Sunday, June 2, 2019

တရုတ်ဖြူလေယာဉ်ပစ်ချခဲ့စဉ်က - ဦးလှဝင်း (လေသူရဲတစ်ဦး)




  
၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၅ရက်နေ့
မကြာမီ တပေါင်းလဆန်းတော့မည်။
မိခင်လေတပ်စခန်းရှိရာ မှော်ဘီမြို့၌ ဆောင်း၏ အငွေ့အသက်များ ကျန်တော့မည် မဟုတ်သော်လည်း ရှမ်းကုန်းပြင်မြင့်၌ ဆောင်းငွေ့မကုန်သေးပါ။
သို့သော် ဒယ်အိုးတစ်ခုသဖွယ် တောင်များ ပတ်လည်ဝိုင်းနေသည့် ကျိုင်းတုံမြို့ကလေး၌မူ ရာသီဥတု နေချင့်စဖွယ် နွေးထွေးနေသည်။
ဟေ့ကောင် ပီတာ၊ မင်းအလှည့် ရွှေ့လေကွာ
ဗိုလ်ချစ်ခိုင်က ဒုဗိုလ်ပီတာကို လှမ်းပြောလိုက်၏ သူတို့နှစ်ယောက်သည် သဲကြီးမဲကြီး စစ်တုရင်ကစားနေ ကြသည်။ နေ့လည်စာ ထမင်းစားပြီးချိန်ကစပြီး ယခုအထိ ပွဲမသိမ်းနိုင်ကြသေးပါ။
အချိန်မှာ နေ့လည်နှစ်နာရီခန့် ရှိလေပြီ။

ကျိုင်းတုံလေယာဉ်ကွင်းအနီး ခြေလျင်တပ်ရင်း၏ အရာရှိရိပ်သာအတွင်း ဖြစ်၏။ ဤအရာရှိရိပ်သာမှာ ကျိုင်းတုံလေတပ်ဆွယ်သို့ ရောက်လာကြသည့် လေသူရဲများ ထိုစဉ်က အမြဲတည်းခိုရသော တည်းခိုဆောင်ဖြစ်၏။ မလှမ်းမကမ်းမှ ပက်လက်ကုလားထိုင်တစ်လုံးတွင်မူ လေသူရဲတစ်ယောက်သည် သူ့မျက်နှာပေါ် စာအုပ်တစ်အုပ် တင်ပြီး အိပ်မောကျနေသည်။
သူသည် ဗိုလ်ကြီး ခင်မောင်မြင့် ဖြစ်၏။ အမှတ်(၂)အုပ်မှ လေသူရဲဖြစ်၏။
ဒါကိုတာ လေယာဉ်မှူး ဖြစ်၏။

သူတို့အားလုံးသည် အရေးပေါ်လျှင် အဆင့်သင့်ဖြစ်ရန် လေယာဉ်မောင်းဝတ်စုံပြာကြီးများကို အသင့်ဝတ် ထားကြ၏။ အချိန်မှာ မဲခေါင်စစ်ဆင်ရေးစပြီး တစ်လကျော်မျှ ရှိသေးသော အချိန်ဖြစ်၏။
တရုတ်ဖြူတပ်ဖွဲ့များမှာ မြန်မာတို့ ထိုးစစ်စချိန်မှစပြီး တဆုတ်တည်း ဆုတ်နေရ၏။
ရှမ်းပြည်နယ်အတွင်းပိုင်းတွင် လုံးဝ တပ်မစွဲနိုင်ကြတော့။
တစုတလုံးတည်းလည်း မရှိတော့ဘဲ ပြန့်ကျဲနေသည်။

ပြောပလောက်သော အခိုင်အမာဒေသဟူ၍ နယ်စပ်တလျှောက်တွင်သာ ရှိတော့၏။
ဒုဗိုလ်ပီတာတို့၏ အမှတ်(၁)တိုက်လေယာဉ်အုပ်မှာ (၄.၁.၆၁)နေ့မှစ၍ တိုက်ပွဲများ ဆင်နွှဲခဲ့ကြ၏။
စစ်ဆင်ရေးစတင်ချိန်၌ အမှတ်(၁)အုပ်၏ တပ်စွဲထားသော ဒေသမှာ နမ့်ဆန်လေယာဉ်ကွင်းတွင် ဖြစ်၏။ အများဆုံးဆင်နွှဲခဲ့သော တိုက်ပွဲများမှာ မြေပြင်က ရန်သူ့ အခိုင်အမာစခန်းများကို ဝေဟင်မှ ပစ်ခတ်တိုက်ခိုက်ပေး ခြင်း ဖြစ်၏။

ယခု ရန်သူများ နယ်စပ်ရောက်ကုန်ကြလေပြီ။
ကျိုင်းတုံမှာ နမ့်ဆန်ထက် ရန်သူရှိသောနယ်စပ်နှင့် ပိုနီးသော မြို့ဖြစ်၏။
ထို့ကြောင့် တိုက်ပွဲဝင်ရန် အချိန်ကုန်သက်သာသော ကျိုင်းတုံမြို့ကို (၆.၂.၆၁)နေ့တွင် လေတပ် တပ်ဆွယ်တစ်ခုလုံး ပြောင်းရွှေ့လာခဲ့ကြ၏။
ယနေ့ ကျိုင်းတုံမြို့သို့ ရောက်နေကြသည်မှာ ၉ ရက်မျှ ရှိသေး၏ ။
ဒု ဗိုလ်ပီတာက သူ့ မြင်းကွက်ကို နောက်တကွက် ပြန်ဆုတ်လိုက်၏။ ဗိုလ်ချစ်ခိုင်က သူ့ရထားနှင့် ဘုရင့်နေရာကို လဲယူလိုက်ပါသည်။



ကျွီ
ရိပ်သာရှေ့၌ ဂျစ်ကားတစ်စီး ထိုးဆိုက်သံ ကြားလိုက်ရပါသည်။
ဒုဗိုလ်စံမြင့် ၀င်လာ၏။ ဒုဗိုလ်စံမြင့်မှာလည်း အမှတ်(၁) အုပ်မှ တိုက်လေယာဉ်မောင်း လေသူရဲတစ်ဦးပင် ဖြစ်၏။ သို့သော် ယခု ကျိုင်းတုံတပ်စွယ်၌ အပေါ့စားခရီးသည်တင် (ဆက်စနာ) လေယာဉ်ပျံမောင်းမည့်သူ မရှိ၍ စက်စနာ မောင်းနေရ၏။
ဟေ့ကောင်တွေ လာ လာ မင်းတို့ကို တပ်မှူး ခေါ်နေတယ်
တပ်မှူးက တာချီလိတ် သွားနေတယ် မဟုတ်လား
ဗိုလ်ချစ်ခိုင်က ဘုရင်မရုပ်ကို လက်တဖက်ဖြင့် လှမ်းကိုင်ရင်း ကစားနေရာမှ ဒုဗိုလ်စံမြင့်ကို လှမ်းမေးလိုက်၏။

သူတို့ ခုနကပဲ ပြန်ရောက်တယ်၊ ခု လေယာဉ်ကွင်းမှာပဲ လာ လာ၊ သိပ်အရေးကြီးတယ်တဲ့၊ ငါကို လာခေါ်ခိုင်းလို့ လာခေါ်တာ
ဗိုလ်ချစ်ခိုင်က ချက်ချင်း ဘုရင်မရုပ်ကို စစ်တုရင်ခုံပေါ် ချလိုက်၏။
ဟေ့လူ နေပါဦးဗျာ၊ ပြီးတော့မှာပဲ၊ ခင်ဗျား ဒီတပွဲတော့ ပြီးအောင် ကစားလိုက်ပါဦး
ဒုဗိုလ်ပီတာက ချစ်ခိုင်လက်ကို လှမ်းဆွဲပြီး ဆက်ကစားခိုင်းနေ၏ ။
မှန်သည်။

ကစားပွဲမှာ ဒုဗိုလ်ပီတာ အကွက် သာနေ၏။ ဆက်ကစားလျှင် ဒီတစ်ပွဲမှာ ဒုဗိုလ်ပီတာ နိုင်ဖို့များ၏။
ပြန်လာမှ ဆက်ကစားတာပေါ့ကွာ၊ လာ လာ၊ ဘာအရေးကြီးနေကြမှန်း မသိဘူး၊ ခဏ သွားရအောင်
သူတို့အားလုံး လာကြိုသော ဂျစ်ကားပေါ်တက်ပြီး လေယာဉ်ကွင်းရှိရာသို့ ထွက်လာကြ၏။ ရိပ်သာမှ လေယာဉ်ကွင်းသွားသော လမ်းမှာ မြေနီလမ်းဖြစ်၏။ ထို့ကြောင့် ကားဖြတ်မောင်းသွားသောအခါ၌ လမ်းတ လျှောက်မှာ ဖုန်တလုံးလုံး ထနေ၏။
လေယာဉ်ကွင်းသို့ ရောက်လေပြီ။

လေဆိပ်အဆောက်အအုံရှေ့တွင် (ဆီးဖြူရီ)တိုက်လေယာဉ်(၃)စီးမှာ တန်းစီရပ်ထား၏။ မလှမ်းမကမ်း တွင် အမှတ်(၂)အုပ်မှ ဒါကိုတာ နှစ်စီးနှင့် (ဆက်စနာ)တစီး ရပ်ထား၏။
ထိုစဉ်က အမှတ်(၁) တိုက်လေယာဉ်အုပ်၏ အုပ်မှူးမှာ ဗိုလ်မှူး တင်မောင်အေး ဖြစ်၏။
သူသည် အမှတ်(၁) တိုက်လေယာဉ်အုပ်၏ အုပ်မှူးတာဝန်ကိုလည်းကောင်း၊ အမှတ်(၅၀၁) လေတပ်စခန်း၏ တပ်မှူးတာဝန်ကိုလည်းကောင်း ပူးတွဲတာဝန်ယူနေ၏။
ဗိုလ်မှူးတင်မောင်အေးမှာ (ဆီးဖြူရီ)လေယာဉ်ပျံတစ်စီးအနီးတွင် မတ်တပ်ရပ်နေ၏။ သူ့ဘေးတွင် ဗိုလ်မောင်သိန်းလည်း ရပ်နေပါသည်။ ဗိုလ်မောင်သိန်း လက်ထဲတွင် လေကြောင်းသုံး မြေပုံတစ်ချပ်ကို ကိုင်ထား၏။

သူတို့ နှစ်ယောက်မှာ ယနေ့ မနက် ၉ နာရီခန့်ကမှ တာချီလိတ်သို့ (ဆက်စနာ)တစ်စီးဖြင့် ထွက်သွားကြ၏။
တာချီလိတ်လေယာဉ်ကွင်းတွင် ခေတ္တဆင်း၍ တာချီလိတ်မြို့ကို တပ်စွဲထားသော ခြေလျင်တပ်ရင်းမှ တပ်ရင်းမှူးကို ခေါ်ပြီး တာချီလိတ်မြို့မှ မလှမ်းမကမ်းရှိ ရန်သူ့ မြေပြင်စခန်းများကို ဝေဟင်မှ ကင်းထောက် ပျံသန်းခဲ့ကြပြီ ဖြစ်၏။ ယခု ဘာကြောင့်များ အရေးပေါ် ကျိုင်းတုံ ပြန်လာခဲ့ကြသည် မသိ။

