Sunday, September 30, 2018

ကနစိုးကုန်း - မောင်သက်ငြိမ်


 ကနစိုးကုန်း





ပြန်မလော့မြစ်ဝမှာ အိပ်နေတာကြာပြီ

မင်းတို့တွေမမွေးခင်ထဲကဆို အတော်ကြာပြီ

ကရင်-ဗမာငြိမ်းချမ်းရေးအတွက် ဗိုလ်ချုပ်

မြစ်ဝကျွန်းပေါ်လာတော့ သိတာပေါ့

အဲဒီအချိန် --ခေါင်းကဆံပင်တွေမီးလောင်လို့

ကတုံးရိတ်ပြီးစပဲရှိသေးတယ်

စတီဗင် တို့ ယောဟန် တို့ ပေတလူး တို့

မာရီ တို့ မေရီအာနား တို့ မြေမြုပ်ပြီးစပဲရှိသေးတယ်

ညှော်နံ့တွေ အပုတ်နံ့တွေ ငိုညည်းသံတွေ

အံကြိတ်သံတွေနဲ့ ဘုရားကျောင်းခေါင်းလောင်းကို

ထိုးမယ့်သူမရှိခဲ့ဘူး

မျက်ရည်တွေဟာ သွေးဖြစ်လို့ ပြန်မလော့မြစ်ထဲ

စီးဝင်သွားတယ်



လိုချင်တာငြိမ်းချမ်းရေးပါ တန်းတူရေးပါ

ကရင်တစ်ကျပ် ဗမာတစ်ကျပ်ပါ ဒါပေမယ့်

မေယုသင်္ဘောဆီက ပေါင်ဒါအမြောက်ဆံတွေပဲရခဲ့တယ်

မီးလောင်နေတဲ့ ဘုရားကျောင်းဆီက ဓမ္မတေးသံတွေ

ဆိတ်သုဉ်းချိန်ပေါ့



လူငယ်လေးတွေပျောက်ပျောက်သွားတယ် သူတို့

ပြန်မလာကြတော့ဘူး ကြားပါတယ်

ဒုက္ခသည်စခန်းတွေမှာ တတိယနိုင်ငံတွေမှာ



တစ်ခါတော့ပြန်လာကြတယ် မုန်တိုင်းနဲ့အတူ

အဲဒီချိန်-- ကောင်းကင်မှာ ရဟတ်ယဉ်တွေဝဲလို့

လမုပင်ကြားပုန်းအိပ်နေရတယ် ခေါင်းပေါ်ကဖြတ်သွားတဲ့ ကျည်ဆံတွေ

ငုံ့ရှောင်နေရတယ် တစ်ခါမှ မငြိမ်းချမ်းတဲ့ဘဝ

ငြိမ်းချမ်းပါရစေ



ခရစ္စမတ်မှာ ဧည့်သည်တွေလာကြတယ်

သင်္ကြန်ဆိုသူတို့ဆီ သွားလည်တယ် အားလုံး

ဒေါင်းလန်းကြီးရဲ့အလည်မှာ ချစ်လို့ ခင်လို့

ငြိမ်းချမ်းလို့

စပါးလင်ပင်ကြက်သွေးလောင်းပြီး သူရဲမွေးသူတွေကို

မုန်းတယ်



ပြည်ကလာသူ နှစ်ထပ်သင်္ဘောတစ်စီးဟာ

လောကဓံထက်ပြင်းတဲ့ ဆတ်သွားရွာသူ မချစ်ချက်တဲ့

အရက်လို

ငါးတန်ချောင်းဘေးက မေရီချက်တဲ့အရက်ကို

သောက်ဖူးတယ် လမုသီးလေးတွေကိုက်လို့



ကောင်းကင်မျှားသူ ရဟန်းတစ်ပါး လာဖူးတယ်

မွှေးတို့ရဲ့မြို့ ကဗျာကိုရွတ်လို့



ပေစုတ်စုတ်ကဗျာဆရာတစ်ယောက်နဲ့

ကရင်မလေးတစ်ယောက်ကို အောင်သွယ်ပေးဘူးတယ်

ထမ်းပိုးပြီး စီလောင် ချောင်းကို ရေကူးပို့ပေးရင်းပေါ့



ခမ်းနားမှုမရှိပါဘူး

မာနမရှိပါဘူး

ရိုးသားသူတွေနေထိုင်တဲ့ဒေသ



ကနစိုးပင်တစ်ပင်မှမရှိဘူး (ဒါပေမယ့်)

ငါ့ကိုခေါ်ကြတယ် ကနစိုးကုန်း တဲ့

ပြန်မလော့မြစ်ဝ မှာနေပါတယ် ။ ။

မောင်သက်ငြိမ်

ရွှေဘုံသာ ငွေဘုံသာဘုရား သမိုင်း နှင့် သိုက်နန်းရှင် မမြစိမ်း


ရွှေဘံသာမုနိစေတီတော်

မမြစိမ်းသည် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ကျွန်းမီးအုပ်စု၊ မြစိမ်းရွာဇာတိဖြစ်သည်။
မြစိမ်းကျွန်းသည် ရွှေတောင်မြို့နယ်နှင့် ပန်းတောင်းမြို့နယ်အကြား ဧရာဝတီမြစ်အတွင်းရှိ ကျွန်းကြီးတစ်ကျွန်းဖြစ်သည်။
(ကွယ်လွန်သူ ဒါယကာကြီး ဦးညွန့်သိန်း၏ ပင့်ဆောင်ချက်အရ စာရေးသူသည် မြစိမ်းကျွန်းသို့ ကထိန်တရားဟော ရောက်ခဲ့ဖူးသည်။ ထိုအချိန်က မိုးတွေလေတွေထဲမှာ အနုမောဒနာတရား ဟောခဲ့ရသည်။)


မမြစိမ်းသည် သိုက်နန်းမှ လူ့ပြည်သို့ ခေတ္တရောက်ရှိလာရသူတစ်ယောက်ဖြစ်ကြောင်း အသိအမှတ်ပြုကြပါသည်။ ပန်းတောင်း ငါးမျက်နှာဘုရားကြီး၏ အနောက်ဘက် ကြောင်လိန်ဘုရားဘေးက ဇာလိရတောတန်းလေးမှာ သူနေထိုင်ရသည့် သိုက်နန်းရှိသည်။
ထိုသိုက်နန်းသို့ ပြန်ရမည့်အကြောင်းကို မသေခင်အချိန်ကလေးတွင် လင်ဖြစ်သူ ကိုဘုန်းကြွယ်နှင့် သားကလေးကို သူကိုယ်တိုင် ပြောကြားခဲ့သည်။
မမြစိမ်း ၁၂ နှစ်သမီးအရွယ်က မိဘများနှင့်အတူ မြစိမ်းကျွန်းမှ ဆိတ္တဲရွာ ထောက်ရှာတန်းရွာများကိုဖြတ်၍ ၂မိုင်ခွဲခန့်ဝေးသည့် ငါးမျက်နှာ ဘုရားကြီးသို့ ဘုရားဖူးရောက်ခဲ့သည်။
ဘုရားကြီး၏ အနောက်ဘက်ရှိ တောငွေ့တောင်ငွေ့တွေဝေနေသည့် ဇာလိရတောတန်းလေးဆီသို့ ငေးမျှော်ကြည့်ရင်း လွမ်းမျက်ရည်များ ရစ်ဝဲနေသည်။
မကြာခင်မှာပင် ဘုရားဖူးရင်း လန့်ပြီး မေ့မျောသွားလေသည်။
နောက်နှစ်တွေမှာ မိဘများက ဘုရားဖူးမလွှတ်တော့။



