အဲ့ဒီအခါမှာ ဝန်ကြီးက
ခုန အဖြေတွေကို ပြောတာပေါ့နော်။ ရေဆင်းဆည်သည် စိုက်ပျိုးရေပေးတာ မဟုတ်ဘူး။
လူတွေသောက်တာဖြစ်တဲ့အတွက် ပယ်ချတယ်။ ဆည်ထဲမှာ ငါးမမျှားရ၊ ရေမကူးရဆိုတဲ့အတွက်
ဆည်ထဲမှာ ငါးမွေးဖို့ကို ပယ်ချတယ်။ ဧရာဝတီတိုင်းသည် ဆည်၊ မြောင်းတွေ ကောတဲ့အတွက်
ပယ်ချတယ်။ ဒီလိုပယ်ချတာကို ကျွန်တော်က
ဒီဥစ္စာသည် သက်သက်မဲ့ တိုင်းပြည်အတွက် ထင်သာ၊ မြင်သာ အကျိုးပြုမယ့်ဟာကို၊
ချက်ချင်းထလုပ်၊ ချက်ချင်းအောင်မြင်နိုင်မယ့်ဟာကို ဒီလောက်လွယ်တဲ့ဟာကို
ဘာကြောင့်များ ဒီလောက်အထိ ခဲခဲယဉ်းယဉ်းနဲ့ ပယ်ချပါသလဲဆိုပြီးတော့ သူ့ကို စိတ်ဆိုးမာန်ဆိုးနဲ့ ကျွန်တော်
ပြန်ပြီး ပြောမိတယ်။
ဝန်ကြီးသည် (၄)လပဲ
ဒီစိုက်ပျိုးရေးတာဝန်ကို ယူတာဖြစ်တယ်။ ကျွန်တော်က နှစ်(၄၀)လောက်အထိ ဒုက္ခသုက္ခတွေ
လယ်သမားတွေ ခါးစည်းလို့ ခံရတာ။ ဒါတွေသာ လယ်သမားတွေ အခု အစိုးရသစ်မှာ ပြောင်းလဲမှု
တစ်ရပ်အနေနဲ့ စပြီးတော့ လယ်သမားတွေကို ချပြပြီးတော့ စိုက်ပျိုးစေမယ်၊ လုပ်စေမယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့အစိုးရအသစ်မှာ
အများကြီး တိုင်းသူပြည်သားတွေရဲ့ အကျိုးစီးပွားကို ပံ့ပိုးနိုင်မှာဖြစ်တဲ့အတွက်
ဒီဟာကို လုပ်ခွင့်ပြုပါလို့ ပြောတဲ့အခါမှာ ဝန်ကြီးသည် တော်တော်ကို
စိတ်ဆိုးမာန်ဆိုးနဲ့ ဆိုးသွားပြီးတဲ့အခါမှာ သူက ခုံကို ချက်ချင်းထထုပြီးတော့
ကျွန်တော်တို့အားလုံးကို သူသည် ပညာရေးမှာ ငါးနှစ်လောက် လုပ်တယ်။ ကျောင်းသား၊
ကျောင်းဆရာပေါင်း ၂သိန်းလောက်ကို အုပ်ချုပ်တာ ဖြစ်တယ်။
ဒါကြောင့်မို့လို့ ဒီလုပ်ငန်းတွေနဲ့
ပတ်သက်လို့ သူလေ့လာနေတယ်။ သိပ်ပြီး ဆန္ဒမစောနဲ့။ ဒီဥစ္စာတွေ နောက်ပိုင်းမှာ
သူလုပ်သွားမှာ။ ဆက်ပြီး စောင့်ကြည့်ပါ။ သူက ခုံထုပြီးတော့ လက်သီးလက်မောင်းတန်းပြီးတော့ ပြောပါတယ်။
အဲ့ဒီကိစ္စကြောင့် သူက ဒီဟာမှာ
ဒဏ်ရာဒဏ်ချက် သဘောမျိုးပေါ့လေ။ ကျွန်တော်က
အားမလိုအားမရနဲ့ နိုင်ငံအကျိုးကို ထင်သာမြင်သာရှိတဲ့ဟာလေးတောင်
