Wednesday, May 20, 2015

မြန်မာကျောင်းသား သြစတြေးလျ ထိပ်တန်းကောလိပ် တွင်အထူးချွန်ဆုံး ဆုရ





သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ ထိပ်တန်း ကောလိပ်တစ်ခု ဖြစ်သည့် UTS; INSEARCH ၏ UTS Foundation Studies က ပေးအပ်သော Semester 3 အထူးချွန်ဆုံး ကျောင်းသားဆု Outstanding Graduate Prize ကို မြန်မာ ကျောင်းသား သိင်္ဂါအောင်သန်း က ရရှိခဲ့ကြောင်း သိရသည်။

သိင်္ဂါအောင်သန်းသည် UTS Foundation Studies အစီအစဉ်တွင် ၁ဝ မှတ် ပေးရာတွင် ၉ ဒသမ ၇ မှတ်ရရှိပြီး ၄င်းဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။ သိင်္ဂါအောင်သန်း သည် ဆစ်ဒနီ နည်းပညာ တက္ကသိုလ် University of Technology, Sydney (UTS) ကို တက်ရောက်ရန် ကြိုတင် ပြင်ဆင်သည့် အနေဖြင့် UTS; INSEARCH ၏ UTS Foundation Studies အစီအစဉ်ကို ပြီးမြောက်ခဲ့ခြင်း ဖြစ်ပြီး အင်ဂျင်နီယာဘွဲ့ အတွက် Mechanical နှင့် Mechatronic မေဂျာတို့ကို အထူးပြု တက်ရောက် သင်ယူလျက် ရှိကြောင်း သိရသည်။

'' UTS; INSEARCH က ကျွန်တော့်ကို တက္ကသိုလ်ဘဝနဲ့ မိတ်ဆက်ပေးပြီး UTS မှာ စာသင်ကြား ရတာကို ပိုမိုလွယ်ကူ စေပါတယ်။ အထက်တန်း ကျောင်းမှာတုန်းက ကျွန်တော် assignments တွေ၊ အွန်လိုင်းကနေ လုပ်ရ တာတွေ မလုပ်ဖူးဘူး။ ဒါပေမဲ့ UTS; INSEARCH ကို ရောက်တဲ့အခါ ကျတော့ ကိုယ့်အချိန် ကိုယ် စီမံခန့်ခွဲပြီး assignment တွေလုပ်ဖို့ စဉ်းစားရတယ်။ ကိုယ့်ဘာသာကိုယ် လေ့လာတာ တွေက လက်တွေ့ လုပ်နိုင်တဲ့  အသိပညာတွေ ရလာစေခဲ့ ပါတယ်။ အဲဒီက တစ်ဆင့် အမှတ်တွေ ကောင်းလာ ခဲ့တာပါ။ ဒါပေမယ့် UTS; INSEARCH က ဒါကို အဆင်ပြေ လွယ်ကူစေခဲ့ ပါတယ်'' ဟု မြန်မာ ထူးချွန်ကျောင်းသား သိင်္ဂါအောင်သန်း ကပြောသည်။

UTS သည် Times Higher Education ၏ ထိပ်တန်း တက္ကသိုလ် ၁ဝဝ တွင် သက်တမ်း နှစ် ၅ဝ အောက် တက္ကသိုလ် များ၌ သြစတြေးလျ တွင် နံပါတ် ၁၊ တစ်ကမ္ဘာလုံး တွင် အဆင့် ၂၁ စာရင်းဝင်လျက် ရှိသည်။ UTS; INSEARCH မှ နှစ်စဉ်နှစ်တိုင်း ထူးချွန်သည့် ပညာသင်ကြားမှု ရလဒ်များ ရရှိသည့် ကျောင်းသားများကို သြစတြေးလျ ဒေါ်လာငွေ ၂၁ဝဝဝဝ ကျော် ဆုများ ပေးအပ် ချီးမြှင့်လျက် ရှိကြောင်း သိရသည်။

ဝန်းရံခ @ Themyawadydaily

Monday, May 18, 2015

အဖေ့ကြောင့် ဂီတကို မြတ်နိုးလာတာပါ ဆိုတဲ့ ပိုပိုဟေသာ




တေးရေးဇဝါရဲ့အသက် ၁၇ နှစ်အရွယ်သမီးငယ်လေး ပိုပိုဟေသာဆိုရင် သူသီဆိုထားတဲ့ “ချစ်တဲ့ စိတ်ဆိုတာ သီချင်းနဲ့အတူ ပရိသတ်အားပေးမှုရရှိလာတာကို သိရှိ ကြမှာပါ။ “ချစ်တဲ့စိတ်ဆိုတာ သီချင်းဟာ တေးရေး ဇဝါရဲ့ အနုပညာဖန်တီးမှု တစ်ခုဖြစ်သလို ပိုပိုဟေသာကို Myanmar Music Award 2014  မှာ နွေရာသီ အကောင်း ဆုံး ပေါ့ပ်သီချင်းဆုကိုလည်း ဆွတ်ခူးရရှိစေခဲ့ပါတယ်။ အခုဆိုရင် ပိုပိုဟေသာက Legacy Music Academy မှာ ဆရာဦးမိုးနိုင်နဲ့ စန္ဒရားသင်နေသလို အိမ်မှာလည်း ဆရာဦးဝင်းဦးနဲ့ ဂစ်တာတီးသင်ဖြစ်နေကြောင်း ဆိုပါတယ်။


ဖခင်ဖြစ်သူ တေးရေး ဇဝါဆီကနေလည်း ဂီတနဲ့ပတ်သက်လို့ ကလေးဘဝကတည်းက သင်ယူစရာတွေ အ များကြီးရခဲ့ကြောင်းဆိုတဲ့ ပိုပိုဟေသာက " ဖေဖေကတော့ ညီမကို ဆရာ တစ်ယောက်လို၊ အစ်ကိုတစ်ယောက်လို၊ သူငယ်ချင်းတစ်ယောက်လို ရှင်းပြ၊ ပြောပြပါတယ်။ အနုပညာနဲ့ပတ်သက်လို့ အဖေသင်ပေးတာ၊ အကြံဥာဏ်ပေးတာတွေ အများကြီးပါ။ ညီမအနေနဲ့ ဂီတကို ချစ်မြတ်နိုးလာတာ အဖေ့ကြောင့်ပါ "လို့ဆိုပါတယ်။ ပညာရေး အနေနဲ့လည်း YUFL First Year (Korean) တက်ရောက် ဖြစ်နေတဲ့ ပိုပိုဟေသာကို အနုပညာနဲ့ ပညာရေး ဘယ်လိုမျှလုပ်သွားမလဲလို့ မေးကြည့်တဲ့အခါ


" ညီမက အရင်တုန်းကတော့ သာမန်လူငယ်တစ်ယောက်ပေါ့။ အခု MMA  မှာ ဆုရသွားတဲ့အတွက် ညီမကို အဆိုတော်တစ်ယောက်အနေနဲ့ သတ်မှတ် လာကြတယ်။ ဒါပမဲ့သာမန်လူငယ်ဘဝကို ညီမမစွန့်လွှတ်ပါဘူး။ ကျောင်းတက်နေတဲ့ အပိုင်းမှာရော၊ အနုပညာလုပ်နေတဲ့ အပိုင်းမှာပါ အင်တိုက်အားတိုက်နဲ့ ကြိုးစားသွားပါမယ် လို့ ပိုပိုဟေသာက ပြောပါတယ်။ 


ပိုပိုဟေသာအနေနဲ့ မကြာသေးခင်က ထွက်ရှိထားတဲ့ တေးသံရှင် ဂေဂေးရဲ့ “နင်သာရှိရင အခွေမှာ ပါဝင်သီဆိုထားပြီး မကြာမီထွက်ရှိမယ့် အားတီရဲ့ “လွင်ပြင တေးစီးရီးမှာလည်း ပါဝင်သီဆိုထားပါတယ်။ တစ်ကိုယ်တော်အခွေကိုလည်း သေသေချာချာ စီစဉ်နေတဲ့ ပိုပိုဟေသာက ၂ဝ၁၅ နှစ်ကုန်ပိုင်းလောက် မှန်းထားကြောင်း ဆိုပါတယ်။


By မျိုးမောင် @ Asia Fame Media Group

ဆက်စပ်ဖတ်ရှုရန်

Friday, May 15, 2015

၁၃၇၇ အတွက် မြန်မာ နှင်. နိုင်ငံတကာ အနာဂတ် ခန်.မှန်းချက် နောက်ဆက်တွဲ


( ၁၃၇၇ ခုနှစ်အကြောင်း နောက်ဆုံးဆောင်းပါးအား တိုက်ရိုက်ကူးယူဖော်ပြခြင်း ဖြစ်ပါတယ် )

ဒီတစ်နှစ် မဟာဘုတ်ဇာတာခွင်မှာ ….လှပတဲ့ ဂြိုဟ်သမ္ဗန္ဓ တစ်ခု ရှိပါတယ်။ အဲဒါကတော့ အထွန်းဌာနမှာ ရပ်တည်နေတဲ့ မဟာဘုတ်နိစ်ဂြိုဟ် ဗုဒ္ဓဟူးဂြိုဟ် နဲ့ ဘင်္ဂဌာနမှာ ရပ်တည်နေတဲ့ ကြာသာပတေးဂြိုဟ်တို့ …ဌာနချင်း ပရိဝတ္တနသမ္ဗန္ဓပြု ရပ်တည်နေတဲ့အချက်ပါပဲ။



ဒီဆက်နွယ်မှုရဲ့အကျိုးအာနိသင်ကို နှစ်များစွာ ကျွန်တော် လေ့လာသုတေသ နပြုခဲ့ပါတယ်။ နေ့နံတစ်ခုချင်းဆီ အလိုက်လည်း ..မှတ်တမ်းတင် ထားကြည့်ခဲ့မိသလို..ကောဇာ အပြောင်းအရွှေ့များ အပေါ်မှာလည်း ….လေ့လာမှတ်သားခဲ့ပါတယ်။

တွေ့ရှိချက်တွေအားလုံးကို နောက်ဆုံးအနှစ်ချုပ် ဆွဲထုတ်ကြည့်လိုက်မယ်ဆိုရင်တော့....

ဒီသမ္ဗန္ဓ သည်ကြီးမားသော ကောလဟာလ များနဲ့ …သက်ဆိုင်ကြောင်း တွေ့ရှိရပါတယ်။
ကျော်တော့ လှေသူကြီး ၊ ညားတော့လှေထိုးသားလို့ပဲ ဆိုဆိုဒီသမ္ဗန္ဓကြောင့်ပဲ.ဒီတစ်နှစ်မှာ လူတွေကို နဝေတိမ်တောင် ဖြစ်စေလောက်မယ့် ….ကြီးမားတဲ့ သတင်းမှားကြီးတွေ ပေါ်ပေါက်လာတတ်ပါတယ်။
ဒီအပေါ်မှာ ဆက်လက်ကောက်ချက်ဆွဲ ဟောဆိုရမယ်ဆိုရင်..

