"ဦးရှင်ကြီးပွဲ" လို့ အရပ်က ခေါ်လေ့ရှိတဲ့ "မြို့နယ်လုံးဆိုင်ရာ
အန္တရာယ်ကင်း အရှင်နှစ်ပါး ပူဇော်ပသပွဲ" ဟာ ကျွန်တော်တို့ ဝါးခယ်မမြို့လေးရဲ့ အစည်ကားဆုံး
ပွဲတော်တစ်ခုပါ။ နေဝင်မီးငြိမ်း ခေတ်ပျက်ကာလ တွေမှာတောင် အစဉ်အလာ အပျက်မခံဘဲ နှစ်စဉ်နှစ်တိုင်း
ဇန္နဝါရီ လထဲမှာ ကျင်းပလာခဲ့တာ အခုဆိုရင် နှစ် ၁၃၀ ကျော်ခဲ့ပါပြီ။
ပွဲကျင်းပရာ "ဦးရှင်ကြီးကွင်း" ဟာ ကျွန်တော်တို့ အိမ်နဲ့
မလှမ်းမကမ်း ဆေးရုံရှေ့မှာ ရှိပါတယ်။ ကလေးတွေ ဆော့ကစားရာ၊ လူကြီးများ ပိုက်ဆံကြေး ဘော်လီဘော
ပုတ်ရာ၊ ခြင်းခတ်ရာ နေရာလည်း ဖြစ်ပါတယ်။
ပွဲမစခင် ရက်တွေမှာ လမုနတ်နဲ့ ကျားနှစ်ကောင် မြို့ထဲလှည့်ပြီး အလှူခံတဲ့
အချိန်ကတည်းက ကျွန်တော်တို့ ကလေးတစ်သိုက် တစ်ကောက်ကောက် နောက်ကလိုက်လို့ ဝိုင်းအုံကြည့်ခဲ့
ရတာပါ။ ကန်တော့ပွဲက နတ်အုန်းသီးကို ကျားတွေ ပါးစပ်နဲ့ခဲပြီး ဆွဲခါလိုက်ရင် အုန်းခွံတွေ
တဖွားဖွား ကွာကျသွားတာ ကြည့်ပြီး အံဩဘနန်း ဖြစ်ခဲ့ရတာပေါ့။
ပွဲတော်ရက် စပြီဆိုတာနဲ့ ဆယ့်နှစ်ပွဲ ဈေးသည်တွေ၊ ချားရဟတ်တွေ၊ ရုပ်ရှင်ကား
အတိုလေးတွေ ဟိုတစ်စ ဒီတစ်စ ပြတဲ့ ကြည့်ချင်ပွဲ ရုံလေးတွေ ရောက်လာကြပါပြီ။ ရုံမကာပဲ
ဖျာနေရာပဲ ရောင်းတဲ့ ဗလာပွဲခင်းဆိုတော့ ကျွန်တော်တို့လို အနီးအနားက အိမ်တွေကတော့ ဖျာလွတ်ရာ
ကွင်းအစပ် နေရာလွတ်တွေမှာ ဂုန်နီအိပ်ခွံတွေ၊ ဖျာစုတ်တွေ၊ ကုလားထိုင် အကျိုးတွေခင်းလို့
နေရာဦးကြပါတယ်။
ပွဲက အစ၊ အလည်၊ အဆုံး သုံးရက် ကျင်းပပါတယ်။ ညနေခင်း ကတည်းက အရှင်နှစ်ပါးကို
ဆက်တဲ့ ဒေါနပန်းတွေဟာ ကျောင်းဆောင် ပြည့်ရုံတင်မက လျှံကျလို့ နေပါတယ်။ အရှင်နှစ်ပါး
ဆိုတာက ကိုးမြို့ရှင်နဲ့ ဦးရှင်ကြီးပါ။ ပွဲဦးစတာနဲ့ အရှင်နှစ်ပါးကို ဦးစွာ ပင့်ဖိတ်
ပူးကပ်လို့ ပူဇော်ပသ ကြပါတယ်။ ပြီးမှ ၃၇ မင်းနတ်တွေ တစ်ပါးပြီး တစ်ပါး လာရောက်ကြပါတယ်။
ပူဇော်ပွဲ ပြီးတာနဲ့ မိုးအလင်း ဇာတ်ပွဲ စပါပြီ။
ကျွန်တော်တို့ ကလေးတွေကတော့ ပွဲဈေး လျှောက်လိုက်၊ ဆေးသုံးလုံး ထိုးတာနဲ့
လူစင်စစ်ကနေ မြွေဖြစ်သွားတဲ့ ရုပ်ရှင် ကားပိုင်းလေး ဝင်ကြည့်လိုက်၊ နတ်က ပြန်စွန့်တဲ့
နတ်ပန်းတွေ ဝိုင်းလုလိုက်၊ ပွဲစတော့လည်း ပွဲခင်းအစပ် ရရာနေရာက ကြည့်မောလိုက်၊၊ အိပ်ချင်ရင်
အိမ်ပြန်အိပ်ပြီး တရေးနိုး ပြဇာတ် ကနေချိန်ကျ တစ်ခေါက် ပြန်လာကြည့်လိုက်နဲ့ ပျော်နေကြတာပါပဲ။
အဲဒီလိုနဲ့ တစ်ကြိမ်မှာတော့ လူကြီးတစ်ယောက်နဲ့ ကပ်လိုက်သွားပြီး ဇာတ်ခုံပေါ်ကနေ ရှားရှားပါးပါး
ကြည့်ခွင့်ရခဲ့ ပါတယ်။
ကားဆွဲရဲ့ နောက်ဘက် ဇာတ်ခုံအစွန်း ကနေ ပွဲကြည့်ရတာ ကျွန်တော့်အဖို့တော့
လောကအငယ်စားလေး တစ်ခုကို စီးမိုး ကြည့်နေရသလို ခံစားရပါတယ်။ ဇာတ်စင်နောက်က တစ်သုတ်ပြီး
