Saturday, January 6, 2018

ဖြစ်လာနိုင်ဖွယ်ရှိသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အသစ်




 စစ်ဘက်ရေးရာ ကျွမ်းကျင်သူ သမိုင်းပညာရှင် အငြိမ်းစား ဗိုလ်မှူး ဒေါက်တာအောင်မျိုးနှင့် တွေ့ဆုံခြင်း



၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လက်နက်ကိုင်တပ်ဖွဲ့အားလုံးသည် တပ်မတော်၏ ကွပ် ကွဲမှု အောက်တွင်သာ တည်ရှိပြီး လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲဖြစ်သော တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရာထူးသည် မြန်မာ့နိုင်ငံရေးတွင် လွန်စွာ အရေးပါသည့် ရာထူး ထိပ်တန်းနေရာဖြစ်သည်။ အစိုးရအဖွဲ့တွင် ဒုတိယသမ္မတတစ်ဦး အဆိုပြုနိုင်ခြင်း၊ ကာကွယ်ရေးနှင့် လုံခြုံရေး ပြည်ထောင်စု ၀န်ကြီး နေရာအပြင် ပြည်နယ်နှင့်တိုင်း နယ်စပ် ရေးရာနှင့် လုံခြုံရေးဝန်ကြီးများကို အဆိုပြု အမည်စာရင်း တင်သွင်းနိုင်ခြင်း၊ ပြည် ထောင်စု၊ ပြည်နယ်/တိုင်း လွှတ်တော်အားလုံးတွင် တပ်မတော်သား လွှတ်တော် ကိုယ်စား လှယ် ၂၅ ရာခိုင်နှုန်းခန့်အပ်နိုင်ခြင်းတို့သည် အခြေခံဥပဒေက တပ်ချုပ်ကို သီးသန့် ပေးထားသော အာဏာများပင်ဖြစ်သည်။ လက်နက်ကိုင်အဖွဲ့အားလုံး၏ အကြီးအကဲဖြစ်သော တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အငြိမ်းစားယူသွားပါက တပ်ချုပ်သစ် ရွေးချယ်မည့် အလားအလာများနှင့်ပတ်သက်ပြီး စစ်ဘက်ရေးရာ ကျွမ်းကျင်သူလည်းဖြစ်၊ သမိုင်းပညာရှင်တစ်ဦးလည်းဖြစ်သူ အငြိမ်းစား ဗိုလ်မှူး ဒေါက်တာအောင်မျိုးနှင့် ခေတ်သစ် သတင်းဌာနက တွေ့ဆုံမေးမြန်း ထားပါသည်။

မေး။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အလွန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အသစ်ကို ဘယ်လိုရွေးချယ်မလဲ

ဖြေ။ တပ်မတော်ရဲ့ သဘောထားကတော့ ပြောင်းလဲသွားဖို့မရှိပါဘူး။ မရှိဘူးဆိုတာက တပ်မှာ က ဗိုလ်ချူပ်မှူးကြီးသန်းရွှေနဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးတို့ က အသက် ၆၀ ပြည့်ချိန်မှာ ပင်စင်ယူရမှာဖြစ်ပေမယ့် ပင်စင်မယူဘဲ အသက် ၈၀ လောက်အထိ ထိပ်ပိုင်းမှာ တာဝန်ထမ်းဆောင်ခဲ့တော့ အနှစ် ၂၀ လောက်မှာ မျိုးဆက်ပြတ်သွားတယ်။ သူများနိုင်ငံ တွေမှာတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တစ်ယောက်ကို ၄၊ နှစ်ပဲ တာဝန် ထမ်းဆောင်ကြတာ။ ဆိုတော့ ရာထူးသက်တမ်း နှစ် ၂၀ လောက်ကြာတော့ သူများ နိုင်ငံ တွေက တပ်ချုပ်တွေရဲ့ သက်တမ်း ခု၊ ခုစာလောက် တာဝန် ထမ်းဆောင်ခဲ့ကြတာပဲ။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ အာဏာသိမ်းတုန်းက ဗိုလ်ကြီးအဆင့်လောက်ပဲရှိတဲ့ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က အခု တပ်ချုပ်ဖြစ်လာတာ။ အဲဒီတော့ မျိုးဆက် ကွာဟ မှုကြီးတယ်။ ကြီးပြင်းလာရတဲ့ အတိုင်းအတာလည်းရှိတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တပ်ချုပ် ဖြစ်လာဖို့ ဖြတ်သန်းလာပုံက ပုံစံတကျ ချထားခဲ့တဲ့ပုံစံပါ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ဖြတ်သန်းပုံက အရင်ရှေ့ကလူတွေ ဖြတ်သန်းမှုပုံစံနဲ့ မတူဘူး။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်ချုပ်အဖြစ် ရွေးချယ် ဖြတ်သန်းလာရတဲ့ ပုံစံက နောက်ထပ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နှစ်ဆက်လောက် အထိ ဒီပုံစံနဲ့ပဲ ရွေးချယ်ဖြတ်သန်းရမယ့်ပုံစံလို့ ဆိုရမယ်။ ဒီအတိုင်း သွားဦးမယ်။ နောက် ၁၀ နှစ်စာလောက်အထိ ဒီအတိုင်းပဲသွားမယ်။ ၂၀၂၀ ခုနှစ်အထိတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆက်ရှိနေလိမ့်မယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနားယူသွားရင်လည်း သူ့ပုံစံအတိုင်းပဲ ပုံစံတူ တပ်ချုပ်သစ်တစ်ယောက် ပေါ်လာမယ်။



မေး။ အခု တပ်ထဲမှာ စစ်တက္ကသိုလ် အပတ်စဉ် ၂၂ ဆင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ အပတ်စဉ် ၂၅ ဆင်း ဗိုလ်ချုပ်ကြီးမြထွန်းဦးတို့ နှစ်ဦးက တပ်ချုပ်သစ်ဖြစ်လာဖို့ အလားအလာ များတယ်ဆိုပြီး ပြောဆို ခန့်မှန်းတာတွေရှိတယ်။ ဘယ်သူဖြစ်မယ်ထင်လဲ။

