Tuesday, March 12, 2013

ကျွန်တော်နှင့် ဗိုက်ကြီးသည်များ

( လက်ရှိ မြို.လေးရှိ ပရဟိတ ဆေးခန်းတစ်ခုတွင်စေတနာအပြည်. ကူညီပေးနေသော ဇာတိဖွားညီငယ် တစ်ဦး၏ လက်ရာမွန်ဖြစ်ပါသည်.....လက်ရှိစာပေလောကတွင် ဆရာဝန်စာရေးဆရာဆိုသော သတ်မှတ်ချက်အောက် အချိန်မရွေးရောက်ရှိသွားနိုင်သူတစ်ဦးလည်းဖြစ်ပါသည်.... ယခင် တင်ဖူးသော Post တစ်ခုကတော. အနုပညာလောကအပေါ် အမြင် တစ်ခုဖြစ်ပြီး ယခုလက်ရာကတော. သူ.နယ်ပယ်အကြောင်း တစ်စေ.တစ်စောင်းဖြစ်ပါသည်....  )   


    အမျိုးသားနှင့် မတူဘဲအမျိုးသမီးများချည်းသီးသန့် ခံစားကြရသော ဒုက္ခဆင်းရဲများထဲတွင် ကိုယ်ဝန်ဆောင်ရခြင်းလဲ တစ်ခုအပါအ၀င် ဖြစ်ပါသည်။ ကိုယ်ဝန်ဆောင်ခြင်းသည် အမျိုးသားများအဖို့  ကိုယ်နှင့် မဆိုင်၊ ကိုယ်မဆောင်ရ၍ အမှုမဲ့ အမှတ်မဲ့ရှိနေတတ်ကြ သော်လည်းစေ့စေ့တွေးကြည့်လျှင် ကျွန်တော်တော့ ကြက်သီး ထလောက်အောင်   ကြောက်ရွံ့  စရာကောင်းသည်ဟုထင်မိသည်။ကျွန်တော်တို့  အမျိုးသားများ ကိုယ်ဝန်သာ ဆောင်ကြရမည်ဆိုလျှင် ဖြစ်လာနိုင်မည့် လူပျိုကြီးဦးရေသည် ယခုလက်ရှိအပျိုကြီးဦးရေထက်များကောင်းများနိုင်ပါသည်။ အမျိုးသားများမှာ မူလစိတ်ကိုက အနှောင် အဖွဲ့ တွေကိုကြောက်ရွံ့ တတ်ကြသည့်အတွက် သွားလေရာမလွတ်မလပ်နှင့် ဗိုက်ကြီးတကားကား   ဖြစ်နေရမည်ကို အမျိုးသမီးများထက်ပို၍ စိုးရိမ်ကြလိမ့်မည် ထင်သည်။ မည်သို့ ပင်ဆိုစေ ကျွန်တော်ဆိုလိုသည်မှာ ကိုယ်ဝန်ဆောင်ရန် ကိစ္စသည် တော်ရုံသတ္တိလောက်နှင့် ဖြစ်နိုင်သောကိစ္စတော့မဟုတ်ပေ။

            ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးကလေးမွေးသည်ကို ကျွန်တော်စတင်တွေ့ကြုံဖူးတော့ ကျွန်တော့်အသက် ၇ နှစ်ခန့် ရှိပြီထင်သည်။ ကျွန်တော်တို့ အိမ်နှင့် ၄-၅ အိမ်ကျော်လောက်မှ မခင်အေးဆိုသူ ကျွန်တော်၏အမ၀မ်းကွဲတော်သူတစ်ဦး ကလေးမွေးချိန်ဖြစ်သည်။ သားဦးမွေးမည်မို့  အမေတို့ က ခင်အေးက အပျိုဗိုက်ဟုပြောတော့ အပျိုတွေမှာဗိုက်မကြီးတတ်ကြောင်းပင် ကျွန်တော်မသိသေး၍ အမေနှင့် မငြင်းနိုင်သေးပါ။ တောရွာတို့ ၏ ထုံးစံအတိုင်း ကလေးမွေးမည့် အိမ်သို့   မွေးဖူးဖွားဖူးပြီး အတွေ့ အကြုံရှိသူတို့ က သွားရောက်အားပေးလမ်းညွန်ကြသည်။ ထိုအထဲတွင် ကျွန်တော့်အမေလည်းပါသည်။ ကျွန်တော်အမေက ကျွန်တော်နှင့်အမနှစ်ယောက် မွေးပြီးပြီဖြစ်၍ အတော်အတန် အတွေ့အကြုံ့ကြွယ်ဝနေပြီ ဖြစ်လေသည်။

