Saturday, March 2, 2013

နာလန္ဒ၏ ထိုတစ်ည

ပတ်ဝန်းကျင်တစ်ခုလုံးကား အေးမြသောညချမ်းအောက်မှာတိတ်ဆိတ်ငြိမ်သက်နေသည်။ ဘေးပတ်လည်တွင် မြူခိုးမြူနှင်းများကားအုံဆိုင်းလျက်။ ဝေ့ခနဲတိုက်လာသောမြောက်ပြန်လေနှင့်အတူ အရိုးခိုက်လောက်အောင် အေးမြလှသောအအေးဓာတ်ကြီးကား သတ္တလောကကြီးတစ်ခုလုံးကို လွှမ်းခြုံထားသည်။ ထို့ကြောင့်လျှင်လည်း ဒီအချိန်ဒီအခါမျိုးတွင် မိမိအိမ်ရာမှတစ်ပါး ပြင်ပနေရာသို့သွားရောက်၇န် မည်သူမှ စိတ်မကူးကြ။ မိမိတို့၏နွေးထွေးလှသောအိမ်ရာအတွင်းခိုလှုံကာ အိပ်ရာထဲတွင် ကွေးသော်လည်းကွေးစေ၊ အငွေ့တထောင်းထောင်း ထနေသော ခဲဖွယ်စားစရာများကို စားနေခြင်းက သာပိုပြီးဖြစ်နိုင်ချေရှိလိမ့်မည်။

သို့သော်လည်း သည်မျှချမ်းအေးလှသောညအချိန်တွင် အရိုးခိုက်အောင်အေးလှသော အအေးဒဏ်ကိုမမှုဘဲနေသော လူတစ်စုကားရှိနေလေသည်။ သည်မျှအေးလွန်းလှသောအချမ်းဒဏ်ကိုဂရုမစိုက်နိုင်အား။ ကျောက်စိုင်ကျောက်သားကဲ့သို့တောင့်တောင့်ကြီးရပ်ကာ အခွင့်အရေး အချိန်တစ်စုံတစ်ရာကို စောင့်မျှော်နေဟန်ရှိသည်။ မှုန်ပျပျလရောင်အောက်တွင် မြင်ရသော သူတို့၏မျက်နှာများကား ခက်ထန်မာကျောနေသည်။ ထို့ပြင် သူတို့၏မျက်လုံးများကား မုန်းတီးမှု အရောင်တလက်လက် ထွက်လျက်တစ်စုံတစ်ရာကို အာရုံစူးစိုက်ကြည့်နေဟန်ရှိသည်။ သူတို့ကြည့်နေသည့်နေရာကား ဗုဒ္ဓဟောကြားသည့်တရားတော်များကို သင်ကြားပို့ချပေးရာ ဗဟိုဌာနကြီးဖြစ်သော နာလန္ဒာတက္ကသိုလ်ကြီး။
 