ဖြေ။ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ ကျနော်ခင်ပါတယ်။ ကိုစိုးဝင်းနဲ့ ကျနော်နဲ့ တပ်မ တစ်ခုတည်းမှာ အတူတူနေခဲ့ရတယ်။ ကိုစိုးဝင်းက အေးလည်းအေးတယ်။ တော်တော် အေးအေးဆေးဆေးနေတတ်တဲ့သူ။ အတော်ကို အေးဆေးစွာ နေတတ်တဲ့သူပါ။ သူက ကျနော်ထက်တစ်နှစ်ငယ်တယ်။ ကိုစိုးဝင်းက အခု အသက် ၅၉ နှစ်ရှိနေပြီ။ နောက် ၂၀၂၀ ဆိုရင် သူက အသက် ၆၂ နှစ်ဖြစ်နေပြီ။ တပ်ချုပ်နဲ့ ဒုတပ်ချုပ်က အသက် ၆၅ နှစ်အထိ တာဝန် ထမ်းလို့ရတယ်ဆိုပြီး ခြွင်းချက်ပေးထားတာရှိတယ်။ ၂၀၂၃ ခုနှစ်မှာ ကိုစိုးဝင်းက ၆၅ နှစ်ပြည့်မယ်။ အဲဒီတော့ ၂၀၂၀ ကျော်လို့ ကိုမင်းအောင်လှိုင်အနားယူသွားတယ်ဆိုရင်တောင် ကိုစိုးဝင်းကလည်း ၂၀၂၃ အထိပဲ သူက တပ်ချုပ်လုပ်လို့ရမယ့် အနေအထားမျိုး။ သက်တမ်း တစ်ခု အပြည့် ၂၀၂၀ ကနေ ၂၀၂၅ အထိ သူ လုပ်လို့မရဘူး။ အဲဒီတော့ တပ်ချုပ်သစ် ထားမယ်ဆိုရင်လည်း သက်တမ်းတစ်ခုတော့ အပြည့်ထားမှာပဲ။ ကိုစိုးဝင်းက Generation Skip သဘောအရ တပ်ချုပ်နေရာအတွက်တော့ ခုန်ကျော်ခံရဖို့ ပိုများတယ်။

အဲဒီတော့ သက်တမ်းတစ်ခုအပြည့်တာဝန်ထမ်းဆောင်နိုင်တဲ့သူကို ကြည့်လိုက်တော့ တပ်ချုပ်သစ်ရာထူး အတွက် အံကိုက် အဖြစ်ဆုံးက ဗိုလ်ချုပ်ကြီးမြထွန်းဦးပဲရှိတယ်။

မေး။ ဗိုလ်ချုပ်ကြီးမြထွန်းဦးက ဘယ်လိုလူစားလဲ။

ဖြေ။ သူက အရည်အချင်းရှိတယ်။ သူ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာ သင်တန်း သား ဘ၀တုန်းက ကျနော်က သူရဲ့ Thesis ကို Supervisor လုပ်ပေးရတယ်။ သူ့အကြောင်းကို သိတယ်။ တော်တော်အရည်အချင်းရှိတယ်။ စာလည်းဖတ်တယ်။ အဲဒီသင်တန်းမှာ သူက ဒုတိယရတယ်။ လူတော်ပါ။

မေး။ တကယ်လို့သာ ဗိုလ်ချုပ်ကြီးမြထွန်းဦးသာ တပ်ချုပ်သစ်ဖြစ်လာခဲ့ရင် တပ်မတော်မှာ ပြုပြင်ပြောင်းလဲမှုတွေ မြင်ရမလား။ တကယ့်ပဲ တပ်မတော်က နိုင်ငံရေးက ဆုတ်ခွာပြီး ကာကွယ်ရေးတာဝန်ပဲ ထမ်းဆောင်တာမျိုးရော မြင်ရလာနိုင်လား။

ဖြေ။ တကယ်လို့သာ ဗိုလ်ချုပ်ကြီးမြထွန်းဦးသာ တပ်ချုပ်ဖြစ်လာခဲ့ရင် အခု ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် အကောင်အထည်ဖော်နေတဲ့ တပ်မတော်ပြုပြင်ပြောင်းလဲရေးက အရှိန်တက်မှာသေချာတယ်။ သူကိုယ်တိုင်က ပုဂ္ဂိုလ်ရေးရိုးသားမှုရှိတယ်။ သူတိုင်းမှူးဖြစ်တုန်း က နေစရာမရှိဘူး။ သူ့ကလေးတွေ ရန်ကုန်မှာ ကျောင်းထားဖို့တောင် ထားစရာနေစရာ အခန်းမရှိဘူး။ ရိုးသားတဲ့သူတွေထဲမှာပါတယ်။ ခုနက မေးတဲ့ အကယ်၍ ဗိုလ်ချုပ်ကြီး မြထွန်းဦး တပ်ချုပ်ဖြစ်လာရင် တပ်က နိုင်ငံရေးက ဆုတ်ခွာမလား ဆိုတာနဲ့ပတ်သက် လို့ကတော့ မဖြစ်နိုင်သေးဘူး။ သူက စစ်တက္ကသိုလ် အပတ်စဉ် ၂၅ ဆင်းဖြစ်တယ်။ ရှစ်လေးလုံး အရေးအခင်းဖြစ်တဲ့အချိန်မှာ တပ်မတော်ထဲကို သူတို့ ရောက်နေပြီ။ သူတစ်ယောက်တည်းပြောင်းချင်ရင်တောင် မဖြစ်ဘူး။ ဘေးအသိုင်းအ၀ိုင်း ရှိတယ်။ အသိုင်းအ၀ိုင်းကို ကျော်လွှားဖို့ ဆိုတာမဖြစ်နိုင်ဘူး။ တပ်မတော်သားတွေမှာငါတို့ကပဲ နိုင်ငံကို ချစ်တယ်။ ငါတို့ ပါမှ ဖြစ်မယ်ဆိုတဲ့ အယူအဆလေးကတဖြည်းဖြည်း မှိန်လာပေမယ့် ပျောက်ကွယ်မသွားနိုင်သေးဘူး။ သူ့နောက်ကို ဆက်ခံမယ့်သူမှ ဖြစ်လာနိုင်မယ်။

စစ်တက္ကသိုလ် အပတ်စဉ် ၂၅ ကျောင်းဆင်း ဗိုလ်ချုပ်ကြီးမြထွန်းဦး( တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး)

