Thursday, March 7, 2013

AFC Challenge Cup 2014 တိုက်ရိုက်ခြေစစ်ပွဲအောင် မြန်မာ

AFC Challenge Cup 2014 ခြေစစ်ပွဲ နောက်ဆုံး ပွဲစဉ်တွင် မြန်မာအသင်းသည် ပြိုင်ဘက် အိန္ဒိယ အသင်းအား စိုးမင်းဦး၏ တစ်လုံးတည်းသော ဂိုးဖြင့် အနိုင်ရကာ ခြေစစ်ပွဲကို တိုက်ရိုက် အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။


ယခုပွဲတွင် မြန်မာအသင်း အနေဖြင့် တိုက်စစ်တွင် ကြည်လင်း တစ်ဦးတည်းအား အထောင်ထားခဲ့ပြီး ကွင်းလယ်တွင် ကျော်ဇေယျာဝင်း၊ ရာဇာဝင်းသိန်း၊ ဒေးဗစ်ထန်၊ ပိုင်စိုး၊ ရန်အောင်ကျော် နောက်တန်းတွင် သက်နိုင်၊ ပြည့်ဖြိုးအောင်၊ ဇော်မင်းထွန်း၊ အောင်ဟိန်းကျော် တို့ဖြင့် ပွဲထွက်ခဲ့ပြီး ဂိုးသမား နေရာတွင် သီဟစည်သူ ကိုသာ ဆက်လက် အသုံးပြုခဲ့သည်။ 

ပွဲစသည်နှင့် အိန္ဒိယအသင်းက မြန်မာအသင်းဘက်သို့ တိုက်စစ်ဆင် ကစားရာ တစ်မိနစ် အတွင်းမှာပင် ထောင့်ကန်ဘော တစ်ကြိမ် စတင် ရရှိခဲ့သည်။ ထို့အတူ မြန်မာအသင်း အနေဖြင့်လည်း အိန္ဒိယ အသင်းဘက်သို့ တရဆတ် ထိုးစစ်ဆင် ကစားလာခဲ့ပြီး ပထမဆုံး ထောင့်ကန်ဘောကို ပွဲချိန် ၅မိနစ်တွင် စတင်ရရှိခဲ့ပြီး ကျော်ဇေယျာဝင်း ကန်တင်မှုကို သက်နိုင် ခေါင်းတိုက် ဂိုးသွင်းရန် ကြိုးပမ်းခဲ့ရာ ဂိုးလွန်ဘော ဖြစ်ခဲ့သည်။ ၁၁မိနစ်တွင် မြန်မာအသင်း၏ တိုက်စစ်မှူး အဖြစ် ပွဲထွက်လာသည့် ကြည်လင်းက ဧရိယာ ပြင်ပမှ အဝေး ကန်ချက်ဖြင့် အမှတ်မထင် ကန်သွင်းခဲ့ သော်လည်း ဂိုးဘား ကပ်ကျော်သွား ခဲ့သည်။

၁၆မိနစ်တွင် အိန္ဒိယ အသင်း မြန်မာဘက်သို့ ထိုးဖောက်မှုမှ တစ်ဆင့် ကလစ်ဖို့ဒ် အဝေးကန်ချက်ဖြင့် ခြိမ်းခြောက် ခဲ့သော်လည်း ဂိုးဘေး ထွက်ခဲ့သည်။ တစ်မိနစ်ခန့် အကြာတွင် မြန်မာအသင်း တန်ပြန် ထိုးစစ်မှ တစ်ဆင့် ကျော်ဇေယျာဝင်း ဧရိယာ အတွင်းမှ ကန်သွင်းခဲ့ရာ ဂိုးပေါက် လွဲခဲ့၍ နစ်နာခဲ့သည်။ 


