Friday, February 2, 2018

ထိုတစ်ညလွန်သော် - ကိုနန္ဒ(ဝါးခယ်မ)







အလင်းကို အမှောင်ကလု၍ နေ့တာရှည်တစ်ခုလုံးကို ဝါးမြိုနေချိန်ဖြစ်သည်။ ထိုအချိန်၌ မုတ်သုန်လေသည် မိုးစက်သေးသေးလေးများကိုခေါ်ဆောင်လျှက် ရန်ကုန်မြို့အတွင်းသို့ ဆင်မယဉ်သာလေးလှမ်းလာနေသည်။ဆောင်းစရာထီးမပါသော၊ထီးကိုင်ရမှာပျင်းသော ကျွန်တော့်အတွက်မူ ဆင်မယဉ်သာလေးလှမ်းဖို့မဖြစ်နိုင်။ သို့ပါသောကြောင့် ခြေလှမ်းသွက်သွက်လှမ်းကာ မျက်စိထဲအရင်ဦးဆုံးတွေ့သည် လ္ဘက်ရည်ဆိုင်သို့ ဦးတည်လိုက်ရသည်။

ချိန်းထားလျှင်တောင်မှ လွဲဦးမည်ထင်သည်။ မထင်မှတ်ပဲ ငယ်သူငယ်ချင်းတစ်ဦးနှင့် ထိုလ္ဘက်ရည်ဆိုင်ထဲတွင်ပက်ပင်းတိုးပါတော့သည်။

`ဟာ...ကျော်ဇော´`ညီထွဋ်´

တွေ့သည်နှင့် သူ့အမည်၊ကိုယ့်အမည်ကို အပြန်အလှန်ခေါ်ဖြစ်ကြသည်။တစ်ဦးနှင့်တစ်ဦးပြေး၍မဖက်ဖြစ်ကြသော်လည်း ကိုယ်စီညာလက်ဖဝါးနှစ်ခုပူးကပ်လျှက် ဆုပ်ကိုင်မိကြသည်။

ကျော်ဇောနှင့် ကျွန်တော်မတွေ့ဖြစ်သည်မှာ သုံးနှစ်ခန့်ရှိတော့မည်။တစ်မြို့တည်းသားချင်းလည်းဖြစ်၊ ငယ်စဉ်ကျောင်းသားဘဝကတည်းက တစ်ခန်းတည်းအတူတက်ခဲ့ကြသောသူငယ်ချင်းများဖြစ်သည်မို့ ပြောမနာ၊ဆိုမနာဖြင့် ညီအစ်ကိုအရင်းများပမာသံယောဇဉ်ရှိခဲ့ကြသည်။
မိတ်ဟောင်းဆွေဟောင်းများနှင့်ဆုံလျှင် ရှေးဟောင်းနှောင်းဖြစ်များပြောဖြစ်ကြသည့် ဓမ္မတာအတိုင်း သူနှင့်ကျွန်တော်လည်း အတိတ်ကဖြစ်ရပ်တွေကိုပြန်လည်တူးဖော်ဖြစ်သည်။ အများဆုံးပြောဖြစ်သည်က ကျွန်တော်တို့မြို့ကလေးနှင့် သူငယ်ချင်းတစ်ချို့၏ အကြောင်းများပင်ဖြစ်သည်။

ထိုသို့ ကျွန်တော်တို့ပြောနေကြစဉ် ဆိုင်အပြင်ဖက်၌ ကောင်းကင်တစ်ခုလုံးလျှပ်စီးများလက်ကာ မိုးက အိတ်သွန်ဖာမှောက်ရွာလေတော့သည်။ မိုးကသည်းသလို လေပြင်းတိုက်ပုံကလည်း ဘီလူးဆိုင်းတီးသလို ခပ်ကြမ်းကြမ်းရှိလှသည်။ထိုအချိန်၌ပင် ဆိုင်ရှေ့သို့ ကားတစ်စီးထိုးရပ်လာသည်။ထိုကားထဲမှ လူတစ်ယောက်ဆင်းလာကာ ကျွန်တော်နှင့် ကျော်ဇောထိုင်နေသည့် စားပွဲဝိုင်းသို့တန်းတန်းမတ်မတ်ဝင်လာသည်။ပြီးနောက် အိတ်တစ်လုံးကို စားပွဲပေါ်သို့တင်ပြီး ကျော်ဇောရှေ့သို့ ထိုးပေးသည်။

`ပိုက်ဆံစစ်ကြည့်လိုက်ပါဦး´

ကျော်ဇောက သူ့ထံကမ်းပေးလာသည့် ပိုက်ဆံထုတ်ကိုစစ်လိုက်သည်။ငါးထောင်တန်နှင့် တစ်သောင်းတန်ငွေစက္ကူတို့က ဘဏ်ထုတ်များဖြစ်သည့်အတွက် တစ်အုပ်ချင်း သူ ရေတွက်ကာစစ်သည်။ပြီးနောက်...

`အိုကေ...ပြည့်တယ်၊ မင်းဆရာကို ပြောလိုက် ငါ ဒီညတော့ မလာဖြစ်ဘူးလို့၊ နောက်ရက်တော့ လာခဲ့မယ်´

ငွေလာပေးသူက ကျော်ဇောကို ခေါင်းညိတ်ပြပြီးသည်နှင့် သူ၏ကားပေါ်သို့တက်ကာ ပြန်လည်ထွက်ခွာသွားသည်။ကျွန်တော်နှင့် ကျော်ဇောလည်း စီးကရက်ဖွာရင်းစကားဆက်ပြောဖြစ်သည်။ယခုတစ်ကြိမ်စကားပြောရာ၌ သူ၏အကြောင်းကိုကျော်ဇောကပြောသည်။ သူ ရန်ကုန်၌ ကားပွဲစားလုပ်နေကြောင်း၊ သာကေတမြို့နယ်ရှိ ကိုးရပ်ကွက်တွင် နေထိုင်ကြောင်း၊ လွန်ခဲ့သည့်တစ်နှစ်ကျော်က အိမ်ထောင်ကြ၍ ယခု သမီးငယ်တစ်ဦးရရှိပြီဖြစ်ကြောင်းပြောသည်။ ကျွန်တော်လည်း ကျွန်တော့်အကြောင်းကို ကျော်ဇောကိုပြောသည်။

အချိန်လည်း အတော်လင့်၍နေပြီိဖြစ်သောကြောင့် ဖုန်းစကရင်ကို ကျွန်တော်ကြည့်လိုက်သည်။ ညရှစ်နာရီတိတိပင်ထိုးနေပြီ။ အပြင်၌မိုးလည်း တိတ်သွားပြီမို့ လမ်းခွဲကြဖို့ ကျွန်တော်က စကားစလိုက်သည်။

`သူငယ်ချင်းရေ...ပြန်ရအောင်၊ မင်းဖုန်းနံပါတ်လည်း ငါsaveထားလိုက်ပြီပဲ၊ တို့တွေ နောက်မှ တစ်ရက်လောက် ဆုံကြတာပေါ့´
`ဟာ...မပြန်နဲ့ ၊တို့တွေ အေးအေးဆေးဆေးတစ်နေရာမှာ ဒီည စားရင်း၊သောက်ရင်း အချိန်ဖြုန်းရအောင်´

ကျော်ဇောက ထိုသို့ပြောသည်နှင့် ကျွန်တော်က ငြင်းချက်မထုတ်ပဲ သဘောတူလိုက်ခံလိုက်သည်။ကျွန်တော့် အိမ်ကိုလည်း ဒီည ပြန်မအိပ်တော့ကြောင်းနှင့် ကျော်ဇောနှင့်ဆုံနေသည့်အကြောင်း ဖုန်းဆက်ပြောလိုက်သည်။

`မိန်းမရေ...ဒီည မောင်အလုပ်ကိစ္စတစ်ခုကြောင့် အိမ်မပြန်ဖြစ်တော့ဘူး၊ မနက်မှ ပြန်လာခဲ့မယ်´

ကျော်ဇောက သူ့မိန်းမထံဖုန်းဆက်ပြောသည်။ပြောပြီးသည်နှင့် ဖုန်း၏ပါဝါခလုတ်ကိုပိတ်လိုက်သည်။ကျော်ဇော ဖုန်းပိတ်သည်ကိုမြင်တော့ ကျွန်တော်လည်းသူ့နည်းတူပိတ်သည်။

`မင်းက ဖုန်းပိတ်တော့လည်း...ငါလည်းပိတ်ရတာပေါ့´

မည်သူ့ကိုမျှ ဖုန်းဆက်စကားပြောရန် မလိုအပ်တော့သလို၊မည်သူ့ဆီကမှ ကျွန်တော့်ဆီဆက်သွယ်လာမည့် ဖုန်းတို့ကိုလါ်းလက်မခံချင်တော့ပါ။ ယနေ့ညအဖို့ စိတ်လွတ်ကိုယ်လွတ်နေမည်။ ကျော်ဇောနှင့်အတူ ငယ်မူပြန်လျှက် အရာအားလုံးတို့ကိုမေ့ထားလိုက်မည်။
ထို့နောက် လ္ဘက်ရည်ဆိုင်အတွင်းမှထွက်ကာ ကျော်ဇော၏ ကားနှင့် ညတစ်ညကို အတူကျော်ဖြတ်ရန် ခြေလှမ်းစတင်လိုက်တော့သည်။

------------------------------------------

`ချီးယား´

ကျော်ဇောနှင့် ကျွန်တော် ဘီယာခွက်ကိုယ်စီကိုင်၍ ဖန်ခွက်ချင်းတွန်းတိုက်လိုက်သည်။ စားပွဲပေါ်၌ ပြည်ကြီးငါးသုတ်၊ဝက်ချိုချဉ်ကြော်နှင့် အကင်ပေါင်းစုံတို့က ယနေ့ညအဖို့ မြည်း၍ပင်ကုန်မည်မထင်။တစ်ခွက်ကုန်၍ နောက်ထပ်တစ်ခွက်ငှဲ့နေစဉ် ကျော်ဇောက စကားစသည်။

`မင်း မိန်းမ နာရေး ပြီးကတည်းက ငါတို့မဆုံဖြစ်ကြတာ အခုဆို သုံးနှစ်ကျော်ပြီနော်´

ကျော်ဇော ပြောလာသည့် စကားကြောင့်လောကကြီး၏မတည်မြဲခြင်း အနိစ္စတရားကြောင့် ခန္ဓာကြွေသက်ကာ လူ့လောကမှနုတ်ဆက်ထွက်ခွာသွားသည့် ဇနီးသည်ကို တဒင်္ဂလွမ်းဆွတ်သွားရသည်။သူမအားကောင်းကင်က ငွေကြယ်ကလေးများကိုကြည့်ရင်း၊ပင်လယ်ပြာပြာပေါ်ရှိတိမ်စိုင်တို့ကိုကြည့်ရင်းဖြင့် အမည်နာမကို တီးတိုးရွတ်ဆိုလျှက် အကြိမ်များစွာလွမ်းဆွတ်ခဲ့ရဖူးသည်။ထို့အတူ တိုက်ဆိုင်မှုများစွာဖြင့်လည်း ရင်ကွဲမတက်သတိရကာ တိုးတိတ်စွာငိုကြွေးခဲ့ရသည်မှာလည်း အကြိမ်ကြိမ်။ယခုလည်း ဝဲတက်လာသည့်မျက်ရည်တို့ကို ပုတ်ခတ်နေရဆဲ။