မေး။ တပ်ချုပ်ရွေးချယ်ပုံစံက တပ်မတော်မှာ အစဉ်အလာ စီနီယာအရလား။ နီးစပ်မှုရှိတဲ့ သူကို ရွေးချယ်တဲ့သဘောလား။ သမိုင်းအစဉ်အလာပြန်ကြည့်ရင် ဘယ်လိုပုံစံနဲ့ တပ်ချုပ်ကို ရွေးချယ်ခဲ့ကြတာလဲ

ဖြေ။ ထိုင်းတပ်မတော်နဲ့ပတ်သက်လို့ ရေးထားတာ ဖတ်လိုက်ရတယ်။ ထိုင်းတပ်မတော် ကလည်း ဆရာတပည့် စနစ်နဲ့သွားတယ်။ အမေရိကားမှာလည်း ဆရာတပည့်စနစ်က ရှိတာပဲ။ ဒီမှာလည်း သေချာပေါက်ရှိတယ်။ အစဉ်အလာ စီနီယာအတိုင်းမသွားဘူး။ တပ်မတော် မပြောနဲ့ဦး။ ဦးစီးဌာနမှာတင်ကို ဆရာတပည့်စနစ်ကို ကျင့်သုံးတယ်။ တကယ်တော်တဲ့သူကိုပဲ ပေးမယ်။ တကယ်တော်တဲ့သူနေရာမှာလည်း တော်တဲ့ အဓိပ္ဗာယ်သတ်မှတ်ချက်မှာ ကိုယ် စိတ်ချ ယုံကြည်ရတယ်ဆိုတဲ့အချက်လည်း ပါနေတယ်။ နီးစပ်မှုဆိုတာ ငြင်းလို့မရတဲ့ အချက်ပါ။

မေး။ သမ္မတမှာ သမ္မတ အရည်အချင်းသတ်မှတ်ချက်ဆိုတာရှိတယ်။ ၀န်ကြီးဆိုရင်လည်း ၀န်ကြီးအရည်အချင်း သတ်မှတ်ချက်တွေ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်း ထား တယ်။ လွှတ်တော်အမတ်ဆိုရင်တောင်မှ သူ့မှာ သတ်မှတ်ချက်တွေရှိတယ်။ အဲဒီတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆိုတဲ့ ရာထူးအတွက်ကျတော့ သတ်မှတ်ချက် မထား သင့်ဘူးလား။ လွှတ်တော်က တပ်ချုပ် အရည်အချင်းသတ်မှတ်ချက်တွေ မပြဋ္ဌာန်း သင့်ဘူးလား။

ဖြေ။ ကျနော့်အမြင်တော့ အမေရိကားမှာဆိုရင် တပ်ချုပ်က သမ္မတပဲ။ သမ္မတက တပ်ချုပ်ဆိုပေမယ့်လည်း သူ့မှာတော့ အထက်လွှတ်တော်မှာဆိုရင် ကာကွယ်ရေး ဆိုင်ရာကော်မတီဆိုတာရှိတယ်။ ကော်မတီက တပ်နဲ့ပတ်သက်လို့ ဆုံးဖြတ်တာတွေရှိတယ်။ ဒီနိုင်ငံမှာ အဲဒါမျိုးမရှိဘူး။ မရှိတဲ့အပြင်မှာ ၁၉၅၉ တပ်မတော်အက်ဥပဒေဆိုတာ ရှိပေမယ့် လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အဲဒီတပ်မတော်အက်ဥပဒေက မကျော်နိုင်ဘူး။ ကျော်လို့လည်းမရဘူး။ အကျော်လည်းခံမှာမဟုတ်ဘူး။ ကျော်ဖို့လုပ်ရင်လည်း တပ်မတော်က သေချာပေါက်ကာကွယ်လိမ့်မယ်။ လက်လည်းခံမှာမဟုတ်ဘူး။ လက်ခံမှာ မဟုတ်သလို လုပ်လို့လည်းရမှာမဟုတ်ဘူး။ ဒီအသိုင်းအ၀ိုင်းမှာလည်း လုပ်လို့လည်းမရဘူး။ ဒီအသိုင်း အ၀ိုင်းက လာတဲ့သူတွေက ဒီပုံစံပဲထွက်မှာပဲ။ တပ်ချုပ်ရာထူးဆိုတာက Designated လုပ်ထားပြီးသား။ Nominated မဟုတ်ဘူး။ ရာထူးလက်ခံမယ့်သူကို သင့်တော်သူကို ဒီဇိုင်းချပြီး ရွေးတယ်ဆိုတဲ့ သဘောပဲ။

စစ်တက္ကသိုလ် အပတ်စဉ် ၂၈ ကျောင်းဆင်း ဗိုလ်ချုပ်မျိုးဇော်သိန်း( ယခု ဒုတိယဗိုလ်ချုပ်ကြီး ကစထမှူး)

မေး။ ဗိုလ်ချူပ်မှူးကြီးသန်းရွှေ အာဏာ မစွန့်မီတုန်းက တပ်ချုပ်ရာထူးအတွက် စစ် တက္ကသိုလ် အပတ်စဉ် ၁၈ ဆင်း ဒုတိယဗိုလ်ချုပ်ကြီးသူရမြင့်အောင်ကို ကျော်ပြီး အပတ်စဉ် ၁၉ ကျောင်းဆင်း ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ရွေးလိုက်လို့ ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင် တပ်ကနေ ထွက်သွားတဲ့အထိ ဖြစ်ခဲ့ရတယ်လို့ ကြားခဲ့ရတယ်။ စီနီယာအရ အပတ်စဉ် ၁၈ ကျောင်းဆင်းက တပ်ချုပ် ဖြစ်သင့်ပေမယ့် ၁၉ သွားဖြစ်တော့ မကျေ မနပ်ဖြစ် ပြီး ထွက်သွားတယ်လို့လည်း ပြောကြတယ်။ အဲဒီလိုမျိုး ပြဿနာတွေ ထပ်ဖြစ်မလာနိုင်ဘူး လား။

