Saturday, March 23, 2013

ကိုရီးယားရုပ်ရှင်မင်းသမီး ဂျောင်ဆိုယောင်းနှင့်တွေ့ဆုံခြင်း


Name: 정소영 / Jung So Young (Jeong So Yeong)
Profession: Actress
Birthdate: 1979-Jan-06
Birthplace: South Korea
Height: 167cm
Weight: 47kg
Star sign: Capricorn
Education: Chonnam National University  


ကိုရီးယားရုပ်သံလိုင်း KBS ရိုက်ကူးရေးအဖွဲ့ဟာ ကမ္ဘာ့နိုင်ငံအနှံ့က ရိုးရာအစားအစာတွေကို ရိုက်ကူးထုတ်လွှင့်တင်ဆက်တဲ့ 'ရသာစုံလင် ကမ္ဘာတစ်ခွင်' အစီအစဉ်အတွက် မြန်မာနိုင်ငံကို ဖေဖော်ဝါရီ ၁၃ ရက်မှာ ရောက်ရှိလာပါတယ်။ ကိုရီးယားရုပ်ရှင်မင်းသမီး ဂျောင်ဆိုယောင်း (Jung So Young) က ဒီအစီအစဉ်မှာ မြန်မာရိုးရာ အစားအစာဟင်းလျာတွေကို ချက်ပြုတ်မြည်းစမ်းပြီး တင်ဆက်သူအဖြစ်နဲ့ ပါဝင်ရိုက်ကူးခဲ့ပါတယ်။

ဂျောင်ဆိုယောင်း ပါဝင်သရုပ်ဆောင်ခဲ့တဲ့ 'ဒိုးဒိုးဒေါက်ဒေါက် ဘုနဲ့ဘောက်' ဇာတ်လမ်းတွဲကို မြ၀တီရုပ်မြင်သံကြားက ထုတ်လွှင့်ခဲ့ပြီး မြန်မာပရိသတ် ကြိုက်နှစ်သက်တဲ့ သရုပ်ဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။ သူမရဲ့ မြန်မာနိုင်ငံ ရက်နှစ်ဆယ်ခရီးစဉ်အတွင်း မြန်မာ့ရိုးရာ အစားအစာနဲ့ တိုင်းရင်းသားအစားအစာတွေကို ရန်ကုန်မြို့ပေါ်က နာမည်ရစားသောက်ဆိုင်များနဲ့ ပူးပေါင်းပြီး ချက်ပြုတ်ခဲ့သလို တိုင်းရင်းသား အစားအစာအတွက် ရှမ်းပြည်နယ်နဲ့ အညာဒေသအချို့မှာ သွားရောက်ရိုက်ကူးခဲ့ပါတယ်။ ရက်နှစ်ဆယ်လုံးလုံး မြန်မာ့ရိုးရာ ရင်ဖုံးအင်္ကျီနဲ့ထဘီတို့ကို နှစ်သက်စွာ ၀တ်ဆင်ခဲ့တဲ့ ကိုရီးယားမင်းသမီးနဲ့ တွေ့ဆုံမေးမြန်းခဲ့တာတွေကို ပြန်လည်တင်ဆက်လိုက်ပါတယ်။

ကေဘီအက်စ်ရုပ်သံလိုင်းနဲ့ မြန်မာနိုင်ငံရဲ့ ဟင်းလျာတွေ လာရောက်ချက်ပြုတ်တဲ့ အစီအစဉ်ကို ဘယ်လိုကြောင့် လက်ခံဖြစ်တာပါလဲ။

ဒီအစီအစဉ်က တစ်ကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံပေါင်းစုံကို လှည့်လည်ပြီး နိုင်ငံတွေရဲ့ အစားအစာတွေကို မိတ်ဆက်ချက်ပြုတ်မြည်းစမ်းပြီး ထုတ်လွှင့်တင်ဆက်ရပါတယ်။ နိုင်ငံတကာကို လှည့်လည်ရတဲ့အခါ သရုပ်ဆောင်တွေလည်း မျိုးစုံပြောင်းပါတယ်။ ဒီတစ်ခေါက်မှာ မြန်မာပြည်အတွက် ကျွန်မကို လာကမ်းလှမ်းတဲ့အတွက် ရိုက်ကူးဖြစ်တာပါ။
ကေဘီအက်စ်ရုပ်သံလိုင်းနဲ့ ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေကျကနေ အစီအစဉ်တင်ဆက်သူ ဖြစ်သွားတာ ဘယ်လိုနေလဲ။