`ဆောရီးကွာ၊ မင်း မေ့မေ့ပျောက်ပျောက်ဖြစ်နေလောက်ပြီထင်လို့ ပြောမိတာ´

ကျွန်တော် နာနာကျင်ကျင်ခံစားရမှုကြောင့် အိနြေ္ဒဆယ်မရဖြစ်ကာ မျက်နှာပျက်ယွင်းသွားသည်ကို ကျော်ဇောက သိ၏။ရောင်စုံမီးများက ပါတ်ဝန်းကျင်ကိုလင်းကျင်းစေသော်လည်း ကျွန်တော့်ရင်တွင်း၌အလင်းမဲ့နေသလိုခံစားရသည်။သံယောဇဉ်ကြိုးက တင်းလွန်းသည်မို့လည်း ဇနီးသည်အား ထာဝရတိုင်နှောင်တွယ်ရင်း ချစ်ခြင်းတရားတို့ဖြင့်လွမ်းဆွတ်နေရပေဦးမည်သာ။

`ရပါတယ်၊ ငါ မေ့ဖို့တော့ မကြိုးစားပါဘူး၊ တကယ်ချစ်ခဲ့၊သံယောဇဉ်ထုထည်ကြီးကြီးမားမားထားပြီး မြတ်နိုးခဲ့ရတော့ ဒီတစ်သတ်မေ့လိုရမယ် မထင်ဘူး´
`မင်း...ဘယ်တော့ သဘောင်္ပြန်တက်မလဲ´

ကျော်ဇောက စကားလမ်းကြောင်း လွှဲသည်။ ကားပွဲစားတစ်ယောက်ဆိုတော့လည်း လူတစ်ဖက်သား၏ အရိပ်အကဲကိုသူက ကောင်းစွာနားလည်ပုံရသည်။

`နောက်လ ဒုတိယအပါတ် ပြန်တက်ဖြစ်မယ်´
`ပြန်ထွက်တဲ့နေ့ လေဆိပ်အထိ ငါလိုက်ပို့မယ်လေ´

အချိန်တို့သည် ရထားတစ်စင်းခုတ်မောင်းသလို မြန်ဆန်လှ၏။အတိတ်တုန်းဆီက လည်ပင်းဖက်ကာကျောင်းသွားခဲ့ရသည့် သူငယ်ချင်းကိုပြန်တွေ့တော့လည်း အပူပင်မဲ့ကလေးဘဝကို ပြန်လိုချင်မိသည်။ ကျောင်းပြေးပြီး ထန်းရည်ခိုးသောက်၊ ဧရာဝတီမြစ်ထဲရေဆင်းကူး ၊သီချင်းတွေ အော်ဟစ်ဆိုညည်းရင်း နယ်မြို့ကလေးတစ်ခု၌ ပျော်ခဲ့ရ၊ကြည်နူးစွာ နေထိုင်ဖြတ်သန်းခဲ့ရသည်တို့ကို ပြန်လည်တမ်းတသည်။ကျွန်တော့် အဖေကအစိုးရဝန်ထမ်းမို့ တာဝန်ကြရာနေရာသို့ပြောင်းရွေ့ရသောအခါ ထိုသူငယ်ချင်းများနှင့် ခွဲရပြန်သည်။တွေ့ဆုံကြုံကွဲ လောကဝဲတွင် ပြန်လည်ဆုံဆည်းရပြန်တော့လည်း ရင်ခုန်ကြည်နူးရသည်။

---------------------------------------------------

ဘီယာဆိုင်၌ စားသောက်ပြီးသည်နှင့် ကျွန်တော်တို့နှစ်ဦးသား သီချင်းဆိုကြဖို့ဦးတည်မိသည်။ သီချင်းဆိုကြဖို့သာဦးတည်လိုက်ကြသော်လည်း ကျွန်တော်က မည်သည့်သီချင်းမှ မယ်မယ်ရရ အဖြစ်ရှိစွာမဆိုနိင်။လေပင်ဖြောင့်အောင် မချွန်တက်။ကျော်ဇောကတော့ အသင့်အတင့် ဆိုနိုင်သူ။ သို့သော်...ကိစ္စမရှိ။ စိတ်ပျော်ရွှင်မှုအတွက် သီချင်းဖွင့်၍ က လည်းဖြစ်သည်။
ကျွန်တော်တို့် ရောက်သွားသည့်နေရာသည် ဆရာစံလမ်းအတွင်းမှ KTV တစ်ခုဖြစ်သည်။ ညမီးရောင်မှိန်မှိန်အောက်၌ နုတ်ခမ်းနီမလေးများက အပြုံးတုကို ချိတ်ဆွဲလျှက်အပြေးကလေး ကျွန်တော်တို့ကိုကြိုသည်။

`ကိုကြီး...မလာတာကြာပြီနော်၊ ခတ္တာတို့ကို မေ့သွားတာလား´
`မမေ့ပါဘူးကွာ ၊ ဒီရက်ထဲ ကိုကြီး ခရီးထွက်နေရလို့ပါ´

ရောက်သည်နှင့် ကောင်မလေး၏ပြောစကားကြောင့် ကျော်ဇောမျက်နှာကို ကျွန်တော်ကြည့်လိုက်သည်။ သူက ကျွန်တော့်ကို ပြုံးဖြီးဖြီးလုပ်ပြ၏။

`ဒီနေရာက မင်းရဲ့ အိုအေစစ်ပေါ့လေ´
`အဟီး...တစ်ခါတလေပါကွာ၊ အရောင်းအဝယ်ဖြစ်တဲ့အခါ လာဖြစ်တယ်လေ´

ကျော်ဇောနှင့် KTVက ကောင်မလေးတို့၏ ပါတ်သက်ဆက်နွယ်မှုမှာ ရောင်းသူနှင့်ဝယ်သူလို အပေးအယူမျှသည်။လာသမျှ ဧည့်သည်များနှင့် အဆင်ပြေအောင်ပေါင်းသင်းတတ်သည်ကလည်း အနုပညာတစ်မျိုးဖြစ်နိုင်သည်။ ကျွန်တော်တို့ ငယ်စဉ်က အပြောင်အပျက်သီဆိုသော သီချင်းများလို `ပေါက်ဖော်ရင်ခွင်သည်သာ တုတ်ထိုးစားရာနယ်မြေ၊ မုတ်ဆိတ်ပေါတဲ့ကိုကိုမို့ကွယ် ၊ခင်လေး အားကိုးမိပါတယ် တူနယ် တဲ့နယ်´။ ဘယ်လိုလူမျိုးဖြစ်ဖြစ်ဧည့်ဝတ်ကျေအောင်တော့ သူတို့အတက်နိုင်ဆုံးကြိုးစားကြမည်သာ။
သီချင်းဆိုမည့် အခန်းတွင်းသို့ ရောက်သည်အထိ သူမတို့က ကျွန်တော်တို့ခါးကိုဖက်၍ခေါ်သည်။ ခရီးဝေးကပြန်လာသည့် ခင်ပွန်းသည်ကို မမောနိင် မပန်းနိုင်ပြုစုပေးမည့် ဟန်မျိုး။

ကျွန်တော့် ခါးကိုလာဖက်သည့် ကောင်မလေးအမည်မှာ ချယ်ရီ...။ သူမတို့သည် ကမ္ဘာပေါ်ရှိ အလှပန်းကလည်းများ၏ အမည်နာမများအပြင် ဟောလိဝုဒ်မင်းသမီးများ၏အမည်များကိုပင် မူပိုင်ခွင့်ချိုးဖောက်ကာ ပုံတူကူးချထားလေ့ရှိကြသည်။ ဒိုင်ယာနာ၊ ဂျိုလီ တို့အပြင် အင်္ဂလန်ဘောလုံးသမား ဘက်ခမ်း၏ ဇနီးသည် ဗစ်တိုးရီးယားပင်အလွတ်မပေးကြ။ ည၌မွှေးသော ညမွှေးပန်းကလေးများက သူ့အဆင်း၊သူ့ရနံ့ဖြင့် ကြွားကြွားဝင့်ဝင့်တော့ရှိသည်။

KTV အခန်းတွင်း၌ ငါးနာရီဟူသောအချိန်သည် မည်သို့မျှမကြာလိုက်။ အကြောင်းမူကား အာရုံတို့သည် သီချင်းဆိုရသည်ထက် နံဘေးမှ လိပ်ပြာကလေးများ၏ အပြုအစု၌ သာယာမဆုံး၊ မက်မဆုံးဖြစ်နေခြင်းကြောင့်သာ။ကျွန်တော်လည်း မူးဝေ၍ ရေချိန်ကိုက်နေသလို ကျော်ဇောလည်း ရေချိန်ကိုက်နေပြီ။ အသိစိတ်တို့ကမူ လျော့ပါးမသွားကြ။ သို့သော်လည်း ခတ္တာနှင့် ချယ်ရီတို့၏ လည်ဟိုက်နေသည့် ရင်ဘတ်ကြားသို့ ငွေစက္ကူများမည်မျှအထိထိုးထည့်ပေးခဲ့ကြပြီ်ကိုတော့ မသိချေ။ယနေ့ညအဖို့ ကျွန်တော်နှင့်ကျော်ဇော ဤဘုံဗိမာန်၌ ဂိတ်ဆုံးလိုက်ကြသည်။

KTVမှထွက်သည်နှင့် မိုးဖွဲလေးများက ကျွန်တော်တို့ကို အသင့်ကြိုနေသည်။ဝိတ်တာကောင်လေးက ကားအနားသို့ရောက်သည်အထိ ထီးဆောင်းကာလိုက်ပို့ပေးသည်။မိုးမလင်းသေးသော်လည်း ရောင်နီဦးကကြိုလင့်၍နေပြီ။

ကျော်ဇောက ဆရာစံလမ်းအတွင်းမှ သူ၏အိမ်သို့ ကားကိုဦးတည်မောင်းသည်။တစ်ညလုံးသောက်ထားသည့်အရှိန်၊မအိပ်သောအရှိန်ကြောင့် ကျွန်တော်၏ဦးခေါင်းတို့က ကောင်းစွာကြည်လင်လျှက်မရှိပဲ ကိုက်ခဲနေသည်။သို့ကလိုကြောင့် မျက်ဝန်းများကိုမှေးမှိတ်လျှက် ကားပေါ်တွင်ငြိမ်သတ်စွာထိုင်နေမိတော့သည်။