၁၉မိနစ်တွင် ကြည်လင်း တစ်ကိုယ်တော် အစွမ်းဖြင့် တန်ပြန် ထိုးစစ်ဆင်ရာ အိန္ဒိယ နောက်ခံလူ ဥပဒေပ တားဆီးခဲ့၍ အ၀ါကတ်ပြ သတိပေးကာ မြန်မာအသင်းအား ပြစ်ဒဏ်ဘော ကန်ခွင့် ပေးခဲ့သည်။ အိန္ဒိယ အသင်းသည် ယနေ့ပွဲ၌ ၄-၂-၃-၁ ပုံစံဖြင့် ပွဲထွက်ခဲ့ကာ မြန်မာအသင်းအား တောင်ပံများမှ ခြိမ်းခြောက်ရန် ကြိုးပမ်းခဲ့သည်။ မြန်မာအသင်း အနေဖြင့်လည်း ဘောလုံး ပိုင်ဆိုင်မှု အသာစီး ရယူကာ လျင်လျင်မြန်မြန် ထိုးဖောက်မှုများ ပြုလုပ်ရန် ကြိုးပမ်းခဲ့ သော်လည်း အပိုင် ဂိုးသွင်းခွင့် မယ်မယ်ရရ ဖန်တီးနိုင်ခြင်း မရှိဘဲ ဖြစ်နေခဲ့သည်။ မြန်မာ အသင်းသည် ယနေ့ပွဲတွင် ကြည်လင်းကို တိုက်စစ်တွင် အထောင်ထားကာ အဝေး ကန်ချက်များဖြင့် ပေးပို့မှု ပြုလုပ်ခဲ့ သော်လည်း အရပ်အမောင်း ကောင်းသည့် အိန္ဒိယ နောက်ခံလူ များက တည်တည်ငြိမ်ငြိမ် ဖျက်ထုတ် နိုင်ခဲ့သည့် အတွက် ဂိုးသွင်းခွင့် ရရှိရန် အခွင့်အရေး နည်းပါး နေခဲ့သည်။

၃၈မိနစ်တွင် အိန္ဒိယအသင်း နောက်ခံလူ ရာဂျူ၏ အားပါသည့် လက်ပစ်ဘောမှ တစ်ဆင့် ဂိုးရရှိရန် နီးစပ်ခဲ့ သော်လည်း တိုက်စစ်မှူးများ အဆုံးသတ် နိုင်ခြင်း မရှိခဲ့၍ ဂိုးလွန်ဘောသာ ဖြစ်ခဲ့သည်။ ၄၃မိနစ်တွင် အိန္ဒိယ အသင်း ဘယ်ခြမ်းမှ မီရန်ဒါ ဖြတ်တင်မှုအား ဇော်မင်းထွန်း အသည်းအသန် ဖျက်ထုတ် နိုင်ခဲ့၍သာ ထောင့်ကန်ဘော ဖြစ်ခဲ့သည်။ ထို့ကြောင့် ပထမပိုင်း ပြီးဆုံးချိန်တွင် တစ်ဖက်နှင့် တစ်ဖက် ဂိုးသွင်းနိုင်ခြင်း မရှိဘဲ ဖြစ်နေခဲ့သည်။ 


ဒုတိယပိုင်း ပြန်စတင်၍ ပွဲချိန် မိနစ်၅၀တွင် မြန်မာအသင်း ပထမဆုံး လူစားလဲမှုပြုလုပ်ခဲ့ပြီး ပိုင်စိုးနေရာတွင် တိုက်စစ် ကစားသမား စိုးမင်းဦးအား ထည့်သွင်းခဲ့သည်။ ၅၁မိနစ်တွင် မြန်မာအသင်း အပိုင်အခွင့်အရေး တစ်ကြိမ် ရရှိခဲ့ပြီး သက်နိုင်၏ ညာတောင်ပံမှ ဖြတ်တင်ပေးပို့ မှုကို ကြည်လင်း ဆွဲယူ ကန်သွင်းရာတွင် ဂိုးသမား ခက်ခက်ခဲခဲ ပုတ်ထုတ် ကာကွယ်ခဲ့ရသည်။ ထို့အတူ ၅၃မိနစ်တွင် ကြည်လင်း၏ ပေးပို့မှုကို စိုးမင်းဦး ဖန်တီးပေးရာမှ တစ်ဆင့် ကျော်ဇေယျာဝင်း ပိတ်သွင်းခဲ့ရာ ဂိုးဘေး ကပ်ထွက်ခဲ့သည်။ မြန်မာအသင်းသည် စိုးမင်းဦး ၀င်ရောက် လာခဲ့ပြီး နောက်တွင် ကစားပုံ ပိုသွက်လာခဲ့ပြီး အိန္ဒိယ နောက်တန်းအား ခြိမ်းခြောက်မှုများ ပိုမို ပြုလုပ် လာနိုင်ခဲ့သည်။

