Tuesday, January 2, 2018

အမှတ်တရ မအူပင် GTI နေ့ စွဲများ ( ဒု ) - Nyi Nyi Htoon


Photo from Nyi Nyi Htoon



ပထမဆုံးကျောင်းစတက်ရမယ့်နေ့  ။ ဘဝမှာ တခါမှ သပ်သပ်ရပ်ရပ်မဝတ်စဖူးဝတ်၊ဖြီးလိမ်းပြင်ဆင်ပြီး
လွယ်အိတ်ကိုကောက်လွယ်လိုက်တယ်။လွယ်အိတ်ဆိုလို့ ကြွားရဦးမယ်။ကျနော်တို့ ခရမ်းသူ ခရမ်းသား
တွေက ဘယ်တက္ကသိုလ်တက်တက်ဘယ်ဒေသရောက်ရောက် အားလုံးဟာ တိုင်ပင်ညှိနှိုင်းထားတာလဲမ
ဟုတ်ပဲနဲ"ကဝ"လွယ်အိတ်ကိုစွဲစွဲမြဲမြဲလွယ်လေ့ရှိကြတာပါပဲ။ဒါကိုလည်းတခြားကျောင်းသူကျောင်းသားများ
ကသတိပြုမိကြတယ်။
တချို့ ဆိုအားကျကြတယ်ပေါ့။"ကဝ"လွယ်အိတ်လွယ်ထားရင်ခရမ်းသားပဲ။အဲဂလို။ကင်တင်းရှေ့ကလမ်း
လေးကိုချိုး dinning room ဘေးကဖြတ် နှစ်ထပ်ဆောင်ဆီလာခဲ့တယ်။
 
အံမယ် နှစ်ထပ်ဆောင်ရှေ့ မှာ စိန်ပန်းပင် နဲ့ ဘာနဲ့ ။ ကျနော်တက်ရမယ့် အခန်းရှေ့ ရောက်တော့ ဆရာ
တစ်ယောက်စာသင်နေပြီ။ ဆရာကအရပ်ငါးပေခြောက်လက်မလောက်ရှိမယ်။အသားလတ်လတ်။အသက်
လေးဆယ်စွန်းစွန်းလောက်ရှိမယ်။ထူးခြားချက်က ဦးခေါင်းနောက်ကဆံပင်ရှည်တွေကို ရှေ့ ကိုပတ်ခွေပြီး
တင်ထားတာပါ။စာသင်နေရင်းလည်း ဆံပင်ကို မကြာကြာသပ်တင်တယ်။ဆရာဆံပင်သပ်တင်ပုံက
ကြည့်ကောင်းတယ် နောက်ကနေဝိုက်ပြီးသပ်တင်တာ။ ကျနော်တို့ EC ဌာနမှူး ဦးထွန်းအောင်ဦး ပါ။
ဆရာ့ကိုချစ်စနိုးနဲ့ အားလုံးကဗိုလ်ဦးထုတ်လို့ ခေါ်ကြတယ်။ ဆရာကလည်းအဲဒီလိုခေါ်တာသိပြီး ကျေနပ်
နေပုံပါ။ သူကလည်းအမြဲဦးထုတ်ဆောင်းထားတာကိုး။ဆရာကသိပ်သဘောကောင်းတယ်။ကျနော်တို့ လို
လူဆိုးတွေဆိုပိုချစ်တယ်။GTI မှာကျနော်အချစ်ရဆုံးဆရာပါ။အခုတော့ ဆရာလည်းမရှိရှာတော့ပါဘူး။


စာသင်ခန်းရဲ့ ရှေ့ ပေါက်ကိုကျော်လျှောက်ပြီး နောက်ပေါက်ဝမှာအရပ် ဆရာကလှမ်းကြည့်တော့ ကျနော်လည်းယောင်နနနဲလက်ညှိုးလေးတစ်ချောင်းထောင်ပြလိုက်မိတယ်။စာသင်ခန်းထဲဝင်ပါရစေပေါ့။
ဆရာကခေါင်းဆတ်ပြတယ်။ ဝင်ပေါ့....။ဆရာတပည့်နှစ်ယောက် ဟုတ်လို့ ။ 

