မြန်မာပြည်ရဲ့ ရေမြေသယံဇာတပေါကြွယ်ဝမှုကို
အပေါ်ယံကြောကြည့်ရုံနဲ့ စိတ်ကူးယဉ်အိပ်မက်ဖော်လို့ အလွန်ကောင်းပါတယ်။ စိုက်ပျိုး
မြေဧရိယာသည် အရှေ့တောင်အာရှမှာ အင်ဒိုနီးရှားပြီးရင် ဒုတိယအကျယ်အ၀န်းပမာဏရှိတယ်။
မြစ်ကြီးလေးစင်းနဲ့ မြစ်ဝကျွန်း ပေါ်တွေဖြစ်တဲ့ ဧရာဝတီ၊ပဲခူး၊ ကုလားတန်၊
သံလွင်မြစ်ဝကျွန်းပေါ်တွေရှိတယ်။ ဒါတွေကိုအပေါ်ယံမျှသာကြည့်ပြီး မြန်မာ့အားကစား
ကမ္ဘာကိုလွှမ်းရမယ်ဆောင်ပုဒ်လို မြန်မာပြည်က တစ်နေ့သောအခါ ထိုင်း၊
ဗီယက်နမ်ကိုကျော်လွန် ပြီး ကမ္ဘာအထိ ဆန်စပါးထောက်ပံ့ကျွေး
မွေးနိုင်မယ်လို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀
လောက်ကတည်းက ခန့်မှန်းသုံးသပ်ခဲ့ကြတယ်။ ယခုထိတိုင်လည်း နိုင်ငံရဲ့
ထိပ်ပိုင်းဦးဆောင်သူများနဲ့ စိုက်ပျိုးရေးကို အဓိကထားလို့ဦး
ဆောင်ဦးရွက်ပြုနေသူအကြီးအကဲ များ၊ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူ ကုမ္ပဏီကြီးများဟာ
ဒီအပေါ်သယံဇာတပေါ ကြွယ်ဝတာတစ်ခုကို ကမ္ဘာကို ရောင့်ရဲနှစ်သိမ့်ဆဲဖြစ်ပြီး
အဓိကနဲ့သာမညကို ခွဲခြားစိတ်ဖြာမသုံးသပ်နိုင်ဘဲ မျက်မမြင်ပုဏ္ဏားခုနစ်ယောက်လို
ဆင်တစ်ကောင်ကို လိုရာဆွဲပုံ ဖော်နေကြတယ်။
သက်ဆိုင်ရာစိုက်ပျိုးရေးထုတ်လုပ်သူ၊ ကုန်သွယ်သူ၊
တာဝန်ရှိသူများရဲ့ လက်ရှိအဓိကသုံးသပ်ချက်က မြန်မာ့ဆန်စပါးထုတ်လုပ်မှုပမာဏကို
ယခုလက်ရှိအနေအထားထက် ပိုမိုတိုးတက်ဖို့အဓိကလုပ်ဆောင်ရန်ဆိုပြီး
လက်ရှိတောင်သူတွေရဲ့ လယ်မြေကွက်ငယ်များကို ဧက ကျယ်များ၊ အကွက်ကျယ်များအဖြစ်
ပြောင်းရန်၊ သမန်းပြင်ညီညာရန်နှင့် ကမ္ဘာ့ဆန်ဈေးကွက်တွင် စိုးစဉ်းမျှ
နေရာမယူနိုင်သော စပ်မျိုးစပါးစိုက်ပျိုးရန်နဲ့ တန်ဖိုးမြင့်ထုတ်လုပ်ရန်ဆို ပြီး
နေ့ရောညပါ ကြိုးစားပြနေတာ ယခုဆိုရင် သုံးနှစ်နီးပါးတိုင်ခဲ့ပေပြီ။ ဒီလို
နိုင်ငံတော်ရဲ့စိုက်ပျိုးရေးဘတ်ဂျက်သုံးပြီး နေပြည်တော်ပြကွက်ကြီးကနေ နေ့ရောညပါ
အရပ်တကာ၊ နိုင်ငံတကာကို ကြိုးစားပြနေသော် လည်း မြန်မာနိုင်ငံရဲ့
