Sunday, April 7, 2013

သူရဿဝါ ဆိုတာ...........?

ဒိနေ.တော. လူငယ်လေးတစ်ယောက်အကြောင်းပြောပြ ချင်ပါတယ် ....
စာပေလောကမှာ နေရာတစ်ခုရှိနေသလို ကိုယ်ပိုင် ဘလော.ကနေလည်း ရသစာပေတွေတင်ဆက်နေသူ တစ်ဦးပါ.....သူ.ကိုရွေးချယ်ဖြစ်တာကတော. သူက ၀ါးခယ်မ GTI မှာ တက်ရောက်ဖူးခဲ့သူ တစ်ဦးဖြစ်နေတာလည်း ပါပါတယ်


 သူအမည်က သူရဿဝါ

သူ.ကို ၁၉၈၇ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက် (တနင်္ဂနွေနေ့) တွင် အဖ ဦးမောင်မောင်နှင့် အမိ ဒေါ်ခင်လေးယု တို့မှ မွေးဖွားခဲ့ပါ့တယ်...အ.မ.က (၁) ကြံခင်း၊ အ.မ.က (၂၇) သင်္ဃန်းကျွန်း၊ အ.ထ.က (၂) ကမာရွတ်၊ ဝါးခယ်မ Government Technical Institute၊  အင်္ဂလိပ်စာ အထူးပြု (အဝေးသင်) ဒဂုံတက္ကသိုလ် တို့တွင် ပညာသင်ကြားခဲ့  သည်...

၂၀၀၇ ခုနှစ် ၊ ဇူလိုင်လထုတ် ပျော်ပျော်ရွှင်ရွှင် မဂ္ဂဇင်းတွင် ပုံနှိပ်ဖော်ပြခံရသော “ပျံသန်းခြင်း” ကဗျာဖြင့် စာပေ လောကထဲ စတင်ရောက်ရှိခဲ့ပြီး ပျော်ပျော်ရွှင်ရွှင် မဂ္ဂဇင်း၏ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ အတွက် ဟာသ ဝတ္ထုတို ပြိုင်ပွဲတွင် “၂၁ ရာစု ဒဿဂီရိ” ဟာသ ဝတ္ထုတိုဖြင့် အကောင်းဆုံး ဆုရရှိခဲ့ပါတယ်...
၂၀၀၈ ခုနှစ်၊ ဇွန်လတွင် www.mysuboo.com မှ ကျင်းပသော အဖေနေ့ အထိမ်းအမှတ် ကဗျာ ပြိုင်ပွဲတွင် “အဲဒီ .. ဖေဖေ တည်ခဲ့တဲ့ကမ္ဘာ” ကဗျာဖြင့် ဒုတိယဆု ရရှိခဲ့သူလည်း ဖြစ်ပါတယ်...
၀၀၈ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့မှ စတင် ဖွဲ့စည်းခဲ့သော Mysuboo Fan Club (ယခု Suboo Multi Social Network) တွင် အလုပ်အမှုဆောင် အဖြစ် တာဝန်ယူ၍ ယခု အချိန် အထိ ပရဟိတ လုပ်ငန်းနှင့် အသင်း၏ Suboo Literary Club အတွက် စာပေကိစ္စများ တာဝန်ယူ ဆောင်ရွက် လျက်ရှိသလို
ဖူးငုံ ဆယ်ကျော်သက် မဂ္ဂဇင်း၊ ပန်းအလင်္ကာ မဂ္ဂဇင်း၊ People မဂ္ဂဇင်း၊ ပေဖူးလွှာ မဂ္ဂဇင်း၊ ပျော်ပျော်ရွှင်ရွှင် မဂ္ဂဇင်း၊ ရယ်စရာ မဂ္ဂဇင်း၊ Moda Myanmar မဂ္ဂဇင်း၊ Smart ဂျာနယ်လ်၊ ICT ဂျာနယ်လ်နှင့် TechSpace ဂျာနယ်လ် တို့တွင် ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတိုနှင့် သရော်စာများ ရေးသားခဲ့ကာ ယခုလက်ရှိ Net Guide ဂျာနယ်လ်နှင့် တို့တွင် သရော်စာ ဆောင်းပါးများ အပတ်စဉ် ရေးသားလျက် ရှိပြီး ယခုလက်ရှိ အချိန်အထိ ဂျာနယ် မဂ္ဂဇင်းများတွင် ပုံနှိပ်ဖော်ပြ ခံရပြီးသော စာပေလက်ရာ အပုဒ်ရေ (၉၀) ကျော်ခန့်ရှိ ခဲ့ပြီဖြစ်သည်............

၂၀၀၈ ခုနှစ် ၊ ဖေဖော်ဝါရီလတွင် “ရသစာပေ အနုပညာဘလော့ဂ်” အမည်ဖြင့် ကိုယ်ပိုင် Blog တစ်ခု ပြုလုပ်ကာ ယခုလက်ရှိ အချိန်အထိ ရသစာပေများ တစိုက်မတ်မတ် ရေးသားလျက်ရှိပြီး Blog Address မှာ www.thurathawah.net ဖြစ်သည်....

၂၀၁၃ ခုနှစ် ၊ ဖေဖော်ဝါရီ လတွင် ကျင်းပခဲ့သည့် “ဧရာဝတီ နိုင်ငံတကာ စာပေ အနုပညာ ပွဲတော်” တွင် ဘလော့ဂါ ညီလင်းဆက်၊ ဘလော့ဂါ နေဘုန်းလတ်၊ ဆရာမ မြသွေးနီ၊ ဆရာမ ပန်ဒိုရာ တို့နှင့် အတူ Literature & Blogosphere ကဏ္ဍတွင် ပါဝင် ဆွေးနွေးရန် ရှိသလို လူငယ် အခန်း ကဏ္ဍ တွင်လည်း ဆရာမ စုသဲမွန်၊ ယုယ၊ မောင်ရေချမ်း၊ ဘလော့ဂါ နေဘုန်းလတ် တို့နှင့်အတူ ဝင်ရောက် ဆွေးနွေး ဖြစ်ခဲ့ပါသည်.......

ဒါကတော. နမူနာ သူ.လက်ရာလေး တစ်ခုပါ

 ဦးမောင်နှင့် အင်တာနက်ဆိုင်သို့တစ်ခေါက်
- သူရဿဝါ -

ရန်ကုန်ရှိ တူမတော် မယ်ဆူး၏ အိမ်သို့ ရောက်တုန်း ရောက်ခိုက် ရွာတွင် မသုံးရသော အင်တာနက်ကို တဝကြီး သုံးရန် ဟူသော ရည်ရွယ်ချက်ဖြင့် ဦးမောင် တစ်ယောက် အင်တာနက် ဆိုင်သို့ ထွက်လာ ခဲ့သည်။ အရင် တုန်းကတော့ အင်တာနက် ဆိုတာ ဂျေဒိုးနပ်လို စားစရာ ဟုတောင် ဦးမောင် ကြားဖူးနားဝ ထင်ခဲ့ဖူး သေးတာ။ အခုတော့ ရန်ကုန် မြို့ကြီး သို့လည်း ခဏခဏ ရောက်၊ တူမတော် မယ်ဆူးတို့ မိသားစု၏ နည်းပညာ အသိုင်း အဝိုင်းနှင့် ခဏခဏ ထိတွေ့ ရသောကြောင့် သူတို့၏ သင်ပေး မှုဖြင့် အင်တာနက် ဆိုတာကို ကောင်းကောင်း သုံးတတ် နေလေပြီ။ အသုံးအနှုန်းက အစ အရင်နှင့် မတူတော့။ အခု ဦးမောင် အင်တာနက် ကြည့်တယ်တို့၊ အင်တာနက် ထိုင်တယ်တို့ မပြောတော့။ အင်တာနက် သုံးတယ်ဟု ပြောတတ် လာပြီ။

ဆိုင်ထဲ ဝင်လာခဲ့သည်။ တစ်ကိုယ်လုံး အပူလှိုင်း ဖြတ်သွား သလိုပဲ ခံစား လိုက်ရ၏။ မီးပျက် နေလို့လား မသိ။ ဆိုင်ထဲ ရောက်တော့ မီးစက်သံ တဝုန်းဝုန်း၊ အပူရှိန် ကလည်း တဟုန်းဟုန်း။ နက်ဝါ့ခ် ဂိမ်းနှင့် အင်တာနက် တွဲ၍ ဖွင့်ထားသည့် ဆိုင် ဖြစ်သဖြင့် အထဲမှာ ဂိမ်းကစား နေသူ ကောင်လေး များ၏ ဆဲသံ၊ ဆိုသံ၊ ကလော်သံ၊ အော်သံ တွေကလည်း ဆူညံ ပွက်လောထ နေ၏။ အော် .. အရှင်လတ်လတ် ငရဲပြည် ရောက်သွားတဲ့ အတိုင်းပါပဲ။ သည်းခံ .. သည်းခံ။ ဦးမောင် ဆာဗာ ကောင်တာရှေ့ ရပ်လိုက်သည်။ ဆာဗာတွင် ထိုင်နေသော ဆိုင်တာဝန်ခံ ကောင်လေးက စာတွေ တဗြောင်းဗြောင်း ရိုက်နေ ရာမှ ဦးမောင်ကို လှမ်းကြည့်သည်။ ဦးမောင် မေးလိုက်၏။