ပုံမှန်ဆိုရင် ကျွန်မက ဒီလိုအစီအစဉ်တွေကို ရိုက်ကူးလေ့ရှိတဲ့ သရုပ်ဆောင်မဟုတ်ပါဘူး။ ဒရာမာဇာတ်လမ်းတွဲတွေနဲ့ ရုပ်ရှင်တွေပဲ ရိုက်ကူးလေ့ရှိပါတယ်။ ဒီတစ်ခေါက်ကျတော့ ဟိုအရင်ကနဲ့မတူတဲ့ ကျွန်မပုံစံကို သဘာဝကျကျ ပြချင်လို့ လက်ခံဖြစ်ပါတယ်။ ကျွန်မရဲ့ သရုပ်ဆောင်သက်တမ်း ၁၅ နှစ်အတွင်း ကေဘီအက်စ်နဲ့ လေးငါးခြောက်ကြိမ်လောက် လက်တွဲဖူးပါတယ်။ ဒီမှာလွှင့်သွားတဲ့ 'ဒိုးဒိုးဒေါက်ဒေါက် ဘုနဲ့ဘောက်' ဆိုလည်း ကေဘီအက်စ်နဲ့ ရိုက်ထားတာပါ။
မြန်မာဟင်းလျာတွေကို ချက်ပြုတ်မြည်းစမ်းရတဲ့ အရသာက ဘယ်လိုနေပါသလဲ။

မြန်မာမှာရှိတဲ့ အစားအသောက်တွေထဲမှာ အမွှေးအကြိုင်တွေ၊ ဟင်းသီးဟင်းရွက်တွေက ကိုရီးယားမှာ မရှိတာများပါတယ်။ မြန်မာနိုင်ငံကို ရောက်ခါစက မြန်မာအစားအစာတွေကို ချက်ပြီး အရသာကို ဘယ်လိုပြန်ပြောရမလဲ မသိဘူးဖြစ်ခဲ့တယ်။ အစီအစဉ် အစဦးဆုံးမှာပေါ့။ ဒါပေမဲ့ မြန်မာပြည်မှာနေတာ ကြာတဲ့အခါမှာ မြန်မာအစားအစာတွေရဲ့ အရသာကို သိလာတယ်။ မြန်မာအစားအစာတွေကိုလည်း တဖြည်းဖြည်းနဲ့ ကြိုက်တတ်လာပါတယ်။ ကိုရီးယားမှာ မြန်မာစားသောက်ဆိုင်ဖွင့်တာ မရှိတော့ ကိုရီးယားပြန်ရောက်ရင် မြန်မာအစားအစာတွေကို လွမ်းနေမိမယ်ထင်ပါတယ်။
မြန်မာအစားအစာတွေထဲက ဘယ်ဟာကို အကြိုက်ဆုံးပါလဲ။

မုန့်ဟင်းခါးနဲ့ အုန်းနို့ခေါက်ဆွဲကို ကြိုက်ပါတယ်။ မုန့်ဟင်းခါးက ငါးခူနဲ့ချက်တာ။ ကိုရီးယားမှာ ငါးခူက အရမ်းဈေးကြီးတယ်။ ကိုရီးယားမှာ အရမ်းဈေးကြီးတဲ့ ငါးခူကို မြန်မာနိုင်ငံမှာ မုန့်ဟင်းခါးနေ့တိုင်းချက်ပြီး စားနေတာကို အရမ်းအားကျတယ်။ ကိုရီးယားပြန်ရောက်ရင် မုန့်ဟင်းခါးစားချင်ရင်တောင် ဘယ်လိုလုပ်ရမလဲ မသိဘူး။(ရယ်လျက်)


မစ္စဂျောင်က မြန်မာ့ရိုးရာဝတ်စုံတွေ ၀တ်ဆင်ထားတာ သက်သောင့်သက်သာရှိပုံပဲ။ မြန်မာ့ရိုးရာဝတ်စုံကို ဘယ်လိုမြင်ပါသလဲ။