.ကမ္ဘာပေါ်မှာ သည်တစ်နှစ်အဖို့ …ငွေကြေးဖောင်းပွမှုတွေ၊ ငွေကြေးနှင့်သက်ဆိုင်သော …ကြီးမားသော ကောလာဟလ သတင်းမှားတွေ ပေါ်ပေါက်ရန် လွယ်ကူစေတတ်ပါတယ်။  ထို့အတူ ကျိန်းသေပေါက်လောက် နီးနီး သေချာလှပါတယ်ဆိုတဲ့ သတင်းအချို့သည် …..လုံးဝနီးနီး သတင်းမှားတွေ ဖြစ်နေတတ်ခြင်းမျိုး ကြုံကြိုက်ကြရတတ်သည့် ကာလဖြစ်ပါတယ်။ ဒီသမ္ဗန္ဓသည် နိုင်ငံတကာ ငွေလဲလှယ်မှု နှုန်းထားများကိုလည်း …ကမောက်ကမ ဖြစ်သွားစေ နိုင်တယ်လို့ ယျေဘုယျ ယူဆသုံးသပ်မိပါတယ်။

ဘဏ်နှင့် ဘဏ်လုပ်ငန်းများကို ကိုယ်စားပြုသော သောကြာဂြိုဟ်ဟာ ပုတိဌာနမှာ ရပ်တည်နေမယ့် ၁၃၇၇ခုနှစ် ဖြစ်ပါတယ်။ ဒီအချက်သည် …ရေနဲ့ ရေလုပ်ငန်းများ ဆိုင်ရာ နယ်ပယ်တို့မှာ …ဘဏ်လုပ်ငန်းများ နဲ့ ချေးငွေလုပ်ငန်းများ ပေါ်ပေါက်လာနိုင်ခြင်းကိုဖော်ပြသလို.၊

ပြည်တွင်းဆိုင်ရာ ငွေချေးလုပ်ငန်းများ ပိုမိုများပြားလာတတ်ခြင်းကို ဖော်ပြပါတယ်။ ဒီတစ်နှစ်ဟာ ဆွေမျိုးသွေးသား အချင်းချင်းငွေကြေးချေးငှား ရင်းနှီးမြုပ်နှံခြင်းများကို တွန်းအားပေးတဲ့ နှစ်မျိုးဖြစ်တာကြောင့် ….အင်မတန်ကပ်စေးနှဲတဲ့ ဂျီးဒေါ်အပျိုကြီးဆီကတောင် အပြောကောင်းရင် အတိုးချိုချိုနဲ့ ချေးဌားလို့ ရတတ်သော ကာလဖြစ်ပါတယ်။

ကျွန်တော် ခုရေးပြနေတဲ့အချက်ကလေးတွေဟာ အသုံးလိုအပ်နေသူတွေ အတွက်တော့ ….အရေးပါသော အချက်ကလေးတွေ ဖြစ်ပါလိမ့်မယ်။

သောကြာဂြိုဟ်ဟာ …ထိမ်းသိမ်းစောင့်ရှောက်ပေးတတ်သော ဂြိုဟ်ဖြစ်ပါတယ်။ ဒါကြောင့် …ဒီတစ်နှစ်မှာ …ကမ္ဘာအရပ်ရပ်က ခရီးသွားလုပ်ငန်းများစွာမှာ ….ပြန်လည်ပြုပြင်မွန်းမံခြင်းများ၊ လုံခြုံရေးအစီအစဉ်များ …တိုးမြှင့်ခြင်း ရှိလာပါမယ်။ အဝေးပြေးဂိတ်စခန်းများ နဲ့ …ကြားစခန်းများ ၊ခရီးတစ်ထောက် နားနေစခန်းများ မှာလည်း …လုံခြုံရေးတိုးမြှင့်မှုနဲ့ ..ပြန်လည်နေရာချထားမှုတွေ ပေါ်ပေါက်လာပါမယ်။ အခြားတစ်ဖက် မှာလည်း …ယင်းနေရာဌာနများမှာ …လောကီစည်းစိမ် ဇိမ်ခံစားနိုင်ဖွယ်ရာ အစီအစဉ်တွေ တိုးမြှင့်လာမှုကို ဖော်ပြနေတဲ့ အချက် ဖြစ်တာမို့………သည်တစ်နှစ်အဖို့ …ကမ္ဘာ့လူသားများစွာဟာ ….ခရီးသွားရင်း စည်းစိမ်ခံစားလိုမှု မြင့်တက်လာနေကြမှာကို ဖော်ပြနေပါတယ်။

ဒါကြောင့် … အဝေးပြေးဂိတ်စခမ်းလိုနေရာမျိုးတွေ၊ ပင်လယ်ကမ်းခြေနေရာမျိုးတွေမှာ …ဟော်တယ်နဲ့ ခရီးသွားလာရေး ဆိုင်ရာ လုပ်ငန်းလုပ်ကိုင်နေသူများအဖို့ …မိမိတို့ လုပ်ငန်းများကို လှပသေသပ်ပြီး သန့်ရှင်းသပ်ရပ်စွာ ဆွဲဆောင်မှုပြုထားနိုင်မယ်ဆိုရင် …စီးပွားအထူးဖြစ်ထွန်းနိုင်မယ့်ကာလ တစ်ခု ဖြစ်လာနိုင်ပါတယ်။ အဓိကအချက်ကတော့ လူသားပေါင်းများစွာဟာ ခရီးထွက်ခြင်းနဲ့ ပင်လယ်ကမ်းခြေကဲ့သို့ ရေနဲ့နီးစပ်သောနေရာဒေသများတွင် ပျော်မွေ့စည်းစိမ်ခံလိုခြင်း ဆန္ဒတွေ ရုန်းကြွလာတတ်သော ကာလဖြစ်လို့ပါပဲ။

ဒီတစ်နှစ်ဟာ စနေဂြိုဟ် သိုက်ဌာနမှာ မဟာဘုတ်ဥစ်မူသော နှစ်တစ်နှစ်လ ည်းဖြစ်ပါတယ်။ လောကုတ္တရာဂြိုဟ်ကြီး ဥစ်မူနေသည့် ..သည်တစ်နှစ်သည် ကျွန်တော်တို့ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံမှာတော့ ဓမ္မအကျိုးစီးပွားကို ပိုမို ရှာဖွေခွင့်ရရှိနိုင်ကြသည့် အခါသမမျိုး လို့ ယူဆမိပါတယ်။ နဂိုကတည်းက ဥာဏ်နီးစပ်ခဲ့သော သူတော်စင်သူတော်ကောင်း အပေါင်းတို့အဖို့ လည်း ..ဥာဏ်စဉ် ပိုမိုမြင့်တက်ခွင့် ကြုံကြိုက်တတ်သော အခါသမကောင်း ဖြစ်နိုင်ပါလိမ့်မယ်။

ဤဂြိုဟ်အနေအထားသည် ကမ္ဘာပေါ်မှာ အလွန်ရှေးကျသော ရှေးဟောင်း အမွေအနှစ်များ ပြန်လည်ပေါ်ပေါက်လာစေတတ်ခြင်း နဲ့ …သမိုင်းဆိုင်ရာ အဖိုးတန် အချင်းအရာများ ပြန်လည်ပေါ်ပေါက် ထွန်းကားလာတတ်ခြင်းကို ဖော်ပြပါတယ်။
================

အနှစ်ချုပ်သုံးသပ်ချက် နှင့် မြန်မာပြည်မြင်ကွင်း
---------------------------------------------------
သည်တစ်နှစ်. ၁၃၇၇ခုနှစ် …..

ဆွေမျိုးသွေးသားချင်း စစ်ခင်းရတတ်သော ကာလ တစ်ခု ကျရောက်နေစဉ်မှာပဲတိုင်းရင်းသားလက်နက်ကိုင် များစွာဆီက ရုန်းကြွတော်လှန်လိုမှု သတင်းတွေ ဖြတ်သန်းစီးဆင်းနေပါတယ်။

မြန်မာပြည်ရဲ့ကံဇာတာဟာ …အလိုလိုကတည်းကမှ.စစ်နဲ့ကင်းဝေးခဲ့သည် မရှိခဲ့သေးပါ။ ယခုလည်းပဲ …..ပြည်တွင်း စစ်ပွဲအသေးစားလေးတွေ ဟိုမှာ..သည်မှာ..ကြားနေရဆဲပါပဲ။

ဘာသာရေး ဆိုင်ရာ ကျဆုံးမှုတွေ ဖြစ်ပွားလာတတ်သော သည်ယခုနှစ်မျိုးမှာ.လက်ရှိဘာသာကြီးလေးခု …ထဲက အချို့သော ဘာသာတရားများ …ချိနဲ့ယိုယွင်းမှု ဖြစ်တည်လာနိုင်တဲ့ကာလ တစ်ခု..။

ဥပဒေသတ်မှတ်ချက်နှင့် စည်းမျဉ်းစည်းကမ်းအချို့ လုံးဝပယ်ဖျက်ပြီး ဥပဒေသစ်များ စည်းကမ်းသစ်များ အစားထိုးရတတ်သော ယခုနှစ်မျိုးတွင်..ကျွန်တော်တို့နိုင်ငံမှာရောအဘယ်ဥပဒေဟောင်းများကို လုံးဝ ပယ်ဖျက် ရုတ်သိမ်းသွားပါမလဲ..စောင့်ကြည့်ရပေဦးတော့မည်။

ယခုနှစ်သည် ကျွန်တော်တို့မြန်မာနိုင်ငံ၏ …နိုင်ငံ့ခေါင်းဆောင်တစ်ဦးဖြစ်သူ …အမျိုးသမီးကြီး၏ နာမည် ပက္ခမိထားသည့် နှစ်တစ်နှစ် ။ ထို့အတွက်ကြောင့် … ယဉ်ကားများ နှင့် ခရီးသွားလာနေစဉ် အန္တရယ်ကျရောက်ခြင်း၊ အသင်းအဖွဲ့ ဂိုဏ်းဂဏများဖြင့် ရန်ပြုခံရသည့် အန္တရယ်ကျရောက်ခြင်းမှ ကင်းပါစေဟုသာ …..ကျွန်တော် ဆုတောင်းမိပါတော့သည်။

သည်တစ်နှစ် အင်အားအကောင်းဆုံးဂြိုဟ်ကား အင်္ဂါဂြိုဟ်…………

ထို့ကြောင့်ပင်လျင် ညီညွတ်ခြင်းသည် အကောင်းဆုံးအင်အား နှင့် အစွမ်းဆုံးလက်နက်ဖြစ်ကြောင်း အားလုံး သတိမူနိုင်ကြပါစေသတည်း

စာဖတ်သူအားလုံးကို လေးစားမြတ်နိုးစွာဖြင့်

ကိုစိုးမိုးထွန်း(ဗေဒင်ပညာသုတေသီ)
သုတေသီ ဝေသာလီမောင်ဖုန်း
ကိုစိုးခိုင်
www.mahabote.org
phone 09 31817287

ဆက်စပ်ဖတ်ရှုရန်


Wednesday, May 13, 2015

အင်တာနက် မှာ ခြိမ်းခြောက်ခံရရင် ဘာတွေ လုပ်မလဲ ( မိန်းကလေးများ အထူးသတိ )

အခုတစ်လော Viber ကနေ ခြိမ်းခြောက်စာပို့တာတို့၊ Facebook ကနေ ခြိမ်းခြောက်စာပို့တာတို့ ရှိလာတာ တွေ့ရပါတယ်။ အရင်တုန်းကတော့ E-mail (သို့မဟုတ် G-mail) ခေတ်ဆိုတော့ မေးလ်တွေကနေ ခြိမ်းခြောက်စာတွေ ပို့တတ်ကြပါတယ်။



ခိမ်းခြောက်ခံရတဲ့ထဲမှာ အမျိုးသမီးတွေ များပါတယ်။ ဒါကြောင့်မို့လို့ ခြိမ်းခြောက်ပြီးရင်လည်း ငွေ (သို့မဟုတ်) လိင်မှုကိစ္စတွေ တောင်းဆိုတတ်ကြပါတယ်။ ငွေပေးလိုက်ရတာ ပြဿ        နာမရှိပေမယ့် နောက်တစ်ခုကတော့ ပြဿ        နာရှိပါတယ်။ ဒါပေမယ့် ဘယ်ဟာပဲဖြစ်ဖြစ် တစ်ခါလိုက်လျောမိရင် ထပ်ခါထပ်ခါ တောင်းဆိုလာမှာ ကျိန်းသေပါတယ်။ ဒါကြောင့်မို့လို့ ဘယ်ဟာမှ မလိုက်လျောမိဖို့ အရေးအကြီးဆုံးပါ။



အဲဒီလိုခြိမ်းခြောက်မှုတွေဟာ အောက်တန်းကျလွန်းပါတယ်။ အဲဒါအပြင် ခြိမ်းခြောက်သူတွေက သူတို့ကိုယ်သူတို့၊ “IT ပညာရှင်” တို့ “Hacker” တို့ စတဲ့အသုံးအနှုန်းတွေ သုံးကြတာပါပဲ။ တစ်ကယ်က ဘာမှမဟုတ်တဲ့ လူတွေပါ။ အဲဒီလိုလူတွေကို အားလုံး စုပေါင်းပြီးတော့ ဖယ်ထုတ်ရပါမယ်။