အရိမဒ္ဒနာခေါ်ပုဂံပြည်မှာအရည်းကြီးသာသနာဘုန်းမီးနေလတရှိန်ရှိန်တောက်ပနေချိန် နန်းတော်ရှေ့ မှရှင်အရဟံဆိုသောကိုရင်လေးဆွမ်းခံကြွလာတာကိုအနော်ရထာဘုရင်ကြီးနန်းရင်ပြင်ကလှမ်းမြင်လိုက်
တယ်။ငယ်ရွယ်ပေမယ့်တည်ငြိမ်ရင့်ကျက်တဲ့ဣနြေ္ဒကြောင့်ဘုရင်က ကြည်ညိုပြီးနန်းတော်ထဲကြွခဲ့ဖို့ ပင့်ဖိတ်ခိုင်းလိုက်တယ်။ကိုရင်လေးနန်းတော်ညီလာခံထဲရောက်။ ကိုရင်လေးရဲ့ အခြေအ
နေ အနေအထားကိုသိချင်တာနဲ့ "သင့်လျော်လျောက်ပတ်မယ့်နေရာမှာသီတင်းသုံးတော်မူပါ "လို့ လျောက်တင်တော့ ဘုရင့်ရဲ့ ရာဇပလ္လင်ပေါ်တက်ပြီးသီတင်းသုံးတော်မူသတဲ့။အရည်းကြီးတို့ ရဲ့ ဥသျောင်
ရှင်မထီးတောင်မျက်စောင်းနဲ့ စွေမကြည့်ဝံ့တဲ့နေရာ။ကိုရင်လေးကသူ့ ရဲ့  သီလဂုဏ် ပညာဂုဏ် သမာဓိ
ဂုဏ် ကို ယုံကြည်ပြီးရဲရဲဝံ့ဝံ့ဝင်ထိုင်တာပါ။

အခန်းထဲကိုတစ်ပတ်အမြန်ဝေ့ပြီးကျနော်ကြည့်လိုက်တယ်။့နောက်ဆုံးတန်းကိုလွယ်အိတ်လေးအသာပိုက်ပြီး
ကုတ်ချောင်းချောင်းနဲ့ ကျနော်ဝင်သွားလိုက်တယ်အဲဒီမှာတွေ့ တာ။သူတို့ ရဲ့ ပညာဂုဏ်သီလဂုဏ် တို့ နဲ့ သင့်တော်တဲ့နေရာကိုစောစောစီးစီးရောက်နှင့်နေတဲ့ပုဂ္ဂိုလ်ကျော်တွေ။လူကောင်သေးသေးသပိတ်နုရောင်
ထနေတဲ့အသားအရေအဝတ်အစားသပ်သပ်ရပ်ရပ်ဝတ်ထားတဲ့သကောင့်သားနားဝင်ထိုင်လိုက်တယ်။

သူကထွန်းလင်းအောင်။နာမည်နဲလူနဲမလိုက်ပုံများဘယ်သူမှသူကိုထွန်းလင်းအောင်လို့မခေါ်ကြပါဘူး။
တစ်ကျောင်းလုံးကသူ့ ကို တေလေ လို့ ပဲခေါ်ကြတယ်။တေလေရဲ့ ဟိုဘက်ဘေးမှာ လူကောင်ထွားထွား ဆံပင်အရှည်ကကောက်နေသေးမျက်နှာခွက်ခွက်မျက်လုံးမျက်ဆံသေးသေးနုတ်ခမ်းကလည်းသေးသေးလေး။
ပြီးတော့သူကငါးဖမ်းပိုက်ကွန်ကိုလွယ်အိတ်လုပ်ပြီးလွယ်ထားတာလွယ်အိတ်ထဲကစာအုပ်တွေကအတိုင်း
သားမြင်နေရတယ်။သူကများ သန့် ဇင်အောင်တဲ့ဘယ်မှာသန့် လို့ လဲဗျာ။ အဝတ်အစားကလဲ ပိုသီပတ်သီ သူ့ ချွေးနံ့ ကိုတစ်ယောက်ကျော် ကျနော့်ဆီကတောင်ရတယ်။ နောက်တော့သူလည်း ပြဲကြီး လို့ အမည်တွင်သွားတာပါပဲ။ပြဲကြီးတို့ များ ငါးဖမ်းပိုက်ကွန်လွယ်ပြီး ခိုင်အဆောင်ရှေ့ ကဖြတ်လျှောက်သွားပြီဆို ခိုင်အဆောင်ထဲကကောင်မလေးတွေကကြောက်လိုတဲ့။နောက်တော့ပြန်ကြားရတာပါရုပ်အဲလောက်
ဆိုးတာပါဆို။

နောက်တစ်ယောက်က BE ။ BE ဘွဲ့ ရထားတာတော့မဟုတ်။ ဘီအီးအရက်သောက်လွန်းလိုအမည်ပညတ်တွင်ထားတာ။အရပ်ကပုပြတ်ပြတ်ပုဆိုးဝတ်ရင် တစ်ဖက်တို တစ်ဖက်ရှည် ထောင့်တန်း အမြဲဝတ်တာ။လမ်းလျောက်ရင် ပြာပြာ ပြာပြာနဲ့ ။လက်မှာကလည်း လက်ဖျံကနေတံတောင်ဆစ်အထိဥုံတွေရောစဓဗဝတွေရောဘာတွေမှန်းမသိတဲ့စာတွေအပြည့်တက်တူးထိုး
ထားတာ။သောက်လိုက်တဲ့ အရက်ကလည်းနွားငတ်ရေချ။ သီဟနိုင်ဆိုတဲ့နာမည်ပျောက်ပြီး BE ဖြစ်သွားတာပဲကြည့်တော့။ ရှေ့ မှာကအရပ်ခြောက်ပေဆယ့်တစ်လက်မလောက်ရှိမယ့်လန်ဘားနှစ်ယောက် ဆန်နီနဲ့ မျိုးကိုကို နောက်ပြီးတော့ ကိုဇော်နဲ့  ဝင်းမြင့် ကုလားညီနောင်။ သူတော်ချင်းချင်းမို့  သတင်းလွေ့ လွေ့ ပေါင်းဖက်တွေ့ ကြလေသည်ပေါ့။