ဖြေ။ စီနီယာဆိုတာက Rank(ရာထူး) ကို ကျော်လို့မရဘူး။ ကိုယ့်ထက် ဂျူနီယာ ဖြစ် ပေမယ့် လည်း ရာထူးကြီးလာရင်တော့ အလေးပြုရတာပဲ။ ဂျူနီယာပေမယ့် ရာထူးကြီး တဲ့သူက စီနီယာရာထူးငယ်နေသူကို အကိုကြီးလို့ လေးစားသမှုနဲ့ ခေါ်ချင်ခေါ်မယ်။ ပြောချင်တာကတော့ စီနီယာ ဆိုတာက Rank ကို ကျော်လို့ကိုမရဘူး။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရာထူး မစွန့်မီတုန်းက စစ်ရုံးမှာ ဦး ခေါ်ထားခဲ့တယ်။ ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ ဒုတိယဗိုလ်ချုပ်ကြီးသူရမြင့်အောင်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့ပေါ့။ ဦးကို စစ်ရုံးခေါ်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အကဲခတ်နေတာ။ နောက်ဆုံးကျမှ တစ်ဦးကို ရွေးချယ်သွားတာ။ အဲဒီတော့ ပြောချင်တာက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က ဘယ်လို စံသတ်မှတ်ချက်တွေနဲ့ ရွေးသွားလဲဆိုတာ ကျနော်တို့လည်း မသိနိုင် ဘူး။ သေချာတာကတော့ ဦးကို စစ်ရုံးခေါ်ပြီး သူအကဲခတ်တယ်။ နောက်ဆုံးကျမှ သူ သင့်တော်မယ်လို့ ယူဆတဲ့သူကို ရွေးပြီး ပေးလိုက်တာပဲ။

မေး။ ဒါဆိုရင် တပ်ချုပ် သစ်ဖြစ်လာမယ့် သူက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကြိုက်နှစ် သက်ပြီး ရွေးချယ်မယ့်သူပဲ တပ်ချုပ်သစ်ဖြစ်လာမှာပေါ့။

ဖြေ။ မှန်တယ်။ ဒါပေမယ့် အရင်ကတည်းက ဘယ်သူပြီး ဘယ်သူတက်မယ်ဆိုတာ တိုင် ပင်ပြီး Line up လုပ်ထားခဲ့ပုံပဲ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက Line Up လုပ်ထားခဲ့ပြီးသားလို့ ကျနော်က မြင်တယ်။ ၂၀၂၅ အထိ သူ လုပ်ထားခဲ့ပုံရတယ်။ ၂၀၂၅ အလွန် တပ်ချုပ် ရာထူး အတွက်ကတော့ လက်ရှိ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပဲ Line Up လုပ်မှာပေါ့။

မေး။ ရာထူးပေးတဲ့အခါမှာ နီးစပ်မှုနဲ့ ပေးတယ်။ အစဉ်အလာအရမဟုတ်တဲ့အခါမှာရော ရေရှည်မှာ ပြဿနာ မရှိနိုင်ဘူးလား။

ဖြေ။ ပြဿနာ မရှိနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး သူရ တင်ဦး အဖြုတ်ခံရတဲ့ ကိစ္စလောက်ရဲဘော်တွေ မကျေနပ်တာရှိမလား။ ရဲဘော်တွေက သူ့ကို အရမ်းချစ်ကြတာ။ ချစ်တာက ချစ်တာ တစ်ပိုင်းပဲ။ စစ်တပ်မှာက အုပ်စုဖွဲ့ပြီး ကလန် ကဆန် လုပ်မယ်ဆိုတာ လုံးဝမရှိဘူး။ အပေါ်နဲ့အောက်မှာဆိုရင် သားနဲ့အဖ ချင်းတောင်မှ တည့်တာ မှမဟုတ်တာ။ ပွတ်တိုက်မှုဆိုတာကတော့ရှိတယ်။ လူ့သဘာဝအရ ကတောက် ကဆ ဆိုတာ တော့ ရှိမယ်။ တပ်မှာက အစဉ်အလာမကောင်းတာတွေကို လုပ်ဖို့ တပ်မတော် သားတွေက ၀န်လေးတယ်။

မေး။ ဘယ်အချိန်လောက်မှ တပ်မတော်က နိုင်ငံရေးက ပြန်ပြီး ဆုတ်ခွာမလဲ။ ခန့်မှန်းခြေ ဆိုရင် ဘယ်တော့လောက်မှ တပ်က နိုင်ငံရေးက ထွက်မလဲ။

ဖြေ။ အရင်ခေတ်မှာ အာဏာရှိခဲ့တဲ့ လူတွေလည်းမရှိတော့တဲ့အချိန် ကျနော်တို့ တွေ လည်း အိုပြီး ဘာမှ မလုပ်နိုင်တော့တဲ့အချိန် ကျရင်တော့ ဖြစ်မယ်။ မျိုးဆက်သစ် လက်ထက်မှာမှဖြစ်မယ်။ အဲဒါကလည်း တားလို့မရဘူးနော်။ ဖြစ်ကိုဖြစ်မှာ။ တားလို့ကို မရဘူး။ တားရင် သမိုင်းတရားခံ ဖြစ်မှာ။

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ( စစ်ဦးစီးအရာရှိချုပ်(ကြည်း)) ညာအစွန်

မေး။ တပ်ချုပ်သစ်ရွေးချယ်တာနဲ့ပတ်သက်လို့ အရပ်သားအစိုးရကနေ ရွေးချယ် ခန့်အပ် တာမျိုးဖြစ်လာဖို့က မလွယ်သေးဘူးပေါ့။

ဖြေ။ အဲဒါကတော့ စောင့်ရမယ်။ တပ်မတော်က လက်ရှိလည်း အရပ်သား သမ္မတ လက်အောက်မှာပဲ။ သမ္မတက နိုင်ငံတော်ရဲ့ အထွဋ်အထိပ်ပဲ။ တပ်မတော်က အရပ်သား သမ္မတ လက်အောက်မှာ ရှိနေတယ်။ ရှိနေတာကိုလည်း လက်ခံပေးရမယ်။ ပြီးတော့ သမ္မတက သူ့ကိုလည်းခေါ်ပြီး ညွှန်ကြားချက်ပေး။ သူ့အခက်အခဲကိုလည်း မေး။ ကိုယ်လိုချင်တာလည်း ပြော၊ ခိုင်း။ အဲဒီလိုဖြစ်စေချင်တယ်။ အခုလက်ရှိက ဒီဇင်ဘာ ၂၉ ရက်နေ့ နိုင်ငံပိုင်သတင်းစာမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သတင်းက စာမျက်နှာ မှာ ရောက်နေတယ်။ အဲဒါက မသိလို့ ဖြစ်တာလား၊ မတော်တဆဖြစ်သလား။ မသိဘူး။ တကယ်တော့ ရှေ့မျက်နှာဖုံး မထည့်နိုင်ရင် နောက်ကျောဖုံး။ မရရင်ရင် နိုင်ငံပိုင် သတင်းစာ စာမျက်နှာ မှာ ထည့်သင့်တယ်။ စာမျက်နှာ ရောက်နေတာ တပ်မတော်လူတွေ စိတ်ကောင်းမှာမဟုတ်ဘူး။

