Saturday, June 1, 2019

ဝါးခယ်မ ရဲ. ဖွားဘက်တော်အစစ် ဇဗ္ဗူရစ်




ဝါးခယ်မ အထက ( ၁ )
နှစ်ပေါင်းတစ်ရာ.တစ်ဆယ် ကျော်သက်တမ်း ရှိနေတဲ့ကျောင်း
တကယ်တော့ နှစ်တစ်ရာကျော်ဆိုတဲ့ သက်တမ်းက လူဆိုရင် ဘိုးသက်ရှည် ၊ ဘွားသက်ရှည်
အဆောက်အဦး ဆိုတော့လည်း ရှေးဟောင်းသမိုင်းဝင်ပေါ့
အဲ့ဒိ ဇဗူရစ် ဆိုတဲ့ အဆောင်ဟာ ၀ါးခယ်မ အထက ၁ ရဲ. အစ
အဲ့ဒီထက် ပိုတာက ၀ါးခယ်မမြို.ရဲ.ဖွားဘက်တော် အစစ်
ဝါးခယ်မမြို.ဟာ ဟိုးးးးလွန်ခဲ့တဲ့ နှစ် ရာဂဏန်းလောက်တည်းက လူတွေ အခြေချနေထိုင်ခဲ့ပေမယ့် လူနေအိမ်ခြေ ၁၀၀၀ မပြည့်တာကြောင့် မြူနီစပါယ် အဖွဲ.မဖွဲ.နိုင်ခဲ့ပါဘူး ။ ဒါ့ကြောင့်လည်း ဆိုသလို ထော်ကနွတ် ၊ တရုတ်တန်း ၊ ရွာသစ် ၊ သော်က ဆိုတဲ့ မြို.တစ်ဘက်ကမ်း လူနေထိုင်ရာ အစုလေးတွေကို ရပ်ကွက်အဖြစ် တိုးမြှင့်ပြီး မြို.နယ်နိမိတ်အတွင်း ရပ်ကွက်အဖြစ် သွတ်သွင်းလို. မြို.အမည် ခံယူခွင့်ရရှိအောင် ကြိုးစားခဲ့ကြရတဲ့ သမိုင်းကြောင်း ရှိပါတယ် ။

အဲ့ဒီလိုကြိုးစားမှုကြောင့် ၁၉၀၆ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ. နေ.စွဲပါ အမိန်.ကြော်ငြာစာ အမှတ် ၁၃၈ နဲ. မြန်မာနိုင်ငံ အစိုးရ  မြူနီစပါယ် နဲ. ဒေသန္တရ ဋ္ဌာန က သတ်မှတ်ပေးခဲ့တာကြောင့် ၁ရက် ၁၀ လ ၁၉၀၆  ခုနှစ် မှာ တရားဝင် မြူနီစပါယ် မြို.အဖြစ် ရောက်ရှိခဲ့တာပါ ။ အဲ့ဒိ ၁၉၀၆ ခုနှစ် မှာပဲ ၀ါးခယ်မ ဟာ မြို.အဖြစ် ရပ်တည်ခွင့် တရားဝင်ရခဲ့သလို အထက ( ကျောင်းကြီး )  ဟာလည်း တရားဝင်ကျောင်းဆောင်အဖြစ် စတင်သနေတည် ခဲ့တာပါ ။ ဒါ့ကြောင့် ၀ါးခယ်မရဲ. ဖွားဘက်တော် အစစ် ဇဗူရစ် လို.ပြောရမှာပါပဲ ။ ဒါ့ကြောင့်လည်း ၀ါးခယ်မ အထက ပြည့်ပွဲတော်ကို  ၂၀၀၆ ခုနှစ်မှာ ကျင်းပခဲ့ပြီး အဲ့ဒီအဆောင်ကိုလည်း ရာပြည့်ကျောင်းဆောင်ကြီးအဖြစ် သမုတ်ခဲ့ကြတာပါ ။