---------------------------------------------------------

ခြံတံကားဖွင့်ပေးရန်အပြေးလာသူ အမျိုးသမီးက အူယားဖားယားနိုင်လွန်းသည်ဟုထင်သည်။ စိုးရိမ်ပူပန်မှုကြောင့် သိသိသာသာပျက်ယွင်းနေသည့်မျက်နှာမှာ ကျွန်တော့်အဖို့ရင်ထိတ်စရာပင်။

`ဆရာ...အိမ်မှာ မမလေးတို့မရှိကြဘူး၊ ဆရာ့သမီး အိမ်အပေါ်ထပ်လှေကားက ပြုတ်ကျလို့ ညတွင်းချင်း ဆေးရုံကိုသွားကြပြီ´
`ဘာ...၊ ငါ့ သမီးလေးဘာဖြစ်သွားလဲ´
` ဒါဏ်ရာက ပြင်းတယ် ဆရာ၊ ဖြစ်ဖြစ်ချင်း ဆရာ့ဆီဖုန်းဆက်ကြပါသေးတယ်၊ ဆရာ့ဖုန်းစက်ပိတ်ထားလို့ အဆက်အသွယ်မရဘူး ပြောတယ်´

ထိုအမျိုးသမီး၏ တရပ်စပ်ပြောလာသည့် စကားလုံးတို့က ကျွန်တော်နှင့်ကျော်ဇော၏ နှလုံးအိမ်တို့၌် ယမ်းအားပြင်းထန်သည့် ဗုံးတစ်လုံးပေါက်ကွဲသွားသလိုပင်။

`အခု...ဘယ်ဆေးရုံမှာတဲ့လဲ´
`အာရှတော်ဝင်ဆေးရုံမှာလို့ မမလေးပြောပါတယ်´

ကျွန်တော်တို့ ခြံရှေ့မှပင် ကားကိုပြန်လှည့်ကာ ဆေးရုံသို့ အပြေးနှင်ရတော့သည်။ ယခုတစ်ကြိမ်၌ ကားမောင်းသူက ကျွန်တော်ကိုယ်တိုင် ဖြစ်သည်။

ကျော်ဇောက တုန်ရင်နေသောလက်များဖြင့် ဖုန်းပါဝါခလုတ်ကိုနှိပ်သည်။စီးကျနေသည့် မျက်ရည်တို့ကို သုတ်ဖယ်ခြင်းမပြုပဲ ဖုန်းနံပါတ်တစ်ချို့ကိုသူနှိပ်ပြန်သည်။ထို့နောက် တဆတ်ဆတ်တုန်ယင်နေသော နုတ်ခမ်းသားနှစ်ခုဖြင့် ....

`မောင်...အခု ဆေးရုံကို လာနေပြီ´

ကိုနန္ဒ(ဝါးခယ်မ)

ဇမ္ဗူ ရာဇ် ရဲ. မျှော်လင့်ခြင်း



မျှော်လင့်ခြင်း


Photo from B E H S Wakhema


ဇမ္ဗူ ရာဇ် တဲ့
သူ့ကျောပြင် ပုခုံးထက် ကနေ
အမှန်စင်စစ်
လူဖြစ်သွားသူတွေ က
ဤသို့သောလောက မှာ
ဒု နဲ့ ဒေး ပါ ။

နှစ်ပေါင်းတစ်ရာကျော်
ပျော်ရွှင်စွာနဲ့ ပေါ့ နော်
သူချစ်တဲ့ကလေးများ
ရယ်မောသောသောညံစွာ
ပြေးကာလွှားကာ
ဆော့ကစားစေခဲ့
ဘယ်တော့မှ အပြုံးမပျက်ခဲ့ဘူး ။

တစ်ရက်ပြီးတစ်ရက်
တွက်ချက်ကျက်မှတ်
စာပေရသ
ပန်းချီ ဂီတနဲ့
စက်မှု အိမ်တွင်း
ကြယ်စင်လိုလင်းလက်
လူသားမျိုးနွယ်အဆက်ဆက်ကို
ပညာတွေ ထက်မြတ်စေခဲ့
ဘယ်တော့မှ နောက်မဆုတ်တတ်ခဲ့ဘူး ။

ရတုအဆက်ဆက်
ဒီပုခုံးထက်မှာ
သူချစ်တဲ့ကလေးများ
ဂုဏ်ယူဝံ့ကြွားစွာ
တက်လားဆင်းလား
ပြေးလွှား ခုန်ကစား
စိတ်တိုင်းကျ နင်းသွားစေခဲ့
ဘယ်တော့မှ စိတ်မပျက်ခဲ့ဘူး ။

နွေးထွေးတဲ့ရင်ခွင်
ကြင်နာစွာထွေးပွေ့
သူချစ်တဲ့ကလေးတွေကို
နေဒဏ် လေဒဏ်
မိုးဒဏ် နှင်းဒဏ်
သဘာဝဘေးဒဏ် ကာကွယ်ရင်း
ရုပ်အဆင်းက အိုမင်းလာ
ခိုင်မာတဲ့တိုင်လုံးများကယိုင်နဲ့လာ
တောက်ပတဲ့အရောင်အသွေးတို့က ညှိုးမှိန်လာ
ဘယ်တော့မှ အားမလျော့တတ်ခဲ့ဘူး။

တလွင့်လွင့်နဲ့
ပြေးဆင်းပြေးတက်
ကလေးများစွာရဲ့
ခြေဖဝါးအထပ်ထပ်အောက်မှာ
ူသစ်လှေကားကြီးနှစ်ဖက်က
မာန်တင်းလို့အားခဲ
တာဝန်ကိုကျေပွန်မြဲ
ဘယ်တော့မှ မညည်းတွားရက်ခဲ့ဘူး ။

နှစ်ပေါင်း တစ်ရာမှသည်
ယနေ့ခေတ်ဆီ သူဖြတ်သန်း
လှမ်းခဲ့တဲ့ခရီးမှာ
သူချစ်တဲ့ကလေးများ
လူကြီးများဖြစ်လာ
ဘွဲ့ ပညာ အစီးအပွား
ချစ်သောသမီး သားများနဲ့
ပျော်ရွှင်ကာရယ်မော
သမုဒယတောမှာ
ဘဝတွေကိုလှပစေခဲ့
ဘယ်တော့မှ မငြိုငြင်ရက်ခဲ့ဘူး ။

ဒါပေမယ့်
လွန်ဆန်မရတဲ့ဇရာ
လူဆိုရင်တောင်
အသစ်ပြန်ကာစလို့ မရစရာဖြစ်ပေမယ့်
အမိကျောင်းတော်ကြီးအတွက်
ထိန်းသိမ်းကာကွယ်စောင့်ရှောက်
ရောက်လေရာက
တစ်ယောက်တစ်လက်
တစ်တပ်တစ်အားနဲ့
ကျောင်းတော်သားတို့ရဲ့စွမ်းပကားတွေကို
ခိုင်မာစွာ စုစည်း
ကျောင်းဆောင်အိုကြီးရဲ့ရာဇဝင်
သမိုင်းတွင် မော်ကွန်းတင်စေဖို့
စဉ်းစားကြပါစို့  ။ ။

K,myosu (1-2-2018)

Sunday, January 21, 2018

စိတ်​မိုက်​တို့၏ ချုပ်ငြိမ်းရာ - ကိုနန္ဒ(ဝါးခယ်​မ)



(၁)
အုန်းပင်​စုရွာသည်​ ဧရာဝတီတိုင်းရှိ ပင်​လယ်​ပြင်​နှင့်​အနီးကပ်​ဆုံး ကမ်း​ခြေတံငါရွာလေးဖြစ်​သည်​။ရွာ၌ အိမ်​​ခြေ​လေးရာခန့်​ရှိပြီး အများစုသည်​​ရေလုပ်​ငန်းဖြစ်​​သော တံငါအလုပ်​ကိုသာအဓိကထားလုပ်​ကိုင်​ကြသည်​။မိုးရာသီကုန်​၍ပွင့်​လင်းရာသီသို့​ရောက်​ပြီဆိုလျှင်​ ကမ်း​ခြေသဲ​သောင်​ပြင်​၌ ငါး​ခြောက်​လှမ်း​သောစင်​များဖြင့်​ပြည့်​လျက်​ရှိသည်​။ အုန်းပင်စုဆိုသည့်အမည်နာမအတိုင်း ထိုရွာ၌ များပြားလှသော အုန်းပင်တို့က စီတန်းကာပေါက်ရောက်နေကြသည်။ ပင်​လယ်​ကမ်း​ခြေတ​လျှောက်​ အုန်းပင်​စုရွာကဲ့သို့ပင်​ ရွာတန်းရှည် လေးငါးရွာရှိသည်။ ထိုရွာတို့သည်လည်း တံငါရွာများပင်ဖြစ်သည်။

နေဝင်ရီတရောအချိန်လည်းဖြစ်ပြီမို့ တံငါ​လှေအစုစုတို့သည်​လည်း အလုပ်သိမ်းမည့်အတွက် ကမ်း​ခြေသို့ပြန်​လာ​နေကြသည်။ငါးဖမ်း​လှေငယ်​များကို ​သောင်​ပြင်​ကမ်းစပ်​တွင်​ထားရှိကြပြီး တစ်​​နေ့တာလုပ်​ငန်းကို လက်​စသပ်​ချိန်​လည်းဖြစ်​သည်​။

တံငါသည်တစ်ဦးဖြစ်သော ကိုအုန်းထွန်းသည် ပုခုံးထက်​မှ ​ကျောက်​ဆူးကို သဲ​သောင်​ပြင်​​ပေါ်သို့ ပစ်​ချပြီး သူ၏ညာ​ခြေ​ထောက်​ဖြင့်​ဖိနင်းကာထိုးစိုက်​လိုက်သည်​။ကျွတ်​ထွက်​၊ပြုတ်​မထွက်​သွားရ​အောင်​ ဂရုတစိုက်လုပ်ကိုင်ပြီးနောက် ပင်​လယ်​ကမ်းစပ်​ရှိ​သူ၏လှေသို့ ပြန်​သွားသည်​။ထို့နောက် တစ်နေ့တာလုံးဖမ်းဆီးထားသော ငါးတောင်းကိုထမ်းကာ သူ၏အိမ်သို့ပြန်သည်။ ။လက်​တစ်​ဖက်​က ဓာတ်​မီးကိုကိုင်​ထားသည်​။ဓာတ်မီးကမကိုင်​၍လည်းမဖြစ်​ပါ။ရွာလမ်းမရှိ ဖုံများ ၊သဲများတွင် မြွေ​ပွေး​ကောင်​များက ဖုံလူး၍ငြိမ်​သတ်​​နေတက်ကြသည်။ လမ်းသွားလမ်းလာများက မမြင်​၍တက်​နင်းမိ​သောအခါ ပြန်​လည်​ကိုက်​ခဲတက်​သည်​။အဆိပ်​ပြင်းလွန်း​သော​ကြောင့်​ အကိုက်​ခံရသူတိုင်း ဆေးရုံ ဆေးခန်းသို့မရောက်မီ ကွယ်လွန်သူကများသည်။ ကျေးလက်ဆေးပေးခန်းရှိသော်လည်း ဆေးဝါးစုံလင်မှုက မရှိ။

သို့ပါ​သော​ကြောင့်​ ​နေဝင်​၍ည​မှောင်​ပြီဆိုလျင်​ဖြင့်​ ရွာသားတိုင်း ဓာတ်​မီးမပါဘဲ ဘယ်​ကိုမှ မသွားမလာဝံ့ကြ။
ကိုအုန်းထွန်း သူ၏အိမ်​ခြံဝန်း​ရှေ့​ရောက်​သည်​နှင့်​ ဇနီးသည်​က အ​ပြေးကြိုကာ ပုခုံး​ပေါ်က ငါး​တောင်းကိုကူမသည်​။အိမ်​​ရှေ့ ကွပ်​ပျစ်​​ပေါ်သို့ငါး​တောင်းကို ချပြီး​နောက်​...