စိုက်ပျိုးထုတ်လုပ်မှုဟာ အရှေ့တောင်အာရှရော ကမ္ဘာကိုပါ ကျော်လွှားနိုင်မယ့်အစား မြန်မာသည်
အချိန်နဲ့အမျှ နောက် ဆုံးအဆင့်သို့ရောက်ဖို့ အလားအလာရှိနေပါတယ်။ ယခင်က
မြန်မာရဲ့ဆန်ကိုစားသုံးတဲ့ အိနိယနိုင်ငံကြီးဟာ အခု မြန်မာကနေ နေ
ပြည်တော်ပြကွက်ကြီးလုပ်ပြနေတဲ့ သုံးနှစ်နီးပါးအတွင်းမှာ မြန်မာတို့ အားကျခဲ့တဲ့
ဗီယက်နမ်နဲ့ထိုင်းကို သာလွန်လို့ ဆန်တင်ပို့မှု ထိပ်ဆုံးနေ ရာကို ယူလို့နေတယ်။
မြန်မာ့ဆန်ပို့မှ
အသက်ရှင်နိုင်တဲ့ဖိလစ်ပိုင်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ဟာ
သူတို့ရဲ့လူဦးရေသန်းရာကျော်ကို ဖူလုံအောင်ထုတ်နိုင်
ရုံသာမက နောင်နှစ်တွေမှာ ကမ္ဘာ့ဈေးကွက်မှာ
ဝင်တိုးဖို့လုပ်နေတယ်။ ကမ္ဘောဒီးယားနဲ့ လာအိုတို့သည်လည်း ကိုယ်စီဖူလုံပြီး
ကမ္ဘောဒီးယား
သည် ယခုဆို ကမ္ဘာ့ဈေးကွက်မှာမြန်မာ့
အထက်ကနေသာလွန်နေတယ်။လက်ရှိမှာတော့ နေပြည်တော်သီးသန့်ကမ္ဘာမှာသာ မြေကြီးက ရွှေ
သီးအောင် ပြရုံပြနိုင်ပြီး ကမ္ဘာ့ဈေးကွက်မှာတော့
မြန်မာ့ဆန်ဟာတရားဝင် ကမ္ဘာ့ဆန်ဈေးကွက်မှာ မနည်းကြိုးစားပြီးနေရာယူနေရပြီး တရားမ
ဝင် သည့်နယ်စပ်တရုတ်ဈေးကွက်မှာတော့
ဆန်တန်ချိန်သောင်းကျော်ကို အခက်အခဲများစွာအောက်မှာ အဆင်ပြေသလို ရောင်းနေရတယ်။
ရေမြေသယံဇာတပေါကြွယ်ဝတဲ့ မြန်မာက
ကိုယ်တိုင်ဖူလုံအောင် ထုတ်နိုင်လျက်နဲ့ ပြည်ပမလေးရှားနိုင်ငံက နှစ်စဉ် ဒေါ်လာသန်း
၅၀၀ နီးပါးတန်ဖိုးရှိတဲ့ ဆီအုန်းကိုသွင်းနေတယ်။ နှစ်စဉ် ကော်ဖီမစ်ပစ္စည်းသန်း ၁၀၀
ဖိုး၊ သကြားသန်း ၇၀ ဖိုး၊ ဂျုံသန်း ၇၀ ဖိုး၊ နို့နှင့်နို့ထွက်ပစ္စည်း သန်း ၈၀
ဖိုးကို နှစ်စဉ် သွင်းနေရဆဲဖြစ်တယ်။ ရေမြေသယံဇာတ အကြယ်ဝဆုံး နိုင်ငံတစ်ခုဖြစ်လျက်
ဒီလိုနှစ်စဉ် သန်း ၈၀၀ ကျော်ခန့်တန်ဖိုးရှိတဲ့ လယ်ယာထွက်ကုန်တွေကို ပြည်ပကနေ
တင်သွင်းနေရတဲ့ ယိုပေါက်ကိုပိတ်ဖို့ အဓိကလုပ်ဆောင်ရမယ့် အစား စိုက်ပျိုးမြေကွက