“ဘယ်စက်မှာ ထိုင်ရမလဲ .. တူလေး”
ကောင်လေးက ဦးမောင်ကို လွတ်နေသော စက်တစ်လုံးဆီ လက်ညှိုး ညွှန်ပြ၏။ ပြီးတော့ သူ့ဟာသူ ကွန်ပျူတာကြီး ငုံ့ကြည့်ကာ တဂျောင်းဂျောင်း စာရိုက် နေပြန်၏။ အော် .. သနားစရာ၊ အာသီးယောင် နေတယ် ထင်တယ် .. ဟိုမှာ ထိုင်လိုက်ပါ ဦးလေး လို့တောင် ပြန်မပြော နိုင်ရှာဘူးဟု ဦးမောင် တွေးမိသည်။ သူ ညွှန်ပြသော နေရာတွင် ဦးမောင် ထိုင် လိုက်သည်။ သူ့ဘေး တစ်ဖက် တစ်ချက်မှာ ခုနက အော်ဟစ်၍ ဂိမ်းဆော့ နေကြသော ကောင်ကလေးတွေ။ ဦးမောင် သူ့ဆီ ဘယ်သူမှ မေးလ်မပို့ ထားမှန်း သိသော်လည်း ခပ်တည်တည်ဖြင့် မေးလ်စစ်ရန် ဂျီမေးလ် ဖွင့်လိုက်သည်။ အခုတော့ အေးအေး ဆေးဆေးပဲ။ သေချာ မသုံးတတ်ခင် အရင်တုန်း ကတော့ ပါ့စ်ဝါ့ဒ် ရိုက်ထည့်သည့် အပေါက်ထဲတွင် ဘာတွေ ရိုက်ထည့် ရမှန်း မသိ၍ ကိုယ့် မှတ်ပုံတင် နံပါတ်ကိုယ် ပြန်ရိုက်ထည့်ချင် ထည့်နေ တတ်ခဲ့တာ။

ဖွင့်ပြီးတော့ ငါးမိနစ်လောက် ကြာသည် အထိ ဂျီမေးလ်က တက်မလာ။ သတင်း ဖတ်ရန် ဆိုပြီး သတင်း ဝက်ဘ်ဆိုက် တစ်ခုကို ဖွင့်လိုက်သည်။ ဖွင့်လိုက်တာနှင့် .. မြန်ချက်။ Problem Loading Page ဆိုပြီး တန်းတက် လာသည်။ ဦးမောင် လည်း သတိ မထားမိ။ အောင်မယ် .. အင်္ဂလိပ်လို သတင်းရေး ထားတာ ထင်လို့ ဖတ်ကြည့် နေသေးသည်။ ပြီးမှ ဖွင့်၍ မရလျှင် ပေါ်တတ်သည့် စာတန်းမှန်း သတိရ၏။ ဒါနဲ့ ဦးမောင်လည်း မနေသာပြီ။ ကောင်တာမှ ကောင်လေးကို လှမ်း၍ ခေါ်ရသည်။

“သားရေ .. ခဏလောက် လာကြည့် ပေးပါဦး .. မတက်လို့”
ထုံးစံအတိုင်း သူ့ကို မျက်နှာသေကြီးနှင့် ကောင်တာမှ နေ၍ လှမ်းကြည့်၏။ ပြီးတော့ ငုံ့၍ စာအနည်းငယ် ရိုက်လိုက် သေး၏။ ပြီးတော့မှ မထချင် ထချင် ပုံစံဖြင့် ထ၍ လာသည်။

“တူလေးရေ .. မေးလ်လည်း မရဘူး၊ သတင်း ဖတ်မလို့ ဖွင့်တဲ့ ဝက်ဆိုက်လည်း မရဘူး”
“ဘာမှ မတက်ဘူးလား”
“အေး .. ဟုတ်တယ်”
“အဲဒါဆို ကျနေတာ”
ဦးမောင် စိတ်ညစ် သွားသည်။ ဥာဏ်ကြီးရှင်နှင့် တွေ့နေပြီ။ မတက်ပါဘူး ဆိုတော့မှ ကျလို့ပေါ့။ စိတ်ထွက်ထွက်နှင့် ဦးမောင် ဘုတော လိုက်သည်။

“အေးပေါ့လကွယ် … မတက်မှတော့ ကျလို့ပေါ့၊ ကော်နရှင် ကတော့ တန်းလန်းကြီး ဖြစ်နေတယ်လို့ ရှိမှမရှိတာဘဲ”
ငါ့လို တောသားတောင် ကော်နရှင် ကျတယ် ဆိုတာကို သိတယ်ကွ ဟူသော ပုံစံဖြင့် ဦးမောင် ပြောလိုက်တော့ ထို ကောင်လေးက ထုံးစံ အတိုင်း ရုပ်သေကြီးနှင့် ကြည့်နေ ပြန်သည်။ ပြီးမှ “မတက်တာများ လွယ်လွယ်လေး” ဟု ဆိုကာ ဘာမပြော ညာမပြောနှင့် စက်ကို Restart ချလိုက် လေ၏။ ကော်နရှင် မတက်လျှင် ရီစတတ် ချရလေ၏ ဟူ၍ ဦးမောင် အဖို့ မှတ်သားစရာ တစ်မျိုး တိုးလေ၏။ ရီစတတ် ချပြီး၍ စက်ပြန် ပွင့်တော့ ပြန်သုံး ကြည့်သော်လည်း ခုနက လိုပင် ပရော် ဘလမ်း လုပ်ဒင်း ပြန်သည်။ ဦးမောင်လည်း ဘာမှ လုပ်တတ်သည် မဟုတ်တော့ ဆိုင် တာဝန်ခံ ကောင်လေးကို လှမ်း၍ ခေါ်ရ ပြန်သည်။ ခုနက လိုပင် အုတ်နီခဲလို ရုပ်တည် ရုပ်မာ ကြီးနှင့် ထ၍ လာပြန်၏။

“အခုထိ မတက်သေးဘူးလား”
“အေးကွာ .. လုပ်ပါဦး ..”
“ဒါများ လွယ်လွယ်လေး .. ဂိမ်းဆော့ရင်း စောင့်” ဟုဆိုကာ ဖား၏ ပါးစပ်ထဲမှ ရောင်စုံ အလုံးတွေ ထွက်ကျပြီး အရောင် တူရာ အလုံးတွေကို လှမ်း၍ ပစ်ရသည့် ဂိမ်းကို ဖွင့်ပေး သွား၏။ မထူးတော့ပြီ ဟုဆိုကာ ဦးမောင်လည်း ထိုင်ဆော့ နေလိုက် တော့၏။ လေးဆယ့်ငါး မိနစ်လောက် ဆော့ပြီး တော့မှ ကောင်တာမှ ကောင်လေးက လှမ်း၍ အော်သည်။ “ဦးလေး .. ဘယ်လို ဖြစ်တာလဲ မသိဘူး … ကော်နရှင် တက်လာပြီ” တဲ့။ အော် .. ကော်နရှင် တက်တာများ အထူး အဆန်း ဖြစ်ရပုံနှင့် အော်နေသည်။ ဦးမောင်လည်း ဂိမ်းဆက်၍ မဆော့ တော့ဘဲ ဖတ်ချင်သည့် သတင်း ဝက်ဘ်ဆိုက်ကို ဖွင့်လိုက်သည်။

“အမျိုးသား ရင်ကြားစေ့ရေး အတွက် ငြိမ်းချမ်းရေး အထူး ဆွေးနွေးပွဲ တစ်ရပ်ကို ကျင်းပခဲ့ရာ … ဟေ့ကောင်တွေ .. ချကွ .. ချ .. ပစ် .. အဲဒီကောင်ကို လိုက်ပစ် .. မပြေးနဲ့ .. မိလို့ကတော့ အသေပဲ”
အလို .. ဘာဖြစ် သွားတာပါလိမ့်။ ဦးမောင် ဖတ်နေသည့် သတင်း ထဲတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပခဲ့ရာ အထိပဲ ရှိသေး … ဘယ်ညာ တစ်ဖက် တစ်ချက်မှ ဂိမ်းဆော့ နေကြသော ကောင်လေးတွေ အားနှင့် မာန်နှင့် အသည်းအသန် ထ၍ အော်ဟစ် ဆူညံ ဆဲဆိုသံများ ထွက်လာခြင်း ဖြစ်၏။ ဦးမောင် စိတ်လျှော့ လိုက်ပြီ။ သတင်းလည်း မဖတ်ချင်တော့၊ အင်တာနက်လည်း မသုံးချင်တော့။ ထိုင်နေရာမှ ထ၍ ငွေရှင်းရန် ကောင်တာသို့ ထလာခဲ့သည်။

“ပြီးပြီ .. တူလေး .. ဘယ်လောက်လဲ”
“လေးရာ” ဘာဆို ဘာမှ အပိုမပြော။ သူ့ကိုပင် မော့မကြည့်ဘဲ ကွန်ပျူတာကို ကြည့်နေရာမှ ပြောပြန်သည်။ ဦးမောင်လည်း မနေနိုင်။
“ငါ .. ငါ .. တစ်နာရီ လုံးလုံး .. ဆယ်မိနစ်လား ဆယ့်ငါး မိနစ်လား သုံးရတာပါကွာ … မတက်ဘူးလေ .. ကျနေတာလေ”
“ဒါပေမယ့် .. ဦးလေး ဂိမ်းဆော့ တယ်လေ”
ကိုင်း .. မှတ်ကရော။ သူဖွင့်ပေး လို့လည်း ဆော့ရသေးတယ် .. အခုတော့ ကိုယ်က အလိုတူ အလိုပါ ဖြစ်ရသည်။ ဦးမောင် ဘာမှ မပြောတော့။ ပိုက်ဆံ တစ်ထောင်တန် တစ်ရွက် ထုတ်ပေး လိုက်သည်။ ပိုသော ပိုက်ဆံကို ပြန်အမ်းရင်း ကောင်လေးက ဖြေပြော ပြောသည်။