"ငါ့ကို ​သောက်​​ရေတစ်​ခွက်​​လောက်​​ပေးစမ်းပါခင်​မြ​ရေ"
အဆီပြန်​မျက်​နှာ​ပေါ်ရှိ​ချွေးတို့ကို သူသုတ်ဖယ်ပြီးသည်နှင့် မီးလင်းလျက်​ရှိ​သော ဓာတ်​မီးကိုပိတ်​သည်။ စတီး​သောက်​​ရေခွက်​ကိုင်​ပြီး သူ့ဆီလာ​နေ​သော သားအငယ်​​ကောင်​ကို ကြည့်​ကာ
"အငယ်​​ကောင်​ မင်းအစ်​မ​ရော မ​တွေ့ပါလားကွ၊ဘယ်​သွား​နေလဲ"
"မိုးမချုပ်​ခင်​​လေးက​တော့ ​တွေ့တယ်​ အဖေ..။ဒီ​နေ့ ​ကျောင်းလည်းပိတ်​ ၊ကျူရှင်းလည်းပိတ်​တော့
အခု ဘယ်​အိမ်​ကိုအလည်​သွား​နေလဲ မသိဘူး၊
အိမ်​မှာ​တော့ မရှိဘူး အ​ဖေ
"
"​အေး.. ​အေး. .မင်းအစ်​မက အရွယ်​​ရောက်​လာပြီ ဆို​တော့
ရွာရိုးတကာလှည့်​ပြီး လင်​ရှာထွက်​​နေမှာ​ပေါ့
" စကား​ပြောလျင်​ ပိဿ​လေး​ဘေးပစ်​​ပြောတက်​​သော​ကြောင့်​ ကိုအုန်းထွန်းအား ဇနီးနှင့်​သားသမီးများက အထွန့်​တက်​၍ စကားမ​ပြောဆိုဝံ့ကြ။ စိတ်မထင်လျှင် မထင်သလို ဓားဆွဲ၊တုတ်ဆွဲကာ ခုတ်ဖို့ထစ်ဖို့တာဆူသည့် အကျင့်ဆိုးကလည်းရှိသည်။ စိတ်​ကောင်း၊ စေတနာ​ကောင်းရှိသော်လည်း မိမိစိတ်​တိုင်းမကျ ၊မြင်​​တွေ့သမျှပုံစံမကျလျှင်​လည်း ဒိုးဒိုး​ဒေါက်​​ဒေါက်​ ​ပြောတက်​သည်​။လူ​ဖြောင့်​စိတ်​တိုမို့ မျက်​နှာကလည်း အပြုံးအရယ်​နည်းလှသည်။

ကိုအုန်းထွန်း၌ သားသမီးနှစ်ဦးသာရှိသည်။ သမီးဖြစ်သူက ဆယ်တန်းကျောင်းသူ ၊သားဖြစ်သူ အငယ်ကောင်က ခြောက်တန်းကျောင်းသား။
သားဖြစ်​သူ ကမ်း​ပေးလာ​သော ​သောက်​​ရေကို တစ်​ကျိုက်​တည်းဖြင့်​ ကိုအုန်းထွန်း အကုန်​​သောက်သည်။
"မနက်​ဖြန်​တစ်​ရက်​​တော့ ငါ အိမ်​မှာနားဦးမယ်​ကွာ။
ဒီ​နေ့ ငါဖမ်းပိုက်​​တွေ ကွဲပြဲလာ​လို့ ပြန်​ဖာရဦးမယ်​။
မနက်​ကြရင်​ ​လှေထဲကပိုက်​​တွေကို အိမ်​ကိုယူလာ​ပေး
"
သားငယ်​ဖြစ်​သူနှင့်​ ဇနီးဖြစ်​သူက ကိုအုန်းထွန်းစကားကို ​ခေါင်းညိတ်​ပြပြီး မည်​သည့်​စကားတစ်​ခွန်းမျှမဟ။ပြီး​နောက်​ မခင်​မြမှာ
ငါးအမျိုးအစားများကို ခွဲခြားပြီး ​ရေခဲပုံးထဲသို့ထည့်​သည်​။ထိုသို့အမျိုးအစားခွဲပြီးသည်​နှင့်​​ ငါးအဝယ်​ဒိုင်​သို့သွင်းရန်​အတွက်​ အိမ်​အပြင်​သို့ထွက်​သွား​လေသည်။

(၂)
ကိုအုန်းထွန်း တစ်ယောက် နံနက်အတော်ပင်နေမြင့်မှ အိပ်ယာနိုးထလာသည်။ သူ အိပ်​ယာနိုး၍အိပ်​ခန်းမှအထွက်​၌ ​တွေ့လိုက်​ရ​သောမြင်​ကွင်း​ကြောင့်​ ​ဒေါသများဆူ​ဝေသွားသည်​။အိမ်​​ဧည့်​ခန်းတွင်​ ညစ်​​ပေ​နေ​သော​ခြေရာများက မြင်​ရက်​စရာမရှိ​အောင်​ ​ပေပွ​နေသည်ကို သူမြင်သွားခြင်းဖြစ်သည်။

"ခင်​မြ​ရေ...လာကြည့်​စမ်း၊
ဒီမှာ ဘယ်​မသာရဲ့ ခွာရာ​တွေတုန်းဟ၊
အိမ်​ဧည့်​ခန်းကို ​ခြေ​ထောက်​ကရွံ့​တွေ​ပြောင်​​အောင်
မသုတ်​ပဲ ဘယ်​​ခွေး​တိရစ္ဆာန်​​တွေ တက်​သွားတာလဲ
"
ခင်​ပွန်းဖြစ်​သူ၏ ​ဒေါသတကြီးစကားသံကျယ်​ကျယ်​ကိုကြားရ​သော​ကြောင့်​ မခင်​မြက မီးဖို​ချောင်​ထဲမှ အ​ပြေး​လေးထွက်​လာသည်​။ပြီး​နောက်​..ကိုအုန်းထွန်း ညွှန်​ပြရာ​နေရာသို့ မခင်​မြကြည့်​မိသည်​နှင့်​..

"​အောင်​မ​လေး..ကိုအုန်းထွန်းရယ်​၊
ရှင်​..​တော့ ငရဲ​တွေကြီးကုန်​​တော့မှာပဲ။
အဲ့တာ..မနက်​က အိမ်​ကို ထိုင်​ဆွမ်းကြွလာတဲ့
ဦးဇင်းသုံးပါးရဲ့ ​ခြေရာ​တွေပါ​တော်​၊
ကျွန်​မ ​နောက်​​ဖေးမှာ မအား​သေးလို့
သန့်​ရှင်း​ရေးမလုပ်​ရ​သေးတာပါ
"
ပါးစပ်​က​ပြောလည်း​ပြောပြီး မခင်​မြမှာ အခန်း​ဒေါင့့်ရှိအဝတ်​ကိုယူ၍သန့်​ရှင်း​ရေးလုပ်​လိုက်​သည်​။ကိုအုန်းထွန်းလည်း သူ၏အထင်​မှားမှုကို​တွေးပြီးပြုံးလိုက်သည်​။နုတ်​ဖျားကလည်း..ကန်​​တော့..ကန်​​တော့ဟုတီးတိုး​ရေရွတ်​သေးသည်။
ကိုအုန်းထွန်းသည် ​ရေမိုးချိုးပြီး၊ထမင်းစားပြီးသည်​နှင့်​ အိမ်​​ရှေ့၌ ငါးဖမ်းပိုက်​အကွဲများကို ထိုင်​ဖာသည်​။ငါဖမ်းပိုက်​တွင်​လိုအပ်​မည့်​ ခဲသီး၊​ဖော့သီးများကိုလည်း ပြန်​လည်​တပ်ဆင်သည်။ အချိန်​နှစ်​နာရီခန့်သာကြာပြီး​နောက်​ သူ၏ပိုက်​ဖာမှုလဲပြီးဆုံးသွားသည်။

(၃)
ညနေထမင်းစားပြီးသည်နှင့် ကိုအုန်းထွန်းတစ်ယောက် ရွာထဲသို့ လမ်းလျှောက်ထွက်လေသည်။
"ကိုအုန်းထွန်း...ခင်​ဗျားဒီ​နေ့ ငါဖမ်းမထွက်​ဘူးလားဗျ"
ရာအိမ်မှူးဖြစ်သူက သူ့ကိုမြင်တွေ့သည်နှင့် လောကွတ်စကားဆိုသည်။
"ဒီ​နေ့ တစ်​ရက်​​တော့ နားတယ်​ဗျာ။
မနက်​ဖြန်​လည်း အ​ခြေအ​နေအရပဲ။ပင်​လယ်
ထွက်​ချင်​မှထွက်​မယ်​။ဒီရက်​​တွေက ​ရေ​သေရက်
တွေဆို​တော့ ငါးသား ဖားသား အရပြုနည်းတယ်​ဗျ
´
ကိုအုန်းထွန်းမှာ ​ရေလုပ်​သား တံငါသည်​မို့အိမ်​၌​နေရသည်​က မရှိ။ငါး​ပေါ်ရက်​များဆိုလျှင်​ ကိုအုန်းထွန်းသည် သုံး​လေးရက်​အိမ်​သို့ပြန်​မလာနိင်​။အိမ်​ပြန်​လာပြန်တော့လည်း ညအိပ်​ချိန်​​၊အနားယူချိန်​​လေးခဏသာ။ သူသည် အတန်းပညာလည်းမတက်​၊ငါဖမ်းအလုပ်​မှလွဲ၍ မည်​သည့်​စီးပွား​ရေးကိုမှ မလုပ်​တက်​​သော​ကြောင့်​လည်း မိရိုးဖလာ တံငါအလုပ်​ကိုသာတစ်​စိုက်​မတ်​မတ်​လုပ်​ကိုင်​​နေခြင်းလည်းဖြစ်​သည်​။ရှိစုမဲ့စု ​ငွေ​ကြေးတစ်​ချို့နှင့်​ငါးအဝယ်​ဒိုင်​​လေးဖွင့်​ဖို့ကို သူစိတ်​ကူးခဲ့ဖူးသည်။ သို့သော် သူ့လို​ပြော​ပေါက်​မျိုးနှင့် စီးပွား​ရေးမဖြစ်​နိင်​ဘူးဟု မခင်​မြက​ပြောထား​သောကြောင့်​အ​ကောင်​အထည်​မ​ဖော်​ဖြစ်​ခဲ့ပါ။