်အကျယ်ချဲ့ဖို့ ခေတ်မီဆန်စက်ကြီးတွေ ဆောက် ပြလုပ်ပြရုံနဲ့
နိုင်ငံတကာစမ်းသပ်ဖို့ပေးသမျှ
သီးနှံတွေကို စိုက်ပြရုံမျှဖြင့် တော့
အနာနဲ့ဆေးတလွဲဖြစ်လို့နေတယ်။ ကတောင်းကြိုက်တလွဲ ဖင်တလွဲဖြစ်လို့နေပါတယ်။
အမှန်မှာတော့ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးဟာ
ကြိုးတန်းလမ်းလျှောက်သူပမာ စိုးရိမ်ဖွယ်ရာအပြည့်ပါ။ စိုက်ပျိုးရေးအတွက် မရှိ
မဖြစ်အဓိကလိုအပ်တဲ့စိုက်ပျိုးရေ ကို မသေချာမရေရာသော မုတ်သုံ မိုးအပေါ်မှာ
လုံးဝတည်မှီနေရဆဲ ဖြစ်တယ်။ မြန်မာပြည်ရဲ့ သီးနှံစိုက် ဧရိယာရဲ့ ၈၅ ရာခိုင်နှုန်းသည်
မိုးရေအပေါ်အားကိုးရပြီး ၁၅ ရာခိုင်နှုန်းသည် ဆည်ရေသောက်ဖြစ်တယ်။ ဒီလိုစိုက်ဧရိယာရဲ့
၁၅ ရာခိုင်နှုန်းရှိ တဲ့ ဆည်ရေသောက်လယ်မြေတွေတောင် ဒီနှစ်မှာ ရေမလှောင်နိုင်လို့
နိုင်ငံတော်ရဲ့ ဒုတိယဆန်အိုးပမာ စိုက်ပျိုးနေတဲ့ သဖန်းဆိပ်ဆည်ရေ
သောက်ရွှေဘိုခရိုင်မှာ သီးနှံစုစု ပေါင်းစိုက်ဧက လေးသိန်းမှာ တစ်သိန်းကျော်လောက်ပဲ
စိုက်နိုင်တယ်။ နိုင်ငံတော်ရဲ့ စိုက်ပျိုးရေးတာဝန်ရှိ သူမျာ၊ ကြီးကြပ်ရာ
နေပြည်တော် ဒေသမှာတောင် ရေဆင်း၊ ငလိုက်၊ ဆင်သေဆည်တွေကနေ ဒီနှစ်နွေမှာ ၄၀
ရာခိုင်နှုန်းလောက် စပါးစိုက် ဧရိယာများအတွက်သာ စိုက်ပျိုးရေ ရလို့
စပါးစိုက်နိုင်တယ်။ အခုလက် ရှိအခြေအနေ မိုးရာသီမှာလည်း ဒီနေပြည်တော်ပတ်ဝန်းကျင်မှာ
တောင် စပါးစိုက်ဖို့ ရေအခက်အခဲ ဖြစ်လို့နေတယ်။ ဧရာဝတီတိုင်းအတွင်း နွေစပါးအတွက်ရေလှောင်
ပြီးစိုက်နိုင်တဲ့ ၀ါးခယ်မရွှေလောင်း ကျွန်းပတ်ဆည်၊ မအူပင်သုံးခွကျွန်း ပတ်ဆည်၊
လပွတ္တာကျွန်းပတ်ဆည် တံခါးတွေက ရေတံခါးတွေမလုံလို့၊ ရေ မလှောင်နိုင်လို့
နွေစပါးမစိုက်နိုင် ခဲ့တာကို မျက်ကွယ်ပြုခဲ့တာ နှစ် ပေါင်းများစွာကတည်းကပါပဲ။ နွေ
စပါးစိုက်နိုင်တောင် ငါးသမားနဲ့ တိုက်ထိပ်တွေ့လို့ စပါးစိုက်ရေရော၊ အောင်ရေမှာပါ
အခက်အခဲဖြစ်လို့ နွေစပါးကို အဆင်ပြေပြေအခုထိ မစိုက်နိုင်သေးဘူး။ အခုမိုးတွင်းမှာ