ဟေ့ကောင်တွေ လာ လာ၊ မင်းတို့ အခု တက်ရမယ်
ဘယ်ကို သွားချမှာလဲ ဗိုလ်မှူး၊ အဆောက်အအုံတွေလား၊ ကတုတ်ကျင်းတွေလား
ပီတာက ရင်းနှီးစွာ သူ့တပ်ရင်းမှူးကို လှမ်းမေးလိုက်၏။
ဘာတစ်ခုမှ မဟုတ်ဘူး၊ မင်းတို့ အခု သွားပစ်ရမှာက ရန်သူ့ လေယာဉ်ပျံကွ
ရန်သူ့ လေယာဉ်ပျံ ဟုတ်လား
ပီတာရော၊ ချစ်ခိုင်ပါ ချက်ချင်း မျက်နှာများ ၀င်း၍သွား၏။ အလွန် အံ့သြသွားကြပုံရ၏။
ဘယ်မှာ ရပ်ထားတာလဲ
ရပ်ထားတာ မဟုတ်ဘူး၊ မင်းတို့ လေထဲမှာ လိုက်ချကြရမှာ၊ ကဲကွာ ရှည်မနေကြနဲ့ဦး၊ ငါ အသေးစိတ် ရှင်းပြမယ်



(ဆီးဖြူရီ) လေယာဉ်ပျံတစ်စီး၏ အတောင်ပံအောက်တွင် စုထိုင်လိုက်ကြ၏။ ဗိုလ်မှူးတင်မောင်အေးက ဗိုလ်မောင်သိန်း လက်ထဲမှ မြေပုံကိုလှမ်းယူပြီး မြေကြီးပေါ် ခင်းချလိုက်၏။
ငါတို့ စောစောက (၀မ်ပန်ဆန်း)ပေါ် ရောက်တယ်၊ (၀မ်ပန်ဆန်း)ဆိုတာ မင်းတို့ သိတယ် မဟုတ်လား
သိပါတယ်
ဝမ်ပန်ဆန်းဆိုသည်မှာ တာချီလိတ်မြို့၏ အနောက်တောင်ဘက် မလှမ်းမကမ်းတွင်ရှိ၏။
တရုတ်ဖြူတို့ အခြေခံတပ်စွဲထားသော စခန်းတစ်ခုဖြစ်၏။
ထိုင်း-မြန်မာ နယ်စပ်နှင့်လည်း မဝေးပါ။
လေယာဉ်ပျံနှင့် နှစ်မိနစ်ခန့်မောင်းလျှင် ရောက်နိုင်မည့်ခရီးတွင် တည်ရှိ၏။
အဲဒီစခန်းပေါ်ရောက်တော့ တို့နဲ့အတူ ပါလာတဲ့ တာချီလိတ်တပ်က တပ်ရင်းမှူးကို ရန်သူစခန်းအနေ အထား မှတ်မိအောင်လို့ အနိမ့်ပျံပြီး ၀ဲပတ်ပြတယ်၊ ရန်သူက တို့လေယာဉ်ပျံကို သူတို့ လေယာဉ်ပျံလို့ ထင်နေကြတယ်၊ ငါတို့ကို (ဒီဇက်) ခင်းပြတယ်ကွ
ဒီဇက်ဆိုသည်မှာ အင်္ဂလိပ်ဘာသာဖြင့် (Dropping Zone) ရိက္ခာချကွင်းကို အတိုကောက်ခေါ်ဝေါ်ခြင်း ဖြစ်၏။ လေကြောင်းရိက္ခာချခြင်းများ၌ ဝေဟင်မှ လေသူရဲများ မြင်သာအောင် မြေပြင်မှ ခင်းပြရသော အချက်ပြ အမှတ်အသား ဖြစ်၏။
ဗိုလ်မှူးတို့ ဘာလုပ်ခဲ့သလဲ
ဘာလုပ်ရမှာလဲ၊ ချက်ချင်း ပြန်လစ်ခဲ့ကြတာပေါ့ကွ၊ ကြည့်ရတာ ရန်သူဘက်မှာ သူတို့ လေယာဉ်ပျံတစ် စီးလာပြီး ရိက္ခာချပေးဖို့ အချိန်းအချက် လုပ်ထားတာ ရှိတယ် ထင်တယ်
မှန်သည်။

ရန်သူ့လေယာဉ်ပျံများ မြန်မာပိုင် နယ်နိမိတ်အတွင်းသို့ ကျူးကျော်ပျံသန်းနေသည့် သတင်းကို ခြေလျင်တပ်များက လှမ်းသတင်းပို့သဖြင့် မကြာခဏ ကြားနေရ၏။
တလောကမှ ဗိုလ်မောင်သိန်းနှင့် ဗိုလ်ချစ်ခိုင်တို့ ကျိုင်းတုံသို့(ဆက်စနာ)လေယာဉ်တစ်စီးဖြင့် နန်းဆန်တပ်ဆွယ်မှ ခေတ္တ ရောက်လာကြစဉ် မဲခေါင်စစ်ဆင်ရေးမှူး ဗိုလ်မှူးကြီးထွန်းစိန်နှင့် တွေ့စဉ်ကလည်း “ငါတို့ပိုင်နက်ထဲကို တရုတ်ဖြူ လေယာဉ်ပျံတွေ မကြာမကြာ ၀င်နေကြတယ်လို့ ငါ ကြားတယ်၊ မင်းတို့ သွားရင်းလာရင်း လမ်းမှာ တွေ့ကြရင် တစ်စီးစီးလောက်ရအောင် ပစ်ချလိုက်ကြစမ်းကွာ ဟုပြောသည်ကို သတိရမိလေ၏။

သေချာတယ်ကွာ၊ ငါ့ စိတ်ထဲမှာတော့ ဒီနေ့ မိုးမချုပ်ခင် ရန်သူ့ လေယာဉ်တစ်စီးစီးတော့ ၀င်လာပြီး (၀မ်ပန်ဆန်း)ပေါ် ရိက္ခာချမှာ သေချာတယ်၊ မင်းတို့ သုံးယောက် လေယာဉ်ပျံသုံးစီးနဲ့ တက်သွားကြ၊ (၀မ်ပန်ဆန်း) အနားမှာ ၀ဲပြီးစောင့်နေ၊ ရန်သူ့ လေယာဉ်ပျံဝင်လာရင် တကယ်လို့ ‘ဒါကိုတာလို သယ်ယူပို့ဆောင်ရေး လေယာဉ်ပျံဆိုရင် နှစ်စီးဝိုင်းညှပ်ပျံပြီး ခြောက်ပြီးဖမ်းလာခဲ့ကွာ၊ ကိုယ့်ကို ရန်ပြုနိုင်တဲ့ ဗုံးကြဲလေယာဉ်ပျံတို့၊ တိုက်လေယာဉ်ပျံတို့ ဖြစ်နေရင်တော့ ဖမ်းဖို့ မကြိုးစားနဲ့တော့၊ ပစ်သာချခဲ့ကြ
မတွေ့ဘူး၊ ရန်သူ့ လေယာဉ် မလာဘူးဆိုရင်ကော
မလာဘူး၊ မတွေ့ဘူးဆိုရင်လည်း ပြန်လာခဲ့ကြရုံပေါ့ကွ၊ မင်းက ဘာလုပ်ချင်သေးလို့လဲ
ဘာမှ မလုပ်ချင်ပါဘူး၊ ကျွန်တော်က ရန်သူ့ လေယာဉ်ပျံမလာရင်လည်း အောက်က ရန်သူ့စခန်းကိုပဲ ၀င်ပစ်ပေးခဲ့ရမလားလို့
မပစ်နဲ့၊ ဒီနေ့ မင်းတို့ တာဝန်က ရန်သူ့လေယာဉ်ပျံကို စောင့်ပြီး ပစ်ချဖို့တာဝန်၊ မြေပြင်စခန်းတွေ တိုက်ဖို့ တာဝန် မဟုတ်ဘူး၊ မောင်သိန်းက ခေါင်းဆောင် တာဝန်ယူ၊ ချစ်နိုင်နဲ့ ပီတာက နံပါတ် ၂ နဲ့ ၃ အဖြစ် လိုက်ကြပေါ့၊ ကဲ တက်ဖို့ပြင်ကြ၊ ကံကောင်းပြီး ငါ မျှော်မှန်းနေတဲ့ ရန်သူ့ လေယာဉ်ပျံနဲ့ မင်းတို့ ဆိုက်ဆိုက်မြိုက်မြိုက် တိုးကြပါစေကွာ
ဗိုလ်မောင်သိန်းက (ဆီးဖြူရီ)တိုက်လေယာဉ်ပျံ အမှတ် ယူဘီ ၄၇၁ ပေါ်သို့ တက်လိုက်၏။ ဒုဗိုလ်ပီတာနှင့် ဗိုလ်ချစ်ခိုင်က ယူဘီ ၄၆၆ နှင့် ယူဘီ ၄၆၅ ရှိရာသို့ လျှောက်သွားကြ၏။

ကိုချစ်ခိုင်
ဘာလဲ
ခင်ဗျား ဒီနေ့ နံပါတ် ၃ လုပ်ဗျာ၊ ကျွန်တော် နံပါတ် ၂ လုပ်ချင်တယ်
ဘာဖြစ်လို့လဲ
ကျွန်တော်က ညာဘက်က လိုက်ချင်လို့ဗျာ၊ ဘယ်ဘက်က အမြဲ လိုက်နေရပြီး ဇက်ကို ညာဘက် အမြဲ လှည့်ပြီး မောင်းနေရတာ ညောင်းလွန်းလို့ဗျာ
လိုက်ချင်လိုက်လေ၊ မင်းသဘောပဲ
မှန်သည်။
အမှန်တော့ တိုက်လေယာဉ်ပျံများ အုပ်ဖွဲ့ ပျံသန်းကြရာတွင် လေသူရဲများ၏ ၀ါရင့်မှုကို လိုက်ပြီး နံပါတ်စဉ် အကြီးအသေး နေရာကို ယူပြီး ပျံသန်းကြ၏။
ဝါအရင့်ဆုံးမှာ နံပါတ် အငယ်ဆုံးဖြစ်၏။

ယခု ဗိုလ်မောင်သိန်းမှာ သူတို့ သုံးယောက်ထဲတွင် ၀ါအရင့်ဆုံး။ ဒါကြောင့် နံပါတ် တစ်၊ ခေါင်းဆောင် လေယာဉ်ပျံ၊ ဗိုလ်ချစ်ခိုင်မှာ ဒုဗိုလ်ပီတာထက် ၀ါရင့်၏။ ထို့ကြောင့် နံပါတ်နှစ် ဖြစ်ရမည်။
နံပါတ်နှစ်မှာ မြားပုံအုပ်ဖွဲ့ ပျံသန်းရာ၌ ခေါင်းဆောင်လေယာဉ်၏ ညာဘက်နေရာကို ယူရ၏ ။
နံပါတ်သုံးမှာ ခေါင်းဆောင်လေယာဉ်ပျံ၏ ဘယ်ဘက်၌ နေရာယူရ၏။ ညာဘက်၌ နေရာယူပြီး ပျံသန်းရသည်မှာ လေသူရဲများအတွက် ပို၍ လွယ်ပါသည်။ ပို၍ အားရပါသည်။
သို့သော် သိပ်ထူးလှသည်တော့လည်း မဟုတ်ပါ။