Photo by Myat Htike
 


မအူပင် GTI ကျောင်းမှာတက်ခဲ့ရသောသုံးနှစ်တာကာလသည်အမှတ်ရစရာ သတိရစရာ လွမ်းစရာ
တွေနှင့်ပြည့်နေခဲ့သည်။
အဆောင်ရှေ့ကတေးသံချိုချိုနဲ့ ဂစ်တာသံတွေလွင့်ပျံ့ ခဲ့တဲ့ ညတွေကိုလွမ်းတယ်။
ကျောင်းဝန်းထဲက ကင်တင်းလေးကိုလွမ်းတယ်။
ကျောက်ခဲတွေခင်းထားလို့ မညီမညာဖြစ်နေတဲ့ကျောင်းကိုသွားတဲ့လမ်းကြမ်းကြမ်းလေးကိုလွမ်းတယ်။
ခိုင်အဆောင်ဘေးကစိမ်းမြကန်သာစေတီလေးကိုလွမ်းတယ်။
မအူပင်တံတားကြီးကိုလွမ်းတယ်။
မအူပင်ကမ်းနားကဆေးရောင်လွင့်ပျယ်နေတဲ့တြိဂံပုံမုဋ်ဦးလေးရယ်
ညလုံးပေါက်ဖွင့်တဲ့ ညစ်ပတ်ဆူညံနေတဲ့ လက်ဖက်ရည်ဆိုင်လေးတွေကိုလွမ်းတယ်။
လက်ရေတပြင်တည်းဆိုးတူကောင်းဖက် သူငယ်ချင်းတွေကိုလွမ်းတယ်။
ကျောင်းလမ်းထိပ်ရှိုင်းအဆောင်ဘေးက မဖြူအရက်ဆိုင်လေးကိုလွမ်းတယ်။
ရွှေချိန်ခွင်လမ်းထိပ်က ဗီဒီယိုရုံလေးကိုလွမ်းတယ်။
စက်ဘီးလေးတွေကိုယ်စီနဲ့ မအူပင်မြို့ ရဲ့  လိမ္မော်ရောင်ညနေခင်းတွေကိုလွမ်းတယ်။
ဂဠုန်မင်းအဆောင်က ရှူရှူးနံ့ အမြဲနံနေတဲ့ရေချိုးခန်းလေးကိုလွမ်းတယ်။
အို...
လွမ်းစရာတွေက တစ်ထောင့်တစ်ည
ပြောလည်းမကုန်နိုင်ပါဘူးလေ။

Photo by Myat Htike

မိဘတွေနဲ့ ခွဲပြီး ကျောင်းတော်ကြီးဆီလာတုန်းကတော့ ကိုယ်စီ ကိုယ်စီရဲ့  ရင်ထဲမှာ အနာဂတ်အတွက်
အိပ်မက်တွေကရွှေအတိ။ဒီကျောင်းတော်ကြီးမှာပဲ တချို့ ကအိပ်မက်တွေကို အပြည့်အဝအကောင်အထည်ဖော်နိုင်ခဲ့တယ်။
ဒီကျောင်းတော်ကြီးမှာပဲ
တချို့ က အနာဂတ်အတွက် ဘဝလက်တွဲဖော် ရှာဖွေတွေ့ ရှိခဲ့တယ်။
တချို့ အသည်းတွေကွဲပြီးဘဝတွေတစစီဖြစ်သွားခဲ့တယ်။
တချို့ ကဒီကျောင်းတော်ကြီးကနေပဲ သံသရာခရီးကို ထွက်သွားနှင့်ကြတယ်။
တချို့ အတွက်တော့ ရင်ဘတ်ချင်းတူတဲ့ သူငယ်ချင်းတွေရသွားကြတယ်။ 
ဘာပဲဖြစ်ဖြစ် အားလုံးကိုလွမ်းမိတယ်။

 
ဆရာ ဗိုလ်ဦးထုတ်ကစာသင်ရင်းနဲ့ ပြောတဲ့စကား ကျနော်မှတ်မိနေတာရှိတယ် " မင်းတို့ အားလုံးဟာ
စာတော်လို့  ဥာဏ်ကောင်းလို့ ဒီကျောင်းကို ရောက်လာကြတဲ့သူတွေကြီးပဲ ညံ့တဲ့ကောင်တစ်ကောင်မှမပါ
ဘူး ဒီတော့ ရည်မှန်းချက်ကြီးကြတယ်။ ကျောင်းကိုရောက်ခါစ တစ်လလောက်ကတော့ ငါ roll one ဖြစ်
ရမယ် လို့ ကျောင်းသားတိုင်းစိတ်ထဲကနေ ကြုံးဝါးကြတယ်။ သုံးလလောက်ကြာတော roll one မရလဲ
အဆင့် တစ်ဆယ်ထဲဝင်ရင်လဲ မဆိုးပါဘူးလေဖြစ်သွားပြီ။ ဟော..ခြောက်လလောက်လည်းကြာရော အောင်ရင်ပြီးတာပဲဆိုပြီး ဝရုံးသုံးကား မနိုင်မနင်းနဲ့  စာတွေကို အတင်းလိုက်ရတော့တာပဲ " တဲ့ ။ နှစ်စ မှာ ဆရာပြောခဲ့တာပါ။ 