လည်း ကျွန်းပတ်တာတွင်း လယ်တွေ မှာ မြစ်ရေမ၀င်တော့ စပါးစိုက်ဖို့
အခက်အခဲဖြစ်လို့နေတယ်။ ဒီတော့ မြန်မာပြည်ရဲ့ ရေသောက်ဧရိယာ ၁၅ ရာခိုင်နှုန်းကိုလည်း
အားကိုးစရာ မမြင်ပါဘူး။
ဒီတော့ သဘာဝမိုးရေကိုပဲ အားကိုးစရာဖြစ်တယ်။
မိုးအားကိုးပေမယ့် သူရွာမှရသမို့ ၄င်းမိုးရွာသွန်းမှုကလည်း လွန်ခဲ့တဲ့
သုံးနှစ်ကစလို့ ၂၀၁၀ ကနေ လုံးဝပြောင်းခဲ့တယ်။ မိုးဦးဝင်ချိန် တစ်လနောက်ကျခဲ့ပြီး
မိုးဆုတ်ချိန်စောခဲ့လို့ မိုးရွာသွန်းကာ လပိုတိုတောင်းပြီး မိုးရွာသွန်းပမာဏ
လျော့ကျခဲ့တယ်။ မိုးဦးနောက်ကျလို့ စိုက်ပျိုးပြီးပြီးချင်း လယ်မြေတွေမှာလည်း
မိုးသည်းထန်စွာရွာသွန်းခံခဲ့ရလို့ စိုက်ပျိုးမြေတွေ မနှစ်က ဧက ခြောက်သိန်းကျော်
ရေမြုပ်ပျက်စီးတယ်။ ရိတ်သိမ်းချိန်မှာလည်း အချိန်အခါမဟုတ်မိုးရွာလို့ ဧရာဝတီနဲ့
တစ်ပြည်လုံးစပါးခင်းတွေ ပျက်စီးပြန် တယ်။ အခု ဒီနှစ်ကျပြန်တော့လည်း
အောက်မြန်မာပြည်လောက်သာ မိုး ကောင်းပြီး အထက်မြန်မာပြည်တစ်ခွင်လုံး မိုးနည်းလို့
စပါးစိုက်လယ်မြေတွေ အဆင်ပြေပြေမစိုက်နိုင်သေးဘူး။ ရေလှောင်ဆည်တွေတောင် ရေမရှိလို့
အထက်မြန်မာပြည်လယ်မြေ အများစုစိုက်ပျိုးရေအတွက် အခက်အခဲရှိနေတယ်။ နောက်ဆည်တွေရဲ့
လက်ရှိအနေအထားက မိုးများလာ တဲ့အခါ ရေမထိန်းနိုင်လို့ တောင်သူ အများစုရဲ့
စိုက်ခင်းအတွင်းသို့ ရေများဖောက်ချနေရတဲ့အတွက် လယ်တွေ နှစ်စဉ်ပျက်စီးကုန်တယ်။
မိုးနည်းတဲ့အခါကျတော့ ဆည်တွေ ပပ်ကြားကွဲလို့ ရေမပေးနိုင်ဘူး။ ဒါက
အဓိကဘာကိုပြသလဲဆိုရင် ဆည်တွေဟာ နှစ်ကာလရှည်ကြာတဲ့ အခါမှာ ဆည်အတွင်းစီးဝင်လာတဲ့
ရေနဲ့အတူ နုန်းအနည်အနှစ်များ နှစ်စဉ်စုဆောင်းကာ ကြာရှည်လာတော့
ရေလှောင်ဧရိယာပမာဏတွေ လျော့
ကျလို့နေခြင်းပါ။ ဒီတော့ဆည်အများစု
မိုးများလာရင် ဆည်ကျိုးမှာစိုးလို့ ရေဖောက်ချကြတယ်။
ဒီဆည်တွေကောလို့ ရေမလှောင်နိုင်သလိုပါပဲ။
မြန်မာပြည်ရဲ့ ပြည်မကြီးတစ်ခုလုံးမှာ မိုးရေလှောင်ပေးတဲ့ ကချင်ပြည်နယ်မှ