အဲဒီလို ခြိမ်းခြောက်စာတွေ များနေတဲ့အချိန်မှာ တစ်ချို့ကလည်း ကိုယ်မကျေနပ်တဲ့လူ၊ ကိုယ်နဲ့ မတည့်တဲ့လူကို ချောက်တွန်းကြတာလည်း ရှိပါတယ်။ ဘယ်လိုချောက်တွန်းလည်းဆိုတော့ ဥပမာ မောင်မောင်က အောင်အောင်ကို မကျေနပ်ဘူးဆိုပါတော့ .. မောင်မောင်က ဓာတ်ပုံပြင်တဲ့ software တွေကိုသုံးပြီးတော့ အောင်အောင်က တစ်ခြားမိန်းကလေးတစ်ယောက်ကို ခြိမ်းခြောက်စာပို့နေသယောင် ဖန်တီးလိုက်ပါတယ်။ နောက်ပြီးတော့ အဲဒီပုံကို Facebook လိုနေရာမျိုးမှာတင်ပါတယ်။ တင်တဲ့အခါမှာ အောင်အောင်ရဲ့ ဓာတ်ပုံနဲ့ Facebook profile လိပ်စာကိုလည်း ထည့်တင်လိုက်ပါတယ်။


ဒီလိုဆိုရင် မသိတဲ့လူတွေက အဟုတ်ထင်ပြီးတော့ Share ကြတဲ့အခါ တဖြည်းဖြည်းနဲ့ လူသိများလာပြီး အောင်အောင်က မကောင်းတဲ့လူတစ်ယောက်အဖြစ် သိက္ခာကျပါတယ်။ တစ်ချို့လည်း အောင်အောင်ရဲ့ wall မှာ၊ chat မှာ သွားဆဲကြပါလိမ့်မယ်။ အဲဒီလိုလုပ်တာကလည်း အင်တာနက်ကို အလွဲသုံးစားလုပ်တာပဲ ဖြစ်ပါတယ်။


ကိုယ်တိုင် တစ်ကယ်ခြိမ်းခြောက်ခံရလို့ Facebook မှာ တင်မယ်ဆိုရင်လည်း share များလို့ လူသိများသွားတာသာ ရှိပါမယ်။ တစ်ခြားလူတွေ သတိထားမိတာကလွဲလို့ ဘာမှအကျိုးကျေးဇူး မများပါဘူး။ ဒါကြောင့် အဲဒီလို အကြောင်းအရာတွေကို မ share သင့်ပါဘူး။ ဒါဆို အဲဒီလို ခြိမ်းခြောက်ခံရတဲ့အခါ ဘာတွေလုပ်သင့်လဲဆိုတာကို WikiHow ရဲ့ post တစ်ခုက ပုံတွေကို ကိုအိမောင် ဘာသာပြန်ထားတဲ့အတိုင်း ဖော်ပြလိုက်ပါတယ်။




ခိမ်းခြောက်သူကို စာပြန်တာဟာ သူတို့ပို့တဲ့စာကို ဖတ်ပြီးသွားပြီဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ စာမပြန်ဘဲထားတာကမှ သူတို့စာကို မဖတ်မိသေးဘူးအထင်နဲ့ အချိန်ပိုရနိုင်ပါသေးတယ်။ တစ်ချို့ chat application တွေမှာတော့ Seen ဆိုတာပြန်ပေါ်တဲ့အတွက် ဖတ်ပြီးကြောင့် ခြိမ်းခြောက်သူက သိနိုင်ပါတယ်။ ဒါပေမယ့်လည်း စာပြန်ပို့တာက ကိုယ်စိတ်ပူနေကြောင်းကို ပြောတာနဲ့ အတူတူပါပဲ။

အဲဒီလိုလူတွေက စာနာစိတ် မထားတာကြောင့် စိတ်ပူလေပိုကြိုက်လေပဲ ဖြစ်ပါတယ်။ အသနားခံတာတို့ဘာတို့လုပ်ရင်လည်း ပိုပြီး ခြိမ်းခြောက်ရုံပဲရှိပါတယ်။ ကိုယ့်ဘက်ကပြန်ပြီး သက်ဆိုင်ရာတိုင်မယ်လို့ ခြိမ်းခြောက်ရင်လည်း ပြဿ       နာကို ပိုဆွပေးရာပဲရောက်ပါလိမ့်မယ်။ ဒါကြောင့် အကောင်းဆုံးက စာမပြန်ပဲနေတာဖြစ်ပါတယ်။




သက်ဆိုင်ရာကို တိုင်တဲ့အခါမှာ သက်သေခံအထောက်အထား ပြနိုင်အောင် ဖြစ်ပါတယ်။ ခြိမ်းခြောက်လာသူနဲ့ ပတ်သတ်ပြီး အချက်အလက် များနိုင်သမျှ များအောင် စုဆောင်းပါ။ အဲဒါတွေပေါ်မူတည်ပြီး ခြိမ်းခြောက်မှုကို ရပ်တန့်အောင် ဘယ်လိုလုပ်နိုင်မလဲ စဉ်းစားနိုင်ပါတယ်။



သက်သေအထောက်အထားတွေ သိမ်းဆည်းပြီးတာနဲ့၊ ခြိမ်းခြောက်သူက နောက်တစ်ကြိမ် ဆက်သွယ်လို့မရအောင်

– Gmail မှာဆိုရင် သူ့အကောင့်ကို ကိုယ့်စာရင်းထဲက ဖျက်ပစ်ပါ။ (သူပို့တဲ့စာတွေ ဖျက်ခိုင်းတာမဟုတ်ပါ)


– Chat app တစ်ခုခုမှာဆိုရင် block လုပ်ပစ်ပါ။


– Phone မှာဆိုလျှင် Blacklist စာရင်းထဲ ထည့်လိုက်ပါ။


– Facebook မှာဆိုလျှင် Report လုပ်ပြီး block လုပ်ပါ။ အကောင့်နာမည်ပြောင်းပါ (တစ်ခြားအကောင့်တစ်ခုနဲ့ လာ add နိုင်သောကြောင့်ပါ)။ အဲဒီအတောအတွင် လာ add လုပ်တဲ့သူများကို လက်မခံပါနဲ့၊ မှတ်ထားပါ။ ဓာတ်ပုံပါလျှင် သိမ်းထားပါ (သက်ဆိုင်ရာ တိုင်တဲ့အခါ ထည့်သွင်းပြောကြားပါ)။ ဖုန်းနံပါတ်၊ လိပ်စာတို့ကို အလွယ်တကူမမြင်နိုင်အောင် setting ပြောင်းပါ။ အရေးမကြီးလျှင် ထိုအချက်များကို Only me ဖြင့်သာထားပါ (သို့မဟုတ်) facebook ပေါ် မတင်ပါနဲ့။










ဒီ နံပါတ် (၇) အချက်ကလည်း အရေးကြီးပါတယ်။

လွတ်လပ်စွာ ကွဲလွဲလို့ရတယ်ဆိုပြီး အရည်မရအဖတ်မရ ကိစ္စလေးတွေကအစ စောင်းချိတ်ပြီး Status တင်တာမျိုး၊

တစ်ကယ့်အပြင်လောကမှ သူများအတင်း၊ မကောင်းကြောင်းပြောတာမျိုး
အင်တာနက် သို့မဟုတ် အပြင်လောကမှာ အကြွားသန်တာမျိုး
မလုံ့တလုံ ဓာတ်ပုံမျိုးကို Public နဲ့ တင်တာမျိုး
စတဲ့အချက်တွေကလည်း ကိုယ့်ကို ခြိမ်းခြောက်မယ့်သူတွေကို ဖိတ်ခေါ်ရာရောက်ပါတယ်။ အထက်ပါ အချက်လေးချက်မှာ

– ပထမနဲ့ ဒုတိယ အချက်ကတော့ ကိုယ့်ကို ရန်စများစေတဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။ ရန်ငြိုးထားတဲ့သူက ကိုယ့်ကို သိက္ခာကျအောင် လုပ်နိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကိုယ်မှန်ပေမယ့်လည်း အရေးမကြီးတာတွေကို သိပ်ပြီး မကွဲလွဲဖို့လိုပါတယ်။


– တတိယအချက်ကတော့ မဆိုင်ဘူးလို့ ထင်ရပေမယ့် ဆိုင်ပါတယ်။ ကြွားလိုက်မိခြင်းအားဖြင့် ကိုယ့်မှာ ရှိကြောင်း သိသွားပါတယ်။ ရှိကြောင်းသိသွားတဲ့အခါမှာ ငွေညှစ်တာ၊ ခြိမ်းခြောက်ပိုက်ဆံတောင်းတာတွေလုပ်ဖို့ အားပေးရာရောက်ပါတယ်။


– စတုတ္ထအချက်ကတော့ အရေးကြီးပါတယ်။ ကိုယ့်ရဲ့အရှက်သိက္ခာကိုထိခိုက်နိုင်ပါတယ်။ ယောက်ျားလေးဆို ပြဿ       နာမရှိလောက်ပေမယ့် မိန်းကလေးဆို ဒုက္ခများနိုင်ပါတယ်။ Facebook မှာ Public နဲ့တင်တဲ့ပုံတွေဆို လူတိုင်းမြင်နိုင်ပါတယ်။ အကောင့် login ဝင်ထားဖို့မလိုဘဲ အလွယ်တကူ မြင်တွေ့၊ သိမ်းယူနိုင်ပါတယ်။ ခြိမ်းခြောက်မယ့်သူက ကိုယ့်ရဲ့ အဝတ်အစားကိုမြင်ပြီး တစ်လွဲတွေးပြီး လိင်ကိစ္စကို ခြိမ်းခြောက်တောင်းဆိုဖို့ အားပေးရာ ရောက်ပါတယ်။ ဒါကြောင့်မို့လို့ ကိုယ့်ပုံတွေတင်တိုင်းမျာ Facebook သူငယ်ချင်းတွေသာ မြင်နိုင်တဲ့ Friend privacy နဲ့သာတင်သင့်သလို့ Friend လက်ခံတဲ့အခါမှာလဲ ကိုယ်နဲ့ တစ်ကယ်အပြင်မှာသိတဲ့ သူတွေကိုသာ လက်ခံသင့်ပါတယ်။


ဒါဆိုရင်တော့ တော်တော်လေး စုံလင်သွားပါပြီ။ မသိသေးတဲ့သူများအတွက် မျှဝေအသိပေးလိုက်ပါ။


Direct copy from ဒီမိုဝေယံ

Original Link - http://www.demowaiyan.org/2015/05/blog-post.html

မြောက်ကိုရီးယား ပြည်တွင်းမှ စိတ်ဝင်စားစရာ များ

မြို.တော် ပြုံယမ်း ရှိ ကင်အီဆွန်း နှင်. ကင်ဂျုံအီတို. ရုပ်တုများ

( ယခု တင်ပြသော အကြောင်းအရာမှာ မူရင်း တင်ပြသည်.အတိုင်း ကူးယူဖော်ပြခြင်းဖြစ်ပြီး ထိုသတင်းမှန်ကန်မှု မည်မျှရှိသည်ကိုတော. သီးခြား အတည်ပြုချက် ပေးရန် မရှိပါ )

(၁) ရာမ ခေါ် စိတ်ကြွရူးသွပ်ဆေးပြားများကို မြောက်ကိုရီးယားနိုင်ငံအနှံ တရားဝင်နီးပါး အသုံးပြုကြပါတယ်။ အမောခံနိုင်ဖို့၊ အလုပ်ထဲမှာ စိတ်ကြည်ဖို့၊ အအေးဒဏ်ခံနိုင်ဖို့ နဲ့ အစာရေစာရှားပါးနေချိန်တွေမှာ အဆာခံနိုင်ဖို့ မြောက်ကိုရီးယားတွေဟာ ရာမကို ရေနွေးကြမ်းထဲမှာ ထည့်သောက်ကြပါတယ်။