မြန်မာနိုင်ငံကို စစရောက်ချင်း ယောက်ျားလေးတွေ ပုဆိုးဝတ်ထားတာကိုကြည့်ပြီး နေရထိုင်ရ ခက်ခဲမယ်။ ကျွတ်ကျမလားလို့လည်း ထင်ခဲ့တယ်။ ဒါပေမဲ့ နေတာကြာလာတော့ ဒီလို ရာသီဥတုနဲ့ဆိုရင် ထဘီတို့ ပုဆိုးတို့ဝတ်တာက ပိုသင့်တော်တယ်လို့ ထင်ပါတယ်။ ကျွန်မတို့ ကိုရီးယားနိုင်ငံမှာဆိုလည်း ခေတ်ပေါ်ဝတ်စုံကို ၀တ်ဆင်ကြပေမယ့် ရိုးရာဝတ်စုံကိုလည်း သူ့နေရာဒေသနဲ့သူ ၀တ်ဆင်ကြပါတယ်။ မြန်မာရိုးရာဝတ်စုံတွေ ၀တ်ကြည့်မိတဲ့အခါ မြန်မာတွေရဲ့ ရိုးရာဝတ်စားဆင်ယင်မှုကို အရမ်းကြိုက်မိတယ်။ ကိုရီးယားမှာ ကိုရီးယားဝတ်စားဆင်ယင်မှုက လှပသလို မြန်မာတွေရဲ့ ရိုးရာဝတ်စားဆင်ယင်မှုကလည်း လှပပါတယ်

မြန်မာနိုင်ငံကို မလာခင်ကနဲ့ လာရောက်ရတဲ့အချိန်မှာ ကြိုတင်သိထားတာနဲ့ လက်တွေ့ကြုံရတာ ဘယ်လိုမျိုး ကွာခြားနေလဲ။

ထိုင်းတို့၊ ကမ္ဘောဒီးယားတို့ဘက်ကတော့ ကမ္ဘာပေါ်မှာ ခရီးသွားနိုင်ငံတွေအနေနဲ့ ထင်ရှားတော့ အဲဒီဘက်ကို အများကြီး သွားလည်ဖူးပါတယ်။ မြန်မာနိုင်ငံကိုမလာခင် အင်တာနက်ကတစ်ဆင့် ရှာဖွေကြည့်တော့ မြန်မာနိုင်ငံမှာ ရှေးဟောင်းနေရာတွေကလည်း များတယ်။ အန္တရာယ်များလောက်လားဆိုပြီး စိတ်ထင့်ခဲ့တယ်။ တကယ်တမ်း လာကြည့်လိုက်တဲ့အချိန်မှာ စိတ်ထင့်တာတွေ ပျောက်သွားပြီး မြန်မာလူမျိုးတွေက အရမ်းရိုးသား ဖြူစင်ခင်မင်ပြီး ကူညီတတ်တယ်လို့ သိလာရပါတယ်။

မြန်မာနိုင်ငံမှာ ကိုရီးယားဇာတ်လမ်းတွေနဲ့ ကိုရီးယားယဉ်ကျေးမှု အရမ်းလွှမ်းမိုးနေတာကိုရော သိထားပါသလား။

မြန်မာပြည်အကြောင်းကို အများကြီး လေ့လာမိတဲ့အထဲမှာ ကိုရီးယားက ဂန်းနန်းစတိုင်လ်တို့ ကေပေါ့ပ်တို့လောက်တော့ သိမယ်ပဲထင်ထားတာ။ ဒီလည်းရောက်ရော ဂန်းနန်းစတိုင်လ်တို့ ကေပေါ့ပ်တို့တင်မကဘဲ ဇာတ်လမ်းတွဲတွေ ရုပ်ရှင်တွေ၊ ကိုရီးယားမင်းသား၊ မင်းသမီးတွေကို ကြိုက်ကြတာကို သိရတော့ အရမ်းအံ့အားသင့်ပါတယ်။ ပိုအံ့သြတာက ကျွန်မပါဝင်သရုပ်ဆောင်ထားတဲ့ ဒိုးဒိုးဒေါက်ဒေါက် ဘုနဲ့ဘောက် ဒီမှာလွှင့်ထားတာ ကျွန်မလုံးဝမသိဘူး။ ဒီကားထဲက မင်းသမီးဆိုပြီး အသိအမှတ်ပြု နှုတ်ဆက်ကြတဲ့ ပရိသတ်တွေကို အရမ်းကျေးဇူးတင်ပါတယ်။
ကိုရီးယားဇာတ်လမ်းတွဲတွေ နိုင်ငံတကာကို ဘာကြောင့် လွှမ်းမိုးတယ်လို့ ပြောချင်ပါသလဲ။

၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းကတော့ ကျွန်မတို့လည်း သူများနိုင်ငံတွေလိုပဲ အမေရိကန် ရုပ်ရှင်တွေကို ကြည့်ခဲ့ကြတယ်။ ကြိုက်ခဲ့ကြတယ်။ ဒါပေမဲ့ တခြားနိုင်ငံကကားတွေ ကြည့်ရင်းနဲ့မှ ငါတို့လည်း ဒီလိုလုပ်လို့ ဘာလို့မဖြစ်နိုင်ရမှာလဲလို့ တွေးမိပြီး လုပ်ခဲ့တာ။ ကျွန်မတို့ နိုင်ငံတွင်းမှာ ခုလောလောဆယ် အနုပညာလှုပ်ရှားမှုလုပ်တဲ့ လူငယ်တွေ အများကြီးရှိနေတော့ ကိုယ့်နိုင်ငံက ထွက်တာတွေနဲ့တင် ကြည့်စရာတွေ များနေတဲ့အတွက် တခြားနိုင်ငံက အနုပညာတွေ ကြည့်ဖို့ဆိုတာ တော်တော်ရှားသွားပြီ။ ကိုယ့်နိုင်ငံရဲ့ စိတ်ဓာတ်အဆင့်အတန်း၊ ကိုယ့်တိုင်းပြည် ကိုယ့်ယဉ်ကျေးမှုနဲ့ ကိုက်ညီတာကို ဖန်တီးကြပါလို့။
ကိုရီးယားကားတွေထဲမှာ တစ်ဦးကိုတစ်ဦး အရိုအသေပေးတာတွေ၊ ရိုးရာအစားအသောက်တွေ စားပြတာမျိုးကို အပြင်မှာ တကယ်မလုပ်ကြဘူးလို့ ကိုရီးယားရောက် မြန်မာပရိသတ်တချို့ ပြောတာ သိရပါတယ်။ အဲဒါမျိုး တကယ်ပဲ အပြင်မှာရှိပါသလား မစ္စဂျောင်။

သူသွားမှာ
ဒရာမာဆိုတာကတော့ ဇာတ်ကောင်စရိုက်အတိုင်း ရိုက်ရတာဖြစ်တဲ့အတွက် ယဉ်ကျေးရမယ်၊ ချိုသာရမယ်ဆိုလည်း ဇာတ်ရုပ်အတိုင်း သရုပ်ဆောင်ရမှာပါပဲ။ ပြင်ပဘ၀မှာ ဇာတ်လမ်းတွဲတွေထဲကအတိုင်း မဟုတ်တာကိုတော့ ကောင်းတယ်၊ မကောင်းဘူးလို့ မပြောချင်ပါဘူး။ လူဆိုတာကတော့ တစ်ကမ္ဘာလုံးကလူတွေ အတူတူပါပဲ။ ယဉ်ကျေးချင်တဲ့သူက ယဉ်ကျေးပြီး ရိုင်းစိုင်းတဲ့သူတွေလည်း ရှိမှာပါပဲ။ သူ့ကံအတိုင်း ပါ။

ဇာတ်လမ်းတွဲတစ်တွဲ လက်ခံပြီး ရိုက်ကူးတော့မယ်ဆိုရင် အဓိက ဘယ်လိုအချက်တွေကိုကြည့်ပြီး လက်ခံဖြစ်ပါသလဲ။

ဟိုးအရင်နှစ်တွေတုန်းကတော့ ဒရာမာတစ်ခုမှာ ဇာတ်ကောင်မင်းသားရဲ့ အချစ်ဦးနေရာမျိုး၊ မိန်းမဆန်ဆန် က္ကနြေ္ဒကြီးကြီးပုံစံနဲ့ အမြဲတမ်း သရုပ်ဆောင်ဖြစ်တယ်။ ဒါကြောင့် ခုနောက်ပိုင်းမှာ ပုံမှန်လုပ်နေကျ ဇာတ်ကောင်နဲ့ကွဲလွဲပြီး သရုပ်ဆောင်ဖို့ အများကြီးကြိုးစားနေပါတယ်။