မေး။ ဆက်စပ်မေးခွန်းပါ။ အခု အရပ်ဘက် စစ်ဘက် ဆက်ဆံရေးက မကောင်းတဲ့ အနေ အထားလား။

ဖြေ။ ပြောရရင်တော့ ကွဲနေတာပေါ။ အခုက Opposition အဆင့် လွန်သွားပြီ။ Division ဆိုတဲ့ အဆင့်ရောက်နေတယ်။ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးက Division ရောက် နေ တယ်။ ကွဲနေတော့ နိုင်ငံရေး စစ်ရေးမှာ မအောင်မြင်နိုင်တော့ဘူး။ နိုင်ငံရေးမှာလည်း မအောင် မြင်ဘူး။ စစ်ရေးမှာလည်း မအောင်မြင်ဘူး။ တိုင်းပြည်မှာ ကြည့်မယ်ဆိုရင်မဲအများဆုံး ရလို့သာ အစိုးရတက်ဖြစ်နေပေမယ့်လည်း တဖက်မှာ ဆန့်ကျင်ဘက် အုပ်စုကြီးကလည်း နည်းတာမဟုတ်ဘူး။ Division ဖြစ်နေတာက မကောင်းဘူး။ အားလုံးညီညွတ်မှ တိုင်းပြည် တိုးတက်မယ်။



ဒေါက်တာအောင်မျိုး၏ကိုယ်ရေးအကျဉ်း


အမည်-ဒေါက်တာအောင်မျိုး (အငြိမ်းစားဗိုလ်မှူး)

မွေးနေ့- မြန်မာသက္ကရာဇ် ၁၃၂၀ ခုနှစ်၊ နတ်တော်လဆန်း ၁၁ ရက်

ပညာအရည်အချင်း- B.A (History). M.A(History). M.Res. Ph.D သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းထံတွင် ပညာသင်ယူခဲ့။

အလုပ်အကိုင်- ဗိုလ်လောင်းသင်တန်းအပတ်စဉ် ၆၁ တက်ရောက်ပြီး ၁၉၈၁ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့ကာ ဗိုလ်မှူး ရာထူးဖြင့် အငြိမ်း စားယူ။
- ၂၀၀၂ ဒီဇင်ဘာတွင် အမျိုးသားမော်ကွန်းတိုက် ညွှန်ကြားရေးမှူးချုပ်အဖြစ် စတင်တာဝန်ယူ။
- ၂၀၀၈ မှ ၂၀၁၂ ခုနှစ်တွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်။
- ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်ရုံး ရုံးအဖွဲ့မှူး။
- နိုင်ငံတော်ပိုင် အဆောက်အအုံများရောင်းချရေး ကော်မတီရုံး ရုံးအဖွဲ့မှူး နိုင်ငံပိုင်သိမ်းဆည်းပစ္စည်းများ စီမံခန့်ခွဲ့ရေးကော်မတီရုံး ရုံးအဖွဲ့မှူး၊ မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပေဒ စိစစ်ရေးအဖွဲ့ အတွင်းရေးမှူး။
-၂၀၁၅ ခုနှစ်တွင် အမျိုးသားမော်ကွန်းတိုက် ညွှန်ကြားရေးမှူးချုပ် ရာထူးဖြင့် အငြိမ်းစားယူခဲ့။

(၂၀၁၈ ခုနှစ် ဇန်န၀ါရီလ ရက်နေ့ထုတ် မြန်မာသံတော်ဆင့်နေ့စဉ်ထုတ်သတင်းစာတွင် ဖော်ပြထားပြီးဖြစ်သော အင်တာဗျူးဖြစ်ပါသည်)

Tuesday, January 2, 2018

အမှတ်တရ မအူပင် GTI နေ့ စွဲများ ( ဒု ) - Nyi Nyi Htoon


Photo from Nyi Nyi Htoon



ပထမဆုံးကျောင်းစတက်ရမယ့်နေ့  ။ ဘဝမှာ တခါမှ သပ်သပ်ရပ်ရပ်မဝတ်စဖူးဝတ်၊ဖြီးလိမ်းပြင်ဆင်ပြီး
လွယ်အိတ်ကိုကောက်လွယ်လိုက်တယ်။လွယ်အိတ်ဆိုလို့ ကြွားရဦးမယ်။ကျနော်တို့ ခရမ်းသူ ခရမ်းသား
တွေက ဘယ်တက္ကသိုလ်တက်တက်ဘယ်ဒေသရောက်ရောက် အားလုံးဟာ တိုင်ပင်ညှိနှိုင်းထားတာလဲမ
ဟုတ်ပဲနဲ"ကဝ"လွယ်အိတ်ကိုစွဲစွဲမြဲမြဲလွယ်လေ့ရှိကြတာပါပဲ။ဒါကိုလည်းတခြားကျောင်းသူကျောင်းသားများ
ကသတိပြုမိကြတယ်။
တချို့ ဆိုအားကျကြတယ်ပေါ့။"ကဝ"လွယ်အိတ်လွယ်ထားရင်ခရမ်းသားပဲ။အဲဂလို။ကင်တင်းရှေ့ကလမ်း
လေးကိုချိုး dinning room ဘေးကဖြတ် နှစ်ထပ်ဆောင်ဆီလာခဲ့တယ်။
 