ကိုဘုန်းကြွယ်သည် အထက်အညာ ပုဂံညောင်ဦးသားဖြစ်သည်၊ အရောင်းအဝယ်ကိစ္စဖြင့် မြစိမ်းကျွန်းသို့ အသွားအလာများရင်း မမြစိမ်းနှင့် အကြောင်းပါခဲ့ခြင်းဖြစ်သည်။
မမြစိမ်းတွင်နာမည်အရင်းရှိသည်။ သို့သော် ကိုဘုန်းကြွယ်က ချစ်စနိုးနှင့် မြစိမ်းရွာသူဖြစ်သောကြောင့် မမြစိမ်းဟုခေါ်ရင်း နာမည်အရင်းမှာ တိမ်မြုပ်သွားခြင်းဖြစ်ပေသည်။
မမြစိမ်းကြောင့် မြစိမ်းရွာဟု နာမည်တွင်ခြင်းမဟုတ်ပါ။ မြစိမ်းရွာကိုအစွဲပြု၍ မမြစိမ်းဟု နာမည်တွင်ခြင်းဖြစ်သည်။ မမြစိမ်းကား စံပါယ်ပန်းအလွန်ကြိုက်နှစ်သက်သူဖြစ်သည်။
အိမ်ထောင်ကျပြီးနောက်ပိုင်းတွင် အိပ်မောကျနေစဉ် "ပြန်ခဲ့ပါ့မယ်၊ ပြန်ခဲ့ပါ့မယ်"ဟု တောင်းတောင်းပန်ပန်နှင့် ထပြီး ရောင်ရောင်အော်တတ်သည်။ အတင်းလှုပ်နှိုးပြီး မေးတော့လည်း ဘာမျှမပြောဘဲ ငိုင်တွေပြီး မျက်ရည်များသာ တတွေတွေကျလာသည်။
ကိုဘုန်းကြွယ်နှင့်မမြစိမ်းတို့တွင် သားရတနာတစ်ယောက်ထွန်းကားသည်။ သားကလေးမွေးဖွားပြီးကတည်းက မမြစိမ်း၏ ရောင်ရမ်းမှုများက ရက်စိပ်လာသည်။
ကိုဘုန်းကြွယ်နှင့်မမြစိမ်းတို့ ရွာဦးကျောင်းဆရာတော်ကြီးထံသို့ သွားရောက်မေးမြန်းလျှောက်ထားကြသည်။
ဆရာတော်ကြီးက တွက်ချက်ပေးပြီး ဒကာမလေးအမည်နဲ့ အလှူအဒါန်း မပြတ်လုပ်ပေးပါ။ ဘဝအဆက်ဆက် တော်စပ်ခဲ့ကြတဲ့ မိဘ မောင်ဘွား ဆွေမျိုးသားချင်းတွေကို အမျှဝေပါ။ ငါးမျက်နှာ ဘုရားကြီးသို့သွားပြီး ဆွမ်း ပန်း ရေချမ်းကပ်ပါ။ ကျန်းမာရေးကောင်းရန် ဆုတောင်းပါဟု မိန့်လိုက်သည်။
မမြစိမ်းသည် ကျန်းမာရေးအတွက် ဘုရားကြီးကို ရောက်လာပြန်တော့ လွမ်းသလို ဆွေးသလို ဝမ်းနည်းဝမ်းသာဖြစ်နေမိသည်။ ကြောင်လိမ်ဆီသို့ လှမ်းမျှော်ကြည့်မိသည် စိမ်းညို့ညို့တောတန်းလေးထဲက မိခိုးငွေ့တန်းလေးဆီမှ လူတစ်ဦးတစ်ယောက် လက်ယက်ခေါ်သလို ထင်မြင်လာရသည်။


မမြစိမ်း ငိုချင်လာသည် မျက်ရည်တွေစို့လာသည်။ ရင်တွေတုန်လာသည်။ ကိုဘုန်းကြွယ်ကိုပြတော့ ကိုဘုန်းကြွယ်မှာ ဘာကိုမျှ မမြင်ရ။ ဒါကြောင့် ကိုဘုန်းကြွယ်ကိုခေါ်ပြီး ရွာကိုပြန်ခဲ့တော့သည်။ ထို့နောက် အတန်ကြာ မမြစိမ်း ကျန်းမာရေး ပြန်ကောင်းလာသည်။
သားလေး ၉ နှစ်သားအရွယ်တွင် မမြစိမ်း ကျန်းမာရေး ချို့ယွင်းလာပြန်သည်။ ဘယ်သူ့ကိုမျှလည်း စကားသိပ်မပြောတော့။ ရွာဦးကျောင်းဆရာတော်က "ကဲ ဒီနွေ သီးနှံပေါ်လျှင် သားလေးကို ရှင်ပြုကြတော့"ဟု ခေါ်၍ မိန့်ကြားလေသည်။ တပိုတွဲလပြည့်ကျော်တွင် အလှူကြီးပေးရန် စီစဉ်ကြတော့သည်။

ငွေဘုံသာစေတီတော်


ကိုဘုန်းကြွယ်သည် တပိုတွဲလဆန်းတွင် ပြည်မြို့သို့ ကုန်ရောင်းသွားရင်း အပြန်တွင် မမြစိမ်းမှာလိုက်သည့်အတိုင်း သားလေးရှင်ပြုရန် မောင်ရှင်လောင်းဝတ်စုံ၊ သင်္ကန်းပရိက္ခရာများ၊ ဇနီးမောင်နှံအတွက် အဝတ်အစားနှင့် လှူဖွယ်ပစ္စည်များ၊ ဧည့်ခံကျွေးမွေးရန်ပစ္စည်းများကို စုံလင်စွာဝယ်ယူပြီး လှေဆိပ်သို့ ဆင်းခဲ့သည်။
လှေဆိပ်တွင် အညိုရောင်တိုက်ပုံ ပုဆိုးကွက်ကြား လွယ်အိတ်ကြီးတစ်လုံးကိုလွယ်လျက် အဘိုးကြီးတစ်ဦးနှင့် အထုပ်ထမ်းထားသော လူငယ်တစ်ဦးက ငါးမျက်နှာဘုရားသို့ လှေကြုံလိုက်ချင်ကြောင်း တောင်းပန်ပြောကြားသည်။


ကိုဘုန်းကြွယ်ရင်ထဲ ဒိတ်ကနဲခုန်သွားသည်။ သို့သော် လှေကြုံစီး ခရီးသည်နှစ်ဦးကို လှေပေါ်တင်၍ ခေါ်ခဲ့ပါသည်။
ရေစုန်သို့ဆင်းလာခဲ့သောလှေကြီးသည် ၂မိုင်ခန့်စုံဆင်းခဲ့ပြီး ပန်းတောင်းမြို့မရောက်မီ ကျွန်းတစ်ကျွန်းဘေးတွင် ရေဆန်လည်းမဟုတ်ပါဘဲ အပြစ်အနာအဆာလည်းမရှိသော လှေခက်တက်ကြီးသည် ဂျွမ်းကနဲကျိုးသွားသည်။
တက်ကျိုးသွားသောကျွန်းဘေးတွင် ရပ်နားပြီး ကျွန်းပေါ်တက်ကာ တက်သစ်တစ်ချောင်းခုတ်သည်။ ညအိပ်ရပ်နားပြီး နောက်နေ့မနက်မှ ခရီးဆက်ခဲ့သည်။ အတိတ်နိမိတ်မကောင်းပါလားဟု ကိုဘုန်းကြွယ်တွေးမိသည်။
ယင်းတက်သစ်ခုတ်သောကျွန်းကို ယခုအခါ တက်သစ်ကျွန်းဟုခေါ်ကြသည်။ ပန်းတောင်းမြို့နယ် သရက်လိန်အုပ်စုတွင် ပါဝင်သော တက်သစ်ကျွန်းရွာကြီးဖြစ်သည်။ ထောက်ရှာတန်းရွာလှေဆိပ်တွင် ခရီးသည်နှစ်ဦးအား ထားခဲ့ပြီး ရွာသို့ပြန်ခဲ့သည်။
လှေဆိပ်တွင် မမြစိမ်းတို့သားအမိ စောင့်ကြိုနေကြသည်။ ဆရာတော်နှင့်တိုင်ပင်၍ တပိုတွဲလပြည့်ကျော် ၁၃ ရက်နေ့ကို အလှူရက် သတ်မှတ်ကြသည်။ 