လေယာဉ်ပျံများ စက်နှိုးလိုက်လေပြီ။
ဆီးဖြူရီလေယာဉ်ပျံများ စက်နှိုးရသည်မှာ ယမ်းအားဖြင့် ဖြစ်၏။ သို့သော် စက်နှိုးသည့် ခလုတ်ကို နှိပ်၍ ယမ်းအား ပေါက်ကွဲသံမှာ မြန်မာ့တပ်မတော် လေယာဉ်ပျံမောင်းသင်ကျောင်းများ၌ သုံးသည့် ပရိုဗို့စ်လေယာဉ်ပျံ များမှ စက်နှိုးသံကဲ့သို့ ဒိုင်းခနဲ မမြည်။ ‘ ဖွန်း ဟုသာမြည်၏။

ရဲခေါင် နှစ်၊ ရဲခေါင် သုံး ရဲခေါင် ခေါင်းဆောင် ခေါ်နေတယ်၊ အသံ ဘယ်လောက်ကြားလဲ၊ အကြောင်းပြန်ပါ၊ ဒါပဲ
ရဲခေါင် ခေါင်းဆောင် ရဲခေါင် နှစ် ပြန်ထူးနေတယ်၊ အသံ ငါးငါး ဒါပဲ
ရေဒီယိုဆက်သွယ်ရေးစက်များ ကောင်း မကောင်းကို ဗိုလ်မောင်သိန်းက စမ်းသပ်စစ်ဆေးလိုက်၏။
မက်နီတိုများ ကောင်းစွာ အလုပ် လုပ်၊ မလုပ် တစ်ခုချင်း အပိတ်အဖွင့် လုပ်ကြည့်လိုက်၏။
ချို့ယွင်းမှု မတွေ့။

အထိန်းမောင်းတံကို အနောက်သို့ အဆုံးဆွဲ၍ စက်အထိန်းခလုတ်ကို အနည်းငယ်မြှင့်တင်ပြီး လျှပ်စစ်ဓာတ်အားပေး စက်ငယ် ကောင်း၊ မကောင်း စစ်လိုက်၏။
မီးနီလေး ပျောက်သွား၏။
အပြစ်မတွေ့။

ကျိုင်းတုံ မျှော်စင်၊ ရဲခေါင် တိုက်ယာဉ် အုပ်ပြေးလမ်းထိပ် သွားခွင့်ပြုပါ၊ ဒါပဲ
ရဲခေါင် လေယာဉ်အုပ် သွားပါ၊ ပြေးလမ်းရှင်း၊ မြေပြင် လေငြိမ်၊ ခင်ဗျား ကြိုက်တဲ့ ပြေးလမ်း၊ ဦးတည်ရပ်ကို သုံးပြီး တက်နိုင်တယ်၊ ဒါပဲ
တိုက်လေယာဉ်ပျံ သုံးစီးလုံး ပြေးလမ်းထိပ်သို့ ဘီးလှိမ့်ထွက်သွားကြ၏။
ပြေးလမ်းပေါ် ရောက်သည်နှင့် ဗိုလ်မောင်သိန်း ရှေ့ဆုံးမှ နေရာယူလိုက်၏။
ကျိုင်းတုံ ပြေးလမ်းမှာ အလွန်ကျဉ်းပါသည်။
လေယာဉ်ပျံ သုံးစီးလုံး တပြိုင်တည်း အုပ်စုလိုက်တက်၍ မရပါ။
တစီးချင်းသာ တက်နိုင်၏။

ထို့ကြောင့် ဗိုလ်မောင်သိန်း နောက်တွင် နံပါတ် နှစ် ဖြစ်သော ဗိုလ်ပီတာ နေရာယူလိုက်၏။ သူ့ နောက်တွင် ဗိုလ်ချစ်ခိုင် လေယာဉ်ပျံ ရပ်လိုက်၏။
စက္ကန့်ပိုင်းအတွင်း ဗိုလ်မောင်သိန်း လေယာဉ်ပျံ လေထဲ ထိုးတက်လာခဲ့၏။
သူ့ နောက်မှ ဒုဗိုလ်ပီတာနှင့် ဗိုလ်ချစ်ခိုင်တို့ ထပ်ကြပ်မကွာ လိုက်လာ၏။ မိနစ်ဝက်အတွင်းမှာပင် မြားဦးပုံ အုပ်ဖွဲ့ နေရာယူပြီးကြလေပြီ။



တာချီလိတ်မြို့မှာ ကျိုင်းတုံမြို့၏ တောင်ဘက်တွင် တည်ရှိ၏။
သို့သော် ဗိုလ်မောင်သိန်းမှာ ရှေးဦးစွာ သူ့လေယာဉ်အုပ်ကို တောင်အရပ်သို့ ဦးမတည်သေးဘဲ ကျိုင်းတုံမြို့ပေါ်သို့ ပေတစ်ထောင်အမြင့်ခန့်မှဝဲ၍ မောင်းလိုက်သေး၏။
လေယာဉ်ပျံများ အုပ်စုဖွဲ့ ပျံသန်းသည်မှာ မြေပြင်မှကြည့်၍ အလွန်ကောင်းပါသည်။
အထူးသဖြင့် ဆီးဖြူရီ တိုက်လေယာဉ်များမှာ လေယာဉ်ဦး ပန်ကာဒလက်များ ဆုံသော နေရာအလုံးကြီး တွင် ရဲရဲတောက်အနီရောင်ကို ဆိုးထားသဖြင့် မြေပြင်မှ ကြည့်ရသည်မှာ အလွန်လှ၏။
ကျိုင်းတုံမြို့သားများမှာ သူတို့ ခေါင်းပေါ်မှ လေယာဉ်ပျံ သုံးစီးကို မော့ကြည့်နေကြ၏။
အချို့က လက်လှမ်းပြနေကြ၏။

အချိန်မှာ ညနေ သုံးနာရီ ဆယ့်ငါးမိနစ်တိတိ။
ကျိုင်းတုံမြို့ ပတ်ဝန်းကျင် ရာသီဥတုမှာ သာယာလှ၏။
တိမ်လုံးဝ မရှိ။
သို့သော် တောင်ယာများ ရိတ်သိမ်းပြီးစအချိန် တောင်ယာမှ ယာအကြွင်းအကျန်များ မီးရှို့ပြီးစအချိန် ဖြစ် ၏။ လေထုပတ်ဝန်းကျင်မှာ မီးခိုးရိပ်များနှင့် ပြည့်နေ၏။
အင်္ဂလိပ်ဘာသာဖြင့် ဤရာသီဥတုမျိုးကို Hazy Weather ဟုခေါ်၏။
နေရောင်တောက်နေသော်လည်း လေထဲ၌ မြင်ကွင်း မကောင်းလှပါ။
တောင်အရိပ်သို့ ဦးတည်လိုက်လေပြီ။
လွယ်မွေတောင်ကြီးမှာ ဗိုလ်မောင်သိန်းတို့ လေယာဉ်အုပ်ရှေ့တွင် မားမားကြီး ရပ်တည်လျက် ရှိ၏။
အမြင့်ပေ ခုနှစ်ထောင် ရောက်လေပြီ။
ဗိုလ်မောင်သိန်းသည် သူ့လေယာဉ်ပျံ၏ စက်အားကို ပြန်လျှော့ ချလိုက်၏။ လေယာဉ်ပျံ၏ ပန်ကာလည်နှုန်းကိုလည်း ပြင်လိုက်၏။ တာချီလိတ်မြို့သို့ ရောက်သည်အထိ ထိုအမြင့်မှပင် သူ ဆက်သွားရန် ဆုံးဖြတ်လိုက်ဟန်ရှိ၏။
တာချီလိတ်မြို့ပေါ် ရောက်လေပြီ။
ဝမ်ပန်ဆန်းရွာရှိရာသို့ ဦးတည်လိုက်၏။
ပျံသန်းချိန်မှာ ဘာမှ မပြောပလောက်ပါ။ ကျိုင်းတုံမှ ထွက်လာပြီး ရန်သူ့ စခန်းပေါ် ရောက်သည်အထိ ဆယ့်ငါးမိနစ်သာ ကြာ၏။
မှန်၏။

ဆီးဖြူရီမှာ ရိုးရိုးစက်တပ် တိုက်လေယာဉ်ပျံများတွင် အလွန်မြန်သော လေယာဉ်ပျံဖြစ်၏။ သာမန် ခရီးဝေးပျံနှုန်းပင် ရေမိုင် ၂၁၀ နှုန်း ရှိ၏။
အချိန်မှာ ညနေ ၃ နာရီခွဲတိတိ။
ဗိုလ်မောင်သိန်းမှာ သူ့လေယာဉ်အုပ်ကို ၀မ်ပန်ဆန်ရှိ ရန်သူ့စခန်းကို ငါးမိုင်အဝေးခန့်မှ ပတ်ပြီး ရွာ၏အနောက်ဘက်သို့ မောင်းသွား၏။ သူ့၏ ရည်ရွယ်ချက်မှာ ရန်သူ့လေယာဉ်ပျံဝင်လာက ရန်သူ့ လေသူရဲ၏ မြင်ကွင်းမှ သူ့လေယာဉ်အုပ်ကို ဖုံးကွယ်ရန် ကြိုးစားခြင်းဖြစ်၏။
လေကြောင်းတိုက်ပွဲများ၌ ရန်သူလေသူရဲများ၏ မြင်ကွင်းမှ တစ်ခုတည်းသော ဖုံးကွယ်နိုင်သည့်နည်းမှာ နေ၀န်းကြီးကို နောက်ခံထားပြီး နေရာယူ ပျံသန်းခြင်းဖြစ်၏။
အချိန်မှာ ညနေ သုံးနာရီခွဲ အချိန်ဖြစ်၍ နေ၀န်းကြီးမှာအနောက်ဘက်တွင် ရပ်တည်နေသည်။
ရန်သူ့လေယာဉ်ပျံမှာ (၀မ်ပန်ဆန်း)ရွာသို့ လာလျှင် တဖက်နိုင်ငံမှ ပျံသန်းလာရမည်ဖြစ်၍ အရှေ့ဘက်မှ ၀င်လာရမည်။ ရွာအနောက်ဘက်၌ မိမိ လေယာဉ်ပျံများ ၀ဲနေလျှင် ရန်သူအနေနှင့် အနောက်ဘက် မိုးကောင်းကင် တွင် ပေါ်နေသော တောင်ပသည့် နေ၀န်းကြီးကြောင့် မျက်စိစူးပြီး ဘာမျှမြင်ရမည် မဟုတ်။ မိမိကို မမြင်လျှင် ရန်သူကို အငိုက်ဖမ်းနိုင်မည်မှာ ဧကန်မလွဲ။
အငိုက်ဖမ်းနိုင်လျှင် အောင်ပွဲရရန် ပထမအဆင့် သေချာပြီ မဟုတ်လား။