အံမယ် နှစ်ထပ်ဆောင်ရှေ့ မှာ စိန်ပန်းပင် နဲ့ ဘာနဲ့ ။ ကျနော်တက်ရမယ့် အခန်းရှေ့ ရောက်တော့ ဆရာ
တစ်ယောက်စာသင်နေပြီ။ ဆရာကအရပ်ငါးပေခြောက်လက်မလောက်ရှိမယ်။အသားလတ်လတ်။အသက်
လေးဆယ်စွန်းစွန်းလောက်ရှိမယ်။ထူးခြားချက်က ဦးခေါင်းနောက်ကဆံပင်ရှည်တွေကို ရှေ့ ကိုပတ်ခွေပြီး
တင်ထားတာပါ။စာသင်နေရင်းလည်း ဆံပင်ကို မကြာကြာသပ်တင်တယ်။ဆရာဆံပင်သပ်တင်ပုံက
ကြည့်ကောင်းတယ် နောက်ကနေဝိုက်ပြီးသပ်တင်တာ။ ကျနော်တို့ EC ဌာနမှူး ဦးထွန်းအောင်ဦး ပါ။
ဆရာ့ကိုချစ်စနိုးနဲ့ အားလုံးကဗိုလ်ဦးထုတ်လို့ ခေါ်ကြတယ်။ ဆရာကလည်းအဲဒီလိုခေါ်တာသိပြီး ကျေနပ်
နေပုံပါ။ သူကလည်းအမြဲဦးထုတ်ဆောင်းထားတာကိုး။ဆရာကသိပ်သဘောကောင်းတယ်။ကျနော်တို့ လို
လူဆိုးတွေဆိုပိုချစ်တယ်။GTI မှာကျနော်အချစ်ရဆုံးဆရာပါ။အခုတော့ ဆရာလည်းမရှိရှာတော့ပါဘူး။


စာသင်ခန်းရဲ့ ရှေ့ ပေါက်ကိုကျော်လျှောက်ပြီး နောက်ပေါက်ဝမှာအရပ် ဆရာကလှမ်းကြည့်တော့ ကျနော်လည်းယောင်နနနဲလက်ညှိုးလေးတစ်ချောင်းထောင်ပြလိုက်မိတယ်။စာသင်ခန်းထဲဝင်ပါရစေပေါ့။
ဆရာကခေါင်းဆတ်ပြတယ်။ ဝင်ပေါ့....။ဆရာတပည့်နှစ်ယောက် ဟုတ်လို့ ။ 

အရိမဒ္ဒနာခေါ်ပုဂံပြည်မှာအရည်းကြီးသာသနာဘုန်းမီးနေလတရှိန်ရှိန်တောက်ပနေချိန် နန်းတော်ရှေ့ မှရှင်အရဟံဆိုသောကိုရင်လေးဆွမ်းခံကြွလာတာကိုအနော်ရထာဘုရင်ကြီးနန်းရင်ပြင်ကလှမ်းမြင်လိုက်
တယ်။ငယ်ရွယ်ပေမယ့်တည်ငြိမ်ရင့်ကျက်တဲ့ဣနြေ္ဒကြောင့်ဘုရင်က ကြည်ညိုပြီးနန်းတော်ထဲကြွခဲ့ဖို့ ပင့်ဖိတ်ခိုင်းလိုက်တယ်။ကိုရင်လေးနန်းတော်ညီလာခံထဲရောက်။ ကိုရင်လေးရဲ့ အခြေအ
နေ အနေအထားကိုသိချင်တာနဲ့ "သင့်လျော်လျောက်ပတ်မယ့်နေရာမှာသီတင်းသုံးတော်မူပါ "လို့ လျောက်တင်တော့ ဘုရင့်ရဲ့ ရာဇပလ္လင်ပေါ်တက်ပြီးသီတင်းသုံးတော်မူသတဲ့။အရည်းကြီးတို့ ရဲ့ ဥသျောင်
ရှင်မထီးတောင်မျက်စောင်းနဲ့ စွေမကြည့်ဝံ့တဲ့နေရာ။ကိုရင်လေးကသူ့ ရဲ့  သီလဂုဏ် ပညာဂုဏ် သမာဓိ
ဂုဏ် ကို ယုံကြည်ပြီးရဲရဲဝံ့ဝံ့ဝင်ထိုင်တာပါ။

အခန်းထဲကိုတစ်ပတ်အမြန်ဝေ့ပြီးကျနော်ကြည့်လိုက်တယ်။့နောက်ဆုံးတန်းကိုလွယ်အိတ်လေးအသာပိုက်ပြီး
ကုတ်ချောင်းချောင်းနဲ့ ကျနော်ဝင်သွားလိုက်တယ်အဲဒီမှာတွေ့ တာ။သူတို့ ရဲ့ ပညာဂုဏ်သီလဂုဏ် တို့ နဲ့ သင့်တော်တဲ့နေရာကိုစောစောစီးစီးရောက်နှင့်နေတဲ့ပုဂ္ဂိုလ်ကျော်တွေ။လူကောင်သေးသေးသပိတ်နုရောင်
ထနေတဲ့အသားအရေအဝတ်အစားသပ်သပ်ရပ်ရပ်ဝတ်ထားတဲ့သကောင့်သားနားဝင်ထိုင်လိုက်တယ်။

သူကထွန်းလင်းအောင်။နာမည်နဲလူနဲမလိုက်ပုံများဘယ်သူမှသူကိုထွန်းလင်းအောင်လို့မခေါ်ကြပါဘူး။
တစ်ကျောင်းလုံးကသူ့ ကို တေလေ လို့ ပဲခေါ်ကြတယ်။တေလေရဲ့ ဟိုဘက်ဘေးမှာ လူကောင်ထွားထွား ဆံပင်အရှည်ကကောက်နေသေးမျက်နှာခွက်ခွက်မျက်လုံးမျက်ဆံသေးသေးနုတ်ခမ်းကလည်းသေးသေးလေး။
ပြီးတော့သူကငါးဖမ်းပိုက်ကွန်ကိုလွယ်အိတ်လုပ်ပြီးလွယ်ထားတာလွယ်အိတ်ထဲကစာအုပ်တွေကအတိုင်း
သားမြင်နေရတယ်။သူကများ သန့် ဇင်အောင်တဲ့ဘယ်မှာသန့် လို့ လဲဗျာ။ အဝတ်အစားကလဲ ပိုသီပတ်သီ သူ့ ချွေးနံ့ ကိုတစ်ယောက်ကျော် ကျနော့်ဆီကတောင်ရတယ်။ နောက်တော့သူလည်း ပြဲကြီး လို့ အမည်တွင်သွားတာပါပဲ။ပြဲကြီးတို့ များ ငါးဖမ်းပိုက်ကွန်လွယ်ပြီး ခိုင်အဆောင်ရှေ့ ကဖြတ်လျှောက်သွားပြီဆို ခိုင်အဆောင်ထဲကကောင်မလေးတွေကကြောက်လိုတဲ့။နောက်တော့ပြန်ကြားရတာပါရုပ်အဲလောက်
ဆိုးတာပါဆို။