မလုပ်နိုင်ကောင်းလားဆိုတာ အားမလိုအားမရ ပြောမိတာလေးက ကျွန်တော့အမှားပေါ့ဗျာ။
နောက်ပိုင်းမှာ ကျွန်တော် သူ့ကို
ပြန်တောင်းပန်ပါတယ်။ ကျွန်တော်မှားတယ်။ ကျွန်တော် လုပ်ချင်ကိုင်ချင်စိတ်တွေ
များပြီးတော့ ကျွန်တော့ရဲ့စိတ်က သိပ်ပြီး ထက်သန်လွန်းတဲ့အတွက် တိုင်းပြည်အတွက်
လုပ်ချင်ကိုင်ချင်စိတ်များတဲ့အတွက် ဒီလိုမျိုး ဝန်ကြီးက မလိုက်လျောနိုင်တဲ့အတွက်
ကျွန်တော်ဒီလို ပြောမိဆိုမိတာလေးကို ခွင့်လွတ်ပါ ကျွန်တော်ပြောပါတယ်။
အဲ့လို ပြောပြီးတဲ့အခါမှာ နည်းနည်းလေး
အချိန်ကာလကြာသွားပြီးတော့ တနေ့သော အခါမှာ ကျွန်တော်ဟာ ရှမ်းပြည်နယ်ဘက်ကို
ခရီးထွက်ပါတယ်။ ခရီးထွက်တော့ ကျွန်တော့မှာလည်း ဒေတာတွေ စပြီးတော့ အလုပ်ဝင်စဉ်က
အများကြီး၊ ခံစားရတာပေါ့ဗျာ။
ကျွန်တော်တို့
မွေးမြူရေးဌာနကြီးတစ်ခုလုံးရဲ့ ဌာနပိုင်ဧရိယာတွေသည် မျိုးစေ့ထုတ်ဖို့၊
သုတေသနပြုဖို့ မွေးမြူရေးခြံတွေ။ စိုက်ပျိုးရေးခြံတွေသည် သုတွေသနပြုဖို့
ရည်ရွယ်ထားခဲ့တဲ့ ဟာတွေ။ ဘယ်လိုရည်ရွယ်ထားသလဲဆိုတော့ ကျွန်တော် နမူနာပြောပြမယ်။
ကျွန်တော်တို့ စိုက်ပျိုးရေးခြံတွေသည်
သာမန်ခြံတွေ မဟုတ်ဘူး။ ရှေးဟောင်းပစ္စည်းတွေ။ အင်္ဂလိပ်အစိုးရသည် ၁၉၀၉ခုနှစ်ကတည်းက
စိုက်ပျိုးရေးခြံတွေကို တည်ဆောက်ပေးခဲ့တယ်။ ဘာရည်ရွယ်ချက်နဲ့ တည်ဆောက်ပေးသလဲဆိုရင်
လယ်သမားတွေ မျိုးစေ့ရအောင် တည်ဆောက်ပေးတယ်။
ဥပမာပြောရရင်
ဟဲဟိုးလေယာဉ်ကွင်းရှေ့တည့်တည့်က ဟဲဟိုးခြံကို ပြောင်းမျိုးစေ့ထုတ်ဖို့
ရည်ရွယ်ပါတယ်။ မှော်ဘီခြံကို စပါးမျိုးစေ့ထုတ်ဖို့ ရည်ရွယ်ပါတယ်။ မကွေးခြံကို
နှမ်းနဲ့ မြေပဲထုတ်ဖို့ ရည်ရွယ်ပါတယ်။ အဲ့အတိုင်းပဲ နှစ်ပေါင်းတစ်ရာကျော်ကို
ပြောင်းမျိုးစေ့၊ နှမ်းမျိုးစေ့၊ စပါးမျိုးစေ့ ထုတ်လာတယ်။
မလိုင်ခြံကို ဝါမျိုးစေ့ထုတ်ဖို့
ရည်ရွယ်ပါတယ်။ ကျောက်ဆည်ခြံကို နှမ်း၊ မြေပဲ၊ စပါးမျိုးစေ့ထုတ်ဖို့ ရည်ရွယ်ပါတယ်။
ဒီလို ခြံကြီးတွေကို အင်္ဂလိပ်အစိုးရက ရည်ရွယ်ချက်ကောင်းကောင်းနဲ့ လယ်သမားတွေကို