တပိုတွဲလပြည့်ကျော် ၈ ရက်နေ့ ည လူခြေတိတ်တွင် ကျွန်းပေါ်ကခွေးများ ရုတ်တရက်အူကြကာ တစ်ကျွန်းလုံး ဆူညံနေသည်။ ထိုအချိန် မမြစိမ်းသည် အိပ်ယာမှ လန့်နိုးလာကာ "ခေါ်နေပြီ ခေါ်နေပြီ၊ လာခဲ့ပါ့မယ် လာခဲ့ပါ့မယ်"ဟု တကြော်ကြော်အော်ပြီး ငိုနေသည်။
ထသွားတော့မလိုလုပ်၍ ဝိုင်းဆွဲထားရသည်။ အားပေးစကားပြောကြ၊ ချော့ကြနှင့် မိုးစင်စင်လင်းတော့သည်။
ကိုဘုန်းကြွယ်လည်း ကြံရာမရ ဆေးဆရာရှာရင်း လှေပေါ်ပါလာသောလူများကို သတိရပြီး ငါးမျက်နှာဘုရားပေါ်သို့ ရောက်ခဲ့သည်။ ထိုအဖိုးကြီးနှင့်တပည့်ဖြစ်သူတို့ကို တောင်ဘက်စောင်းတန်း ဇရပ်ပေါ်တွင် အခန့်သင့်တွေ့ရသည်။
အကျိုးအကြောင်းပြော၍ ဆေးကုပေးရန်ပင့်ရာ "အလုပ်အရေးကြီးနေသဖြင့် မလိုက်နိုင်ပါ။ ဟောဒီဆေးနဲ့ အန္တရာယ်ကင်းလက်ဖွဲ့ကို လည်ပင်းမှာချည်ပေးပါ။ အမြန်ပြန်"ဟု မှာလိုက်သည်။
ကိုဘုန်းကြွယ်အိမ်ပြန်ရောက်တော့ မမြစိမ်းက မသက်သာ။ သားလေးကလည်း ကြိတ်ငိုနေသည်။ ဆွေမျိုးသားချင်းတွေလည်း မျက်နှာမကောင်းကြ။


ဆရာကြီးပေးလိုက်သောဆေးကို ရေဖျော်အစက်ချတိုက်ပြီး လက်ဖွဲ့ကလေးကို မမြစိမ်းလည်ပင်းမှာ ချည်ပေးလိုက်သည်။ ချည်ပြီးတုတ်ပြီးဖြစ်သွားသည်ကို ကိုဘုန်းကြွယ် မသိရှာပေ။
တပိုတွဲလပြည့်ကျော် ၉ ရက်နေ့ သက်ကြီးခေါင်းချချိန်တွင် မမြစိမ်းက "ကျွန်မသွားရတော့မယ်၊ သူတို့လာခေါ်နေကြပြီ၊ ကိုဘုန်းကြွယ်ကမသိတော့ သိုက်ဆရာလှေပေါ်တင်ခဲ့တာကို၊ လက်ဦးသွားပြီ၊
သားလေးကို သတ်မှတ်ထားတဲ့ရက်မှာ ရှင်ပြုပေးပါ၊ ရှင်လောင်းလှည့်ရင် ငါးမျက်နှာဘုရားကြီးကို ဦးခိုက်ဖူးမြင်ပါ၊ ရေစက်ချရင် ကိုဘုန်းကြွယ်တို့သားအဖနှစ်ဦးစလုံး မမြစိမ်းကို အမည်ခေါ်ပြီး အမျှဝေပါ၊
ငါးမျက်နှာဘုရားကြီးအနောက်ဘက် ကြောင်လိန်ဘုရားဘေးက ဇာလိရတောတန်းလေးမှာ မမြစိမ်းနေရတော့မယ်၊ တောတန်းထဲက မီးခိုးငွေ့တန်းလေးတွေကို မြင်ရလိမ့်မယ်၊ အဲဒီကိုလာပြီး အမျှဝေပါ"ဟု တိုးညှင်းစွာမှာပြီး ကိုဘုန်းကြွယ်တို့သားအဖကိုထားခဲ့ကာ မမြစိမ်း ကွယ်လွန်ရရှာလေသည်။
တစ်အိမ်လုံးမှာလည်း စံပါယ်ပန်းရနံ့တွေ မွှေးပျံ့ ကြိုင်လှိုင်နေသည်။ ကိုဘုန်းကြွယ်တို့သားအဖကို မင်းအလွန်ကြိုက်တဲ့ စံပါယ်ပန်းတွေနဲ့ နှုတ်ဆက်ခွဲခွာသွားပြီလား မမြစိမ်းရေလို့ ရင်ထဲမှာကြေကွဲဝမ်းနည်းစွာ ပြောနေမိတော့သည်။


နောက်နေ့မှာပင် မမြစိမ်းဈာပနကို အရင်စီစဉ်ရတော့သည်။ အလှူပွဲရက်က နီးကပ်နေသည်။ မမြစိမ်း၏ဈာပနတွင် ကိုဘုန်းကြွယ်နှင့် သားကလေးကို မြင်ပြီး ယူကြုံးမရ ဖြစ်ကြရပေသည်။
ရှင်လောင်းလှည့်တော့လည်း ငါးမျက်နှာဘုရားကြီးကို ရောက်ကြသည်။ ကိုဘုန်းကြွယ်စိတ်ထဲမှာတော့ မမြစိမ်းကိုသာ သတိရနေမိသည်။
"မမြစိမ်းရေ မင်းမှာတဲ့အတိုင်း ဒီနေ့ ရှင်လောင်းလှည့်ပြီး ငါးမျက်နှာဘုရားကြီးကို လာရောက်ဦးခိုက်ပူဇော်ကန်တော့ခဲ့ပါတယ်။ မနက်ဖန် မင့်သားကလေး ရှင်သာမဏေဖြစ်တော့မယ်။ မင်းလာနိုင်လျှင် လာခဲ့ပါ။ ဒို့သားအဖတွေ မင်းမှာခဲ့သလို အမျှပေးဝေပါ့မယ်"လို့ တိုးတိတ်စွာ ပြောဆိုမိခဲ့လေသည်။
အလှူပြီးမြေက်လို့ ရေစက်ချ အမျှဝေတော့လည်း ကိုဘုန်းကြွယ်ခမျာ ဖြောင့်တန်းအောင် အမျှ မဝေနိုင်။ မျက်ရည်တွေတွေကျပြီး "မမြစိမ်းရေ ဒို့သားအဖ အလှူပြီးလို့ ရေစက်ချ အမျှဝေနေပါပြီ၊ မင်း ကြားနိုင်ပါစေ။ မြင်နိုင်ပါစေ။ သာဓုခေါ်နိုင်ပါစေ"ဟုသာ တိုတိုပြောလိုက်ရတော့သည်။



တပိုတွဲလကွယ်နေ့နံနက်တွင် ဆရာတော့်ထံခွင့်ပန်ပြီး သားကိုရင်လေးပါခေါ်၍ ငါးမျက်နှာဘုရားသို့ လာခဲ့ကြသည်။ ဘုန်းကြီးကျောင်းမှ ဧည့်သည်တစ်ဦးပါ ဘုရားဖူးရန် လိုက်လာခဲ့သည်။ ထိုဧည့်သည်မှာ စကားမပြောတတ်။ လက်ဟန် ခြေဟန်နှင့်သာ ပြောရသည်။
ဘုရားဖူးပြီး မမြစိမ်းက သူရှိနေမယ်ဟုပြောသွားသော ကြောင်လိမ်ဘုရားဘေးက ဇာလိရတောတန်းလေးသို့ သွားကြည့်ကြသည်။ ကိုရွှေအ,လည်း တပါတည်းပါလာခဲ့သည်။
တောတန်းလေးထဲဝင်ခါစတွင် ကြက်သီးတွေထသည်။ ကိုရင်လေးကလည်း သူ့အဖေလက်ကို တင်းတင်းဆုပ်ထားသည်။

တောတန်းလေးအလယ်တွင် ဖျာနှစ်ချပ်စာလောက် ရှင်းလင်းထားပြီး ပါတ်လည်တွင် တိုင်လေးတိုင်စိုက် ကြိုးအနီကြီးနှင့်တန်းကာ ကာရံထားသည်။ အထဲတွင် လှေကြုံစီးလာခဲ့ကြသော အဘိုးကြီးဆရာတပည့်နှစ်ဦးကို အုန်းငှက်ပျောပွဲတွေနဲ့အတူ တွေ့ရသည်။
အဘိုးကြီးက ကိုဘုန်းကြွယ်တို့အား လှည့်ကြည့်ပြီး"အေး မင်းတို့လာမယ်ဆိုတာ သိပြီးသားပါ။ လာ ကြိုးဝိုင်းထဲဝင်"ဟုခေါ်သည်။


