Thursday, March 14, 2013

ပွဲကြို ပွဲပြီး ဧရာဝတီ နည်းပြနှင်. မလေးကလပ်နည်းပြတို.၏ စကားများ


အာရှ ဘောလုံး အဖွဲ့ချုပ်မှ ကျင်းပ ပြုလုပ်သည့် AFC Cup 2013 ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ် အဖြစ် မတ်လ (၁၃)ရက်နေ့ ညနေ (၅)နာရီတွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင် ကစားရမည့် ဧရာဝတီ ယူနိုက်တက်နှင့် မလေးရှား ကလပ် ကီလင်တန် အသင်းတို့၏ ပွဲစဉ်မတိုင်မီ ပြိုင်ပွဲ အကြို သတင်းစာ ရှင်းလင်းပွဲကို ယနေ့ နေ့လည် (၁၂)နာရီတွင် သုဝဏ္ဏ ဘောလုံးကွင်း အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
သတင်းစာ ရှင်းလင်းပွဲတွင် ကီလင်တန် အသင်း၏ နည်းပြချုပ် ဖြစ်သူ ခရိုအေးရှား နိုင်ငံသား ပိုဂျန် ဟိုတက်က "ဒါနန်း အသင်းနဲ့ ဧရာဝတီ အသင်းတို့ရဲ့ ပွဲစဉ်ကို ကြည့်ရှု ခဲ့ပြီးပါပြီ။ ဒါနန်း အသင်းဟာ အသင်းကောင်း တစ်သင်း ဖြစ်သလို ဧရာဝတီ အသင်းဟာလည်း မနှစ်ကထက် ကစားပုံ ပိုမိုကောင်းမွန် လာပါတယ်။ ကျွန်တော်တို့ အသင်း အနေနဲ့ အိမ်ကွင်းမှာ ဆိုရင် ရလဒ်ကောင်းတွေ ရရှိပေမယ့် အဝေးကွင်းမှာ ဆိုရင်တော့ ခက်ခက်ခဲခဲ ကစားရ တတ်ပါတယ်။ အသင်းမှာ မနှစ်က ပါဝင်ခဲ့တဲ့ အဓိက ကစားသမား (၆)ဦး မရှိတော့တာ ဟာလည်း အသင်းကို အားနည်း စေပါတယ်။ အသင်းမှာ နိုင်ဂျီးရီးယား ကစားသမား (၂)ဦး၊ သြစတြေးလျ ကစားသမား(၁)ဦးနဲ့ ခရိုအေးရှား ကစားသမား (၁)ဦးစီ ပါဝင်ပြီး သူတို့ ထဲက(၂)ဦးဟာ ပြည်တွင်းလိဂ် ပွဲတွေကို ၀င်ရောက် ကစားခွင့် မရပါဘူး။ ဒါ့ကြောင့် ဒီကစားသမားတွေ အနေနဲ့ AFC Cup ပြိုင်ပွဲတွေမှာ အသင်းနဲ့ အသားကျအောင် ရုန်းကန် နေရပါတယ်" ဟု ဆိုခဲ့သည်။

ဆက်လက်၍ ၎င်းက အုပ်စုအဆင့်ကနေ ကျော်ဖြတ်နိုင်ရန် ဗီယက်နမ် ကလပ်ဒါနန်း အသင်းနှင့် မိမိတို့၏ ကီလင်တန်အသင်း (၂)သင်းမှာ အခြေအနေ ကောင်းမွန်နေပြီး ဧရာဝတီ ယူနိုက်တက် အသင်းမှာ အခွင့်အရေး ကောင်းများ ရှိသော်လည်း ကျန်အသင်းများဖြင့် ယှဉ်ပြိုင်ပါက အတွေ့အကြုံပိုင်း အားနည်း နေသေးကြောင်း သုံးသပ် သွားခဲ့သည်။