မျိုးရရှိဖို့ ရည်ရွယ်ထားတဲ့ ခြံတွေသည် ယနေ့ နှစ်တစ်ရာကျော်ခဲ့သော်လည်း
ပြီးခဲ့တဲ့ကာလ အစိုးရခေတ်မှာ ဒီခြံတွေက အကျိုးအမြတ်မရဘူးဆိုပြီးတော့ သူတို့နဲ့ နီးစပ်ရာပုဂ္ဂိုလ်များ၊
ခရိုနီများကို နှစ်ပေါင်းငါးဆယ် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှာ
အသိအမှတ်ပြုပြီးတော့ စာချုပ်ချုပ်ပြီးတော့ ငှားရမ်းပါတယ်။
ငှားရမ်းတဲ့ ဈေးနှုန်းတွေသည် အလွန်ကို
တန်ဖိုးနည်းလှပါတယ်။ ဆိုတော့ ဒေသမှာ ဘာဖြစ်လဲဆိုတော့ ဒေသမှာ မျိုးမလောက်ဘူး။
စပါးတွေ မျိုးမလောက်ဘူး။ ပြောင်းတွေ မျိုးမလောက်ဘူး၊ နှမ်းတွေ
မျိုးမလောက်ဘူးဆိုတော့ ဒါတွေက တိုင်းပြည်ရဲ့ ပြဿနာပဲ။
ပြီးခဲ့တဲ့အစိုးရက ဘယ်လိုပဲ
သူတို့နီးစပ်ရာ ပေးခဲ့ပါစေ။ ကျွန်တော်တို့ ဒါကို ပြန်ဆန်းစစ်ဖို့လိုတယ်ဆိုပြီး
ကျွန်တော် စာရင်းပြုစုပါတယ်။ ပြုစုတဲ့အခါမှာ တအံ့တဩပဲဗျာ။ နိုင်ငံတော်ပိုင်ခြံမြေ ၂၅၈၀၀၊ နည်းတဲ့ ဧရိယာမဟုတ်ဘူး။
စိတ်ဝင်စားဖို့ကောင်းတာက ဒီလိုမျိုး စိုက်ပျိုးမွေးမြူရေးခြံတွေကို ဒီလိုမျိုး
ပုဂ္ဂလိကကို ငှားစားတာ ၂၅၈၀၀ ရှိတယ်။ နောက်ပြီးတော့ အဆောက်အဦတွေဗျာ။
အုတ်တွင်းမှာရှိတဲ့ အဆောက်အဦကြီးတွေ။ အလားတူ အဆောက်အဦတွေသည် ၂၅၇၀ ရှိပါတယ်။
ဒါတွေကို ညှိနှိုင်းဆွေးနွေးပြီးတော့ နိုင်ငံတော်အကျိုးအတွက် ပြန်ယူဖို့ ဝန်ကြီးဆီတင်ပြတဲ့အခါမှာ
ဝန်ကြီးသည် ယနေ့အထိ သူ့ခုံပေါ်မှာပဲ သိမ်းထားပြီးတော့ နောက်မှလုပ်မယ်။ ဒါသည်
Sensative issue ဖြစ်တယ်ပေါ့။ Sensative issue မဖြစ်ပါဘူး။ လယ်သမား လယ်
မဟုတ်ဘူး။ လယ်သမား လယ်သည် Sensative issueပေါ့။
ဒါက နိုင်ငံတော်ပိုင်။
နိုင်ငံတော်အစိုးရပိုင်။ အင်္ဂလိပ်အစိုးရက ကိုယ့်လယ်သမားကို ကြည့်ခဲ့တာ။
ကိုယ့်အစိုးရသည် ဘာလို့ လယ်သမားအပေါ် မကြည့်ရမှာလဲ။ ကိုယ့်အစိုးရ၊ ကိုယ့်လယ်သမားကို
ရှေးရှုသင့်တယ်ဆိုတဲ့မူနဲ့ ကျွန်တော် ခရီးထွက်သွားတဲ့အခါမှာ အခုန
ဟဲဟိုးခြံရောက်သွားတဲ့အခါမှာ ဟဲဟိုးခြံမှာ ဧက ၂၈၀ကျော်တယ်။ ခြံရဲ့ မန်နေဂျာလေးက