ရဲခေါင် နှစ်၊ ရဲခေါင် သုံး ခေါင်းဆောင် ခေါ်နေတယ်၊ ကြားလား၊ အကြောင်းပြန်ပါ၊ ဒါပဲ ”
ရဲခေါင်း နှစ် ကြားတယ်၊ ဆက်ပြောပါ ”
ရဲခေါင်း သုံး ကြားတယ်၊ ဆက်ပြောပါ ”
ကျွန်တော်တို့ ဒီမှာပဲ ၀ဲနေကြမယ်ဗျို့၊ ခင်ဗျားတို့ ချဲပြီးလိုက်ဗျာ၊ ကပ်ပျံမနေကြနဲ့တော့၊ သိပ်ပင်ပန်းမယ်
မှန်သည်၊ အုပ်ဖွဲ့ပျံသန်းရာတွင် တစ်စီးနှင့်တစ်စီး ပူးကပ်ပြီး ပုံမပျက်၊ ပန်းမပျက် ပျံသန်းရသည်မှာ လေသူရဲများအတွက် အလွန် အာရုံစိုက်ရပြီး ပင်ပန်းလှပါသည်။
ချစ်ခိုင်နှင့် ပီတာ နှစ်ယောက်လုံး သူတို့ လေယာဉ်အသီးသီးကို ချက်ချင်း စက်အားလျှော့လိုက်၏။ တစ်စီးနှင့်တစ်စီး တစ်ဖာလုံခန့် ချဲလိုက်၏။ တစ်စီးနှင့်တစ်စီးလည်း ရှေ့နောက်တန်းပြီး နေရာယူလိုက်၏။ နံပါတ် နှစ် ဖြစ်သော ပီတာ့လေယာဉ်ပျံမှာ အလယ်တွင် ရှိပြီးချစ်ခိုင် လေယာဉ်ပျံမှာ နောက်ဆုံးတွင် ရှိ၏။
ဆယ့်ငါးမိနစ်ခန့်် ရှိသွားပြီ။
ညနေ လေးနာရီ ထိုးတော့မည်။

ကိုသိန်း
ဘာလဲ
ပီတာက လေလှိုင်းမှ မောင်သိန်းကို လှမ်းခေါ်လိုက်ခြင်း ဖြစ်၏။
ဆယ့်ငါးမိနစ်တောင် ရှိသွားပြီဗျာ၊ ခင်ဗျား လေယာဉ်ပျံက လာပါ့ဦးမလား
ငါလည်း ဘယ်ပြောတတ်မလဲကွ၊ နေ့လည်က (ဒီဇက်)ခင်းပြတာကတော့ အမှန်ပဲ၊ ငါ့မျက်စိနဲ့ အသေအချာ မြင်တာ၊ ဗိုလ်မှူးတင်မောင်အေး ထင်သလိုပဲ၊ ဒီကောင်တွေ ဒီနေ့တော့ လာတော့ လာမှာပဲ၊ အချိန်သာ မပြောနိုင်တာ၊ စောင့်ကြည့်ကြသေးတာပေါ့ကွာ၊ လေးနာရီခွဲအထိ စောင့်ကြည့်ကြဦးမယ်
ဒုဗိုလ်ပီတာနှင့် ဗိုလ်ချစ်ခိုင်၏ ရင်ထဲတွင်မူ ထိုနေ့က မျှော်လင့်ချက် မထားလှကြပါ။ မြေပြင်မှ ရန်သူတပ်ဖွဲ့များအနေဖြင့် နေ့လည်က မိမိတို့ဘက်မှ ကင်းထောက် (ဆက်စနာ) လေယာဉ်ပျံ လာဝဲသည်ကို မြင်တွေ့ပြီးသည်နှင့် မိမိတို့ဘက်မှ တိုက်လေယာဉ်များ တစ်ကြိမ်လာနိုင်သေးသည်ကို တွေးမိပြီး သူတို့ သက်ဆိုင်ရာ စခန်းများသို့ ယနေ့ လေယာဉ်ပျံ အမှန် လာစရာ ရှိဦး၊ မလာရန် အကြောင်းကြားပြီးလောက်ပေပြီ။

သူတို့ ယခု လာစောင့်နေကြခြင်းသည် အချိန်လာဖြုန်းနေသည်ဟုသာ ထင်နေမိကြ၏။
အကျိုးများလှမည်ဟု မထင်ကြ။
အချိန်မှာ ညနေ လေးနာရီ ငါးမိနစ်။
ကိုသိန်းရေ ဟိုမှာ လာနေပြီဗျို့
ပီတာက ရေဒီယိုလှိုင်းမှ လှမ်းအော်လိုက်၏။
ဟုတ်တယ်ဟေ့၊ စက်ခေါင်းလေးလုံးတပ် လေယာဉ်ပျံကြီးကွ
မောင်သိန်းက ပြန်အော်လိုက်ပြန်သည်။ သူတို့အားလုံး အူမြူးသွားကြသည်။ မျှော်နေသော သားကောင် ရောက်ခဲ့လေပြီ။
မှန်သည်။
စက်ခေါင်းလေးလုံးတပ် လေယာဉ်ပျံကြီးမှာ အရှေ့မှအနောက်သို့ ဦးတည်ပြီး ၀မ်ပန်ဆန်းရွာရှိရာသို့ လာနေသည်။ အရောင်မှာ အစိမ်းပုပ်ရောင် ဖြစ်၏။



ဘာ လေယာဉ်ပျံလဲဗျ
ချစ်ခိုင်က မောင်သိန်းကို လှမ်းမေးလိုက်၏။
မသိဘူး ပီတာ၊ မင်းရော သိလား
မသိဘူး
ပီတာမှာ လေသူရဲ မဖြစ်လာမီဘ၀က လေတပ်ရဲညွှန့် ပညာသင်အဖြစ် အင်္ဂလန်နိုင်ငံသို့ ပညာသင်သွားဖူး ၏။ နိုင်ငံခြား အတွေ့အကြုံရှိသူ ဖြစ်၏။ ထိုကြောင့် မောင်သိန်းက သူ့ကို အထင်ကြီးပြီး ပြန်မေးလိုက်ခြင်း ဖြစ်၏။
တဖြည်းဖြည်း နီးလာချေပြီ။
ဗိုလ်မောင်သိန်းသည် ရန်သူ့လေယာဉ်ကို ညာဘက်မှ ချဉ်းကပ်တိုက်ခိုက်ရန်အတွက် သူ့လေယာဉ်ပျံကို ဘယ်ဘက်သို့ ကွေ့မောင်းသွား၏။
ဒုဗိုလ်ပီတာနှင့် ဗိုလ်ချစ်ခိုင်တို့က ကိုက်ငါးရာခန့်စီ ချဲပြီး အနောက်မှ ရှေ့နောက်တန်းပြီး လိုက်သွားကြ၏။
ဗိုလ်မောင်သိန်း ရင်တွင်း၌ ထိုအချိန်ထိ ပစ်ချရမည်လား၊ အရှင်ဖမ်းရမည်လား၊ မဆုံးဖြတ်နိုင်သေးပါ။
ပြဿနာမှာ ယခုထိ ရန်သူ့လေယာဉ်ပျံမှာ သယ်ယူပို့ဆောင်ရေး လေယာဉ်ပျံလား၊ ဗုံးကြဲလေယာဉ်ပျံလား မခွဲခြားနိုင်သေး။

ကိုသိန်း ဗုံးကြဲလေယာဉ်ကြီးဗျ၊ ကိုယ်ထည် အလည်ထိပ်မှာ သေသေချာချာကြည့်၊ စက်သေနတ်နှစ် လက် တပ်ထားတယ်
ပီတာ၏ အသံဖြစ်၏။
မှန်သည်။
နောင်အခါမှ သူတို့ အတိအကျ သိခွင့်ရသည်မှာ သူတို့ အရှေ့မှ ရန်သူ့လေယာဉ်ပျံကြီးမှာ B 24 Librator Y2 အမျိုးအစား ဗုံးကြဲလေယာဉ်ပျံကြီး ဖြစ်၏။
ဟေ့ ဒါဆိုရင် ပစ်ချမယ်၊ ရဲခေါင် နှစ်၊ ရဲခေါင် သုံး တိုက်ပွဲဝင်ရန် အသင့်ပြင့်
ရဲခေါင် နှစ် အသင့်
ရဲခေါင် သုံး အသင့်
လေယာဉ်စက်ခန်း သေနတ်ချိန်ခွက်ထိန်း ခလုတ်ကို ဖွင့်လိုက်၏။
ရှေ့ချိန်သီး လေးထောင့်မှန်ကလေးပေါ်တွင် ဆနွင်းမကင်းပုံ လေးမြှောင့်တုံးကလေး နှစ်ခု ပေါ်လာ၏။ ထိုနှစ်ခုစလုံးမှာ စက်ဝိုင်းပုံပတ်နေပြီး အလည်တွင် အ၀ါရောင်အစက်ကလေးကိုလည်း ထင်ရှားစွာမြင်နေရ၏ ။
ထိုချိန်သီးအတွင်း၌ ရန်သူ့လေယာဉ်ပျံကို ၀င်အောင် ချိန်ပြီး မှန်အောင် ပစ်ရပေမည်။
အမှန်တော့ သူတို့ သုံးယောက်စလုံးတွင် လေထဲ၌ လေယာဉ်ပျံချင်း တိုက်ခိုက်သော လေကြောင်းတိုက်ပွဲ အတွေ့အကြုံ လုံးဝ မရှိပါ။
မိခင်လေတပ်စခန်းတွင် ရှိစဉ်ကလည်း တစ်စင်းနှင့် တစ်စင်းလိုက်ပြီး စမ်းသပ်လေ့ကျင့်ခြင်းမျိုးကိုလည်း တစ်ကြိမ်မှ မလုပ်ဖူးပါ။ အားလုံး တိုက်လေယာဉ်အုပ်ရောက်စက အုပ်မှူးလုပ်သူက ကျောက်သင်ပုန်းကြီးပေါ်တွင် လေယာဉ်ပျံပုံများ ဆွဲပြီး အနည်းငယ် ဗဟုသုတအဖြစ် ပြောပြဖူး၍ စာတွေ့သာ သင်ဖူး၏။
ထိုစဉ်က သူတို့ အမှတ် ၁ တိုက်လေယာဉ်အုပ်၏ တာဝန်မှာ မြေပြင်ပစ်မှတ်များကို တိုက်ခိုက်ရန် ရှိသည် မဟုတ်လား။ မြေပြင်ပစ်မှတ်များကို တိုက်ခိုက်မည့်နည်းကိုသာ သိ၏။

ကျွမ်းကျင်၏။
ခက်ပြီ။
တကယ်တော့ လေယာဉ်ပျံအချင်းချင်း တိုက်ခိုက်ရာ၌ သုံးသည့် သေနတ်ချိန်သီးနှင့် မြေပြင်ပစ်မှတ်များကို ပစ်ခတ်ရာတွင် သုံးသည့် ချိန်သီးတို့မှာ ခြားနားမှု ရှိသည်။ မြေပြင်ပစ်မှတ်များကို ပစ်ခတ်ရာတွင် ပုံသေချိန်သီး (Fixed Gunsight)ကိုသုံး၍ လေယာဉ်ပျံအချင်းချင်း ပစ်ခတ်ရာ၌မူ ဂျိုင်ရိုချိန်သီး (Gyro Gunsight)ကို သုံး၏။ ကျွန်ုပ်တို့ ကမ္ဘာမြေကြီးတွင် ဆွဲအား (Gravity) ရှိ၏။
ဤဆွဲအားကြောင့် ကျည်သွားလမ်းကြောင်း ပြောင်းသွားနိုင်သည်ကို ဝေဟင်မှ မြေပြင်သို့ လေယာဉ်ပျံကို ထိုးဆိုက်ဆင်းပြီး ပစ်ခတ်ရာ၌ အထူး ထည့်စဉ်းစားစရာ မလိုသော်လည်း ဝေဟင် ဝေဟင်ချင်း ပစ်ခတ်ရာ၌မူ ကမ္ဘာ့ဆွဲအားကို ထည့်မစဉ်းစာဘဲ သေနတ်ချိန်သီးကို အထူးပြုပြင်ပေးမထားဘဲ ပစ်၍မရ။
ပစ်မှတ်ထိမည် မဟုတ်။ တော်ပါသေးသည်။ ထိုနေ့က သူတို့မောင်းသော ဆီးဖြူရီတိုက်လေယာဉ်များတွင် (ဂျိုင်ရို) ချိန်သီး ပါသည်။