နောက်တစ်ယောက်က BE ။ BE ဘွဲ့ ရထားတာတော့မဟုတ်။ ဘီအီးအရက်သောက်လွန်းလိုအမည်ပညတ်တွင်ထားတာ။အရပ်ကပုပြတ်ပြတ်ပုဆိုးဝတ်ရင် တစ်ဖက်တို တစ်ဖက်ရှည် ထောင့်တန်း အမြဲဝတ်တာ။လမ်းလျောက်ရင် ပြာပြာ ပြာပြာနဲ့ ။လက်မှာကလည်း လက်ဖျံကနေတံတောင်ဆစ်အထိဥုံတွေရောစဓဗဝတွေရောဘာတွေမှန်းမသိတဲ့စာတွေအပြည့်တက်တူးထိုး
ထားတာ။သောက်လိုက်တဲ့ အရက်ကလည်းနွားငတ်ရေချ။ သီဟနိုင်ဆိုတဲ့နာမည်ပျောက်ပြီး BE ဖြစ်သွားတာပဲကြည့်တော့။ ရှေ့ မှာကအရပ်ခြောက်ပေဆယ့်တစ်လက်မလောက်ရှိမယ့်လန်ဘားနှစ်ယောက် ဆန်နီနဲ့ မျိုးကိုကို နောက်ပြီးတော့ ကိုဇော်နဲ့  ဝင်းမြင့် ကုလားညီနောင်။ သူတော်ချင်းချင်းမို့  သတင်းလွေ့ လွေ့ ပေါင်းဖက်တွေ့ ကြလေသည်ပေါ့။

Photo by Myat Htike
 


မအူပင် GTI ကျောင်းမှာတက်ခဲ့ရသောသုံးနှစ်တာကာလသည်အမှတ်ရစရာ သတိရစရာ လွမ်းစရာ
တွေနှင့်ပြည့်နေခဲ့သည်။
အဆောင်ရှေ့ကတေးသံချိုချိုနဲ့ ဂစ်တာသံတွေလွင့်ပျံ့ ခဲ့တဲ့ ညတွေကိုလွမ်းတယ်။
ကျောင်းဝန်းထဲက ကင်တင်းလေးကိုလွမ်းတယ်။
ကျောက်ခဲတွေခင်းထားလို့ မညီမညာဖြစ်နေတဲ့ကျောင်းကိုသွားတဲ့လမ်းကြမ်းကြမ်းလေးကိုလွမ်းတယ်။
ခိုင်အဆောင်ဘေးကစိမ်းမြကန်သာစေတီလေးကိုလွမ်းတယ်။
မအူပင်တံတားကြီးကိုလွမ်းတယ်။
မအူပင်ကမ်းနားကဆေးရောင်လွင့်ပျယ်နေတဲ့တြိဂံပုံမုဋ်ဦးလေးရယ်
ညလုံးပေါက်ဖွင့်တဲ့ ညစ်ပတ်ဆူညံနေတဲ့ လက်ဖက်ရည်ဆိုင်လေးတွေကိုလွမ်းတယ်။
လက်ရေတပြင်တည်းဆိုးတူကောင်းဖက် သူငယ်ချင်းတွေကိုလွမ်းတယ်။
ကျောင်းလမ်းထိပ်ရှိုင်းအဆောင်ဘေးက မဖြူအရက်ဆိုင်လေးကိုလွမ်းတယ်။
ရွှေချိန်ခွင်လမ်းထိပ်က ဗီဒီယိုရုံလေးကိုလွမ်းတယ်။
စက်ဘီးလေးတွေကိုယ်စီနဲ့ မအူပင်မြို့ ရဲ့  လိမ္မော်ရောင်ညနေခင်းတွေကိုလွမ်းတယ်။
ဂဠုန်မင်းအဆောင်က ရှူရှူးနံ့ အမြဲနံနေတဲ့ရေချိုးခန်းလေးကိုလွမ်းတယ်။
အို...
လွမ်းစရာတွေက တစ်ထောင့်တစ်ည
ပြောလည်းမကုန်နိုင်ပါဘူးလေ။

Photo by Myat Htike

မိဘတွေနဲ့ ခွဲပြီး ကျောင်းတော်ကြီးဆီလာတုန်းကတော့ ကိုယ်စီ ကိုယ်စီရဲ့  ရင်ထဲမှာ အနာဂတ်အတွက်
အိပ်မက်တွေကရွှေအတိ။ဒီကျောင်းတော်ကြီးမှာပဲ တချို့ ကအိပ်မက်တွေကို အပြည့်အဝအကောင်အထည်ဖော်နိုင်ခဲ့တယ်။
ဒီကျောင်းတော်ကြီးမှာပဲ
တချို့ က အနာဂတ်အတွက် ဘဝလက်တွဲဖော် ရှာဖွေတွေ့ ရှိခဲ့တယ်။
တချို့ အသည်းတွေကွဲပြီးဘဝတွေတစစီဖြစ်သွားခဲ့တယ်။
တချို့ ကဒီကျောင်းတော်ကြီးကနေပဲ သံသရာခရီးကို ထွက်သွားနှင့်ကြတယ်။
တချို့ အတွက်တော့ ရင်ဘတ်ချင်းတူတဲ့ သူငယ်ချင်းတွေရသွားကြတယ်။ 
ဘာပဲဖြစ်ဖြစ် အားလုံးကိုလွမ်းမိတယ်။