            ကျွန်တော်တို့ (ကျွန်တော်နှင့် ကျွန်တော့်အမေ) ထိုအိမ်သို့ရောက်တော့ အမကဗိုက်အတော်နာ၍ အော်နေပြီဖြစ်သည်။ ဤသို့ ကလေးမွေးခြင်းကိုတစ်ခါမှ မကြုံဖူး၍ အမေမခေါ်သည့်ကြားက ကျွန်တော် လိုက်ဖြစ်အောင်လိုက်ခဲ့ခြင်း ဖြစ်ပါသည်။ အမေက အခန်းထဲဝင်သွားတော့ ကျွန်တော်ကအပြင်မှာကျန်နေခဲ့သည်။ အပြင်မှာကျန်နေသည်ဆို၍ တစ်ယောက်ထဲ
ငေါင်စင်းစင်းများ  ဖြစ်နေမလားတွေးကောင်တွေးနိုင်ပါသည်။ အမှန်မှာအခန်းဆိုသည်မှာလည်း ခန်းဆီးစလေးမျှသာ ကာထားခြင်းဖြစ်သည့်အပြင် အပြင်ခန်းတွင်လည်းယောက်ျား ၄-၅ ယောက်ကရေနွေးဝိုင်းနှင့်ရှိနေကြပါသည်။ တောရွာများတွင် လက်သည်များက ကြာရှည်စောင့်ရသည်ကိုစိတ်မရှည်ကြ၊ကျန်းမာရေးအသိပညာလည်းနည်းသည့်အပြင်မည်သည့်သင်တန်းမှ တက်ထားကြသူများလည်းမဟုတ်သည့်အတွက် ဗိုက်နာပြီဆိုသည်နှင့် တွန်းဖို့ ယောက်ျားများအဆင်သင့်ခေါ်ထားတတ်ကြပါသည်။
            ထိုဦးလေးကြီးများကရေနွေကြမ်းကိုထန်းလျက်ခဲနှင်မြည်းရင်းရှေးဟောင်းနှောင်းဖြစ်များပြောနေတတ်ကြသည်။ ဘယ်သူ့ တုန်းကဘယ်လိုခက်တာ.. ဘယ်လိုတွန်းလိုက်တော့မှ ထွက်သွားတာစသည်ဖြင့် ဖောင်ဖွဲ့ပြောဆိုနေတတ်ကြသလို.. အခြားအကြောင်းများလည်းရောက်တတ်ရာရာပြောဆိုရင်းစီကားနေတတ်ပါသည်။ အတွင်းခန်းတွင်လည်းမိန်းမကြီးများကမိမိတို့ ၏ ကိုယ်တွေ့ သူတစ်ပါးတို့မွေးစဉ်ကအတွေ့အကြုံများကိုပြောရင်း.. အားပေးနေကြရာမခင်အေး၏ အော်သံသည်ထိုအသံတို့ ကိုလွှမ်း၍ တစ်ချက်တစ်ချက်ပေါ်ထွက်လာပါသည်။ အဖေကြီးရေ.. အဖေကြီး..ဟုဖခင်ဖြစ်သူကိုတစ်ကြော်ကြော် တမ်းတသည်။ ဖခင်မှာ အတွင်းခန်းသို့ လည်း ၀င်ရန်မဖြစ်သဖြင့် အပြင်ဘက်တွင် ခေါက်တုန့် ခေါက်ပြန်လမ်းလျှောက်ရင်း.. သမီး.. ဖေကြီးရှိတယ်လေ..  ဘာမှမဖြစ်ပါဘူးသမီးရဲ့ဖေကြီးရှိတယ်.. ဟုခွန်းတုန့်ပြန်နေရသည်။ မွေးဖူး၍ အတွေ့ အကြုံရှိသောအမေထက် မမွေးဖွားဖူးသော အဖေက သမီးဖြစ်သူ၏ ဒုက္ခကိုအမှန်ခံစားရသည်ထက်ပိုတွေးကာပိုမိုစိုးရိမ်တတ်သည်ဟု ကျွန်တော်ထင်မိသည်။ လူအများကစကားဖောင်ဖွဲ့ ရယ်မောပြောဆိုနေချိန်တွင် ထိုသားအဖနှစ်ယောက်၏ နာကျင်၍ အော်ညည်းသံနှင့် တုန်ရီစွာအားပေးနေသောအသံတို့ သည် အတွေ့အကြုံမရှိသေးသော ကျွန်တော့်ကိုဆို့နင့်စေပါသည်။