သစ်တောများ၊ ပဲခူးရိုးမသစ်တောကြီးက ဟင်းလင်းပြောင်လေတော့ မိုးကိုမဖိတ်ခေါ်နိုင်၊
မိုးရွာပြီဆိုတာနဲ့ မိုးရေတွေဟာ ရိုးမတစ်ခုလုံးနဲ့ ပြည်မကြီးရဲ့ လယ်မြေတွေကို
ဖြတ်တိုက် စားလို့ဧရာဝတီ၊ စစ်တောင်းမြစ်ကြီးတွေတောင် ကိုယ်စီအပြည့်နဲ့
မြစ်ကောကြီးတွေဖြစ်ဖို့ တာစူနေလေရဲ့။ ဒီလိုမိုးရေနဲ့ တိုက်စားလို့ပါလာတဲ့ သဲ၊
နုန်းတွေကြောင့် မြန်မာပြည်ရဲ့ဆန်အိုး ရန်ကုန်၊ ပဲခူး၊
ဧရာဝတီမြစ်ဝှမ်းတစ်ခုလုံးရဲ့ အင်းအိုင်လည်း
ကောလို့နေတယ်။ ဒါကြောင့် မိုးရွာတာ
အနည်းငယ်ရက်ရှည်လာရင်စိုက်ခင်းတွေ ရေမြုပ်တာ အခုဆိုရင်ပဲ ဧရာဝတီတိုင်းရဲ့ ဇလွန်၊
ဟင်္သာတ စိုက်ခင်းတွေမှာ စပါးခင်းတွေ ရေမြုပ်မှာစိုးရိမ်နေကြတယ်။
ဒီလိုရာဦဥတု ပြောင်းလဲမှုကြောင့်
ပြောင်းလဲဖြစ်ပေါ်နေတဲ့ ဖြစ်ရပ်တွေကို သုံးနှစ်ကြာတိုင် ခါးစည်းခံစားလာခဲ့ရတဲ့
မြန်မာလယ်သမားဘ၀ အနေအထားကို မျက်ကွယ်ပြုပြီး မြန်မာနိုင်ငံရဲ့ စိုက်ပျိုး ရေးကို
အဓိကတာဝန်ယူဆောင်ရွက်နေတဲ့ အကြီးအကဲများနဲ့ ဆိုင် ရာဆန်စပါးအဖွဲ့အစည်းတွေဟာ
ဒီအဓိကသဘာဝဘေးဒဏ်၊ စိုက်ပျိုးရေး အခက်အခဲကို ကူညီဖြေရှင်းဖို့ လုပ်ငန်းကို
ဦးစားပေးပြီး လုပ် ဆောင်ရမည့်အစား မြန်မာပြည် ဆန်စပါး စိုက်ပျိုးထုတ်လုပ်ရေးသည်
ဆန်စက်များ အရည်အသွေးညံ့လို့ဆိုပြီး နေပြည်တော်မှာ ခေတ် မီဆန်စက်ကြီးတွေ ဆောက်ဖို့
ဦး စားပေးပြီး စံပြစက်ရုံကြီးတွေ နိုင်ငံ တော် စရိတ်အကုန်အကျကြီးမားစွာ နဲ့
ဆောက်ပြနေခြင်းသည်လည်း ကောင်း၊ မြန်မာစိုက်ပျိုးရေးရဲ့ ထုတ်လုပ်မှုကျဆင်းတာသည်
လယ်ကွက်တွေ ကျဉ်းလို့ဆိုပြီး နေပြည်တော်မှာ ရော နိုင်ငံရဲ့ အချို့ဒေသတွေမှာ
စက်မှုလယ်ယာအကွက်ကျယ်စီမံ ကိန်းများကို နေရောညပါ ငွေကုန်ကြေးကျခံပြီး
လုပ်ပြနေခြင်းသည်လည်းကောင်း လွန်စွာမှ အနာနဲ့ ဆေးလွဲချော်ပြီး ကတောင်းကြိုက်တလွဲ
ဖင်တလွဲ ဖြစ်နေတယ်။
အမှန်စင်စစ် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဒဏ်ကို
အပြင်းအထန် ခံစားခဲ့ပြီးနောက် မုန်တိုင်းဒဏ်က နာလန်ထစဆဲဆဲမှာ ၂၀၁၀ ပြည့်နှစ်က