ကိုဘုန်းကြွယ်က" မမြစိမ်းက ဒီတောတန်းလေးမှာ သူရှိမယ်လို့ ပြောလို့ လာတာပါ။ အထဲကို မဝင်တော့ပါဘူး၊ ပြန်တော့မယ်"ဟုပြောရာ "အေး ဟုတ်တယ်၊ မင့်မိန်းမ မမြစိမ်းက ဥစ္စာစောင့် သိုက်နန်းရှင်၊ ဒီငါးမျက်နှာဘုရားသိုက်မှာ စောင့်နေရတာ၊ ငါ အခု သူတို့ကိုခေါ်နေတာ၊ မကြာခင်လာတော့မှာ၊ ကိုရင်လေး အမေကိုတွေ့ချင်တယ်မိုလား လာ ဒီအထဲဝင်ခဲ့"ဟု ခေါ်ပြန်သည်။
မမြစိမ်းကို တွေ့ရမည်ဆိုလို့ သားအဖနှစ်ဦး ကြိုးဝိုင်းထဲကို ဝင်ခဲ့ကြသည်။ ကိုရွှေအ,က တော့ မဝင်၊ ဘေးကနေ အရိပ်အခြေ ကြည့်နေသည်။
အဘိုးကြီးက လွယ်အိတ်ထဲနှိုက်ပြီး အင်းချပ်တွေနှင့်မြေပေါ်ပေါက်ကာ ဆေးမှုန့်တွေမန်းပြီး မြေပေါ်ကြဲဖြန့်သည်။ လက်ထဲက နီညိုရောင်ကြိမ်လုံးနှင့် မြေကြီးကိုရိုက်ပြီး " လာခဲ့စမ်း၊ ဒူးတုပ်ပြီးလာခဲ့၊ သိုက်ကိုဖွင့်စမ်း၊ နင့်ယောက်ျားနဲ့ နင့်သားကိုရင် ငါ့စည်းဝိုင်းထဲရောက်နေပြီ။ မြစိမ်း ခုလာခဲ့ ထွက်ခဲ့ သိုက်ကိုဖွင့်ပေး"ဟု စူးစူးဝါးဝါး အော်တော့သည်။


ထိုအချိန် လေမတိုက် မိုးမရွာဘဲနှင့် သစ်ပင်သစ်တောတွေယိမ်းယိုင်ပြီး တောဟီသံလို ဝူးဝူးဝေါဝေါနှင့် တစ်တောလုံး ဆူညံသွားတော့သည်။ကိုဘုန်းကြွယ်တို့သားအဖလည်း ကြောက်ရွံ့စွာ တစ်ဦးကိုတစ်ဦး ဖက်နေရသည်။ စံပါယ်ပန်းရနံ့တွေကလည်း မွှေးပြန့်လာသည်။
ထိုအချိန်တွင် ကိုရွေအ,တစ်ယောက် မမျှော်လင့်ဘဲ ဝူးဝူးဝါးဝါး အော်ဟစ်ပြီး ကြိုးဝိုင်းထဲပြေးဝင်ကာ အုန်းငှက်ပျောပွဲတွေကို ခြေဖြင့်ကန်လွှင့်ပစ်တော့သည်။ ဆရာကြီးနှင့် သူ့တပည့်က ဆွဲသော်လည်း မရတော့။


ကိုရွှေအ, ခုတော့ စကားပြောပြီ၊ အောင်ပြီ အောင်ပြီဟု အော်တော့သည်။ အဖိုးကြီးဆရာတပည့်မှာ မြေကြီးပေါ်လူးလှိမ်းပြီး ကယ်ပါယူပါ အော်နေတော့သည်။ ကိုဘုန်းကြွယ်တို့ သားအဖသည် ကြောက်လန့်တကြား ခပ်သုတ်သုတ် ရွာသို့ ပြန်ပြေးခဲ့ကြရသည်။
ထိုတပိုတွဲလကွယ်နေ့ ည ၈ နာရီလောက်မှာပင် ဆရာတော်က ခေါ်ခိုင်း၍ ကိုဘုန်းကြွယ် ဘုန်းတော်ကြီးကျောင်းသို့ အဖေါ်တစ်ယောက်နှင့် လာခဲ့သည်။ ဆရာတော်က ကုလားထိုင်ပေါ်တွင်ရှိသည်။
ကိုရင်လေးများနှင့် ကပ္ပိယကြီးက ကြမ်းပြင်ပေါ်တွင်ရှိသည်။ ဘုရားရှေ့တွင် ရွာထဲက ဒေါ်လေးခင်နှင့် သူ့တူမလေးကကြုံ့ကြုံ့ထိုင်နေကြသည်။ "ကဲကဲ ဒကာမကြီး ပြောစရာရှိတာ ပြောပါ။ ဘုန်းကြီးခွင့်ပြုပါတယ်"ဟု ဆရာတော်က ခွင့်ပြုပေးသည်။
ဒေါ်လေးခင် တစ်ကိုယ်လုံး တုန်ရီလာပြီး ကိုဘုန်းကြွယ်တို့ဘက်သို့လှည့်ကာ ငိုတော့သည်။ ကိုရင်လေးကိုလည်း ရှိခိုးကန်တော့သည်။ 



"ကိုဘုန်းကြွယ်၊ မမြစိမ်းဟာ ငါးမျက်နှာဘုရားကြီးသိုက်ကိုစောင့်ရတဲ့ ဥစ္စာစောင့်ပါ။ မောင်နှမ လေးယောက်ရှိပါတယ်။ လူ့ပြည်ကို ခဏသွားချင်တယ်ဆိုလို့ လွှတ်လိုက်တာ။ သားသမီးရရင် ပြန်လာပါ့မယ်လို့ ကတိပေးခဲ့ရတယ်။ ကိုရွှေအ,ဟာ သိုက်နန်းမှာ မမြစိမ်းရဲ့ မောင်ပါ။
သိုက်နန်းရှိတဲ့နေရာကို သိုက်ဆရာတွေ သိသွားကြပြီ။ ဒါကြောင့် မမြစိမ်းတို့ သိုက်ပြောင်းရတော့မယ်။ ပန်းတောင်းမြို့ရဲ့ မြောက်ဖျားက ဖိုးဦးတောင်ကို ပြောင်းရမယ်။ အဲဒီမှာ ဖိုးဦး၊ ဖိုးဖြူ ၊ မဉ္ဇူ ၊ တန့်ကြည့် တောင်တန်းတွေ တဆက်တည်းရှိတယ်။
နောင် အဲဒီတောင်တန်းတွေမှာ စေတီပုထိုးဘုရားသာသနာ ပွင့်လန်းလာတော့မှာ၊ မနက်ဖန် ပြောင်းတော့မယ်။ ကိုဘုန်းကြွယ်နဲ့ ကိုရင်လေး အဲဒီတောင်တန်းတွေဆီကို အရောက်လိုက်လာခဲ့ပါ။
မမြစိမ်းတို့ ပေးပိုင်ခွင့်ရှိတဲ့ ပစ္စည်းတွေထဲက တောင်တစ်ခုပေါ်မှာ ငွေတွေပုံပေးထားပါ့မယ်။ အဲဒီနေရာမှာ ငွေပုံပေးစေတီ တည်ထားပေးပါ။ နောက် တောင်တစ်ခှုမှာ ရွှေတွေပုံပေးထားပါ့မယ်။ အဲဒီနေရာမှာ ရွှေပုံပေးစေတီ တည်ထားပေးပါ။
စေတီတွေတည်ပြီးလို့ အမျှဝေရင် သိုက်ချုပ်ဘိုးတော်နဲ့ မမြစိမ်းတို့မောင်နှမတွေကို ဒီဘဝကကျွတ်အောင် လွတ်အောင် ကိုဘုန်းကြွယ်တို့သားအဖ ကိုယ်တိုင် အမျှဝေပေးပါ"လို့ မျက်ရည်စက်လက်နဲ့ မှာကြားခဲ့လေသည်။