ရန်သူ့လေယာဉ်မှာ ပေငါးထောင်အမြင့်တွင် ရှိသည်။
ဗိုလ်မောင်သိန်းတို့ ရဲခေါင်တိုက်လေယာဉ်အုပ်က ပေခုနှစ်ထောင်တွင် ရှိနေသဖြင့် အမြင့်ပေ နှစ်ထောင်က အပေါ်စီးရနေ၏။
ဗိုလ်မောင်သိန်းသည် သူ့လေယာဉ်ပျံကို ရန်သူ့၏ ဘယ်ဘက် စက်ခေါင်းနှစ်လုံးကို ချိန်ပြီး ထိုးစိုက်ဆင်း သွား၏။

စက်သေနတ်ခလုတ်အဖုံးလေးကို မ,ဖွင့်လိုက်၏။ ထိုခလုတ်မှာ ဆီးဖြူရီတိုက်လေယာဉ်များတွင် လေယာဉ်ထိန်းမောင်းတံ အပေါ်ထိပ် လေသူရဲ၏ ညာဘက်လက်မအနီးတွင် ရှိ၏။
ရန်သူ့ လေယာဉ်ပျံနှင့် ပေသုံးရာမျှ ကွာတော့သည်။
လေယာဉ်ပျံတစ်စီးလုံးတွင် မည်သည့် အမှတ်အသားတံဆိပ်မှ မတွေ့ရ။
ပေနှစ်ရာမျှ ကွာတော့သည်။

ဗိုလ်မောင်သိန်းသည် သူ့စက်သေနတ်ခလုတ်ကို နှိပ်လိုက်၏။ ကျည်ဆန်များ ရေပိုက်မှ ရေပန်းထွက်လာ သလို ရန်သူ့ လေယာဉ်ပျံရှိရာသို့ အရှိန်အဟုန်ပြင်းစွာနှင့် ပြေးသွားကြသည်။ နေရာအနှံ့တွင် မှန်၏။
ပစ်ခွင့်ရသည့် အချိန် သုံးစက္ကန့်၊ လေးစက္ကန့်ထက် မပိုပါ။
ရှေ့မှ လေယာဉ်ပျံနှင့် တိုက်လုတိုက်ခင် အကွာအဝေးသို့ ရောက်သွားပြီးဖြစ်၍ သူ့လေယာဉ်ပျံကို အပေါ်သို့ ပန်းပြီး ဘယ်ဘက်ကွေ့ ဆွဲတင်သွားရ၏။

ဆီးဖြူရီတိုက်လေယာဉ်များ၌ စက်သေနတ်မှာ ဟစ်ပါနို(Hispano)အမျိုးအစား စက်သေနတ် ဖြစ်၏။ အတောင်ပံတစ်ဖက်တွင် နှစ်လက်စီ တွဲတပ်ထား၏။ ထို့ကြောင့် စုစုပေါင်းလေးလက် ပါ၏။ ကျည်အရွယ်အစားမှာ ၂၀မီလီမီတာ 20 mm ရှိသဖြင့် ဤသေနတ်ကို စက်သေနတ်ဟု မခေါ်၊ စစ်အမြောက် Cannon ဟုခေါ်၏။ ကျည်များ အမြောက်ကျည်ကဲ့သို့ပင် ရိုးရိုးဖောက်ထွင်းကျည်များသာမက တစ်ဆင့်ပေါက်ကွဲကျည်များလည်း ပါဝင်၏။ ပစ်ခတ်မှုအားလုံးကို လျှပ်စစ်ဓာတ်အားဖြင့် ထိမ်းချုပ်မှု လုပ်၏။ ကျည်သုံးတောင့်တွင် တစ်တောင့် သို့မဟုတ် ကျည်ငါးတောင့်တွင် တစ်တောင့် လောင်ကျည် (Tracer) ပါသဖြင့် ကျည်သွားလမ်းကို လေသူရဲ လှမ်းမြင်ရ၏။

မောင်သိန်း လေယာဉ်ပျံ ကျော်သွားသည်နှင့် ပီတာ့ လေယာဉ်ပျံ ရန်သူ့လေယာဉ်ပျံ ရှိရာသို့ ထိုးစိုက်ဝင်လာရ၏။
စက်သေနတ် လေးလက် ပြောင်းဝများမှာ ချက်ချင်း မီးပွင့်လာ၏။
ပစ်ခတ်မှု စလေပြီ။
ဗိုလ်ပီတာ ပစ်ခတ်မှုမှာလည်း စက္ကန့်ပိုင်းသာ ကြာ၏ ။ ငါးစက္ကန့်ထက် ပိုမည်ဟု မထင်ပါ။
ထိုအချိန်၌ ထူးခြားသည့်မြင်ကွင်းမှာ မောင်သိန်း လေယာဉ်ပျံ စ,၀င်ပစ်သည့် အချိန်နှင့် တပြိုင်တည်း လောက်တွင်ပင် ရန်သူ့လေယာဉ်ပျံမှ ပထမအထုပ် နှစ်ထုပ် ကျသွား၏။
လေထီးပွင့်သွား၏။
သူတို့ မြေပြင်တပ်စခန်းသို့ ချပေးရန် ယူခဲ့သော ရိက္ခာထုပ်၊ လက်နက်ပစ္စည်းထုပ်များ ဖြစ်ဟန်ရှိ၏။
ဗိုလ်မောင်သိန်း လေယာဉ်ပျံ ကျော်သွားသည့် အချိန်၌မူ ရန်သူနှစ်ယောက် လေထီးဖြင့် ရိက္ခာချသော တံခါးပေါက်မှ ခုန်ထွက်သွားသည်ကို တွေ့၏။

လေထီးပွင့်သွား၏။
အစိမ်းရောင်ထီးများ ဖြစ်၏။
ထိုအချိန်တွင် လေယာဉ်ဗိုက်အောက် မြေပြင်အနေအထားမှာ တောကြီးဖြစ်နေသဖြင့် သူတို့ အသက်ရှင်စ ရာလမ်းတော့ မရှိလှပါ။
ချစ်ခိုင်လေယာဉ်ပျံ ထိုးစိုက်ဝင်လာပြန်၏။
ကိုချစ်ခိုင် ဟိုကောင်တွေ ပြန်ပစ်တယ်နော်၊ သတိထား သတိထား
ပီတာက ချစ်ခိုင်ကိုလှမ်းပြောလိုက်ခြင်း ဖြစ်၏။
မှန်သည်။
ချစ်ခိုင်လေယာဉ်ပျံ ရန်သူ့လေယာဉ်ပျံမှ ပေ ၃၀၀ အနီး ရောက်သည်နှင့် ရန်သူ့လေယာဉ်ပျံမှ ဆီးကြိုပစ် ခတ်သောကျည်များ သူ့ထံ ပြေးလာသည်ကို တွေ့ရ၏။
ချိန်သား မမှန်။
သူ့လေယာဉ်အမိုးပေါ်မှ အားလုံးကျော်ပြေးသွားနေကြောင်း သတိထားလိုက်မိ၏။
သတ်ကွင်းသို့ ရောက်ပြီ။
ချစ်ခိုင်သည် သူ့စက်အမြှောက်ခလုတ်ကို လက်နှင့် လှမ်းနှိပ်လိုက်သည်။
ရန်သူ့လေယာဉ်ပျံ၏ စက်ခန်းအောက် ကိုယ်ထည်ပိုင်းကို ထိထိမိမိ မှန်သည်ကို ထင်ထင်ရှားရှား တွေ့ရ၏။
ထိုအချိန်၌ ရန်သူ့လေသူရဲကလည်း သူ့လေယာဉ်ပျံကို တည့်တည့်မတ်မတ် ဆက်မပျံတော့။ တစ်ရာ့ရှစ်ဆယ် ဒီဂရီနောက်သို့ ၀ိုက်ကွေ့ချပြီး တဖက်နိုင်ငံပိုင် နယ်မြေဘက်သို့ ပြန်လှည့်ပြေးရန် ကြိုးစားသည်။
ကိုချစ်ခိုင် ခင်ဗျား ပစ်တာ မှန်တယ်ဗျ၊ ကျွန်တော် ပစ်တုန်းကရော မှန်ရဲ့လား
ပီတာ လှမ်းအော်မေးခြင်း ဖြစ်၏။

မှန်တယ်၊ မှန်တယ်
ချစ်ခိုင်သည် ရှေ့မှ လေယာဉ်နှစ်စင်းလုပ်သကဲ့သို့ သူ့ လေယာဉ်ပျံကို ရန်သူ့ လေယာဉ်အမိုးနှင့် ကပ်ကျော် ဖြတ်ပျံပြီး နောက်သို့ ထောင်ကွေ့ချလိုက်၏။
ထိုအချိန်၌ မောင်သိန်းလေယာဉ်ပျံမှာ ပီတာ့လေယာဉ်ပျံမှ ကိုက်ငါးရာခန့်အကွာတွင် ထိုးတက်၍ နေရာယူလိုက်၏။
ပီတာနှင့် မောင်သိန်းလေယာဉ်ပျံမှာလည်း ကိုက်ငါးရာခန့်ပင် ကွာပေမည်။
မောင်သိန်း လေယာဉ်ပျံမှာ ဒုတိယအသုတ် ပစ်ပြီးသွားပြန်ချေပြီ။
ထိုအချိန်၌ ရန်သူ့လေယာဉ်ပျံ၏ ဘယ်ဘက်အပြင် စက်ခေါင်းမှာ မီးစလောင်နေ၏။ နောက် ဘယ်ဘက် အတွင်း စက်ခေါင်း မီးစလောင်၏။ နောက် ညာအပြင် စက်ခေါင်း မီးစလောင်၏။
ဟေ့ မြန်မြန် ၀င်ပစ်ကြဟေ့၊ ဟိုကောင်တွေ တဖက်နိုင်ငံ နယ်နိမိတ်ထဲ ရောက်တော့မယ်
ဗိုလ်မောင်သိန်း လှမ်းသတိပေးလိုက်သံ ဖြစ်၏။