နေစပြီး မိုးလေ၀သ ရာသီဥတု ဖောက်ပြန်ခဲ့တာ ယနေ့ထိတိုင်ပဲ။ စိုက်သမျှ
မိုးစပါးရိတ်ချိန်ကျတော့ ဈေးမရ၊ ဒါနဲ့ စပါးမရ၊ ပဲဘက်လှည့် ကြိုးစားပေမယ့်
ပဲဈေးကလည်း သုံးနှစ်တိုင်အောင် ကျဈေးနဲ့တွေ့လေတော့ လယ်သမားတွေရဲ့ ယိုင်နဲ့နေတဲ့
စီးပွားရေးအနေအထားကို စာ နာကြည့်စေချင်ပါတယ်။ မနှစ်က ဒီလိုမိုးလယ်ချိန်မှာ
ဝါးခယ်မ၊ အိမ်မဲ၊ မြောင်းမြမြို့နယ်တွေရဲ့ ကျေးရွာအများစုမှာ
ဝမ်းစာလက်ကျန်စပါးမရှိ ကြလို့ ဟာလာဆန်စက်တွေမှာပင့် ကူအိမ်တက်လို့နေကြတယ်။ ဆန်စက်ပိုင်ရှင်
လယ်သမားတွေတောင် ထက်ပိုင်းကျိုးဝယ်စားနေရတယ်။ ထက်ပိုင်းကျိုးလို့ သူတို့ပြောတဲ့
ဝေါဟာရကတော့ ဆန်ကွဲလို့ဆိုလိုရင်းပါ။ ဒီလိုနှစ်အစဉ်အဆက် သဘာဝရာသီဥတုပြောင်းလဲမှုဒဏ်
ကြောင့် ခါးစည်းလို့ရုန်းကန်နေဆဲဖြစ်တဲ့
တောင်သူတွေရဲ့လက်ရှိအနေအထားကို မျက်ကွယ်ပြုပြီး ၂၀၁၃ ခုနှစ်မှာ ဆန်တစ်သန်းခွဲပဲ
ပို့နိုင်လို့ ၂၀၁၄
ခုနှစ်မှာဆန်သုံးသန်းထိပို့ဖို့လုပ်နေတဲ့ နေပြည်တော်မှ စိုက်ပျိုးရေးနဲ့
ကုန်သွယ်ရေးတာဝန်ရှိ ပုဂ္ဂိုလ်ကြီးနဲ့ ဆန်ကုန်သည်
ကြီးများ အသင်းလူကြီးဆိုသူများရဲ့
လေထဲတိုက်အိမ်ဆောက် စိတ်ကူးယဉ်နိုင်ငံတော်စီမံကိန်းတွေမှာ နိုင်ငံတော်သမ္မတကြီးနဲ့တကွ
အကြံပေးပုဂ္ဂိုလ်ကြီးများ ကိုယ်တိုင်ဆက်လက်မျောပါနေလို့ကတော့ လာမယ့်နှစ်များအတွင်း
ဆန်ဝယ်အားရမယ့်ကိန်းကို မြင်မိပါတော့တယ်။
ဒီတော့ ကျွန်တော်တို့ရဲ့ နိုင်ငံတော်မှာရှိတဲ့
စိုက်ပျိုးရေးကဏ္ဍကို ဦးဆောင်ဦးရွက်ပြုသူများသည် ခေတ်မီဆန်စက်ကြီးတွေ တည်ဆောက်ဖို့
လက်ကွက်ကျယ်ကြီး တွေချဲ့ပြီး ခေတ်မီစက်မှုလယ်ယာထူထောင်ဖို့က အဓိကလား။ အခုလောလောဆယ်
ပြောင်းလဲတဲ့ ရာသီဥတု သဘာဝဘေးဒဏ်များကို ရင်ဆိုင်နေရပြီး ဒုက္ခအကြီးအကျယ်
ရောက်လို့နေတဲ့ မြန်မာပြည်ရဲ့ ရာနှုန်းပြည့်စိုက်ပျိုးနေတဲ့ သီးနှံစိုက်
လယ်မြေတွေမှာ အဓိက မရှိမဖြစ်လိုအပ်နေတဲ့ စိုက်ပျိုးရေရရှိရေးကအဓိကလား။ နောက်ပြီး