၅၉မိနစ်တွင် ဒေးဗစ်ထန် ညာခြမ်းမှ မတင်ပေးမှုအား ကြည်လင်းက လေထဲမှ မြေမကျ ကန်သွင်းချက်ကို အိန္ဒိယ နောက်ခံလူ အချိန်မီ ဖျက်ထုတ် နိုင်ခဲ့သဖြင့် ဂိုးပေါက်ကပ်လွဲကာ ထောင့်ကန်ဘော ဖြစ်ခဲ့သည်။ ၆၄မိနစ်တွင် သက်နိုင် ညာခြမ်းမှ ဆွဲပြေး ဖြတ်ထိုးပေးမှုအား ကျော်ဇေယျာဝင်း အပိုင် ပိတ်သွင်းခဲ့ သော်လည်း နောက်ခံလူနှင့် ထိခဲ့၍ အရာမထင်ခဲ့ပေ။ ထို့အတူ ၆၆မိနစ်တွင် ရန်အောင်ကျော် အဝေး ကန်ချက်ဖြင့် ခြိမ်းခြောက် ဂိုးသွင်းရန် ကြိုးပမ်းခဲ့ သော်လည်း အပေါ်ထောင် သွားခဲ့သည်။ ပွဲချိန် ၆၉မိနစ်တွင် စိုးမင်းဦး ဂိုးသွင်းရန် ကြိုးပမ်းခဲ့ မှုကို အိန္ဒိယ နောက်ခံလူ တားဆီးခဲ့၍ ဒိုင်လူကြီးမှ အ၀ါကတ် ပြကာ မြန်မာအသင်းအား ပြစ်ဒဏ်ဘော ကန်ခွင့် ပေးခဲ့သည်။ ဘီးကုတ်အစပ်မှ ကန်ခွင့်ရခဲ့သည့် အဆိုပါ ပြစ်ဒဏ်ဘောကို ကျော်ဇေယျာဝင်း ကန်သွင်းခဲ့ရာ ကန်ချက် ကောင်းမွန်ခဲ့ သော်လည်း ဂိုးဘား ကပ်ကျော် သွားခဲ့သည်။ 


၇၁မိနစ်တွင် အိန္ဒိယ အသင်း တိုက်စစ်ဆင် ကစားခဲ့ပြီး ရှေ့တန်းလူ ဖရန်ဆစ္စကိုဧရိယာအပြင် ခပ်လှမ်းလှမ်းမှ အမှတ်မထင် အပြင်းကန်သွင်းခဲ့ရာ ကန်ချက် အားပါ ကောင်းမွန်ခဲ့ပြီး ဂိုးတိုင်ထိထွက်ခဲ့၍ မြန်မာတို့ သက်သာရာ ရခဲ့သည်။ ၇၅မိနစ်တွင် မြန်မာအသင်း အဖွင့်ဂိုး စတင်ရရှိခဲ့သည်။ ယင်းဂိုးအား ကွင်းလယ်မှ အချိတ်အဆက် မိမိ ထိုးဖောက် တိုက်စစ်ဆင်ရာမှ တစ်ဆင့် ပြည့်ဖြိုးအောင် ဘယ်ခြမ်းမှ ဖြတ်တင်ပေးရာ အိန္ဒိယ နောက်ခံလူနှင့် ဂိုးသမားတို့ ရှုပ်ထွေးကာ ပြန်ထွက်လာသည့် ဘောလုံးအား လူစားဝင် တိုက်စစ်မှူး စိုးမင်းဦးက အပိုင် ကန်သွင်းခဲ့ခြင်း ဖြစ်သည်။