ကျနော်ကတော့တေလေ တို့  ဘီအီးတို့  ပြဲကြီးတို့ နဲ့ အဖွဲ့ ကျပြီး သောက်တော်ဗူးရယ်..နဲ အိုမကွာ...အို..မကွာ လုပ်နေတာနဲ့  စာဖက်ကို မလှည့်နိုင်ဘူး။ဂစ်တာကလည်း မတောက်တခေါက်တီး
တတ်နေတော့ အဆောင်တွေရှေ့ ဂစ်တာလိုက်တီးရသေး။ ကျနော်အများဆုံး ဂစ်တာတီးဖြစ်တဲ့
အဆောင်တွေက ခိုင်အဆာင် ရယ်မိုမိုကို အဆောင်ရယ် ကျောင်းဘေးက မေမေ ဆောင် အဲဒါတွေက အများဆုံး တီးဖြစ်တယ်။ ဂစ်တာအတီးကောင်းလို့  ကျောင်းအုပ်ကြီးရုံးခန်းရောက်ခဲ့ပုံလေးပြောပြဦးမယ်။

Photo by Nyi Nyi Htoon
ခိုင်အဆောင်ရှေ့ မှာ ပေါ့။ အဲဒီညကလမသာပေမယ့်ကောင်းကင်မှာကြယ်လေးတွေကအပြည့် ။ ရာသီ
ဥတုကလည်းဆောင်းဝင်စဆိုတော့သာယာကြည်လင်နေတယ်။ကျနော်ရယ် ခရမ်းသီးနှစ်လုံး အဲ ဟုတ်ပေါင်
ခရမ်းသားနှစ်ယောက်ဖြစ်တဲ့ ရဲမင်းရယ် ချစ်စမ်းမောင် ( ဝါဆို ) ရယ်ပြီးတော့ ပြဲကြီးရယ် အားလုံးလေး
ယောက်။ ဖြတ်ပြီးပြောရဦးမယ်ကျနော်တို့ ကျောင်းအုပ်ဆရာကြီးဦးအောင်မိုးက စည်းကမ်းကြီးတယ်
ဗျ ။ ကျောင်းသားတွေည ဆယ်နာရီကျော်ရင် အပြင်မထွက်ရဘူး ။အဆောင်တွေရှေ့ ဂစ်တာမတီးရဘူး
သူကိုယ်တိုင် ကင်းလှည်းပြီးစစ်ဆေးလေ့ရှိတယ်။ကျနော်တို့ လေးယောက်ခိုင်အဆောင်ရှေ့ ရောက်တော့ ညကိုးနာရီခွဲကျော်ပြီပေါ့။ ကျနော်ကဂစ်တာတီးတိုင်းပြုလုပ်နေကျ ခြင်ဆေးခွေတွေ ပတ်ပတ်လည်ထွန်း
လိုက်တယ်။ မအူပင်မှာ ဂစ်တာတီးရင် ခြင်ဆေးခွေက မပါမဖြစ်ပေါ့။

 
ခိုင်အဆောင်ရဲ့  အရှေ့ ထောင့် မြက်ခင်းပေါ်မှာ ကျကျနန ထိုင်ပြီး လေးယောက်သား ခံစားချက်အပြည့်နဲ့ 
သီချင်းတွေဟစ်ကြွေးနေတုန်း ဆယ်နာရီကျော်သွားတာ သတိမထားမိကြဘူး။ အဲဒီအချိန်မှာ ကျောင်းအ
ပေါက်ကနေ မှိန်တုတ် မှိန်တုတ်နဲ့ ဝါထိန်ထိန် ကားမီးရောင်လေး လှုပ်လှီလှုပ်လှဲ့ လာနေတာလှမ်းတွေ့ ရ
တယ်။ ခိုင်အဆောင်ရှေ့ က လှမ်းကြည့်ရင် ကျောင်းပေါက်ဝကတန်းနေတာပဲလေ။ နည်းနည်းတော့လှမ်း
တာပေါ့။ ကျောင်းအုပ်ကြီးမှာ နိုင်ငံတော်က စေတနာသုံးတန်နဲ့ ချပေးထားတဲ့ လေးဘီးကားသေးသေး
လေးတစ်စီးရှိတယ်။အဲဒီကားလေးကပြေးလှ လိပ်သာသာ။ သူက ရေမိုင်နဲ့ သွားတာ ။ တစ်နာရီ ကိုးမိုင်။
ဆရာကြီး ကင်းလှည့်လာပြီ။ ကားက အုတ်ခဲလမ်းကြမ်းကြမ်းပေါ်ပြေးနေရတော့ ရှေ့ မီးလုံးဝါကျင့်ကျင့်
လေးနှစ်လုံးက ဘယ်ညာယိမ်းလိုက်မိုးပေါ်ထောင်သွားလိုက် အောက်ကိုစိုက်ကျသွားလိုက်နဲ့  အဝေးကနေ
သီချင်းဆိုရင်းလှမ်းမြင်နေရတယ်။ကျနော်တို့ မပြေးသေးဘူး။ ပြဲကြီးက မြှောက်ပေးတယ်။" ငါတို့  ဆရာ
ကြီးကားနီးလာမှပြေးမယ်ကွ"။လေးယောက်လုံးသဘောတူတယ်။