(၂) မြောက်ကိုရီးယားမှာ ဆံပင်ပုံစံကို မိမိစိတ်ကြိုက်ထားလို့ မရပါဘူး။ အမျိုးသားတွေရော အမျိုးသမီးတွေပါ အစိုးရကသတ်မှတ်ပေးထားတဲ့ ဆံပင်ပုံစံ(၂၈)မျိုးထဲက မိမိနှစ်သက်ရာတစ်မျိုးကို ရွေးထားရပါတယ်။ ဆံပင်ပုံစံတွေကို comment မှာဖေါ်ပြထားပါတယ်။

(၃) မြောက်ကိုရီးယားသတင်းစာတွေမှာတော့ မြောက်ကိုရီးယားဟာ တရုတ်နိုင်ငံပြီးရင် ကမ္ဘာပေါ်မှာ
ပျော်စရာအကောင်းဆုံးနိုင်ငံဖြစ်ကြောင်း အမြဲတစေဖေါ်ပြပါတယ်။

(၄) မြောက်ကိုရီးယားမှာ နိုင်ငံပိုင်လေကြောင်းလိုင်းတစ်ခုရှိပြီး ကမ္ဘာ့အဆင့်သတ်မှတ်ချက် ကြယ်တစ်ပွင့်သာ ရရှိပါတယ်။

မြို.တော် ပြုံယမ်း
(၅) မြောက်ကိုရီးယားအစိုးရဟာ ယင်းတို့ရိုးရာစားသောက်ဆိုင်တွေကို ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာ ဖွင့်လှစ်ခဲ့ပြီး အစိုးရအတွက်ဝင်ငွေရှာနေရပါတယ်။

(၆) ဆွေသုံးဆက်မျိုးသုံးဆက်အပြစ်ပေးခြင်း (Three Generations of Punishment) ဆိုတဲ့ပြစ်ဒဏ်ဟာ မြောက်ကိုရီးယားဥပဒေမှာရှိနေပြီး အဆိုပါအပြစ်ဒဏ်ချမှတ်ခံရသူဟာ ကိုယ်တိုင်သာမက သူ့ရဲ့မိသားစု(မြေးအထိ) ထောင်ထဲမှာ အသက်ဆုံးသည်အထိ နေထိုင်သွားရမှာဖြစ်ပါတယ်။

(၇) မြောက်ကိုရီးယားပြည်သူတွေဟာ တပါတ်မှာခြောက်ရက် အလုပ်လုပ်ကြရပြီး ကျန်တဲ့တစ်ရက်ကတော့ ပြည်သူ့တာဝန် (အမှိုက်ကောက်ခြင်း၊ မြောင်းတူးခြင်း၊ စစ်ရေးပြကျင့်ခြင်း စသဖြင့်) ထမ်းဆောင်ရမှာဖြစ်လို့ အားလပ်ရက်ဆိုတာ မရှိပါဘူး။

(၈) ဆေးခြောက်ကို တရားဝင်အသုံးပြုကြပြီး အစိုးရကိုယ်တိုင်က ကျန်းမာရေးအတွက်သင့်တော်သော
ဆေးလိပ်အစားထိုးပစ္စည်းအဖြစ် အသုံးပြုပါတယ်။ နိုင်ငံအနှံ့မှာလည်း ဆေးခြောက်ပင်တွေကို လမ်းဘေးမှာတင် တွေ့နိုင်ပါတယ်။

Add caption
(၉) ကင်ဂျုံအီရှိစဉ်က မြောက်ကိုရီးယားသတင်းစာတွေမှာ ကင်ဂျုံအီအကြောင်းကို နတ်ဘုရားတစ်ပါးလို ဖေါ်ပြခဲ့ပြီး သူဟာ အသက်သုံးပါတ်မှာ လမ်းလျှောက်ကြောင်း၊ အသက်ရှစ်ပါတ်မှာ စကား စပြောကြောင်း၊ တက္ကသိုလ်တက်နေစဉ် သုံးနှစ်တာကာလအတွင်း ကမ္ဘာ့အဖိုးတန်ဆုံးစာအုပ် (၁၅၀၀)အုပ်ရေးသားခဲ့ကြောင်း၊ ကင်ဂျုံအီရေးသားတဲ့ပြဇာတ်တွေဟာ ကမ္ဘာ့အကောင်းဆုံးပြဇာတ်တွေဖြစ်ခဲ့ကြောင်း၊ ကင်ဂျုံအီဟာ (၁၉၉၄)က
နိုင်ငံအတွင်းရှိ တစ်ခုတည်းသော ဂေါက်ကွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဂေါက်သီးကစားခဲ့ကြောင်း၊ အဆိုပါဂေါက်သီးကစားစဉ် (၁၁)ကြိမ်တိတိ တချက်တည်းနှင့် ကျင်းဝင်ခဲ့ကြောင်း၊ ဒါ့ကြောင့် (ဂေါက်သီးရိုက်တာဟာ သူ့အတွက် လွယ်လွန်းနေတာကြောင့်) နောက်ထပ်မကစားတော့ကြောင်း စသဖြင့် နေ့စဉ်ဖေါ်ပြနေခဲ့ပါတယ်။

(၁၀) မြောက်ကိုရီးယားမှာ ကျောင်းဆရာ၊ ဆရာမတွေဟာ အကော်ဒယံတီးခတ်တတ်ရမှာဖြစ်ပြီး အကော်ဒယံမတီးတတ်ရင် (ဘယ်တက္ကသိုလ်ကပဲ ဘာဘွဲ့ရရ) ကျောင်းဆရာလက်မှတ် ထုတ်မပေးပါဘူး။

(၁၁) နယ်စပ်မှာတော့ တောင်ကိုရီးယားဘက်က အထင်ကြီးအောင် တည်ဆောက်ထားတဲ့ မြို့အတုကြီးတစ်ခုရှိနေပြီး တစ်နိုင်ငံလုံး လျှပ်စစ်မီးမရပေမယ့် အဆိုပါမြို့အတုကြီးကိုတော့ မီးတွေထိန်နေအောင်
ထွန်းထားပါတယ်။ အလုပ်သမားတွေနဲ့ နေ့စဉ်နဲ့အမျှ သန့်ရှင်းရေးလုပ်နေပြီး တဖက်နယ်စပ်ကကြည့်ရင်
မြောက်ကိုရီးယားတွေ အရမ်းချမ်းသာနေပြီလို့ ထင်အောင်ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်း အားကောင်းတဲ့ အဝေးကြည့်မှန်ပြောင်းတွေ ပေါ်လာချိန်မှာတော့ အိမ်တွေမှာ လူမရှိတာတွေ၊ ပြတင်း
ပေါက်တွေက အသေတွေဖြစ်နေတာတွေနဲ့ အချို့အိမ်တွေဟာ အခန်းမရှိပဲ ကွန်ကရစ်တုံးကြီးကို အမိုးမိုးထားတာတွေကို တောင်ကိုရီးယားတွေ သိသွားကြပါတယ်။

အမေရိကန် ဆန်.ကျင် ဆန္ဒပြပွဲ တစ်ခု
(၁၂) မြောက်ကိုရီးယားရဲ့အိမ်တိုင်း၊ ဆိုင်တိုင်း၊ ရုံးခန်းတိုင်းမှာ ခေါင်းဆောင်ကြီးတွေပုံ မချိတ်မနေရချိတ်ဆွဲရပြီး အစိုးရကထုတ်လွှင့်တဲ့ရေဒီယိုအစီအစဉ်ကို မဖွင့်မနေရ ဖွင့်ထားရပါတယ်။ အဆိုပါရေဒီယိုအစီအစဉ်ကို ပိတ်လိုက်လို့မရပါဘူး။ အသံတိုးလို့သာရပါတယ်။

(၁၃) အိမ်မီးလောင်ရင် ခေါင်းဆောင်ကြီးတွေပုံကို ဦးစားပေး(၁) သယ်ထုတ်ရမှာဖြစ်ပါတယ်။

(၁၄) အခုနှစ်ဟာ မြောက်ကိုရီးယားအတွက် (၂၀၁၅)ခုနှစ် မဟုတ်ပါဘူး။ ကင်အီဆွန်း မွေးဖွားတဲ့
အချိန်ကစပြီး မြောက်ကိုရီးယားအမျိုးသားပြက္ခဒိန်ကို စတင်ခဲ့တာဖြစ်လို့ အခုနှစ်ဟာ မြောက်ကိုရီးယား
သက္ကရာဇ်(၁၀၄)ခုနှစ် ဖြစ်ပါတယ်။

(၁၅) ကင်အီဆွန်း လို့ ရေးသားနိုင်သူတိုင်းကို စာတတ်သူအဖြစ် သတ်မှတ်ပါတယ်။

(၁၆) မြောက်ကိုရီးယားဥပဒေမှာ မော်တာဗုံးသီးနှင့် ပစ်ခတ်သေဒဏ်ပေးရန် (Execution by Mortar Shell) ဆိုတဲ့ အပြစ်ဒဏ်လည်း ရှိပါတယ်။

(၁၇) မြောက်ကိုရီးယားအခြေခံဥပဒေမှာတော့ နိုင်ငံသားတိုင်း လွတ်လပ်စွာပြောဆိုခွင့်၊ ရေးသားခွင့်၊ စုဝေးခွင့်၊ ဆန္ဒပြခွင့်၊ တောင်းဆိုခွင့် ရှိတယ်လို့ ဖေါ်ပြထားပါတယ်။


(၁၈) အခြေခံဥပဒေအရ မြောက်ကိုရီးယား မြို့တိုင်းမှာ (၅)နှစ်တစ်ကြိမ် ရွေးကောက်ပွဲပြုလုပ်ပါတယ်။ အရွေးခံမယ့် ကိုယ်စားလှယ်ကတော့ တစ်ဦးတည်းသာဖြစ်ပါတယ်။

(၁၉) တနိုင်ငံလုံးမှာ အင်တာနက်အသုံးပြုသူ (၆၀၅)ဦးသာ ရှိပါတယ်။ Window နဲ့ Apple Operation System တွေကို အသုံးပြုခွင့်မရှိပဲ မြောက်ကိုရီးယားတွေတီထွင်ထားတဲ့ Red Star OS ကိုသာ သုံးရပါတယ်။

(၂၀) ရုရှားပြည်ရဲ့ အန္တရာယ်များပြားတဲ့ သစ်ထုတ်လုပ်ငန်းတွေမှာ အလုပ်လုပ်ဖို့ မြောက်ကိုရီးယား
အလုပ်သမားတွေကို မြောက်ကိုရီးယားအစိုးရကိုယ်တိုင်က အခကြေးငွေနဲ့ ရောင်းချပါတယ်။

(၂၁) အစိုးရရုံးတွေမှာ နိုင်ငံအနှံ့က စုစည်းထားတဲ့ အလှမယ်လေးများရှိပြီး ယင်းတို့ဟာ ခေါင်းဆောင်ပိုင်းတွေကို လိင်ပိုင်းဆိုင်ရာ ပြုစုရပါတယ်။