ကျောင်းခန်းတစ်ခုလုံး စံပါယ်ပန်းရနံ့တွေမွှေးနေပြီး မကြာမီ တဖြေးဖြေးနဲ့ ပြယ်သွားတော့သည်။
ရွှေဘုံသာမုနိစေတီတော်ကြီး၏ ရင်ပြင်တော် အရှေ့မြောက်ထောင့်တွင် အမတော်မမြစိမ်း၏ နတ်နန်းကို ခန်းနားတင့်တယ်စွာ တည်ဆောက်ထားပါသည်။
အမတော်မမြစိမ်းရုပ်တုအား မန္တလေးမြို့မှ ဒေါ်မြင့်မြင့်သန်း(အင်ဂျင်နီယာ)က ယင်း၏အိမ်တွင် ပန်းပုဆရာခေါ်ပြီး ထုဆစ်ခဲ့သည်။ မျက်နှာကို အဓိဋ္ဌာန်ပြု စိတ်ကူးပုံဖေါ် အာရုံယူပြီး ကိုယ်တိုင် ပြုလုပ်ခဲ့သည်။ မိန်းကလေးအင်္ဂါ အစုံအလင် ထည့်သွင်းထုလုပ်ခဲ့သည်။
ဝတ်လဲတော် လဲလှယ်ပါက ရှေ့မှ ကန့်လန့်ကာပိတ်ပြီး အမျိုးသမီးများကသာ လဲလှယ်ပေးရပါသည်။ အဝတ်အစား သန့်ပြန့်စွာဝတ်စားပြီး အပျိုစင်တစ်ဦးပါဝင်ကာ လဲလှယ်ပေးကြသည်။
ရွှေဘုံသာမုနိဘုရားကြီး ဘက်စုံပြုပြင်နေစဉ်က အမတော်တို့ညီအမသုံးဦး အစိမ်းရောင်ဝတ်စုံများဖြင့် လာရောက်၍ လက်ဝတ်လက်စားတွေချွတ်ကာ လှူဒါန်းသွားခဲ့ကြသေးသည်။
အမတော်နတ်နန်းတွင် အမျိုးသမီးငယ်နှစ်ဦး ဓာတ်ပုံရိုက်ပြီး ပုံကူးသောအခါ နောက်မှပုဝါဖြူ ခြုံထားသော အမတော်ပုံ ထူးခြားစွာပါလာခဲ့၍ ဂေါပကအဖွဲ့မှ မှတ်တမ်းပြုထားပါသည်။
ရှမ်းပြည်မှ တိုင်းရင်းသူတစ်ဦး အမတော်သလွန်အား ဓာတ်ပုံရိုက်ပြီး အမတော်တကယ်ရှိပါက ထင်ရှားစွာပြရန် အဓိဋ္ဌာန်ခဲ့သည်။ လက်ကိုင်ဖုန်းဖြင့်ရိုက်ခြင်းဖြစ်၍ ပြန်ဖွင့်ကြည့်သောအခါ သလွန်ပေါ်တွင် တုံးလုံးလှဲနေသော အမတော် ပုံရိပ်ကို တွေ့ရသည်။
ဓာတ်ပုံကူးသောအခါ ကူး၍မရပေ သို့သော် ထိုပုံကို အနီးအနားရှိ ဂေါပကနှင့် ဘုရားဖူးသူတို့ ဖုန်းထဲတွင် မြင်တွေ့လိုက်ကြရသည်။


အမတော်နန်းမှ အလှူငွေကို ဘဏ်တွင် သီးခြားအပ်ထားပြီး ဘုရားကြီးရွှေသင်္ကန်းကပ်လှူပူဇော်ချိန်တွင် အမတော်၏သာသနာပြု လုပ်ငန်းအဖြစ်ပါဝင်စေကာ ရွှေသင်္ကန်း ကပ်ပေးကြပါသည်။
အရင်က ရွှေဘုံသာဘုရားကြီးတွင် မုခ်သုံးခုသာရှိခဲ့ပါသည်။ ဘိုးတော်များနှင့် အမတော်မမြစိမ်းက အနောက်ဘက်မုခ်ပါ ဖွင့်လှစ်ပေးပါရန် မေတ္တာရပ်ခံတောင်းဆိုခဲ့၍ အနောက်ဘက်မုခ်ကို ဖွင့်ဖောက် တည်ဆောက်ပေးခဲ့ရသည်။


ပြည်မြို့မှ နဝဒေးတံတားကြီးအတိုင်း အနောက်ဘက်သို့ကူးကာ မြောက်အရပ်သို့သွားလျှင် ဧရာဝတီမြစ်ကမ်းနံဘေးတွင် ရွှေဘုံသာမုနိစေတီတော်မြတ်ကြီးကို ကြည်နူးဖွယ်ရာ ဖူးတွေ့ရမည်ဖြစ်ပါသည်။
ရွှေဘုံသာမုနိဘုရားမှ မြောက်အရပ်သို့ ဆက်လက်၍သွားလျှင် ယခုအခါ ပရဟိတဦးကျော်သူ တည်ထားသော ဘုရားကို တွေ့ရှိဖူးမြင်ရမည် ဖြစ်ပါသည်။
ထိုဘုရားမှ မြောက်အရပ်သို့ဆက်သွားပါက ဖိုးဦးတောင်ကို ရောက်ရှိမည်ဖြစ်ပါသည်။ ဘုရားဖူးလာ ပြည်သူများကလည်း မိမိတို့ပြုသမျှ ကုသိုလ်များအား အမျှအတန်းဝေလျှင် သိုက်ချုပ်ဘိုးတော်နှင့် မမြစိမ်းတို့မောင်နှမတစ်စုအား အမျှပေးဝေရင်း
ဒီဘဝမှ ကျွတ်ပါလွတ်ပါစေ၊ တဆင့်ထက်တဆင့် မြင့်သထက်မြင့်တဲ့ဘဝတွေကို ရယူပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သကာ အမျှအတန်း ပေးဝေသင့်ပါပေသည်။
သံသရာခရီးတလျှောက် ဘဝအနိမ့်အမြင့် အမျိုးမျိုးမှာ ကျင်လည်ကြရတဲ့ သတ္တဝါတွေအတွက် ခန္ဓာတွေရှိနေသေးသ၍ ကုသိုလ်တရားတွေ လိုအပ်နေသည် မဟုတ်ပါလား။


အရှင်ပညာဇောတ
ရွှေလရောင်

(ဝန်ခံချက်)
ရွှေဘုံသာမုနိစေတီတော်ကြီး ဂေါပကအဖွဲ့မှ ထုတ်ဝေသော "သိုက်နန်းရှင် အမတော် မမြစိမ်း"စာအုပ်ကို မှီငြမ်းကိုးကားပါသည်။

(တောင်းပန်ချက်)
ခုနှစ်များကို အတိအကျမသိရ၍ မဖေါ်ပြနိုင်သည်ကို တောင်းပန်အပ်ပါသည်။

ဓမ္မဒါနမျှဝေသူ ပြည်- ကျော်မင်းခေါင်
ပြည်
သတင်းpageမှကူးယူဖော်ပြသည်
တဆင့် ပြန်လည်မျှဝေ ပြည် သစ္စာ

Wednesday, September 26, 2018

ပုဇွန်ဆီ

ဝါးခယ်မဈေးအတွင်းက ပုဇွန်ဆီရောင်းချနေသော ဈေးသည်တစ်ဦး



မြို.လေးက မြစ်ဝကျွန်းပေါ် မြို. ၊ ရေချိုမြို. မို. ရေချို ပုဇွန် စစ်စစ် ၏ အရသာ ကို အပြည့်အ၀ ခံစားခွင့် ရသောမြို.ဖြစ်သည် ။ ဟိုယခင်ကာလများကဆိုလျှင် ညနေဘက် ကမ်းနားသို.ရေချိုးဆင်းကြရင်း ရေဆင်းတံတား တိုင်ခြေကို ရေငုပ်စမ်းလိုက်လျှင်တောင် လက်မခန်. ပုဇွန် ၃ကောင်လောက်တော့ ဖမ်းလို.ရသော မြို.ဖြစ်သည် ။ ဒါ့ကြောင့်လည်း ရေကူးတတ်အောင် ပုဇွန် ကိုဖမ်းပြီး အစိမ်းစားရသည်ဟူသော စကားပေါ်ထွက်ခဲ့သလို ကလေးငယ်များလည်း ကိုယ်တိုင်လိုက်လုပ်ခဲ့ကြသည် ။ ယခုကာလများတွင်တော့ ရေသယံဇာတ ရှားပါးလာမှုဒါဏ်ကို အများနည်းတူခံစားနေကြရပြီး တစ်ခုပဲခံသာသည်က ရေချိုပုဇွန်စစ်စစ်တော့ စားခွင့်ရနေခြင်းပင် ။