ဧရာဝတီ ယူနိုက်တက် အသင်း၏ နည်းပြချုပ်ဖြစ်သူ မာဂျန်ကလည်း ပြီးခဲ့သည့်နှစ်က (၂)သင်း တွေ့ဆုံ ခဲ့စဉ်တွင် (၃-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ရလဒ်မျိုး ထပ်မံ ရရှိအောင် ကြိုးစားသွားမည် ဖြစ်ကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့သည်။ မာဂျန်က "မနှစ်က အိမ်ကွင်းမှာ ကီလင်တန်ကို (၃-၁)ဂိုးနဲ့ အနိုင်ရရှိခဲ့တယ် ဆိုပေမယ့် ဒီနှစ် ခြေစွမ်းကိုတော့ နှိုင်းယှဉ်ပြီး မပြောလိုပါဘူး။ မနှစ်ကလို ရလဒ်မျိုး ထပ်မံရရှိဖို့ အစွမ်းကုန် ကြိုးစား သွားမှာပါ။ ကစားသမားတွေ အနေနဲ့လည်း အင်တိုက်အားတိုက် ယှဉ်ပြိုင်မယ် ဆိုရင် ရလဒ်ကောင်း ထွက်ပေါ်လာမှာပါ။ ကီလင်တန် အသင်းဟာ အသင်းကြီး တစ်သင်း ဖြစ်သလို နိုင်ငံခြားသား ကစားသမား (၄)ဦး ပါဝင်တာကြောင့် သူတို့နဲ့ ပွဲစဉ်ဟာ ခက်ခဲပြီး ပွဲကောင်းတစ်ပွဲ ဖြစ်လာ ပါလိမ့်မယ်။ ရာသီဥတု အနေအထားကြောင့် အိမ်ရှင် အသင်းဖြစ်တဲ့ ကျွန်တော်တို့ အသင်းက အသာရတယ် ဆိုတာထက် ကစားသမား တွေရဲ့ စွမ်းဆောင်မှု ကသာ ပိုအရေးကြီးတာပါ" ဟု ဆိုခဲ့သည်။

ကီလင်တန် အသင်း နည်းပြချုပ် အနေဖြင့် နောက်တစ်ဆင့်ကို တက်ရောက်နိုင်မည့် အသင်းများကို သုံးသပ်ခဲ့ရာတွင် မိမိတို့ အသင်း မပါဝင်ခြင်းနှင့် ပတ်သက်၍ အငြင်းပွားစရာ မရှိကြောင်း၊ အဆိုပါ အသင်း (၂)သင်း၏ ငွေကြေး သုံးစွဲမှုမှာ မိမိတို့ အသင်းနှင့် များစွာ ကွာခြားကြောင်း၊ အကောင်းဆုံး ကြိုးစားပြီး နိုင်ပွဲ ရရှိရန် စွမ်းဆောင် ရမည်မှာ မိမိတို့ တာဝန်သာ ဖြစ်ကြောင်း၊ နောက်တစ်ဆင့် တက်ရောက် နိုင်မည်ဟု မျှော်လင့်ထားကြောင်း ရှင်းလင်းပြောကြား သွားခဲ့သည်။



 ဧရာဝတီနည်းပြချုပ်က အသင်း Website သို.ပြောကြားခဲ့ရာတွင်
ဧရာဝတီယူနိုက်တက်နည်းပြချုပ် မစ္စတာမာယန်းဆီကူလော့စကီးသည် ၁၃.၃.၂၀၁၃ ညနေ (၅း၀၀) အချိန်တွင် ယှဉ်ပြိုင်ကစား မည့် မလေးရှားကလပ်အသင်း ကီလန်တန်နှင့်ပွဲသည် မိမိတို့အတွက် အနိုင်ရလဒ် ရရှိပြီး (၃) မှတ် အပြည့် ရရှိရန်လိုအပ်သည့် ပွဲစဉ်ဖြစ်ကြောင်း ပြောကြားလိုက်သည်။
"ကီလန်တန်အသင်းက မလေးရှားလိဂ်ရဲ့ ချန်ပီယံအသင်းပါ။ ပြီးခဲ့တဲ့နှစ် AFC Cup မှာလည်း ကွာတားဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့တဲ့ အသင်းဖြစ်တဲ့အတွက် ဘယ်လိုမှ အမှားအယွင်းခံလို့ မရတဲ့ပွဲပါ။ ပထမဆုံး ပြောချင်တာကတော့ ဒီပွဲက ပွဲကောင်းတစ်ပွဲဖြစ်မယ် ဆိုတာပါပဲ။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ဧရာဝတီအနေနဲ့ အိမ်ကွင်းမှာ (၃) မှတ် အပြည့်ရအောင် လုပ်ဖို့ကလွဲလို့ ကျန်တာ မရှိပါဘူး။ ဒီလိုအမှတ်ပြည့် ရနိုင်ဖို့လည်း အစွမ်းကုန် ကြိုးစားမှာပါ။"
ဧရာဝတီယူနိုက်တက် အနေဖြင့် အုပ်စုအဖွင့်ပွဲစဉ်တွင် ဗီယက်နမ်ကလပ်အသင်း ဒါနန်းအား အဝေးကွင်းတွင် ၂ - ၁ ဖြင့် ရှုံးနိမ့်ထားသဖြင့် မိမိ ပရိသတ်ရှေ့၊ မိမိအိမ်ကွင်းတွင် အနိုင်ရလာဒ် ရရှိရန် အထူးလိုအပ်နေသည်။
ဆက်လက်၍ မာယန်းက "အသင်းမှာ ဒဏ်ရာရ ကစားသမားတွေ ရှိနေတဲ့အတွက် အခက်တွေ့စေတာတော့ အမှန်ပါပဲ။ ဒါပေမယ့်လည်း ရှိတဲ့လူနဲ့ အကောင်းဆုံးပုံစံရအောင် လုပ်ရမှာပါ" ဟု ထပ်လောင်းပြောကြား ခဲ့သည်။