မိနစ် ၈၀တွင် အိန္ဒိယအသင်း အပိုင်အခွင့်အရေး တစ်ရပ် အဖြစ် လက်ပစ်ဘောမှ တစ်ဆင့် တိုက်စစ်မှူး ချက်ထရီ အပိုင် ပိတ်သွင်းခဲ့ သော်လည်း ဂိုးသမား သီဟစည်သူ အကောင်းဆုံး ပုတ်ထုတ် ကာကွယ် နိုင်ခဲ့သည်။ ထို့နောက်တွင် မြန်မာအသင်း ဒုတိယ လူးစားလဲမှု အဖြစ် ကွင်းလယ်လူ ဒေးဗစ်ထန် နေရာတွင် ခံစစ် အားသန်သည့် နိုင်လင်းဦးအား ထည့်သွင်းခဲ့သည်။ မိနစ် ၉၀ပြည့်ခါနီးတွင် ကြည်လင်း တန်ပြန် ထိုးစစ်မှ တစ်ဆင့် တစ်ကိုယ်တော် ထိုးဖောက်ကာ အမှတ်မထင် ကန်သွင်းချက် ဂိုးသမား ပုတ်ထုတ်ခဲ့၍ ထောင့်ကန်ဘောသာ ဖြစ်ခဲ့သည်။ ထို့နောက်တွင် ထပ်ဆောင်း အချိန်ပို ၄မိနစ် သတ်မှတ် ပေးခဲ့ပြီး မြန်မာအသင်းက အနိုင်ဂိုးအား ဆက်လက် ထိန်းထားနိုင်ခဲ့ကာ ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။

AFC Challenge Cup 2014 ပြိုင်ပွဲအား ၂၀၁၄ ခုနှစ် မတ်လတွင် မော်လ်ဒိုက် နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသွားမည် ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲတွင် ချန်ပီယံ ဖြစ်သည့် အသင်းသည် ၂၀၁၅တွင် ပြုလုပ်မည့် အာရှဖလား ပြိုင်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမည် ဖြစ်သည်။


  အိန္ဒိယ နည်းပြချုပ် မစ္စတာ ကိုဗားမန်းစ်က မိမိအနေဖြင့် ဂိုးမပေးရရေး အဓိကထား ပြင်ဆင်ခဲ့သည်ဟု ဖွင့်ဟခဲ့သည်။ "ဒီနေ့ပွဲဟာ ခက်ခဲမယ် ဆိုတာကို နှစ်သင်းစလုံး သိထားခဲ့ပါတယ်။ မြန်မာအသင်းက အနိုင်ရမှာ တက်မှာ ဖြစ်ပြီး ကျွန်တော်တို့ အသင်းကတော့ သရေ ရရှိရုံနဲ့ နောက်တစ်ဆင့်ကို တက်ရောက်မှာပါ။ ဒါကြောင့်လည်း ခံစစ်လုံအောင် ကစားပြီး တိုက်စစ်ကနေ ဂိုးရရှိဖို့ ဗျူဟာ ချမှတ်ခဲ့ပါတယ်။ ပထမပိုင်းမှာ ကစားပုံ ကောင်းမွန်ခဲ့ပေမယ့် ထိထိရောက်ရောက်တော့ တိုက်စစ်မဆင် နိုင်ခဲ့ပါဘူး။ ဒုတိယပိုင်းမှာ အကောင်းဆုံး အခွင့်အရေး တစ်ကြိမ် ရရှိခဲ့ပေမယ့် ဂိုးသမား ကာကွယ် သွားနိုင်ခဲ့ပါတယ်" ဟု ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထို့အတူ မြန်မာအသင်း အားလည်း ချီးကျူးခဲ့ပြီး ကြည်လင်းနှင့် ရန်အောင်ကျော်တို့သည် အကောင်းဆုံး ကစားသမားများ ဖြစ်သည်ဟု ဖွင့်ဟခဲ့သည်။ "မြန်မာအသင်းဟာ တောင့်တင်းပြီး ကြိုးစားတဲ့ အသင်းဖြစ်လို့ ချီးကျူးပါတယ်။ မြန်မာအသင်းမှာ ပါဝင် ကစားခဲ့တဲ့ ကြည်လင်းနဲ့ ရန်အောင်ကျော်တို့ နှစ်ဦးကတော့ အကောင်းဆုံး ကစားသမားတွေပါ။ ပြိုင်ဘက် အုပ်စုတွေမှာ ခက်ခဲတဲ့အသင်းတွေ ပါဝင်တာကြောင့် အကောင်းဆုံး ဒုတိယ အနေနဲ့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ မြန်မာ ပရိသတ်တွေရဲ့ အားပေးပုံနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အသင်းမှာ ဖိအား ကြီးကြီးမားမားတော့ မရှိပါဘူး။ ပရိသတ်မရှိတဲ့ ပွဲကိုလည်း ကျွန်တော့် အနေနဲ့ မယှဉ်ပြိုင်လိုပါဘူး" ဟု ဆိုခဲ့သည်။