ပုဇွန်ကို မိမိတို. မြို.လေးလောက် အစုံစားသည့်မြို. မရှိနိုင် ၊ ရှိလျှင်တောင် အတော်နည်းမည်ဟုထင်ရသည် ။ ပုဇွန်ကို အခြောက် ( ရိုးရိုးခြောက် ၊ ဒုံးခြောက် ) ၊ အကြော် ၊ အလှော် ( ပုဇွန် လက် ၂လုံးခန်.အကောင်များကို အမြီး ၊ နှုတ်သီးနှင့် လက်များ သာဖြုတ်ပြီး ဆီအနည်းငယ်နှင့်ထည့်လှော် ပုဇွန်ကထွက်သော အဆီဖြင့် ထမင်းကိုနယ်ပြီး အခွံခွာစားခြင်း ) ၊ အပြုတ် ၊ အဖုတ် ၊ အသုတ် ၊ အချဉ်ဆီပြန် ၊ ရေချို.ချက် ၊ ပုဇွန်ငါးဆုပ် စသည်တို.အပြင် ပုဇွန်ဥကို လှော်ပြီး တစ်နှစ်စာလှောင်စားကြသလို ပုဇွန်ကို အသားကြော်ကြော်ပြီး မုန်.ဟင်းခါးနှင့်စားခြင်း ၊ ပုဇွန်ဦးနှောက်ကို ကြော်ပြီး မုန်.ဟင်းခါးနှင့် စားခြင်း အပြင် ယခုပြောမည့် ပုဇွန်ဆီကို မက်မက်စက်စက် စားသုံးခြင်းသည်လည်း အလေ့အထ တစ်ခုဖြစ်သည် ။


မြို.လေးတွင် ပုဇွန် ( အသား မှ လွဲ၍ ကျန်သည့်အရာများ ) လွန်စွာပေါများခဲ့သော ကာလတစ်ခု ရှိခဲ့သည် ။. အတိအကျ မမှတ်မိသော်ငြား ၁၉၉၀ ၀န်းကျင်တစ်ဝိုက်ဟုထင်သည် ။ ထိုကာလ ငန်းကျင်က ၀ါးခယ်မ မှ ပုဇွန်များကို ခေါင်းဖြုတ် ၍ ကိုယ်လုံးများကို ရန်ကုန်တင် / နိုင်ငံခြားပို. လုပ်သော ခောတ်တစ်ခု ရှိခဲ့သည် ။ အခြေခံ လူတန်းစားအတွင်းတွင်လည်း ၀င်ငွေအသင့်အတင့်ရသည့် ပုဇွန်ခေါင်းချိုး သော လုပ်ငန်းတစ်ရပ် ပေါ်ထွန်းခဲ့သလို မြို.လေး၏ ဈေးကွက်တွင်လည်း ထိုလုပ်ငန်း၏ ဘေးထွက်ပစ္စည်းဖြစ်သော ပုဇွန်ခေါင်း ၊ ပုဇွန်ပါးသား ၊ ပုဇွန်ဆီဈေးကွက်တစ်ခု ဖွံ.ဖြိုးလာခဲ့သည် ။


ပုဇွန်ဆီကိုချက် ၊ ထမင်းပူပူ နှင့် နယ်လိုက်လျှင် ထွက်ပေါ်လာသော ရနံ.က ( ပုဇွန်ကြိုက်သူများအဖို.တော့ ) အင်မတန် ဆွဲဆောင်မှု ရှိသော ရနံ.တစ်ခုဖြစ်သည် ။ များသောအားဖြင့် ထိုစဉ်က လူကြီးများ က ထမင်းပူပူ ကို ဆားလေးအနည်းငယ်ဖြူး ၊ ပုဇွန်ဆီ နှင့်နယ် ၊ နံသာဖု ငှက်ပျော်သီး နှင့်စားလေ့ရှိကြသည် ။ ဤနေရာတွင် ထမင်းပူပူ နှင့်နယ်ရသည်မှာ အကြောင်းရှိသည်။ ပုဇွန်ဆီသည် ခဲပျစ်သောအမျိုးမို. ထမင်းအေးနှင့်နယ်လျှင် စေးပိုင်သော သဘောရှိပြီး ထမင်းအပူ နှင့် ပုဇွန်ဆီတွေ.သောအခါ ပုဇွန်ဆီသည် ထမင်းအပူတွင်ပျော်ဝင်သွားပြီး သူ၏ ကွယ်ဝှက်ထားသော ရနံ.ကိုပါ ဖွင့်လှစ်ပြလိုက်သော အခါ စားချင်စဖွယ်မွှေးကြိုင်လာတတ်သော ရနံ.ထွက်ပေါ်လာတတ်ခြင်းပင် ။ သူ.ကိုမှ ငှက်ပျော်သီးများအနက် ရနံ.အမွှေးကြိုင်ဆုံး ဒေသထွက် နံသာဖု ငှက်ပျော်သီး နှင့် တွဲဖက်စားသုံးလိုက်သောအခါ ဆိမ်.သော ၊ ချိုသော ၊ မွှေးသော ရနံ..၊ အရသာအားလုံးကို ပိုင်ဆိုင်ခွင့်ရရှိလိုက်ခြင်းပင် ဖြစ်သည် ။


( ဤနေရာတွင် တစ်ခုအသိပေးလိုသည်မှာ နည်းပညာ နှင့် အသိတရား ထွန်းကားဖွံ.ဖြိုးသော နိုင်ငံအသီးသီး၏ ဒေသအသီးသီးတွင် ဒေသထွက် သီးနှံ ၊ သား ၊ ငါး ၊ အစားအစာတို.ကို မျိုးရင်းမပျက် ထိမ်းသိမ်းကြပြီး ဂုဏ်ယူဝင့်ကြွားစွာ ဈေးကွက်တင်ကြသော ဓလေ့ရှိသော်ငြား မိမိတို.အနေဖြင့် ဤအပိုင်းတွင် များစွာ အားနည်းချက်ရှိနေကြသည် ။ ထို.ကြောင့် စွမ်းဆောင်နိုင်သူများ အနေဖြင့် ထိုကိစ္စ ရပ် ကို ပညာရှိ သတိဖြစ်ခဲ မဖြစ်ကြစေရန် နှိုးဆော်အပ်ပါသည် ။ ဥပမာ ၀ါးခယ်မ ပဲတီစိမ်း ၊ ၀ါးခယ်မငရုပ် ၊ သရွတ်မြိုက် ငါးသလောက် ၊ နံ.သာဖု ငှီက်ပျော ၊ဆင်စွယ်ငှက်ပျော ၊ ရာဇမတ် သရက် ၊ သံကွန်ခြာ သရက် ၊ နို.ဆီ သရက် စသည်ဖြင့် )


ယခုတိုင်လည်း မြို.လေးတွင် ပုဇွန်ဆီ ကိုစားသုံးနေကြဆဲဖြစ်သည် ။ သို.သော် ပြောင်းလဲလာသော နေထိုင် စားသောက်မှု ဓလေ့များကြောင့် အဖြစ်များလာသော သွေးတိုးရောဂါအတွက် ပုဇွန်ဆီသည် သတိထားရမည့် အစားအစာဖြစ်လာနေသည် ( ယခင်ကာလများက လူကြီးပိုင်းများ အနေဖြင့် ငါးသလောက် ၊ ပုဇွန်ဆီ စသည်တို.သည် အတိုင်းအတာ တစ်ခုအထိ စိတ်တိုင်းကျ စားနိုင် / စားရဲ ကြသော်လည်း ဒီဘက်ခောတ်များတွင်တော့ ဆင်ခြင်လာကြရသည် ) ။ အချို.ဒေသများတွင်မူ ဂဏန်းဆီ ကို ပုဇွန်ဆီ လုပ်ရောင်းတတ်ကြပြီး အခန်.မသင့်လျှင် ချက်ခြင်းပင် ဗိုက်နာတတ်ကြပြီး အခြားဘေးထွက်ဆိုးကျိုးများ ကြုံရလေ.ရှိသဖြင့် သတိနှင့်ယှဉ်၍ သုံးဆောင်ကြပါရန် သတိပေးအပ်ပါသည် ။