 
ဆရာ ဗိုလ်ဦးထုတ်ကစာသင်ရင်းနဲ့ ပြောတဲ့စကား ကျနော်မှတ်မိနေတာရှိတယ် " မင်းတို့ အားလုံးဟာ
စာတော်လို့  ဥာဏ်ကောင်းလို့ ဒီကျောင်းကို ရောက်လာကြတဲ့သူတွေကြီးပဲ ညံ့တဲ့ကောင်တစ်ကောင်မှမပါ
ဘူး ဒီတော့ ရည်မှန်းချက်ကြီးကြတယ်။ ကျောင်းကိုရောက်ခါစ တစ်လလောက်ကတော့ ငါ roll one ဖြစ်
ရမယ် လို့ ကျောင်းသားတိုင်းစိတ်ထဲကနေ ကြုံးဝါးကြတယ်။ သုံးလလောက်ကြာတော roll one မရလဲ
အဆင့် တစ်ဆယ်ထဲဝင်ရင်လဲ မဆိုးပါဘူးလေဖြစ်သွားပြီ။ ဟော..ခြောက်လလောက်လည်းကြာရော အောင်ရင်ပြီးတာပဲဆိုပြီး ဝရုံးသုံးကား မနိုင်မနင်းနဲ့  စာတွေကို အတင်းလိုက်ရတော့တာပဲ " တဲ့ ။ နှစ်စ မှာ ဆရာပြောခဲ့တာပါ။ 


ကျနော်ကတော့တေလေ တို့  ဘီအီးတို့  ပြဲကြီးတို့ နဲ့ အဖွဲ့ ကျပြီး သောက်တော်ဗူးရယ်..နဲ အိုမကွာ...အို..မကွာ လုပ်နေတာနဲ့  စာဖက်ကို မလှည့်နိုင်ဘူး။ဂစ်တာကလည်း မတောက်တခေါက်တီး
တတ်နေတော့ အဆောင်တွေရှေ့ ဂစ်တာလိုက်တီးရသေး။ ကျနော်အများဆုံး ဂစ်တာတီးဖြစ်တဲ့
အဆောင်တွေက ခိုင်အဆာင် ရယ်မိုမိုကို အဆောင်ရယ် ကျောင်းဘေးက မေမေ ဆောင် အဲဒါတွေက အများဆုံး တီးဖြစ်တယ်။ ဂစ်တာအတီးကောင်းလို့  ကျောင်းအုပ်ကြီးရုံးခန်းရောက်ခဲ့ပုံလေးပြောပြဦးမယ်။

Photo by Nyi Nyi Htoon
ခိုင်အဆောင်ရှေ့ မှာ ပေါ့။ အဲဒီညကလမသာပေမယ့်ကောင်းကင်မှာကြယ်လေးတွေကအပြည့် ။ ရာသီ
ဥတုကလည်းဆောင်းဝင်စဆိုတော့သာယာကြည်လင်နေတယ်။ကျနော်ရယ် ခရမ်းသီးနှစ်လုံး အဲ ဟုတ်ပေါင်
ခရမ်းသားနှစ်ယောက်ဖြစ်တဲ့ ရဲမင်းရယ် ချစ်စမ်းမောင် ( ဝါဆို ) ရယ်ပြီးတော့ ပြဲကြီးရယ် အားလုံးလေး
ယောက်။ ဖြတ်ပြီးပြောရဦးမယ်ကျနော်တို့ ကျောင်းအုပ်ဆရာကြီးဦးအောင်မိုးက စည်းကမ်းကြီးတယ်
ဗျ ။ ကျောင်းသားတွေည ဆယ်နာရီကျော်ရင် အပြင်မထွက်ရဘူး ။အဆောင်တွေရှေ့ ဂစ်တာမတီးရဘူး
သူကိုယ်တိုင် ကင်းလှည်းပြီးစစ်ဆေးလေ့ရှိတယ်။ကျနော်တို့ လေးယောက်ခိုင်အဆောင်ရှေ့ ရောက်တော့ ညကိုးနာရီခွဲကျော်ပြီပေါ့။ ကျနော်ကဂစ်တာတီးတိုင်းပြုလုပ်နေကျ ခြင်ဆေးခွေတွေ ပတ်ပတ်လည်ထွန်း
လိုက်တယ်။ မအူပင်မှာ ဂစ်တာတီးရင် ခြင်ဆေးခွေက မပါမဖြစ်ပေါ့။

 
ခိုင်အဆောင်ရဲ့  အရှေ့ ထောင့် မြက်ခင်းပေါ်မှာ ကျကျနန ထိုင်ပြီး လေးယောက်သား ခံစားချက်အပြည့်နဲ့ 
သီချင်းတွေဟစ်ကြွေးနေတုန်း ဆယ်နာရီကျော်သွားတာ သတိမထားမိကြဘူး။ အဲဒီအချိန်မှာ ကျောင်းအ
ပေါက်ကနေ မှိန်တုတ် မှိန်တုတ်နဲ့ ဝါထိန်ထိန် ကားမီးရောင်လေး လှုပ်လှီလှုပ်လှဲ့ လာနေတာလှမ်းတွေ့ ရ
တယ်။ ခိုင်အဆောင်ရှေ့ က လှမ်းကြည့်ရင် ကျောင်းပေါက်ဝကတန်းနေတာပဲလေ။ နည်းနည်းတော့လှမ်း
တာပေါ့။ ကျောင်းအုပ်ကြီးမှာ နိုင်ငံတော်က စေတနာသုံးတန်နဲ့ ချပေးထားတဲ့ လေးဘီးကားသေးသေး
လေးတစ်စီးရှိတယ်။အဲဒီကားလေးကပြေးလှ လိပ်သာသာ။ သူက ရေမိုင်နဲ့ သွားတာ ။ တစ်နာရီ ကိုးမိုင်။
ဆရာကြီး ကင်းလှည့်လာပြီ။ ကားက အုတ်ခဲလမ်းကြမ်းကြမ်းပေါ်ပြေးနေရတော့ ရှေ့ မီးလုံးဝါကျင့်ကျင့်
လေးနှစ်လုံးက ဘယ်ညာယိမ်းလိုက်မိုးပေါ်ထောင်သွားလိုက် အောက်ကိုစိုက်ကျသွားလိုက်နဲ့  အဝေးကနေ
သီချင်းဆိုရင်းလှမ်းမြင်နေရတယ်။ကျနော်တို့ မပြေးသေးဘူး။ ပြဲကြီးက မြှောက်ပေးတယ်။" ငါတို့  ဆရာ
ကြီးကားနီးလာမှပြေးမယ်ကွ"။လေးယောက်လုံးသဘောတူတယ်။



( အမည်နာမများအားလွှဲရေးထားပါသည်။တိုက်ဆိုင်မှုရှိက ထိုသူ့ ကိုသာရည်ရွယ်ပါသည် )

ဆက်စပ်ဖတ်ရှုရန်