 မြန်မာအသင်း နည်းပြချုပ် ပတ်ဆောင်ဟွာက ဖိအားများ ရှိနေသည့်တိုင် အကောင်းဆုံး ကြိုးပမ်းခဲ့သည့် ကစားသမား များအား ချီးကျူး ပြောကြားခဲ့သည်။
"ကစားသမားတွေ အစွမ်းကုန် ကြိုးစားခဲ့သလို ပရိသတ်တွေ ကလည်း အားရပါးရ အားပေးခဲ့လို့ အခုလို နိုင်ပွဲရခဲ့တာပါ။ အုပ်စုတွင်းမှာ အိန္ဒိယ အသင်းဟာ အသင်းကြီး တစ်သင်းဖြစ်လို့ နောက်ဆုံးပွဲစဉ် အတွက် ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ရတာပါ။ ဖိအားတွေ ရှိခဲ့ပေမယ့် ကြိုးစားခဲ့တဲ့ ကစားသမားတွေ အားလုံးကို ချီးကျူးရမှာပါ" ဟု မစ္စတာပတ်က ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထို့နောက်တွင် ပတ်ဆောင်ဟွာက တရုတ်(တိုင်ပေ)နှင့် ပွဲစဉ်တွင် အဓိက ကစားသမား အချို့အား အနားပေးရခြင်းအား ထပ်မံ ရှင်းလင်းခဲ့ကာ "တရုတ် (တိုင်ပေ)နဲ့ ပွဲမှာ အဓိက ကစားသမား အချို့ကို အနားပေးခဲ့ ရတာကတော့ ပုံမှန် ပြိုင်ပွဲတစ်ပွဲ ယှဉ်ပြိုင်ပြီ ဆိုရင် ၄၈နာရီ အနားယူ ရပါတယ်။ အခုက ၂၄နာရီသာ အနားယူ ရတာကြောင့် အိန္ဒိယနဲ့ ပွဲမှာ ခြေစွမ်းမပြ နိုင်တာ စိုးတဲ့အတွက် အဓိက ကစားသမားတွေကို အနားပေး ခဲ့ရတာပါ။ တရုတ်(တိုင်ပေ) အသင်းဟာ ကျွန်တော်တို့နဲ့ ပွဲစဉ်မှာ ရုန်းကန် ကစားခဲ့တာကြောင့် ဂူအမ် အသင်းနဲ့ ပွဲမှာ ပြိုင်ဘက်ရဲ့ တိုက်စစ်ကို ထိန်းချုပ်နိုင်ခြင်း မရှိဘဲ ရှုံးပွဲ ကြုံခဲ့တာပါ" ဟု ဆိုခဲ့သည်။

ထို့နောက်တွင် စိုးမင်းဦး အနေဖြင့် ဒဏ်ရာ ရရှိထားသဖြင့် ဒုတိယ ပိုင်းတွင်မှသာ အသုံးပြု ခဲ့ရခြင်း ဖြစ်သည်ဟု ရှင်းလင်းခဲ့ကာ ထူးချွန်သည့် ကစားသမား တစ်ဦးဟုလည်း ချီးကျူးခဲ့သည်။ "စိုးမင်းဦးဟာ ထူးချွန်တဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး ဂူအမ် အသင်းနဲ့ ပွဲမှာ ဒဏ်ရာ ရခဲ့လို့ ဒုတိယ ပိုင်းမှသာ ထည့်သွင်း အသုံးပြု ခဲ့တာပါ။ မျှော်လင့်ထားတဲ့ အတိုင်းပဲ စိုးမင်းဦး ခြေစွမ်းပြ ကစားနိုင် ခဲ့တာကြောင့် သူ့ရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်မိပါတယ်" ဟု ဆိုခဲ့သည်။