မှန်သည်။
ရန်သူ့လေယာဉ်မှာ အရှေ့စူးစူးသို့ ဦးတည်ပြီး တဖက်နိုင်ငံ နယ်နိမိတ်ထဲရောက်အောင် အရှိန်အဟုန် ပြင်းစွာနှင့် ပြေးနေ၏။ နယ်နိမိတ် မျဉ်းကြောင်းကို ဖြတ်ကျော်ရန် တစ်မိုင်ပင် မဝေးတော့။
ပီတာ့ လေယာဉ်ပျံ ရန်သူ့ ညာဘက်သို့ ထိုးကပ်ချဉ်းကပ်သွားပြန်သည်။
သတ်ကွင်းသို့ ရောက်ပြန်ချေပြီ။
ပီတာ့ လေယာဉ်ပျံ စက်အမြှောက် လေးလက်မှ ကျည်များ ပန်းထွက်နေသည်ကို အဝေးမှ လှမ်းမြင် နေရ၏။
ထိုအချိန်၌ ရန်သူ့ လေယာဉ်ပျံ၏ နောက်ဆုံး ကျန်ရှိနေသော ညာဘက်အတွင်း စက်ခေါင်းမှာလည်း မီးစ လောင်လျက် ရှိလေပြီ။
သို့သော် မြေပြင်သို့ ထိုးစိုက်မကျသွားသေးဘဲ စက်ခေါင်း လေးလုံးစလုံး မီးလောင်ပြီး ရှေ့တူရူသို့ ပျံသန်းပြေးနေဆဲ ဖြစ်၏။
ဟာ! ကျွန်တော် ထိသွားပြီးဗျို့
ပီတာ့အသံ ဖြစ်၏ ။



ချစ်ခိုင်သည် ပီတာ့ အသံကို ကြားလိုက်သော်လည်း ပီတာ ရှိရာသို့ လှမ်းမကြည့်အား။ သူ၏ သတ်ကွင်းသို့ ရောက်လုပြီဖြစ်သော ရန်သူ့ လေယာဉ်ပျံသို့သာ စူးစိုက်ကြည့်နေ၏။
ရန်သူ့ လေယာဉ်ပျံအတွင်းပိုင်းမှ ပေါက်ကွဲသံအချို့ ဖြစ်ပွားနေ၏။ မှန်များ ပွင့်ထွက်ကွဲထွက်နေကြသည်ကို လည်း တွေ့နေရ၏။
ရှေ့မှ ရန်သူနှင့် ပေနှစ်ရာပင် မဝေးတော့။
ချစ်ခိုင်သည် သူ့ သေနတ်ချိန်သီးကို ရန်သူ့လေယာဉ်ဦးပိုင်းကို အတိအကျ ကွက်တိဝင်အောင် ချိန်တွယ် လိုက်၏။
နောက် စစ် အမြှောက်ခလုတ်ကို နှိပ်လိုက်၏။
မျှော်လင့်သလို ထိချက်မမှန်။ စက်ခန်းအနောက် ကိုယ်ထည်ပိုင်းသို့သာ သူ ပစ်သမျှ ကျည်ဆန်တွေ စုံပြုံမှန်သွားသည်ကို တွေ့လိုက်ရသည်။
ထိုအချိန်၌ ရှေ့မှ ရန်သူ့လေယာဉ်ပျံမှာ ဆယ်ပေပင် မဝေးတော့။
သူ ရုတ်တရတ် လေယာဉ်ချင်း ၀င်ဆောင့်မိမည်စိုး၍ လေယာဉ်ထိန်းမောင်းတံကို ပင့်တင်ဆွဲလိုက်ရ၏။ စက္ကန့်ဝက်မျှ လက်ဦးမှုရှိ သွားသည်ဟု ဆိုရမည်။ ရန်သူ့လေယာဉ် ကိုယ်ထည်အပေါ်လေးမှ သူ့လေယာဉ်ပျံ ကပ်၍ လွတ်သွား၏။

ဒုန်း
သူ့လေယာဉ်၏ အမြီးပိုင်းမှ ထွက်ပေါ်လာသော အသံ ဖြစ်၏။
အမြီးပိုင်း ထိသွားပြီ။
ရန်သူ အနီးကပ် လှမ်းပစ်သော ကျည်မှန်ခြင်းပင်လား ။ ရန်သူ့ လေယာဉ်ပျံ၏ အမိုးပိုင်းနှင့် သူ့လေယာဉ် အမြီးမလွတ်၍ ချိတ်မိခဲ့လေသလား။ သူ မည်သို့မျှ ယနေ့တိုင်ပင် သဲကွဲစွာ ပြန်မတွေးနိုင်။ စခန်း ပြန်ရောက်၍ သူ့ လေယာဉ်ပျံတစ်စီးလုံး ရန်သူ့ ကျည်ဆံပေါက် ရှာကြည့်သောအခါ၌လည်း တစ်ပေါက်မျှ မတွေ့။ သို့သော် အမြီး ပိုင်းတွင် တခုခုဖြစ်သွားပြီ ဖြစ်သည်မှာတော့ အမှန်ဖြစ်၏။ ချက်ချင်း သိ၏။ ကျည်မှန်ခြင်း ဖြစ်ဖို့တော့ များပါသည်။ ချစ်ခိုင်သည် သူ့လေယာဉ်ပျံကို နောက်သို့ တဖန်ပြန်ကွေ့ချလိုက်သည်။
ပါလာသမျှ ကျည်ဆန်များလည်း ကုန်ချေပြီ။
သူ အလွန် အံ့သြ၏။

ဆီးဖြူရီတိုက်လေယာဉ်တစ်စီး၌ စက်သေနတ်တစ်လက်တွင်ကျည် ၁၂၅ တောင့်။ လေးလက် ရှိသဖြင့် ကျည်ငါးရာအထိ ပါ၏။ ငါးရာဆိုသောကျည်မှာ နည်းသည် မဟုတ်။ ယခု သူ နှစ်ကြိမ်သာ ပစ်ရသေးသည်။ တစ်ကြိမ် ပစ်မှ သုံးစက္ကန့်၊ လေးစက္ကန့်သာ ကြာသည်ဟု ထင်ရ၏။ ပစ်မှတ်ရသည့်အချိန်အတွင်း ပါသမျှ ကျည်ကုန် လေပြီ။ အဘယ်မျှ မဲပြီး သူ ပစ်ခဲ့ပါလိမ့်။
ထိုအချိန်၌ မောင်သိန်း လေယာဉ်ပျံနှင့် ရန်သူ့လေယာဉ်ပျံမှာ ပေနှစ်ရာမျှ ကွာတော့သည်။
မောင်သိန်းသည် ပေတစ်ရာကွာသည်အထိ ဆက်ချဉ်းကပ်သွား၏။
ပစ်ခတ်မှု စလေပြီ။
ချစ်ခိုင်သည် အဝေးမှ အံ့သြစရာမြင်ကွင်း လှမ်းမြင်လိုက်ရပါသည်။
ရန်သူ့လေယာဉ်ပျံမှာ မောင်သိန်း၏ စက်အမြှောက်ဒဏ်ကြောင့် အမြီးပိုင်းတစ်ခုလုံး ပြုတ်ကျသွား၏။ ထို့နောက် ရုတ်ချည်း ထိုးစိုက်ပြီး မြေပြင်သို့ ထိုးကျသွားသည်။
အောင်ပြီ
ရန်သူ့ လေယာဉ်ပျံကို ပစ်ချနိုင်ခဲ့ပြီ။

ရဲခေါင် နှစ် ရဲခေါင် သုံး ရဲခေါင်ခေါင်းဆောင် ခေါ်နေတယ်၊ ကြားရင် အကြောင်းပြန် ဒါပဲ
မောင်သိန်းလေယာဉ်ပျံမှ လှမ်းခေါ်သံ ဖြစ်၏။
ချစ်ခိုင်သည် မောင်သိန်းအသံကို ကြည်လင်စွာ ကြားရသည်။ သို့သော် ရေဒီယိုအဆက်အသွယ် လုပ်ရာ၌ လေသူရဲများ လိုက်နာရမည့် စည်းကမ်းမှာ နံပါတ်ကြီးစဉ်ငယ်လိုက် တစ်ယောက် ထူးပြီးမှ ကျန်တစ်ယောက် ထူးရမည်။ ထို့ကြောင့် ပီတာ့ထူးသံကို သူ စောင့်ပြီး ငြိမ်နေ၏။
ရဲခေါင် နှစ်၊ ရဲခေါင် သုံး ခေါင်းဆောင်ခေါ်နေတယ်၊ အကြောင်းပြန်
မောင်သိန်းက တစ်ကြိမ် ထပ်ခေါ်ပြန်၏။
ပီတာအသံ ပေါ်မလာပြန်။



ကိုချစ်ခိုင်
ဗျာ…”
ကျွန်တော့် အသံ ခင်ဗျား ကောင်းကောင်း ကြားလား
ကြားတယ်
ပီတာ ပြန်မထူးပါလားဗျ၊ သူ့အသံ ခင်ဗျား ကြားလား
မကြားဘူး
ရဲခေါင် နှစ်၊ ရဲခေါင် ခေါင်းဆောင် ခေါ်နေတယ်၊ ကြားရင်အကြောင်းပြန် ဒါပဲ
ပီတာ့အသံ လေထဲတွင် ပျောက်နေ၏။
ပီတာ ပီတာ ဟေ့ကောင် မင်း ငါ့အသံ ကြားလား၊ ကြားရင် အကြောင်းပြန် ဒါပဲ
မောင်သိန်းသည် စိတ်တိုလာဟန် ရှိ၏။ ရေဒီယိုအဆက်အသွယ်လုပ်မှုကို စနစ်တကျ မလုပ်တော့ဘဲ နာမည် တပ်၍ လှမ်းခေါ်ခြင်းကို လုပ်တော့သည်။
ကိုသိန်း
ချစ်ခိုင် လှမ်းခေါ်ခြင်း ဖြစ်၏။
ဗျာ…”
ပီတာ ကျွန်တော် ဒုတိယအကြိမ် ၀င်ပစ်နေတုန်းက သူ ထိသွားပြီးလို့ လှမ်းအော်တာ ကြားမိတယ်၊ ခင်ဗျား မကြားမိဘူးလား
မကြားဘူး၊ ခင်ဗျား ကြားလိုက်တာရော သေချာလား
သိပ်သေချာတယ်၊ သေသေချာချာကို ကြားမိတာ
ဒါဆိုရင် ဒီကောင် သွားပြီထင်တယ်၊ ခင်ဗျား အခု ဘယ်မှလဲ၊ ဘာဖြစ်သေးလဲ
ကျွန်တော် ၀မ်ပန်ဆန်းအနောက်ဘက် ပေငါးထောင်မှာ ခင်ဗျားကို လှမ်းမြင်နေရတယ်၊ ကျွန်တော့်အမြီး ကို ကျည်မှန်ထားတယ်၊ လှမ်းကြည့်လို့လည်း ဘာမှမမြင်ရဘူးဗျ၊ ဒါပေမယ့် တစ်ခုခု ဖြစ်နေသလိုပဲ
ကျွန်တော့်ကို မြင်နေရတယ်ဆိုရင် ကျွန်တော့်အနား လာခဲ့
မောင်သိန်း၏ လေယာဉ်ပျံမှာ ၀မ်ပန်ဆန်း၏ တောင်ဘက်တွင် ရှိ၏။