လောလောဆယ် စိုက်ပျိုးဖြစ်ထွန်းနေတဲ့ သီးနှံ
စိုက်ခင်းတွေကို ရေဖုံးလွှမ်းမခံရဖို့က
အဓိကလားဆိုတာ နိုင်ငံတော်သမ္မတကြီးနဲ့ အကြံပေးအဖွဲ့ကပါအဓိကနဲ့ သာမညကို ခွဲခြားဆောင်
ရွက်နိုင်အောင်ကတောင်း ကြိုက်တလွဲ၊
ဖင်တလွဲမဖြစ်အောင် တည့်မတ်ပေးစေလိုပါတယ်။
အခုရေတွင်းတူး အခုရေ ကြည်သောက်သလို ချက်ချင်း
မမျှော်လင့်နိုင်ပေမယ့် အဓိက မဖြစ်မနေစတင်လုပ်ဆောင်သင့်သည့် လုပ်ငန်းများ
ကို အောက်ပါအတိုင်း အကြံပေးတင်ပြလိုပါတယ်။
ထင်း၊ မီးသွေး၊ သစ်တောထွက် ပစ္စည်းတွေအပေါ်မှာ
လောင်စာအဖြစ် နေ့စဉ်သုံးစွဲနေတဲ့ ၇၄ ရာခိုင်နှုန်းသော လျှပ်စစ်မီးမရှိတဲ့ ပြည်သူ
အများစုအတွက် အိမ်နီးချင်းနိုင်ငံများသို့ လျှပ်စစ်များ ရောင်းချနေ မည့်အစား
လျှပ်စစ်မီးတိုးချဲ့ ဖြန့်ဖြူးပေးခြင်းဖြင့်လည်းကောင်း၊ လျှပ်စစ် မီးအလွယ်တကူ
မသွယ်တန်းနိုင်ပါက ဖိလစ်ပိုင်နိုင်ငံလို တောတွေ၊ တောင်တွေထဲရှိ ပြည်သူတွေဆီအ ရောက်
သဘာဝဓာတ်ငွေ့သုံးမီးဖို ငယ်များ ပံ့ပိုးပေးနိုင်မည်ဆိုလျှင်လည်းကောင်း၊ ဒါမှမဟုတ်
အဖျင်းဆုံး တစ်ချောင်းထိုး မီးဖိုငယ်များကို တစ်ပြည်လုံးရှိ ပြည်သူများအတွက်
အလုံအလောက် ဖြန့်ဖြူးပေးမည်ဆိုလျှင်လည်းကောင်း၊ ပြည်သူတွေဟာ လောင်စာထင်းအတွက်
လက်ရှိ တောတွေကို မထိနိုင်လို့၊ လက်ရှိ သစ်ပင် အကြင်းအကျန်တွေကို
ဆက်လက်ရှင်သန်စေမည်။ လူထု နည်းဖြင့် ထင်းအဖြစ်သုံး တောအုပ် တောငယ်တွေကို
ကျေးရွာအုပ်စု အ လိုက် ထူထောင်ကြမယ်။ နိုင်ငံတော် အစီအမံနဲ့ ပဲခူးရိုးမကို
ပြန်လည်ပြီး စိမ်းစေမယ်။
တစ်ချိန်တည်းမှာ မြန်မာပြည် အနှံ့ ဧရာဝတီမြစ်မှစ၍
ချင်းတွင်း၊ စစ်တောင်းမြစ်ကောကြီးများမှာ ရေ၀င်ထုထည်ကြီးမားလာအောင် နိုင်ငံတော်
စီမံကိန်း၊ ပြည်ပအကူအညီများဖြင့် ရေရှည်၊ ရေတိုစီမံကိန်းဖြင့် ဇောက်ချပြီး
တူးဖော်ပေးခြင်း ဖြင့်လည်းကောင်း၊ ဒီမှာ ဧရာဝတီ မြစ်ကြီးကို ပြန်လည်တူးဖော်ပြီး
စိုက်ပျိုးရေလှောင်စီမံကိန်းနဲ့ လမ်းပန်းဆက်သွယ်ရေးအတွက် အားစိုက်ဆောင်ရွက်နေတဲ့