            အမေ ကျွန်တော်ပြန်တော့မယ်ဆိုတော့ အမေကခုဏတော့နင်ပဲလိုက်ချင်တယ်ဆိုပြီး .. ခုဘယ်လိုဖြစ်ရတာတုန်းမေးသည်။ ကျွန်တော်ကြောက်လာပြီဟုပြောတော့ အမေကပြန်လိုက်ပို့ ပေးပါသည်။ ကျွန်တော်တကယ်လည်း ကြောက်နေ ခဲ့ပါသည်။ သချိ င်္ုင်းကိုမျက်စောင်းသုံးခါ မည်သို့ ထိုးရသည်ကို ကျွန်တော်မသိခင်ကတည်းက၊ မိဘကျေးဇူးမြင်းမိုရ်ဦးတွေဘာတွေ မဖတ်ဖူးခင်ကတည်းက ကိုယ်ဝန်ဆောင်ရသည်မှာ အမေများအတွက် ကြီးမားသောစွန့် စားမှုကြီးတစ်ခုဟု ကျွန်တော် မှတ်စွဲနေမိပါသည်။ ထို့ အတူအမေတို့ သည် ထိုစွန့်စားမှုကြီးအတွက် ကြိုတင်၍စိုးရိမ်ကြောင့်ကြ နေကြပါသလော၊ ကိုယ်ဝန်ဆောင်ရမည်ကို စိုးသည့်အတွက် ကလေးမယူဘဲနေတော့မည်ဟု မကြာခဏစဉ်းစားမိကြပါသလော စသည့်မေးခွန်းများ မှာလည်း ကျွန်တော့်အတွက် စိတ်ဝင်စားစရာကောင်း၍ နေပါတော့သည်။