"အိမ်​ထဲကိုကြွခဲ့ပါဦး။ကြုံတုန်းစကား​လေးဘာ​လေး​ပြောရ​အောင်​"
ရာအိမ်​မှူးဖြစ်​သူက ဖိတ်​​ခေါ်​သော​ကြောင့်​ ကိုအုန်းထွန်းလည်း ခေါင်းညိတ်လက်ခံလိုက်သည်။
"ကျွန်​​တော်​လည်း ရပ်​​ရေးရွာ​ရေးကိစ္စ​တွေ
သိချင်​​နေတာနဲ့ အ​တော်​ပဲဗျာ၊
တစ်​​နေ့ တစ်​​နေ့ ပင်​လယ်​ထွက်​လိုက်​၊ညဆို အိမ်​ပြန်​အိပ်​လိုက်​နဲ့ဆို​တော့
ရွာရဲ့ အ​ခြေအ​နေကိုလဲ ဘာမှမသိရပါဘူးဗျာ
"
ကုလားထိုင်​တစ်​ခု​ပေါ်ထိုင်​ရင်း အိတ်​ကပ်​ထဲမှ​ဆေး​ပေါ့လိပ်​ကိုသူထုတ်​သည်​။အစီခံကိုလက်​သဲဖြင့်​ ကုတ်​ခြစ်​နေစဉ် ရာအိမ်မှူးက စကားစလာသည်။

"လာမယ့်​ တ​ပေါင်းလ ရွာဘုရားပွဲအတွက်​ဆရာ​တော်​က ကျွန်​​တော်​တို့ကို အစည်း​ဝေး
သ​ဘောမျိုးတိုင်​ပင်​ဖို့​ခေါ်တယ်​ဗျ၊အုပ်​ချုပ်​​ရေးမှူးက မြို့ကပြန်​မလာ​သေး​တော့
ကျွန်​​တော်​တို့လည်း ဘာမှမလုပ်​တက်​ဘူးဖြစ်​​နေတယ်​၊သူပြန်​လာမှ ဘုရားပွဲအတွက်
စီမံ​ဆောင်​ရွက်​ရဦးမယ်​.. ကိုအုန်းထွန်း​ရေ..
"
ရာအိမ်​မှူးက စကားလည်း​ပြောရင်း ဓာတ်​ဗူးထဲမှ အ​ငွေ့တ​ထောင်း​ထောင်းထ​နေ​သော ​ရေ​နွေးများကို ခရားထဲသို့ထည့်​ပြီး လ္ဘက်​​ခြောက်​ကိုခပ်​သည်​။လက်​ဖက်​ရည်​ကြမ်း၊လက်​ဖက်​၊ငါး​ခြောက်​ဖုတ်​များနှင့်​ ကိုအုန်းထွန်းကို တရိုတ​သေဧည့်​ခံသည်။

"ည..ရပ်​ကွက်​ရုံး​ရောက်​ရင်​ အမှုတစ်​ခုကိုလည်းရှင်း​ပေးရဦးမယ်​ဗျာ၊ရမ်းကားတဲ့လူကလည်း
ရမ်းကားတယ်​၊တဖက်​ကလည်း ​ကျေ​အေးမ​ပေးနိင်​​တော့..တစ်​ခါတစ်​​လေ ရပ်ကွက်မှာ
လူကြီး​တောင်​မလုပ်​ချင်​​တော့​လောက်​​အောင်​ပဲ၊​ခေတ်​ကာလသားသမီး​တွေကလည်း
ပြောရဆိုရတာ ခက်​လိုက်​တာ
"
"ဘယ်​လိုများဖြစ်​လို့တုန်းဗျ"
"ဘယ်​လိုဖြစ်​တာလဲဆို​တော့..ဂဏာန်းအဝယ်​ဒိုင်​ကကို​သောင်းလှသား ​ပေတလူ​ပေါ့ဗျာ၊
ညအချိန်​မ​တော်​ အုန်းမယ်​တို့ဆိုင်​ကိုအရက်​ထမ​ရောင်းလို့ပြဿနာရှာတာက စတာပဲ"
"​ပေတလူကို ကျွန်တော်သိတယ်​၊သူ့နာမည်​ရင်း​တော့မသိဘူးဗျ
"
"သူ့နာမည်​ရင်းက မြ​မောင်​"
ကိုအုန်းထွန်းက ​ရေ​နွေးကြမ်းတစ်​ခွက်​ကို​သောက်​ရင်း ရာအိမ်​မှူးကို​ခေါင်းညိတ်​ပြသည်​။

ပေတလူက ရွာတွင်​ခပ်​ဆိုးဆိုး၊ခပ်​​ပေ​ပေ။ဖဲဝိုင်း၊ကြက်​ဝိုင်း၊အရက်​ဝိုင်း ​နေရာစုံသူကအမြဲပါသည်​။မိဘက​ငွေ​ကြေးပြည့်​စုံပြီး ရိုးရိုးကုပ်​ကုပ်​​နေထိုင်​တက်​​သော်​လည်း တစ်​ဦးတည်း​သောသားဖြစ်​သူ ​ပေတလူကရိုင်းစိုင်းသည်​။ကျောင်း​နေစဉ်​ကလည်း အတန်းပိုင်​ဆရာမကို လက်​ဆွဲပြီးရည်းစားစကား​ပြောခြင်း၊ကာအိ​နြေ္ဒပျက်​ပြား​အောင်​ပြုလုပ်​ခြင်းတို့​ကြောင့်​ ရာသက်​ပန်​​ကျောင်းထုတ်​ခြင်းကိုခံခဲ့ရသူလည်းဖြစ်​ပြန်​​သေးသည်​။

"အချိန်​မ​တော်​ကြီးဆို​တော့လည်း အုန်းမယ်​ကဘယ်​ထ​ရောင်းမလဲ၊မ​ရောင်းရ​ကောင်းလားဆိုပြီး​တော့ ​ပေတလူကဆိုင်​ကို ညတွင်းချင်း
ဖျက်​ဆီးလိုက်​တာ ဆိုင်​တစ်​ခြမ်းပြိုပါ​လေ​ရောဗျာ၊ မိဘဖြစ်​သူ ကို​သောင်းလှကလည်း ဘယ်​လိုမှ ​ပြောမရ၊
ဆုံးမ မရတဲ့ သားဖြစ်​သူ ​ပေတလူ​ကြောင့်​တစ်​ရက်​မှ စိတ်​မ​အေးကြရပါဘူးဗျာ
"
"​တော်​​တော်​ရမ်းကားတဲ့​ကောင်​ပဲ၊ဒီ​ကောင်​ကျုပ်​သားဆိုရင်​ ကျုပ်​ကိုယ်​တိုင်
ဓားနဲ့ခုတ်​သတ်​မိမှာ
"
သွားချင်းကြိတ်​ပြီး​ မေး​ကြောများ​ထောင်​ထသည်​အထိထိုစကားရပ်​ကို ကိုအုန်းထွန်း​ပြောခြင်းဖြစ်​သည်​။

(၄)
ဘတ္ထရီမီး​ချောင်းမှ အလင်းကစူးရှ၍ လင်းကျင်းလွန်း​နေပါသည်​။ထိုမီး​ချောင်းနှင့်​ အနီးဆုံး​နေရာရှိ ခုံ​တန်းပေါ်တွင်​ သမီးဖြစ်​သူ ကျူရှင်​မှ ပြန်​အလာကို ကိုအုန်းထွန်းနှင့်​မခင်​မြက ထိုင်​​စောင့်​​နေကြသည်​။ထိုသို့​စောင့်​ရင်း ​ထွေရာ​လေးပါး စကားတို့​ပြော​နေကြစဉ်​ အိမ်​ခြံဝန်းအပြင်​ဖက်​ဆီမှ အသံကျယ်​ကျယ်​​လောင်​​လောင်​ဖြင့်​ ရန်​​တွေ့သံကို သူတို့လင်မယားကြားလိုက်ရသည်။ ထိုအသံသည်​ကား ကိုအုန်းထွန်း သမီး၏ ​ဒေါသသံ ၊မ​ကျေမနပ်​ဖြစ်​ပြီး ရှက်​သည့်​ စိတ်​တို့​ရောပြွန်းထားသည့်​ စကားသံဖြစ်သည်။
"နင်​..ငါ့အိမ်​နားအထိ ​ရှေ့ဆက်​မတိုးလာနဲ့​နော်​၊နင့်​ လို​ကောင်​မျိုးကို ​သေ​တောင်​မစဉ်းစားဘူး"
ကိုအုန်းထွန်းက ထိုအသံကြားသည်​နှင့်​ ထိုင်​ရာမှထကာ ​ပြေးထွက်​သည်။
သူ၏ နုတ်​ဖျားမှလည်း အိမ်​အပြင်​မှ ကြား​အောင်​အသံကိုမြှင့်​လျက်​...
"သမီး ဘာဖြစ်​တာလဲ၊ဘာဖြစ်​တာလဲ"
"အ​ဖေ နဲ့ အ​မေ ဒီမှာ သမီးကို ​ပေတလူဆွဲလား၊ရမ်းလား လုပ်​ပြီး ​စော်​ကား​နေတယ်​"
ကိုအုန်းထွန်းလည်း အိမ်​ခြံဝ​ရောက်​ပြီးကာမှ အ​နောက်​သို့ပြန်​လှည့်​ကာ အိမ်​​ခေါင်းရင်း၌ချိတ်​ထား​သော ငှက်​ကြီး​တောင်​ဓားကို သွား​ပြေးယူသည်​။တိတ်​ဆိတ်​လျက်​ရှိ​သော ပါတ်​ဝန်းကျင်​က ရုတ်​ချည်းဆူညံကာ
အုန်းအုန်းကျွတ်​ကျွတ်​ဖြစ်​သွားသည်​။မခင်​မြကလည်း ​ဘေးအိမ်​များကို အကူအညီလှမ်း​တောင်းခြင်း​ကြောင့်​ ရွာသားတစ်​ချို့ထွက်​လာကြသည်​။