 နာလန္ဒာတက္ကသိုလ်ကြီးကား တိတ်ဆိတ်နေသော ညချမ်းအောက်တွင် ခန့်ခန့်ညားညားတည်ရှိနေသည်။ဗုဒ္ဓဟောကြားသည့်တရားတော်များကို လေ့လာသင်ယူနေကြသည့် ရဟန်းတော်များ၏ စာပေကျက်မှတ်ရွတ်ဖတ်သံများက တိတ်ဆိတ်နေသော ညကိုထွင်းဖောက်ကာကြားနေရသည်။ ဗုဒ္ဓဘုရားရှင်ကိုပူဇော်ထားသည့် ဆီမီးအလင်းရောင်များကား ပြတင်းပေါက်များမှတစ်ဆင့် ပြင်ပသို့ဖိတ်လျှံကျရောက်နေသည်။ သင်္ကန်းတော်ကိုကြည်ညိုဖွယ်ရုံလျက် ပြင်ပကျောင်းဝင်းနေရာတွင် စင်္ကြန်သွားကာ တရားဘာဝနာပွါးများနေသော ရဟန်းတော်များလည်းရှိပေသည်။ သူတို့မျက်နှာကား ပကတိတည်ငြိမ်အေးချမ်းလျက်။ ဗုဒ္ဓသာသနာပြန့်ပွါးရေအတွက် ပရိယတ်၊ပဋိပတ် ကိုယ်အားသန်ရာတွင်ကြိုးစားမှုကြောင့် နာလန္ဒာတက္ကသိုလ်ကြီး၏ ဂုဏ်သတင်းကား အနယ်နယ်အရပ်ရပ်တွင် သတင်းမွှေးလွန်းလှသည်။ ထို့ကြောင့်လည်း အပြည်ပြည်အရပ်ရပ်မှ သံဃာတော်များသည် တက္ကသိုလ်ကြီးသို့လာရောက်ကာ ပညာသင်ယူကြသည်။ ပြီးလျှင် မိမိနေရာအသီးသီးသို့ပြန်ကာ ဗုဒ္ဓစာပေများကိုတစ်ဆင့်ပြန်လည် ပို့ချခြင်းဖြင့် သာသနာပြုကြလေသည်။ သည်သို့ဖြင့် နာလန္ဒာတက္ကသိုလ်ကြီးက တိတ်ဆိတ်နေသောညနှင့်အတူ သက်ဝင်လှုပ်ရှားလျက်ရှိပေသည်။
 ဤသို့ အေးချမ်းလှသော ညချမ်းကြီးကို ဖြိုခွင်းမည့်လူတစ်စုကား အဆင်သင့်ရှိနေလေသည်။ သူတို့နေရာယူထားသည်ကား နာလန္ဒာတက္ကသိုလ်ကြီးနှင့် မနီးမဝေးတောတန်းတစ်နေရာ။ တက္ကသိုလ်ကြီးအတွင်းရှိ ရဟန်းတော်များကား မကြာမီကျရောက်လာမည့် ဘေးအန္တရယ်ကို စိုးစဉ်းမျှမရိပ်မိဘဲ ဘုရားစာပေများကျက်မှတ်ရင်း တရားဘာဝနာများကို အားထုတ်ရင်းဖြင့်သာ ညကိုဖြတ်ကျော်လျက်ရှိပေသည်။ တောတန်းကြီးတွင်နေရာယူထားသော လူအုပ်ကြီး၏ ခေါင်းဆောင်ကြီးကား ကောင်ကင်ရှိလ၀န်းကြီးကိုကြည့်လိုက် နာလန္ဒာတက္ကသိုလ်ကြီးကို ကြည့်လိုက်လုပ်နေသည်။