ဝါးခယ်မ အထက ( ၁ ) ဟာ စတင်ပေါ်ပေါက်စဉ်က SPPS ( State Post Primary School ) မူလတန်းလွန်ကျောင်းအဖြစ် စတင်ပေါ်ပေါက်ခဲ့ရတာလို.သိရပါတယ်။ လွတ်လပ်ရေး ရပြီးစ ကျောင်းရဲ. ကျောင်းအုပ်ကြီးက ဟိန္ဒူလူမျိုး အိန္ဒိယသား မစ္စတာဆင်း ( ဘီအေ ၊ ဘီအီးဒီ ) ဖြစ်ပြီး အဲ့ဒီအချိန်က ကျောင်းဆောင်ကြီးရဲ. အပေါ်ထပ် စုဝေးခန်းမ ကိုမြေဖြူတွေနဲ.တားပြီး မူလတန်းတွေနေရာချထားသင်ကြားခဲ့ရပါတယ် ။ အောက်ထပ် စာသင်ခန်းတွေ မှာတော့ မူလတန်းလွန်ကျောင်းသားတွေကိုထားပြီး ကျောင်းသူ/သားတွေက စာသင်ခုံ ၊ ထိုင်ခုံတို.ကို ကိုယ်ထူ ကိုယ်ထ ပြုလုပ်သုံးစွဲခဲ့ရတယ်လို.သိရပြီး မလုပ်နိုင်သူတွေအတွက် ကြူဖျာ ၊သင်ဖျုးဖျာစတာတွေအလှုခံ သုံးစွဲခဲ့ရတယ်လို.ဆိုပါတယ် ။

အဲ့ဒီရာပြည့်ဆောင်ကြီးရဲ. အပေါ်ထပ်မှာပဲ ၁၉၅၂ ခုနှစ် ၊ ကျောင်းအုပ်ကြီးဆင်း သက်တမ်းပြည့်လို. အိန္ဒိယ ပြန်ရတော့မယ့်အချိန်မှာ ဆရာကြီးရော၊ အဲ့ဒီအချိန်က ကျောင်းသား/သူ ၊ ဆရာ/ဆရာမတွေပါ မျက်ရည်တွေနဲ. ငိုကြွေး နှုတ်ဆက်ခဲ့ကြတာပါ ။

အဲ့ဒီကစလို. အများချစ်ခင်လေးစားကြတဲ့ ဆရာမကြီး ဒေါ်ပိုက်မိတာဝန်စယူရတာပါပဲ ။ တာဝန်ယူရချိန်မှာပဲ ကျောင်းသားဦးရေ နဲ. အဆောက်အဦး မမျှတတာမို. အလယ်တန်းတွေကို BBM ကျောင်း ( ဆေးရုံကြီးအနီး ယခုဘုရားကျောင်း) ကိုပို.ပြီး အဲ့ဒီမှာသင်စေခဲ့ ပေမယ့်ကျောင်းနဲ.ဝေးလွန်းတာကြောင့် အလယ်တန်းကျောင်းသားတွေကို အဲ့ဒီရာပြည့်ဆောင်ကြီးဆီပြန်ခေါ် ၊ မူလတန်းတွေကို ဆရာ/ဆရာမတွေပါ ကွမ်းခြံကုန်း ဘုန်းကြီးကျောင်းဆီပို. စာသင်စေခဲ့ရပြန်ပါတယ် ။ မင်းပိုင်း အမက ပြီးတဲ့အချိန်ကျမှ အထက ၁ နဲ.အပြီးခွဲခဲ့ရပါတယ် ။ ကျောင်းမှာကလည်း အထက်တန်းကျောင်းသားတွေပါ ရှိလာပြီမို. SPPS ဘ၀ကနေ SHS ( State High School ) နိုင်ငံတော်အစိုးရ အထက်တန်းကျောင်း အဖြစ်ရောက်ခဲ့ရတာပါ ။