ပေတလူက ရွာထဲမှရွာပြင်​ရှိ​သောင်​ပြင်​​ကမ်းနားဖက်​သို့​ပြေး၏။ကိုအုန်းထွန်းလည်း ​ပေတလူ​နောက်​သို့ သဲကြီးမဲကြီးဖြင့်​ ထပ်​ချပ်​မကွာလိုက်​​လေသည်​။
"​ဟေ့​ကောင်​..​ခွေးသူ​တောင်းစားမင်း ငါ့လက်​က လွတ်​​အောင်​​ပြေးထား၊
မိလို့က​တော့ လည်​ပင်းပြတ်​ပြီသာမှတ်
"
ပေတလူက ​နောက်​သို့လှည့်​မကြည့်​ပဲကမ်း​ခြေသဲပြင်​မွမွ​ပေါ်တွင်​ အားသွန်​​ပြေး​နေသည်။ ည၏လ​ရောင်​ ခပ်​ပါးပါး​လေးကကမ်း​ခြေသို့ကျ​ရောက်​​နေသည်။ တစ်​ဦးနဲ့တစ်​ဦးကလှမ်းကြည့်​လျင်​မြင်​​နေရသည်​မို့​ပြေးသူနှင့်​ လိုက်​သူသည်​ ထပ်​ချပ်​မကွာရှိလှသည်​။ပေတလူက မူး​နေ​သော်​လည်းသတိရှိလှသည်​။လူငယ်​တစ်​ဦး​မို့လည်း ​ပြေးအားကမကျ။ကိုအုန်းထွန်းကလည်း ​ဇောဖြင့်​ ​ရေကုန်​​ရေခမ်း အမှီလိုက်​​နေသည်​။ငှက်​ကြီး​တောင်​ဓားကိုလည်း ပြုတ်​မကျ​အောင်​ ညာဖက်​လက်​ဖြင့်​ ကျစ်​ကျစ်​ပါ​အောင်​ဆုပ်​ကိုင်ထား၏။

"အား...​အောင်​မ​လေးဗျ၊​သေပါပြီ"
ပေတလူက စူးစူးဝါးဝါး ​အော်​သံနဲ့အတူ သဲပြင်​​ပေါ်သို့လဲကျသွားသည်​။သဲ​တောထဲရှိ ​မြွေ​ပွေးတစ်​​ကောင်​၏ ကိုက်​ခဲမှုကိုခံလိုက်​ရ​သော​ကြောင့်​ လဲကျသွားခြင်းရယ်​ပါ။
ကိုအုန်းထွန်းကလည်း ​ပေတလူကို မှီသွားပြီမို့ ငှက်​ကြီး​တောင်​ဓားကို ​မြှောက်​လျက်​ခုတ်​မည်​ပြုသည်။ထိုစဉ်....
"မလုပ်​နဲ့..မလုပ်​နဲ့ ကိုအုန်းထွန်း၊ခင်​ဗျား မှားမယ်​"
ကိုအုန်းထွန်းနှင့်​ ​ပေတလူ​နောက်​သို့ လိုက်​လာ​သော ရွာသားများထဲမှ ရွာသားတစ်ဦးက တားမြစ်​ခြင်းဖြစ်သည်။ မီးအိမ်​များ၊ဓာတ်​မီးများဖြင့်​ ထို​နေရာ​လေးတစ်​ဝိုက်​က လင်းသွားသည်​။ရွာသားတစ်​ဦးက ကိုအုန်းထွန်း၏ ဓားကိုဆွဲယူသည်​။

"​ဒေါသ​တွေ ​ဖြေလိုက်​ပါဗျာ၊ခင်​ဗျားသူ့ကို သတ်​စရာမလိုပါဘူး
မ​ကောင်းတဲ့လူက မ​ကောင်းတဲ့လမ်းကိုပဲသွားမှာပါ
"
ပေတလူလည်း မည်​သည့်​​ဆေးရုံ​ဆေးခန်းမှမ​ရောက်​။အဆိပ်​ပြင်းလှ​သော ​မြွေဆိပ်​​ကြောင့်​ပင်​ နာရီပိုင်းအတွင်း၌ သေဆုံးသွားရသည်။

(၅)
ပေတလူ၏ နာ​ရေးရက်​လည်​ပြီး​နောက်​တစ်​​နေ့၌ဖြစ်​သည်​။ကိုအုန်းထွန်းအိမ်​သို့ ရွာမှ ​ကျောင်းထိုင်​ဆရာ​တော်​ကြီးနှင့်​အတူ ကို​သောင်းလှတို့ လင်​မယားနှစ်​ဦးတို့လည်း ကြွ​ရောက်​လာကြသည်​။
"ဖြစ်​ခဲ့သမျှကိစ္စ​တွေအတွက်​ ကျွန်​​တော်​ ​တောင်းပန်​ပါတယ်​ဗျာ၊
ကျွန်​​တော့်​သားလည်း သူ့အကုသိုလ်​​ကြောင့်​ပဲဆိုရမယ်
အခု​တော့ ​အချိန်​မတိုင်​ခင်​၊လူ့သက်​တမ်းမကုန်​ခင်
သေလမ်းကို မြန်းခဲ့ရပါပြီ
"
ကို​သောင်းလှက ကိုအုန်းထွန်းကို ​တောင်းပန်​စကားဆိုသည်​။ဆရာ​တော်​ကြီးကလည်း ကိုအုန်းထွန်းနှင့်​ ကှို​သောင်းလှကိုကြည့်​ပြီး တရားသ​ဘောဖြင့်​ ​လူလော့ကကြီးတွင်​ကျင့်​ကြံရမည့်​ လူမှု့ကျင့်​ဝတ်​တရားများကိုဟောပြောသည်။

"မျက်​လုံးတစ်​လုံးအတွက်​ မျက်​လုံးတစ်​လုံး ပြန်​​ပေးရမယ်​ဆိုရင်
တစ်​​လောကလုံး အကန်းတွေဖြစ်ကုန်တော့မှာပေါ့၊
အားနည်းတဲ့သူ​တွေက အားကြီးတဲ့သူ​တွေဆီက
ခွင့်​လွှတ်​ခြင်းမခံရဘူး၊အဲဒီလိုပဲ
အားနည်းတဲ့သူ​တွေက တစ်​ချိန်​အစွမ်းရှိလာတဲ့အခါမှာ ခွင့်​လွှတ်​တယ်​၊ခွင့်​မလွှတ်​ဘူးဆိုတာ
ဒကာကြီးတို့​တွေရဲ့သ​ဘောပဲ၊ခွင့်​လွှတ်​တယ်​ဆိုရင်​ ဒကာတို့ဟာ တကယ်​ကြီးမြတ်​တာပဲ
"
"တင်​ပါ့ ဘုရား"
"ပြီး​တော့ ဒကာကြီးအုန်းထွန်းကိုဘုန်းဘုန်းမှာချင်​တာက
ဒေါသကို​ရှေ့ထားပြီး စိတ်​လိုက်​မာန်​ပါမလုပ်​ဖို့ပဲ၊
ပေတလူကို ​မြွေဆိုးကမကိုက်​လည်း ဒကာကြီးရဲ့​ဒေါသစိတ်​​ကြောင့်​ဖြစ်​တဲ့ ကာယကံ​မြောက်​ကျူးလွန်​မှုမှာပဲ
သူ ​သေဆုံးသွားနိင်​တယ်​​လေ၊
တရားတဲ့အလုပ်​လုပ်​ရင်​ တရားတဲ့လမ်းကို​ရောက်​မယ်​။
မတရားတဲ့အလုပ်​ကိုလုပ်​ရင်​ မတရားတဲ့လမ်း၊မကောင်းတဲ့ဘုံကို
ရောက်​မယ်​ဆိုတာ သံသယမဝင်​ပါနဲ
့"
"တင်​ပါ့ဘုရား တပည့်​​တော်​လည်း အသိတရားရပါပြီ"
ကိုအုန်းထွန်းက ဆရာ​တော်​ကို ဝတ္ထု​ငွေကပ်​ခြင်း၊အ​အေးကပ်​ခြင်းတို့ပြုလုပ်​သည်။ ပြီးနောက်တွင် ဆရာ​တော်​လည်း ​ကျောင်းသို့ပြန်​လည်​ကြွသွား​သလို ကိုသောင်းလှတို့လင်မယားလည်းပြန်သွားသည်​။

ထို့နောက် ကိုအုန်းထွန်း၏သမီးဖြစ်​သူက ကြမ်းတိုက်​ဝတ်​ကိုယူကာ ဆရာ​တော်​ကြီးနှင့် ဧည့်သည်များတင်​ကျန်​ရစ်​​ခဲ့သော သစ်သားကြမ်းပြင်မှ ​ခြေရာများကိုတိုက်​မည်​အပြု၌...
"သမီး​ပေး ​ပေး အ​ဖေ့ကို​ပေး၊
အ​ဖေကိုယ်​တိုင်​လုပ်လိုက်မယ်
´
ကိုအုန်းထွန်းက ကြမ်းတိုက်ဝတ်ကိုယူလိုက်သည်နှင့် ထိုဖြစ်အင်ကိုဒေါ်ခင်မြကြည့်ကာ ပြုံးရယ်၍သာနေတော့သည်။



 
ကိုယ်တိုင်ရေးစာမူဖြစ်ကြောင်း ဝန်ခံပါသည်
-------------------------------------------------

အမည်။ ဦးနန္ဒနိုင်ဝင်းထွဋ်
ကလောင်အမည်။ကိုနန္ဒ(ဝါးခယ်မ)
မှတ်ပုံတင်အမှတ်။ 14/ဝခမ(နိုင်)155503
ဖုန်း ။ 09 4312 4991