လရောင်အောက်တွင်မြင်၇သော ခေါင်းဆောင်၏မျက်နှာကြီးကား မုန်းတီးမှုအပြည့်ဖြင့် ခက်ထန်နေသည်။ သူ၏နောက်လိုက်များကလည်း ထိုနည်းတူစွာပင်။ လ၀န်းကြီးကားကောင်းကင်ယံတည့်တည့်သို့ရောက်ပြီ။ မကြာမီခေါင်းဆောင်ကြီးကား နောက်သို့လက်ဝှေ့ရမ်းပြီး ခါးတွင်ချိတ်ထားသောဓါးကို တပြိုင်နက်ဆွဲထုတ်ကာ တက်ကြဟု အမိန့်ပေးလိုက်သည်။
 သူ့နောက်လိုက်အပေါင်းအပါများကလည်း အသံနက်ကြီးများဖြင့်အော်ဟစ်ကာ လက်နက်များဆွဲထုတ်ပြီး နာလန္ဒာတက္ကသိုလ်ကြီးဆီသို့ အလုံးအရင်းဖြင့် ချီတက်လာကြသည်။ တက္ကသိုလ်ကြီး၏ ဂိတ်တံခါးအ၀ကို ဖြိုဖျက်ကာ ကျောင်းတွင်းသို့ အလုံးအရင်းဖြင့်ဝင်ရောက်လာကြသည်။ သူတို့သွားရာလမ်းတစ်လျှောက် သက်ရှိသက်မဲ့ မြင်သမျှကို ဖျက်ဆီးကြသည်။ ဗုဒ္ဓဆင်းထုတော်များကို မီးရှို့ဖျက်ဆီးကြသည်။ ပူဇော်ထားသော ပန်းအိုး၊ ရေချမ်းအိုးများကို ရိုက်ခွဲဖျက်ဆီးပစ်ကြသည်။ ဆီမီးတိုင်၊ ပန်းအိုး၊ ရေချမ်းအိုးများကား ကြမ်းပြင်တွင် ဖရိုဖရဲ။ ထိုမျှမကသေး။ ဘုရားသားတော်ရဟန်းတော်များကို ခေါင်းဖြတ်သတ်ဖြတ်ကြသည်။ ရိုက်ပုတ်ကန်ကျောက်ကြသည်။ အပ်တိုတစ်ချောင်းမျှပင်ကိုင်ဆောင်ခွင့် မရှိသောရဟန်းတော်များကား ခုခံနိုင်ဖို့ဝေးစွ။ မိမိကိုယ်မိမိ ဘေးမှလွတ်ကင်းအောင် ရှောင်ရှားနေကြရသည်။ တစ်ချို့ရဟန်းတော်များက မေတ္တာရပ်ခံတောင်းပန်သော်လည်းမရ။ ရိုက်နှက်ထုထောင်းကန်ကျောက်ကြသည်။ ပိဋကတ်တော်စာပေများကို ဆုတ်ဖြဲဖျက်ဆီးပစ်ကြသည်။ ရဟန်းတော်များကား သူတို့ဖျက်ဆီးနေသည့်ကြားမှပင် မိမိအသက်ကိုပဓာနမထားဘဲ လူရမ်းကားများလက်ထဲက ပိဋကတ်တော်များကို လုယူကြသည်။ ပြီးလျှင်ရင်ဝယ်ပိုက်ကာ တံခါးဝဆီသို့ပြေးကြသည်။ လူရမ်းကားများကားနောက်မှလိုက်လာကာ ရဟန်းတော်များကို ဓါးဖြင့်လိုက်ခုတ်ကြသည်။ ရင်ဝယ်ပိုက်ထားသော ပိဋကတ်တော်များကို အတင်းဆွဲကာ လုယူကြသည်။ ပြီးလျှင်ဆွဲဖြဲနင်းချေဖျက်ဆီးကြသည်။ တက္ကသိုလ်ကြီးတစ်ခုလုံးကား ကမ္ဘာပျက်သည့်နှယ်။ သံဃာတော်များ၏ အလောင်းများကား ကျောင်းဝင်းကြီးတစ်ခုလုံးပြန့်ကြဲလျက်။ မသေမရှင်ဖြစ်နေသော သံဃာတော်များ၏ ညည်းညူသံများ၊ လူရမ်းကားများ၏ ဟစ်အော်သံများ၊ ကျောင်းရှိပစ္စည်းများကို ဖြိုဖျက်သံများ ကဖုံးလွှမ်းထားသည်။ ကျောင်းကြမ်းပြင်တစ်ခုလုံးကား သံဃာတော်များ၏ သွေးကွက်များ၊ ပိဋကတ်တော်စာအုပ်အပိုင်းအစများ၊ ပန်းအိုးကွဲ၊ ရေအိုးကွဲအပိုင်းအစများဖြင့် ပြန့်ကြဲနေသည်။ ကျောင်းဝင်းတစ်ခုလုံးကား