တစ်သုတ် ကျရာ ကဏ္ဍကို ဖျော်ဖြေဖို့ အလှည့်ကျ တက်လာသူ ဆင်းသွားသူတွေ၊ ကန့်လန့်ကာအဖွင့်မှာ
ဇာတ်ဆရာ အလိုကျ ကကြ ဆိုကြ ပျော်ကြ ငိုပြကြသူတွေ၊ ဇာတ်ခေါ်ရာ လိုက်ပါပြီး ပျော်လိုက်
မောလိုက် ဝမ်းသာလိုက် ဝမ်းနည်းလိုက်နဲ့ စီးမျောနေတဲ့ ရွှေပွဲလာ ပရိသတ်တွေ၊ သူဖွင့်သလောက်ပြ
သူပိတ်တော့ဆင်း၊ လိုသလို စေစားနိုင်တဲ့ ကားဆွဲရဲ့ ပဉ္စလက်တွေ၊ အားလုံးကို မျက်တော်မခတ်
ကြည့်မော နေရပါတော့တယ်။
တဖြည်းဖြည်းနဲ့ ပြဇာတ်ကလည်း ဇာတ်ရှိန်မြင့်သထက် မြင့်လာပါပြီ။ ကူကယ်သူမဲ့
ကလေးကိုချီပြီး ထမင်းခွံနေတဲ့ မိန်းမငယ် တစ်ယောက်ကို လူကြမ်း ခေါင်းဆောင်က နှိပ်စက်နေတဲ့
အခန်း ရောက်လာပါပြီ။ မိုက်ချက် ရမ်းချက် ကြမ်းချက် ကတော့ လက်ကုန်ပါပဲ။ တွန်း ထိုး ကန်ကျောက်ပြီးတာတောင်
အားမရသေးတဲ့ ပုံနဲ့ ထမင်းခွံ့နေတဲ့ ပန်းကန်ကို ဖြတ်ကန် ပစ်လိုက်တာ ကျွန်တော်တို့ မျက်နှာတွေကိုတောင်
ငါးပိရည်နံ သင်းနေတဲ့ ထမင်းလုံးတွေ လာစင်ပါသေးတယ်။
စင်အောက်ကလည်း ပြောင်းဖူးရိုးတွေ၊ မြေစိုင်ခဲတွေ အပြုံလိုက် တက်လာပါတယ်။
ခဲမိုးတွေ ကြားမှာတောင် မြို့မေတ္တာ ခံယူမယ့် သားကတော့ မဖြုံရေးချ မဖြုံ အသားကုန် ဆက်တင်
နေပါတယ်။ ဒီလိုနဲ့ ကယ်တင်ရှင် ဇာတ်လိုက် မင်းသား ရောက်လာပါပြီ။ သူတစ်ပြန် ကိုယ်တစ်ပြန်
ထွေးလုံး သတ်ပုတ်လို့ ခဏအကြာ လူရမ်းကားကြီး မရှု့မလှ ခံလိုက်ရပြီး နောက်ကောက် ကျသွားပါတော့တယ်။
ပရိသတ်ရဲ့ ဝမ်းသာအားရ ဩဘာသံ တဝေါဝေါ နဲ့အတူ ဇာတ်သိမ်း ပြည့်ဖုံးကားကြီးလည်း ကျလာ ပါတော့တယ်။
ကားလိပ်နောက်မှာ သရုပ်ဆောင်တွေ အလျှိုအလျှို ဆင်းသွားကြပေမယ့် လူကြမ်းကြီးကတော့
ရုတ်တရက် မထနိုင်ပါဘူး။ ခဏကြာမှ ကစဥ့်ကရဲနဲ့ ကုန်းကျုံးထပြီး ကျွန်တော်တို့ ဘေးနားကနေ
ဇာတ်စင်အောက် ဆင်းသွားပါတယ်။ မောဟိုက်တဲ့ လေသံနဲ့ "အငယ်တွေနဲ့ အမှီလိုက် ရုန်းရတာ
မလွယ်ပါဘူးကွာ" လို့ ရေရွတ် သွားတာလည်း ကြားလိုက် ရပါတယ်။ စောစောက ဇာတ်ကွက်ထဲကလို
ထန်တွေ မာန်တွေ အရိပ်အယောင်တောင် မမြင်ရဘဲ ညိုးငယ် နွမ်းဟိုက် ခေါင်းငိုက်စိုက် ချလို့
တရွေ့ရွေ့ဆင်းသွားတဲ့ သူ့ကျောပြင်ကို ကြည့်ရင်း ကျွန်တော်တို့လည်း ငြိမ်သက်စွာနဲ့ ထပြန်ခဲ့ပါ
တော့တယ်။
လောက ဇာတ်ဆရာ ချပေးတဲ့ ဇာတ်ရုပ်တွေထဲမှာ လက်ခုပ်သံတွေကြား ပျော်ရ
မော်ရသူတွေ ရှိသလို၊ ခဲမိုးတွေ ကြားမှာ ရမ်းရ ကြမ်းပြပါမှ ဝမ်းဝခါးလှ သူတွေလည်း ရှိကြ
ပါလိမ့်မယ်။ ပြည့်ဖုံးကား မချမခြင်း ဘဝကြမ်းနဲ့ ရုန်းကန်နေရခြင်းတွေ ကင်းရလိုပါကြောင်း
ကိုယ့်ကိုကိုယ်ရော အများအတွက်ပါ ဆုတောင်း မိပါတော့တယ်။
အောင်သူထွန်း
No comments:
Post a Comment