  ကျွန်တော်တို့  စာမေးပွဲတစ်ခုဖြေခါနီးလျှင်တောင် stress ulcer များဖြစ်သည်အထိ စိုးရိမ်တတ်ကြပါသည်။ တစ်နေ့တစ်နေ့နီးလာလေလေ ကျွန်တော်တော့ ကြောက်လေလေပင်ဖြစ်ပါသည်။ ကျွန်တော်လိုသာ ကြောက်ကြကြေးဆိုလျှင် ၉ လလွယ်၍ ၁၀ လဖွားသော မိခင်တို့ ၏ ဘ၀မှာအချိန်တိုင်း စိုးရိမ်ပူပန်မှုတို့ဖြင့်ရှိနေတော့မည်ပင်ဖြစ်ပေမည်။ အဆင်ပြေပြေ မွေးဖွားနိုင်သည်ဆိုလျှင်ပင် အတော်နာကျင်သော ဒုက္ခကို ခံစားရဦးမည်။ ထိုသို့မဟုတ်ဘဲ တစ်စုံတစ်ရာသာ လွဲချော်ခဲ့လျှင် အသက်ဆုံးပါးသည်အထိဖြစ်နိုင်ပါသေးသည်။     သို့ရာတွင် အမျိုးသမီးများကမူ မိမိတို့၏ ဘ၀ပေးတာဝန်ဟုသာ သဘောထားကြဟန်ရှိသည်။ ကျွန်တော်တစ်ခါက ထိုသို့ ကိုယ်ဝန်ဆောင်သောအခါ လရင့်လာသည်နှင့်အမျှ ဗိုက်နာရမည်နှင့်၊ အခန့်မသင့်က အသက်အန္တရာယ်ပင်ရှိတတ်သည်ကို ကြိုတွေး၍ မစိုးရိမ်ဘူးလားလို့  အမေ့ကိုမေးကြည့်ဖူးသည်။ အမေကတော့ အဲလိုကြီးတော့ ကြိုတွေးပြီး စိုးရိမ်တကြီးဖြစ်နေတာမျိုးမရှိပါဟုဆိုသည်။ ကျွန်တော့် အမေက မွေးဖွားရလွယ်သည်ဟု ပြောကြသည်။ ထို့ ကြောင့်            ဤသို့ တွေးသည်လည်း ဖြစ်နိုင်ပါသည်။ အမျိုးသမီးကြီးတစ်ဦးကတော့ ပြောဖူးသည် မွေးဖွားခါနီးမှာဘယ်လောက်ပဲ နာကျင်ရပါစေ သားငိုတဲ့အသံလေး ကြားလိုက်ရတာနှင့် နာကျင်ခံစားခဲ့ရတာ ကိုယ်မဟုတ်သလိုပါပဲဟု ဆိုသည်။ ဤစိတ်ကြောင့်သာ မိခင်တို့အကြိမ်ကြိမ်ကိုယ်ဝန်ဆောင်နိုင်ကြခြင်း ဖြစ်လိမ့်မည်ထင်သည်။


  အမျိုးသမီးတို့ တွင် ငယ်စဉ်ကလေးဘ၀ထဲက မိခင်စိတ်ပါလာခဲ့ပြီးဖြစ်သည်ဟု ဆရာမဂျူးက သူမ၏ “မိန်းမတစ်ယောက်၏ ဖွင့်ဟ၀န်ခံချက်” စာအုပ်တွင်ဖော်ပြထားသည်ကို ဖတ်ရဖူးသည်။ ငယ်စဉ်တောင်ကျေးကလေး ဘ၀ထဲက ကျား/မ ဟော်မုန်းဓါတ်တို့ ၏ လွှမ်းမိုးမှုမရှိခင်ကတည်းက ကလေးရုပ်လေးကို ရင်ဝယ်ပိုက်ကာ သားချော့ ဆော့ကစားကြသည်မှာ များသောအားဖြင့် မိန်းကလေးများတွင်သာ ဖြစ်တတ်ကြသည်ဟု ဆိုသည်။ ဤသည်မှာလည်း ကျွန်တော်တို့ ပြန်စဉ်းစားကြည့်လျှင်လည်းကောင်း၊ ကျွန်တော်တို့ ပတ်ဝန်းကျင်မှ ကလေးများကို အကဲခတ်ကြည့်လျှင်လည်းကောင်း ထောက်ခံသော အခြေအနေတို့ ကိုတွေ့ကြရမည်ဖြစ်ပါသည်။ ဤမိခင်စိတ်သည် ကိုယ်ဝန်ဆောင်နိုင်ခြင်းသတ္တိ၏ အရင်းခံပင်ဖြစ်လိမ့်မည်ဟု ယူဆမိပါသည်။