ဦးစံမြင့် ( သို. ) ရုပ်ရှင်ထဲက ဗြိတိသျှ သခင် - ခက်ဇော်


၁၉၈၇ ခုနှစ်က ဖြစ်သည်။

ပုဇွန်တောင်နွားသတ်ရုံတွင် သတ်ဖြတ်ရန်အတွက် ဖမ်းဆီးလာသော ကျွဲကြီးတစ်ကောင် ရုတ်တရက် လွတ်ထွက်သွားပြီး သားသတ်ရုံဝန်ထမ်းတစ်ဦးကို ချိုဖြင့်အသေခတ်ပစ်လိုက်သည်။
သေတွင်းမှ လွတ်လာသော ထိုကျွဲရိုင်းကြီးသည် မြင်မြင်သမျှ လူများကို လိုက်လံဝှေ့ခတ်ရင်း မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းသို့ ဝင်ရောက်လာသည်။
မင်္ဂလာတောင်ညွန့်ရဲစခန်းက ရန်ကုန်တိရစ္ဆာန် ဥယျာဉ်သို့ ဖုန်းဆက်လာသည်။
“ဦးစံမြင့်ဆိုသူကို စခန်းသို့ ချက်ချင်းလွှတ်ပေး လိုက်ရန်”
အဆိုပါ ဦးစံမြင့်သည် စခန်းသို့ရောက်သည်နှင့် စခန်းမှ အရာရှိများက ဒသမ ၃၀၃ ရိုင်ဖယ်ကို ထုတ်ပေးသည်။ ထို့နောက် အထက်အမိန့်အရ ကျွဲရိုင်းကြီးကို အသေပစ်ခတ်ရမည်ဟုဆိုကာ ကျွဲရိုင်းကြီး သောင်းကျန်းနေသည့် နေရာသို့ ခေါ်သွားတော့၏။
မင်္ဂလာတောင်ညွန့်မြို့နယ်ထဲတွင် ကျွဲရိုင်းကြီးက မြင်သမျှ ပတ်ရမ်းနေသည်။ ထောင်ချီသော လူအုပ် ကြီးကလည်း ခပ်ဝေးဝေးမှ အုံလျက် ဝိုင်းကြည့်နေ၏။
ကျွဲရိုင်းကြီး သောင်းကျန်းနေသည့်အနီးသို့ ရိုင်ဖယ်သေနတ်ကိုင်ထားသော အင်္ဂလိပ်ကြီးတစ်ယောက် ဝင်လာသည်ကို တွေ့တော့ သူတို့ ဝိုင်းအော်တားကြသည်။
အချို့ကလည်း အင်္ဂလန်က မုဆိုးကြီးလာပြီ ဆိုပြီး ပြောကြသည်။
အချို့ကတော့ တိရစ္ဆာန်ဥယျာဉ်မှ ဆေးဝန်ထမ်း ကိုစံမြင့်ဆိုသည်ကို သိကြသည်။
ကျွဲရိုင်းကြီးနှင့် ကိုက်နှစ်ရာအကွာအဝေးတွင် သူနေရာယူလိုက်သည်။ မည်းမည်းမြင်ရာ လိုက်ခတ် နေသည့် ကျွဲက သူ့ရှိရာ တစ်ဟုန်ထိုးပြေးလာ၏။
‘ကလစ်’ ခနဲ မောင်းကို တင်သည်။ ခလုတ်ကို ညှစ်သည်။
‘ဒိုင်း’ ဆိုသည့် အသံနှင့်အတူ ကျွဲရိုင်းကြီး၏ ယာဘက်မျက်လုံး ပွင့်ထွက်သွားပြီး လဲကျသွားသည်။
လူအုပ်ကြီးက လက်ခုပ်ဝိုင်းတီးကြသည်။
ရိုင်ဖယ်ကိုင်ထားသည့် မြို့လယ်ခေါင်မှ မုဆိုးကြီး ခမျာ ထိုအခါမှ သက်ပြင်းချနိုင်တော့၏။
မြို့လယ်ခေါင်တွင် ကျွဲရိုင်းကြီးကို ရိုင်ဖယ်သေနတ်ဖြင့် နှိမ်နင်းခဲ့သည်မှာ ရုပ်ရှင်ဇာတ်ဝင်ခန်းမဟုတ်။
ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သည့် သည်းထိပ်ရင်ဖို တကယ့်အဖြစ်အပျက်တစ်ခုသာ ဖြစ်သည်။

ထိုမုဆိုးကြီးသည် မည်သူနည်း။

ထိုသို့ ရုပ်ရှင်ဆန်သော စွန့်စားခန်းများကို ပြင်ပဘ၀တွင် အမှန်တကယ်ဖြတ်သန်းခဲ့ရသည့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူ ဦးစံမြင့်သည် နောင်တစ်ချိန်တွင် မြန်မာ့ ရုပ်ရှင်လောက၏ အင်္ဂလိပ်အရာရှိအခန်းများကို သရုပ်ဆောင်ရသူ သခင်ကြီး ဖြစ်လာလေသည်။
ငယ်စဉ်ဘ၀က မြန်မာ့တော်လှန်ရေးဇာတ်ကားများ ကြည့်ဖူးသူတိုင်း သူ့ကို အမှတ်ရကြလိမ့်မည်။
မကြာသေးမီ နှစ်ကာလများကလည်း သူ့ အကြောင်း ကို ဂျာနယ်များ၊ ရုပ်သံမီဒီယာများတွင် တွေ့မြင်ခဲ့ကြရသည်။
‘ မောင်မင်းလူကလေး ’ ဆိုသော မာန်ပါ လှသည့် ဘိလပ်သံဝဲဝဲ မြန်မာစကားသံသည် သူ့ အမှတ်တံဆိပ် ဖြစ်ခဲ့သည်။
သာမန် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဟုသာ လူအများက သိထားကြသော အသက် ၈၇ နှစ်အရွယ် သခင်ကြီး ခေါ် အဘ ဦးစံမြင့်၏ ပြင်ပဘ၀ ဖြတ်သန်းမှုများကား ရုပ်ရှင်ဇာတ်ဝင်ခန်းများထက် ပိုမိုစိတ်လှုပ်ရှားဖွယ်ကောင်းလှသည်ကိုတော့ လူသိနည်းလွန်းလှသည်။
သူဖြတ်သန်းခဲ့သောဘ၀သည် စွန့်စားခန်းများဖြင့် ပြည့်နှက်နေခဲ့ပါသည်။

ဦးစံမြင့်ကို စစ်ကြိုခေတ် ၁၉၃၁ ခုနှစ်၊ ပြည်မြို့တွင် မွေးဖွားခဲ့သည်။
ဖခင်ဖြစ်သူမှာ ပထမကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံတွင် တာဝန်ကျသည့် ဥရောပစစ်သားတစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူမှာ မြန်မာလူမျိုးတစ်ဦးဖြစ်သည်။
မောင်စံမြင့် အသက်ခြောက်နှစ်အရွယ်၊ ဒုတိယကမ္ဘာစစ်မဖြစ်မီတွင်ပင် ဖခင်ဖြစ်သူ ဆုံးပါးသွားခဲ့သည်။
မောင်စံမြင့်တို့ မောင်နှမခြောက်ဦးမှာ မိခင် ကြီးနှင့်အတူ ရုန်းကန်လှုပ်ရှားရင်း ကျောင်းနေခွင့်မရခဲ့ပေ။
“အသက် ၁၂ နှစ်လောက်ရောက်တော့ ကျွန်တော် ကျောင်းအရမ်းနေချင်လာတယ်။ အဲဒါနဲ့ အင်္ဂလိပ် မြန်မာ အလွတ်သင်ကျောင်းတစ်ခုကိုသွား ပြီး ကျောင်းအုပ်ဆရာကြီးကို သွားတောင်းပန်ပြီး ပြောတယ်။ ဆရာကြီးက ကျောင်းလခလွတ်ကျောင်းထားပေးတယ်။ ကျွန်တော်က နောက်မှ သင်ရပေမယ့် သေချာသင်တော့ အတန်းတွေ ကျော်တက်ခွင့်ရတယ်။ လေးနှစ်လောက်အတွင်းမှာကို ခုနစ်တန်းအောင်ခဲ့တယ်” ဟု ဦးစံမြင့်က ဆိုသည်။

ထိုခေတ်က ခုနစ်တန်းအောင်လျှင် ရုံးအုပ် စာရေးကြီး၊ ကျောင်းဆရာ စသည်ဖြင့် အလုပ်ရနိုင်ခဲ့သည်။
အသက် ၁၈ နှစ်အရွယ်တွင်မူ ဦးစံမြင့်သည် ဗမာ့တပ်မတော် အမြောက်တပ်ရင်းသို့ ဝင်ခဲ့သည်။
“သမ္မတကြီး ဦးဘဦး လက်ထက်၊ ၁၉၅၂ မှာ ကျွန်တော့် ယူဂိုဆလားဗီးယားနိုင်ငံကို ပညာတော် သင်သွားရတယ်။ ၇၆ မမ အမြောက်နဲ့ ပတ်သက်ပြီး ပစ်ခတ်ရေး၊ ပြုပြင်ရေးတွေကို ခြောက်လသင်ခဲ့ရတယ်” ဟု ဦးစံမြင့်က ပြောပြသည်။

၁၉၅၄ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံ ဆဲလ်ကိုးဒါး မြို့သို့ ထပ်မံပညာတော်သင်စေလွှတ်ခြင်းခံရပြီး တိရစ္ဆာန်ဆိုင်ရာဆေးပညာကို သင်ယူခဲ့ရသည်။
၇၆ မမ အမြောက်ကြီးများမှာ မြင်းများဖြင့် သယ်ယူရသည်ဖြစ်သဖြင့် ဦးစံမြင့်သည် မြင်းများနှင့် ပတ်သက်သည့် ပညာရပ်များ၊ မြင်းစီးခြင်းများ၊ မြင်း တို့၏ ကျန်းမာရေးဆိုင်ရာတို့အားလည်း တစ်ပါတည်း ကျွ မ်းကျင်အောင် သင်ယူခဲ့ရ၏။

“အဲဒီက ပြန်ရောက်တာနဲ့ တရုတ်ဖြူစစ်ဆင်ရေးမှာ ဝင်တိုက်ရတော့တာပဲ။ ရန်ကြီးအောင်စစ်ဆင်ရေး၊ ဘုရင့်နောင်စစ်ဆင်ရေး၊ လွိုင်တွန်းစခန်းစစ်ဆင်ရေး၊ အောင်မေဃစစ်ဆင်ရေးတွေမှာ အမြောက်တပ်နဲ့အတူ ဝင်တိုက်ခဲ့ရတယ်။ အဲ့ဒီတုန်းက ကျွန်တော်တို့ တခြားအဆင့်တွေက ဒုတိယဗိုလ်မှူးကြီးတင်ဦး (ယခုဦးတင်ဦး NLD)ကို အရမ်းလေးစားနေကြတဲ့အချိန်၊ သူက ကျွန်တော်တို့ အောက်ခြေရဲဘော်တွေဘက်က အမြဲတမ်း ရပ်တည်တယ်။ ကျွန်တော်တို့ကို တပ်ထဲမှာ မနက်ဆို လက်ဖက်ရည် အမြဲတိုက်ရာက ဆန်ပြုတ်ပြောင်းတိုက်ပါဆိုတဲ့ အမိန့်ကို ဗိုလ်တင်ဦးက ကျွ န်တော်တို့ငယ်သားတွေဘက်က ရပ်တည်ပြီး တိုက်ဖျက်ခဲ့တာ။ အဲဒီတုန်းကသူက စစ်မြေပြင်တပ်မှူးဆိုတော့ သူ့လက်အောက်မှာ တိုက်ရတာမို့ ကျွန်တော်တို့က အရမ်းတက်ကြွကြတာ” ဟု ဦးစံမြင့်က ဂုဏ်ယူဝံ့ကြွားစွာပြောပြသည်။