Wrttten by Ko Ko Oo


Thursday, May 7, 2015

ဒေါက်တာ နေဇင်လတ် နှင်. အင်တာဗျုး




နိုင်ငံတော် သမ္မတ၏ နိုင်ငံရေး အကြံပေး အဖွဲ့ဝင်တစ်ဦး ဖြစ်သော ဒေါက်တာနေဇင်လတ် သည် အကြံ ပေး အဖွဲ့မှ မိမိ ဆန္ဒအလျောက်နုတ် ထွက်၍ နိုင်ငံရေး ပါတီ တစ်ခုဝယ် နာယက အဖြစ် တာဝန်ယူလိုက် သည်။ ယင်းပါတီကို ပူးပေါင်းတည် ထောင်ရာတွင်လည်း ပါဝင်နေပြန် သည်။ ပြည်သူ အများ မျှော်လင့် စောင့်စားနေကြသော ၂ဝ၁၅ ရွေး ကောက်ပွဲ ကျင်းပရန် လအနည်း ငယ်မျှ အလိုတွင် ပါတီတစ်ခု ယခု ကဲ့သို့ ဗြုန်းစားကြီး ပေါ်ပေါက်လာ သဖြင့် အားလုံး စိတ်ဝင်စားကြ သည်။ သို့လော သို့လောတွေလည်း တွေးကြ ပြောကြသည်။ တီးတိုး တီးတိုး သဖန်းပိုးလေးတွေ လည်း ရှိကြသည်။ အဆိုပါ သို့လော သို့ လောများ၊ တီးတိုး တီးတိုး သဖန်းပိုး များ ဘ ဝင်နှင့် အမြင်ရှင်းသွားစေ ရန်အတွက် လည်းကောင်း၊ မိမိတို့ ထင်ထားသည်တို့နှင့် ကာယကံ ရှင်၏ဖြေကြားချက်များ မည်မျှတိုက် ဆိုင်မှုရှိသည်ကို စာဖတ်ပရိသတ် ကြီး သိရှိစေရန် အတွက် လည်း ကောင်း ဒေါက်တာ နေဇင်လတ်ကို စာဖတ် ပရိသတ် သိချင်ကောင်း သိချင်ကြမည့် စိတ်ဝင်စားဖွယ်မေး ခွန်းများအား Popular News ဂျာနယ် အယ်ဒီတာ အဖွဲ့က အား မနာတမ်း မေးမြန်းထားပါသည်။

ဆရာတို့ တည်ထောင်တဲ့ ပါတီနာ မည်လေး သိပါရစေ။ တစ်ဦးတည်း ဦးဆောင် တည်ထောင်တာလား အဖွဲ့ရှိပါသလား။ ဘယ်ရန်ပုံငွေနဲ့ ရပ်တည်မှာလဲ။


‘အမျိုးသားပါတီ’ ( National Party) ပါ၊ နိုင်ငံရေး စီမံခန့်ခွဲမှု၊ ပြည်သူ့ ရေးရာ စီမံခန့်ခွဲမှု၊ စီးပွား ရေး စီမံခန့်ခွဲမှုက သင်တန်းသား အများစုနဲ့ ဖွဲ့စည်းထားပါ တယ်၊ လောလော ဆယ်တော့ ရန်ပုံငွေကို အဖွဲ့ဝင်တွေက နိုင်သလောက် စိုက် ထုတ်ကြတယ်၊ လုပ်ငန်းရှင် တချို့ ကတော့ ပိုပြီးထည့်ကြတယ်ပေါ့။

ပါတီရဲ့ ဦးတည်ချက်နဲ့ ရည်ရွယ် ချက်ကို အကျဉ်းသဘော သိပါ ရစေ။ ဘယ်လို လူမှု လူတန်းစားကို ကိုယ်စားပြုတဲ့ ပါတီဖြစ်ပါသလဲ။ ပန်းရောင်နိုင်ငံသား ကတ် မ ကိုင် ဆောင်သူတွေ ကိုရော ပါတီဝင်ခွင့် ပြုမှာလား။

ပါတီရဲ့အမည် ကပါတီရဲ့ ဦး တည်ချက်၊ ရပ်တည်ချက်ကို ကိုယ် စား ပြုထားပါတယ်။
- အမျိုးသားအားလုံးရဲ့ အကျိုး စီးပွား အပေါ် အခြေခံ သွားမှာပါ၊ တချို့က ‘အမျိုးသား’ ဆိုတဲ့ စကား လုံးကြောင့် တစ်ဖက်စွန်း ဖြစ်မလား လို့ ဝေဖန်ကြတယ်၊ ‘အမျိုးသား နေ့’ ဆိုတဲ့ အသုံး အသုံးအနှုန်းနဲ့ ယှဉ်တွဲသတိရလိုက်ရင် ရှင်းသွားပါ လိမ့်မယ်၊ အမျိုးသားထုတစ်ရပ်လုံး ရဲ့ အကျိုးစီးပွားအတွက် ရည်ရွယ် ထားပါတယ်။
- လူတန်းစား အားလုံးကို ကိုယ် စားပြုသွားမှာပါ၊ အခြေခံ လူတန်း စားဖြစ်တဲ့ တောင်သူ လယ်သမား၊ အလုပ်သမားတွေကိုတော့ ပိုပြီး အလေး ထားရမှာပေါ့၊

- ပါတီဝင်အဖြစ်ကတော့ ဥပဒေ က ခွင့်ပြုထားတဲ့အတိုင်း ဆောင် ရွက်သွားပါ့မယ်။

ဆရာက ပါတီမှာ ဘယ်နေရာက ပါဝင်ပြီးဘယ်လို တာဝန်ကို ယူထား တာပါလဲ။ ကိုယ်တိုင်ဝင် အရွေးခံဖို့ အစီအစဉ်ရော ရှိပါသလား။

ကျွန်တော်က လောလော ဆယ် နာယကပါ၊ မူဝါဒ (Policy) နဲ့မဟာဗျူဟာ (Strategy) အပိုင်း ကိုပဲတာဝန်ယူ သွားမှာဖြစ်ပါတယ်၊ ကိုယ်တိုင် ဝင်အရွေးခံဖို့ အစီအစဉ် မရှိပါဘူး၊ Capacity မြှင့်ထားပြီးတဲ့ ပါတီဝင်တွေ အတွက် အထောက် အပံ့ပေးသွားဖို့ ရည်ရွယ်ပါတယ်။

ဘာဖြစ်လို့ ပါတီ ထောင်တာပါလဲ။ ဒီအစီအစဉ်ကို ကြိုတင်ပြင်ဆင် ထားတာ အချိန်ဘယ်လောက် ကြာ ခဲ့ပါပြီလဲ။

ဒီဘက်ခေတ်မှာ လူ့အရင်း အမြစ်ဖွံ့ဖြိုးရေး ( Human Re- source Development) အတွက် သင်တန်းတွေ ဖွင့်ခဲ့တာ ၃ နှစ် ကျော်ခဲ့ပြီ၊ နိုင်ငံရေး၊ ပြည်သူ့ရေးရာ၊ စီးပွားရေး စီမံခန့်ခွဲမှု သင်တန်း တွေကို Certificate, Diploma, Master Courses တွေ အထိဖွင့်ခဲ့ တာ အခုဆိုရင် လူနှစ်ထောင်ကျော်၊ သုံးထောင်လောက် မွေး ထုတ်ပေး ခဲ့ ပြီးပြီ၊ အဲဒီထဲကမှ အမျိုးသား အကျိုးစီးပွားကို ဆောင်ရွက်နိုင်ဖို့ နိုင်ငံရေးက တစ်ဆင့်ဖြတ်သန်းရ မှာမိုလို့ ပါတီ တည်ထောင် ကြတာ ပါ၊ သင်တန်း တက်ကြတဲ့ အထဲက သူတို့မှာ အစီအစဉ် နဲ့ ရည်ရွယ် ချက်တွေ ရှိနေကြပါလိမ့်မယ်။

သမ္မတ အကြံပေး အဖြစ်ကနေ တောင်နုတ် ထွက်ပြီး ပါတီထောင် တာဟာ လက်ရှိ အာဏာရပါတီကို မယုံကြည်လို့လား။ အားမရလို့ လား။ ဒါမှမဟုတ် အတိုက်အခံ ပါတီ ဆီ ရောက်သွားဖို့သေချာတဲ့ အင်အားတွေ မဲတွေကို အမှည့်ခြွေ ခြွေယူဖို့ အသစ်ဆွဲလိုက်တဲ့ အာ ဏာရ ပါတီရဲ့ ကစားကွက်ကို ဖော် ဆောင်ပေးတာလား။

ကျွန်တော်တို့ ပါတီက အား လုံးကို ကြိုဆိုသွားမှာ၊ မူဝါဒတူပြီး လိုအပ်ရင် ဘယ် အဖွဲ့အစည်းနဲ့ မဆို ပူးပေါင်း သွားနိုင်မှာ ဖြစ်ပေ မယ့် ဘယ်ပါတီ တစ်ခုခုရဲ့ သြဇာ ခံမှ မဟုတ်လို့ ဘယ်သူ့အတွက်ကို မှအကွက် ဖော်ပေးမှာ မဟုတ်ပါဘူး။ ကိုယ့်မူဝါဒ၊ ကိုယ့်ရပ်တည်ချက် အရပါပဲ။ အာဏာရပါ တီရော၊ အတိုက်ခံ ပါတီရောက သူတို့ ယုံ ကြည်ရာ နည်းလမ်းနဲ့တော့ လျှောက် လှမ်းနေကြတာပဲလေ။ သူများကို ကျွန်တော် မဝေဖန်ချင်ဘူး။ ဒီထက် ပိုကောင်းအောင် လုပ်နိုင်ဖို့ပါပဲ။

ဘာဖြစ်လို့ ပြည်ခိုင်ဖြိုး၊ NLD တို့နဲ့ မပူးပေါင်းတာလဲ။

ပြည်ခိုင်ဖြိုး၊ NLD ၊ တပ်မတော် ဆိုပြီး ခွဲခြားထားတဲ့ မူဝါဒ မရှိပါဘူး၊ နိုင်ငံ အေးချမ်းပြီး တိုးတက်အောင် လုပ်နိုင်မယ့် အဖွဲ့အစည်း အားလုံး ကိုကြိုဆိုပါတယ်။ တိုးတက်အောင် လုပ်ဆောင်ရာ မှာတော့ ချဉ်းကပ် တဲ့ မူဝါဒနဲ့ မဟာဗျူဟာ ကို တော့ လေ့လာညှိနှိုင်းရမှာပေါ့။

၂ဝ၁၅မှာ လက်ရှိ အာဏာရ ပါတီ အခြေအနေ မကောင်းနိုင်တာ သေ ချာလို့ အတိုက်အခံဆီ ကို မဲတွေ အကုန်စု မသွားနိုင်အောင် လုပ် တာလား။

၂ဝ၁၂- ကြားဖြတ် ရွေး ကောက်ပွဲမှာ ဖြစ်လာမယ့် ရလဒ်ကို ကျွန်တော် ကြိုတင် ခန့်မှန်းပေးခဲ့ပြီး အဲဒီ အတိုင်း ပဲဖြစ်လာခဲ့တယ်။ ပါတီ ကြီးနှစ်ခု ရဲ့အခြေအနေ က အ တက် ဘက်မှာမရှိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကြံ့ခိုင်ရေး အနေနဲ့ အလွန် ရုန်း ကန်ရလိမ့်မယ်။ NLD လည်း အ တက်ဘက်မှာ မဟုတ်ပြန်ဘူး။ ပုံ ရိပ်ကောင်းတဲ့တတိယ အင်အားစု ကို ပြည်သူတွေ မျှော်နေတာ တစ် နှစ်လောက် ရှိသွားပါပြီ။ ဒါကြောင့် မဲပြန့်သွားတာ၊ မဲစု သွားတာတွေကို ကျွန်တော်တို့ အာရုံစိုက်စရာ မလို ပါဘူး။ အခုပြန် လာတဲ့ ခရီးစဉ် အ တွေ့အကြုံအရမှာပဲ ‘အမျိုးသား ပါတီ’ အပေါ် မျှော်လင့်တာထက် အများကြီး ပိုနေတာ အံ့သြစွာတွေ့ လိုက်ရတယ်။ ကိုယ့်ပါတီကိုယ်စိတ် ကုန်ပြီး ကျွန်တော် တို့ ‘အမျိုးသား ပါတီ’ကို ဝင်လာဖို့ ကမ်းလှမ်းထား တာတွေလည်း အများကြီးပါပဲ။ ကျွန်တော့် တပည့်တွေကို စင်တစ်ခု ဆီ ကျွန်တော် ထမ်းတင်ပေးသွား မှာပါ၊ ပြီးရင် ဘာသာရေး ဘက် အချိန်ပေးနိုင်အောင်လို့ နိုင်ငံရေး ထဲက ထွက်မယ့် အစီအစဉ်လည်း ရှိထားလို့ အကုသိုလ် အလုပ်ကို ကျွန်တော်လုပ်မှာ မဟုတ်ပါ ဘူး။ ပြော ရရင် အမျိုးသား အကျိုးစီးပွား အတွက် လုပ်ပေးနိုင်မယ့် တပည့် တွေအတွက် အုတ်မြစ်ချပေးလိုက် တာ။ ရွေးကောက်ပွဲပြီးရင် ပါတီ အမွေဆက်ခံမယ့် လူငယ် မျိုးဆက် သစ် ၂ ဆက်စာလောက်ကို ပြည် သူတွေဆီ ချပြပေးသွားပါဦးမယ်။