            ဒုတိယအကြိမ် ကလေးမွေးခြင်းနှင့် ကျွန်တော်ကြုံရတော့ ကျွန်တော့်အသက် ၁၃-၄ နှစ်ခန့်ရှိနေပြီထင်သည်။ ကျွန်တော်အထက်တွင် ဖော်ပြခဲ့သော ခင်ခင်အေး၏ညီမ ခင်ခင်ဌေးဖြစ်ပါသည်။ ကျွန်တော်တို့ ကတော့ မဌေးဌေးဟုသာခေါ်ကြသည်။ မဌေးဌေးကလည်း သူ၏သားဦးလေးဖြစ်သော ပိုင်ပိုင်ကိုမွေးတော့ ကျွန်တော်အမေနှင့် လိုက်သွားခဲ့ပြန်သည်။ အမက ကျွန်တော်အမေနှင့် ကြီးမေ (အမေ၏ အမ၀မ်းကွဲ) တို့ ၏ ပခုံးများကို အားပြုက မတ်တတ်ရပ်ရင်းအော် ညည်းနေပါသည်။      တောရွာ များတွင်ကလေးမွေးလျှင် ဗိုက်ကြီးသည်များက နာကျင်မှုကို သက်သာလိုသက်သာငြား လှဲလိုက်၊ ထိုင်လိုက်၊ မတ်တတ်ရပ်လိုက်ဖြင့် အမျိုးမျိုးပြောင်းနေတတ်ကြပါသည်။ ထိုနေ့ က ၀မ်းဆွဲဆရာမဟောင်းကြီး ဒေါ်ချစ်ခင်နှင့် မွေးဖွားသည်ဖြစ်၍ တွန်းပေးရန်ယောက်ျားများမလိုပါ။ ဒေါ်ချစ်ခင်က အငြိမ်းစားသားဖွားဆရာမကြီးဖြစ်၍ (သက် ၈၀ ကျော်) ယောက်ျားများအားနှင့် တွန်းထုတ်ခြင်းကို လက်မခံဘဲ လိုအပ်လျှင် ကိုယ်တိုင်သာ တန်သလောက်တွန်းလေ့ရှိပါသည်။

            တောရွာများ၏ ၀မ်းဆွဲများ၊ လက်သည်များသည် တစ်နှစ်နေမှ မိမိမွေးပေးရသည့် ကလေးမှာလက်ချိုးေ၇တွက်၍ ရလောက်သည်မျှသာ ဖြစ်ကြ၍ အမှတ်တရရှိနေတတ်ကြပါသည်။ အမေက လမ်းတွင်ကြုံလျှင် အမမွေးပေးတဲ့ ကလေးပေါ့ဟု လက်ဆွဲပြတတ်ကြသလို .. တစ်ခါတစ်ရံ ၀မ်းဆွဲကလည်း.. အဲဒါငါ့သားမဟုတ်လားလို့  မေးသည်များကို တွေ့ရဖူးပါသည်။ ကျွန်တော် ငယ်ငယ် ၄နှစ်သားကရှင်ပြုတော့ ကျွန်တော့်ကိုမွေးပေးခဲ့သော ဒေါ်ကလားမကြီးဆိုသည့် အရပ်လက်သည်အဒေါ်ကြီးက အလှူငွေထည့်သေးသည်ဟု အမေတို့ ပြောဖူးသည်ကို မှတ်မိနေပါသေးသည်။ ကျွန်တော်ငယ်စဉ်က ကျန်းမာရေးမကောင်း၍ဟုဆိုက ဗေဒင်တွက်၍ ရွာကျောင်း ကျောင်းထိုင်ဘုန်းကြိးထံတွင် ရောင်းခဲ့သေးသည်။ ထိုဘုန်းကြီးကလည်း ကျွန်တော်ကိုရင်ဝတ်တိုင်း အလှူငွေထည့်ဝင်လေ့ရှိပါသည်။ မည်သို့ ဆိုစေ တောရွာများ၏ ချစ်စရာကောင်းသော ဓလေ့များပင်ဖြစ်ပါသည်။