“ကျွန်တော်က ဘာမှ မသိဘူး .. ကျွန်တော့် ဦးလေးက ကျွန်တော် ဆယ်တန်း အောင်ထားပြီး အလုပ်မရှိ သေးလို့ .. သူ့ဆိုင်မှာ ထိုင်ခိုင်း ထားတာ … ဒီမှာ .. ငွေတွက်တဲ့ ဆော့ဖ်ဝဲက တွက်တဲ့ အတိုင်းပဲ ကျွန်တော်က တောင်းရတာ”
တစ်ဆိုင်လုံး၏ တာဝန်ခံ အဆင့်မြင့် ကွန်ပျူတာ ပညာရှင် နည်းပညာ သမားလေး ပြောလိုက်မှ ရှင်းသွားသည်။ သူကတော့ ထုံးစံ အတိုင်း မျက်နှာမာ ကြီးနှင့်ပင်။ ဦးမောင်လည်း ဆိုင်က ပြန်ထွက် လာရင်း ဒီလို မျက်နှာမျိုး ဘယ်မှာ တွေ့ဖူးသလဲ စဉ်းစား နေမိသည်။ အတော်ကြာ စဉ်းစား လိုက်တော့မှ .. ခပ်ရေးရေး ပေါ်လာ၏။ သူတို့ တစ်ရွာလုံးမှာ တစ်ဦး တည်းသော ဂြိုဟ်တု စလောင်း တပ်ထား နိုင်သည့် ဒေါ်ခင်ပု၏ မျက်နှာမျိုး ပါပေ။ တစ်ရွာလုံးမှာ ဂြိုဟ်တု စလောင်း တပ်နိုင်တာ ဆိုလို့ သူပဲ ရှိတာ ဆိုတော့ သူ့အိမ်မှာ ရွာက လူတွေ ဂြိုဟ်တု စလောင်း သွားကြည့်ပြီ ဆိုလျှင် လုပ်ထား တတ်သော ဒေါ်ခင်ပု၏ မျက်နှာမျိုး။ “ကြည့်ချင်ကြည့် မကြည့်ချင်နေ .. တို့ကတော့ ဂရုမစိုက်” ဟူသော သဘောဖြင့် မာခေါက် နေတတ်သော မျက်နှာထားကြီး။ ခုနက အင်တာနက် ဆိုင်မှ ကောင်လေး၏ မျက်နှာနေ မျက်နှာထားနှင့် တစ်ပုံစံထဲ။ ထိုကောင်လေး ပုံစံကလည်း “သုံးချင်သုံး မသုံးချင်နေ … ဂရုမစိုက်” ဟူသော ပုံမျိုး ပေါက်နေတာကိုး။

ဆယ်တန်း အောင်ပြီးစ အင်တာနက် အကြောင်း ဘာမှလည်း သေချာ မတတ်၊ သေချာ မသိ။ ကာစတန်မာကို ဘယ်လို ဆက်ဆံ ရမည် ဆိုတာလည်း နားလည်ပုံ မရသော “သုံးချင်သုံး မသုံးချင်နေ” ကိုယ်တော်လေးအား စိတ်ချလက်ချ ဆိုင်တွင် အလုပ်ပေး ထားသည် ဟူသော ဦးလေးတော်၏ အင်တာနက် ဆိုင်ကြီး ရေရှည်တွင် သေချာပေါက် အကျိုးစီးပွါး ဖြစ်ထွန်း တော့မည့် အရေးကို တွေးကာ ထိုကောင်လေး ကိုတလှည့် .. ဒေါ်ခင်ပု ကိုတလှည့် မြင်ယောင် ရင်းဖြင့် ဦးမောင် တစ်ယောက် ပြန်လာ ခဲ့မိလေ တော့သည်။

၆ - စက်တင်ဘာ - ၂၀၁၂
်From 
   
 

ပရိသတ် စံချိန်တင် ကြည့်ရှုအားပေးခဲ့သည့် စိုးသူ၏ အခမဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲ



သရုပ်ဆောင် အဆိုတော်စိုးသူ၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို မတ်လ ၃၀ ရက်နေ့ ညနေ ၆ နာရီတွင် ရန်ကုန်မြို့ မိုင်ဒါကွင်းတွင် ပြုလုပ်ခဲ့သည်။ အဆိုပါ ဖျော်ဖြေပွဲကို အခမဲ့ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပရိသတ် ခြောက်သောင်းနီးပါးခန့် လာရောက်ကြည့်ရှုခဲ့သည်ဟု သိရှိရသည်။
အဆိုတော် စိုးသူ၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို စိုးသူ၏ ထင်ရှားခဲ့သည့် တေးသီချင်းများ သီဆိုမှုဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး Plus Three တီးဝိုင်းနှင့် တွဲဖက်ကာ တေးသီချင်းများစွာကို သီဆိုဖျော်ဖြေပေးခဲ့သည်။ ဖျော်ဖြေမှုများကို အပိုင်းလိုက်ခွဲ၍ တင်ဆက်ပေးခဲ့ခြင်းဖြစ်ပြီး ခေတ္တနားချိန်များအတွင်း သရုပ်ဆောင် အကယ်ဒမီ နေအောင်နှင့် ခင်သန်းနုတို့က စိုးသူ၏ ငယ်ဘ၀ အမှတ်တရများနှင့် အနုပညာဘ၀ စတင်ခဲ့ပုံများကို ပြောပြပေးခဲ့သည်။ 


ထို့နောက် သရုပ်ဆောင်အဆိုတော် စိုးသူက dancer များနှင့် တွဲဖက်ကာ ထင်ရှားခဲ့သည့် တေးသီချင်းများစွာကို ပါဖောမန့်စ်များဖြင့် တင်ဆက်ခဲ့သည်။ ဆက်လက်၍ သရုပ်ဆောင် အဆိုတော်စိုးသူနှင့် ခေတ်ပြိုင် အနုပညာရှင်များ ဖြစ်ကြသည့် သရုပ်ဆောင် အကယ်ဒမီ ရန်အောင်၊ ရဲအောင်၊ မို့မို့မြင့်အောင်၊ စိုးမြတ်သူဇာ၊ ခိုင်ခင်ဦး စသူတို့ကလည်း စိုးသူနှင့်ပတ်သက်၍ အမှတ်တရ စကားများ ပြောကြားပေးခဲ့ပါသည်။
ထို့နောက် စိုးသူက ဆိုင်ကယ်စီး၍ ပရိသတ်များကြားသို့ ရောက်ရှိလာပြီးနောက် တေးသီချင်းများဖြင့် ထပ်မံသီဆို ဖျော်ဖြေပေးခဲ့သည်။ စိုးသူ ထွက်ရှိခဲ့သည့် တစ်ကိုယ်တော် တေးစီးရီးများမှ တေးသီချင်းများဖြင့်ရော၊ ရုပ်ရှင်တေးသီချင်းများဖြင့်ပါ သီဆိုဖျော်ဖြေပေးခဲ့ခြင်း ဖြစ်သည်။ တေးသီချင်းများ အားလုံးကို တစ်ကိုယ်တော်အဖြစ် သီဆိုဖျော်ဖြေပြခဲ့ခြင်း ဖြစ်သည်။
"ကျွန်တော့် ပရိသတ်ကို ကျွန်တော် အားပါးတရ ဖျော်ဖြေချင်တာကြောင့် ဒီပွဲလေးကို ပြုလုပ်ဖြစ်တာပါ။ အခုလို ပရိသတ်တွေအများကြီးက လာအားပေးတဲ့အတွက်လည်း ကျွန်တော် ၀မ်းသာပါတယ်။ ကျွန်တော် သီချင်းတွေ အများကြီး ဆိုပြချင်ပါတယ်။ ဒီတစ်ပွဲတင် မဟုတ်ပါဘူး။ နောက်ပွဲတွေ ရှိခဲ့ရင်လည်း ကျွန်တော့်ကို အားပေးကြပါဦးလို့ ပြောချင်ပါတယ်" ဟု သရုပ်ဆောင် အဆိုတော် စိုးသူက အမှတ်တရစကား ပြောကြားခဲ့ပါသည်။
စိုးသူ၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲသို့ အနုပညာရှင် အများအပြားလည်း လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်ကို တွေ့ခဲ့ရပါသည်။ လာရောက်ကြည့်ရှု အားပေးခဲ့သူ တစ်ဦးဖြစ်သည့် သရုပ်ဆောင်အကယ်ဒမီ မို့မို့မြင့်အောင်က "မမို့တို့ သူငယ်ချင်းရဲ့ တစ်ကိုယ်တော်ပွဲလေး အခုလို အောင်မြင်တာကို ဂုဏ်ယူပါတယ်။ သူ့ပရိသတ်တွေနဲ့ သူ့ကြားမှာရှိတဲ့ အားပေးမှု ချစ်ခြင်းမေတ္တာကို တွေ့ရတာလည်း တကယ့်ကို ကြည်နူးစရာပါ။ နောက်ထပ်အောင်မြင်မှုတွေ အများကြီး ပိုင်ဆိုင်နိုင်ပါစေလို့လည်း မမို့ဆုတောင်းပါတယ်" ဟု ပြောပြခဲ့ပါသည်။ 
ဖျော်ဖြေပွဲတွင် သရုပ်ဆောင်ဇင်ဝိုင်းနှင့် မေသန်းနုတို့ကလည်း သင်္ကြန်အမှတ်တရ ဖျော်ဖြေမှုဖြင့် အားဖြည့်တင်ဆက်ခဲ့ပါသည်။ ထို့နောက် စိုးသူ၏ အထင်ရှားဆုံး တေးသီချင်းများဖြစ်သော "ကြည်ဖြူပါ"၊ "သိပ်ချစ်တာ သူသိပါကွယ်"၊ "မင်းအကြောင်းသီချင်း" စသည့် တေးသီချင်းများကို စိုးသူက သီဆိုဖျော်ဖြေပေးခဲ့သည်။ 


စိုးသူ၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲအား Forever Blossom မှ စီစဉ်ခဲ့ခြင်းဖြစ်ပြီး အခမဲ့ လက်မှတ်များဖြင့် ကြည့်ရှု အားပေးစေခဲ့ခြင်း ဖြစ်သည်။ လက်မှတ်များတွင် ထိုင်ခုံလက်မှတ်နှင့် မတ်တပ်ရပ် လက်မှတ်နှစ်မျိုး ခွဲခြားထားပြီး ပရိသတ်ခြောက်သောင်းနီးပါးခန့် ကြည့်ရှုအားပေးခဲ့သည်ဟု သိရှိရသည်။
 သရုပ်ဆောင် အဆိုတော် အကယ်ဒမီစိုးသူသည် အနုပညာလုပ်ငန်းများအား ရပ်နားကာ အမေရိကန်နိုင်ငံ၌ အခြေချ နေထိုင်ခဲ့သည်မှာ ၁၁ နှစ်နီးပါးခန့် ကြာမြင့်ခဲ့ပြီးနောက် မိခင်ဖြစ်သူ၏ ကျန်းမာရေးအတွက် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ 


မိခင်ဖြစ်သူ ကွယ်လွန်သွားပြီးချိန်၌ အနုပညာလုပ်ငန်းများ ပြန်လည်လုပ်ဆောင်ခဲ့ရာတွင် ပထမဆုံး ဖျော်ဖြေပွဲအဖြစ် တစ်ကိုယ်တော် ဖျော်ဖြေပွဲကို အခမဲ့အနေဖြင့် ရန်ကုန်မြို့ မိုင်ဒါကွင်း၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သရုပ်ဆောင် အဆိုတော် စိုးသူသည် ဇာတ်ကားများကိုလည်း မကြာမီ လက်ခံရိုက်ကူးနိုင်ရန် စီစဉ်လျက်ရှိသည်ဟု သိရှိရသည်။