ပို့ဆောင်ဆက် သွယ်ရေးဝန်ကြီး ဦးဉာဏ်ထွန်းအောင်ရဲ့ ကြိုးပမ်းဆောင်ရွက်ချက်ကို
မှတ်တမ်းတင်အပ်ပါတယ်။
နောက်မြန်မာပြည်ရဲ့ ကော နေသော ဆည်ကြီးများကို
ပြန်လည် တူးဖော်ပေးခြင်း၊ ဒီနောက် အင်း၊ အိုင်ကောတွေ ဖြစ်နေတဲ့ အင်းလေး၊ မိတ္ထီလာ၊
သာစည်ကန်ကြီးတွေကို ဇောက်ချတူး၍ ရေလှောင်ပေးခြင်း၊ မြန်မာပြည်တစ်နံတစ်လျား ကျေးရွာ
အုပ်စုများတစ်ဝိုက် ကောနေသော အင်းအိုင်၊ ချောင်းမြောင်းတွေကို လူထုလုပ်အားဖြင့်
နိုင်ငံအင်အားဖြင့် တူးဖော်ပေးခြင်း၊ တစ်ချိန်တည်းမှာ ၈၅ ရာခိုင်နှုန်းသော မိုးရေသောက်
လယ်မြေများကို ရေသောက်နိုင်ဖို့ မြစ်၊ ချောင်း မရှိတဲ့ဒေသများမှာ
ငါးပွင့်ဆိုင်မြေအောက်ရေတွင်း စီမံ
ကိန်းတူးဖော်ပေးခြင်းဖြင့်လည်း ကောင်း၊
ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသများမှာ နေ့စဉ်ကမ္ဘာဆွဲအားကြောင့် နှစ်ကြိမ်ရေတက်၊
နှစ်ကြိမ် ရေကျကို အသုံးချလို့ မြစ်ရေ၊ ချောင်းရေတင်စီမံကိန်းတွေကို
နိုင်ငံခြားကို ရောင်းချနေတဲ့ သဘာဝဓာတ်ငွေ့စွမ်းအင်ကို တစ်ဖက်လှည့်
သုံးလို့
မြစ်ရေတင်စီမံကိန်းတည်ဆောက်၍လည်းကောင်း၊ ဆန်စက်ကြီးများ ပတ်ဝန်းကျင်မှာ
စပါးဖွဲကြမ်းလောင်စာသုံး ဂက်စီဖိုင်ယာ လျှပ်စစ်မြစ်ရေတင် စီမံကိန်းသုံး၍လည်းကောင်း
လက်တွေ့ကူညီဆောင်ရွက်ပေးမည်ဆိုလျှင်တော့ မြန်မာပြည်ရဲ့ အဓိကဖြေရှင်းရန်
လိုအပ်နေတဲ့ စိုက်ပျိုး ရေရရှိရေးအတွက် ရင်အေးဖွယ်ရာပါပဲ။ သို့မဟုတ်ဘဲ
တံလျှပ်ကိုရေထင် ရွှေသမင်အလိုက် မှားနေသော နေပြည်တော်
စီမံကိန်းကွက်ကွက်လောက်တွင်သာ အချိန်ကုန်၊
ငွေကုန်၊လူပန်းလျက်ဆက်လက်၍ စိတ်ကူးယဉ်အိမ်မက်စီမံကိန်းကို
အကောင်အထည်ဖော်နေသရွေ့တော့ မကြာသော ကာလအတွင်းမှာပဲ မြန်မာပြည်ရဲ့
စိုက်ပျိုးရေးနှင့် စားဝတ်နေရေးဟာ စိုးရိမ်ဖွယ်ရာ အခြေအနေရှိကြောင်းပါဗျာ။ ။
ဒေါက်တာထွန်းဝင်း(စိုက်ပျိုးရေး ) @ 7
Day News Journal ၂၀၁၃ ဇူလိုင်
No comments:
Post a Comment