( အမည်နာမများအားလွှဲရေးထားပါသည်။တိုက်ဆိုင်မှုရှိက ထိုသူ့ ကိုသာရည်ရွယ်ပါသည် )

ဆက်စပ်ဖတ်ရှုရန်



Friday, December 29, 2017

အမှတ်တရ မအူပင် GTI နေ့ စွဲများ - Nyi Nyi Htoon







၁၉၉၅ ခုနှစ်ကတည်းကဖြေဆို   ခဲ့သော ဒဿမတန်းစာမေးပွဲကို စတုတ္တအကြိမ်မြောက် ဖြေဆိုအပြီး ၁၉၉၈ခုနှစ်တွင်ကျနော်လွတ်လွတ်ကျွတ်ကျွတ်အောင်မြင်ခဲ့ပါသည်။လွတ်လွတ်ကျွတ်ကျွတ်ဟုပြောရခြင်းမှာ
ထိုခေါတ်
ထိုအခါက၁၀တန်းအောင်စာရင်းကို(က)နှင့်(ခ)ဟူ၍အဆင့်အတန်းခွဲခြားထားသောကြောင့်ဖြစ်၏။ထိုအချိန်က ၁၀ တန်းအောင်လျင်ကျောင်းပြီးသောခေါတ်၊ အမိတက္ကသိုလ် ဆက်တက်ရန် ဝေဝါးနေသောခေါတ်၊ ကံကောင်းထောက်မစွာ ကျနော့်အမှတ်စာရင်းတွင် အင်္ဂလိပ်စာနှင့်သင်္ချာ နှစ်ဘာသာပေါင်းအမှတ်၁၂၀ကျော်သဖြင့်ထိုစဉ်ကခေါတ်စားသောပညာရေးခရီးတွင်ဆက်လျှောက်
လှမ်းစရာတစ်ခုတည်းသောမျှော်လင့်ချက်ငွေ့ ငွေ့ လေးဖြစ်တော်မူထသောGTIဟုအမည်သမုတ်ထားသော ကျောင်းတော်သို့ တက်ရောက်ရန် စိတ်ကူးယဉ်နိုင်ခဲ့လေသည်။

ထို့ ကြောင့် ကျနော်လည်း သူတပါး ကွမ်းယာဆိုင်ဖွင့်၍အောင်မြင်လျှင် ကိုယ်လည်းဘုမသိဘမသိ ကွမ်းယာဆိုင်လိုက်ဖွင့်တတ်သော မြန်မာလူမျိုးကြီးဝါဒလမ်းစဉ်အတိုင်း GTI ဆိုသော ကျောင်းတော်ကြီးသို့ ဝင်ခွင့်လျှောက်ထားခဲ့လေ၏တမုံ့ ။ လျှောက်တုန်းကတော့ သန်လျင် GTI ( ထိုကာလက GTC. ဟုအမည်ပေးကင်မွန်းမတပ်ရသေး) ကျောင်းတက်ဖို့ ဖောင်ပြန်ကျလာတော့ မအူပင်မြို့  တဲ့ ။ ခက်ချေပြီ။၎င်းမအူပင်ဆိုသောမြို့ ကို ကျောင်းဝင်ခွင့်ဖောင်ဖြည့်စဉ်က တစ်ခါသာစာမျက်နှာပေါ်အမှတ်မထင်တွေ့ မြင်လိုက်ဖူးသည်။ ဘယ်အရပ် ဘယ်ဒေသ၌ ရှိမှန်းမသိ ။ ရော်ရမ်းမှန်းဆစိတ်ကူးဖို့ ပင် မတတ်နိုင် ။ ထို့ ကြောင့် မောင်ပေါက်ကြိုင်းထုံး နှလုံးမူကာ မေးမြန်းစုံစမ်းရ၏။