Post  & Photos - EMG & 7 Day News

Friday, April 5, 2013

*ကျောင်းတော်တမ်းခြင်း*(ပုသိမ်တက္ကသိုလ် အမှတ်တရ)


(၁)

ကြုံဆုံပြီးရင်…ခွဲခွာကြရတာ

လောကရဲ့ နိယာမတစ်ခုပါပဲ

အကန့်အသန့် တစ်ခုထဲက…

ပျော်ရွှင်မှု၊၀မ်းနည်းမှု၊ အချစ်၊အလွမ်း

အဖြူရောင်တွဲလက်တွေရဲ့

ထားခဲ့ဖူးတဲ့ သစ္စာတရား

အချိန်ယန္တရားရဲ့ တိုက်စစ်မှာ

မှုန်ဝါးကွယ်နစ်ခဲ့ ကြပြီ …။

ငါ့ အမှတ်တရအားလုံး

ငါ နဲ့ အဝေးဆုံးမှာ

ငါချန်ထားခဲ့ရပြီ ….။

နေရစ်တော့ကွယ် … …
 


(၂)

ဆောင်းအ၀င်တွေ့ကြုံရမဲ့…

ကျောင်းရင်ငွေ့လှုံနေ့စွဲတွေကို

လွမ်းတယ်…

နှင်းတွေဝေတဲ့ ဒီဇင်ဘာပေါ့

ကျောင်းတော်က …သူ့ရင်ဘတ်ကို

ဆွဲဖွင့်လိုက်တယ်

“ဟုတ်ကဲ့! …ရင်သပ်ရှုမောဖွယ်

မြ၀ါးရုံပြပွဲ စတင်ပါပြီ”

မတူညီတဲ့ ဒေသတွေက

မတူညီတဲ့ သူတိုင်းရဲ့

တူညီတဲ့ အိပ်မက်တွေခင်းကျင်းပြသ

အရောင်အသွေးစုံ လှပလို့ …

သူ့ အရွယ်နဲ့ သူ့မျှော်လင့်ချက်

တက္ကသိုလ်ဆိုတဲ့ ကမ္ဘာသစ်မှာ

လူနဲ့ အိပ်မက် ထိပ်တိုက်တွေ့ခဲ့ကြတယ်

တက္ကသိုလ်နယ်မြေရယ်…

ကန်သာယာရယ်…

ကျောင်းတော်ကြီးရယ်…

သူငယ်ချင်းတွေရယ်…

ခွဲခွာခြင်းဆိုတာ…

ဘယ်တုန်းကမှ မတွေးခဲ့တဲ့

ကြမ္မာရိုင်းပဲ ဖြစ်ရဲ့ …။

အဓိပ္ပါယ်ရှိတဲ့ နှင်းစက်တွေနဲ့

အဓိပ္ပါယ်ရှိတဲ့ မိုးစက်တွေနဲ့ …

ဥသြသံတွေပျောက်…

နွေမရောက်အောင်ပဲ

ဆုတောင်းခဲ့ကြတယ်

နောက်လိုက်…ပြောင်လိုက်…

စိတ်ကောက်လိုက်

ပျော်ရွှင်မှုတွေပဲ… ပွေ့ပိုက်ခဲ့ကြတယ်။
 

(၃)

သူငယ်ချင်း…အိပ်မက်ချင်းလက်ကမ်း

ဖြတ်သန်းခဲ့တဲ့ကာလတစ်လျှောက်

တစ်ယောက်ကို တစ်ယောက်ယုံကြည်

တူညီတဲ့ အဓိဌာန်နဲ့

ငါတို့ တွဲခဲ့တဲ့…လက်

ထားခဲ့တဲ့…သစ္စာ

အဖြူရောင်လမ်းမပေါ်မှာပဲ…

အမြဲအတူရှိကြမယ်…

ဘ၀လမ်းဆိုတာ.. ကြမ်းတမ်းလိမ့်မယ်လို့

ဘယ်တုန်းကမှ မထင်ခဲ့ကြဘူး…

စ,လိုက် နောက်လိုက်.. ပျော်ရွှင်လိုက်

Canteen မှာ အချိန်ကုန်လိုက်နဲ့

ကျောင်းမှန်ပြီး အတန်းမတက်ခဲ့တဲ့နေ့တွေ…

ငြင်းလိုက်…ခုန်လိုက်

စကားများလိုက်နဲ့

လက်ဖက်ရည်ဆိုင်က… ညနေခင်းတွေ..

ဂီတာတစ်လက်နဲ့ အိပ်ပျက်ခဲ့တဲ့

ကျောင်းတော်ရဲ့ ညလယ်ခင်းတွေ

ဒီမှာဟေ့!... ဘ၀ဆိုတာ

သောကတွေနဲ့ ကင်းဝေးရာ…

အချိန်ယန္တရားကို..

ပျော်ရွှင်မှုတွေနဲ့ ပဲ လည်ပတ်စေခဲ့တယ်..

ဒီလိုနဲ့..သူငယ်ချင်း

သုံးနှစ်ဆိုတဲ့ ကာလ လွန်မြောက်

မေ့ထားတဲ့ ကြမ္မာရိုင်းက

ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတယ်…။
 

(၄)

တကယ်တော့.. သူငယ်ချင်း

ဘ၀ဆိုတာ..

တော်ရာမှာနေကြရတာပါ…

ထားခဲ့ဖူးတဲ့သစ္စာ…

တွဲခဲ့ဖူးတဲ့.. အဖြူရောင်လက်

ပျော်ခဲ့ဖူးတဲ့.. ကျောင်းသားဘဝ

အားလုံးသော အမှတ်တရများ…

ခု..အားလုံးကိုနှုတ်ဆက်ဖို့…

ရထားတို့ …ဥသြဆွဲလိုက်ကြပြီ ….

ဘ၀ ကိုဖွင့်ဆိုခဲ့သူတို့

ခွဲခွာခြင်းကို .. သီအိုရီမထုတ်ခဲ့ရင် ကောင်းလိမ့်မယ်

ဒါပေမဲ့..သူငယ်ချင်းရယ်

က,ကွက်တွေ အမြဲလှမှတော့…

ဘ၀ ဘယ်ဟုတ်တော့မလဲ…။

ငါတို့ ဆုံစည်းကြတာ

ငါတို့ ခွဲခွာကြဖို့ပဲ

မက်ခဲ့ကြတဲ့ အိပ်မက်ကိုယ်စီ

တူညီခဲ့တဲ့ သစ္စာတရား…

မင်းတို့ အားလုံးကို…ကျေးဇူးတင်ပါတယ်

သူငယ်ချင်းရေ…

ငါ့ရဲ့ ဒီဇင်ဘာတွေ…ငါ့ရဲ့မိုးရာသီတွေ

အဓိပ္ပါယ်မဲ့ရတော့မယ်…

ရင်ဘတ်ထဲမှာ…နွေရာသီတွေပြည့်နှက်

ကျောင်းတော် အလွမ်းတွေနဲ့….

မွန်းကျပ်လို့ … … …။

ချစ်တဲ့ကျောင်းတော်.. ထိုင်ခဲ့ဖူးတဲ့ခုံတန်း

ရေပြင်ကျယ်နဲ့ ကန်သာယာ..

ခြေဆန့်ခဲ့တဲ့ တက္ကသီလာ..

အ၀ါရောင် မလေးပိတောက်ပန်းများ

အားလုံးကိုခွဲခွာရတော့မယ်…

သူငယ်ချင်းရေ..

ငါ့ဘ၀ရဲ့ အပျော်ဆုံးအချိန်တွေကို

ငါတို့ ချစ်တဲ့ ကျောင်းတော်ရဲ့ ရင်ဘတ်ထဲမှာ

မြှုပ်နှံခဲ့ပါပြီ…..

“ နှုတ်ဆက်ပါတယ်…မြ၀ါးရုံ…။”

ကဲ! ကဲ! လက်တွဲတွေ ခဏဖြုတ်

ရည်မှန်းချက်ကိုယ်စီအတွက်

ဘ၀ရဲ့ ဖိနပ်တွေစီး

ကိုယ့်ခရီး ကိုယ်ဆက်ကြပါဆို့…။


ကံမကုန်ရင်တော့ …

ပြန်ဆုံကြဦးမယ်…


သူငယ်ချင်း…

နက်ဖန်ခါတိုင်းမှာ…

အောင်မြင်ပါစေကွာ… …။

                                                                       Aung Myin - Golden Pathein @ Facebook

သိုက်အိမ်လေလား၊ တိုက်အိမ်လား ?