            ယခုတော့ တောရွာများတွင်လည်း လက်သည်များနှင့်မွေးသည်မှာ အတော်ရှားပါးလာပြီဖြစ်ပါသည်။ ကျန်းမာရေးအသိပညာများ တိုးတက်လာပြီဖြစ်သလို သားဖွားဆရာမများလည်း လက်လှမ်းမီရာတို့ တွင် ရှိနေတတ်ကြ၍ ဆရာမများနှင့် မွေးကြသည်သာ များတော့သည်။ ကျွန်တော့်အမအငယ် ကလေးမွေးတော့ ကျွန်တော်မကွေးတွင်ဖြစ်နေ၍ အမဗိုက်နာသည်ကိုတော့ ကျွန်တော်မကြုံလိုက်ရ။ သားဖွားဆရာမနှင့်ပဲ အိမ်တွင်အလွယ်တကူ မွေဖွားလိုက်နိုင်ပါသည်။ ကျွန်တော့် အမအရပ်ကပုပုနှင့် အဆင်မှပြေပါ့မလားကျွန်တော်စိုးရိမ်မိသေးသည်။ ကျွန်တော်ရှိနေလျှင်တော့ အမဗိုက်နာတာကြည့်ပြီး စိတ်မကောင်းဖြစ်ရဦးမည်။ အဖေပြာယာခပ်နေလိမ့်မည်ကိုတော့ တွေး၍မြင်ယောင်မိပါသည်။ ခုတော့ ကျွန်တော့်တူလေးပင် ၂ နှစ်ကျော်နေပြီဖြစ်သည်။


       ကျွန်တော် အခု OG ward တွင်ရောက်နေတော့ ဗိုက်ကြီးသည်တွေ အမြောက်အများမြင်တွေ့ရတော့သည်။ မကြာခဏဆိုသလိုပင် ခွဲမွေးကြရတော့ ခွဲစိတ်နိုင်သောဆရာဝန်မရှိသည့် နေရာများတွင်ဆိုခက်လှချည်ရဲ့ဟု တွေးမိသည်။ အသက်နဲ့ရင်း၍ ယူရသောရင်သွေးလေးများကို အသက်ထက်ပို၍ချစ်တတ်ကြသော မိခင်များကို ချီးကျူးမိသည်။ ကျွန်တော်အထက်တွင် ဖော်ပြခဲ့သလို ကိုယ်ဝန်ဆောင်ဝံ့သော သတ္တိဖြင့် ရဲဝံ့သော အမျိုးသမီးများရှိသကဲ့သို့ ဆေးရုံတစ်ရုံလုံး ဆူညံနေအောင်ကယ်ပါယူပါတစ်စာစာ အော်သူများလည်းရှိတတ်ပါသည်။ ပြီးခဲ့သည်း ၃ ရက်ခန့် က ကလေးမမွေးနိုင်ဘဲ ရောက်လာသော အမျိုးသမီးတစ်ဦး မှာခွဲစိတ်မွေးဖွားပေးရန် ပြင်ဆင်လျက်ရှိနေစဉ်ပင် ဆူညံအော်ဟစ်နေတော့သည်။ အော်ဟစ်သည်မှာလည်း ရုပ်ရှင်ကားရိုက်နေသကဲ့သို့ စကားလုံးက စုံလင်လှသည်။ ကယ်ပါဦး အမေရဲ့၊ မောလာလို့ပါ.. ကြပ်လို့ပါ.. မျက်စိတွေပြာလာလို့ …စသည်ဖြင့်စုံသည်။ နောက်ဆုံး ခွဲခန်းထဲတွင် ခွဲစိတ်နေသည်အထိ စကားမပြီးနိုင်အောင် ပြောနေသေးသည်။ သမီး မသေချင်သေးဘူး.. မသေအောင်ခွဲပေးနော်.. သမီးကြောက်တယ်.. စုံလို့ နေတော့သည်။ နောက်အိပ်ပျော်သွား၍ တော်တော့သည်။

