အိတ်ဖွင့်ပေးစာ
မှ
…………………
သို့
အကိုကြီး
ကိုဗောယာရေ-
ကြိုးတံတားကြီးပေါ်က
ခရီးသည်တင်ကားပေါင်းစုံရဲ့
လှောင်ပြနေတဲ့ဒဏ်
ဆယ်စုနှစ်စွန်းအောင်ခံစား
ဒါတင်မက
အထီးကျန်အဖော်မဲ့
အကို့ရဲ့ခံစားချက်
အခံရခက်လွန်းမယ်ဆိုတာ
ရေပေါ်နေဘဝတူတွေမို့
ကိုယ်ချင်းစာအသိ
ကျွန်တော့်မှာရှိပေမဲ့
ဖေးမနှစ်သိမ့်စကား
ပြောကြားဖို့ရာ
ကျွန်တော့်မှာမရှိခဲ့ပါအကို
ကြိုးတံတားအားကိုးနဲ့
ရွှေခယ်မြစ်ကိုဖြတ်ကူး
မြင်ကွင်းထူးလေးနဲ့အဆင်ပြေ
ရေပြင်ပေါ်ကခရီးသည်ဘဝ
သတိမရကြတော့သလို
အံဝင်ဂွင်ကျလောကဟာ
တစ်ခါတစ်လေကမောက်ကမ
ဖြစ်တတ်တယ်ဆိုတာ
သူတို့မေ့နေကြတယ်လေ
တကယ်တော့ဗုဒ္ဓအဆုံးအမ
သင်္ခါရလောက
အစိုးမရတတ်တော့
ဖြစ်ပျက်ပြောင်းလဲမှုသဘောအရ
ဗုံလုံတစ်လှည့်
ငါးဖျံ တစ်လှည့်ဆိုတာ
ရှိတတ်စမြဲပါအကို
ခုချိန်မှာတော့
ကျွန်တော့်ရင်ခွင်ထက်
ဆင်းသက်ပြီးမှ
လိုရာခရီးကိုဆက်
ကျွန်တော်ဖျားနာမှာကိုစိုးရိမ်
နေမကောင်းမဖြစ်အောင်ဆုတောင်းကြ
ဒါပေမဲ့
ကျွန်တော်မာန်မာနမတက်
ရေကျ
ကျ တက်တက်
မေတ္တာမပျက်
အကြောက်တရားမဖက်အောင်
ရေပြင်ထက်မှာတည်ငြိမ်စွာရွေ့လျား
အန္တရာယ်မများစေဘဲ
သယ်ယူပို့ဆောင်
တာဝန်တွေကျေအောင်
ထမ်းလို့ဆောင်လျှက်
ရှိနေပါပြီ
အကိုရေ့
သတိရစွာဖြင့်
ညီမောင်
ဇက်ကူတို့
ထော်ကနွတ်ကူတို့ဆိပ်
ဝါးခယ်မမြို့
PS
အော်...တာဂန်ပြီးဆုံးချိန်အတိအကျ
မသိရသေးပါ
သို့ပေမဲ့လည်း
ကျွန်တော်မြန်မြန်အနားရစေကြောင်း
တစ်မြို့လုံးက
ဆုတောင်းပေးနေကြပါတယ်အကို
ကျော်စိုး
No comments:
Post a Comment