 ချစ်ခိုင်သည် မောင်သိန်း၏ လေယာဉ်ပျံ ရှိရာသို့ စက်အရှိန်မြှင့်ပြီး ပျံသွား၏ ။ ညာဘက်တောင်ပံ အနီးကပ်၍ နေရာယူလိုက်၏။ ဤနေရာမှာ ပီတာသာ ရှိသေးလျှင် ပီတာ ယူရမည့်နေရာ ဖြစ်၏။
မောင်သိန်းသည် ချစ်ခိုင်လေယာဉ်ပျံ၏ အမြီးပိုင်းကို လှမ်းကြည့်လိုက်၏။ လေယာဉ်အမြီးပိုင်းရှိ နောက်ဘီး အုံတစ်ခုလုံးမှာ အစအန မကျန်အောင် ပြုတ်ထွက်နေသည်ကို မြင်ရ၏။ အမြီး သုံးပုံ တစ်ပုံအရှည်၌ အောက်ပိုင်း အမြီးထုတစ်ဝက် မရှိတော့သဖြင့် ထောင်နေသော ပဲ့နှင့် အတက်အဆင်းထိန်းရွက်ရှိသော အမြီးကိုယ်ထည်ပိုင်းမှာ လည်း သူ့ဝန်ကို သူ ဆက်မထိန်းနိုင် ဖြစ်နေဟန် ရှိ၏။ အထက် အောက် ယိမ်းခါလျက် ရှိလေပြီ။
မောင်သိန်း အလွန် စိုးရိမ်သွား၏။

ကိုချစ်ခိုင် ခင်ဗျား နောက်ဘီးအုံတစ်ခဲလုံး ပြတ်ကျန်နေခဲ့ပြီးဗျ၊ ခင်ဗျား မောင်းနေရတာ ဘယ်လိုနေလဲ
နည်းနည်းတော့ အမြီးပိုင်းက ခါနေသလိုပဲ
ဟုတ်တယ် ခင်ဗျား အမြီးပိုင်းကြီးတစ်ခုလုံး အထက်အောက် ခါနေတယ်၊ ခင်ဗျား သိပ်ပြီး ဟိုလှုပ်၊ ဒီလှုပ် မလုပ်နဲ့တော့၊ တတ်နိုင်သလောက် ညင်ညင်သာသာ မောင်း၊ စခန်းပြန်တော့
ခင်ဗျားကရော
ကျွန်တော် ပီတာကို လိုက်ရှာလိုက်ဦးမယ်
အံ့စရာ ဖြစ်၏ ။

ထိုနေ့က ဗိုလ်မောင်သိန်းမှာ ရန်သူ့လေယာဉ်ပျံကို သုံးကြိမ် အနီးကပ် ၀င်ပစ်ခဲ့သော်လည်း ရန်သူ့ လေယာဉ်ပျံမှ လှမ်းပစ်သော ကျည်များမှာ သူ့ကို တချက်မျှ လာမမှန်။ ထူးခြားစွာ ကံကောင်းခဲ့သူ ဖြစ်၏။
ဟာ ဘယ်ဖြစ်မှာလဲဗျ၊ ကျွန်တော် ကျိုင်းတုံ မရောက်ခင် အမြီးပိုင်းပြတ်ပြီး ဟိုတရုတ်လေယာဉ်ပျံလို ထိုးကျသွားရင် ကျွန်တော် ကျတဲ့နေရာကို ဘယ်သူ စခန်းကို အကြောင်းကြားပေးမှာလဲ၊ ခင်ဗျား လိုက်ခဲ့ပါဦးဗျ၊ ပီတာက ခုပျောက်နေပြီပဲ၊ ကျွန်တော့်ကို ကျိုင်းတုံရောက်အောင် လိုက်ပို့ပြီးမှ ခင်ဗျား တခေါက် လာပြန်ရှာချင် လည်း ရှာပေါ့
မှန်သည်။

မောင်သိန်း လုပ်သင့်သည်မှာ ချစ်ခိုင် အကြံပေးသည့်အတိုင်း ဖြစ်၏။ မောင်သိန်းသည် စိတ်ထဲတွင် အနည်းငယ် ပျာနေဟန် ရှိ၏။ ပီတာမှာ လုံးဝ ပျောက်နေသူ ဖြစ်၏။ သူ့ကို ယခုချက်ချင်း အပူတပြင်း ကြိုး စားရှာနေ၍ ဘာမှ အကျိုးထူးစရာ မမြင်။

ဟုတ်ပြီလေ၊ ကျွန်တော် လိုက်ခဲ့မယ်၊ ခင်ဗျား ရှေ့ကသွား
ချစ်ခိုင်သည် သူ့လေယာဉ်ပျံကို ကျိုင်းတုံမြို့ရှိရာ မြောက်အရပ်သို့ ဦးတည်လိုက်၏။
အချိန်မှာ ၄ နာရီ ၁၅ မိနစ်။
တိုက်ပွဲ ဖြစ်ခဲ့ကြသည့်အချိန်မှာ ပြန်တွက်ကြည့်လျှင် ငါးမိနစ် ပိုကြာခဲ့မည် မထင်ပါ။
ပေငါးထောင်အမြင့်မှာပင် ဆက်ပျံခဲ့ကြ၏။
ဆယ်မိနစ်ခန့် ရှိသွားလေပြီ။
သူတို့ ဘယ်ဘက် မလှမ်းမကမ်းတွင် လွယ်မွေတောင်ကြီးမှာ တောင်ထိပ်ကို တိမ်ဖုံးလျက် ရှိ၏။
ကျိုင်းတုံမျှော်စင် ရဲခေါင်လေယာဉ်ပျံအုပ် ခေါင်းဆောင် ခေါ်နေတယ်၊ အသံကြား အကြောင်းပြန် ဒါပဲ
ရဲခေါင် ခေါင်းဆောင် မင်းအသံ ငါ ကြားတယ် ၊ ဘယ်နှယ့်လဲဟေ့ သားကောင် တွေ့လား
မျှော်စင်ထိန်း အရာရှိ၏ အသံမဟုတ်။ အမှတ်(၁) တိုက်လေယာဉ်မှူး ဗိုလ်မှူးတင်မောင်အေးအသံ ဖြစ်၏။
ဟုတ်ကဲ့ တွေ့တယ်၊ ပစ်ချခဲ့ပြီ၊ နံပါတ် နှစ် ပျောက်နေတယ်၊ နံပါတ် သုံး အမြီးပိုင်း ကျည်မှန်ထားတယ်၊ အရေးပေါ် ကွင်းဆင်းမယ်
ဗိုလ်မှူးတင်မောင်အေးသည် “ဟုတ်ကဲ့၊ တွေတယ်၊ ပစ်ချခဲ့ပြီ ဟူသော စကားအထိသာ ကြား၏။
နောက်ပိုင်း စကားများကို သူ မကြားတော့။
ဝမ်းသာလွန်ပြီး ပစ်ချစ်ခဲ့ပြီဆိုသော စကားကြားသည်နှင့် ထခုန်လိုက်တော့၏။
ချက်ချင်း မျှော်စင်အနီးရှိ လေတပ်ဆွယ်မှ စက်ပြင်ရဲဘော်များထံ ထိုသတင်းရောက်သွားပြီး ထကသူ က၊ ကျွမ်းထိုး သူက ထိုး၊ အော်သူ အော်နှင့် ဆူညံနေကြ၏။
ထိုအချိန်၌ မျှော်စင်အတွင်း ဗိုလ်မှူးတင်မောင်အေးဘေး၌ ရပ်နေသူမှာ အမှတ်(၂) သယ်ယူပို့ဆောင်ရေး အုပ်မှ လေသူရဲဗိုလ်ကြီး ခင်မောင်မြင့် ဖြစ်၏။ ဗိုလ်ကြီးခင်မောင်မြင့်ကမူ ဗိုလ်မှူးတင်မောင်အေး မကြားလိုက်သော ‘နံပါတ် နှစ် ပျောက်နေတယ်၊ နံပါတ် သုံး အမြီးပိုင်း ကျည်မှန်ထားတယ်၊ အရေးပေါ် ကွင်းဆင်းမယ် ဟူသော မောင်သိန်းစကားများကို သဲ့သဲ့ကြားလိုက်၏။
ဗိုလ်မှူး နေပါဦး၊ မောင်သိန်းပြောတဲ့ စကားထဲမှာ နံပါတ် နှစ် ပျောက်နေတယ်၊ နံပါတ် သုံး ကျည်မှန်ထားတယ်လို့ ပြောနေတယ်၊ ပြန်မေးကြည့်ပါဦး
ဗိုလ်ကြီးခင်မောင်မြင့် စကားကြောင့် အလွန် ၀မ်းသာသွားပြီး သွားဖြဲနေသော ဗိုလ်မှူးတင်မောင်အေး မျက်နှာမှာ ချက်ချင်း ပြောင်းသွား၏။ စကားပြောခွက်ကို လှမ်းကိုင်လိုက်၏။



ရဲခေါင် ခေါင်းဆောင် ကျိုင်းတုံမျှော်စင်
ဆက်ပြောပါ
မောင်သိန်း နံပါတ် နှစ် ပျောက်နေတယ်၊ နံပါတ် သုံး ကျည်မှန်ထားတယ်ဆိုတာ ဟုတ်လား
ဟုတ်ကဲ့
ထိုသတင်းမှာလည်း မျှော်စင်ပတ်ဝန်းကျင်သို့ ချက်ချင်း ပြန့်သွားသည်။
နံပါတ် နှစ် ဘယ်သူလဲ
ထိုမေးခွန်းမှာ လူတိုင်းရင်ထဲတွင် ချက်ချင်း ပေါ်လာသော မေးခွန်းဖြစ်၏။
အထူး တွေးနေစရာ မလိုပါ။
လေယာဉ်အုပ်စုဖွဲ့ ပျံသန်းရာ၌ နံပါတ်စဉ်မှာ လေသူရဲများ၏ ၀ါရင့်ကျက်မှုအနည်းအများကို လိုက်ပြီး ပေးသည် မဟုတ်လား။
ချစ်ခိုင်က ဗိုလ်။
ပီတာက ဒုဗိုလ်။
ချစ်ခိုင် ပိုဝါရင့်သည်။
နံပါတ် နှစ်သည် ချစ်ခိုင်သာ ဖြစ်ရမည်။
တောက် ငါ ဖက်တီးမကို ဘယ်လို ပြန်ပြောရတော့မလဲ
မျှော်စင်ထောင့်တစ်နေရာမှ ဗိုလ်ချစ်ခိုင်နှင့် အလွန် ရင်းနှီးသော ဒုဗိုလ်စံမြင့်က ညည်းလိုက်၏။ ဖက်တီး မမှာ ဗိုလ်ချစ်ခိုင်၏ ဇနီးအမာကို သူငယ်ချင်း လေသူရဲများက နောက်ပြာင်၍ ပေးထားသော နာမည်ဖြစ်၏။
ချစ်ခိုင်သည် အရေးပေါ်ကွင်းဆင်းရန် ပြင်ဆင်မှုများကို စလုပ်၏။
သူ့ထိုင်ခုံကို အောက်သို့ အဆုံးနှိမ့်ချလိုက်၏။ ခေါင်မိုးဖြုတ်သည့်ခလုတ်ကို နှိပ်လိုက်၏ ။
အမိုးတစ်ခုလုံး ချက်ချင်း လွင့်စင်ထွက်သွားပါသည်။
ရှေ့မှ ပြင်းထန်သောလေများ တိုးဝင်လာ၏။
သို့သော် ထိုင်ခုံနှိမ့်ထားပြီးဖြစ်၍ သူ့မျက်နှာကို လေမတိုး။ သူ့ လေယာဉ်မောင်းမှုကို အနှောင့်အယှက် မဖြစ်။