            တစ်ခါတစ်ရံတွင် ကိုယ်ဝန်လရင့်ကာမှ သားလျှောခြင်း၊ အဖတ်မတင်သော ကလေးများ၊ မမွေးမီကတည်းက အထဲတွင်သေနေနှင့်သော ကလေးများကြူံ တွေ့ရတတ်သည်လည်းရှိပါသည်။ သူတို့ မှာ ၉လ ၁၀ စောင့်မျှော်နေခဲ့ရသောရင်သွေးလေးအတွေက် အမြစ်တည်လာခဲ့သော မျှော်လင့်ချက်ကို တခဏအချိန်ပိုင်းလေးအတွင်း.. ပျက်စီးခဲ့ပြီဟု သိခွင့်ရသည့်အချိန်တွင် အရုပ်ကြိုးပြတ်ဖြစ်သွားလေမလား စိုးရိမ်မိပါသည်။ သို့သော် ၉ လလွယ် ၁၀ လဖွားခဲ့ရသော ရင်သွေးကို စွန့်ပစ်ရက်သူများလည်းတွေ့နေရပြန်ပါသည်။ လူအမျိုးမျိုးဟူသကဲ့သို့ မည်သည့်နေရာတွင်မဆို အကောင်းနှင့် အဆိုးတော့ ဒွန်တွဲနေကြမည်သာ ဖြစ်ပါသည်။ လူအများက အသက်တမျှချစ်ရသောသားကို ၀မ်းရေးအတွက်နှင့် ရောင်းစားသောမိခင်မျိုးသည်လည်း ရှားရှားပါးပါးနှင့် အမှန်တကယ် ရှိနေသည်သာ ဖြစ်ပါသည်။ ဤသည်တို့ကို ကြားသိရတိုင်း သနပ်ခါး ခြေဆုံးခေါင်းဆုံးလိမ်း၊ ဆင်မယဉ်သာ ဟန်ပါပါလမ်းလျှောက်ရင်း.. ရင်သွေးလေးမွေးလာမည့်ရက် ကို စောင့်စားနေကြသော သားဖွားဆောင်မှမိခင်တို့ ကို မြင်ယောင်မိပါသည်။

 ခုတော့ မဌေးဌေးလဲ နောက်ဆုံးတတိယမြောက်သမီးလေးကို အိမ်တွင်မွေးရင်း အချင်းမကျ၍ ဆုံးပါသွားခဲ့ပြီဖြစ်သလို  ကျွန်တော် ပထမဆုံးကြုံတွေ့ ခဲ့ရသော ကိယ်ဝန်မှမွေးသောကလေးမှာလည်း ၁၆ နှစ်အရွယ် လူပျိုကြီးဖြစ်နေပါပြီ။ ကျွန်တော်လည်း ဗိုက်ကြီးသည်များအော်ညည်းသည်ကို အသာထားထားနိုင်အောင် ကြိုးစားရပါသည်။ ဗိုက်ကြီးသည်တွေတွေ့တိုင်း သတိရမိတာရှိသေးသည်။ ကျွန်တော်ငယ်ငယ်က ဗိုက်ကြီးသည်တွေကြည့်ရင်း တွေးကြည့်ဖူးသည်။ သူတို့ဗိုက်က အလယ်တွင်ထောက်တိုင် (pivot) သဖွယ်ဖြစ်နေသည်။ သည်တော့ ဗိုက်ကြီးသည်များကို ၀မ်းလျားမှောက်၊ ခြေလက်ကားကာ ဆွဲလှည့်လျှင် သွက်သွက်ကြီး လည်လိမ့်မည်ဟု ပုံဖော်တွေးကြည့်ဖူးသည်။  အဖေ့ကို ပြောကြည့်တော့ အဖေက “မင်းမိန်းမကျတော့ အဲလိုဆွဲလှည့်ကြည့်ပေါ့” တဲ့။ အင်း… တစ်ခါလောက်တော့ စမ်းကြည့်ချင်ပါသေးသည်။

Written by Ko Ko Lynn (in Monday, July 16, 2012 at 3:10pm)
ယခင်တင်ခဲ့ဖူးသော သူ.လက်ရာ
http://wakhama.blogspot.com/2013/01/blog-post_7635.html (တကယ်.အနုပညာတဲ့လား မသိတသိပြောကြည်.မယ်)

No comments:

Post a Comment