အစွဲအလမ်း ကြီးသူတို.ရဲ. မြေ က စွယ်စုံသုံး သတ္တ၀ါ



လူမျိုးအတော်များများ ဟာသက်ဆိုင်ရာ နိုင်ငံ ၊ ဒေသ ၊ လူမျိုး အစွဲ အနည်းနဲ.အများတော့ ရှိတတ်ကြပါတယ် ။ ဥပမာ ကိုရီးယားတွေချင်းဆို ဘယ်ကလည်း ၊ ဆိုးလ် က လို.ပြောလိုက်ရင် ဆိုးလ်မြို.သားချင်း ညီအကိုပါပဲ ။ အဲ့ဒီလိုပါပဲ ၊ မြို.သားကွ ၊ ရန်ကုန်သားကွ ၊ ရွှေမန်းသားကွ စသည်ဖြင့် ကြွေးကျော်ကြလေ့ရှိပါတယ် ။ အဲ့ဒီလိုပါပဲ ။ ၀ါးခယ်မသားတွေ ကလည်း ကြွေးကျော်လေ့ရှိပါတယ် ။ WKA ကွ ဆိုပြီးတော့ပေါ့ ။ WKA ဆိုတာ အရင် မှတ်ပုံတင် ခောတ် က ၀ါးခယ်မ စာလုံးပေါင်း WaKemA ရဲ. အတိုကောက် ကိုခေါ်တာပါ ။
တကယ်လို.များ သင့်အပေါင်းအသင်းထဲမှာ ၀ါးခယ်မသားတစ်ယောက်ယောက်များ ရှိခဲ့ရင်တော့ ဒီ Post လေးကို အပြတ်အသတ်ထောက်ခံမိမှာပါ ။


WKA ဆိုတာ မုန်.ဟင်းခါးဆိုလည်း ၀ါးခယ်မ မုန်.ဟင်းခါးမှ ၊ ငါးသလောက်ဆိုရင်လည်း သရွတ်မြိုက် ( ၀ါးခယ်မအပိုင်ကျေးရွာတစ်ခု ) ငါးသလောက်မှ ၊ ငါးမုန်.ကြော်ဆိုလည်း ၀ါးခယ်မ ထွက်မှ ၊ ပုဇွန်ချဉ်ဆိုရင်လည်း ၀ါးခယ်မ ပုဇွန်ချဉ် မှ ၊ သရက်သီးဆိုလည်း ဝါးခယ်မ ကနို့ဆီသရက်မှ - ငှက်ပျောသီးဆိုလည်း ဝါးခယ်မ က ဆင်စွယ်ငှက်ပျောမှ - ငရုတ်သီးတောင့် ငရုတ်သီးမှုန်.လည်း ၀ါးခယ်မ ကမှ ၊ လဘက်ထဲထည့်တဲ့ ကြက်သွန်ကြော်တောင် ၀ါးခယ်မ ကမှ ၊ မုန်.ဟင်းခါး ထဲထည့်စားတဲ့ ပဲကြော်တောင် ၀ါးခယ်မကမှ ၊ နောက်ဆုံး ဆနွင်းမှုန်.တောင် ၀ါးခယ်မကမှ စစ်တာ ၊ ကောင်းတာလို. ခံယူထားကြသူတွေပါ ။ ကြိတ်ထားတဲ့ သနပ်ခါးတောင် ၀ါးခယ်မ ကမှာလိမ်းကြတာပါ ။ ရန်ကုန်မှာ အလှုလုပ်လို. ၀ါးခယ်မ မုန်.ဟင်းခါးကျွေးတောင် ၀ါးခယ်မက ငါး ၊ ၀ါးခယ်မ က မုန်.ဖတ် ၊ ၀ါးခယ်မ ကအကြော် ကို ၀ါးခယ်မ က လူလာချက်မှ ၀ါးခယ်မမုန်.ဟင်းခါးစစ်တာဆိုပြီး တကူးတက စီစဉ်ကျွေးမွေးကြသူတွေပါ ။ ရေလောက်သာ အခြားက သုံးတာပါ ။ အစားဆိုရင်လည်း ၀ါးခယ်မကမှအကောင်းထင်ကြတာ ၊ အပေါင်းအသင်းဆိုရင်လည်း ၀ါးခယ်မသားချင်းတွေ.လို.ကတော့ ပတ်ဝန်းကျင်ကိုမေ.တာ ၊ ဘာလေးပြောပြော ငါတို..၀ါးခယ်မ မှာဆိုရင် --- ငါတို.၀ါးခယ်မမှာတုန်းက … ငါတို. ၀ါးခယ်မကလေဆိုပြီး အစချီတတ်သူတွေပါ ။

Photo by Aye Aye Myint

အဲ့ဒီထဲမှာမှ ပုဇွန်ဟာ ၀ါးခယ်မ ရဲ. အသည်းစွဲစားစရာတစ်ခုပါ ။ ပုဇွန် ကို မီးဖုတ် သံပုရာရည်လေးဆမ်းသုပ်စားတာ ၊ ပြုတ်ပြီး သုတ်စားတာ ၊ပုဇွန်ထုပ်ကြီးတွေကို ဆနွင်းလေး ၊ ကြက်သွန်နီလေးနဲ. အဖြူထည်ကြော်စားတာ ၊ အကောင်အသေးလေးတွေကို ရေသန်.အောင်ဆေးပြီး ငြုပ်သီးခွဲကြမ်းနဲ. စုတ်ဖွားကြော်ကြော်စားတာ ၊ အနေတော် အကောင်လေးတွေကို အခွံခွာပြီး အစို စပ်စပ်လေးကြော်တာ ၊ ခြောက်နေအောင်ကြော်တာ ၊ လက်နှစ်လုံး လောက်အကောင်တွေကို နှုတ်သီးတင်ဖြတ်ပြီး အဖြူထည် ကြော်ပြီး ပန်းကန်ထဲရောက်မှ အဆီနဲ.လူးပြီး အခွံခွာစားတာ ၊ ပုဇွန်ကိုချဉ်ရေချက်စားတာ ၊ ရေချိုချက်ပြီး ပင်စိမ်းလေးအုပ်စားတာ ၊ ပုဇွန်ငါးဆုပ် လုပ်စားတာ ၊ ပုဇွန်နဲ.ငံပြာရည်ဆီသတ်ကိုကောင်းကောင်းသပ်တာ တွေအပြင် ပုဇွန်ဥ ကို တစ်နှစ်စာခံအောင်ထားပြီး ရေလဲသုံးတာ ၊ ပုဇွန်အသားကြော်ကို မုန်.ဟင်းခါးနဲ.စားတာ ၊ ကမ္ဘာပေါ်မှာ ၀ါးခယ်မ တစ်မြို.တည်းရတဲ့ ပုဇွန်ဦးနှောက်ကြော်ကို မုန်.ဟင်းခါးနဲ.စားတာ နဲ. ပုဇွန်ကို ဆားလေးထည့်ပြုတ် ထောင်းပြီး အုန်းကောက်ညှင်းနဲ.စားတာ ၊ ပုဇွန်ဆီထုတ်ပြီး သီးသန်.စားတာ စသည်ဖြင့် ပုဇွန်ဟာ ၀ါးခယ်မမြို.သားတွေကို ပုံစံမျိုးစုံနဲ. အသုံးတော်ခံနေရသူပါ ။
အဲ့ဒီအားလုံးဟာလည်း ၀ါးခယ်မ ပုဇွန်နဲ.မှအရသာအပြည့်ရတာလို.ထင်ကြသူတွေပါ ။