သူ့မှာ ဧက ၅၀ပဲ ကျန်တယ်။ ကျန်တာတွေ ပေးလိုက်ရတယ်။ ဘယ်သူ့ ပေးလိုက်ရလဲဆိုတော့
နိုင်ငံခြားက Prime limited ပေါ့ဗျာ။ Prime ကုမ္ပဏီကို ပေးလိုက်ရတယ်။ ဘယ်တုန်းက
ပေးလဲဆိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း လေးငါးနှစ်က။ ကျွန်တော်ရောက်တဲ့အခါမှာ
ကြည့်တော့အခါကျတော့လည်း ခြံရဲ့ ပြောင်းမျိုးစေ့ထုတ်ဖို့ ရေစုပ်စက်ဘာညာ အနေအထား
အကုန်ကောင်းပါတယ်။ ဧက ၉၀ကျော်လောက်ကို သူတို့ သိမ်းထားတယ်။
ကျွန်တော်သွားတော့ အဲ့မှာ ဘာမှ
စိုက်ပျိုးထားတာ မရှိဘူး။ ကျွန်တော်ရောက်မှ စက်လေးဘာလေး ချထားတာ ရှိတယ်။
လွန်ခဲ့တဲ့ လေးနှစ်ကျော်ကတည်းက သိမ်းထားတာ အခုထိ ဘာမှမလုပ်ဘူး။ ဒါဆိုရင်တော့
ပိုင်ရှင်ကို ငှားတဲ့လူကို ရုံးကိုလွတ်လိုက်ပါ။ ညှိနှိုင်းချင်လို့၊
ဆွေးနွေးချင်လို့ဆိုပြီးတော့။
တနေ့ အဲ့လူ ရုံးကို ပေါ်လာပါတယ်။
ပေါ်လာတဲ့အခါမှာ အဲ့လူကို ကျွန်တော်ဆွေးနွေးပါတယ်။ ဆွေးနွေးတဲ့အခါမှာ သူက
အမေရိကန်သားဖြစ်တယ်။ အမေရိကန်သား ဖြစ်သော်လည်း သူက လေးလေးစားစား ပြောပါတယ်။
သူသည် ပြီးခဲ့တဲ့အစိုးရနဲ့
စာချုပ်ထားတဲ့အတွက် investment အားဖြင့် ၈သန်းကျော် ရှိနေပါပြီ။ တခြားမှာလည်း
ရှိပါတယ်။ သူသည် မြေတွေချည်းပဲ ယူထားတာ။ ဟဲဟိုးခြံကတော့ မြင်ကွင်းဖြစ်နေတယ်။
အင်္ဂလိပ်အစိုးရက ပေးထားတဲ့ဟာတွေမှာ တခြားသူက သုံးနေတယ်ဆိုတော့ ဒါတွေဟာ
မြင်မကောင်းဘူး။ ဒါကိုတော့ ခင်ဗျား ပြန်ပြီးတော့ ပေးဖို့ကောင်းတယ်ဆိုတော့
ပြန်ပေးဖို့အနေအထား သူ့မှာလည်း ခဲယဉ်းတယ်ဗျ။ သူက ဘာပြောလည်းဆိုရင် ကျွန်တော် တခြား
ကြီးတဲ့သူနဲ့ ဆွေးနွေးပါမယ်ဆိုပြီးတော့ သူစိတ်ဆိုးပြီး ထွက်သွားတယ်။
သူသွားပြီးတော့ တစ်ပတ်လောက်အကြာမှာ NLDက
ကျွန်တော်တို့ရဲ့ တစ်ကယ့်ဆရာကြီးပါပဲ။ ကျွန်တော်တို့ လေးစားရတဲ့ ဆရာကြီး
ဦးဝင်းထိန်နဲ့ သူ့ရဲ့တပည့် ဦးမောင်မောင်ဦး၊ နောက်ပြီးတော့ NLD က ဦးဘမျိုးသိန်း
သူတို့(၃)ယောက်သည် အခုကျွန်တော်ပြောနေတဲ့နေရာမှာ ညနေဘက် ရောက်လာတယ်။