ခြေစစ်ပွဲ အောင်မြင် သွားခဲ့သည့် မြန်မာ့ လက်ရွေးစင် အသင်းကို အားကစား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးတင့်ဆန်း၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် နာယက ဦးအောင်ကိုဝင်း၊ ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ဆီးဂိမ်းစ် ပြိုင်ပွဲဝင် အသင်း အောင်နိုင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်မိုးကျော် တို့က ဂုဏ်ပြုဆုကြေးငွေ ကျပ်သိန်း(၅၀၀) ချီးမြှင့်မည် ဖြစ်သည်။
"တိုင်းပြည် ဂုဏ်သိက္ခာ အတွက် ရေကုန်ရေခမ်း ကြိုးစားခဲ့ကြတဲ့ ကစားသမား တွေကို ဂုဏ်ပြုတဲ့ အနေနဲ့ ဆုကြေးငွေ ချီးမြှင့်ကြတာပါ။ ဒီနေ့ ကွင်းထဲကို လာရောက် အားပေးကြတဲ့ ပရိသတ်ကြီး ကိုရော ရုပ်မြင်သံကြား ကနေ အားပေး နေကြတဲ့ တစ်နိုင်ငံလုံးက ပရိသတ်တွေ ကိုရော အရမ်းပဲ ကျေးဇူးတင် မိပါတယ်။ ဒါ့အပြင် ဒီလက်ရွေးစင် အသင်းအတွက် ကစားသမားတွေ မွေးထုတ် ပေးနေတဲ့ MNL ကလပ်အသင်း ပိုင်ရှင် အားလုံးကိုလည်း ဒီနေရာကနေ ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ဒီနေ့နိုင်ပွဲဟာ ထိုက်တန်တဲ့ နိုင်ပွဲတစ်ခု ဖြစ်ပြီး အဲဒီအတွက် ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့သူ အားလုံးကို ကျေးဇူးတင်ပါတယ်" ဟု မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ပွဲအပြီးတွင် ဂုဏ်ပြု ပြောကြား သွားခဲ့သည်။


မြန်မာ့ လက်ရွေးစင် အသင်းသည် အုပ်စု(က)တွင် ဂူအမ်ကို (၅-၀)ဂိုးဖြင့် အနိုင်ရရှိပြီး တရုတ် (တိုင်ပေ)နှင့် တစ်ဂိုးစီ သရေကျကာ နောက်ဆုံး ပွဲစဉ်တွင် အိန္ဒိယကို အကြိတ်အနယ် ကစားရင်း (၁-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး မော်လ်ဒိုက်စ်တွင် ကျင်းပမည့် ဖိုင်နယ်ပွဲ စဉ်များသို့ တက်ရောက် ကစားခွင့် ရရှိသွားခဲ့ခြင်း ဖြစ်သည်။ ၂၀၁၄ ချဲလင့်ဖလား ခြေစစ်ပွဲ အုပ်စု(၅)ခု ရှိသည့်အနက် အုပ်စု(က)တွင် မြန်မာ၊ အုပ်စု(ဂ)တွင် အာဖဂန် နစ္စတန်နှင့် အုပ်စု(ဃ)တွင် ပါလက်စတိုင်း အသင်းများ ခြေစစ်ပွဲ အောင်မြင် သွားကြပြီး 
ကျန်အုပ်စု(ခ)နှင့် (င)တို့မှာ မတ်လ တတိယ အပတ်မှသာ ယှဉ်ပြိုင် ကစားကြမည် ဖြစ်သည်။

ှSource ; 
http://themff.org/
မူရင်းဓါတ်ပုံရိုက်ကူးသူ၊သတင်းရေးသားသူများနှင်.ဖော်ပြပေးသော မြန်မာနိုင်ငံဘောလုံးအဖွဲ.ချုပ် Website တို.ကို အထူးကျေးဇူးတင်ရှိပါသည်...

No comments:

Post a Comment