ကျနော်တို့ မြို့ မှမအူပင်GTIတက်ခဲ့သောအောင်သက်ဇော်နှင့်တွေ့ ၏။"မအူပင်ကခြင်တော်တော်ကိုက်တယ်ဗျ " အောင်သက်ဇော် က စိတ်မသက်မသာဖြင့်ပြောလေ၏။သူပြောပုံက စာသင်သွားရန်ပြင်ဆင်ဖို့ ထက်ခြင်များနှင့်ကြီးမားသောစစ်ဆင်ရေးပြ.ုလုပ်နိုင်ရန်အားမွေးသွားရမည့်ပုံစံဖြစ်နေပြီ။ဘာပဲပြောပြောကိုယ်ကတော့ မအူပင်ခြင်ကျားပဲဖြစ်ဖြစ် ဂေါ်ဇီလာပဲ ဖြစ်ဖြစ် သွားရမှာပဲဖြစ်သည်။ " သိန်းဇော်ဦး လဲမအူပင်မှာပဲဗျ " သူကဆက်ပြောသည်။ အဲဒီ သိန်းဇော်ဦး ဆိုသောငတိ ကို ဖြ.ူသလားမဲသလားလည်းတစ်မြို့ ထဲ သားချင်း ကျနော်မမြင်ဖူးဘူး။ ထိုနောက် ကျနော် အခြားတွင်ဆက်စုံစမ်းတော့ ကျနော့်လိုပင်မအူပင် GTI မှာ သွားတက်ဖို့ အ ကြောင်းဖန်လာသော..ရဲမင်းဆိုသောဘဲလေးတစ်ဗွေ၊ သူ့ လည်း မသိ ။ချစ်စမ်းမောင် ( ဝါဆို) သူကတော့ကျနော့် ငယ်သူငယ်ချင်းဆိုတော့ ကျနော်အားနည်းနည်းတက်သွားသည်၊

Photo by Sann Maung Maung


အဖော်တော့ရချေပြီတကား။မေးပါများစကားရ၊မေးရင်းမြန်းရင်းစုံစမ်းရင်းမအူပင်မြို့ သို့ ရောက်၊အောင်သက်ဇော် မှာလိုက်သလို မအူပင်တံတားထိပ် GTI မှတ်တိုင်မှာဆင်းလိုက်သည်။ ကားပေါ်မှအဆင်းဘေးဘီဝဲယာ၌ ကျောင်းတော်ကြီးကိုရှာကြည့်လိုက်သည်။မတွေ့  ။ ငါ.နေရာများမှားဆင်းမိပြီလားတွေးလိုက်မိသည်။မမှားနိုင်ပါ.ကားစပယ်ယာကလည်းသေသေ
ချာချာပြောသွားတာပါ
။နေကလည်းပူလိုက်သည်မှကော့နေသည်။နဖူးမှစီးကျလာသောချွေးစီးတွေကိုသုတ်.အရိပ်ခိုဖို့ ကြည့်တော့လည်း..အရိပ်ရပင်ဆို၍ ဒူးခေါင်းလောက်အမြင့် ကပ်စီးနည်းပင်တောင်မတွေ့  လယ်ကွင်းပြင်ခေါင်ခေါင်။တောသားဂနိုင်ရောက်ဆိုတာဒါမျိုးထင်ပါ့။ကားလမ်းအရှေ့ ဘက်အခြမ်းကိုလှမ်းကြည့်တော့ဖုန်တထောင်းထောင်းနှင့်မြေနီလမ်းလေးကိုမျက်စိတဆုံးလှမ်းတွေ့ ရသည်။မြေနီလမ်းပေါ်မှာ ခွေးတကောင်ကြောင်တမြှီးပင်မတွေ့ ။

မြေနီလမ်းလေးအဆုံးမှာတော့ညစ်ထေးထေးနှစ်ထပ်ဆောင်တစ်ခုကိုမှုန်ပြပြလှမ်းမြင်လိုက်ရသည်။အဲဒါပဲနေမှာ.ဒီနားလည်းအဲဒီနှစ်ထပ်ဆောင်တစ်ခုပဲကြီးကြီးမားမားရှိတာ၊
ငါပညာရင်နို့ သောက်စို့ ရမယ့်နေရာပဲ။အသက်ကိုပြင်းပြင်းရှူရင်ကိုကောခေါင်းကိုမော့စစ်မြေပြင်ထွက်မယ့်စစ်သူကြီးတစ်ယောက်ရဲ့ မာန် ဟန်ပန်မျိုးနဲ့ ကိုယ့် အထုတ်ကို ဆွဲမ တံလျှပ်တထောင်းထောင်းထနေသော မြေနီလမ်း ပေါ်ကနေ ကျောင်းတော်ကြီးဖြစ်မည်ဟု ကျနော်ယူဆ လိုက်သောမှုန်ပြပြလှမ်းမြင်နေရသော ညစ်ထေးထေး နှစ်ထပ်ဆောင်သို့  ဦးတည်ကာ တစ်ယောက်ထဲ ချီတက်ခဲ့လေတော့သည်။
အို...သင်တို့ နှင့်

