်။

ဒါပေမယ့်သူတို့ကိုမဆုံးနိုင်တဲ့နောက်ထပ်တာဝန်ကြီးတစ်ခုကအသင့်စောင့်ကြိုနေပါပြီ၊ ထောင့်တစ်ည
ပုံပြင် ဇာတ်လမ်းတွေထဲကလို လွတ်လပ်ရေးရတဲ့  အချိန်ကနေ ၁၉၈၉ ထိအနှစ်လေးဆယ်ကျော်ဆက်တိုက်ထမ်းဆောင်ရတော့မယ့် တာဝန်ကြီးလဲဖြစ်ပါတယ်။ အဲဒါကတော့ သူတို့ ရဲ့ မဟာရန်သူတော်ကြီး ဗမာပြည်ကွန်မြူနစ်ပါတီပါပဲ……။ဗကပ ကိုအမြစ်ဖြတ်ဖို့ ဆုံးဖြတ်လိုက်တဲ့  တပ်မတော်ဟာ ၁၉၆၆ နှစ်ဦးပိုင်း မှာ လက်ရှိတပ်မတော်ရဲ့  အဓိက တိုက်ခိုက်ရေး အင်အားစုတွေဖြစ်တဲ့ ခြေမြန်တိုက်ခိုက်ရေး တပ်မတွေကို စတင်ဖွဲ့ စည်းခဲ့ပါတယ်။
သခင်သန်းထွန်း

 ၁၉၆၈ စက်တင်ဘာ မှာ တပ်မ ၇၇ ဟာ ဗကပ ဗဟိုဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့ပြီး သခင်သန်းထွန်း
ကိုပါ အသေ ဖမ်းဆီး ရမိခဲ့တဲ့အတွက် ကာလရှည် တိုက်ပွဲကြီးမှာ တပ်မတော်က အသာစီးရလာတယ် ဆိုနိုင်
ပေမယ့် ကိုယ်ကိုယ်တိုင် မကြာခဏ အထိနာခဲ့ရတဲ့ ဖြစ်စဉ်တွေဟာလဲ မနည်းမနောပါ….။

၁၉၇၀-၇၁ တစ်ဝိုက်မှာ စဖြစ်ခဲ့ တဲ့  ဗကပ အရှေ့ မြောက် စစ်ဒေသရဲ့ နာမည်ကျော် ကြူကုတ်
ပန်ဆိုင်း တိုက်ပွဲ၊ ကွမ်းလုံ ရက် ၄၀ တိုက်ပွဲ တွေအပြီး ၁၉၇၅ ပဲခူးရိုးမ တိုက်ပွဲစဉ်တွေမှာ သခင်ဇင် ၊ သခင်ချစ်
ကျဆုံးပြီး ဗကပ (ဗဟို) ပြိုလဲသွားတဲ့ အတွက် အထိနာသွားတဲ့ ဗကပဟာ ၁၉၇၇ မှာ ခြူးရွှေပန်ကောက်
တိုက်ပွဲ၊ ၁၉၇၈ မှာ နောင်လိုင် ပါဖန် တိုက်ပွဲ နဲ့  ၁၉၈၆ မှာ စီစီဝန် တာပန် တိုက်ပွဲကို ဆက်ဆင်နွဲခဲ့ပါတယ်။
အဲတိုက် ပွဲတွေ အပြီးမှာ တပ်မတော်က ဗကပ ခြေကုပ်စခန်းကြီးတွေဖြစ်တဲ့ ကြူကုတ် ပန်ဆိုင်း ၊ကွန်ဟိုင်း၊
နောင်မ၊ မာန်ဟီးရိုး စခန်းတွေကိုပါ ဆက်တိုက် သိမ်းပစ်ခဲ့ လို့ ဗကပ ဟာ အကြီးအကျယ် အထိနာ သွားခဲ့
တယ် ဆိုပေမယ့် တပ်မတော်ဘက်က အကျအဆုံးလဲ နည်းလှ တယ်တော့ မဟုတ်ပါဘူး …..။