PSY သီဆိုထားတဲ့ ကမ္ဘာကျော် အိုပါဂန်းနန်းစတိုင်လ်သီချင်းက တစ်ကမ္ဘာလုံးမှာ အောင်ပွဲခံခဲ့တယ်။ မစ္စဂျောင်ရော ဒီသီချင်းကို နှစ်သက်ပါသလား။

အိုပါဂန်းနန်းစတိုလ်လို ခပ်မြူးမြူးသီချင်ေးတွကို ကျွန်မ နားထောင်လေ့မရှိပါဘူး။ သိပ်မကြိုက်ပါဘူး။ သီချင်းအေးအေးလေးတွေကိုပဲ ကြိုက်လို့ပါ။ ဒီသီချင်းကို နားထောင်ပြီးတော့ စိတ်ထဲမှာ ကောင်းလှချည်ရဲ့လို့တော့ မဖြစ်ပါဘူး။ ဒါပေမဲ့ စိတ်ပေါ့ပါးလွတ်လပ်တဲ့ ခံစားမှုမျိုး ဖြစ်စေပါတယ်။ PSY ကြောင့် ကိုရီးယားနိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ ဂီတကို တစ်ကမ္ဘာလုံးက သိသွားအောင် လုပ်နိုင်ခဲ့တဲ့အတွက် သူ့ကို ဂုဏ်ယူပါတယ်။ သူ့လိုမျိုးဖြစ်အောင် ကြိုးစားချင်ပါတယ်။

ခုလက်ရှိ တောင်ကိုရီးယားမှာ အမျိုးသမီးသမ္မတသစ် တက်လာပါတယ်။ ဒီသမ္မတအပေါ်မှာ အမျိုးသမီး ရုပ်ရှင်သရုပ်ဆောင်အနေနဲ့ ဘာများမျှော်လင့်မိလဲ။

မိန်းကလေးရယ်၊ ယောက်ျားလေးရယ်ဆိုပြီး ပိုလုပ်နိုင်တယ်။ မလုပ်နိုင်ဘူးလို့ ခွဲခြားပြီးမြင်တာတော့ မရှိပါဘူး။ ကျွန်မတို့နိုင်ငံမှာ အသစ်တက်လာတဲ့ သမ္မတဖြစ်တဲ့အတွက် ကျွန်မတို့နိုင်ငံကို ဦးဆောင်ပြီးတော့ ကြိုးကြိုးစားစားလုပ်ပေးမယ့် သမ္မတဖြစ်မယ်လို့ အများကြီးမျှော်လင့်မိပါတယ်။ အမျိုးသမီးတွေထဲက ပထမဆုံး သမ္မတဖြစ်လာတဲ့အတွက်တော့ သူမတူအောင် ဘာများ ပိုပြီးလုပ်ပေးမလဲလို့တော့ မျှော်လင့်ပါတယ်။

မြန်မာနိုင်ငံရဲ့ ခရီးစဉ်ထဲမှာ သွားလာခဲ့တဲ့အထဲက ဘယ်နေရာကို အကြိုက်ဆုံးပါလဲ။

မြန်မာနိုင်ငံကို နောက်တစ်ခေါက် ပြန်လာခွင့်ရမယ်ဆိုရင်တော့ အင်းလေးကို သွားချင်ပါတယ်။ အင်းလေးက မြန်မာနိုင်ငံထဲကမှ တခြားနိုင်ငံကြီးတစ်ခုထဲ ရောက်သွားသလိုမျိုး ခံစားရပါတယ်။ အင်းလေးကိုသွားပြီး အင်းလေးက နွေးထွေးတဲ့ဒေသခံတွေရဲ့ ဆက်ဆံမှုကို အရမ်းကြိုက်ပါတယ်။




ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။


Written by   အေးသူစံ (7Day News Journal)

Jung So Young's Profile Link  http://star.koreandrama.org/?p=8350

No comments:

Post a Comment