အခု ပင်မကျောင်းဆောင် ဖြစ်တဲ့ E Shape Building ကြီးကတော့ ၁၉၆၀ကျော် ကာလတွေကျမှ ပေါ်ပေါက်လာခဲ့တာလို.သိရပါတယ် ။ အဲ့ဒီနေရာဟာ မိုးတွင်းအခါမှာ ရေတွေပြည့်နေတဲ့ မြေနိမ်.နွံချိုင့်ကြီးဖြစ်ပြီး ကျွဲနွားတွေဆင်းရင် ဗိုက်အထိ မြုပ်တယ်လို.ဆိုပါတယ်  ( အရင်က ကျောင်းပုံစံက မူလရာပြည့်ကျောင်းဆောင် - သူ.ရှေ.မှာက အဲ့ဒီနွံအိုင် - ပြီးတာနဲ.မြူရုံးလမ်းမကြီးပေါ့ ) ။  ဒါ့ကြောင့်လည်း နွေရောက်ချိန်ကျမှ မြေမာအောင် အုတ်ခဲကျိုး ၊ သဲ စတာတွေ ထည့် ၊ မိုက်တုံးနဲ.ထု ၊ ဓါတ်တိုင်အဖြစ်သုံးတဲ့ သံတိုင်တွေ အလျားလိုက်ချ ၊ အဲ့ဒီအပေါ်မှာ နောက်ထပ်သံတိုင်တွေကို ကန်.လန်.ဖြတ်တင် ၊ သွပ်နန်းကြိုးတွေနဲ.တုတ် ၊ ပြီးမှ အုတ်ဖိနပ်လောင်း တည်ဆောက်ခဲ့တာလို.သိရပါတယ် ။

အဲ့ဒီ ဇဗူရစ်အဆောင်လို.ခေါ်ခေါ်  ရာပြည့်ဆောင်လို.ပြောပြော ကျောင်းသားအများစုကတော့ ၅တန်းဆောင် လို.ပဲ ခေါ်ကြလေ့ရှိပါတယ် ။ ပညာရေး ဋ္ဌာနရဲ. အမျိုးမျိုးသော ပေါ်လစီတွေအရ မူကြို ၊ မူလတန်း တွေ ထားရချိန်မှာတော့ အဲ့ဒီအဆောင်ဟာ မူလတန်းတွေအတွက် ဖြစ်ပေမယ့်လို. ကျန်အချိန်တွေမှာတော့ ၅တန်းဆောင်အဖြစ် အသုံးခံ ခဲ့သူပါ ။ အောက်ထပ်အခန်း တွေကတော့ စာသင်ခန်းတွေအဖြစ်သုံးလေ့ရှိပြီး အပေါ်ထပ်မှာတော့ စာသင်ခန်း နဲ. ဆော့တဲ့အခန်းကျယ်အဖြစ် သုံးခဲ့ကြတာပါ ။ ၁၉၆၀ ပြည့်လွန် နှစ်တွေမှာတော့ အဲ့ဒီအဆောင် မှာ ကာယဗလ လေ့ကျင့်ဖို. အားကစား အခန်းတွေပါ ထားရှိခဲ့တယ်လို. သိရပါတယ် ။

ခုအချိန်မှာတော့ ကျောင်းဆောင်ဟာ သက်တမ်းအရ ကြံ့ခိုင်မှုတွေအားနည်းနေပြီဖြစ်ပါတယ် ။ အောက်ထပ်က အခန်းအချို.ဟာလည်း ခြတောင်ပို.တွေတောင် ရှိနေတယ်( ယခုရှိ/မရှိ မသေချာ ) လို.လည်းသိရပါတယ် ။ ကျောင်းဆောင်ကိုလည်း အပြည့်အ၀ သုံးစွဲနိုင်စွမ်းတော့မရှိတော့ပါဘူး ။ဒါပေမယ့်လည်း ဒီကျောင်းကြီးကို စတင်ဖြစ်တည်စေခဲ့တဲ့ကျောင်း ၊ ဒီမြို.လေးရဲ.ဖွားဘက်တော်မို.သမိုင်းတန်ဘိုး သိပ်မသေးတဲ့အဆောက်အဦးတစ်ခုပါ ။

ဒါကြောင့်မို.ဖြစ်နိုင်မယ်ဆိုရင် ဒီအဆောက်အဦးကို ရှေးမူမပျက် ပြုပြင်ပြီး ( အပေါ်ထပ်ကို ဖြစ်ဖြစ်  ) ကျောင်းရဲ. ပြတိုက် ၊ ပြခန်းတစ်ခုအဖြစ် ထိမ်းသိမ်းထားပြီးကျောင်းရဲ. အမှတ်တရ ဆု ၊ တံဆိပ် ၊ ဓါတ်ပုံ ၊ စာစောင် ၊ စတာတွေထည့်သွင်းပြသထားနိုင် ရင်တော့ အထူးကောင်းမွန်မယ်ထင်ကြောင်းပါဗျာ ။

Ref ; မြို.နယ်မှတ်တမ်း ၊ ကျောင်းရာပြည့် မဂဇင်း
  

No comments:

Post a Comment