ထိုနေ.ကပွဲကစားပြီး သတင်းစာရှင်းလင်းပွဲများတွင်

မလေးရှားကလပ် ကီလန်တန်အသင်းနည်းပြ ဘိုဂျန်က ဧရာဝတီအသင်းနှင့်ပွဲတွင် မိမိတို့အသင်း ဂိုးပိုမိုရရှိသင့်သော် လည်း လက်ရှိရလဒ်အပေါ်၌ကျေနပ်ကြောင်း ဧရာဝတီအသင်းအား ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲအပြီး၌ ပြောကြား ခဲ့သည်။
  နည်းပြ ဘိုဂျန်က “ ဧရာဝတီအသင်းနဲ့ တကယ်ကစားရတော့ ထင်ထားတာထက်တောင် ပိုကစားရခက်တာ တွေ့ရပါ တယ်။ ကီလန်တန် အသင်းက ဧရာဝတီအသင်းထက် ပိုကောင်းခဲ့လို့ အခုလို အနိုင်ရတာပါ။ ကျန်တဲ့နေရာတွေမှာ ဧရာ ၀တီနဲ့ ကီလန်တန်အသင်းတို့ ကွာဟမှုသိပ်မရှိပေမယ့် ကစားသမားတစ်ဦးချင်းရဲ့ အရည်အသွေးပိုင်ကတော့ ကျွန် တော်တို့ ကီလန်တန်အသင်းက သာပါတယ်“ ဟုပြောကြားခဲ့သည်။
  ဆက်လက်ပြီး ၄င်းက မိမိအသင်းသည် ပထမပိုင်း၌ အပိုင်အခွင့်အရေး သုံးခါခန့်ရရှိခဲ့ကြောင်း၊ သို့သော် မိမိအသင်း တိုက်စစ်မှူးများက အပိုင်အသုံးမချနိုင်ခဲ့ကြောင်း၊ အသင်း၏ တိုက်စစ်ပိုင်းအားနည်းချက်အား နောက်လာမည့်ပွဲများ တွင် ပြင်ဆင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


 ဧရာဝတီယူနိုက်တက် အသင်းနည်းပြ မာယန်က မလေးရှားကလပ် ကီလန်တန်အသင်းအား ရှုံးနိမ့်ခဲ့သည့်ပွဲတွင် မိမိ အသင်း၏ အမှားများမှ တစ်ဆင့် ဂိုးများပေးခဲ့ရခြင်းဖြစ်ကြောင်း ပွဲအပြီး သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
  နည်းပြ မာယန်က “ ဒီနေ့ပွဲ အသင်းမှာရှိတဲ့ ကစားသမား အားလုံးလိုလိုကအမှားတွေ တစ်ခုစီ လုပ်ခဲ့ကြပါတယ်။ အမှား အများဆုံး ပွဲလို့တောင် ဆိုနိုင်ပါတယ်။ ဘောလုံးကို မြန်မြန် ဖြတ်ထုတ်ရမယ့် နေရာတွေမှာလဲ ကစားသမားတွေက မဖြတ်ထုတ်နိုင်ခဲ့ပါဘူး။ ပေးလိုက်ရတဲ့ ဂိုးသုံးဂိုးကလည်း အမှားတွေကြောင့် ပေးခဲ့ရတာ တွေပါပဲ”ဟု ပြောကြားခဲ့သည်။ ဆက်လက်၍ ၄င်းက လူငယ်ဂိုးသမား အောင်မင်းခန့်သည် ဂိုးသမား ပြည့်ဖြိုးဦးထက် စွမ်းဆောင်ရည် ပိုမိုကောင်းမွန် ကြောင်း၊ နေရှင်နယ်လိဂ် ငါးပွဲဆက်တိုက်ဂိုးသမား ပြည့်ဖြိုးဦးကို အသုံးပြုခဲ့သော်လည်း နောက်ပိုင်းတွင် အောင်မင်းခန့် သည် ပိုမိုစွမ်းဆောင်ရည်ပိုကောင်းလာသဖြင့်ယနေ့ ပွဲထွက် လူစာရင်းတွင် ထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ သည်။

Based on Myanmar Goal , The MFF & ayeyawadyutd.com

No comments:

Post a Comment