  
 ကျွန်တော်တို့က မန္တလေးမှာမွေး၊ မန္တလေးမှာကြီး(အသက်ကိုပြောပါတယ်)၊ မန္တလေးမှာပဲ ခုချိန်ထိနေနေကြတာဗျ။ ကဲပါ.... ကျွန်တော့်ဆွေမျိုးတွေ၊ ကျွန်တော့်အသိအကျွမ်းတွေနဲ့  ပရလောကသားတွေ ဘယ်လိုဘယ်ပုံ ကြုံဆုံခဲ့တယ်ဆိုတဲ့ လိုရင်းကိုပဲ ဆက်ပြောတော့မယ်။ ဒီလိုဗျ...ဒီလို။

                (၁၉၉၈)ခုနှစ်လောက်မှာ ကျွန်တော်တို့မိသားစု မန္တလေးမြို့က ရပ်ကွက်တခုကို ပြောင်းပြီး အိမ်တလုံးဆောက်နေကြပါရော။ ရပ်ကွက်နာမည်တော့ ထည့်မပြောတော့ပါဘူးနော်။ ကျွန်တော်တို့ပြောင်းနေတဲ့ အိမ်ရဲ့ဘေးနားမှာ ပေလေးဆယ်ပေခြောက်ဆယ်ဝန်းကျင်လောက်ရှိမယ့် တိုက်ပုလေးတလုံးရှိလေရဲ့။
တိုက်ပုံစံလေးက တစ်ထပ်ဆိုပေမယ့် နောက်ဖက်မှာကျတော့ နှစ်ထပ်ပုံစံဖြစ်သွားတယ်ဗျ။ နှစ်ထပ်ဆိုတာက အပေါ်ကရေစင်နဲ့ စတိုခန်းပုံပေါ့။
အဲ့တိုက်လေးရဲ့ကျောဖက်မှာလဲ နွယ်ပင်တွေကထောင်တတ်နေတယ်။ နွယ်တွေကလည်း သန်လိုက်တာများ ရေစင်ပေါ်ထိတောင်ရောက်တယ်။ တိုက်ပုံစံကတစ်ထပ်တည်း။ ပြီးတော့ ရှေ့ မှာအုတ်ခင်းထားတဲ့ တလင်းကြီးရှိသေးတယ်။ ကျွန်တော်ငယ်ငယ်ကတည်းက အိမ်အသစ်(အခုနေနေတဲ့အိမ်ပေါ့)ဆောက်တဲ့ဆီကို လိုက်သွားတိုင်း အဲ့အိမ်ကိုကြည့်လိုက်မိတာနဲ့တင် စိတ်ထဲမှာ မသိုးမသန့်ဖြစ်လာမိတာကတော့ အမှန်ပဲ။ အမေ့ကိုလည်း
"မေမေ အဲ့အိမ်ကြီးက တစ်မျိုးကြီးနော်...."လို့ ပြောတော့ အမေက လည်း
"စိတ်ထင်လို့ ပါလို့ သားရယ် "လို့ ပဲပြန်နှစ်သိမ့် ပါတယ်။
အဲ့ဒီအိမ်ကလည်း ဘယ်သောအခါမှ ပိုင်ရှင်မြဲတယ်လို့လည်း မရှိဘူး။ အမြဲတမ်းလိုလို အိမ်ပိုင်ရှင် တယောက်ပြီး တယောက်ပြောင်းနေတာ။ ပြီးတော့ အိမ်ပိုင်ရှင်တွေကလည်း အတည်တကျမနေကြဘူး။ အိမ်မှာ မနေတဲ့ အချိန်က ပိုများတယ်လို့တောင် ပြောရလေမလားပဲ။ ကျွန်တော်တို့ အဲ့ဒီအိမ်သစ်ကို စပြောင်းတဲ့အချိန်တုန်းက အဲ့ဒီတထပ်တိုက်လေးရဲ့ ပိုင်ရှင်တွေက ဆရာဝန်လင်မယားတဲ့။ မနက်ပိုင်းအချိန်တွေဆိုရင် သူတို့လင်မယား အိမ်မှာနေတယ်လို့ကို တခါမှ မမြင်မိပါဘူးဗျာ။  အိမ်ပိုင်ရှင်ဆရာဝန်လင်မယားက မနက်ပိုင်းတွေဆိုရင် အိမ်မှာတွေ့ရတယ်လို့ကို မရှိပါဘူး။ အိမ်မှာအစောင့်သဘောမျိုးနဲ့ အန်တီကြီးတယောက်ကို ခေါ်ထားတာတော့တွေ့မိသား။ ခြံချင်းကပ်ဖြစ်နေတော့လည်း တယောက်နဲ့တယောက် မျက်မှန်းတန်းမိရာကနေ ကျွန်တော့်အမေနဲ့ အဲ့ဒီဆရာဝန်လင်မယားတိုက်မှာနေတဲ့ အိမ်စောင့်အန်တီကြီးနဲ့က နည်းနည်းရင်းနှီးလာကြရောဆိုပါတော့။

         ကျွန်တော်တို့အိမ်ကိုဆောက်တာ တော်တော်လေးတောင်ပြီးလုပြီးခင်ဖြစ်နေပြီး အိမ်မှာမီးကြိုးတွေသွယ်ဖို့လောက်ပဲ ကျန်တော့တဲ့အချိန်ကိုရောက်လာတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့အိမ်ကို ကျွန်တော့်အစ်မဝမ်းကွဲတယောက် လာလည်ရင်းနဲ့ အိမ်မှာ ညအိပ်တယ်ဗျ။ အဲ့ဒီအချိန်တုန်းက သူက ငါးတန်းကျောင်းသူဆိုတော့ ကလေးအရွယ်လို့ပြောရမှာပဲ။ ကျွန်တော့်အစ်မရောက်လာပြီးရက်သိပ်မကြာခင်မှာ ဘေးအိမ်မှာ အိမ်စောင့်နေပေးတဲ့ အန်တီကြီးက  ကျွန်တော့်အမေကို ဘာပြောလဲဆိုတော့
" ညီမရယ်..အစ်မတို့အခုနေတဲ့ အိမ်ကြီးက တမျိုးပဲ" တဲ့။
ကျွန်တော့်အမေကလည်း ခုမှ ဒီရပ်ကွက်ထဲကိုပြောင်းလာဖို့ပြင်နေတုန်းဆိုတော့ ဒီရပ်ကွက်ထဲက အကြောင်းအရာတွေကို သေချာမသိသေးဘူး။ အဲ့ဒါကြောင့် အဲ့ဒီအန်တီကြီးကို " အစ်မတယောက်တည်းနေရတာ ပျင်းနေရင် ညီမတို့အိမ်ဘက်ကို လာလည်ပါလား " ဆိုပြီးတော့ ပြန်ပြောလိုက်ပါသေးတယ်။ စကားတခွန်းစ နှစ်ခွန်းစဆက်ပြောကြပြီး ခဏနေတော့ အန်တီကြီးလည်း သူနေတဲ့အိမ်ထဲကို ပြန်ဝင်သွားတယ်။

            အန်တီကြီးပြန်သွားပြီး ခဏလောက်ကြာတော့ ကျွန်တော့်အမေက သူ့တူမ(ကျွန်တော့်ဝမ်းကွဲအစ်မ)ကို
"ဟိုဘက်အိမ်က အန်တီကြီးပျင်းနေဦးမယ်.. စကားလေးဘာလေးသွားပြောရင်း အလည်သွားလိုက်ဦး" တဲ့။ အဲ့ဒီအန်တီကြီးကလည်း ကျွန်တော့အစ်မကို အတော်လေး ချစ်မှန်းလည်း အမေက သိတာကိုး။ အမေက ကျွန်တော့်ကိုတော့
လိုက်သွားလို့လည်း မပြောဘူးဗျ။ နဂိုကတည်းက အဲ့ဒီအိမ်ကိုကြည့်ပြီး ကျွန်တော်သဘောမကျမှန်း သိနေလို့လားတော့ မပြောတတ်ဘူး။

            ကျွန်တော့်အစ်မကလည်း အမေက နှစ်ခါမပြောလိုက်ရဘူး။ ခဏလောက်နေတော့ အဲ့ဒီအန်တီကြီးဆီကို သွားလည်ရော။
ဟိုဘက်အိမ်ထဲကို ကျွန်တော့်အစ်မရောက်သွားတော့ အန်တီကြီးကလည်း အိမ်မှာရှိတဲ့မုန့်လေးတွေချကျွေး၊ ကျွန်တော့်အစ်မကလည်းကလေးဆိုတော့ တွတ်တီးတွတ်တာစကားတွေပြောနဲ့ ဟုတ်နေကြတာ။ သူများအိမ်က ကျွေးတာတွေ တဖြဲနှစ်ဖြဲစားသောက်လို့လည်းပြီးရော ကျွန်တော့်အစ်မ ရှူရှူးပေါက်ချင်လာတော့တာပဲ။ ဇာတ်လမ်းက အဲ့ဒီမှာ စတော့တာပဲဗျို့။ ကျွန်တော့်အစ်မက အပေါ့သွားချင်တယ်ဆိုပြီး အန်တီ့ ကိုပြောတော့ အန်တီကြီးက နောက်ဖက်မှာကွေ့ လိုက်ရင်အိမ်သာရှိတယ်လို့ ညွှန်းပေးလိုက်ပြီး သူကိုယ်တိုင်မလိုက်သွားပဲနဲ့ အိမ်ရှေ့ခန်းမှာကျန်နေခဲ့တယ်။ ကျွန်တော့်အစ်မခမျာလည်း ကိစ္စက ထိပ်ဝရောက်နေတော့ အန်တီကြီးညွှန်လိုက်တဲ့ အိမ်သာရှိရာကို လိမ်ကျစ်လိမ်ကျစ်နဲ့ ချီတက်သွားတာပေါ့။ အိမ်နောက်ဘက်ကို ဝင်သွားရင်းနဲ့ မျက်စိက ဘေးပတ်ဝန်းကျင်ကို စပ်စုကြည့်တော့ အိမ်သာသွားတဲ့ လမ်းတစ်လျှောက်မှာအခန်းလေးတွေ ရှိတယ်။ ကျွန်တော့်အစ်မက လမ်းလျှောက်သွားရင်းနဲ့ တံခါးဖွင့်ထားတဲ့ အခန်းတွေထဲကို အမှတ်မထင်မျက်စိကစားမိတော့ အခန်းတစ်ခန်းထဲမှာ သူ့ ထက်တစ်နှစ် နှစ်နှစ်လောက်ငယ်မယ့်ကလေးလေးနှစ်ယောက် ဆော့နေတာကို သွားတွေ့ရော။
အဲ့ဒါနဲ့ သူ လည်း အဲ့ဒီကလေးနှစ်ကောင်ကို ကြည့်ပီးတော့ရီပြလိုက်တယ်။ ဟိုကလေးနှစ်ကောင်ကလည်း သူ့ကိုပြန်ရီပြတယ်။ သူလည်းရှူရှူးပေါက်ချင်နေတာကြောင့် အိမ်သာရှိတဲ့ဘက်ကို ဆက်လျှောက်လာရင်းနဲ့ဘေးကအခန်းမှာ  ချိတ်ထဘီ နဲ့ ရင်ဖုံးအကျီင်္ဝတ်ထားတဲ့ အမျိုးသမီးကြီးတယောက် သတင်းစာဖတ်နေတာကို သွားတွေ့ပြန်ရော။ ကျွန်တော့်အစ်မပြန်ပြောပုံအရဆိုရင် သူလည်းအဲ့ဒီသတင်းစာဖတ်နေတဲ့ အန်တီကြီးကို အဲ့ဒီအိမ်မှာတခါမှ မမြင်မိပါဘူးလို့တော့ စိတ်ကထင်သားတဲ့။ အဲ့ဒီလိုနဲ့ သူလည်းအိမ်သာထဲဝင်ပြီးသူ့ကိစ္စရှင်းပြီးသွားလို့ အိမ်ရှေ့ကိုပြန်ထွက်လာတော့ ဟိုခလေးနှစ်ကောင်ရှိတဲ့ အခန်းကို တချက်ကြည့်လိုက်သေးတယ်။ အဲ့ဒီကလေးနှစ်ကောင်ကလည်း ရယ်ရယ်မောမောနဲ့ ဆော့နေကြတုန်းပဲတဲ့။ ကျွန်တော့်အစ်မကလည်း မနေနိုင်မထိုင်နိုင် အဲ့ဒီခလေးနှစ်ကောင်ဆီသွားပြီး သူပါရောပြီး ဆတ်စလူးစိန်ပါလေရော။ တခုတော့ ထူးဆန်းတယ်။ အဲ့ဒီခလေးနှစ်ကောင်လုံးက ကျွန်တော့်အစ်မကို စကားလုံးဝမပြောဘူးနော်။ တခွန်းဆို တခွန်းမှ မေးထူးခေါ်ပြောမလုပ်ကြတာတဲ့။ ဆော့နေရင်းနဲ့ သူတို့သဘောကျရင်တော့ အသံထွက်ပြီး ရယ်တယ်။ ကျွန်တော့်အစ်မလည်း ဆော့လို့မောလာတော့မှ အိမ်ရှေ့ကိုပြန်ထွက်လာပြီး အိမ်စောင့်တဲ့ အန်တီကြီးကို စကားသွားပြောတယ်။