အထူးသဖြင့် အရှေ့မြောက်ဒေသ တိုက်ပွဲတွေမှာ ရင်ဆိုင်ရတဲ့  ရန်သူဟာ ပြောက်ကျားစစ် ၊
တောတွင်း တိုက်ပွဲစတာတွေမဟုတ်တော့ပဲ နိုင်ငံနှစ်ခုက စစ်တပ်တွေ တိုက်ကြသလို သမားရိုးကျ စစ်ဆင်
တိုက်ခိုက် နည်းတွေ နဲ့ တိုက်လာပြီး လူလက်နက် ခဲယမ်း စတာတွေဟာ ပြည်တွင်း သောင်းကျန်းသူအဆင့်ကို
ကျော် လွန်နေပြီဖြစ် တဲ့ အတွက် တပ်မတော်ဘက်ကလဲ အတော်အကျအဆုံးများခဲ့ ရပါတယ်…။ ရှိစုမဲ့စု တပ်မ၇၇ ၊ ၈၈ ၊ ၉၉ သုံးခုထဲက နှစ်ခုကို အရှေ့ မြောက်ဒေသမှာ အမြဲလိုလို တပ်ဆွဲထားခဲ့ရပြီး သူတို့ ရဲ့ ရန်သူတော်ကြီးကို ရင်ဆိုင်ခဲ့ ရပါတယ်။ ဒါဟာ အနာဂတ်မှာ ပြည်ပ အထောက်အပံ့ရတဲ့ ရန်သူနဲ့ ရင်ဆိုင်တိုက် ဖို့ ၊ဒါမှ မဟုတ်လဲ အိမ်နီးချင်း နိုင်ငံတွေ ရဲ့ တပ်မတော်တွေနဲ့  ယှဉ်ပြိုင်နိုင်ဖို့ အတွက် တပ်မတော်ရဲ့ ဖွဲ့ စည်းပုံ ကိုတိုးချဲ့ပြင်ဆင်ဖို့ လိုလာမယ်ဆိုတာကို တပ်မတော်ရဲ့  ဒုတိယ မျိုးဆက်ခေါင်းဆောင်တွေကိုသတိပြုမိစေခဲ့ပါတယ်…..။

Photo from moemakha
 ၁၉၆၂ တော်လှန်ရေးအစိုးရဟာ ပြည်တွင်းစစ် အကြီးအကျယ်ဖြစ်နေတဲ့ တိုင်းပြည်ကို အုပ်ချုပ်
တဲ့ နေရာမှာ အထောက် အကူပြုဖို့ ရည်ရွယ်ပြီး လုံခြုံရေးနဲ့ အုပ်ချုပ်ရေး ကော်မတီတွေကို ဗဟို ၊တိုင်း၊ခရိုင်နဲ့မြို့ နယ် အထိ အဆင့်လိုက် စတင်ဖွဲ့ စည်းခဲ့ ပါတယ်။ ကော်မတီအဖွဲ့ ဝင်တွေဟာသက်ဆိုင်ရာနယ်မြေတွေမှာ
လက်ရှိ တာဝန် ထမ်းဆောင်နေတဲ့  တပ်မတော်သားတွေ ဖြစ်ပြီး ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ နဲ့  ပါတီ ကိုအထောက်အကူပြုဖို့ ရည်ရွယ်ခဲ့ပါတယ်။ ဒီဆောင်ရွက်ချက်ဟာ တပ်မတော် အနေနဲ့ မြို့ ပြအုပ်ချုပ်ရေး ဘက်မှာတရားဝင်စပြီး ပါဝင်လာတယ်လို့ ပြောရင်လဲ မမှားပါဘူး…..။