ပါတီက ကိုယ်စားလှယ် အတော် များများအနိုင်ရရင် ဘာလုပ်မလဲ၊ ရှုံးရင်ဘာဆက်လုပ်မလဲ။

အနိုင်ရမယ့် ကိုယ်စားလှယ် အရေအတွက်ပေါ် မှာ မူတည်ပြီး ဘယ်လောက်ရရင် ဘာလုပ်နိုင် တယ်ဆိုတဲ့ မဟာဗျူဟာ ရှိထားပြီး သားပါ။ ထုတ်ပြောဖို့ စောနေသေး ပါ တယ်။ ဘယ်ပါတီ ဘယ်လောက် ရနိုင်တယ် ဆိုတဲ့ ခန့်မှန်းတွက်ချက် မှုမျိုးအထိ လေ့လာ ထားပါတယ်။ ပြီးတော့ ဖြစ်လာနိုင်တဲ့ မြန်မာ့ နိုင်ငံရေးမြင်ကွင်း ၃ မျိုးလောက် ကို လည်း မျှော်မှန်းထားပါတယ်။

လက်ရှိသမ္မတ အပါအဝင် အစိုးရ အဖွဲ့ထဲက လူတွေ ကူးပြောင်း အားဖြည့်လာနိုင်ခြေ ရှိပါသလား။

CECç EC စာရင်းကို အချိန် တန်လို့ ထုတ်ပြန်ပေးတဲ့ အခါမှာ အဲဒီမေးခွန်းကို ဖြေပြီးသား ဖြစ် သွားပါလိမ့်မယ်။ ပါတီရဲ့ ထိပ်ပိုင်း နေရာတွေမှာ ပညာရှင်တွေ နဲ့ စီး ပွားရေး လုပ်ငန်းရှင်တွေ ချည်းပဲ ဆိုတာ တွေ့လာမှာပါ။

လက်ရှိ အစိုးရရဲ့ပါတီခွဲ တစ်ခုလို့ သတ်မှတ်ကြတယ် ဆိုရင် ဆရာ့အ နေနဲ့ ဘာများပြောစရာရှိပါသလဲ။

လူတွေကတော့ တချို့လည်း အခုလိုမြင်နိုင် ကြမှာပဲလေ။ အဲဒါ က သူတို့ရဲ့ အခွင့်အရေးပဲ။ လက် ရှိအစိုးရ ရဲ့ ပါတီခွဲ တစ်ခုဆိုရင် သူ့ ပါတီရဲ့ မူဝါဒ၊ ရပ်တည်ချက်နဲ့ ကျွန်တော် တို့ရဲ့ မူဝါဒ၊ ရပ်တည် ချက်တွေ တူကြရမှာပေါ့။ အခုမတူ ပါဘူး၊ ရပ်တည်ချက် တူတဲ့ အခြား မည်သည့် ပါတီနဲ့ မဆို ပူးပေါင်း၊ မဟာ မိတ်ပြုနိုင်ဖို့ ကျွန်တော်တို့ မူချ ထားတယ်။ သီးခြားလွတ် လပ်စွာ ရပ်တည် ပါတယ်။ ရန်ပုံငွေ တောင် ကျွန်တော်တို့ အခုမှစပြီး စုစည်းနေ ရပါတယ်။

ပေါ်ပြူလာနယူစ် အဖွဲ.မှ မေးမြန်းတင်ပြခြင်းကို ကူးယူ ဖော်ပြအပ်ပါသည် ။

၁၃၇၇ ၏ အနာဂတ် ခန်.မှန်းချက်


နှစ်သစ်တစ်ခုဖြစ်သည့် ၁၃၇၇ခုနှစ်ကတော့  …ရောက်ရှိလို့ဖြင့် လာပါလေပြီ။

ကျွန်တော် စာမရေးနိုင်ဖြစ်နေခဲ့သည်မှာ ကြာမြင့်ခဲ့ပါပြီ။ ဒီတစ်နှစ်တော့ စာကြွေးများ ၊ ဟောစာတမ်းကြွေးများ ကျားကုတ်ကျားခဲ ကျွန်တော် ပြန်ဆပ်ရပါမည်။ ယခု …………နှစ်သစ်ဖြစ်သည့် ၁၃၇၇ခုနှစ် အကြောင်း မဟာဘုတ်ရှုထောင့်အမြင်မှ တင်ပြပေးသွားပါမည်။


သည်တစ်နှစ်မှာ  တော့ တနင်္ဂနွေဂြိုဟ် (နေမင်း) ဟာ မရဏဌာနမှာ ရောက်ရှိလို့လာပါတယ်။ ဒီအနေအထားသည် …ကမ္ဘာပေါ်မှာ သယံဇာတ ပြုန်းတီးမှု ပြဿနာအချို့  ထင်ထင်ရှားရှား ပေါ်ပေါက်လာစေ နိုင်သည့် အနေအထားကို ဖော်ပြပါတယ်။ ကမ္ဘာ့နိုင်ငံအချို့  ..စီးပွားရေး အရ ကြီးမားစွာ ထိခိုက်မှု ရှိလာနိုင်သည့် အနေအထားတစ်ရပ်ဖြစ်ပြီး၊ ကမ္ဘာ့စီးပွားရေး အနေအထား မှာလည်း…မကြုံစဖူး ထူးခြား ဖြစ်စဉ်တွေနဲ့ သမာရိုးကျ ပုံမှန် စီးပွားရေး ကဏ္ဍအချို့  ဆက်လက် လုပ်ဆောင် မရတော့ဘဲ ရပ်ဆိုင်းပစ်ရမယ့် အနေအထားတွေ ပေါ်ပေါက်လာပါမယ်။

လူသားတွေဟာ သည်တစ်နှစ်မှာ …ပုံမှန်လုပ်ဆောင်လာရသော လုပ်ရိုးလုပ်စဉ်တွေကို မုန်းတီးငြီးငွေ့ လာကြပြီး ၊ လမ်းကြောင်းသစ်တွေ ၊ နည်းပညာသစ်တွေ ၊ စနစ်သစ်တွေကို တောင့်တလာကြပါမယ်။ အလွန်အရေးကြီးလှတဲ့ သည့်အချက်ကြောင့်ပဲ နိုင်ငံများစွာမှာ စီးပွားရေး ၊ နိုင်ငံရေး ၊ ပညာရေး ၊ ကျန်းမာရေး ဆိုင်ရာ …နည်းလမ်းသစ်များ ပေါ်ပေါက်လာပါမယ်။ နဂိုသွားနေကြ ပုံမှန်လမ်းကြောင်းကနေ သွားလို့ ဘယ်လိုမှ မရတော့တဲ့ အခြေအနေတွေကိုလည်း ရင်ဆိုင်လာကြရပါလိမ့်မယ်။ လူတွေမှာ ကိုယ်ဆီနာမည်ရှိကြသလို…ထိုနာမည်အလိုက် အကျိုးအပြစ်တွေလည်း ကွာခြားကြပါတယ်။

ထို့နည်းတူစွာပင် …နိုင်ငံများစွာမှာလည်း …နိုင်ငံအမည်ကိုယ်စီ ရှိကြပြီး ထိုနိုင်ငံအမည်အများ အလိုက် ကောဇာနှစ်အပြောင်းအလဲမှာ …ထူးခြားသောအပြောင်းအလဲများ ထပ်တူလိုက်ပါလာကြပါတယ်။

ဥပမာအားဖြင့် သည်တစ်နှစ်မှာ အမေရိကန် နိုင်ငံလို ကမ္ဘာ့အင်အားကြီးနိုင်ငံမျိုး ရဲ့အမည်ဟာ မဟာဘုတ်ပက္ခလမ်းကြောင်းပေါ်မှာ တည်ရှိနေပြီး ….တနင်္ဂနွေဂြိုဟ် အထူးအားနည်းသော နိုင်ငံအမည်အဖြစ် တွေ့ကြရပါမယ်။ နိုင်ငံရေးဗေဒင်ကို … ခုနှစ်ခုစား မဟာဘုတ်ပညာနဲ့ ဟောလို့ ရပါ့မလားလို့ သံသယ ရှိစရာကောင်းပေမယ့် …ကျွန်တော့်အမြင်အရတော့ ….သည်တစ်နှစ်မှာ အမေရိကန်လို နိုင်ငံမျိုးဟာ …တနင်္ဂနွေအားနည်းမှုကို မုချရင်ဆိုင်ရပါလိမ့်မယ်။ ဒါကြောင့် အမေရိကန်နိုင်ငံမှာ …သဘာဝစွမ်းအင်နဲ့ သယံဇာတ ဆိုင်ရာ လိုအပ်ချက်တွေ၊ အခက်အခဲတွေ ပိုမို ကျရောက်လာပါမယ်။ ထိပ်ပိုင်းအဆင့် ခေါင်းဆောင်အချို့ …နုတ်ထွက် ရခြင်း၊ အနားယူရခြင်းတွေ ပေါ်ပေါက်လာနိုင်ပြီး သဘာဝဘေးအန္တရယ်များစွာကိုလည်း အမေရိကန်နိုင်ငံအဖို့ ရင်ဆိုင်ရဖို့ အလားအလာတွေ ရှိနေတာကို တွေ့ရပါတယ်

ထို့နည်းတူစွာ မြန်မာနိုင်ငံသည်လည်း ဘင်္ဂ+ဘင်္ဂ ပက္ခလမ်းကြောင်းပေါ်မှာ ရပ်တည်လာရချိန်ဖြစ်ပါတယ်။ ဒီအချက်ကတော့  လက်ရှိခုနှစ်အတွင်း မြန်မာနိုင်ငံအဖို့ …ငွေကြေးပိုင်းဆိုင်ရာ အပြောင်းအလဲတွေနဲ့ ပြဿနာတွေ ရင်ဆိုင်ရနိုင်ပြီး၊ နိုင်ငံမှာ ပညာရှင် လိုအပ်ချက်တွေ အများအပြား ပေါ်ပေါက် လာနိုင်ပါတယ်။ ဒါကြောင့် …ဒီတစ်နှစ်မှာ မြန်မာနိုင်ငံအတွင်းကို ပြည်ပက ပညာရှင်တွေပါ အများအပြား ဖိတ်ခေါ်လာရနိုင်တယ်လို့ ယူဆမိပါတယ်။ ထို့အတူ ကြီးမားတဲ့ ပညာရေးရာ အပြောင်းအလဲတွေ မြန်မာနိုင်ငံမှာပေါ်ပေါက်လာနိုင်တဲ့ နှစ်တစ်နှစ်ပါပဲ။ (လက်ရှိလဲ တာစူနေပြီ ဖြစ်တဲ့အချက်ဖြစ်တာကြောင့် …အသေးစိတ် မရေးလိုတော့ပါ။)

တနင်္ဂနွေဂြိုဟ် မရဏဌာန မှာရပ်တည်နေသော ယခုလို ကောဇာနှစ်မျိုးဟာ ကမ္ဘာနဲ့အ၀ှမ်းမှာ ရှိတဲ့ အကြီးအကဲများ ခေါင်းဆောင်များကို အနားယူရတတ်စေသော၊ နှုတ်ထွက် ရတတ်စေသော၊ သေဆုံး ရစေတတ်သော နှစ်မျိုးဖြစ်ပါတယ်။ တနည်းအားဖြင့်ကတော့ ရွက်ဟောင်းတွေ ကြွေချိန်ပါ။ နိုင်ငံများစွာမှာ ဥပဒေရေးရာ အပြောင်းအလဲတွေ၊ ဥပဒေအချို့ ပယ်ဖျက်ရုတ်သိမ်းရခြင်းတွေ ဖြစ်ပေါ်လာပါမယ်။ ဒါကြောင့် ….တော်လှန်ပြောင်းလဲလိုသူတွေအတွက်တော့ ….အခွင့်သာတဲ့ နှစ်မျိုးလို့ ဆိုနိုင်ပါတယ်။