သုသာန်တစပြင်အလား လုံးဝတိတ်ဆိတ်ငြိမ်သက်သွားသည်။ များမကြာမီ လူရမ်းကားတစ်စုကား ကျောင်းထဲမှ ပြန်ထွက်လာသည်။ အားလုံးအပြင်ရောက်သော် ခေါင်းဆောင်ကြီးကား သူ့လက်အောက်ငယ်သားများကို အချက်ပေးလိုက်သည်။ ထိုအခါ ငယ်သားများက လက်ထဲတွင်ကိုင်ဆောင်ထားသော မီးတုတ်များကို မီးစွဲကာကျောင်းဝင်းကြီး အတွင်းသို့ပစ်ထည့်ကြသည်။ များမကြာမီ မီးခိုးများအူတက်လာကာ ကျောင်းကြီးကိုမီးစွဲလာင်တော့သည်။ မီးတောက်မီးလျှံကြီးများကား ကျောင်းကြီးကိုတစတစ စွဲလောင်တော့သည်။ မီးတောက်ကြီး အ၇ှိန်အဟုန်ကြီးမားလာသည်နှင့်အမျှ သူတို့မျက်နှာပြင်တွင် ကျေနပ်အားရမှုအရိပ်အရောင် များကားကြီးထွားလာသည်။ ခေါင်းဆောင်ကြီးနှင့် သူ့ငယ်သားများကားကျောင်းကြီးမီးလောင်နေပုံကို ကြည့်ရှုပြီး အလွန်အားရကျေနပ်နေကြသည်။ ကျောင်းတိုင်နံရံ တိုင်လုံးကြီးများကိုမီးစွဲလောင် သောကြောင့် တိုင်နံရံများပြိုလဲကုန်သည်။ ထိုသို့ပြိုလဲသံများကို ကြားလျှင် လူရမ်းကား ခေါင်းဆောင်ကြီးနှင့် သူ့အပေါင်းအပါများကား အလွန်ပင်ကျေနပ်အားရသောအသံဖြင့် ရယ်မောပျော်ရွှင်ကြတော့သည်။ ထိုသူတို့ရယ်မောလိုက်သံကား ညသန်းခေါင်ယံအတွင်း အရပ်ရှစ်မျက်နှာသို့ ပျံ့နှံ့သွားသည်။ တောတန်းရှိအိပ်တန်းဝင်နေသော ငှက်များကတဂီးဂီးအော်ဟစ်ကာ အလန့်တကြားထပျံကြသည်။ များမကြာမီသူတို့ပြန်သွားကြသည်။ သူတို့ဆောင်ရွက်ခဲ့သမျှကို အထက်ခေါင်းဆောင်ထံ မိုးမလင်းမီပြန်လည်တင်ပြကြရဦးမည်။
အေးချမ်းတိတ်ဆိတ်နေသောညတစ်ညသည် လူရမ်းကား တစ်စုကြောင့်ဆိတ်သုဉ်းပျက်စီးခဲ့လေပြီ။ တိတ်ဆိတ်အေးချမ်းလှသော သာသနာ့နယ်မြေသည်ကား သွေးစွန်းခဲ့ရလေပြီ။ သံဃာတော်တွေ သွေးမြေကျခဲ့ရပြီ။ ပိဋကတ်စာပေများ ဆုံးရှုံးခဲ့ရပြီ။ ဘုရားစာပေသင်ကြားသံများ တိတ်ဆိတ်ပျောက်ကွယ်ခဲ့ရပြီ။ ဗုဒ္ဓသာသနာတော်ကြီး ဆုတ်ယုတ်ဖျက်ဆီးခံလိုက်ရချေပြီ။ ဗုဒ္ဓဘာသာဝင်တို့၏ စိတ်နှလုံးညစ်နွမ်းခဲ့ရပြီ။ အစားထိုးမရသောဆုံးရှုံးမှုကြီးကို ကြုံတွေ့ခဲ့ရလေပြီ။ စိတ်ထဲတွင် ၀မ်းနည်းပူဆွေးသောကရောက်မှုများက ဖြေဆည်မရ။
 (ခရစ်ဇ်သက္ကရာဇ် ၁၁၉၃ တူရကီဘုရင် ခါဂျီဘာခီးယားလက်ထက်က ဖြစ်ပျက်ခဲ့သော ဗုဒ္ဓဘာသာဝင်တို့၏အစားထိုးမရသောဆုံးရှုံးမှုအကြောင်းအရာတစ်ခုကို ပြန်လည်ခံစားရေးဖွဲ့ပါသည်။)
ထိုအဖြစ်မျိုး ထပ်မံ၍ မကြုံတွေ့ ရစေရန် ဗုဒ္ဓဘာသာဝင်တိုင်း၏ တာဝန်ဖြစ်ပါသည်။
Written by Arkan Aung Aung @ Facebook
 
 

No comments:

Post a Comment