ပုဇွန်အသားကြော် နဲ. ပုဇွန်ဦးနှောက်ကြော်




ဟုတ်ပြီ ဒါဆို ၀ါးခယ်မပုဇွန်ဆိုတာ သပ်သပ်ရှိလား ၊ ရေချိုပုဇွန်ပဲ မဟုတ်ဘူးလားဆိုရင် မဟုတ်ဘူး ၊ မတူဘူး ၊ ဘာမတူဘူးလဲတော့ မသိဘူးလို.ပြောရပါမယ် ။ ရေငန်ပုဇွန်တွေဖြစ်တဲ့ Pink ဆိုတဲ့ ပန်းရောင်ပုဇွန်တွေ ၊ White ဆိုတဲ့ အဖြူရောင်ပုဇွန်အပြားတွေ ၊ Tiger ဆိုတဲ့ ပုဇွန်အကျားတွေ ၊ ရိုးရိုးကျောက်ပုဇွန်နဲ. ပဂဲဆိုတဲ့ Seven Color ကျောက်ပုဇွန်တွေ ၊ ကင်းပုဇွန်တွေ နဲ. လုံးဝမတူတာတော့သေချာပါတယ် ။
ဝါးခယ်မရဲ.အောက်ဘက်အနီးဆုံးမြို. ဖြစ်တဲ့မြောင်းမြအထိဟာ ရေငံထောက်တဲ့ဒေသဖြစ်ပြီး ၀ါးခယ်မကတော့ရေချိုစစ်စစ်စဖြစ်ပါပြီ ။ ၀ါးခယ်မအထက် အနီးဆုံးမြို.ဖြစ်တဲ့ မအူပင်ကစပြီး တာတွေနဲ.မြို.ကိုတည်ဆောက်ပြီး ၀ါးခယ်မကတော့ မြစ်နဲ.ကမ်းနားလမ်း ရေပြင်ညီ အပြိုင်ရှိနေတဲ့မြို.ဖြစ်ပါတယ် ။ ဒါ့အပြင် ဧရာဝတီတိုင်းမှာ ပင်လယ်ကမ်းစပ်မထိတဲ့မြို. ၊ ရေငန်မထောက်တဲ့မြို. ဖြစ်သလို တိုင်းအထက်ပိုင်းကလို အညာမဆန်တဲ့မြို. ၊ မြစ်ကို သဲသောင်တွေ မပိတ်သလို ကမ်းပါးပေါ်မတက်ရပဲ ၊ ချောက်ထဲမဆင်းရပဲ ရောက်တဲ့မြို. ၊ နွေ မိုး ဆောင်း နေ.တိုင်းရေအတက်အကျရှိတဲ့မြို.ပါ ။ ဒါ့ကြောင့်လည်း မြစ်ဝကျွန်းပေါ် ရေချိုစစ်စစ် ဖြစ်ပြီး တမူထူးနေတာလည်းဖြစ်ပါလိမ့်မယ် ။

ပုဇွန်အကောင်သေးကြော် နဲ. Home Made ဦးနှောက်ကြော်





ဝါးခယ်မ မှာ ပုဇွန်ဆိတ် ၊ ရိုးရိုးပုဇွန် ၊ ဆတ်ထုပ် ၊ ပုဇွန်ထုပ် ၊ ဘေးကျား ၊ ဂျော့ စတာလောက်ပဲ စားကြပါတယ် ။ ၀ါးခယ်မ ပုဇွန်တွေဟာ အခြားဒေသတွေမှာ မြင်နေကျ ရေငံပုဇွန်တွေနဲ. မတူသလို အစိမ်းလည်းကြည်လောင်လောင် ၊ ကျော်ပြီးလည်းကြည်လောင်လောင် အကောင်တွေမဟုတ်သလို ကြည့်လိုက်တာနဲ.အကောင်တွေက ဖောင်းဖောင်း လုံးလုံးလေးတွေပါ ၊ ထူးခြားတာကတော့ ကြော်လိုက်တာနဲ. ပုဇွန်နံ.က တားမရ ၊ ဆီးမရ မွှေးပျံ.လာတာပါပဲ ။ အခြားပုဇွန်တွေက အရောင်ရှိရင် အနံ.မရှိ ၊ အနံ.ရှိရင် အရသာမရှိ တွေဖြစ်လေ့ရှိပြီး ၀ါးခယ်မက ပုဇွန်က မှ ကိုယ်လုံးကိုယ်ထည် ၊ အရောင်အသွေး ၊ မွှေးရနံ. နဲ. အရသာထူးကိုပေးနိုင်တာလို. WKA တွေက ယုံကြည်ကြပါတယ် ။ ၀ါးခယ်မ က လူအတော်များများက ပုဇွန်အကောင်ကြီးလာရင် များသောအားဖြင့် အဖြူထည်ပဲ ကြော်လေ့ရှိကြပါတယ်


ပုဇွန်အကောင်ကြီးကြီးလေးတွေကို အခွံအကုန်ချွတ် ၊ ၀ါးခယ်မဆနွင်း စစ်စစ် နည်းနည်းလေးထည့် ( ဆနွင်း အစစ်မို. များရင် အနံ.ပြင်းပြီး ပုဇွန်ရဲ.. မွှေးရနံ.ကို ထိခိုက်နိုင်သလို ကြော်ပြီးချိန်မှာ ပုဇွန်ဆီရောင် ပျောက်ပြီး ၀ါထိန်နေတတ်ပါတယ် ) အချို ၊ အငန်လေးနဲ.နယ်ပြီး ခဏနှပ်ထား ၊ ပြီးတာနဲ. ဒယ်အိုးထဲ ဆီလေးနည်းနည်းပိုထည့်ပြီး ကြက်သွန်နီများများ ၊ ကြက်သွန်ဖြူလေး နည်းနည်းထည့် ၊ ဆီသတ် နှပ်ထားတဲ့ပုဇွန်ကိုထည့်ပြီးကြော် ကြပါတယ် ။ တအားကြာအောင်မကျော်ပဲ ( တအားကြာရင် အသားတွေမာပြီး အချိုလည်းလျော့သွားတတ်ပါတယ် ) စားလေ့ရှိကြပါတယ် ။
ပုဇွန်ကထွက်လာတဲ့ အဆီလေးကိုထမင်းအပူလေးနဲ.နယ် ၊ အသားလေးကိုမြုပ်စား

ဒါဆို
ငါဟဲ့ ၀ါးခယ်မသား လို. ပြောလို.ရပြီပေါ့

တမ်းတခြင်း - နောင်ယဉ်ထက်

တမ်းတခြင်း


Photo by Ywar Thar


မနက်စောစော အိပ်ယာထ
တမ်းတမိတယ်။
အဲ့ဒီမှာပေါ့
အပျံသင်ငှက်ငယ်တွေရှိတယ်။
အမြင့်ပျံငှက်တို့ရဲ့ ခြေရာတွေလည်းကျန်ခဲ့။
အဲ့ဒီမှာပေါ့
အိပ်မက်မြစ်တို့ မြစ်ဖျားခံရာရှိတယ်။
ငါတို့ရဲ့နှလုံးသွေးတွေ စီးဆင်းနေဆဲ။
အဲ့ဒီမှာ ရာဇ၀င်သင်ခဲ့ရ
သူကိုယ်တိုင်က
တို့မြို့လေးရဲ့ ရာဇ၀င်ဖြစ်ရဲ့။
အဲ့ဒီမှာ ကဗျာတွေသင်ခဲ့ရ
သူကိုယ်တိုင်က
တို့မြို့ကလေးရဲ့ ကဗျာတစ်ပုဒ်ဖြစ်ရဲ့
(ငါ့တို့ရင်ဘတ်ထဲ ခုထိ
တမ်းတမ်းမက်မက်ရွတ်ဆိုနေဆဲ)
အဲ့ဒီမှာပေါ့
ခေါင်းလောင်းသံချိုချိုရှိတယ်၊
လိပ်ပြာတောင်ပံခတ်သံရှိတယ်၊
ရောင်စုံပန်းခင်းရှိတယ်၊
ဥယျာဉ်မှူးတွေလည်းရှိတယ်။
ရှင်သန်ခြင်းတွရှိတယ်၊
ဖြစ်တည်မှုတွေရှိတယ်။
ခွဲခွာခြင်းတွေရှိတယ်၊
ဆုံဆည်းခြင်းတွေလည်းရှိတယ်။
ဖြူစင်ခြင်းတွေရှိတယ်၊
ရိုးသားခြင်းတွေရှိတယ်၊
................... ရှိတယ်
................... ရှိတယ်
ခုလိုအိပ်ယာထ
လောကကို ဖွင့်ကြည့်မိတော့
တမ်းတခြင်းတွေရှိနေလေရဲ့။
(နောင်ယဉ်ထက်)