သမားတု သမားယောင်တွေ ပေါများတတ်ချိန်မျိုးဖြစ်သလို…ဆေးဝါးအတုများ ၊ ဥပဒေနှင့် မလွတ်ကင်းသော ဆေးဝါးများလည်း ကမ္ဘာနဲ့အ၀ှမ်းမှာ …ပိုမိုကျယ်ပြန့်လာပါမယ်။ ဒါကြောင့် မိဘများစွာမှနေပြီး မိမိတို့သားသမီးများ အတွက် မူးယစ်ဆေးဝါးသုံးစွဲမှုကို စိုးရိမ်ပူပန်ရဖို့ အလားအလာရှိတဲ့ နှစ်တစ်နှစ်ပါပဲ။ ရေးသလောက်ကျယ်ပြန့်မယ့်ကိစ္စဖြစ်တာကြောင့် တနင်္ဂနွေဂြိုဟ်အနေအထားအရ ကံဇာတာကို သည်မျှနဲ့ရပ်ပြီး …တနင်္လာဂြိုဟ်အနေအထားကို ဆက်လက်လေ့လာကြပါစို့..။

တနင်္လာဂြိုဟ် (လမင်း) ကတော့ သည်တစ်နှစ်မှာ အဓိပတိဌာနမှာ ရပ်တည်လို့ဖြင့်လာပါတယ်။ တနင်္လာဂြိုဟ် အဓိပတိဌာနမှာ ရပ်တည်လာသည့် အင်အားကတော့ ………သည်တစ်နှစ်မှာ ..ပညာသင်ကြားရေးဆိုင်ရာ တော်လှန်ပြောင်းလဲမှုများစွာ မုချပေါ်ပေါက်လာတော့မယ် ဆိုတာကို ညွှန်ပြလို့ဖြင့် နေပါတော့တယ်။ ကျောင်းတွေ၊ သင်တန်းတွေ အပြိုင်အဆိုင် မှိုလိုပေါက်လာပါမယ်။ တစ်ကျောင်းနဲ့တစ်ကျောင်း၊ သင်တန်းတစ်ခုနဲ့ တစ်ခု အားပြိုင်မှုတွေ များပြားလာပါမယ်။ အသင်းအဖွဲ့တွေ၊ ပါတီတွေ ဟာ မိုးဦးကျမှိုတွေလိုပဲ…အလျှိုလျှို ပေါ်ပေါက်လာမှာဖြစ်ပြီး…တစ်ခုနဲ့တစ်ခုလည်း အားပြိုင်အနိုင်လုလာကြတတ်ချိန်ပါ။

လူငယ်တွေကြားမှာတော့ တနင်္လာဂြိုဟ်ရဲ့သည်အနေအထားဟာ…ယာဉ်ကား ပြိုင်ပွဲများ၊ စတန့်ထွင်မောင်းနှင်မှုများ အလွန်များပြားလာစေမယ့် ဂြိုဟ်နေတစ်ရပ်ပဲဖြစ်ပါတယ်။ ဒါကြောင့် တတ်နိုင်သူ မိဘများ အနေနဲ့ မိမိတို့သားသမီးကို ယဉ်ကားမောင်းနှင်ရာမှာ မျက်နှာလွှဲခဲပစ်လွှတ်ပေးထားလို့ မရနိုင်တဲ့ နှစ်မျိုးပါ။ စက်ဘီးစီးနိုင်တဲ့ ကလေးငယ်တွေတောင် စက်ဘီး ပြိုင်နင်းဖို့  …အားပြိုင်လိုစိတ် ၀င်လာစေတတ်သော သည်တစ်နှစ်မှာ ယဉ်အန္တယ် ကဏ္ဍတွေလည်း တစ်ကမ္ဘာလုံးမှာ ထူထပ်ပေါများလာပါလိမ့်မယ်။

တနင်္လာဂြိုဟ်ဟာ ရေပြင်ကို အစိုးရသည့်ဂြိုဟ်လည်းဖြစ်တာကြောင့်….သည်တစ်နှစ်ထူးခြားချက်ကတော့ ကမ္ဘာ့နိုင်ငံအချို့အနေနဲ့ ရေပိုင်နက်ဆိုင်ရာ အငြင်းပွားမှုတွေ မုချရင်ဆိုင်လာကြရပါမယ်။ ပဲခူးဆားလို နေရာတကာ ပါတတ်တဲ့ …မောင်အမေရိကန်ကြီးလည်း ..ဒီကံထဲမှာ ကြားညှပ်ပါနေဦးမှာ မြင်နေရပါတယ်။

တနင်္လာဂြိုဟ်ဟာ ရင်းနှီးသူများနဲ့ ဆွေမျိုးသွေးသားများကို ညွှန်းဆိုဖော်ပြသော ဂြိုဟ်တစ်လုံးဖြစ်ပါတယ်။ ဒါကြောင့်….မိမိတို့ချစ်လှပါပြီဆိုတဲ့ သူများ၊ တမိုးအောက်အတူနေသူများ၊ တစ်အူတုံဆင်းသွေးချင်းများ အချင်းချင်း …ရန်ပြုအားပြိုင်ရတတ်သော ကာလကို ဖော်ပြပါဆိုရင်ဖြင့် သည်ယခုလိုနှစ်မျိုး ဖြစ်တဲ့ …၁၃၇၇ခုနှစ်ကို ဖော်ပြရမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် …. ဆွေမျိုးစုအတွင်း ဆိုင်ရာ အမွေလုပွဲများ၊ အားပြိုင်မှုများ၊ ရန်ပွဲများ ဖြစ်စေနိုင်သော သည်လိုနှစ်မျိုးမှာ မေတ္တာတရားကို ခါတိုင်းထက်…ပိုမိုထားနိုင်ပါမှသာ …အေးချမ်းကြပါလိမ့်မယ်။

ကမ္ဘာအရပ်ရပ်မှာ …..ပုခက်လွှဲသောလက်များ ပိုမိုကြီးစိုးလာကြမယ့် သည်တစ်နှစ် ၁၃၇၇ခုနှစ် ဖြစ်ပါတယ်။ အမျိုးသမီးအကြီးအကဲများစွာ ပိုမိုပေါ်ထွက်လာပါမယ်။ ဒါကြောင့် လေဒီတွေထွန်းပေါက်အောင်မြင်နိုင်သော နှစ်မျိုးလို့ ဆိုနိုင်ပါတယ်။

သည်တစ်နှစ် ကျရောက်ရာ …မဟာဘုတ်ခွင်ဟာ …ငါးခုကြွင်းမဟာဘုတ်ခွင် နှစ် ဖြစ်ပါတယ်။ ရှေ့ဆောင်းပါး နံပါတ်(၁) မှာ ..တနင်္ဂနွေဂြိုဟ် နဲ့ တနင်္လာဂြိုဟ် ရပ်တည်မှု အနေအထား အကြောင်း ကျွန်တော် အတန်အသင့် ဖော်ပြခဲ့ပြီး ဖြစ်တာကြောင့် …ယခု ..အင်္ဂါဂြိုဟ် ရပ်တည်မှု အနေအထားကို ဆက်ပါမယ်။


ယခုနှစ် မဟာဘုတ်ခွင်မှာ အင်္ဂါဂြိုဟ် ဟာ ရာဇဌာနမှာ ရပ်တည်လို့ဖြင့် နေပါတယ်။

အင်္ဂါဂြိုဟ်သည် စစ်မက်ရေးရာများနဲ့ …လူသားတွေရဲ့ တိုးတက်မြင့်မားလိုသော ဆန္ဒများကို ဖော်ပြသလို..၊ စုပေါင်းညီညာ ဆောင်ရွက်နိုင်မှုတွေအပေါ်လည်း လွှမ်းမိုးတဲ့ဂြိုဟ်တစ်ခု ဖြစ်ပါတယ်။ အဆိုပါ အင်္ဂါဂြိုဟ်သည် သည်တစ်နှစ် လူသားအားလုံးရဲ့အပေါ်မှာ လွှမ်းမိုးနေသည့် ဂြိုဟ်ဆိုရင်လည်း မမှားပါ။

ဒါကြောင့်လည်း သည်တစ်နှစ်မှာ လူပေါင်းများစွာ အဖို့ လက်တွဲမလား လမ်းခွဲမလား ပြတ်သားစွာရွေးခြယ်ရမှုတွေ ကြုံကြိုက်လာရတတ်ခြင်း ဖြစ်ပါတယ်။ သည်တစ်နှစ်အဖို့ ကံအကောင်းစေနိုင်ဆုံး ပုဂ္ဂိုလ်တွေကို ပြပါဆိုရင်လည်း……

သချာင်္ဥာဏ်ရှိသော ….
လက်တွေ့ကျသော….
လျှင်မြန်စွာအကောင်အထည်ဖော်တတ်သော…
ညီတူမျှတူ စိတ်သဘာဝ ရှိသော….
စိတ်ထက်မြက်ပြီး ရှေ့ဆောင်ဦးရွက် ပြုလိုတတ်သော ….
သူတစ်ပါးကို နည်းပေးလမ်းပြ ပြုလိုတတ်သော ….
ပုဂ္ဂိုလ်များကို ညွှန်ပြရမှာပဲ ဖြစ်ပါတယ်။

နေ့နံအားဖြင့်ကတော့ အင်္ဂါနေ့ဖွားများအားလုံးသည် ယေဘုယျအားဖြင့် ကံအားအသာနိုင်ဆုံး ဖြစ်သလို၊
နာမည်အရအားဖြင့် ကတော့ …နာမည်အဖျားစာလုံး (၀ါ) နာမည်တစ်ခုရဲ့ အဆုံးစာလုံး ကို အင်္ဂါနံ( စ၊ဆ၊ဇ၊ဈ၊ည) ဖြင့် မှည့်ခေါ်ထားသူများ (ဥပမာအားဖြင့် …ကိုကျော်စွာ၊ မနွယ်နီစိုး၊ မင်းမင်းဆွေ၊ သီရိမြတ်စု….)နဲ့ ….နာမည်တစ်ခုလုံးရဲ့ ဗျုပ္ပတ်သဘာဝမှာ အင်္ဂါဂြိုဟ် လွှမ်းမိုးထားသော နာမည်ရှင်များ (ဥပမာအားဖြင့် …ရဲရင့်၊ ထက်မြက် ၊ သဒ္ဓါမှုးဆက် ၊ ညီညီ ၊ ဇော်မင်းထက်၊ ) စသည်ဖြင့်သော နာမည်ရှင်များ …. သည် ..ယခုနှစ်အဖို့ ကံအားသာနိုင်သော ပုဂ္ဂိုလ်များ ဖြစ်ကြပါမယ်။

ထိုနာမည်ရှင်များသည် ယခုနှစ်အတွင်းမှာ မိမိတို့ရည်မှန်းချက် ပန်းတိုင်ကို လျှင်မြန်စွာ ချီတက် လုပ်ကိုင် အောင်မြင်သွားစေနိုင်သော ကောဇာအင်အား ရရှိနေကြပြီ ဖြစ်ပါတယ်။

တစ်ကယ်လို့သာ ဖြတ်သန်းနေဆဲ ဒသာအင်အားအရ ကောင်းကျိုးပေးချိန်နဲ့ တိုက်ဆိုင်နေမယ်ဆိုရင် အထက်ပါပုဂ္ဂိုလ်များ အားလုံးအဖို့ သည်တစ်နှစ်ဟာ Lucky Year လို့ ခေါ်ဆိုနိုင်လောက်သည် အထိ ကောင်းကျိုးပြုသွားနိုင်တာ အသေအချာပါပဲ။