             အိမ်ရှေ့ရောက်တော့ အန်တီကြီးက ကျွန်တော့်အစ်မကို
" သမီး ee ပါနေတာလား?? အိမ်သာသွားတာ ကြာလိုက်တာ...လက်ကိုရော ဆပ်ပြာနဲ့ သေချာဆေးခဲ့ရဲ့လား??? လို့ မေးတော့ ကျွန်တော့်အစ်မက...
"မဟုတ်ပါဘူး အန်တီ သမီး အန် တီ့ ကလေးတွေနဲ့ ခဏဆော့နေတာ အန်တီ့ ကလေးတွေက သမီးကိုစကားလည်း ပြန်မပြောကြဘူး၊အန်တီ့ ညီမကတော့ သတင်းစာဖတ်နေတယ်" လို့ လည်းပြောလိုက်ရော အိမ်စောင့်အန်တီကြီး မျက်လုံးပြူးသွားပြီး သူ့ပါးစပ်ကနေ ဟမ် ဆိုတဲ့ စကားသံတသံပဲ ထွက်လာတယ်။  ပြီးတာနဲ့ ကျွန်တော့ အစ်မကို လက်ဆွဲခေါ်ပီး ကျွန်တော်တို့ အိမ်ကိုပြေးချလာတော့တာပဲ။

            ကျွန်တော့ အစ်မကလည်း ခလေးဆိုတော့ ဘာမှန်းညာမှန်းလည်း နားမလည်ဘူး။ အူကြောင်ကြောင်မျက်နှာပေးနဲ့ အန်တီကြီးဆွဲခေါ်တဲ့အတိုင်း အိမ်ကို ပြန်လိုက်လာတယ်။ ကျွန်တော်တို့ အိမ်ကိုရောက်တော့ အမေ ကဘာဖြစ်လာတာလဲမေးတော့ တန်းမဖြေနိုင်ရှာဘူး။ ယပ်တောင်တွေဘာတွေခပ်ပြီးမှ သူတို့အိမ်မှာ ကျွန်တော့်အစ်မ ဘယ်လိုတွေ့ ခဲ့တဲ့အကြောင်း၊ သူ့ မှာကလေးလည်းမရှိကြောင်း၊ ညီမလည်းမရှိကြောင်း..... အပျိုကြီးဖြစ်ကြောင်း ပြောပြတယ်။

         အဲ့ဒီတော့မှ ကျွန်တော့အစ်မရော၊ ကျွန်တော့်အမေပါ လန့် ဖြန့်ကုန်ကြတာ။ ဟိုအန်တီကြီးခမျာလည်း အဲ့နေ့ တစ်နေ ကုန်လို့ ညရောက်တဲ့အချိန်အထိ ဆရာဝန်လင်မယားပြန်လာတာတောင်မှ အဲ့ဒီဘက်အိမ်ကို ပြန်မအိပ်ရဲရှာတော့ဘူး။ကျွန်တော်တို့အိမ်မှာပဲ တောင်းတောင်းပန်ပန်နဲ့ တညအိပ်သွားပြီး မနက်မိုးလင်းတာနဲ့ သူ့ဆွေမျိုးတွေဆီ တန်းပြီး ပြန်သွားပါလေရော။ ဆရာဝန်လင်မယားလည်း ဘုမသိဘမသိနဲ့ နားမလည်နိုင်အောင် ဖြစ်ပြီး ကျန်ခဲ့တော့တာပါပဲ။

         ဇာတ်လမ်းကဒီလောက်နဲ့တင်မပြီးနိုင်သေးဘူး။ ပြောစရာ ကျန်နေသေးတယ်။ အဲ့အိမ်ရဲ့ နောက်ဖက်မှာက မြေကွက်လပ်ကြီးအလွတ်ကြီးရှိပြီးတော့ အဲ့ဒီမြေကွက်အလွတ်ဘေးမှာတော့ အိမ်တွေရှိတယ်။
အဲ့ဒီအိမ်တွေထဲမှာမှ ကျွန်တော်တို့အိမ်ရဲ့နောက်ဖေးအိမ်က စပရိန်တွေလုပ်တဲ့လုပ်ငန်းလုပ်တယ်။ အခုတော့ ပြောင်းသွားကြပါပြီ။
သူတို့က အဲ့ဒီစပရိန်လုပ်ငန်းကို မိသားစုလိုက်လုပ်ကြတာဗျ။ တနေ့တော့ နေ့ခင်းဘက်ကြီး နေ့လည်စားစားတဲ့အချိန်မှာ သူတို့မိသားစုထဲကအမျိုးသားတယောက် ဆရာဝန်လင်မယားရဲ့တိုက်အနောက်ဖက်က မြေကွက်ထဲမှာ ထမင်းမစားသေးပဲ ဇွဲကောင်းကောင်းနဲ့ အလုပ်လုပ်နေရင်းကနေ ဆရာဝန်လင်မယားနေတဲ့တိုက်ရဲ့ နောက်ကျောဖက်က နွယ်ပင်တွေဆီကို သွားကြည့်မိတယ်။ သူကြည့်မိတဲ့နေရာက အိမ်သာတည့်တည့်ကို သွားကြည့်မိလိုက်တာ။ တချို့နယ်က အိမ်သာတွေမှာ လေဝင်ပေါက်သဘောမျိုး အုတ်နီခဲတွေလှပ်ထားသလိုမျိုး ဖောက်ထားတဲ့ အပေါက်လေးတွေရှိတတ်ပါရောလား။
အဲ့ဒီတိုက်ကအိမ်သာမှာလည်း အဲ့လိုအပေါက်လေးရှိတယ်။ သူကြည့်နေတုန်းအချိန်မှာတင် အဲ့ဒီအိမ်သာလေဝင်ပေါက်ထဲကနေ လက်ငါးချောင်းထွက်လာပြီး သူ့ကို တာ့တာပြသလိုလို၊ ချဲဂဏန်းပေးသလိုလိုထောင်ပြလိုက်တာလည်း မြင်လိုက်ရရော...
"အောင်မလေးဗျ" လို့ခေါ်ပြီး သူတို့အိမ်ထဲကို လုံးနေအောင် ဝင်ပြေးသွားလိုက်တာများဗျာ အနောက်ကနေ ဟစ်တလာ လိုက်လာလို့ ပြေးလာသလားမှတ်ရလောက်တယ်။

              အဲ့ဒီအိမ်ထဲမှာ ခလေးနှစ်ကောင်နဲ့တွေ့လာတဲ့ ကျွန်တော့်အစ်မရဲ့ အစ်ကိုအရင်းလည်း တခါကြုံလိုက်ရပါသေးတယ်။
သူကြုံလိုက်ရတာကတော့ ၂၀၁၀ ခုနှစ်လောက်တုန်းကဗျ။ အဲ့ဒီတုန်းက ညဘက်ကြီး သူအရက်မူးပြီး ကျွန်တော်တို့အိမ်ကို ရောက်ချလာတယ်။ သူမော့လာတဲ့အရှိန်နဲ့ဆိုတော့ ရှူရှူးဖလားဝါးမယ်ဆိုပြီး အိမ်သာနားကို သွားရော။(သူတို့မောင်နှမတွေက သူများအိမ်ရောက်လာရင် အိမ်သာဝင်တတ်တဲ့ အကျင့်များရှိလားမပြောတတ်ပါဘူး။)
ယောက်ျားလေးဆိုတော့ အိမ်သာထဲမဝင်တော့ပဲ ထွက်ရပ်ပေါက်လမ်းစဉ်ကိုလိုက်ပြီး ပန်းတော့တာပဲ။ အဲ့ဒီအချိန်မှာ ဘာရယ်မဟုတ်ပဲ သူ့ဘေးဘယ်ညာကို ကြည့်မိရင်းက ဘေးအိမ်ရဲ့ခေါင်မိုးပေါ်ကို အကြည့်ရောက်သွားတော့ ဘာသွားတွေ့တယ်မှတ်တုန်း။ ခေါင်မိုးပေါ်ကနေ လူလုံးမသဲမကွဲနဲ့ မည်းမည်းအရိပ်ကြီးတခု သူရှိတဲ့ဘက်ကို မျက်နှာလှည့်ပြီး ခုန်ဆွခုန်ဆွ လုပ်ပြနေတာသွားတွေ့တာ။ ကျွန်တော့်အစ်ကိုက နဂိုကတည်းက မကြောက်တတ်တဲ့အပြင် အရက်ကလည်း မူးနေသေးတော့ မေတ္တာပို့ပေးလိုက်တယ်။ အရက်သမားမေတ္တာကို ခေါင်မိုးပေါ်ကပုဂ္ဂိုလ်က ဘယ်လိုခံယူလေသလဲတော့ ကျွန်တော်လည်း မသိဘူး။ သူ့ပါးစပ်က ရွတ်လို့လည်းပြီးရော ချက်ချင်းပျောက်သွားပါလေရောတဲ့ဗျို့။