အကျွန်ုပ်တွေ့ ကြ ပြီ မအူပင်ခြင်ကျားတို့ ။
 လယ်ကွင်းပြင်ထဲမှတချက်တချက်ဖြတ်သန်းတိုက်ခတ်လာတဲ့လေပူကြောင့် မြေနီလမ်းပေါ်မှ ဖုန်မှုန့် နှင့်အမှိုက်များကဝဲကတော့ပုံဖြစ်၍အပေါ်ပျံဝဲတက်လာတယ်။မြေနီလမ်းလေးကိုဆုံးအောင်အားခဲပြီးေ
လျှာက်လိုက်တယ်။
လမ်းဆုံးတော့ တံတိုင်းအကာအရံမမည် ခြုံပုတ်ဟု ခေါ်ရအခက် မည်သို့ အမှတ်သညာပြု ခေါ်တွင်ရမည်မသိသော ကျောင်းအဝန်းအကာအရံလေးကို ဖရိုဖရဲနဲ့  တွေ့ လိုက်ရတယ်။ကျောင်းခြံစည်းရိုးပဲဆိုကြပါစို့ ။့ 

ထိုခြံစည်းရိုးနှင့်မြေနီလမ်းလေးအကြား အကျယ် ၅ပေကျော်၆ပေ အနက် ၃ ပေ ကျော်ခန့်  မြောင်းတခုခြားထားတယ်။တံတားလည်းထိုးမထား။တော်သေး ။မိုးရာသီ မဟုတ်လို့ ။ အေးလေ မိုးရာသီဆိုဒီမြေနီလမ်းကသွားလို့ ရမှာမှမဟုတ်တာ။သို့ နှင့်မြောင်းလေးထဲဆင်းကျောင်းပရဝုဏ်ထဲဝင်လာခဲ့တယ်။တကယ်တော့ကျနော်ကမအူမလည်နဲ့ ကျောင်းအနောက်ပေါက်ကနေဝင်လာခဲ့မိတာကိုး။အဲဒါကြောင့်ဘယ်သူမှမတွေ့ ပါလားမှတ်နေတာ။ရှိစေတော့။

Photo by Zaw Min Latt


မအူပင်မြို့ အကြောင်းနောကျေအောင်သိတဲ့စောဖေတို့ ကတော့ဒီနောက်ပေါက်ကမဝင်။မြို့ ထဲကားဂိတ်အဆုံးထိစီးဆိုက်ကားငှားအောင်မြင်ခန့် ညားစွာနဲ့ ကျောင်းရှေ့အပေါက်ကနေဝင်လာကြသူတွေပါ။ကျနော်ပဲဘယ့်နှယ့်ယောင်လည်လည်နဲ့ နောက်ပေါက်ကရောက်လာရတယ်လို့ ။ကျောင်းဝန်းထဲရောက်လာတော့သက်တန်းနုသစ်ပင်ငယ်ပိန်ရှည်ရှည်လေးတွေဟိုတစ်ပင်ဒီတစ်ပင်စတွေ့ လာရတယ်။အနည်းငယ်ဆက်ဝင်လာတော့ကင်တင်းခေါ်မလား စားသောက်တန်းခေါ်မလား သုံးခန်းကန့် ထားတဲ့ ဆိုင်ခန်းရှည်မျောမျာလေးတစ်ခုတွေ့ တယ်။

ကျောင်းဝန်းထဲလည်းအားလုံးပေါင်းမှ ဒီတစ်ဆိုင်တွေ့ တာပါပဲ။ ကျောင်းသားတစ်ယောက် နှစ်ယောက် စတွေ့ ရတယ်။လူရိပ်လူယောင်မြင်ရလို့ ဝမ်းသာသွားတာမျက်ရည်တောင်ဝဲတက်လာတယ်။တကယ်ပါ ကျောင်းဝန်းထဲစဝင်လာခါစက ခြောက်ကပ်တိတ်ဆိတ်နေလို့  ပြန်ပြေးချင်စိတ်တောင်ပေါက်နေတာ။ ဒီကိုမလာခင်ကတော့ကျောင်းကြီးကိုခမ်းခမ်းနားနားစိတ်ကူးယဉ်ထားတာလေ။ခုတော့တရားရိပ်သာနဲ့  နင်လားငါလား။အတွေးထဲဝင်လာတဲ့ အားငယ်စိတ်ကိုဆတ်ခနဲခေါင်းခါပြီးဖယ်ထုတ်လိုက်တယ်။ ဆက်လျှောက်လာတော့ကျောင်းသားကျောင်းသူတွေဟိုတစ်စုဒီတစ်စုဟိုနားတစ်ယောက်ဒီနားတစ်ယောက်။
အနာဂတ်ကမာ့အင်ဂျင်နီယာလောကကိုကိုင်လှုပ်ပစ်မယ်ဆိုတဲ့မာန်ဝင့်နေတဲ့မျက်နှာပေးကိုယ်စီနဲ့ ပေါ့ ။ စတွေ့ တာပါပဲ။