ဒီနေ့ ခေတ် အခြေအနေနဲ့ စဉ်းစားရင် ဒါဟာ အင်မတန်နားလည်ရခက်ခဲတဲ့ ကိစ္စ ဖြစ်ပေမယ့်
လို့ အဲဒီခေတ် အနေအထား ကတော့ ကျေးလက်ဒေသတွေ အတော်များများမှာ သောင်းကျန်းသူ အမာခံတွေစိမ့်ဝင်ချုပ် ကိုင်နေတဲ့ ကာလမို့  အုပ်ချုပ်ရေး ယန္တရား ကို အမှန်တကယ်ပဲ အထောက်အကူပြုနိုင်ခဲ့ ပါတယ်။တစ်ခါ ၁၉၄၈ ကနေ ၆၂ ခုနှစ် အတွင်း သူရင်ဆိုင်ခဲ့ ရတဲ့ ခရီးကြမ်းအတွေ့ အကြုံ တွေအရ တပ်မတော်ဟာအရပ်သားနိုင်ငံရေးသမား အများစု အပေါ် မယုံကြည်ရဘူးလို့ ပဲ ကောက်ချက်ချခဲ့ပြီး အုပ်ချုပ်ရေးအာဏာ
တစ်စိတ် တစ်ပိုင်းထဲမှာ ပါတီရဲ့ အမာခံကေဒါတွေ အနေနဲ့  နေရာဝင်ရောက်ရယူခဲ့တာလဲ တစ်ချက်ပါ ၀င်နိုင်ပါတယ်…။
From  healburma
တပ်မတော်အနေနဲ့မြို့ပြအုပ်ချုပ်ရေးမှာ တစ်စိတ်တစ်ပိုင်း ပါဝင်လာပြီဖြစ်ပြီး တပ်မတော်
ခေါင်းဆောင် အတော် များများဟာလဲ တော်လှန်ရေးကောင်စီဝင်တွေ ဖြစ်နေတဲ့ အတွက် ဘေးပယောဂ ပါ မပါဒီနေ့ ထိ အငြင်း ပွားနေရတဲ့  လူထုအရေးအခင်းတွေမှာ လူထုနဲ့ ထိပ်တိုက်ရင်ဆိုင်မူတွေကိုလဲ ရှောင်လွဲလို့
မရနိုင်ခဲ့ ပါဘူး…..။ဝါဒရေးရာ အားကောင်းလွန်းပြီး မြန်မာပြည်ရဲ့ ရေခံမြေခံ နဲ့ အင်မတန် ကြီးထွားလွယ်တဲ့ ၊တပ်မတော်ရဲ့ အင် အား သုံးပုံတစ်ပုံလောက်ကို တောခိုသွားအောင် စွမ်းဆောင်နိုင်ခဲ့တဲ့  အရှေ့ တောင်အာရှမှာတိုက်ရည်ခိုက်ရည် အကောင်းဆုံး တပ်မတော်တစ်ခုတောင် အနှစ်လေးဆယ်လောက် တိုက်ခဲ့ ရတဲ့  ဗကပ
အန္တရာယ် ကို တပ်မတော်ဟာ အင်မတန်ပဲ စိုးရိမ်စိတ် ကြီးခဲ့ ပါတယ်။ လူထု အရေးအခင်း အတော်များများ ကိုလဲပြီးခဲ့ တဲ့  ဆယ့်လေး ငါးနှစ် အတွေ့ အကြုံတွေအရ လူထုတိုက်ပွဲနည်းနဲ့ တိုက်ခိုက်လာတဲ့ ဗကပ ယူဂျီတွေရဲ့လှုံ့ဆော်မှု အဖြစ်ပဲ ရှူမြင်ခဲ့ ပါတယ်။ ဒီစိုးရိမ်စိတ်ဟာ ဒီကနေ့ စတုတ္ထ မျိုးဆက် တပ်မတော် အရာရှိတွေ အထိကူးစက်ခဲ့ တယ်ဆိုရင်လဲ မမှားဘူးလို့ ဆိုနိုင်ပါတယ်………။