         ကျွန်တော်တို့ အမျိုးထဲမှာ ဦးဇင်း ဦးသုန်ဆိုတာ ရှိတယ်ဗျ။ ဘွဲ့ နာမည်ကတော့ သုန္နရပါ။ သူကငယ်ငယ်တုန်းက အရမ်းဆိုးတာ။အရက်လည်း အရမ်းသောက်တာလေ။ မိန်းမရပြီးကလေးနှစ်ယောက်ရတဲ့အချိန်အထိကို ဆိုးတုန်း။ပေတုန်း။ အဲ့ဒါနဲ့ သူ့ ကို ဦးဇင်းဝတ်ပေးမှပဲဖြစ်မယ်ဆိုပြီး ၀တ်ပေးလိုက်တာ ရာသက်ပန်ဖြစ်သွားတယ်ဆိုပါတော့။
မနှိုင်းစကောင်းနှိုင်းစကောင်း အင်္ဂုလိမာလ ကိုယ်တော်တို့လို လူစားမျိုးထင်ပါ့။ သူသာသနာ့ဘောင်ဝင်သွားပြီးနောက်ပိုင်း ကျွန်တော်တို့အိမ်ကို ကြွလာတော့ မိန့်သွားတာက အဲ့ဒီအိမ်ဘက်မှာ သိုက်နန်းရှိသတဲ့ဗျ။ အဲ့ဒါကြောင့်မို့လို့လည်း လူတွေမနေနိုင်တာတဲ့။ နောက်ပြီး သူတို့ရှိနေမှန်းကိုလည်း လူတွေသိအောင် ပြကြတာတဲ့။ ဟုတ်မယ်ဆိုရင်လည်း ဟုတ်လောက်ပါတယ်လေ။ အဲ့ဒီအိမ်ကိုပြောင်းလာတဲ့ မိသားစုတွေလည်း အဲ့ဒီအိမ်မှာ မနေနိုင်ကြဘူး။ ခြောက်လှန့်လို့ မနေနိုင်ကြတာထက် ကံကြမ္မာကြောင့်မနေဖြစ်တဲ့ပုံစံအနေအထားမျိုးနဲ့ အဲ့ဒီအိမ်မှာမနေအားကြတာ။

             ဒီလိုနဲ့ နွေရာသီရောက်စပြုလာတဲ့အချိန်မှာ နောက်တမျိုးကြုံကြရပြန်ပါရော။ အိမ်မှာနေတဲ့ ကျွန်တော့်ဦးလေးတယောက်ကို အိပ်မက်ထဲမှာ "ငါတို့ ညညဆို ရေဆာလို့ ရေလေးစီစဉ်ပေးပါ "ဆိုပြီး လာပြောသတဲ့။
မနက်မိုးလင်းတော့ အိမ်ကလူတွေကို အသိပေးပြီး ရေအိုးတလုံးမှာ ရေဖြည့်ပြီး ကျွန်တော်တို့အိမ်နဲ့ သူတို့အိမ်ကြားက အုတ်တံတိုင်းပေါ်မှာ တင်ထားပေးလိုက်တယ်။ လူကြီးတွေလုပ်နေတာကို ဘေးကနေကြည့်နေရတဲ့ ကျွန်တော့်စိတ်ထဲမှာတော့ အဲ့ဒီအိုးထဲကို အရက်ခပ်ပြင်းပြင်း နှစ်ပုလင်းလောက်သွားထည့်ပစ်လိုက်ချင်တာ။ သိုက်ကပုဂ္ဂိုလ်တွေအရက်မူးလာရင် ဘယ်လိုများနေမှာပါလိမ့်ဆိုတာ သိချင်လို့လေ။ လုပ်တော့ မလုပ်ဖြစ်လိုက်ပါဘူး။ အဲ့လိုမလုပ်ဖြစ်လိုက်တာကပဲ ကျွန်တော့်အတွက်
ခပ်ကောင်းကောင်းဖြစ်သွားတယ်။ ဘာလို့လဲဆိုတော့ ညဘက်တွေဆိုရင် ကျွန်တော်တို့အိမ်နှစ်လုံးကြား အုတ်တံတိုင်းပေါ်က ရေအိုးဆီကနေ တဂျစ်ဂျစ်နဲ့ ရေခပ်သောက်တဲ့အသံတွေကြားရပြီး သွားကြည့်လိုက်ပြန်ရင် ဘာမှမရှိဘူးဗျ။
ချောင်းကြည့်လိုက်ရင်လည်း အသံကတိတ်သွားတတ်တာ။ ပြီးတော့ ရေအိုးကလည်းပေါက်မနေပဲနဲ့ အပြည့်ဖြည့်ထားတဲ့ဟာ နှစ်ရက်လောက်နေရင် အိုးထဲမှာရေမရှိတော့ဘူး။ ကျွန်တော်တို့ မန္တလေးမှာ နွေရာသီဘယ်လောက်ပဲပူပူ ရေအိုးထဲမှာ အပြည့်ဖြည့်ထားတဲ့ရေက အိုးမပေါက်၊ ခပ်မသောက်ပဲ အငွေ့ပြန်တာနဲ့တင် နှစ်ရက်အတွင်း ကုန်နိုင်ပါ့မလား စဉ်းစားစရာပဲ။ ဘယ်သူကရော အုတ်တံတိုင်းပေါ်တင်ထားတဲ့ ရေအိုးကရေကို အပင်ပမ်းခံ၊ ညအိပ်ရေးပျက်ခံပြီး ညတိုင်းလာသောက်မှာတုန်းဗျာ။

         ကျွန်တော်ပြောချင်တာတွေလည်း ကုန်သလောက်တော့ ရှိပြီ။ ကျွန်တော်ကတော့ အဲ့ဒီအိမ်နဲ့ ပတ်သက်ပြီး ခုထိ ထူးထူးဆန်းဆန်းဘာမှတော့ ကိုယ်တိုင်မကြုံဖူးသေးသလို ကြုံလည်း ကြုံချင်ပါဘူး။ ငယ်ငယ်လေးတည်းက ကျူရှင်ကနေ အိမ်ပြန်လာတဲ့အခါတွေကျရင် အဲ့ဒီအိမ်ကို မကြည့်ရဲခဲ့တာ ခုချိန်ထိပါပဲ။ စာရိုက်နေရင်းနဲ့တောင် ကြက်သီးထမိတယ်။
ညဥ့်နက်လာလေလေ ကိုယ့်အိမ်ထဲကို မြန်မြန်ဆန်ဆန် တန်းနေအောင်ဝင်တတ်တဲ့ အကျင့်ကောင်းလေးရှိနေတာလည်း
အဲ့ဒီအိမ်ကြောင့်ပဲလို့ပြောရင်တောင်ရလောက်တယ်။ တိုက်အိမ်ဆိုပေမယ့် သိုက်ရှိတယ်ဆိုတော့လည်း သိုက်အိမ်လို့တောင် အမည်ပြောင်းပေးလိုက်ချင်သား။  ဒါပေမယ့် မမြင်အပ်တဲ့ ပရလောကသားတွေနဲ့ ပတ်သက်ရမှာကိုတော့
မလိုလားတာ အမှန်ပါခင်ဗျာ။

လက်နက်အချို. ဖော်ထုတ်ပြသခဲ့သော ၆၈ နှစ်မြောက် တပ်မတော်နေ.



မိမိတို.နိုင်ငံ၏ လက်နက်အင်အား စွမ်းရည် စစ်သည်အင်အားတို.အား ထုတ်ဖော်ပြသ ပြောကြားလေ.မရှိသည်. ကမ္ဘာပေါ်ရှိ နိုင်ငံအနည်းငယ်တို.အနက် မြန်မာနိုင်ငံသည်လည်း တစ်ခုအပါအ၀င်ဖြစ်သည် ။နိုင်ငံတကာ တပ်မတော် တို.၏ တည်ထောင်သော နေ. ၊ အထိမ်းအမှတ်နေ. များသည် မိမိတို.နိုင်ငံ၏ စစ်ရေးစွမ်းရည် နှင်. ပိုင်ဆိုင်မှုတို.ကို တစ်စိတ်တစ်ဒေသ ထုတ်ဖော်ပြသကြရာ နေ.ရက် အခမ်းအနားများဖြစ်သော်လည်း မြန်မာ.တပ်မတော်နေ.သည်ကား စစ်သည်များ၏ သာမာန်စစ်ရေးပြ အခမ်းအနားများအဖြစ်သာ အစဉ်အဆက်တွေ.ခဲ့ကြရသည် ။ ၁၉၉၀ ပြည်.လွန်နောက်ပိုင်းကာလများတွင် ထူးခြားမှုအနေဖြင်. စစ်ရေးပြ တပ်ဖွဲ.အင်အား ၊စစ်ချီစစ်ကြောင်းများ တိုးတက်များပြားလာခြင်း ၊စစ်ဝတ်စုံများ ပိုမိုသေသပ်ခောတ်မှီလာခြင်း ၊မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ.နှင်. ကြက်ခြေနီ တပ်ဖွဲ.၀င်များပါ စစ်ကြောင်းကြီးများတွင် ပါဝင်လာခြင်း စသည်ဖြင်. ပြောင်းလဲလာခဲ့သော်လည်း လက်နက်အပိုင်းတွင်မူ မြန်မာ.တပ်မတော်မှ ပြောင်းလဲသုံးစွဲလာသော လက်နက်ငယ်များ ပြောင်းလဲကိုင်တွယ်ခဲ့ခြင်းသာ ရှိခဲ့သည်။


သို.သော် ၂၀၁၃ မတ်လ ၂၇ ရက်တွင်ကျင်းပခဲ့သော တပ်မတော်နေ. စစ်ရေးပြ အခမ်းအနားတွင်မူ နိုင်ငံတကာ တပ်ဖွဲ.များ တင်ဆက်ခင်းကျင်းသကဲ့သို. လေတပ် ၊ယန္တရား တပ် ၊လေကြောင်းရန် တပ်ဖွဲ.များပါ ပါဝင်ချီတက်လာခဲ့သည်ကိုတွေ.ခဲ့ရသည်။