ဒီလိုနဲ့ ကျောင်းအပ်ရမယ့်အခန်းထဲရောက်လာခဲ့ရတယ်ဆိုပါတော့။ကျနော့်ကိုအသားညိုညိုဒေါင်ကောင်းကောင်း
ဆရာကြီးတစ်ယောက်ကဒီကိုလာလို့ လှမ်းခေါ်တယ်(တကယ်တော့အသားညိုတာမဟုတ်ပါဘူးမည်းတဲ့ဘက်တောင်ရောက်နေပါပြီနောင်မှ
သိရတာအဲဒီဆရာကြီးကသင်္ချာံသင်တဲ့ဦးခင်မောင်ဌေး။ဆရာကြီးကို နောက်ကွယ်မှာတပည့်တွေကဆရာပေါင်ချိန်လို့ ခေါ်ကြသတဲ့ ) ။ ဆရာကြီးရှေ့မှာ ခပ်ရို့ ရို့ လေးဝင်ထိုင်လိုက်တယ်ဆရာကြီးက ထုံးစံအတိုင်း အမည်ဘာညာမေးအပြီး ကျနော့်မွေးသက္ကရာဇ်နေရာရောက်တော့ မျက်မှောင်ကျုံ့ သွားတယ်။ကျနော့် နားထင်ကို ဒိန်းကနဲ သွေးလာဆောင့်တယ်။အဲဒီနောက် ဆရာကြီးက ဘော့ပင်နဲ့ စာရွက်ဆွဲပြီး တဖောက်ဖောက်နဲ စ့ တွက်တော့တာပဲ။သင်္ချာံဆရာကြီးဆိုတော့လည်းတွက်ရတော့ပေမပေါ့။ကျနော်က ဆယ်တန်းလေးခါဖြေပြီးမှအောင်တာ ရှစ်တန်းတုန်းကလည်းတစ်နှစ်ကျသေး ( ပညာရှာ အိုသည်မရှိ ဆိုတဲ့ ရှေးလူကြီးသူမများပြောတဲ့စကားပုံကို ကျနော်တို့ GTI က အတိအလင်းဆန့် ကျင်ပါတယ်။ GTI မှာအဌာရဿ တွေ သင်ယူမယ်ဆိုအသက် ၂၂ နှစ်ကျော်ရင် အိုနာကျိုးကန်း ပညာမသင်နိုင်တော့တဲ့အရွယ်အိုကြီးအိုမလို့  သတ်မှတ်ပါတယ်။ဤကား စကားချပ် ) ။

Photo by Zaw Min Latt


ဘုရားဘုရား။ကျနော်ခြေဖျားလက်ဖျားတွေအေးစက်ပြီးရင်ထဲကတုန်ကရင်ဖြစ်လာတယ်။ဆရာကြီးကို
လှမ်းကြည့်တော့ကျနော့်မွေးသက္ကရာဇ်ကိုပိုင်းဝေတွေရောပိုင်းခြေတွေရောဟိုဟာနှင့်စားလိုက်ဒီဟာနှင့်နှုတ်လိုက်လုပ်နေတယ်။အခန်းထဲတိတ်ဆိတ်နေသမှကိုယ့်နှာမှုတ်သံကိုယ်အတိုင်းသားပြန်ကြားနေရတယ်။ သွားပါပြီ။ချွေးစေးပြန်နေတဲ့ လက်ဖဝါးနှစ်ဖက် မီးခိုးထွက်မတတ်ပွတ်ပြီး ဘုရားတနေရပြီလေ။ "မင်းကအသက်၂၂နှစ်ပြည့်ဖို့ သုံးလပဲလိုတော့တာပဲကွ"တိတ်ဆိတ်နေတဲ့အချိန်ဗြုန်းကနဲဆရာကြီးအသံထွက်လာတော့ကျနော်
ဆတ်ကနဲတုန်သွားတယ်။

"ဟုတ်ကဲ့"ကျနော်အသံကခြောက်ကပ်တုန်ရီစွာလည်ချောင်းထဲကအတင်းဖျစ်ညှစ်ပြီးတိုးတိုးလေး
ထွက်လာတယ်။
"အေးလေ..
.စည်းမျဉ်းစည်းကမ်းအတိုင်းဆိုရင်တော့" ဆရာကြီးကစကားဆက်မပြောပဲ ရပ်ထားတယ်။အဲဒီစက္ကန့် ပိုင်းအချိန်လေးဟာကျနော့်အတွက်တော့တစ်ကမာပါပဲ။ကျောင်းဖက်ကကြည့်မယ်ဆိုရင်လည်းကျနော့်လို
အသက်ကြီးကြီး
အတန်းငယ်ငယ်အရိုးရင့်ရင့်ကျောင်းသားတစ်ယောက်ကို ဘယ်လက်ခံချင်ပါ့မတုန်း။ ပြောရဆိုရဆုံးမရခက်မည့်အရေထူမည့်သဘောရှိပေသကိုး။ပြီးတော့ ဒီလိုကောင်မျိုးတွေကပဲ ကျောင်းမှာဗရုတ်သုတ်ခ လုပ်ကြတာပဲ။ဆရာကြီးက သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ပြီး " လက်ခံရမှာပေါ့ "။
(GTIဆရာကြီးဆရာမကြီးများကိုပြစ်မှားမိခဲ့သည်ရှိသော်ဤနေရာမှရိုသေစွာရှစ်ခိုးတောင်းပန်ပါသည် )


Nyi   Nyi    Htoon