တော်လှန်ရေး အစိုးရဟာ ၁၉၆၂ နောက်ပိုင်းမှာ ၂နှစ်လောက်စောင့်ဆိုင်းပြီး လက်နက်ကိုင်အဖွဲ့
တွေကို ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့ပေမယ့် မအောင်မြင်တဲ့ ဖြစ်ရပ်၊ ဦးနု၊ ဦးဘဆွေ၊ ဦးကျော်ငြိမ်း၊ ၀ိဓူရ သခင်ချစ်မောင် စတဲ့  နိုင်ငံရေး သမားကြီး (၃၃) ဦးကို ဖိတ်ခေါ်ပြီး (၃၃) ဦး ကော်မရှင်ဖွဲ့ ကာ တိုင်းပြည်ကို ဘယ်လိုတည်ဆောက်မလဲ ဆွေးနွေးပေမယ့် အချင်းချင်းသာ အငြင်းပွားပြီး အဖြေမထွက်ခဲ့တဲ့ ဖြစ်ရပ်၊ ဆိုရှယ်လစ်လမ်းစဉ် ပါတီကို တည်ထောင်ခဲ့ပြီး ကျန်ပါတီများ ကိုပါ ပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ သော်လည်း မအောင်မြင်တဲ့ ဖြစ်ရပ်တွေကြောင့် ၁၉၆၄ မတ် (၂၈ ) မှာ တစ်ပါတီ စနစ်နဲ့ သွားဖို့ပဲ ဆုံးဖြတ်ချက်ချခဲ့ ပါတယ်……။

မဆလ ပါတီ လုပ်ဆောင်ခဲ့ တဲ့  အမှားတွေ အများကြီးရှိခဲ့တဲ့ အထဲက လုပ်ငန်းတွေကို ပြည်သူပိုင်
သိမ်းဆည်းခဲ့ ခြင်း၊ တာဝန်ကျေ စပါးရောင်းချရခြင်းနဲ့ ငွေစက္ကူ တရားမ၀င်ကြေငြာခြင်း တို့ဟာ လူထုကို
တိုက်ရိုက် အကြီးအကျယ် ထိခိုက်ခဲ့တဲ့ လုပ်ရပ်တွေ ဖြစ်လို့  အုပ်ချုပ်သူ အစိုးရကို မကျေနပ်ချက်များလာတဲ့ ပြည်သူဟာ အစိုးရအပေါ် အယုံ အကြည်လျော့နည်းလာပြီး တပ်မတော်အပေါ်လဲ မကျေမနပ်ဖြစ်စ ပြုလာခဲ့ပါတယ်……။ တပ်မတော်အနေနဲ့ကတော့ ၁၉၆၂ နှောင်းပိုင်း မြို့ပြ အုပ်ချုပ်ရေးမှာ တပ်မတော် ခေါင်းဆောင်ပိုင်း နဲ့  ဦးစီးအရာရှိ တစ်ချို့ သာပါဝင်ခဲ့ တာဖြစ်ပြီး တပ်မတော်ရဲ့ ၉၀ ရာခိုင်နူန်းကတော့ မြန်မာပြည်အနှံ့အပြားက တောနက်တွေထဲမှာ မရပ်မနား တိုက်ပွဲဝင်နေရတာဖြစ်ပေမယ့် မြေပေါ်/မြေအောက် နိုင်ငံရေး
ပါတီတွေ ရှုပ်ပွ နေတဲ့  မြန်မာပြည်မှာ ၁၉၆၂ ခုနှစ် အာဏာရယူခဲ့ တာကို မှန်ကန်တဲ့ လုပ်ရပ်အဖြစ် ဒီကနေ့ ထိတပ်မတော် တစ်ခုလုံးက ရှုမြင်ခဲ့ ပါတယ်…….။

ဆက်စပ်ဖတ်ရှုရန် ....  တပ်မတော် ဘာလဲ ဘယ်လဲ ( ရဲမိုး )


No comments:

Post a Comment