ရောက်လာပြီးတော့
ကျွန်တော့ကိုကြည့်ပြီးတော့ သူ(ဦးဝင်းထိန်)က မေးတယ်။ မေးတဲ့မေးခွန်းကတော့ ‘ဒေါက်တာထွန်းဝင်း… ဟဲဟိုးခြံကိစ္စလေဗျာ’ အဲ့မှာ
ကျွန်တော်က ရိုးရိုးသားသားပဲ ‘အော် ဒီခြံကိစ္စလား ဆရာ။
ကျွန်တော်ဒီခြံကို နိုင်ငံတော်အတွက် ကာကွယ်လိုက်ပြီ ဆရာ။ ဒီဟာက
အင်္ဂလိပ်ခေတ်ကတည်းက နိုင်ငံတော်ရဲ့ မျိုးစေ့ခြံအနေနဲ့ လယ်သမားတွေကို
ပြောင်းမျိုးစေ့ထုတ်ဖို့ ခြံဖြစ်တဲ့အတွက် အခု ကျွန်တော်တို့ အစိုးရသစ်မှာတော့
သူတို့ ပုဂ္ဂလိကတွေ သုံးထားတာတွေ ပြန်ယူဖို့ ကျွန်တော် ပြောလိုက်ပြီ’ ဆိုတော့ ‘ဗျာ…ဒီလိုလားဗျာ၊ အေး...
မောင်မောင်ဦး ပြန်ကြစို့ကွာ’ ဆိုပြီးတော့ တုတ်ကောက်ဆွဲပြီးတော့ တစ်ခါထဲ
စိတ်ဆိုးပြီးတော့ ပြန်သွားတဲ့သဘောရှိတော့ ကျွန်တော်ပြောတာ မှားသွားပြီလို့
ယူဆပါတယ်။ နိုင်ငံတော်ခြံကို ကာကွယ်ဖို့ကို ကျွန်တော့လိုပဲ
ကာကွယ်လိုတဲ့ဆန္ဒရှိမယ်လို့ ကျွန်တော်က ယူဆပြီးတော့ ပြောမိတဲ့စကားသည် မှားသွားပြီ။
မှားသွားတဲ့အတွက် စိတ်ထဲမှာ ခံစားသွားရတယ်။ သူ့ကို ကျွန်တော် တလေးတစားနဲ့
ထမင်းလိုက်ကျွေးပါတယ်။ တုံဂပူရီမှာ ထမင်းလိုက်ကျွေးတယ်။
သို့သော် နောက်တပတ်အကြာမှာ
ကျွန်တော့ကို စည်ပင်ထဲက သူ့ရဲ့အခန်းကို ခေါ်တယ်။ သူနဲ့အတူ
ဒေါက်တာမျိုးအောင်(နေပြည်တော်ကောင်စီဥက္ကဌ)ရှိပါတယ်။ ရှိပြီးတော့ သူ(ဦးဝင်းထိန်)က
ဘာပြောလဲဆိုရင် ‘Unpleasant
News(မကောင်းသော သတင်း)ဗျာ’ တဲ့။
ခင်ဗျားအတွက် Unpleasant News ဆိုတော့ ကျွန်တော် Shock(တုန်လှုပ်)ဖြစ်သွားတယ်။
‘ပြောပါ ဆရာရယ်။ ကျွန်တော့ကို အားမနာပါနဲ့’ ဆိုတော့ ‘ခင်ဗျားမှာ တိုင်စာတွေ ရောက်ပါတယ်၊
အဲ့ဒီတိုင်စာအတွက် ခင်ဗျားကို လောလောဆယ် နေရာရွှေ့ရလိမ့်မယ်’ ပေါ့လေ။
‘ဘယ်ကို ရွှေ့ရပါမလဲခင်ဗျာ’ ဆိုတော့ ‘နေပြည်တော်ကောင်စီမှာ ဒေါက်တာမျိုးအောင် ရှိပါတယ်။
ဒေါက်တာမျိုးအောင်ဆီ သွားပါ။ ထွက်စာကို သမ္မတရုံးမှာ တင်လို့ပြောတယ်။
ဆက်စပ်ဖတ်ရှုရန်
No comments:
Post a Comment