အင်္ဂါဂြိုဟ်ဟာ စစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့အစည်းများကို ဖော်ပြတဲ့ဂြိုဟ်လည်းဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရေးရာ အ၀၀မှာလည်း (မည်သည့်နိုင်ငံမျိုးတွင်မဆို) စစ်တပ်ရဲ့ သြဇာအာဏာနဲ့ …အရေးပါမှုတွေဟာ ပိုမို လွှမ်းမိုးနေဦးမယ့် နှစ်တစ်နှစ်ဖြစ်ပါတယ်။ ထို့အတူ တစ်ကမ္ဘာလုံးမှာ အင်ဂျင်နီရာတွေ၊ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်တွေ၊ သချာင်္ပညာရှင်တွေ၊ နည်းပညာရှင်တွေ၊ နည်းပြတွေ ….အထူးလိုလား လိုအပ်လာမယ့် နှစ်တစ်နှစ် ဖြစ်ပါတယ်

အင်္ဂါဂြိုဟ် လွှမ်းမိုးလာသော သည်လိုနှစ်မျိုးမှာ အင်မတန် နားအေးပါးအေး နေတတ်သူတွေတောင် ….စိတ်ခွန်အားတက်ကြွလာပြီး ပြိုင်ဆိုင် အနိုင်ကျဲကြည့်လိုစိတ်မျိုး ၀င်လာတတ်ချိန်ပါ။ ဒါကြောင့်လည်း တစ်နှစ်လုံးမှာ တစ်ဖက်နဲ့တစ်ဖက် ၊ တစ်ယောက်နဲ့တစ်ယောက်၊ တစ်ပါတီနဲ့တစ်ပါတီ၊ အုပ်စုတစ်ခုနဲ့တစ်ခု အား ပြိုင် အားစမ်းကြခြင်းမျိုးတွေ .. ပို၍ပိုမို များပြားနေဦးမှာဖြစ်ပါတယ်။

အင်္ဂါဂြိုဟ်သည်…ခွန်အား ၊ လက်နက် နဲ့ စွမ်းရည် တို့ကို ဖော်ပြပါတယ်။ ပမာအားဖြင့် တင်စားရရင် ဓါးတစ်လက်နဲ့တူပါတယ်။ ဓါးသည် အရိုးဘက်က ကိုင်မိထားရင် ခွန်အားဖြစ်စေနိုင်ပေမယ့် ….အသွားဘက်က လှည့်ကိုင်လိုက်တာနဲ့ …ထိခိုက်ပြတ်ရှ အန္တရာယ်ပေးနိုင်သော အရာတစ်ခု ဖြစ်လာပါတယ်။

ဒါကြောင့် သည်တစ်နှစ်မှာ သည်ဓါးကို အရိုးဘက်က ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးချနိုင်ဖို့ လိုအပ်လှပါတယ်။ အဲ…မတော်တစ်ဆများ အသွားဘက်ကနေ လှည့်ကိုင်မိပြီဆိုရင်တော့ ….အပြတ်အရှရာ ဗရပွ ဖြစ်သွားနိုင်တဲ့ ကာလပါပဲ။

မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာလည်း သည်အတိုင်းပါပဲ။

အမေစု (၀ါ) ဒေါ်အောင်ဆန်းစုကြည်အဖို့ …ဓါးကို အရိုးဘက်က ပိုင်ပိုင်နိုင်နိုင် ကိုင်မိစေဖို့ အရေးကြီးလှတဲ့နှစ်ပါ။ ဓါးကို အသွားဘက်ကနေ လှည့်ပြီး ရင်မဆိုင်မိဖို့ အရေးကြီးလွန်းလှတဲ့ နှစ်တစ်နှစ်လို့ ကျွန်တော့်အနေနဲ့ မြင်မိပါတယ်။ (လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ကြပါတယ်။) ကျွန်တော့်အမြင် အရ စစ်တပ်နဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်သည့် နည်းလမ်းဖြင့်သာလျှင် အမေစုအဖို့ အနာဂတ် ရည်မှန်းချက်ပန်းတိုင်တွေကို ပိုမို တက်လှမ်းခွင်ရရှိနိုင်ပါလိမ့်မယ်။ ထားပါစို့ ။ နိုင်ငံရေးဟောစာတမ်း မဟုတ်တာကြောင့် သည်မျှနဲ့ ရပ်ပါမယ်။

သည်တစ်နှစ်မှာ စနေနေ့ဖွားများနဲ့ ….တနင်္ဂနွေနေ့ဖွားများဟာ ဓါးရဲ့ အသွားဘက်တည့်တည့်မှာ ရှိနေတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် သူတို့အတွက်တော့ … အန္တရယ်များတတ်သော ကာလလို့ ယျေဘုယျအားဖြင့် ဆိုနိုင်ပါတယ်။ ဒီတော့ …ဒီတစ်နှစ်မှာ မေတ္တာသုတ်တော်နဲ့ ခန္ဓသုတ်တော်ကြီးကို မကြာခဏရွတ်ဖတ်ခြင်းနဲ့ အင်္ဂါဂြိုဟ်တိုင်ထောင့်မှာ မေတ္တာပို့ခြင်းမျိုးကို အခါအားလျော်စွာ ပြုသင့်ကြပါတယ်။

အင်္ဂါဂြိုဟ်ဟာ အသစ်အဆန်းနဲ့ စူးစမ်းလေ့လာမှုများကို လည်း ကိုယ်စားပြုပါတယ်။ ဒါကြောင့် ဒီတစ်နှစ်မှာ လူသားတွေဟာ အသစ်အဆန်းတွေကို ပိုမိုမက်မောလာကြပါမယ်။ အဟောင်းတွေကို ငြီးငွေ့ စိတ်ကုန်လာကြပြီး …ဖယ်ရှားစွန့်ပစ်လိုစိတ်တွေလည်း များလာကြပါမယ်။ ဒီအချက်သည် …ကမ္ဘာ့စီးပွားရေးရာ ကဏ္ဍမှာလည်း …အဓိက ပင်မအချက်တစ်ရပ်သဖွယ် ..အရေးပါလာပါမယ်။

နယ်ပယ်များစွာမှာ ကုန်ပစ္စည်းသစ်တွေ ၊ ထုတ်ကုန်သစ်တွေ၊ နည်းပညာသစ်တွေ သာ နေရာပိုယူလာကြမှာဖြစ်ပြီး၊ လှေကြီးထိုးရိုးရိုးသွားနေသူတွေအဖို့တော့ သည်တစ်နှစ်ဟာ ကံဆိုးမိုးမှောင်ကြမည့် နှစ်တစ်နှစ် ဧကန်ဖြစ်ပါတယ်။ မိမိတို့၏ လုပ်ငန်း …ထုတ်ကုန် စသည်တို့ကို Update အမြဲလုပ်နေမည့် ပုဂ္ဂိုလ်များသာ …အောင်မြင်မှုရနိုင်ချိန် မုချဖြစ်ပါတယ်။

ဒီအချက်သည် နိုင်ငံရေးဇာတ်ခုံများပေါ်မှာလည်း များစွာသက်ရောက်ပါလိမ့်မယ်။ လူတွေဟာ ….ရှေးရိုးအတိုင်း ဆက်သွားဖို့ ပျင်းရိငြီးငွေ့လာကြပြီး…အသစ်အဆန်း တစ်စုံတစ်ရာကို တော်လှန်ပြောင်းလဲ ပစ်နိုင်ဖို့ ဆန္ဒတွေ ရုန်းကြွလာတတ်ချိန်ပါ။ ဒါကြောင့် နိုင်ငံရေးမှာလည်း စည်းရုံးရေးကအစ ၊ လုပ်ပုံ ကိုင်ပုံဆောင်ရွက် ပုံတွေမှာ ပြုပြင်ပြောင်းလဲနိုင်ကာမှ တော်ရုံကာကျပါမယ်။

တစ်ခါလာလည်း ဒါပဲ ဆိုတာတွေကို လူတွေ ဘယ်လိုမှ မနှစ်သက်နိုင်တော့တဲ့ အချိန်ကို မုချ ကျရောက်နေပါပြီ။ ဒါကြောင့် …ပါတီတွေအနေနဲ့ မဲဆွယ်မယ်ဆိုရင်တောင် ….ရှေးနည်းတွေနဲ့မတူ..ပြည်သူတွေကို စည်းရုံးရေးနည်းဗျုဟာသစ်တွေနဲ့ ချဉ်းကပ်နိုင်ဖို့ အထူးလိုအပ်တဲ့ ကာလပါ။

ယင်းကဲ့သို့သော အဟောင်းများအပေါ် လူသားများ၏ ငြီးငွေ့လာမှုသည်…ကံမကောင်းရင် နိုင်ငံ့ခေါင်းဆောင်တွေအပေါ် ကျရောက်လာပြီး…..အဆိုပါနိုင်ငံ့ခေါင်းဆောင်များလည်း နိုင်ငံရေးလောကနဲ့ ရာဇပလ္လင် ကို စွန့်ခွာသွားရကိန်း ကျရောက်လာနိုင်တဲ့ ကာလဖြစ်ပါတယ်။ ဆိုတော့…..ဗျုဟာသစ်တွေ ချမှတ်သင့်သော ကာလကို ရောက်နေပြီဆိုတာ သတိပြုကြဖို့ အထူးလိုအပ်လှပါတယ်။

သာမန်လူတွေရဲ့ ကံဇာတာမှာတော့ …အဟောင်းတွေကို ငြီးငွေ့လွယ်ကူပြီး အသစ်အဆန်းကို မက်မောလာစေတတ်သော သည်လိုနှစ်မျိုးသည်….အကြီးကိုပစ်ပြီး အငယ်ကို စွဲမက်မိစေဖို့ တိုက်တွန်း လှုံ့ဆော်ပေးနေတတ်သော နှစ်မျိုး ဖြစ်သလို..၊ နည်းဟောင်းတွေကို စွန့်ပြီး နည်းလမ်းသစ်တွေနဲ့ ကမ္ဘာ့လူသားတွေကို လမ်းကြောင်းသစ်ပေါ် တွန်းတင်ပေးတတ်သည့် နှစ်တစ်နှစ် ဖြစ်ပါတယ်။

စိုးရိမ်တတ်သော ဇနီးမောင်နှံများအဖို့ကတော့ ….မိမိတို့ရဲ့ အချစ်နဲ့ အိမ်ထောင်ရေး ကို Update လုပ်ခြင်း၊ ဒီဇိုင်းလေးများ ပြန်လည်ဆန်းသစ်လန်းဆန်းစေခြင်း ပြုသင့်လှပါကြောင်း ….တင်ပြလိုက်ရပါတယ်။

ကုန်သည်နဲ့ စီးပွားရေးသမားများအတွက်ကတော့ သည်တစ်နှစ်မှာ ကုန်ပစ္စည်းသစ်တွေနဲ့ ၀ယ်သူတွေကို ဆွဲဆောင်နိုင်ဖို့ လိုပါတယ်။ သို့တည်းမဟုတ် မိမိတို့ရဲ့ရောင်းကုန်တွေကို ဘားရှင်းမြှင့်တင်ခြင်း ရှိနေဖို့လိုပါလိမ့်မယ်။

ဒီတစ်နှစ်ရဲ့ထူးခြားချက်က မဖြစ်နိုင်ဘူးလို့ ဘယ်အရာကိုမှ ပုံသေတွက်လို့ မရတော့လောက်သည် အထိ… ထူးထူးဆန်းဆန်း ဖြစ်လေ့မရှိတာတွေ ဖြစ်လာနိုင်တဲ့ ထူးခြားချက်ကြီးတစ်ခု ရှိနေခြင်းပဲ ဖြစ်ပါတယ်။ သဘာဝမကျတာတွေ၊ ထူးခြားဆန်းကြယ်တာတွေအားလုံး ၀ရုံးသုန်းကား ဖြစ်လာစေတတ်သော သည်နှစ်မျိုးကို ..Supernatural Year လို့တောင် တင်စားခေါ်ဝေါ်ရမယ့် အနေအထားပါပဲ။   


မူရင်းရေးသားသော ပညာရှင်
ကိုစိုးမိုးထွန်း(ဗေဒင်ပညာသုတေသီ)
သုတေသီဝေသာလီမောင်ဖုန်း
ကိုစိုးခိုင်   phone 09 318 17287
မူရင်း Blog Link  :   http://www.mahabote.org/