၁၉၆၀ တွင် အရာရှိလောင်းရွေးချယ်သည့်အထဲ ပါခဲ့သော်လည်း ဦးစံမြင့်မှာ နိုင်ငံခြားသွေးပါနေသည့်အတွက် အရာရှိဖြစ်ရန် အခွင့်မရခဲ့ချေ။
“အောင်ပန်းအမြောက်တပ်မှာ ရှိနေတုန်းက မင်းသားတင်ညွန့်တို့၊ ရွှေဘတို့၊ သင်းသင်းလဲ့တို့က အောင်ပန်းမှာ ရုပ်ရှင်လာရိုက်တယ်။ သူတို့က ကျွန်တော်တို့တပ်က မြင်းတွေ ငှားရိုက်တော့ ကျွန်တော်က လိုက်ကူညီပေးရတယ်။ ကျွန်တော်က မြင်းစီးကျွမ်းကျင်တော့ မင်းသမီးရှေ့မှာ မြင်းကို မတ်တတ်စီး၊ ဘေးစောင်းစီး၊ ပုံစံအမျိုးမျိုးစီးပြတော့ သူတို့က သဘောကျတယ်။ အဲ့ဒီလိုနဲ့ ရုပ်ရှင်လောကက လူတွေနဲ့ ရင်းနှီးခဲ့ရတယ်”ဟု ဦးစံမြင့်က ဆိုသည်။



၁၉၆၂ ခုနှစ်တွင် တပ်မှထွက်ပြီးနောက် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် တိရစ္ဆာန်ဆေးကုသရေးဆရာအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သည်။
တိရစ္ဆာန်ဥယျာဉ်တွင် တာဝန်ထမ်းဆောင်စဉ် ဦးစံမြင့်ကို သစ်ထုတ်လုပ်ရေးက ခေါ်ယူပြီး ပဲခူးရိုးမထဲတွင် ဆင်ဖမ်းသည့်လုပ်ငန်းကို တာဝန်ယူဦးစီး လုပ်ကိုင်စေပြန်သည်။
“တစ်ရက်မှာ သစ်လုပ်ငန်းက ဆင်တစ်ကောင်က မုန်ယိုပြီး ဆင်ဦးစီးကို အစွယ်နဲ့ထိုးသတ်တယ်။ ပြီးတော့ တောထဲဝင်သွားတယ်။ သစ်တင်ကားတွေ တောထဲလာရင် ကားတစ်စီးလုံးလဲအောင် ထိုးချပစ်တာ။ အဲဒီကောင်ကြီးကို ပစ်ဖမ်းဖို့ကျတော့လည်း ကျွန်တော်ပဲ ဦးဆောင်ရတာပါပဲ။ တကယ့်ကို သက်စွန့်ဆံဖျားပစ်ဖမ်းရတာပါ” ဟု ဦးစံမြင့်က ဆိုသည်။

ဦးစံမြင့်သည် ထိုကဲ့သို့သော ဆင်သုံးကောင်အထိ ဖမ်းပေးခဲ့ရသည်။
တိရစ္ဆာန်ဥယျာဉ်သို့ ပြန်ရောက်သည့်အခါတွင်လည်း မြို့လယ်ကောင်တွင် ကျွဲရိုင်းကို ပစ်ဖမ်းပေးရခြင်း၊ မေ့ဆေးပေးထားသော ခြင်္သေ့များ၊ ကျားများကို လှောင်အိမ်ထဲဝင်ကာ မေ့ဆေးပြေဆေးပြန်ထိုးပေးရခြင်း စသည့် သက်စွန့်ဆံဖျား အလုပ်များသာ လုပ်ကိုင်ပြီး ပျော်မွေ့ခဲ့သည်။

“ထူးထူးခြားခြား အာဇာနည်နေ့ဗုံးကွဲမှုမှာ ကိုရီးယားက ဖောက်ခွဲရေးသမားတွေကို လိုက်ဖမ်းတော့ ဦးနေဝင်းကနေ မေ့ဆေးနဲ့ပစ်ဖမ်းဖို့ အမိန့်ပေးတယ်။ အဲဒါနဲ့ ကျွန်တော့်ကို မေ့ဆေးသေနတ်ကိုင်ပြီး လိုက်ခဲ့ဖို့ ခေါ်တယ်။ ဟယ်လီကော်ပရာနဲ့ ခေါ်သွားတာ။ ဒါပေမဲ့ ကျွန်တော်တို့ ရောက်တဲ့အချိန် မြေပြင်လုံခြုံရေးတွေက လုံးထွေးဖမ်းလို့ ဟိုက အသေခံဗုံးခွဲလိုက်တာ သေတဲ့သူတွေက သေနေပြီ။ အဲဒီ ကင်မင်ချူးလည်း လက်ပြတ်သွားတယ်။

ဦးစံမြင့်သည် သမိုင်း၏ လူသိနည်းသည့် မှန်ကူကွက်များတွင်လည်း တစ်စိတ်တစ်ဒေသ ပါဝင်သည့် သက်ရှိမှတ်တမ်းကြီး ဖြစ်နေပြန်သည်။
တိရစ္ဆာန်ရုံတွင် တာဝန်ထမ်းဆောင်နေစဉ်အတွင်း ယခင်က ခင်မင်ခဲ့သည့် ရုပ်ရှင်လောကသားများနှင့် ချိတ်ဆက်မိကာ သူ့အား ရုပ်ရှင်ဇာတ်ကားများတွင်ပါဝင်ရန် ကမ်းလှမ်းခဲ့ကြသည်။
နဂိုကပင် ဝါသနာပါလှသော ဦးစံမြင့်ကား ရုပ်ရှင်ဇာတ်ကားများတွင် အင်္ဂလိပ်အရာရှိအဖြစ် ပါဝင်ရိုက်ကူးခဲ့သည်။

“ကျွန်တော်က အင်္ဂလိပ်ရော၊ ဟင်ဒီရော ဘာသာစကားနှစ်မျိုးတတ်တယ်။ ဒါပေမဲ့ သရုပ်ဆောင်တဲ့အခါကျ ဗမာစကားကို အင်္ဂလိပ်လေသံပေါက်အောင် မပြောတတ်ဘူး။ အဲ့ဒါနဲ့ စနေမ ဇာတ်ကားမှာ ဒေါ်ဝါဝါဝင်းရွှေက မောင်မင်း။လူကလေးဆိုတဲ့ ဒိုင်ယာလော့ခ်ကို သင်ပေးတယ်။ အရင်ခေတ် အင်္ဂလိပ်အရာရှိတွေ စကားပြောပုံပြောနည်းကို သူက ကောင်းကောင်းသိတယ်။ အဲဒါနဲ့ ကျွန်တော်က မောင်မင်းလူကလေးဆိုတာကို ကျွ မ်းကျွ မ်း ကျင်ကျင်သရုပ်ဆောင်နိုင်သွားတာ”ဟု ဦးစံမြင့်က ဆိုသည်။
ဦးစံမြင့်သည် တိရစ္ဆာန်ဥယျာဉ်ဝန်ထမ်းဘ၀နှင့် သရုပ်ဆောင်ဘ၀တွင် နှစ်ပေါင်းလေးဆယ်ကျော်ကြာ ကျင်လည်ခဲ့သည်။

န၀တအစိုးရခေတ်တွင် တရုတ်နိုင်ငံသို့သွားရောက်ကာ ဆတ်ချို နုဆေးဖော်နည်းကို သင်ယူခဲ့ရပြီး ထိုစီမံကိန်းတွင် ပါဝင်ခဲ့ရသည်။
ဆတ်သတ္တဝါများနှင့်ပတ်သက်ပြီး ကျွမ်းကျင် သူတစ်ယောက်လည်း ဖြစ်ခဲ့သည်။
သရုပ်ဆောင်တစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ် ကားများစွာကို ရိုက်ခဲ့သော်လည်း ဦးစံမြင့် ဖြတ်သန်းခဲ့သည့် ဘ၀ဖြတ်သန်းမှုများမှာ ထိုရုပ်ရှင်များထက် ပိုမိုရုပ်ရှင်ဆန်သည်။
တရုတ်ဖြူစစ်ဆင်ရေးတွင် ပါဝင်ခဲ့သူ စစ်သားကြီး။
နိုင်ငံတကာအဆင့်မီ မြင်းစီးကျွ မ်းကျင်သူ။ တိရစ္ဆာန်ဆေးကုသရေးပညာရှင်။
မြို့ပြမုဆိုး ။ ဆင်ဖမ်းသမား။ ဆတ်ချိုနုဆေးဝါး ထုတ်လုပ်သူ ပညာရှင်။
အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ ပါလီမန်ခေတ်၊ မဆလခေတ်၊ န၀တခေတ်၊ ဒီမိုကရေစီခေတ် ခေတ် ခြောက်ခေတ်ကို ဖြတ်သန်းခဲ့ပြီး သက်ရှိသမိုင်းစာအုပ် ကြီးဖြစ်နေသည့် ဦးစံမြင့်၏ ဘ၀ဖြတ်သန်းမှု စွန့်စား ခန်းများသည် ရုပ်ရှင်တစ်ကားစာနီးပါးပင် ရှိနေသည်။

“ရုပ်ရှင်ထဲက အင်္ဂလိပ်အရာရှိကြီးလို့ အများမြင်ကြတဲ့လူတစ်ယောက်ရဲ့ ပြင်ပဘ၀မှာ ထူးခြားတဲ့ အတွေ့အကြုံတွေအများကြီးပဲ။ အခုအချိန်မှာ ကျွန်တော်က အဲဒါတွေကို ပြောပြချင်နေခဲ့တာ။
ကျွန်တော့်ဘ၀ကမှ တကယ့် ရုပ်ရှင်ဆန်ဆန်ဖြတ်သန်းခဲ့ရတာ
အသက် ၈၇ နှစ်အရွယ် အဘိုးအိုသည် သူ့ တစ်ဘ၀စာ အမှတ်တရများကို ထိုနှယ့် ကျေနပ်အားရ စွာ ပြောပြရင်း ရယ်မောနေသည်။

ထို့နောက် သူ့ကျွန်မခံမီ ဇာတ်ကားရိုက်စဉ်က သုံးသည့် ပါတော်မူဇာတ်ဝင်တေးသီချင်းကို ဌာန်ကရိုဏ်း ကျကျဖြင့် ဆိုပြလိုက်သေးသည်။
ဘိုင်စကုပ်အပြင်မှ သခင်ကြီးကား မြန်မာ့ဂီတ အဆိုပညာတွင်လည်း ခေသူတော့ မဟုတ်။

ခက်ဇော်(KZ)

The Voice    မှ ဖော်ပြထားမှုအား

Thwin Myint မှ Facebook တွင်တင်ပြသည်ကို
ကူးယူဖော်ပြပါသည် ။