ကျိုင်းတုံမျှော်စင် ရဲခေါင် ခေါင်းဆောင်
ဗိုလ်မှူး ကျွန်တော်တို့ ဆယ်မိုင်အတွင်း ရောက်လာပြီ၊ ကွင်းဆင်းခွင့်ပြုပါ၊ ဒါပဲ
ဟေ့ မင်းတို့ ဘယ်လိုဆင်းမှာလဲ
ဗိုလ်နဲ့ ရှပ်ဆင်းမယ်
ဗိုက်နဲ့ ဆင်းရင် ပြေးလမ်း ပိတ်သွားမယ်ကွ၊ နောက်ဘီးပဲ ပြုတ်သွားတာပဲ၊ ရှေ့ဘီးနှစ်ခု ချပြီးပဲ ဆင်းပါ
မဖြစ်ဘူး ဗိုလ်မှူး၊ သူ့ လေယာဉ်ပျံ အနောက်အမြီးပိုင်းတစ်ခုလုံး ခါနေတာ၊ ပြုတ်သွားနိုင်တဲ့ အန္တရာယ် ရှိတယ်၊ သေချာတဲ့ ဗိုက်နဲ့ရှပ်ဆင်းတဲ့နည်းပဲ ဆင်းမယ်
တကယ်လို့ ပြေးလမ်းပေါ်ပိတ်နေရင် မောင်သိန်း ဘယ်လို လိုက်ဆင်းမလဲ
ကျွန်တော် နန့်ဆန်ကွင်း သွားဆင်းမယ်
မောင်သိန်းက ၀င်ပြောလိုက်ခြင်းဖြစ်၏။
ကောင်းပြီလေ၊ မင်းတို့ သဘောပဲ၊ ဖြစ်နိုင်ရင်တော့ ပြေးလမ်းဘေး ကပ်ဆင်းခဲ့ကွာ၊ စစ်ဆင်ရေးအတွင်း ဆိုတော့ ပြေလမ်းပိတ်ထားလို့ မဖြစ်ဘူး၊ အရေးဆို ခက်မယ်
ပြေးလမ်းထိပ်မှ တစ်မိုင်ခန့်သာ လိုတော့မည်။

ချစ်ခိုင်သည် ကွင်းဆင်မည့် နောက်ဆုံး ပြင်ဆင်မှုများကို အသေးစိတ် ဂရုစိုက်လုပ်၏။
ဓာတ်ဆီအခြေပြ ဒိုင်ခွက်ကို လှမ်းကြည့်လိုက်၏။
ဓာတ်ဆီအမြောက်အမြား ကျန်သေး၏။
အရေးပေါ် ကွင်းဆင်းချိန်၌ ဓာတ်ဆီအမြောက်မြား ကျန်နေသည်မှာ မကောင်းပါ။ မီးထလောင်မည့် အန္တရာယ်ကို ကြောက်ရ၏။
ပန်ကာလည်နှုန်းကို တစ်မိနစ် နှစ်ထောင့်လေးရာနှုန်းသို့ ပြောင်းရွှေ့လိုက်၏။
အပိုတောင်ပံ (Flap)ကို သုံးဆယ်ဒီဂရီ ချလိုက်၏။
လေယာဉ်ပျံနှုန်းမှာ ၁၂၅ မိုင်နှုန်းတွင် ရှိသေး၏။
မိုင်ဝက်ခန့် လိုတော့သည်။ အပိုတောင်ပံကို လေးဆယ့်ငါးဒီဂရီသို့ ချလိုက်၏။ ရင်ဘတ်နှင့် ခါးပတ်တွင် ပတ်ထားသော အသက်ကယ်ခါးပတ်ကိုလည်း ခိုင်၊ မခိုင် စစ်ဆေးကြည့်လိုက်၏။
ပြေးလမ်းထိပ်သို့ ရောက်လေပြီ။
ချစ်ခိုင်သည် သူ့လေယာဉ် စက်ထိန်းမောင်းတံကို အဆုံး ဆွဲချလိုက်၏။
လေယာဉ်ဗိုက်နှင့် ပြေးလမ်းထိသွားလေပြီ။
ရှေ့ပန်ကာ ဒလက်လေးခုမှာ မြေကြီးနှင့်ခုတ်ပြီး အတွင်းဘက်သို့ ကောက်ဝင်သွားကြ၏။
ဗိုက်နှင့်ရှပ်ဆင်းခြင်းဖြစ်၍ ဝေးဝေးလည်းမပြေးနိုင်။ ကိုက်တစ်ရာ၊ နှစ်ရာခန့် ဆန့်ငင်ဆန့်ငင်ဖြင့် ပွတ်တိုက်ပြေးပြီး နောက်ဆုံး ရပ်သွား၏။
ပတ်ဝန်းကျင်တစ်ခုလုံးမှာ ဖုန်အလိပ်လိပ်နှင့်။
ချစ်ခိုင်သည် သူ့ပတ်ဝန်းကျင်ကို ဘာမှ မမြင်ရပါ။

သူသည် ချက်ချင်း လေယာဉ်စက်ခန်းအတွင်းမှ အပြင်ခုန်ထွက်လိုက်၏။ ဘေးဘယ်ညာ လှည့်ကြည့်လိုက်၏။ လေယာဉ်ဓာတ်ဆီတိုင်ကီများ လုံးဝပေါက်ခြင်း၊ မီးလောင်ခြင်း မရှိပါ။
အသက်ကယ် လူနာတင်ကားနှင့် မီးသတ်ကားများရောက်လာ၏။
ဟင် ဗိုလ်ကြီး
လေယာဉ်ပျံဘေး မလှမ်းမကမ်းတွင် ရပ်နေသော သူ့ကို ပထမဆုံး လာနှုတ်ဆက်သူမှာ လေယာဉ်ပျံ စက်ပြင်အဖွဲ့မှ တပ်ကြပ်ကြီး(ကင်း) ဖြစ်၏။
(ကင်း)မှာ အင်္ဂလိပ်-မြန်မာ ကပြားဖြစ်၏။
ပီတာရော
ပျောက်နေသူ နံပါတ် ၂ မှာ ချစ်ခိုင်ဟု ထင်ထားပြီ ချစ်ခိုင် မဟုတ်။ ပီတာ နေရာ၌ ချစ်ခိုင်ကို မြင်နေရသဖြင့် သူ အလွန် အံ့သြနေပုံရ၏။
ဆောရီးပဲ ကင်း၊ ပီတာ ပျောက်နေတယ်
ကင်းမှာ ပီတာနှင့် အင်္ဂလန်နိုင်ငံကို ရဲညွန့်ပညာသင်ဘ၀က အတူသွားဖက် ဖြစ်၏။ နှစ်ပေါင်းအတန်ကြာ အတူနေဖူးသူ ဖြစ်၏။ ထိုကြောင့် ချစ်ခိုင်က ပီတာပျောက်နေပြီဟု ပြောသံကြားလိုက်သည်နှင့် သူ့မျက်လုံးအိမ်မှ မျက်ရည်များ ချက်ချင်း လိမ့်ဆင်းလာကြ၏။



ပီတာ အသက်ရှင် ပြန်တွေ့နိုင်ချေ ရှိ၊ မရှိကိုလည်း သူ မမေးတော့ပါ၊ မေးစရာလည်း မရှိ။ ဆီးဖြူရီတိုက်လေယာဉ်များ လေထဲက ပျက်ကျသွားပြီဆိုလျှင် လေသူရဲ သေသည်သာ များ၏။
လေသူရဲများ အသေများလှသဖြင့် ပါကစ္စတန်လေတပ်မတော်၌ ဤဆီးဖြူရီ တိုက်လေယာဉ်များကို (Flying Coffin) မိုးပျံအခေါင်းကြီးဟုပင် နာမည်ပေးထားကြသည် မဟုတ်လား။
ချစ်ခိုင်သည် ကင်း၏ မျက်နှာကိုကြည့်ပြီး သူ့လက်ချောင်းကလေးများ တဆတ်ဆတ်နှင့် တုန်လာသည်။ သူလည်း ငိုချင်လာ၏။ သို့သော် ငို၍လည်း မရ။

ရတနာသစ်မဂ္ဂဇင်း၊ ၁၉၉၄၊ ဇန်န၀ါရီလ။




စာရေးသူ အမှာစာ


အောက်ဖော်ပြပါ အဖြစ်အပျက်မှာ (၁၅.၂.၆၁)နေ့၌ မဲခေါင်စစ်ဆင်ရေးအတွင်း မြန်မာ့မြေပေါ်သို့ ကျူးကျော်ဝင်ရောက်ခဲ့သည့် တရုတ်ဖြူလေယာဉ်ပျံအား ပစ်ချခဲ့စဉ်က အဖြစ်အပျက်များ ဖြစ်ပါသည်။ ထိုအချိန်က မြန်မာသတင်းစာများတွင်သာမက ကမ္ဘာ့သတင်းစာများတွင်လည်း အကျယ်တ၀င့် ဖော်ပြခဲ့ပြီးလေပြီ။ ဗိုလ်မောင်သိန်း (လေ/၁၂၀၁)၊ ဗိုလ်ချစ်ခိုင် (လေ/၁၂၁၆)နှင့် ဒု-ဗိုလ်ပီတာ (လေ/၁၂၉၂)တို့ (ဆီးဖြူရီ)တိုက်လေယာဉ် သုံးစီးဖြင့် ပါဝင်ခဲ့သော လေကြောင်းတိုက်ပွဲ ဖြစ်၏။ ယနေ့ နှစ်ပေါင်း သုံးဆယ်ကျော် ရှိခဲ့လေပြီ။ မြန်မာ့လေတပ်မတော်သမိုင်းတွင် ယနေ့အထိ တကြိမ်သာ ဖြစ်ဖူးသေးသော မြန်မာလူမျိုးတို့ ဇာတိမာန်၊ ဇာတိသွေး တက်ကြွစေခဲ့သည့် လေကြောင်းတိုက်ပွဲ ဖြစ်ပါသည်။ သမိုင်းဝင်တိုက်ပွဲဖြစ်၍ ကျွန်တော်သည် ၀တ္ထုအဖြစ် ဖတ်ချင်စဖွယ် ပြန်ရေးထားသည်မှလွဲ၍ အကြောင်းအရာအားလုံးကို အဖြစ်မှန်အတိုင်း ဖော်ပြထားပါသည်။


အထက်ပါ ဖြစ်ရပ်မှန် ကိုယ်တွေ.အပြင် လေကြောင်းဝတ္ထုတိုများဖတ်ရှုလိုပါက 
ဦးလှဝင်း (လေသူရဲတစ်ဦး) ရေးသားသော တရုတ်ဖြူလေယာဉ်ပစ်ချခဲ့စဉ်က နှင့် ကိုယ်တွေ.လေကြောင်းဝတ္ထုတိုများ စာအုပ် ကို
 ရတနာပုံစာအုပ်တိုက်
အမှတ်(၄၆)၊ အခန်း(၁)၊ ဗိုလ်ရာညွှန့်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - ၀၁ ၃၇၃၇၆၁၊ ၀၉ ၂၅၄၀ ၄၁၈၈၇
တွင် ၀ယ်ယူဖတ်ရှုနိုင်ပါသည် ။

No comments:

Post a Comment