ဝတ်စုံများအနေဖြင်.လည်း
တပ်မတော် (ရေ) နှင်. တပ်မတော် (လေ)တို့ သည်ယခင်နှစ်များကဲ.သို. တပ်ခွဲ (၁)ခွဲစီ မဟုတ်တော့ဘဲ တပ်ခွဲ (၂)ခွဲစီ ပါဝင်လာခဲ့ပါသည်။ တပ်မတော် (လေ)၏ ပျောက်ကြား ဝတ်စုံ အရောင်ဟာပြောင်းလဲသွား ခဲ့ပြီးတပ်မတော် (ရေ)၏ ၀တ်စုံဖြူဝတ် တပ်ခွဲ မှာ မြင်ဖူးနေကျပုံစံမျိုးမှ ကွဲထွက်နေပါသည်။ထို.အပြင် တပ်မတော် (ရေ)နှင်. တပ်မတော် (လေ)မှ တပ်ခွဲ (၁)ခွဲစီက လက်နက်ငယ် အသစ်တစ်မျိုးဖြစ်သော
MA -3 Mark IIIကို ကိုင်ဆောင်ချီတက်ခဲ့ပါသည်။ထို.အပြင်တပ်မတော် (ကြည်း)၏တပ်ခွဲ အချို့ သည် MA – 1 Mark I များကိုင်ဆောင် ချီတက်ခဲ့ပြီး ထိုသေနတ်များမှာ  တရုတ် လုပ် QBZ 95 series နဲ့ ပြင်ပပုံစံ အတော် ဆင်တူပါသည်။







ယန္တရား တပ်များအနေဖြင်.မူ အောင်ဆန်းစစ်ကြောင်းအမည် ဖြင်.ချီတက်ခဲ့ရာတွင်
၁၀၅ မီလီမီတာ တင့်ဖျက် တိုက်ခိုက်ရေးယာဉ် (105mm Assaulter)  တပ်ခွဲ (၂)ခွဲစာ (၂၄)စီးပါဝင်ချီတက်ခဲ့ပါသည်။ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်တွင် လက်ရှိ အသုံးပြုနေ သောခေတ်မီလက်နက် တစ်မျိုးဖြစ် ပြီး နာမည်ကျော် NORINCO Company မှထုတ် လုပ်ထားခြင်းဖြစ်သည်။ ထို.အပြင် SH – 1 (155mm Self-propelled Gun)  (၆)စီး ပါဝင်ခဲ့ပါ သည်။အမြောက်တပ်ဖွဲ.ကမူD 30 122mm Howitzer ယာဉ်ဆွဲအမြောက်  (၆)စီးပါ ၀င်ချီတက်ခဲ့သည်။ ရုရှား နှင်. မဟာမိတ်နိုင်ငံ များတွင် နှစ်ပေါင်းများစွာသုံးစွဲလာခဲ့တဲ့ ခေတ်မီအမြောက်ဖြစ်ပါ သည်။
37mm နဲ့ 57mm Anti-Aircraft Gunsများပါဝင်ခဲ့သော်လည်း ထိုလက်နက်တို.မှာမူ ခောတ်မှီလက်နက်များတွင် သိပ်မပါတော.ပါ။



သို.သော် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က မူ နာမည်ကျော် S 125 Pechora 2M မြေပြင်မှ ဝေဟင်ပစ်ဒုံးယာဉ် (၆)စီးနှင့်အတူ ချီတက်လာခဲ့ပါ သည်။ သူနှင်.အတူ ထိန်းချုပ်ရေးယာဉ် များ ၊ ရေဒါယာဉ် များပါဝင် ခဲ့သည်။ S 125 Pechora 2M  စနစ်သည် ကိုဆိုဗိုစစ်ပွဲအတွင်း ၁၉၉၉ခုနှစ် မတ်လ (၂၇)ရက်နေ့ ၌ အမေရိကန် ၏ F-117 Nighthawk (စတဲ့သ်)ရေဒါပျောက်တိုက်လေယာဉ်ကို ပစ်ချနိုင်ခဲ့ သော Pechora Missile System  ကိုအဆင့်မြှင့်တင်ထုတ်လုပ်ထား သည်.တာတိုပစ်ဒုံးပျဲံဖြစ်သည်။။ ပစ်ချ သောတပ်ဖွဲ.မှာ ယူဂိုစလပ် တပ်မတော် အမှတ် (၂၅၀) လေကြောင်းရန် ကာကွယ်ရေး ဒုံးပျံတပ်မဖြစ်ပါ သည်။ရုရှားတပ်မတော်၏ S-125 ဒုံးပျံများ (နေတိုးအခေါ် SA-3) များအား အဆင့်မြှင့်တင်ထားသော မြေပြင်မှ ဝေဟင်ပစ် ခောတ်မှီ ပဲ့ထိန်းဒုံးအမျိုးအစားဖြစ်သည်။ 



တပ်မတော် ကာကွယ်ရေးဦးစီးချုပ် မှတပ်ကို စစ်ဆေး သောနေရာ တွင် သုံး ခဲ့သော ယာဉ်နှင်. ယန္တရားတပ်ဖွဲ့မှ အရာရှိ များစီးသော ကွပ်ကဲမှုယာဥ်တို.မှာမူ တောင်ကိုရီးယား နိုင်ငံ KIA Company ထုတ် Retona Cruiser Jeep ဖြစ် ပြီးခေတ်မီယာဉ်တစ်မျိုး ဖြစ်ပါသည်။ ထို.အပြင်ပါနေကျ နောင်ရိုးဂျစ် များ လည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ယာဉ်တန်း တွင် ပါဝင်လာပါ သည်။်။ Humvee နှင်. ပုံစံတူ သော ထိုကားများမှာ ပြည်တွင်းဖြစ်များဖြစ်ပြီး စစ်ရေးပြမှူးကြီးစီး သော ကား မှာ အိန္ဒိယနိုင်ငံ TA TA Company ထုတ် ဂျစ်ဟုယူဆရပါသည်။





 လေတပ်အနေဖြင်.မူ Mi 2 အပေါ.စားတိုက်ခိုက်ရေး ရဟတ်ယာဉ်များ ၊Mi 17 သယ်ယူပို.ဆောင်ရေးရဟတ်ယာဉ်များ ၊ခောတ်မှီ Mi 35 p ဘက်စုံသုံးတိုက်ခိုက်ရေး ရဟတ်ယာဉ်များ ၊K-8 ၊ F-7 ကြားဖြတ်တိုက် လေယာဉ်များ ၊ Mig-29 ဘက်စုံသုံး တိုက် လေယာဉ်များက စွမ်းရည်ပြ ပူးပေါင်းပါဝင် သရုပ်ပြခဲ့ကြသည်။မြန်မာနိုင်ငံတွင် မြင်ရခဲသော စွမ်းရည်ပြ လေကြောင်းပျံသန်းမှုတို.ကိုလည်း ပြုလုပ်ခဲ့ကြသည် ။

ှSource ; mmmilitary.bs.com

    Google.com.mm ကို မြန်မာဘာသာဖော်ပြချက်များနှင့် အသုံးပြုနိုင်ပြီ

     
    အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီ Google သည် www.google.com.mm ကို မြန်မာဘာသာဖော်ပြချက်များဖြင့် တရားဝင် ပြောင်းလဲ လွှင့်တင်
    လိုက်ပြီ ဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံရှိ အင်တာနက်အသုံးပြုသူများ အနေဖြင့် www.google.com.mm သို့ ဝင်ရောက်ပြီး Search Box ၏ အောက်ဘက်တွင်ရှိသော “မြန်မာဘာသာ”ဟူသည့် စာလုံးကို ကလစ်နှိပ်ကာmenu ဖော်ပြချက်များအား မြန်မာဘာသာဖြင့် ပြောင်းလဲ
    ... အသုံးပြုနိုင်ပြီ ဖြစ်သည်။

    www.google.com.mm ကို မတ်လ ၂၁ ရက်တွင် စတင်၍ အသုံးပြုနိုင်
    ခဲ့ခြင်းဖြစ်သော်လည်း မြန်မာဘာသာဖော်ပြချက်များဖြင့် မဟုတ်ချေ။ ယခု ဧပြီလ ၄ ရက်တွင်မူ မြန်မာဘာသာဖော်ပြချက်များ ပါဝင်သော www.google.com.mm ကို Google က တရားဝင် ပြောင်းလဲလွှင့်တင်
    လိုက်ခြင်း ဖြစ်သည်။ www.google.com.mm မှ မြန်မာဘာသာ ဖော်ပြချက်
    များကို ဖတ်ရှုနိုင်ရန် မိမိ၏ ကွန်ပျူတာတွင် Myanmar 2, Myanmar 3 စသည့် ယူနီကုဒ်ဖောင့်ကို ထည့်သွင်းထားရန် လိုအပ်မည်ဖြစ်သည်။

    ပြီးခဲသည့် မတ်လ ၂၂ ရက်တွင် Google ကုမ္ပဏီ၏ အမှုဆောင်ဥက္ကဋ္ဌ အဲရစ်ရှမစ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီးနောက် Google ၏ ဝန်ဆောင်မှုတစ်ခုဖြစ်သော Google Play Store ကိုလည်း မြန်မာနိုင်ငံ
    မှ ဝင်ရောက်အသုံးပြုလာနိုင်ခဲ့သည်။

    Wednesday, April 3, 2013

    မေတ္တာရပ်ခံခြင်း

    အကြောင်းကြောင်းကြောင်. ယခုရက်ပိုင်းများအတွင်း Blog တွင် ပုံမှန် Posting ပြုလုပ်နိုင်ခြင်းမရှိသည်ကို မေတ္တာရပ်ခံပါသည် ။ များမကြာမှီ အချိန်ကာလအတွင်း ပုံမှန် အခြေအနေ လည်ပတ်နိုင်ရန် ကြိုးစားပေးပါမည် ။လာရောက် လည်ပတ် ဖတ်ရှုသူ အားလုံးအား အထူးကျေးဇူးတင်ရှိပါသည် ။